← Chapters

လပြည့်ည

Vol. 3 Ch. 21

လပြည့်ည

Vol. 3 Ch. 21

အအေးဓာတ်ကြောင့် ထိခိုက်ထားသော သွေးကြောများကို ပြုပြင်ပေးရင်း စွမ်းအင် ပုံမှန်လည်ပတ်စေရန် ကူညီနေချိန်မှာပဲ လုချီ၏ ထူးဆန်းသော ဖျားနာမှုကို ယောင်လဲ့ထျန်း သိချင်လာခဲ့သည်။

သူ၏ မှတ်ဉာဏ်အတွင်းက ဆေးစာအုပ်များအတွင်း၌ သူမ၏ ရောဂါနှင့် ပတ်သတ်ပြီး မှတ်တမ်းတင်ထားနိုင်သည်။ သူမ၏ ရောဂါကိုသာ ကုသပေးနိုင်ပါက..၊ အလွန်ကောင်းမည်ပင်။

ယောင်လဲ့ထျန်း တစ်ဖက်က စွမ်းအင်ပို့ပေးနေရင်း စိတ်ထဲကနေ ဆေးစာအုပ်များကို ရှာဖွေလိုက်သည်။ ထို့ကြောင့် တံခါးအပြင်ဘက်တွင် တစ်စုံတစ်ယောက် ချဥ်းကပ်လာမှန်း သတိမထားမိခဲ့ပေ။

လုချီ၏ ဆရာ ဟွာမန်ထန်းသည် လပြည့်နေ့တိုင်း လုချီ အဖျားတက် တတ်မှန်း သိထားသည်။ ထို့အတူ ယောင်လဲ့ထျန်းကလည်း ထုံးစံအတိုင်း လာကူညီပေးမည်မှန်း သိပြီးသားပင်။

ယောင်လဲ့ထျန်း၏ သေးငယ်သော အကူအညီက လုချီ၏ ဖျားနာမှုကို ဘယ်လိုမှ မသက်သာစေမှန်း နားလည်သော်လည်း ဟွာမန်ထန်း မတားမြစ်ခဲ့ပေ။ ထိုအစား မသိချင်ယောင် ဆောင်ပေးခဲ့သည်။

သူ တောင်အောက်ဆင်းတုန်းက တွေ့ခဲ့သော ဤတပည့်၏ ဖျားနာမှုသည် ထူးဆန်းသော ရောဂါတစ်ခုပင်။ ဆေးဖော်စပ်ခန်း အကြီးအကဲ ဟွာထင်ဖန့်ပင် အကြောင်းအရင်း မရှာဖွေနိုင်ခဲ့ဘူး။ တဖြည်းဖြည်း ပြင်းထန်လာသော အခြေအနေများကြောင့် လုချီကိုပင် အသက်ဆယ့်ရှစ်နှစ် ကျော်သည်အထိ မနေနိုင်မှန်း သူမ သိအောင် အရိပ်အမြွတ်တစ်ချို့ ပြောပြပေးခဲ့ရသည်။

ထို့ကြောင့်ပင် ညနက်ပိုင်းမှ တပည့်ဖြစ်သူ အခန်းကို လာလည်သော ယောင်လဲ့ထျန်းကိုလည်း အခုလို သတ်မပစ်ဘဲ ခွင့်ပြုပေးထားတာ ဖြစ်သည်။

ဒီနေ့ကလည်း လပြည့်ညဖြစ်သည်။ ထို့​ကြောင့် ဟွာမန်ထန်းသည် လုချီ၏ ခြံဝန်း၌ အသင့်စောင့်နေခဲ့သည်။ ယောင်လဲ့ထျန်းလည်း ပုံမှန်လို ရောက်လာလိမ့်မည်ပင်။ အရင်လိုမျိုး ဖြူဖွေးနေသောမျက်နှာနှင့် ယောင်လဲ့ထျန်း အားငယ်စွာ ပြန်ထွက်သွားမှပဲ တပည့်ဖြစ်သူ၏ အအေးဓာတ်ကို ကုသပေးဖို့ ဟွာမန်ထန်း တည်ငြိမ်စွာ စောင့်နေခဲ့သည်။

