အသက်ကိုရင်းပြီး လောင်းစကားလုပ်ခြင်း
Vol. 2 Ch. 18
လှပသောမိန်းကလေးက ဉာဏ်မထက်နိုင်ဘူးလို့ ဘယ်သူပြောခဲ့သလဲ။ လီရို့ရွှယ်၏ လုပ်ဆောင်ချက်က အနားက ယောက်ျားအများစုကို ရှက်ရွံ့စေခဲ့သည်။ သူမသည် တစ်ဆင့်ချင်းဖြင့် အကျိုးအမြတ် အများကြီးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ အတွင်းတပည့် ရွေးချယ်ပွဲပြီးသည်နှင့် ခရမ်းစွဲ ဆွဲကြိုးက သူမအပိုင် ဖြစ်လာတော့မည်။ အကြီးအကဲဟွာ ရောက်လာလျှင်တောင်မှ ပြောင်းလဲမည် မဟုတ်ပေ။
လုချီ၏ ခိုင်မာသော ထောက်ပံ့မှုကြောင့် ယောင်လဲ့ထျန်း တစ်ယောက် ရင်ထဲထိသွားတော့သည်။ လီရို့ရွှယ်၏ ပါးနပ်မှုကတော့ သူ့အတွက် ပိုမိုရွံရှာဖွယ်သာ ဖြစ်စေသည်။ လုချီသည် ထူးဆန်းသော ဖျားနာမှုတစ်မျိုးကြောင့် လပြည့်ညရောက်တိုင်း ပြင်းထန်သော နာကျင်မှုကို ခံစားရလေ့ရှိသည်။ ခရမ်းစွဲ ဆွဲကြိုးကိုရပြီးနောက်မှသာ အနည်းငယ် သက်သာခဲ့တာပင်။
လီရို့ရွှယ်၏ လိမ်ညာမှုကြောင့် ယောင်လဲ့ထျန်း တစ်ပြိုင်နက်တည်းမှာ လုချီအတွက် ဝမ်းနည်းမှုနှင့် လီရို့ရွှယ်အတွက် အမုန်းတရားများကို ခံစားလိုက်ရသည်။
လုချီနှင့် လီရို့ရွှယ် လောင်းကစား လုပ်နေတာကိုလည်း သူ မတားနိုင်ခဲ့ပေ။ သူ့ကို ဘယ်သူက အရေးစိုက်မည်နည်း။ ထို့အပြင် သူတားလိုက်ပါက၊ လုချီ၏ ထောက်ပံ့မှုကိုလည်း နှောက်ယှက်ရာ ကျသွားပေမည်။
လုချီကို မကူညီပေးနိုင်၍ အနည်းငယ် စိတ်ပျက်မိသည်နှင့်တစ်ပြိုင်နက် ယောင်လဲ့ထျန်း ဒေါသများ တောက်လောင် လာခဲ့သည်။ ထို့ကြောင့် အတွင်းတပည့် ဖြစ်ချင်စိတ်က ပိုမိုအင်အား ကောင်းလာတော့သည်။
သူ အတွင်းတပည့် ဖြစ်လာလျှင် လီရို့ရွှယ်၏ သက်တံ့ဖဲကြိုးကို သိမ်းယူကာ သူမ၏ လှည့်ဖျားမှုအတွက် ပညာပေးနိုင်မည်။ ထို့အပြင် လုချီကိုလည်း ကျေနပ်စေမည်။ သူ့ကို အနိုင်ကျင့်ခဲ့သမျှ သူတိုင်းကို မျက်နှာဖြတ်ရိုက်ခွင့် ရတော့မည်ပင်။
သို့သော် ရွေးချယ်ပွဲမတိုင်ခင် ယောင်လဲ့ထျန်း တစ်စုံတစ်ခု အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
“လီရို့ရွှယ်”
ယောင်လဲ့ထျန်း ခံစားချက်မဲ့သော မျက်နှာထားဖြင့် လီရို့ရွှယ်ကို ခေါ်လိုက်လေ၏။
“မင်း ကျုပ်နဲ့ကော လောင်းရဲလား”
“မင်းနဲ့လား.. ဟဟ ကြားဖူးသမျှထဲ အရယ်ရဆုံးပါလား” ဖန်းကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
“ လုချီမှာ ခရမ်းစွဲ ဆွဲကြိုးရှိတယ်၊ မင်းမှာ.ဘာရှိလို့လဲ။ မင်းလို အသုံးမကျတဲ့ အမှိုက်ကောင်က ဘာတန်မှာလဲ။ မင်းက ဘာအခွင့်အရေးရှိလို့ လောင်းချင်တာလဲ”
