အသဲကွဲသွားသော အလှလေး
Vol. 2 Ch. 20
မှော်စွမ်းအင်စုဝေးမှုကြောင့် ပထမဆုံး ဆုံမှတ်နေရာ အသက်ဝင်ချိန်မှာပဲ မှောင်မဲနေသော လှိုဏ်ဂူထဲမှာပင် ရှင်းလင်းစွာ မြင်နိုင်ကြောင်း ယောင်လဲ့ထျန်း သတိထားမိလိုက်သည်။ နောက်ထပ် ဆုံမှတ်နေရာကိုးခု အသင်ဝင်လာပြီးနောက်တွင် အာရုံခြောက်ပါးလုံး ပိုမို တိကျလာသည်။
ထို့ကြောင့်ပဲ လှိုဏ်ဂူအတွင်းမှာ ကျောက်တုံးနံရံတွေကြောင့် ထိခိုက်မှာကိုပင် စိတ်မပူပဲ လေ့ကျင့်နိုင်ခဲ့သည်။
သက်ပြင်းရှည်ကြီး ချပြီးနောက်မှာတော့ ကြာပန်းပုံထိုင်နေရာမှ ယောင်လဲ့ထျန်း ထလိုက်သည်။ အပြင်ထွက်ဖို့ အချိန်ရောက်ပြီလေ။
ထို့နောက် ဝင်ပေါက်က ကျောက်တုံးကြီးကို ယောင်လဲ့ထျန်း လက်သီးတစ်ချက်နှင့် ဖျက်ဆီးလိုက်သည်။ နောက်တစက္ကန့်မှာပဲ သိမ်မွေ့သော လရောင်က ယောင်လဲ့ထျန်း၏ ကိုယ်ပေါ် ဖြာကျလာလေ၏။ လုံးဝိုင်းသော လပြည့်ပြည့်ကို ကြည့်နေရင်းမှပဲ ညအချိန်ကို ရောက်နေပြီမှန်း ယောင်လဲ့ထျန်း သတိထားမိတော့သည်။
ထိုအချိန်မှာပဲ ယောင်လဲ့ထျန်း ရုတ်ချည်း မျက်နှာပျက်သွားလေ၏။ လပြည့်ဝိုင်းကို ကြည့်နေတုန်း လုချီ၏ မျက်နှာလှလှကို မြင်ယောင်မိသည်နှင့် တဆတ်တည်း လုချီ၏ ရောဂါဟောင်းကိုပါ အမှတ်ရသွားခဲ့လို့ပင်။
ယောင်လဲ့ထျန်း အချိန်မဆွဲရဲတော့ဘဲ အစေခံတန်းလျားကို အပြေးသွားလိုက်တော့သည်။
လုချီ၏ ဆရာက အစေခံတန်းလျားကို ကြပ်မတ်ရသော အိမ်တော်ထိန်းဖြစ်သောကြောင့် ထိုအနီးအနားတွင် ရှိနေတတ်သည်။ လုချီသည်လည်း ဆရာဖြစ်သူနှင့် အတူရှိနေမည်ပင်။
သို့သော် အနေအေးသော လုချီက အစေခံတန်းလျားနှင့် အနည်းငယ်ဝေးသော တောငယ်လေးအတွင်း သီးခြားနေတတ်သည်။
ချန်ဟွမ်တောင်၌ သစ်တောငယ်များစွာ ရှိသော်လည်း လူတိုင်း နေထိုင်နိုင်တာ မဟုတ်ပေ။ ထိုအချက်ကို ကြည့်ရုံဖြင့် လုချီကို.ဆရာဖြစ်သူက ဘယ်လောက် အရေးပေးမှန်း သိနိုင်ပါသည်။
သစ်တောငယ်အရှေ့ကို ရောက်သည်နှင့် များစွာသော အကန့်အသတ် အစီအရင်များကို ကျော်ဖြတ်ပြီးမှ လုချီ၏ နေရာကို နောက်ဆုံး ရောက်လာခဲ့သည်။
တံခါးနှစ်ကြိမ် ခေါက်လိုက်သည့်တိုင် အထဲမှ တုံ့ပြန်သံမကြားရသောကြောင့် ယောင်လဲ့ထျန်း စိတ်ပူသွားပြီး တံခါးဖွင့်ကြည့်လိုက်သည်။
