လိမ်ညာခြင်း
Vol. 3 Ch. 23
ဖန်းကျန့်သည် သဲအိတ်တစ်လုံးလို ယောင်လဲ့ထျန်း၏ ရိုက်နှက်ချက်များကို တောင့်ခံနေရသည်။ သို့သော် အပြင်ပိုင်း နာကျင်မှုထက် ယောင်လဲ့ထျန်းက ရိုက်နှက်နေသည်ဟူသော အမှန်တရားက ဖန်းကျန့်ကို ပိုအရှက်ရစေ၏။
ဘယ်လိုလုပ် အခုလို အခြေအနေမျိုး ဖြစ်သွားခဲ့လဲ ဖန်းကျန့် နားမလည်တော့ပါချေ။ ထားရာနေ၊ စေရာသွားခဲ့သော ယောင်လဲ့ထျန်းက အခုတော့ သူ့ကို ညှာတာမှုမရှိ ရိုက်နှက်နေခဲ့သည်.. ပိုဆိုးသည်မှာ ထိုရိုက်ချက်များကို သူ့အနေဖြင့် ခုခံဖို့တောင် မစွမ်းသာခဲ့ချေ။ တကယ်ပဲ ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ…
သူ အိပ်မက်ဆိုး မက်နေတာများလား.. မဟုတ်ဘူး၊ အိပ်မက်ဆိုး ဆိုလျှင်တောင်မှ အခုလိုမျိုး ယုတ္တိမဆန် မဖြစ်သင့်ဘူးလေ။ ယောင်လဲ့ထျန်းဆိုတာ လေးနှစ်လုံးလုံး ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်မှာ ပိတ်မိနေသည့် အမှိုက်ကောင် မဟုတ်ဘူးလား.. ယောင်လဲ့ထျန်းက ဘယ်လိုလုပ် အခုလို ရုတ်တရက်ကြီး သန်မာလာရတာလဲ.. ဒါ မဖြစ်သင့်ပေဘူး။
ဖန်းကျန့် ဘယ်လိုပင် အိပ်မက်ဆိုးတစ်ခုလို ခံစားနေရပါစေ၊ ဘယ်လိုပင် အံ့သြနေပါစေ.. ယောင်လဲ့ထျန်းဆီမှ အဆတ်မပြတ် ကျရောက်လာသော ကြမ်းတမ်းသည့် ရိုက်နှက်ချက်များနှင့် ပြင်းထန်သော နာကျင်မှုက ဖန်းကျန့်ကို အမှန်တရားကို လက်တွေ့ပြသပေးနေ၏။
“ယောင်လဲ့ထျန်း မင်းမကျေနပ်ရင် ငါ့ကို သတ်ပစ်လိုက်…” ဖန်းကျန့် အော်ဟစ်လိုက်သည်။
“ငါ့ဆရာက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဂိုဏ်းတူတပည့်တစ်ယောက်ကို သတ်လိုက်မိတာနဲ့ မင်း အထက်အမတဘုံဂိုဏ်းက ထွက်သွားရလိမ့်မယ်”
အခုလို ကလေးဆန်ဆန် ခြိမ်းခြောက်ရသည့်အတွက် ဖန်းကျန့် စိတ်ထဲမှာ အလွန်အမင်း အရှက်ရနေမိသည်။ သို့သော် လက်ရှိအခြေအနေမှာ ဒါက တစ်ခုတည်းသော ဖြေရှင်းချက်ပဲ။ ထိုသို့မဟုတ်လျှင် ယောင်လဲ့ထျန်းဆီကနေ သေတဲ့အထိ ရိုက်နှက်ခံရလိမ့်မည်။
“ဟဟ”
ထိုစကားကို ကြားသည်နှင့် ယောင်လဲ့ထျန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဖန်းကျန့်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။