“မင်းက လီရို့ရွှယ်လား”
ယောင်လဲ့ထျန်းက အရူးတစ်ယောက်ကို ကြည့်နေသည့်နှယ် ဖန်းကျန့်ကို လှည့်ကြည့်လိုက်သည်။
“မင်းက သူ့အတွက် ဆုံးဖြတ်ပေးနိုင်လို့လား”
ဖန်းကျန့် ရုတ်တရက် ပြောစရာ ပျောက်ဆုံးသွားခဲ့သည်။ လီရို့ရွယ်အစား ဆုံးဖြတ်ပေးနိုင်သည်ဟု ကျယ်လောင်စွာ အော်ဟစ်ပစ်ချင်သော်လည်း မပြောရဲပါချေ။ လီရို့ရွှယ်အနီးတွင် ရှိမနေလျှင်တောင်မှ သူမအတွက် ဆုံးဖြတ်ရဲသည့် သတ္တိ သူ့တွင် မရှိပါပေ။
ဖန်းကျန့် ပြောစရာပျောက်ဆုံးနေသော်လည်း ယောင်လဲ့ထျန်းက အလွတ်ပေးဖို့ စိတ်ကူးမရှိသောကြောင့် ဆက်ပြောလိုက်သည်။
“မင်းရဲ့ ပုနေတဲ့အရပ်၊ ပုံမကျတဲ့ကိုယ်ခန္ဓာ၊ အကျည်းတန်တဲ့ ရုပ်ရှည်အရ မင်း မဆုံးဖြတ်ပေးနိုင်ဘူးမလား။ အေး သူ့အစား မဆုံးဖြတ်နိုင်ရင်လဲ အရှေ့က လက်ယားလက်ယားနဲ့ လာပိတ်မနေနဲ့ကွ”
ဖန်းကျန့် ဒေါသအထွက်ဆုံးက အရပ်ကို ထိခိုက်ခြင်းပေ။ ဖန်းကျန့်၏.မျက်နှာက ချက်ချင်း မဲမှောင်လာပြီး အော်ဟစ်တော့သည်။
“ဘာပြောတယ်.. မင်း သတ္တိရှိရင် ထပ်ပြောလိုက်စမ်း”
“မင်းက တစ်ကယ်ကြီး ထပ်ကြားချင်တာလား”
ယောင်လဲ့ထျန်း မေးလိုက်သည်။
သေချာပေါက် ထပ်မကြားချင်သော ဖန်းကျန့်က ယောင်လဲ့ထျန်းကို အမဲဖြတ်တော့မတတ် ကြည့်နေပြီး ဘာမှ ပြန်မပြောလာခဲ့ပေ။
ယောင်လဲ့ထျန်း လီရို့ရွှယ်ဘက်ကို မျက်နှာ မူလိုက်တော့သည်။
“လီရို့ရွှယ် မင်း ကျုပ်နဲ့ လောင်းရဲလား”
“နင့်မှာ ဘာရှိလို့လဲ” လီရို့ရွှယ်က ရွံရှာမှုအပြည့်ဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။
“ ကျုပ်အသက်နဲ့ လောင်းတယ်”
ယောင်လဲ့ထျန်း တစ်လုံးချင်းကို တည်ငြိမ်စွာ ပြောလိုက်တာပင်။
“မင်းပဲ ကျုပ်ကို အထင်သေးခဲ့တာ မဟုတ်ဘူးလား။ ဒါဆို လောင်းရအောင်။ ကျုပ် ရှုံးခဲ့ရင် တောင်ထိပ်က ခုံချမယ်။ အေးအကယ်လို့ နိုင်ခဲ့ရင် မင်း အားလုံးအရှေ့မှာ လုချီကို တောင်းပန်ပြီး မင်းက ကန်းခဲ့တာပါလို့ ဝန်ခံရမယ်။ မင်း လုပ်ရဲသလား”
ထိုတောင်ထိပ်သည် အတွင်းတပည့် ရွေးချယ်ရေးပြိုင်ပွဲကွင်းပြင် ဖြစ်သည်။ ထိုတောင်ထိပ်သည် မက်စောက်ပြီး အနက်မသိရသောကြောင့် ခုန်ချတာက သေချာပေါက် သက်သေတာပဲ။ ယောင်လဲ့ထျန်း၏ စကားက ရိုးသားမှုကို အပြည့်အဝ ဖော်ပြခဲ့သည်။
“လဲ့ထျန်း”
အသက်ကိုစတေးပြီး သူမအစား လက်စားချေပေးဖို့ ကြိုးစားနေသော ယောင်လဲ့ထျန်းကြောင့် လုချီ ရင်ထဲထိသွားသလို တပြိုင်နက်ထဲ ပူပင်သွားမိသည်။
“ စိတ်မပူပါနဲ့။ ငါ ဘာလုပ်နေလဲ ကိုယ့်ကိုယ်ကို သိပါတယ်”
ယောင်လဲ့ထျန်းက ပြောပြီးသည်နှင့် လီရို့ရွှယ်ကို ပြန်ကြည့်လိုက်လေကာ..