အရာအားလုံးက သူမှန်းထားသည့်အတိုင်းပင် အနည်းငယ် နောက်ကျသော်လည်း ယောင်လဲ့ထျန်း ရောက်လာခဲ့သည်။

တကယ်တော့.. ယောင်လဲ့ထျန်းအပေါ်ကို သားမက်တစ်ယောက်လိုမျိုး သူခံစားရသည်။

သို့သော် လီရို့ရွှယ်ကိုဆန့်ကျင်ပြီး ယောင်လဲ့ထျန်းကို ထောက်ပံ့ဖို့အတွက်နှင့် ခရမ်းစွဲဆွဲကြိုးကို လုချီ ထုတ်ပေးလိုက်သည့် သတင်းကတော့ သူ့အတွက် မသက်သာခဲ့ပေ။ ဖခင်တစ်ယောက်၏ ထိန်းချုပ်မှုအောက်ကနေ သမီးဖြစ်သူကို ဆွဲထုတ်သွားသလိုမျိုး ခံစားရသောကြောင့် ယောင်လဲ့ထျန်းကိုပင် အနည်းငယ် အမုန်းထားမိသေး၏။ သို့သော် အမြဲမပြတ် လာရောက်ကူညီပေးနေသော ယောင်လဲ့ထျန်းကိုလည်း ဘယ်လိုမှ အပြစ်မတင်နိုင်ခဲ့ပေ။

သို့ပေသည့် ထိုကောင်လေးကို အလွယ်တကူ ခွင့်မပြုပေးနိုင်ပါချေ။ သူစိုက်ပျိုးခဲ့သည့် သစ်သီးကိုတော့ ပြန်စားခိုင်းရမည်မလား။ ထို့ကြောင့်ပင် ခရမ်းစွဲ ဆွဲကြိုး၏ ထိန်းချုပ်မှု မရှိတော့သော အရိုင်းဆန်သည့် အအေးဓာတ်ကို အရင်ထိတွေ့စေပြီး နောက်မှ ယောင်လဲ့ထျန်းနှင့်လုချီ နှစ်ယောက်လုံးကို ကုသပေးဖို့ ဟွာမန်ထန်း စီစဥ်ခဲ့လိုက်သည်။

ဟွာမန်ထန်း၏ အစီအစဥ်က ပြည့်စုံပါသော်လည်း မထင်ထားစွာဖြင့် ရလဒ်က ကြီးစွာပြောင်းလဲ သွားခဲ့လေ၏။

လုချီ၏ အအေးဓာတ်ကို ကျင့်ကြံမှုနည်းပါးသည့် ယောင်လဲ့ထျန်းက ဘယ်လိုမှ မတုံ့ပြန်ခဲ့ပေ။ လုချီကိုပင် သေချာစွာ လက်မောင်းနှစ်ဖက်မှ ပွေ့ထူပေးထားသေး၏။ ထို့အပြင် အချိန်တစ်ချို့ကြာပြီးနောက်မှာ လုချီ၏ အအေးဓာတ်က တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

တည်ငြိမ်လာသော လုချီ၏.အသက်ရှုသံနှင့် အေးဆေးနေသော ယောင်လဲ့ထျန်း၏ ပုံရိပ်ကြောင့် ဟွာမန်ထန်း တဖြည်းဖြည်း အံ့အားသင့်လာတော့သည်။

ဤ ယောင်လဲ့ထျန်းက အရင်က သူသိကျွမ်းခဲ့သည့် ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ပါရမီ မပါသူ ဟုတ်သေးရဲ့လား…

လုချီ၏ အအေးဓာတ်ကို ထိုကောင်လေးက တစ်ကယ်ပဲ ဖိနှိပ်နိုင်ခဲ့လေရာ၊ ဟွာမန်ထန်း ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်တော့ပေ။