“ဖန်းကျန့် မင်းဒီလောက်ထိ လုပ်နိုင်စွမ်းရှိမယ်လို့ ငါမထင်ထားမိဘူး။ အရိုက်ခံရရင် ပုထွေးကို ပြေးတိုင်ဖို့တော့ မင်းက သတိရသေးတာပဲ။ ဟဟ… ငါအရမ်းကြောက်တာပဲ။ ငါကြောက်လွန်းလို့ ဆက်တောင် မထိုးနိုင်တော့ဘူး။.လုပ်လေ၊ သွားတိုင်လိုက်.. သွား။ မင်းအခုလို ရိုက်ခံရတာ သူများတွေသိရင် မင်းကို သနားမလား၊ လှောင်ရယ်ကြမလား ငါသိချင်မိသား”
“မင်း..” အခုလို ရွံစရာစကားလုံးများ ပြန်ကြားရလိမ့်မည်ဟု ဖန်းကျန့်ဘယ်လိုမှ မထင်ထားခဲ့ပေ။
ယောင်လဲ့ထျန်းဆီက ရိုက်ခံရကြောင်း သတင်းပျံ့သွားသည်နှင့် အပြင်ခန်းမတစ်ခုလုံးက သူ့ကို လှောင်ရယ်ကြပေလိမ့်မည်…
ယောင်လဲ့ထျန်းကို သူဒီနေ့ ပြဿနာရှာခဲ့မိတာ အလွန်မှားသွားခဲ့သည်။ အခုလို ခြိမ်းခြောက်လိုက်မိတာက အမှားတွေထဲက အကြီးဆုံးအမှားပဲ။
သူ၏သတင်းသာ ပျံ့သွားခဲ့လျှင် ယောင်လဲ့ထျန်း ပိုပျော်ရွှင်သွားလိမ့်မည်.. သူ့လိုမျိုး.လူတစ်ယောက်ကို ရိုက်နှက်နိုင်သည့်အတွက် သူ့ကိုအသုံးချပြီး ယောင်လဲ့ထျန်းက အောင်မြင်မှုများစွာ ရရှိသွားမည်မလား။
မဖြစ်ပေ.. ယောင်လဲ့ထျန်းကို အခုလို အောင်မြင်ခွင့် မပေးနိုင်ပါချေ။
ဒေါသနှင့် အရှက်ရမှု၏ နှိုးဆော်မှုကြောင့် ဖန်းကျန့်၏ ခေါင်းထဲကို ကြောက်စရာအတွေးတစ်ခု ဝင်လာခဲ့သည်။
သူသာ ယောင်လဲ့ထျန်းကို အခု ရှင်းပစ်နိုင်လျှင် ညအမှောင်ထဲ ဖြစ်သည့်အတွက် ဘယ်သူမှ သတိထားမိလိမ့်မည် မဟုတ်ပေ။ ယောင်လဲ့ထျန်းလို အဆင့်နိမ့် အစေခံတစ်ယောက် သေဆုံးသွားလည်း ဘယ်သူက ဂရုစိုက်မည်နည်း။
ဖန်းကျန့်၏ မျက်လုံးထဲကို ကျောချမ်းဖွယ် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ဖန်းကျန့်၏ ညာဘက်လက်က ဆရာဖြစ်သူ.ပေးထားသော အကာအကွယ် အဆောင်ရှိသည့် ခါးပေါ်က အမွှေးအိတ်ကို လက်လှမ်းလိုက်လေ၏။
“မင်းတို့နှစ်ယောက် ညဘက်ကြီး ဒီမှာ ဘာလုပ်နေကြတာလဲ။ မင်းတို့ဆရာက ဘယ်သူလဲ”
ထိုအချိန်မှာပဲ အဝေးမှ ဟွာမန်ထန်း၏ အသံကို ကြားလိုက်ရသည်။
အသံကြားသည်နှင့် ယောင်လဲ့ထျန်းက ဘာကိုမှဂရုမစိုက်ဘဲ တစ်ချိုးထဲ လစ်ပြေးတော့သည်။
ဖန်းကျန့်၏ လူသတ်လိုစိတ်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ လုချီနေထိုင်ရာ သစ်တောအရှေ့တွင် ညဘက်ကြီး လုချီ၏ ဆရာနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက.. ဘယ်လောက် ရှင်းပြပါစေ၊ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
အရင်ဆုံး ထွက်ပြေးသွားသော ယောင်လဲ့ထျန်းကို ကြည့်နေရင်း ဖန်းကျန့် ပိုဒေါသထွက်လာရသည်။
(သူတောင်းစား.. ငါ့ကိုတောင် မခေါ်ဘူး)