“ဘာလဲ။ နံပါတ်တစ်အလှလေးက ဒီလောက်တောင် သတ္တိမရှိဘူးလား။ ဒါလေးတောင် မလောင်းရဲရင် ဘာလို့ ကျင့်ကြံနေအုံးမှာလဲ”
လီရို့ရွှယ် ချက်ချင်း မျက်နှာ ပျက်သွားခဲ့သည်။
ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်ရသည်ဖြစ်ရာ၊ သတ္တိမရှိလျှင် ကျင့်ကြံနေလည်း အလကားပါပေ။
“ရတယ်၊ ငါသဘောတူတယ်”
လီရို့ရွှယ်က အေးစက်စွာ စိုက်ကြည့်ပြီးမှ ဆက်ပြောလိုက်သည်။
“ငါမျှော်လင့်တာက နင်တောင်ထိပ်က ခုန်ချဖို့အထိ အသက်ရှင်နေဖို့ပဲ”
“ အဲ့ဒါမင်းစိတ်ပူပေးရမဲ့ ကိစ္စ မဟုတ်ပါဘူး” ယောင်လဲ့ထျန်း မျက်နှာကို မဲ့လိုက်သည်။
“ လုချီ၊ သွားကြရအောင်”
ပြောပြီးသည်နှင့် လုချီ၏ လက်ကိုဆွဲကာ ယောင်လဲ့ထျန်း.ထွက်သွားလိုက်တော့သည်။
“မောက်မာရိုင်းဆိုင်းတဲ့ကောင်”
ထွက်သွားသော ယောင်လဲ့ထျန်း၏ နောက်ကျောကို ကြည့်နေရင်း ဖန်းကျန့် လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်ကာ ဆဲရေးလိုက်လေ၏။
ယောင်လဲ့ထျန်းကို ပညာပေးနိုင်လျှင် လီရို့ရွှယ်ဆီက ကျေးဇူးတင်မှု ခံရမည်လား…
ထိုအတွေးကြောင့် ဖန်းကျန့်၏ ရုပ်ဆိုးသော မျက်နှာထက်တွင် အပြုံးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
စီမံရေးခန်းမက ထွက်လာပြီးနောက်တွင် ယောင်လဲ့ထျန်းသည် အစေခံတန်းလျားကို ပြန်မသွားဘဲ သီးခြားဂူတစ်ခုရှာကာ ပုန်းခိုခဲ့သည်။ ပထမအချက်က လီရို့ရွှယ်နှင့် နောက်လိုက်များ၏ ရန်မှကာကွယ်ဖို့ရန် ဖြစ်ပြီး ဒုတိယအနေနှင့် ကျင့်ကြံမှုမှာပဲ အာရုံစိုက်နိုင်ရန် ဖြစ်သည်။
ဂူထဲဝင်ပြီးသည်နှင့် ယောင်လဲ့ထျန်းသည် ကျောက်တုံးကြီးများကို ရှာဖွေပြီး ဝင်ပေါက်ကို ပိတ်ဆို့လိုက်သည်။ လေဝင်လေထွက်ပြုနိုင်ရန် သေးငယ်သော အပေါက်လေးသာ ချန်ပေးထားသည်။
မှောင်မဲနေသော လှိုဏ်ဂူအတွင်း ကြာပန်းပုံထိုင်ပြီးသည်နှင့် အကာအကွယ် ခရုခွံကို အရင်အသက်သွင်းလိုက်သည်။ ထို့နောက်မှာမှ အသက်ရှုသွင်း၊ ရှုထုတ်ပြုရင်း စတင်ကျင့်ကြံခဲ့သည်။
အတွင်းစိတ်နှလုံး တည်ငြိမ်လာသည်နှင့် ရှန်းလုထျန်း ရိုက်သွင်းပေးခဲ့သော နက္ခတ်ပုံရိပ်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ကျယ်ပြောသော ဗလာနတ္တိဖြစ်မှုအလယ်တွင် အပေါ်က ကြယ်များခြံရံရင်း ထိုင်နေရသကဲ့သို့ ယောင်လဲ့ထျန်း ခံစားလိုက်ရ၏။