ဟွာမန်ထန်း လုံးဝ မယုံကြည်နိုင်ခဲ့ဘူး။ လုချီ၏ အအေးဓာတ်ကို ပုံမှန် ကုသပေးရသော ဆရာတစ်ယောက်အနေဖြင့် သူကောင်းမွန်စွာ နားလည်ပါသည်။

အအေးဓာတ်ကို ထိန်းချုပ်ပေးရင်း အရိုင်းဆန်သောပေါက်ကွဲမှုကို လျော့ချပေးနိုင်သော ခရမ်းစွဲ ဆွဲကြိုးကြောင့်သာ မဟုတ်လျှင် အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် သာလွန်အဆင့် ကျင့်ကြံမှုပဲရှိသည့် ဟွာမန်ထန်းလည်း လုချီ၏ရောဂါကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။

ထို့ကြောင့်ပင် ခရမ်းစွဲဆွဲကြိုးကို လောင်းကြေးအဖြစ် ထုတ်ပေးလိုက်ကြောင်း ကြားကတည်းက လုချီ ဒီတစ်ခေါက် ရောဂါဖောက်ချိန်တွင် လွယ်ကူမည်မဟုတ်မှန်း ဟွာမန်ထန်း ကြိုမှန်းထားခဲ့သည်။ သူ၏ကျင့်ကြံမှုတစ်ခုတည်းနှင့် အအေးဓာတ်ကို ဖိနှိပ်ဖို့ မလုံလောက်ခဲ့ပါက၊ လုချီကို ကယ်တင်နိုင်ဖို့ရန်အတွက် ဟွာမန်ထန်းခမျာ အတွင်းခန်းမအထိ ကိုယ်တိုင်သွားရောက်ပြီး ဟွာထင်ဖန့်ဆီမှ ဆေးလုံးပင် တောင်းထားခဲ့သေး၏။

ဟွာမန်ထန်း ကိုယ်တိုင်ပင် ထိန်းချုပ်နိုင်ဖို့ ယုံကြည်ချက်မရှိခဲ့သောကြောင့်ပင် ယောင်လဲ့ထျန်း၏ လုပ်ဆောင်မှုကို ပိုမို အံ့သြနေရတာဖြစ်သည်။

ယောင်လဲ့ထျန်း၏ ရုပ်ကြီးကို တည့်တည့် မြင်ထားရ၍ မဟုတ်လျှင် တစ်ခြားသူတစ်ယောက်က ယောင်လဲ့ထျန်း အယောင်ဆောင်ပြီး ရောက်လာသည်ဟု ယူဆလိုက်မှာဖြစ်သည်။

ယောင်လဲ့ထျန်းမှန်း ပိုသေချာလေလေ၊ ဟွာမန်ထန်း မယုံကြည်နိုင်လေလေ ဖြစ်လာရသည်။

ဤကောင်လေး ဂိုဏ်းထဲဝင်လာပြီး လေးနှစ်လုံးကို ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်ကနေ အဆင့်မတက်နိုင်ခဲ့ခြင်းက ဟန်ဆောင်မှုများ ဖြစ်နေမလား…

ဟွာမန်ထန်း၏ အတွေးတွေ ယောက်ယပ်ခတ် လာတော့သည်။ ပါရမီမရှိလျှင် ကျင့်ကြံဖို့အတွက် အဘယ်မျှ ခက်ခဲနိုင်ကြောင်းကို ကောင်းစွာ နားလည်သဖြင့် ယောင်လဲ့ထျန်း စီမံရေးခန်းမ၌ စာရင်းပေးကြောင်း ကြားတုန်းကပင် စိတ်ထဲမှ လှောင်ပြောင်မိသေးသည်။

သူသည်လည်း ပါရမီ နိမ့်ကျခြင်းကြောင့် ဂိုဏ်းအတွင်းကို မောင်နှမ နှစ်ယောက် အတူတူဝင်ခဲ့ပါသော်လည်း ညီမဖြစ်သူက အတွင်းခန်းမ၏ အကြီးအကဲ ဖြစ်နေချိန်တွင် သူက အပြင်ခန်းမမှာပဲ ပိတ်မိနေခဲ့သည်။

