← Chapters

ရိုက်နှက်ခြင်း

Vol. 3 Ch. 22

ရိုက်နှက်ခြင်း

Vol. 3 Ch. 22

ချမ်ဟွမ်တောင် တစ်ခုလုံးသည် သစ်တောချုံပုတ်များ ထူထပ်သောကြောင့် ဘယ်သူကမှ ချုံပုတ်များကို အထူးဂရုမပြုကြပေ။ သို့သော် ယောင်လဲ့ထျန်းတစ်ယောက် အနီးရှိ ချုံပုတ်အတွင်းမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည်။

ယောင်လဲ့ထျန်း ရပ်ကြည့်မနေနိုင်တော့ဘဲ ညာဘက်လက်ဝါးကို မြှောက်ကာ ​ချုံပုတ်ထဲ ထိုးချလိုက်သည်။

ဘန်း..

လေကိုခွင်းသွားသည့် လက်သီး၏ ဦးတည်ရာက လူတစ်ရပ်နီးပါး ရှည်နေပြီဖြစ်သော အပင်ငယ်ကို အမြစ်မှ ကျွတ်ထွက်စေခဲ့သည်။ နောက်တစ်စက္ကန့်မှာပဲ ဘေးက ချုံပုတ်ထဲမှ ပုံရိပ်တစ်ခု ဘွားခနဲ ခုန်ထွက်လာခဲ့ပြီး ယောင်လဲ့ထျန်းကို သုံးကြိမ်ဆက်တိုက် ထိုးလိုက်သည်။

ဘန်း၊ ဘန်း၊ ဘန်း..

တိတ်ဆိတ်သော လပြည့်ညတွင် ခုခံတိုက်ခိုက်သံတစ်ချို့ ထွက်ပေါ်လာလေ၏။

ထိုသူ၏ လက်သီးသုံးချက်မှ တစ်ဆင့် ထွက်ပေါ်လာသော အစွမ်းက ယောင်လဲ့ထျန်း၏ ခုခံမှုကြောင့် လေတစ်ဝက်မှာပင် ပျက်ဆီးသွားခဲ့သည်။ တပြိုင်နက်ထဲမှာပဲ ယောင်လဲ့ထျန်း၏ ခိုင်မာသော ခုခံမှုကြောင့် ထိုသူက နောက်ပြန်လှန်သွားပြီး ခြေလှမ်းများစွာ အနောက်ဆုတ်လိုက်ရသည်။

“ယောင်လဲ့ထျန်း.. မင်း”

တစ်ဖက်သူထံမှ မယုံကြည်နိုင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူက အစောပိုင်းက စီမံရေးခန်းမတွင် ပြဿနာရှာခဲ့သော ဖန်းကျန့် ပင်။

ဖန်းကျန့်က ကမ္ဘာပေါ်က ယုတ္တိမဆန်ဆုံး အရာတစ်ခုကို ကြည့်နေရသကဲ့သို့ ယောင်လဲ့ထျန်းကို ပြူးကျယ်စွာ အကဲခတ်နေလေ၏။

သူသည် လပြည့်ညကြီး အတွေးပေါင်းစုံ ယောက်ယတ်ခတ်လာ၍ ယောင်လဲ့ထျန်းနှင့် စကားစမြည်ပြောဖို့ ရောက်လာခြင်း မဟုတ်ပါပေ။ သေချာပေါက် ယောင်လဲ့ထျန်းကို ပညာပေးနိုင်ဖို့ လူသူခြောက်ကပ်သည့် ညအချိန်ကို ရွေးပြီး အနောက်မှလိုက်လာခဲ့ခြင်းဖြစ်သည်။

စီမံရေးခန်းမမှာကတည်းက ယောင်လဲ့ထျန်းကို ဒေါသထွက်နေခဲ့သောကြောင့် ပညာပေးဖို့ စီစဥ်ခဲ့ပေမဲ့ ယောင်လဲ့ထျန်းသည် ထိုအချိန်က စီမံရေးခန်းမ အပြင်ရောက်သည်နှင့် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။ ယောင်လဲ့ထျန်းကို လိုက်ရှာရတာက သူ့ကို ပိုမို ဒေါသထွက်စေသည်။