သို့သော် ဖန်းကျန့်လည်း ချက်ချင်း ထွက်ပြေးလေတော့သည်။
ထိုနှစ်ယောက်လုံး မရှိတော့မှသာ ဟွာမန်ထန်း အပြင်ကို ထွက်လာခဲ့လိုက်သည်။ ယောင်လဲ့ထျန်း ထွက်ပြေးသွားသော ဦးတည်ရာကို ကြည့်နေရင်း ဟွာမန်ထန်း၏ မျက်နှာက တည်ငြိမ်သွား၏။
တကယ်တော့ ယောင်လဲ့ထျန်းတို့ မတိုက်ခိုက်ခင်ကတည်းက ဟွာမန်ထန်း သတိထားမိပြီးသားပင်။ တိုက်ပွဲ၏ ဆူညံသံများက ဟွာမန်ထန်း၏ နားအောက်မှ လွတ်မြောက်စရာ အကြောင်းမရှိပေ။
သို့သော် ဟွာမန်ထန်းက သတိမပေးခဲ့ဘဲ အဝေးတစ်နေရာမှ စောင့်ကြည့်ခဲ့သည်။ တစ်စုံတစ်ယောက် မသေမချင်း သူ့အနေနှင့် ရှေ့ထွက်ပြီး ပြဿနာထဲ ဝင်ပါဖို့ မလိုအပ်သောကြောင့်ပင်။ ထို့အပြင် ယောင်လဲ့ထျန်း၏ အကြောင်းကိုလည်း စုံစမ်းချင်သေးသည်။ အစောပိုင်းက ယောင်လဲ့ထျန်း၏ သန်မာမှုကို မှန်းဆနိုင်ခဲ့သော်လည်း အခုက လက်တွေ့ စစ်ဆေးခွင့်ရမည့် အခြေအနေမလား။
ဖန်းကျန့်ကို လက်သီးတစ်ချက်တည်းနှင့် အနိုင်ယူလိုက်ပြီး ဆက်တိုက်ထိုးကြိတ်နေသည့် ယောင်လဲ့ထျန်း၏ ပုံစံက ကြိုတင်စိတ်ပြင်ဆင်ထားသော ဟွာမန်ထန်းကိုပင် ထပ်မံ အံ့အားသင့်စေခဲ့သည်။
ဖန်းကျန့်ဆိုတာ ဘယ်သူမလို့လဲ.. ဖန်းကျန့်က ကျားဆယ်ကောင်အဖွဲ့၏ ကိုးယောက်မြောက် အဖွဲ့သားဖြစ်ပြီး သူ၏ပါရမီက အပြင်ခန်းမတပည့်များ၏ အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာခွန်အားကို နှိုင်းယှဥ်ရလျှင် အပြင်ခန်းမ၌ ဖန်းကျန့်ကို အနိုင်ယူနိုင်သူ မရှိသေးပေ။
ဟွာမန်ထန်း ကိုယ်တိုင်တောင်မှ ဖန်းကျန့်ကို မှော်စွမ်းအင်တစ်စက်မသုံးပဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုတည်းနှင့် အခုလို သဲအိတ်တစ်ခုလိုမျိုး ရိုက်နှက်နိုင်မည်ဟု ယုံကြည်ချက်မရှိပါချေ။
ထို့အပြင် ယောင်လဲ့ထျန်း အသုံးပြုခဲ့သော ကိုယ်ခံပညာကလည်း ဟွာမန်ထန်းကို ထိတ်လန့်စေခဲ့သည်။
ဟွာမန်ထန်းသည် အရည်အချင်းနိမ့်ကျသောကြောင့် ကောင်းမွန်စွာ မကျင့်ကြံနိုင်ပဲ ဆေးလုံးအကူအညီဖြင့် ကျင့်ကြံမှု မြင့်တက်လာသည်ဆိုသော်ငြား နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည့်အလျောက် ဗဟုသုတလည်း အထိုက်အသင့် ရှိပြီးသားပင်။ ယောင်လဲ့ထျန်း အသုံးပြုခဲ့သော ကိုယ်ခံပညာ၏ ရက်စက်ပြီး ကြမ်းတမ်းသော ဗီဇကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။
