← Chapters

နက္ခတ်ပုံရိပ်

Vol. 2 Ch. 19

နက္ခတ်ပုံရိပ်

Vol. 2 Ch. 19

တလက်လက် ထနေသော ကြယ်အပြည့် ကောင်းကင်ကျယ်က ပုံရိပ်ယောင်တစ်ခုမှန်း ယောင်လဲ့ထျန်း သိပါသည်။ နက္ခတ်ပုံရိပ်ထဲက ကြယ် ၃၆၀ နှင့် သူသည် နီးစပ်နေပါသော်ငြား အကာအကွယ် တစ်ခု ခြားထားသလို ခံစားရသည်။ ထိုအကာအကွယ်စည်းကို လုံလောက်သော သန်မာမှုရှိလျှင် ချိုးဖျက်နိုင်လိမ့်မည်။ ထိုအချိန်ကျ ဤကြယ်တွေလည်း သူ့အတွက် ဘာမှ ဟုတ်တော့မည် မဟုတ်ပေ။

ထိုအချိန်မှာပဲ ရှန်းလုထျန်း သင်ပေးခဲ့သော စစ်နတ်ဘုရားရတနာ မန္တန်ကို ယောင်လဲ့ထျန်း ပြန်စဥ်းစားလိုက်သည်။

စစ်နတ်ဘုရားသိုင်းကျမ်းက တကယ်ကို ရှေးသိုင်းကျမ်းတစ်ခု ​ပီသပါပေသည်။ ကျင့်ကြံရေးနည်းလမ်းက လွှမ်းမိုးနိုင်စွမ်းကြီးကာ အန္တရာယ်များသော်လည်း ထူးခြားသည့် ကိုယ်ပိုင်ဟန်များ ရှိသည်။

စစ်နတ်ဘုရားသိုင်းကျမ်းကြီး တစ်ခုလုံးကို အဓိကအပိုင်းနှင့် ထောက်ပံ့အပိုင်းဆိုပြီး နှစ်ပိုင်း ခြားထားသည်။ အဓိကအပိုင်းတွင် စစ်နတ်ဘုရား၏မွန်မြတ်သောသိုင်း ကို အဓိက သင်ပေးထားပြီး ထိုသိုင်းကို နက္ခတ်ပုံရိပ်ကို ဖွင့်လှစ်ရင်း ကျင့်ကြံနိုင်သည်။ ထောက်ပံ့အပိုင်းတွင်တော့ များစွာသော အနီးတိုက်ကွက်ပုံစံများ၊ မန္တန်များနှင့် သာလွန်စွမ်းရည်များ ရေးသားထားသည်။

ယောင်လဲ့ထျန်းသည် ထောက်ပံ့အပိုင်းကို မကြည့်ရှုခဲ့ပေ။ သူ၏ လက်ရှိအခြေအနေနှင့် လက်ရှိသန်မာမှုအရ မှတ်တမ်းထင်ထားသော ထူးခြားစွမ်းရည် မပြောနှင့်၊ သာမာန်တိုက်ကွက် တစ်ခုတောင် ထုတ်မသုံးနိုင်မှန်း နားလည်ပါသည်။ ထို့အပြင် လက်ရှိ၌ ယောင်လဲ့ထျန်း၏ ဦးစားပေးမှာ ကျင့်ကြံမှုသန်မာလာရေး ဖြစ်သည်။.

ထို့ကြောင့် အဓိကအပိုင်းတွင် ရေးသားထားသော စစ်နတ်ဘုရား၏မွန်မြတ်သောသိုင်း ကို စတင် အာရုံစိုက်လိုက်တော့သည်။

မကြာမီမှာပဲ စစ်နတ်ဘုရား၏မွန်မြတ်သောသိုင်းက သူအရင် လေ့လာဖူးသည့် အထက်အမတဘုံဂိုဏ်း၏ သိုင်းကျင့်စဥ်များနှင့် တော်တော်လေးကွဲပြားမှန်း နားလည်လိုက်သည်။ ဤကျင့်စဥ်က နတ်အာရုံ အသုံးပြုမှုနှင့် စပ်လျဥ်းနေသော်ငြား အဓိက ဦးတည်ချက်သည် အခြေခံကျင့်ကြံမှု နယ်ပယ်မှာကတည်းက ရုပ်ပိုင်းဆိုင်ရာ သန်မာမှုအားကောင်းစေရန် ဦးတည်ထားတာပင်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အတွက် သူ၏ကြွက်သားနှင့် အရိုးကို သန်မာအောင်ပြုလုပ်ရအုံးမည့် အပြင် အတွင်းစွမ်းအင်သွေးကြောကိုပါ နားလည်အောင် ပြုလုပ်ရမည်ဖြစ်သည်။