သို့သော် ဖန့်ဟောင် ပြောပြထားသည့် လပြည့်ညရောက်တိုင်း လုချီ၏အိမ်ကို သွားလည်တတ်သော ယောင်လဲ့ထျန်းနှင့် လုချီကြားက ဆက်ဆံရေးကို စဥ်းစားမိသည်နှင့် သူချက်ချင်းပဲ လုချီနေထိုင်ရာ သစ်တောအုပ်အနီးကို လာခဲ့လိုက်တာပင်။

ဖန်းကျန့်၏ အကြံက ရိုးရှင်းပါသည်။ ယောင်လဲ့ထျန်းကို ရိုက်နှက်ရုံသာမက၊ ညကြီးအချိန်မတော်တွင် မိန်းကလေးတပည့်၏ နေအိမ်ကို မကောင်းသော ရည်ရွယ်ချက်ဖြင့် သွားလည်ပါသည်ဟု စွပ်စွဲကာ ဂိုဏ်းမှ မောင်းထုတ်မည် ဖြစ်သည်။

သို့သော် အံ့သြဖို့ကောင်းစွာပင် သူ အကွက်မရွှေ့ရသေးခင်မှာပဲ ယောင်လဲ့ထျန်းက ဦးစွာသတိထားမိပြီး တိုက်ခိုက်လာခဲ့သည်။

သို့တိုင်အောင် ဖန်းကျန့်က ယောင်လဲ့ထျန်းကို အထင်မကြီးသေးပါချေ။ ယောင်လဲ့ထျန်း၏ လက်သီးကို ရင်ဆိုင်လိုက်ရမှသာ သဘောပေါက်သွားခဲ့တာ ဖြစ်သည်။ သို့သော် နောက်ကျသွားပြီဖြစ်လေရာ၊ သူ့အနေနှင့် ထိပ်တိုက် ရင်ဆိုင်ရုံမှအပ ရွေးစရာ မရှိတော့ပေ။

ဖန်းကျန့်က သူ့ကိုယ်သူ ယုံကြည်မှုရှိပါသည်။ ယောင်လဲ့ထျန်းကို သုံးကြိမ်ဆက်တိုက် အလစ် တိုက်ခိုက်ခဲ့ပြီးသည့်အတွက် သူ့ကို ယောင်လဲ့ထျန်း ဘယ်လိုမှ အနိုင်မယူနိုင်တော့ဘူးဟု သတ်မှတ်ထားခဲ့သည်။ သူ၏ လက်သီးသုံးချက်နှင့် ရင်ဆိုင်ရလျှင် ကျောက်တုံးကြီးတောင်မှ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေရသည်။ ယောင်လဲ့ထျန်း မသေခဲ့လျှင်တောင်မှ ဒုက္ခိတ တစ်ယောက် ဖြစ်သွားရပေလိမ့်မည်။

သို့သော်လည်း သူ၏ လက်သီးသုံးချက်လုံးကို ယောင်လဲ့ထျန်း၏ လက်သီးက ဖျက်ဆီးသွားခဲ့သည်။ ထိုအချိန်မှာပဲ ယောင်လဲ့ထျန်း၏ မြင့်မားသော ကျင့်ကြံမှုကို သူသဘောပေါက်ခဲ့ရတာပင်။ ယောင်လဲ့ထျန်းနှင့် သူ့ကြားတွင် တောင်တစ်ခု ခြားထားသလို ခြားနားချက်ရှိနေလေ၏။

ယောင်လဲ့ထျန်း၏ လက်သီးချက်ကြောင့် ဆူနာမီဒဏ်ခံလိုက်ရသလိုမျိုး နာကျင်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဆူပွက်လာသော သွေးကို ကြည့်နေရင်း ဖန်းကျန့်၏ အတွေးက ပိုမိုခိုင်မာလာခဲ့သည်။

(ယောင်လဲ့ထျန်းက ငါ့ထက် အများကြီး ပိုသန်မာနေတယ်..)