“ မကြာခင်မှာ အဲ့ကောင်လေး အများကြီး မြင့်တက်လာတော့မှာပဲ”
ယောင်လဲ့ထျန်းအပေါ်ထားသည့် ဟွာမန်ထန်း၏ အမြင်များလည်း တိုးတက်လာခဲ့သည်။ ထို့ကြောင့် ဖန်းကျန့်၏ မျက်လုံးထဲမှ လူသတ်အရိပ်အငွေ့ကို အာရုံခံမိသည်နှင့် အရှေ့ထွက်ပြီး ဖြေရှင်းပေးခဲ့တာပင်။ သို့သော် တစ်ချိန်ထဲမှာ ဟွာမန်ထန်းက ထိုနှစ်ယောက်လုံးကို မသိသလိုမျိုးဟန်ဆောင်ခဲ့သည်။
ထိုသို့ဆိုလျှင် သူ့အနေနှင့် နောက်ပိုင်းကျ တာဝန်ယူဖို့ လိုအပ်တော့မည် မဟုတ်ပေ။ အကြံအစည်များသော အိမ်တော်ထိန်းတွေကြားက အိမ်တော်ထိန်းငယ်တစ်ယောက် ဖြစ်လာသည့်အတွက် ဟွာမန်ထန်းက သတိကြီးတတ်သည်။ အတွင်းခန်းမတွင် အကြီးအကဲရာထူး ရထားသော ညီမတစ်ယောက် ရှိလျှင်တောင်မှ ဟွာမန်ထန်းက မလိုအပ်ပဲ ပြဿနာ မတက်လိုပါချေ။
အရင်ထွက်ပြေးသွားသော ယောင်လဲ့ထျန်း၏ ဦးတည်ရာကို ကြည့်နေရင်း ထိုကောင်လေးတွင် လျှို့ဝှက်ချက်ကြီးများ ရှိနေမလားဟု ဟွာမန်ထန်း သိချင်လာခဲ့သည်။ သူ၏ တစ်ဘဝလုံးကို ညီမဖြစ်သူ၏ နှာခေါင်းအောက်မှာပဲ ပုန်းကွယ်ပြီး မရှင်သန်လိုပေ။
တကယ်တော့ အလျင်စလို ထွက်ပြေးသွားသော ယောင်လဲ့ထျန်းသည်လည်း ဖန်းကျန့်၏ မျက်လုံးထဲက အဓိပ္ပါယ်ကို သတိထားမိခဲ့သည်။ ဟွာမန်ထန်း၏ အသံကိုကြားလိုက်သည်နှင့် ဟွာမန်ထန်း၏ ဆိုလိုရင်းကို သဘောပေါက်လိုက်သောကြောင့် ထွက်ပြေးခဲ့တာပင်။
ဖန်းကျန့်ကို သူ မကြောက်ပါပေ။ ဖန်းကျန့်ကို သတ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက်ရှိသော်လည်း ချင်းယာကို သတ်ထားပြီး၍ပင် ပြဿနာတစ်ခု ရယူထားပြီးဖြစ်သည်။ နောက်ထပ် အရှုတ်ထုတ်ထဲ မပါဝင်လိုသောကြောင့် အခွင့်အရေးမြင်သည်နှင့် ထွက်ပြေးခဲ့လိုက်သည်။
ဟွာမန်ထန်း၏ ကူညီမှုကို မှတ်သားထားပြီး သေချာပေါက် အခွင့်အခါကြုံလျှင် ကျေးဇူးဆပ်မှာပင်။
အစေခံတန်းလျားကို ယောင်လဲ့ထျန်း ပြန်ရောက်ချိန်တွင် တော်တော်လေး ညနက်နေပြီဖြစ်သည်။ ခြေဖွဖွ နင်းရင်း သူ၏နေရာသို့ သွားရောက်ပြီးသည့်တိုင်အောင် ယောင်လဲ့ထျန်း.အိပ်မပျော်ခဲ့ပေ။
ယောင်လဲ့ထျန်း တော်တော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ စစ်နတ်ဘုရားသိုင်းကျမ်းကြီးထဲက ကိုယ်ခံပညာက အထင်ကြီးဖို့ကောင်းတာ သိပေမဲ့ အခုလောက် အင်အားကြီးမည်ဟု မထင်ခဲ့မိပေ။ အခုတော့ မောက်မာလွန်းသော ဖန်းကျန့်ကို ခွေးတစ်ကောင်လို ပြန်လည်ရိုက်နှက် နိုင်ခဲ့သည်မလား..