အထဲရောက်တာနှင့် အိပ်ရာပေါ်မှာ စောင်ပတ်ကာ ပိုးတုံးလုံးလေးလို ခွေခေါက်နေသော သူမကို တွေ့လိုက်ရပြီပင်။ ဖြူဖွေးသော သူမ၏ မျက်နှာက အနည်းငယ် အပြာရောင်းသန်နေသည်။ နာကျင်မှုကြောင့်ဖြစ်မည်.. မျက်စိနှစ်ဖက်ကို တင်းနေအောင် ပိတ်ထားရင်း မျက်မှောင်ကြုတ်နေ၏။ နုနယ်သော လုချီ၏ ပုံစံက အရင်ကထက် သနားစရာ ကောင်းနေခဲ့သည်။
ယောင်လဲ့ထျန်း ရောက်လာသည်ကို သတိထားမိ၍ ဖြစ်မည်.. လုချီက ခပ်ဖြည်းဖြည်း မျက်လုံးဖွင့်ကြည့်ရင်း ပြုံးပြလာသည်။ စကားပြောချင်၍ နှုတ်ခမ်းနှစ်ခုက ခပ်လှုတ်လှုတ် ဖြစ်လာသော်လည်း ညည်းသံမှလွဲ၍ ထွက်မလာခဲ့ပေ။
“စကားမပြောနဲ့အုံး။ မင်း အဆင်ပြေသွားမှာပါ”
ယောင်လဲ့ထျန်း အိပ်ယာမှာ ဝင်ထိုင်လိုက်ပြီး လုချီကို လက်မောင်းနှစ်ဖက်မှ ဆွဲထူပေးလိုက်သည်။ သူမ လက်ဖဝါး၏ အေးစက်နေမှုကြောင့် ယောင်လဲ့ထျန်း ကျောရိုးတစ်လျှောက်လုံးပင် ချမ်းစိမ့်သွားခဲ့သည်။
ချွန်မြသည့် ရေခဲဓားသဖွယ် စူးရှရှ အအေးဓာတ်က ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်ထဲ အရိုင်းဆန်ဆန် ဝင်ရောက်ရင်း သွေးကြောများကိုပါ အေးခဲစေလိုက်သည်။ အားနည်းသူတစ်ယောက်သာ ဆိုလျှင် ထိုအအေးဓာတ်ကြောင့် နေရာမှာတင် သေသွားနိုင်သည်။
(ချီးပဲ.. ဒါဟိိုမိစ္ဆာမ လီရို့ရွှယ်ကြောင့် ဖြစ်ရတာ။ လုချီရဲ့ ခရမ်းစွဲ ဆွဲကြိုးကို လိမ်ညာပြီး မယူထားရင် အအေးဓာတ်က အခုလို အားကောင်းလာမှာ မဟုတ်ဘူး)
ယောင်လဲ့ထျန်း၏ အမုန်းတရားများက ပိုမိုကြီးမားလာခဲ့သည်။
ယောင်လဲ့ထျန်း စိတ်ထဲမှ ဆဲရေးနေရင်း တစ်ဖက်ကလည်း လုချီ၏ ခန္ဓာကိုယ်ထဲကို မှော်စွမ်းအင်များ ဆက်တိုက် ပို့ပေးနေသည်။ မြင့်တက်လာသော အအေးဓာတ်ကို ဖိနှိပ်ရင်း ချီစွမ်းအင်နှင့် သွေးကို သွေးကြောအတွင်း ကောင်းမွန်စွာ စီးဆင်းနိုင်ရန် ကူညီပေးလိုက်သည်။
လုချီကို အခုလို ကူညီပေးရတာ ပထမဆုံးအကြိမ် မဟုတ်သောကြောင့် ယောင်လဲ့ထျန်း ကျွမ်းကျင်နေပြီပင်။ သို့သော် အခုသူက ပိုမိုသန်မာလာသောကြောင့် ထောက်ပံ့မှုကလည်း အလိုလို အားကောင်း လာခဲ့သည်။
မကြာခင်မှာပဲ လုချီ၏မျက်နှာက ပင်ကိုယ်အရောင် ပြန်ဖြစ်လာခဲ့သလို နာကျင်မှုကြောင့် စုကြုံ့ထားသည့် မျက်ခုံးနှစ်ဖက်လည်း ပြေလျော့သွားလေသည်။