သို့သော် တစ်ချိန်ထဲမှာပဲ ဖန်းကျန့် မဖြစ်နိုင်သလို ခံစားနေရသည်။ ငြင်းမရနိုင်သော လက်တွေ့အဖြစ်အပျက်က ဖန်းကျန့်ကို အမြင်ကျယ်စေခဲ့သည်။

အမြဲတမ်း အထင်သေးစွာ ဆက်ဆံခံခဲ့ရသော ယောင်လဲ့ထျန်းက သူ့ထက် သိသာစွာ သန်မာနေသည်… ထိုအမှန်တရားက ဖန်းကျန့်ကို ယင်သေကောင်တွေ အများကြီး မြိုချလိုက်ရသလိုမျိုး ရွံရှာစေ၏။

အပြင်ခန်းမက တပည့်တွေအားလုံး သူ့ထက် သန်မာလို့ရသည်… သို့သော် ယောင်လဲ့ထျန်းကိုတော့ ခွင့်မပြုပေး နိုင်ပေ။

“​ချုံပုတ်ထဲ ပုန်းနေတာ ဘယ်သူများလဲလို့.. မင်း ဖြစ်နေတာကိုး”

ယောင်လဲ့ထျန်းက ဖန်းကျန့်ကို ကြည့်နေရင်း မျက်နှာမဲ့လိုက်သည်။

“ငါက တစ်ယောက်ယောက် မကောင်းတာလုပ်မလို့ အမှောင်ထဲမှာ နေတယ်ထင်နေတာ။ ဒါပေမဲ့ ကြည့်ရတာ မင်းက ဒီတိုင်း အရိပ်ထဲနေရတာကြိုက်လို့ နေနေတဲ့ပုံပဲ။ ဒီလိုဆိုမှတော့ ငါမင်းကို မနှောက်ယှက်တော့ပါဘူး”

ယောင်လဲ့ထျန်း၏ ပထမစကားကို ကြားချိန်တွင် ဖန်းကျန့် ရင်ထိတ်သွားခဲ့သည်။ ဘယ်လိုပင်ဆိုဆို၊ ညနက်ပိုင်းကြီး လုချီ၏ သစ်တောရှေ့ ရောက်နေခြင်းကို တစ်ခြားတပည့်များ သိသွားပါက မကောင်းနိုင်ပါချေ။

သို့သော် ယောင်လဲ့ထျန်း၏ နောက်ဆက်တွဲစကားကို ကြားပြီးနောက်မှာတော့ ဖန်းကျန့် ဒေါသကြောင့် အဆုတ်များ ပေါက်ကွဲမတတ် ဖြစ်သွားရပြန်သည်။

ချုံပုတ်ကြားထဲ ကိုယ်ယောင်ဖျောက်နေသော သူ့ကို အရိပ်ထဲဝင်ချင်၍ ရောက်လာတာဟု ပြောလိုက်ခြင်းက သူ၏အရပ်ကို ထိခိုက်လိုက်တာ မဟုတ်ပေဘူးလား။ တစ်ခြားသူတွေက အပင်ကြီးတွေအောက်မှာ အရိပ်ခိုနိုင်လျှင် သူက ဘာကြောင့် ဤချုံပင်အောက်မှာ အရိ​ပ်ခိုရမည်နည်း။ သူ့အရပ်ကို ဤချုံပုတ်လောက်တောင် မရှည်ဘူးဟု သွယ်ဝိုက်ပြောဆိုသွားတာ မဟုတ်ပေဘူးလား။

ဖန်းကျန့် စိတ်လွတ်သွားပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်တော့သည်။

“ယောင်လဲ့ထျန်း၊ မင်းတောင်းဆိုတာပဲ”

ပြောပြီးသည်နှင့် ဖန်းကျန့်က လက်သီးမြှောက်လိုက်သည်။

အတိတ်မှာဆိုလျှင် ဖန်းကျန့်ကို အခုလို ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်သော်လည်း အခုတော့ ဖန်းကျန့်၏ တိုက်ခိုက်မှုကို မြင်သည်နှင့် ယောင်လဲ့ထျန်းတစ်ယောက် စိတ်ဓာတ်များ နိုးကြား တောက်လောင် လာတော့သည်။

“ လာစမ်းပါ။ ငါအသစ်သင်ထားတဲ့ တိုက်ကွက်ကို စမ်းကြည့်တာပေါ့။ မင်းက ငါအတွင်းတပည့် ဖြစ်လာဖို့ ကြိုးစားတဲ့လမ်းက ပထမဆုံး ခြေနင်းတုံး ဖြစ်သွားပြီ”

ယောင်လဲ့ထျန်း နှာမှူတ်လိုက်ပြီး ခြေတစ်လှမ်းတိုးကာ ဖန်းကျန့်ကို တိုက်ခိုက်လိုက်သည်။

ဘန်း..