နောက်ပိုင်း ညီမဖြစ်သူက သူ့အတွက် အထူးဆေးလုံးများ လုပ်ပေး၍သာ ကျင့်ကြံမှုပိုင်းမှာ အနည်းငယ် တိုးတက်ခဲ့သည်။ ညီမဖြစ်သူကို မျက်နှာသာပေးသည့်အနေဖြင့် ဂိုဏ်းခေါင်းဆောင်က သူ့ကို အိမ်တော်ထိန်းငယ်အဖြစ် ရာထူးမတိုးပေးခဲ့လျှင် အရည်အချင်း မပြည့်ဝခြင်းကြောင့် ဂိုဏ်းမှ ထွက်ရတော့မည် ဖြစ်သည်။

ဟွာထင်ဖန့်၏ နှာခေါင်းအောက်မှာ ရှင်သန်ခဲ့ရသော ဟွာမန်ထန်းက ကိုယ့်အကြောင်းကို ကောင်းစွာ နားလည်ပါသည်။ သူ့ထက်ပင် ကျင့်ကြံဆင့် မြင့်နေသော ယောင်လဲ့ထျန်းကို တွေ့ရခြင်းက နေ့ခင်းကြောင်တောင်ကြီး သရဲသစ္ဆေ တွေ့လိုက်ရသလိုမျိုး ဟွာမန်ထန်းကို ထိတ်လန့်စေသည်။

ယောင်လဲ့ထျန်းက ရုတ်တရက် စွမ်းအားကြီးလာတာ မဖြစ်နိုင်ပါချေ။ ထိုကောင်လေးက သူ၏ သန်မာမှုအစစ်အမှန်ကို ဖုံးကွယ်ခဲ့တာပဲ ဖြစ်ရမည်။ မဟုတ်လျှင် အခုလိုမျိုး အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားအတွက် ရုတ်တရက်ကြီး စာရင်းပေးမည်မဟုတ်ပေ။ ထိုကောင်လေးက အကုန်လုံးကို အံ့အားသင့်အောင်လုပ်ပြီး ထိုးတက်ဖို့ ကြံစည်ထားတာပဲ။

ဟွာမန်ထန်း ပြန်လည်တည်ငြိမ်လာခဲ့သည်။ ယောင်လဲ့ထျန်းကို ကြည့်နေရင်း ထိုကောင်လေး သာလွန်အဆင့်မှ ထိပ်သီးအဆင့်ကို ဘယ်လိုမျိုး အဆင့်တက်လာလည်း မေးမြန်း သင်ယူဖို့ပင် ဟွာမန်ထန်း တွေးမိသွား၏။

ဟွာမန်ထန်း အတွေးလွန်နေစဥ်မှာပဲ ယောင်လဲ့ထျန်းက လုချီ၏ အအေးဓာတ်ကို အပြည့်အဝ ဖိနှိပ်နိုင်ခဲ့သည်။ အိပ်ပျော်လုနီးပါး ဖြစ်နေသော လုချီကို အိပ်ယာပေါ် အသာချပေးပြီး စောင်ခြုံပေးပြီးသည်နှင့် ယောင်လဲ့ထျန်းက လှည့်ထွက်ဖို့ ပြင်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေရင်း ဟွာမန်ထန်း ပြုံးမိသွားသည်။

(ဒီကောင်လေးက လူကောင်းလေးပဲ။ အာဟုတ်သား.. သူ့ကို အန္တရာယ်ပြုချင်နေတဲ့ သူရှိတာ ငါသတိပေးဖို့ မေ့သွားပြီ။ ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံမှုနဲ့ဆို အဆင်ပြေမှာပါ)

ယောင်လဲ့ထျန်း ထွက်သွားသည်နှင့် လုချီကို ဟွာမန်ထန်း စစ်ဆေးလိုက်သည်။ ထို့နောက်မှာ ပိုမိုအံ့သြသွားလေ၏။