အခုသူသည် ကျားဆယ်ကောင်အဖွဲ့၏ ကိုးယောက်မြောက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့လေပြီ.. ထိုသို့ဆိုလျှင် ကျန်ရှစ်ယောက်ကိုကော အနိုင်ယူနိုင်မည်လား.. လီရို့ရွှယ်ကိုကော အနိုင်ယူနိုင်မည်လား။
ယောင်လဲ့ထျန်း တစ်ယောက် ပိုမို စိတ်လှုပ်ရှားလာတော့သည်။
ကျားဆယ်ကောင်လုံးကို လူသိရှင်ကြားအနိုင်ယူလိုက်ပြီး အတွင်းခန်းမကို အောင်မြင်စွာ ဝင်ရောက်ခွင့် ရပြီးသည့်အပြင် လုချီ၏ ခရမ်းစွဲဆွဲကြိုးကို ပြန်ယူပေးကာ လီရို့ရွှယ်၏ သက်တံ့ဖဲကြိုးကိုပါ အပိုင်သိမ်းရင်း လူကြားထဲ ပြန်အရှက်ခွဲနိုင်မည့် အောင်မြင်မှု တသီတသန်းကြီးကို ယောင်လဲ့ထျန်း ပုံဖော်နေလိုက်တော့သည်။
လုချီ၏ ဝမ်းသာနေမည့် မျက်နှာနှင့် မည်းမှောင်နေသော လီရို့ရွှယ်၏ မျက်နှာကို မြင်ယောင်ရင်း ယောင်လဲ့ထျန်း ပိုမို စိတ်လှုပ်ရှားလာလေ၏။
သို့သော် ထိုအချိန်မှာပဲ ရှန်းလုထျန်း၏ စကားလုံးများကို ရုတ်တရက် စဥ်းစားမိသွားခဲ့သည်။
…မင်းမှာ နှစ်ရှစ်ရာပဲ အချိန်ရှိတယ်…
ယောင်လဲ့ထျန်း၏ ပျော်ရွှင်နေသော ခံစားချက်များအားလုံး ရုတ်ချည်း ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ ရှန်းလုထျန်းကို ကယ်တင်ချင်လျှင် မရဏချောက်ကမ်းပါးကို သွားရောက်ရမည်.. ဒါကသူ့ကိုပါ ရာဇဝတ်သားတစ်ယောက် ဖြစ်လာစေပြီး မရဏချောက်ကမ်းပါးအတွင်း အကျဥ်းချခံရမည့် အစီအစဥ်တစ်ခု မဟုတ်ပေဘူးလား။
ယောင်လဲ့ထျန်း အတွေးများသွားတော့သည်။ ကျင့်ကြံရေးလောကအတွင်းမှာ လေးနှစ်အချိန်ပေးခဲ့ပေမဲ့ မရဏချောက်ကမ်းပါး၏ အံ့သြဖွယ် ဂုဏ်သတင်းတစ်ချို့မှ လွဲလျှင် ထိုနေရာက ဘယ်လိုနေရာမှန်း သူ မသိပါချေ။ သူသိသည့် မရဏချောက်ကမ်းပါးက ငရဲရှစ်ထပ်ထက် အန္တရာယ်များသည်။ မရဏချောက်ကမ်းပါးအတွင်း ဝင်ရောက်ခြင်းက အမတတစ်ယောက် ဖြစ်လာဖို့ထက် ခဲယဥ်းပေလိမ့်မည်။
မရဏအကျဥ်းထောင်တွင် ရှန်းလုထျန်းလိုမျိုး အလွန်ရက်စက်ကြမ်းကြုတ်သည့် မကောင်းသောလူဆိုးများကိုသာ ဖမ်းချုပ်သည်။ မရဏချောက်ကမ်းပါးအတွင်း ဝင်နိုင်ဖို့ ဘယ်လို မကောင်းမှုမျိုး ကျူးလွန်ရမည်ကို သူ မသိတော့ပေ။ မရဏချောက်ကမ်းပါးအတွင်း မဝင်နိုင်ခင်မှာပဲ အရင်သေဆုံးသွားရမှာ စိုးမိပါ၏။
ထို့အပြင် ချောက်ကမ်းပါးအတွင်း ဝင်ရောက်နိုင်ခဲ့လျှင်တောင် ဘာဆက်ဖြစ်မည်လဲ.. ရှန်းလုထျန်းလို ဆရာကြီးတောင်မှ အပြင်ထွက်နိုင်ဖို့ အကူအညီတောင်းနေရလေရာ၊ သူ အထဲရောက်သွားခဲ့လျှင် ဘယ်သူ့ကို သွားအကူအညီ တောင်းရမည်နည်း။
မရဏချောက်ကမ်းပါးကို စောင့်ကြပ်ရသော အကျဥ်းသားမှူး ဖြစ်လာလျှင်တော့ အခွင့်အရေး ရှိနိုင်သည်..