ယောင်လဲ့ထျန်း၏ လက်သီးက နောက်ကျမှ ရောက်လာခဲ့သော်လည်း ဖန်းကျန့်၏ လက်သီးကို အပြည့်အဝ ဖျက်​ဆီးလိုက်လေ၏။

အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် သာလွန်အဆင့် ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုကြောင့် ချီအသွင်ပြောင်းခြင်းနယ်ပယ် ထိပ်သီးအဆင့်သာ ရှိသေးသော ဖန်းကျန့်၏ တိုက်ခိုက်မှုက ဆင်ကိုနွားက အားပြိုင်ဖို့ ကြိုးစားနေသည့်နှယ် ရလဒ်က သိသာလွန်းခဲ့သည်။

လက်သီးနှစ်ခု ထိခတ်သွားသည်နှင့် ယောင်လဲ့ထျန်း၏.လက်သီးစွမ်းအင်ကြောင့် ဖန်းကျန့် ဆယ်မီတာလောက် အနောက်ဆုတ်လိုက်ရ၏။ ယောင်လဲ့ထျန်း၏ ပြင်းထန်သော လက်သီးက ဖန်းကျန့်၏ ညာလက်တစ်ခုလုံးကို ပုခုံးမှစပြီး ထုံထိုင်းစေခဲ့သည်။

နိမ့်ကျသော ယောင်လဲ့ထျန်းက အဘယ်ကြောင့် အခုလိုဆရာကြီး ဖြစ်နေမှန်း ဖန်းကျန့် ထပ်မံအတွေးများသွားရပြန်သည်။ အစောပိုင်းက ယောင်လဲ့ထျန်း၏ ပထမလက်သီးက ချုံပုတ်ထဲက သူ၏ သန်မာမှုကို စစ်ဆေးရန်သာ ဖြစ်နိုင်သည်။ ယောင်လဲ့ထျန်း၏ စစ်မှန်သော လက်သီးကို နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ရမှသာ သူ့ထက် သေချာပေါက် သာလွန်နေသော ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုကို ဖန်းကျန့် လက်ခံလိုက်ရတော့သည်။

ဖန်းကျန့်အနေနှင့် ကျားဆယ်ကောင်အဖွဲ့၏ ကိုးယောက်မြှောက် ဖြစ်လာခြင်းမှာ အိမ်တော်ထိန်း ဆရာ၏ အကူအညီ တစ်ခုတည်းကြောင့် မဟုတ်ပေ။ အဓိကအားဖြင့် ဂိုဏ်းကိုဝင်ပြီး သုံးနှစ်အတွင်းမှာပဲ ချီအသွင်ပြောင်းခြင်း.နယ်ပယ်ကို ရောက်နိုင်ခဲ့သော သူ၏ပင်ကိုယ်ပါရမီကြောင့် ဖြစ်သည်။ သူ၏ ထူးချွန်သော ပါရမီက သာမာန်သူများနှင့် အဆင့်အတန်းတစ်ခု ကွဲပြားစေသည်။

အထက်အမတဘုံဂိုဏ်းကို ရောက်လာခဲ့ပြီး အထူးဂရုစိုက်ပေးမှုများကြောင့် သူ၏ ကျင့်ကြံမှုသည်လည်း မြန်ဆန်စွာ တိုးတက်ခဲ့သည်။ ချီစွမ်းအင် မသုံးပဲနှင့်တောင်မှ ရုပ်ပိုင်းဆိုင်ရာ အင်အားတစ်ခုတည်းနှင့် ရန်သူပေါင်းများစွာကို အနိုင်ယူနိုင်ခဲ့သည်။ ထိုသို့ဖြင့် ဂုဏ်သိက္ခာရှိရှိ ကျားဆယ်ကောင်အဖွဲ့၏ ကိုးယောက်​မြှောက် ဖြစ်လာခဲ့သည်။