လုချီ၏ အအေးဓာတ်က လုံးဝ ဖိနှိပ်နိုင်သွားရုံတင်မကပဲ အအေးဓာတ်ကြောင့် ပျက်ဆီးသွားသော သွေးကြောများပင် ပြန်လည်သက်သာ လာခဲ့တာ ဖြစ်သည်။ ဒါကိုလည်း ယောင်လဲ့ထျန်းက လက်ဖက်ရည်တစ်ခွက် သောက်စာအချိန်ထက် နည်းသော အချိန်တိုအတွင်းမှာ လုပ်ပြသွားခဲ့တာပင်။

အစပိုင်းတွင် မယုံကြည်နိုင်သော်လည်း အထပ်ထပ်စစ်ဆေးပြီးနောက်မှာတော့ ယောင်လဲ့ထျန်းက လုချီ၏ အအေးဓာတ်နှင့်အတူ ကျန်းမာရေးကိုပါ ကုသပေးခဲ့မှန်း ဟွာမန်ထန်း လက်ခံလိုက်ရသည်။

လုချီကို လပြည့်ညတိုင်း.ကုသရခြင်းက ဟွာမန်ထန်းအတွက်တော့ မလွယ်ကူခဲ့ပေ။ သူမ၏ အအေးဓာတ်ကို ဖိနှိပ်ချိန်တိုင်းတွင် သူ့အတွက် ဖယောင်းတိုင် တစ်တိုင်စာ အချိန်ယူခဲ့ရသည်။ ထို့အပြင် သူသည် ယောင်လဲ့ထျန်းလိုမျိုး အအေးဓာတ်ကို ဖိနှိပ်နေရင်း တပြိုင်နက်ထဲမှာ သွေးကြောများကို မပြုပြင်ပေးနိုင်ပါချေ။

ယောင်လဲ့ထျန်းက သူ့ထက်ပိုမိုမြန်ဆန်ပြီး ကောင်းမွန်အောင် ကုသပေးခဲ့သည်ဆိုသော အချက်က ဟွာမန်ထန်းကို ပျော်သလိုလို၊ ဝမ်းနည်းသလိုလို ဖြစ်စေ၏။

သူ့လိုမျိုး ဂုဏ်သရေရှိ အိမ်တော်ထိန်းတစ်ယောက်​က ယောင်လဲ့ထျန်းလို အမှိုက်ကောင် အစေခံ တစ်ယောက်ထက် နိမ့်ကျစရာလား… လုချီ၏ ဆရာ ဟွာမန်ထန်းက အခုလို ရှုံးနိမ့်ရမည်လား..

ယောင်လဲ့ထျန်း၏ လုပ်ဆောင်ချက်ကို ဟွာမန်ထန်း ဘယ်လိုမှ နားမလည်နိုင်ခဲ့​ပေ။ ထိုကောင်လေးက ဆေးလုံးတစ်ခုမှ အသုံးမပြုခဲ့သည့်အတွက် အတွင်းစွမ်းအင်တစ်ခုတည်းဖြင့် ကုသပေးသွားတာ ဖြစ်ရပေမည်။

သို့သော် အအေးဓာတ်ကို ဖိနှိပ်ရုံဖြင့်ပင် မှော်စွမ်းအင် အများကြီး အသုံးပြုရသည်။ သွေးကြောပြုပြင်ပြီး ပြန်လည်ပတ်စေဖို့ အတွက်ဆိုလျှင် တွေးစရာကို မလိုအပ်တော့ပေ။ သူ့လိုမျိုး အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် သာလွန်အဆင့် အိမ်တော်ထိန်းငယ် တစ်ယောက်တောင်.မလုပ်နိုင်ခဲ့သည့်အရာကို ယောင်လဲ့ထျန်းက လုပ်နိုင်ခဲ့သည်။

ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုက သူ့ထက် သာလွန်နေလို့ဖြစ်မှန်း သက်သေပြလိုက်တာပင်။ ထိုကောင်လေး၏ သန်မာမှုက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေသည်လား…