ရှန်းလုထျန်း အဘယ်ကြောင့် ဆေးဖော်စပ်နည်းများ သင်ပေးခဲ့လည်း ယောင်လဲ့ထျန်း သဘောပေါက်လိုက်သည်။ အရိုးနှင့် ကြွက်သားကို သန်မာချင်လျှင် ဆေးစားတာထက် လွယ်ကူမြန်ဆန်သည့် နည်းလမ်းမရှိတော့ပေ။

သို့သော် ဆေးဖော်စပ်နည်းများက ယောင်လဲ့ထျန်းအတွက် လက်ရှိမှာ မလိုအပ်သေးပေ။

ထို့ကြောင့် ယောင်လဲ့ထျန်းသည် စွမ်းအင်သွေးကြောများကို အရင်ဆုံး နားလည်အောင် ကြိုးစားလိုက်သည်။ သန်မာမှုကို လိုအပ်နေသည့် စွမ်းအင်သွေးကြောများကို အာရုံပြု ရှာဖွေပြီးသည်နှင့် မှော်စွမ်းအင် လည်ပတ်စေလိုက်ကာ အထက်ကောင်းကင်က နက္ခတ်ပုံရိပ်နှင့်အညီ လည်ပတ်စေပြီး ဆန်းကြယ်သည့် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်စေလိုက်သည်။

ပုံစံကြည့်လျှင် ရိုးရှင်းသော်လည်း တကယ်ကျင်ကြံလိုက်ချိန်မှာ မလွယ်ကူပါချေ။ အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် ကျင့်ကြံမှု ရထားပြီး စွမ်းအင်သွေးကြောနှင့် ဒျန်ထျန်က ကြီးမားလာခဲ့သည့် တိုင်အောင် သူ၏ ကျင့်ကြံမှုက ပင်လယ်ထဲက ရေတစ်စက်ပမာသာ ယောင်လဲ့ထျန်း ခံစားရသည်။ မှော်စွမ်းအင်ကို စွမ်းအင် သွေးကြောအတွင်း ပို့ပြီးသည်နှင့် သွေးကြောလမ်း​ကြောင်းအတွင်းရှိ ဆုံမှတ်နေရာကို နှိုးဆွနိုင်အောင်ပါ ကြိုးစားရသေးသည်။

ထိုဆုံမှတ်နေရာများက နက္ခတ်ပုံရိပ်ထဲက ကြယ် ၃၆၀ နှင့် အလိုက်သင့် တည်ရှိနေကြတာပင်။ မှော်စွမ်းအင်ကို ဆုံမှတ်နေရာရောက်သည်အထိ ပို့ပြီးသည်နှင့် မှော်စွမ်းအင်ကို ဝဲဂယက်တစ်ခုလို လည်ပတ်လာအောင် တွန်းအားပေးရသည်။ ထိုမှ စွမ်းအင်များ စုဝေးသွားရင်း ဆုံမှတ်နေရာက အသက်ဝင်လာပေမည်။

သို့သော် နည်းပါးလွန်းနေသော အတွင်းမှော်စွမ်းအင်ကြောင့် ဆုံမှတ်နေရာအတွင်း ဝဲဂယက် ဖြစ်ပေါ်စေဖို့ မပြောနှင့်၊ ဆုံမှတ်နေရာတိုင်းကို.မှော်စွမ်းအင် ရောက်ရှိစေဖို့ပင် အသည်းအသန် အားထုတ်နေရသည်။.

ကံကောင်းသည်မှာ ရှန်းလုထျန်း ပေးသွားခဲ့သော စစ်နတ်ဘုရားသွေးတစ်စက် ရှိနေသေး၍ပင်။

အတွင်းစွမ်းအင်များ ကုန်ဆုံးသွားသည်နှင့် စစ်နတ်ဘုရားသွေးစက်က စွမ်းအင်ထောက်ပံ့သည့် ရင်းမြစ်တစ်ခု ဖြစ်လာခဲ့သည်။