ကျားဆယ်ကောင်ထဲက တစ်ခြားအဖွဲ့သားများပင် ရုပ်ပိုင်းဆိုင်ရာ သန်မာမှု၌ သူ့ကိုယှဥ်နိုင်သူ နည်းပါးသည်။ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်က ဖန်းကျန့် ဂုဏ်အယူရဆုံး အရာပင်။

လီရို့ရွှယ်ကို အထင်ကြီးစေနိုင်သည့် တစ်ခုတည်းသော အားသာချက်လည်း ဖြစ်သည်။

သို့သော် ယောင်လဲ့ထျန်းနှင့် တွေ့ပြီးနောက်မှာ အရာအားလုံး ပျက်ဆီးခဲ့ရလေပြီ။ ယောင်လဲ့ထျန်းနှင့် နှိုင်းယှဥ်လိုက်လျှင် ကျင့်ကြံမှုမှာသာမက၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုလည်း ဖန်းကျန့် မယှဥ်သာပါချေ။

စိတ်ဓာတ်ကျမှုနှင့် အံ့သြမှုကြားမှာ ဖန်းကျန့်တစ်ယောက် ရုန်းကန်နေခဲ့ရသည်။ ထိုအချိန်မှာပဲ လေသံတိုးတစ်ချက်နှင့်အတူ ယောင်လဲ့ထျန်း၏ လက်သီးက ထပ်မံ ရောက်ရှိလာပြန်၏။

ယောင်လဲ့ထျန်းက အထက်အမတဘုံဂိုဏ်း၏ တိုက်ကွက်များကို မသုံးဘဲ စစ်နတ်ဘုရားသိုင်းကျမ်း၏ ထောက်ပံ့အပိုင်းထဲက တိုက်ကွက်များကို စမ်းသပ်ခဲ့သည်။ အထက်အမတဘုံဂိုဏ်း၏ သင်ပြပေးသော တိုက်ကွက်များလို မကျော့ရှင်းသော်လည်း စစ်နတ်ဘုရားသိုင်းကျမ်းကြီးထဲမှ အနီးတိုက်ကွက်၏ ပုံစံကွက်များက ရိုးရှင်းပြီး ခန့်မှန်းရခက်သည်။ အင်အားကြီးပြီး ရန်သူကို လှည့်စားနိုင်သောကြောင့် အသာစီးရစေနိုင်သည်။

ထိုပုံစံကွက်များကို ပထမဆုံးအကြိမ် ကြည့်လိုက်ရုံဖြင့် ယောင်လဲ့ထျန်း မှတ်မိသွားခဲ့​တာပင်။ စစ်နတ်ဘုရားသိုင်းကျမ်းထဲက တိုက်ခိုက်မှု ပုံစံကွက်များက သူ လက်ရှိသင်ယူနေသည့် တစ်ခုတည်းသော သိုင်းဖြစ်သောကြောင့် ဆိုသည်ထက်၊ စစ်နတ်ဘုရား၏တိုက်ကွက်များကို ယောင်လဲ့ထျန်းကိုယ်တိုင်က ကြိုက်နှစ်သက်မိလို့ အခုလို မှတ်မိသွားတာ ဖြစ်သည်။

ယောင်လဲ့ထျန်း အနေနှင့် ဖန်းကျန့်ကို မသတ်ချင်သေး သော်လည်း အလွတ်ပေးဖို့ အစီအစဥ် မရှိပါချေ။

ယောင်လဲ့ထျန်း အထက်အမတဘုံဂိုဏ်းတွင် ခံစားခဲ့ရသည့် လေးနှစ်စာ နာကျင်မှုအတွက် ဖန်းကျန့်သည် ပထမဆုံး ပြန်လည်ရိုက်နှက်ခံရသူ ဖြစ်သည်။

ယောင်လဲ့ထျန်း၏.လက်သီးကို မြင်သည်နှင့် ဖန်းကျန့် လက်နှစ်ဖက်မြှောက်ပြီး ကြောက်လန့်တကြား တားဆီးလိုက်သည်။ သို့သော် အစောပိုင်းက ထိခိုက်မှုကြောင့် ဖန်းကျန့်၏ ညာဘက်လက်က မြှောက်မရခဲ့ပေ။ ယောင်လဲ့ထျန်း၏ ပြင်းထန်သော လက်သီးကို ဖန်းကျန့် လက်တစ်ဖက်ထဲနှင့် တားဆီး၍ မရနိုင်ပါချေ။