မဖြစ်နိုင်လောက်ပေ။ အပြင်ခန်းမ၏ အသန်မာဆုံး ကျန်းရှန့်ထျန်း ပင် အတွင်းစွမ်းအင်စုစည်းခြင်း ထိပ်သီးအဆင့်သာ ရှိသေးသည်။ ယောင်လဲ့ထျန်းက ကျန်းရှန့်ထျန်း ထက်ပင် သန်မာနေခဲ့လျှင် ဒါဘယ်လို အလှည့်အပြောင်းမျိုး ဖြစ်လာမှာလဲ…

ဟွာမန်ထန်း ချက်ချင်းပဲ ယောင်လဲ့ထျန်းနှင့် ရင်းနီးအောင်နေဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဆရာတော်ဟွမ်ရှ တံခါးပိတ် ကျင့်ကြံမှုက အပြင်ထွက်လာသည်နှင့် သွားလည်ရတော့မည်ပင်။ လုချီကိုပါ တွေးပေးသောအားဖြင့် ယောင်လဲ့ထျန်း၏ ဆရာနှင့် ရင်းနီးသောဆက်ဆံရေး တည်ဆောက်ထားဖို့ ဟွာမန်ထန်း တွေးထားခဲ့သည်။

သေချာပေါက် ယောင်လဲ့ထျန်းကတော့ ဘာကိုမှ မသိခဲ့ပေ။ ထိုသို့မဟုတ်လျှင် အခုထက် လျင်မြန်စွာ ထွက်ပြေးသွားလောက်သည်။

ယောင်လဲ့ထျန်းသည် သစ်တောအစွန်း ရောက်သည်အထိ မရပ်မနား လျှောက်လာခဲ့ပြီးမှ သက်ပြင်းချလိုက်လေ၏။ ယေဘုယျအားဖြင့် သူ့ကို တစ်ယောက်ယောက် စောင့်ကြည့်နေမှန်း ယောင်လဲ့ထျန်း သတိထားမိခဲ့လို့ပင်။

အရင်က မသိနိုင်ခဲ့သော်လည်း မြင့်မားလာသော ကျင့်ကြံမှုနယ်ပယ်နှင့်အတူ အာရုံခြောက်ပါးကို ခိုင်မာစေခဲ့သော စစ်နတ်ဘုရား၏မွန်မြတ်သောသိုင်းကြောင့် တစ်စုံတစ်ယောက် ရှိနေမှန်း ယောင်လဲ့ထျန်း သတိထားမိခဲ့သည်။

လက်ပူးလက်ကြပ် မိသွားလျှင် ဟွာမန်ထန်း ဘယ်လို ပြဿနာရှာမလဲ စဥ်းစားမိသည်နှင့် ယောင်လဲ့ထျန်း တစ်ချိုးထဲ လစ်ပြေးရတော့တာပင်။ မိန်းကလေး တပည့်တစ်ယောက်၏ သီးသန့်ခြံဝန်းအတွင်း ညဘက်ကြီး သွားလည်ခြင်းက အပြင်ခန်းမ၏ အသန်မာဆုံး ကျန်းရှန့်ထျန်းဖြစ်နေလျှင်တောင် အပြစ်မှ ပြေးလွတ်မည်မဟုတ်ပေ။ သူ့လို သာမာန်အစေခံတစ်ယောက်ဆို မတွေးဝံ့စရာပင်။

ထိုအချိန်မှာပဲ ယောင်လဲ့ထျန်း ထပ်မံ တောင့်တင်း သွားခဲ့ပြန်သည်။ နောက်ထပ် စောင့်ကြည့်မှုတစ်ခုကို အာရုံခံမိလိုက်၍ ယောင်လဲ့ထျန်း ချက်ချင်းပဲ သတိကပ်သွားခဲ့သည်။ ထိုသူ့ထံမှ ရန်လိုမှုတစ်ချို့ကိုပါ ခံစားလို​က်ရ၍ပင်။

“ဘယ်သူလဲ”

လမ်းဘေးက ခြုံပုတ်ထဲကို ယောင်လဲ့ထျန်း စိုက်ကြည့်လိုက်သည်။

“ထွက်ခဲ့စမ်း”

All Chapters