စစ်နတ်ဘုရားသွေး၏ အစွမ်းကို မပြတ်စုတ်ယူရင်း ကိုယ်ပိုင်အတွင်းမှော်စွမ်းအင်အဖြစ် ပြောင်းလဲကာ စစ်နတ်ဘုရား၏မွန်မြတ်သောသိုင်းကို ကျင့်ကြံနေခြင်းကြောင့် ယောင်လဲ့ထျန်း၏ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနှင့်အတူ ကျင့်ကြံမှုပိုင်းလည်း လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။

မှောင်မဲနေသော လှိုဏ်ဂူအတွင်း အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိသော်လည်း သိသာစွာ မြင့်တက်လာသော သန်မာမှုကို ယောင်လဲ့ထျန်း အာရုံခံလို့ရနေသည်။

ဤ အချိန်တိုအတွင်းမှာ ခန္ဓာကိုယ်အတွင်းရှိ ဆုံမှတ်နေရာဆယ်ခုတွင် မှော်စွမ်းအင် လုံလောက်စွာ ဖြည့်ပေးနိုင်သည့်အတွက် ဝဲဂယက်များ ဖြည်းညှင်းစွာ စတင်လာခဲ့သည်။ အကျိုးကျေးဇူးများက မနည်းမနောပါပေ။ ရှန်းလုထျန်း အတင်းအကျပ် မြင့်တင်ပေးထားသော ကျင့်ကြံမှုက အထိုင်ကျပြီး ပိုမိုခိုင်မာလာခဲ့သလို အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်၏ သာလွန်အဆင့်ကို အဆင့်တက်နိုင်တော့မည် ဟူ၍ပင် ခံစားနေရသည်။

နည်းနည်းလောက် ကြိုးစားလိုက်သည်နှင့် အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်၏ ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိတော့မည်။

ယောင်လဲ့ထျန်း အတွေးတစ်ခု ရသွားခဲ့သည်။ ဆုံမှတ်နေရာဆယ်ခုက ကျင့်ကြံမှုနယ်ပယ်၏ အဆင့်တစ်ဆင့်နှင့် ညီမျှဟန်ပင်။ ထိုသို့ဆိုပါက နက္ခတ်ပုံရိပ်၏ ကြယ်များနှင့်အညီ ဆုံမှတ်နေရာ ၃၆၀ လုံးကို အသက်သွင်းနိုင်ခဲ့လျှင် သူ အမတ တစ်ယောက် ဖြစ်လာမည်လား…

ယောင်လဲ့ထျန်း တစ်ယောက် အလွန်အမင်း အတည်ပြုချင်သွားသော်လည်း ယာယီ စိတ်လျော့ထားလိုက်ရသည်။ ဆုံမှတ်နေရာ ဆယ်ခုလုံးက လည်ပတ်ရင်း မှော်စွမ်းအင်များ စုပ်ယူနေသောကြောင့် ခန္ဓာကိုယ်က ကန့်သတ်ချက် ရောက်လာသလို ခံစားလာရ၍ပင်။

လက်ရှိအချိန်တွင် ယောင်လဲ့ထျန်း တစ်ယောက် ကိုယ့်ကိုယ်ကို ရေအပြည့် ဖြည့်ထားသော ပုလင်းတစ်လုံးလို ခံစားရသည်။ ရေတစ်စက်ထပ်ပေါင်းလိုက်လျှင် အဆင့်တက်နိုင်ချေ ရှိသော်လည်း ပုလင်းတစ်ခုလုံး ပေါက်ကွဲသွားနိုင်ချေလည်း ရှိနေသည်။

ရှန်းလုထျန်း၏ အစောပိုင်းက သတိပေးချက်ကို ပြန်စဥ်းစားရင်း ယောင်လဲ့ထျန်း မစွန့်စားချင်တော့ပေ။

စစ်နတ်ဘုရားသွေး၏ အစွမ်းကြောင့် သန်မာလာသော်လည်း၊ နှစ်ရှစ်ရာပဲ အသက်ရှင်နိုင်မည်ဟူသော သတိပေးချက်ကြောင့် ပျော်ရွှင်မှုအနောက်မှာ ပူပင်မှု အလုံးအရင်းလိုက်ကြီးကို ခံစားလိုက်ရသည်။ ယောင်လဲ့ထျန်း အချိန် မဆွဲချင်တော့ပေ။

ထို့ကြောင့် စစ်နတ်ဘုရား၏မွန်မြတ်သောသိုင်းကို ခဏ ရပ်လိုက်ပြီး ထောက်ပံ့အပိုင်းထဲမှ အနီးတိုက်ကွက်များကို လေ့လာလိုက်သည်။

All Chapters