ဖန်းကျန့် ဘယ်ဘက်လက်ကို မြှောက်လိုက်ချလိုက် လုပ်နေချိန်မှာပဲ ယောင်လဲ့ထျန်း၏ လက်သီးက သူ၏ မျက်နှာတည့်တည့်ကို ကျရောက်လာခဲ့သည်။

အရာအားလုံး အမှောင်ထုထဲ ကျရောက်သွားသလို ဖန်းကျန့် ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး ထုံကျင်လာလေ၏။ တစ်ချိန်ထဲမှာပဲ ပူနွေးသော စီးကြောင်း နှစ်ခုက ဖန်းကျန့်၏ နှာခေါင်းမှ စီးကျလာခဲ့သည်။

“ယောင်လဲ့ထျန်း မင်းငါ့ကို ရိုက်ရဲတယ်”

နှာခေါင်းမှ သွေးများစီးကျလာခဲ့၍ ဖန်းကျန့်က ဒေါသတစ်ဝက်၊ အရှက်ရမှုတစ်ဝက်နှင့် အော်ဟစ်လိုက်သည်။

“ငါက ဘာကိစ္စ မရိုက်ရဲရမှာလဲ” ယောင်လဲ့ထျန်း လှောင်ပြောင်မှုတစ်ဝက်နှင့် ပြန်မေးလိုက်လိုက်ပါသည်။ ထို့အပြင် သူ၏ လက်နှစ်ဖက်ကိုလည်း မရပ်တန့်ခဲ့ချေ။

သူ့အနေနှင့် ဖန်းကျန့်ကို သတ်ချင်စိတ်မရှိသေး သောကြောင့် အင်အားချိန်ဆပြီးသည်နှင့် ဖန်းကျန့်ကို သဲအိတ်တစ်ခုလိုမျိုး ဆက်တိုက် ထိုးပါတော့သည်။ လက်သီးတစ်ချက်တိုင်းက ပြင်းထန်စွာ နာကျင်စေသော်လည်း အတွင်းဒဏ်ရာ ဖြစ်ပေါ်စေမည် မဟုတ်ပေ။

ဖန်းကျန့် အစက ကိုယ့်ကိုယ်ကို ခုခံချင်ခဲ့သေးသည်။.ပြန်လည်ထိုးနှက်ဖို့ရန် အခွင့်အရေး စောင့်ဆိုင်းခဲ့သော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပဲ စိတ်ပျက်ဖွယ် အမှန်တရားကို လက်ခံလိုက်ရတော့သည်။ ယောင်လဲ့ထျန်း၏ လက်သီးတစ်ချက်တိုင်းမှာ နာကျင်မှုကို အလူးအလဲ တောင့်ခံနေရသောကြောင့် သူ့အတွက် အင်အားစုဆောင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပေ။ ပိုမို အရေးကြီးသည်မှာ ယောင်လဲ့ထျန်း၏ တိုက်ကွက်ပုံစံက ရိုးရှင်းသလိုထင်ရပေမဲ့ နက်နဲနေခဲ့သည်။

ယောင်လဲ့ထျန်း၏ တိုက်ကွက်နှင့် နှိုင်းယှဥ်လိုက်ချိန်မှာ ဖန်းကျန့်၏ အထက်အမတဘုံဂိုဏ်းအတွင်းမှာ ဆရာဖြစ်သူ အကူအညီနှင့် မနည်း လေ့ကျင့်ခဲ့ရသော ထူးခြားတိုက်ကွက်များက ကလေးကစားကွက်များလို အသုံးမဝင်တော့ပေ။ သူ မလှုပ်ရှားရသေးခင်မှာပဲ ယောင်လဲ့ထျန်းက အကုန်လုံးကို မှန်းဆနိုင်နေလေ၏။ ဘယ်လိုပင် ကြိုးစားပါစေ၊ ယောင်လဲ့ထျန်း၏ လက်သီးကပဲ သူ့ကို အသင့်စောင့်ကြိုနေခဲ့သည်။

ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း။

All Chapters