သို့သော် ပြဿနာက ထပ်ပေါ်လာပြန်သည်။ အကျဥ်းသားမှူး ဖြစ်လာစေရန် သူဘယ်လို လုပ်ရမည်နည်း။ ကမ္ဘာပေါ်မှာတုန်းကလို အစိုးရဝန်ထမ်း စာမေးပွဲဝင်ဖြေပြီး အောင်မြင်သွားလျှင် ရာထူးရတာမျိုးလည်း မဟုတ်ပေ။
အစိုးရဝန်ထမ်းစာမေးပွဲ…
ယောင်လဲ့ထျန်း၏.ခေါင်းထဲ အကြံတစ်ခု ရုတ်တရက် ပေါ်လာလေ၏။
ကျင့်ကြံရေးလောကတွင် အစိုးရဝန်ထမ်းစာမေးပွဲ မရှိပါသော်လည်း မရဏချောက်ကမ်းပါး၏ အကျဥ်းသားမှူးက ကမ္ဘာပေါ်က အစိုးရဝန်ထမ်းနှင့် ဆင်တူပါသည်။
သို့ပေတည့် ထိုအစိုးရဝန်ထမ်းက ကမ္ဘာပေါ်ကလို တိုင်းပြည်နှင့်အစိုးရဆီမှာ အမှုထမ်းရတာ မဟုတ်ဘဲ ကျင့်ကြံရေးလောက၏ ကြီးမားသော အဖွဲ့အစည်းတစ်ခုအောက်က ဖြစ်ရပေမည်။
ထို့ကြောင့် အကျဥ်းသားမှူး ဖြစ်လာလိုလျှင် ထိုအဖွဲ့အစည်းလက်အောက်ကို ဝင်နိုင်အောင် ကြိုးစားပြီး တစ်ဆင့်ချင်း အမြင့်ကို တက်ရမည်။ သူသာ စိတ်ရှည်ပြီး ကံကောင်းထောက်မစွာ ရောက်လာမည့် အခွင့်အရေးတိုင်းကို အသုံးချနိုင်ပါက နှစ်ရှစ်ရာအတွင်း မရဏအကျဥ်းထောင်၏ အကျဥ်းသားမှူး ဖြစ်လာဖို့ မခက်ခဲပါချေ။
ယောင်လဲ့ထျန်း အသည်းအသန် စဥ်းစားပါတော့သည်။ သူ၏ အထက်အမတဘုံဂိုဏ်းမှာ ကုန်ဆုံးခဲ့သော အချိန်လေးနှစ်တွင် မကျင့်ကြံခဲ့ရသော်ငြား အချိန်ရတိုင်း သမိုင်းမှတ်တမ်းများ ဖတ်လေ့ရှိသည်။ အရင်က အများကြီး ဂရုမစိုက်ခဲ့သော်လည်း အခုတော့ အချက်အလက်တိုင်းကို အစမှအဆုံးထိ မွှေနှောက်စဥ်းစားပါတော့သည်။ ထိုသို့ဖြင့် အရင်က သတိမထားမိခဲ့သော အကြောင်းတရာတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားလေ၏။
ဤကမ္ဘာကြီးကို ကျင့်ကြံရေးလောကနှင့် သေမျိုးလောကဟူ၍ နှစ်ပိုင်း ခွဲခြားနိုင်သည်။ လောကနှစ်ခုက သီးခြားနေထိုင်ကြပြီး သီးခြားအုပ်စိုးကြသော်လည်း မြေနေရာတစ်ခုတည်းတွင် နေထိုင်ရသည်ဖြစ်ရာ၊ ဆက်နွယ်မှုတစ်ချို့ကိုတော့ ငြင်းဆန်၍ မရနိုင်ပါချေ။ မသေမျိုးလူသားများသည် ကျင့်ကြံသူများ၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်များလို အရေးမပါလှပေ။ ထို့အပြင် ကျင့်ကြံရေးလောက၌ နတ်ဆိုးကျင့်ကြံသူ၊ မိစ္ဆာကျင့်ကြံသူ၊ တစ္ဆေကျင့်ကြံသူများလည်း ရှိသေးလေရာ၊ လူသားလောကအတွက် မငြိမ်းချမ်းခဲ့ပေ။
ထို့ကြောင့် ကျင့်ကြံရေးလောက၏ အင်အားကြီးဂိုဏ်းများစုဝေးပြီး လူသားမျိုးနွယ်ကို ကာကွယ်ပေးရန်နှင့် ဂုဏ်သတင်းမြင့်မားစေရန်အတွက် အထူးအဖွဲ့အစည်းတစ်ခု ထွက်ပေါ်လာခဲ့သည်.. ကောင်းကင်အစောင့်အရှောက် အဖွဲ့အစည်း။