← Chapters

တံခါးပေါက်ထိ ရောက်လာတယ်

Vol. 3 Ch. 24

တံခါးပေါက်ထိ ရောက်လာတယ်

Vol. 3 Ch. 24

ကောင်းကင်အစောင့်အရှောက် အဖွဲ့အစည်းက နာမည်အတိုင်းပင် ကောင်းကင်တာအိုလမ်းစဥ်နှင့်အညီ သက်ရှိအားလုံးကို ကာကွယ်ပေးကြသည်။ ဘယ်လိုပင် အထင်ကြီးစရာကောင်းနေပါစေ၊ ယောင်လဲ့ထျန်းကတော့ အများကြီး မခံစားခဲ့ရဘူး။ အဖွဲ့အစည်း၏ ကြွေးကြော်သံတွေ၊ ဆောင်ရွက်ပုံတွေက ဘယ်လောက် ခမ်းနားပြီး ခြိမ်းခြောက်နိုင်စွမ်း ပြည့်ဝနေပါစေ၊ လက်တွေ့မှာတော့ ကျင့်ကြံရေးလောက၏ အင်အားကြီးဂိုဏ်းများ ပိုင်ဆိုင်သော အရင်းအမြစ်များကို စောင့်ရှောက်သည့် ရက်စက်သော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။

ကောင်းကင်အစောင့်အရှောက်၏ အကြောင်းအရာများကို ဖတ်ရှုပြီးသည်နှင့် ကမ္ဘာပေါ်က ရဲတွေနှင့် အတူတူပါလား ဟူ၍ပင် ယောင်လဲ့ထျန်း တွေးခဲ့မိသေး၏။ စာအုပ်ထဲတွင် အဖွဲ့အစည်းအကြောင်းကို အများကြီး မရှင်းပြထားခဲ့ပေ။

ထို့ကြောင့် ယောင်လဲ့ထျန်း အနည်းငယ် စိတ်ပျက်သွားတော့သည်။

(ရပါတယ်.. အနည်းဆုံး အဖြေတစ်ခု ရှိသေးတာပဲ။ ငါ့မှာသူတို့နဲ့ပတ်သတ်ပြီး အခုသတင်းမရှိသေးလဲ နောက်မရှိလာနိုင်ဘူးလို့မှ မဆိုလိုတာ။ အတွင်းခန်းမကို ရောက်သွားရင် အဖွဲ့အစည်းနဲ့ ပတ်သတ်ပြီး ရှာဖွေနိုင်လောက်တယ်)

ထိုမှသာ ယောင်လဲ့ထျန်း ပြန်လည်တက်ကြွသွားလေ၏။

နောက်တစ်နေ့ မနက် အာရုဏ်ဦးမတိုင်ခင်မှာပဲ ယောင်လဲ့ထျန်းနှင့်အတူ အခန်းမျှသုံးရသော အခန်းဖော်များအားလုံး နိုးလာခဲ့သည်။ အိပ်ယာထက်၌ အိပ်မောကျနေဆဲ ယောင်လဲ့ထျန်းကို မြင်သည်နှင့် အကုန်လုံး အံ့အားသင့်သွားကြလေ၏။

ပုံမှန်အားဖြင့် မနက်ရောက်တိုင်း ဖန်းကျန့်က ယောင်လဲ့ထျန်းကို လာရှာတတ်သည်ပင်။ အကြောင်းအရင်း အတိအကျ မဖော်ပြခဲ့သော်လည်း သူတို့အားလုံးက အရူးမဟုတ်ပါပေ။ ဖန်းကျန့်က ယောင်လဲ့ထျန်းကို သက်သက် ပြဿနာလာရှာသည်ဆိုတာ အကုန်သိကြသည်။

ယောင်လဲ့ထျန်းကို ရှာမတွေ့ခဲ့လျှင် ဖန်းကျန့်က ကျန်သောအစေခံတပည့်များကို ပတ်ရမ်းတတ်သည်။ ထို့ကြောင့် တစ်ယောက်ထဲ ကိုယ်လွတ်ရုံးပြေးတတ်သော ယောင်လဲ့ထျန်းကို တော်တော်များများက မုန်းတီးကြသည်။.လူဆယ်ယောက်မှာ ကိုးယောက်က ယောင်လဲ့ထျန်းကို ဖန်းကျန့်ဆီမှာ မိသွားပြီး သေမတတ် အရိုက်ခံရဖို့ မျှော်လင့်နေကြသူများပင်။

ထို့​ကြောင့်ပင် ဖန်းကျန့်က ယောင်လဲ့ထျန်းကို လို​က်ရှာနေကြောင်း သတင်းကြားသည်နှင့် ယောင်လဲ့ထျန်းနှင့် အတူနေ​သော အစေခံတပည့်တစ်ယောက်က ​လပြည့်ညရောက်တိုင်း လုချီဆီ သွားတတ်သော ယောင်လဲ့ထျန်းအကြောင်းကို မြောင်လိကို သတင်းပေးခဲ့သည်။ မြောင်လိက ဖန့်ဟောင်၏ လက်အောက်ခံ ဖြစ်သောကြောင့် ထိုမှတစ်ဆင့် ဖန်းကျန့် သိသွားဖို့ မျှော်လင့်ခဲ့တာပင်။

မျှော်လင့်ထားသည့်အတိုင်းပဲ ညအိပ်ချိန် ရောက်သည်အထိ ယောင်လဲ့ထျန်းက အခန်းကို ပြန်မလာနိုင်ခဲ့ပေ။ ထို့ကြောင့် ဖန်းကျန့်ဆီမှာ တစ်ညလုံး အရိုက်ခံရပြီး မနက်မှ အညိုအမဲဒဏ်ရာဗလပွနှင့် သနားစဖွယ် ရောက်လာမည့် ယောင်လဲ့ထျန်းကို သူတို့အားလုံး စောင့်မျှော်နေခဲ့ကြသည်။ သို့သော် အံ့သြဖို့ကောင်းသည်မှာ အညိုအမဲမပြောနှင့်၊ ထိခိုက်ဒဏ်ရာတစ်ခုလေးတောင် ယောင်လဲ့ထျန်း၏ ကိုယ်ပေါ်၌ မတွေ့ခဲ့ရပေ။

ဘယ်လိုလုပ် အခုလို ဖြစ်သွားရသနည်း..

အတူနေသော အစေခံတပည့်များအားလုံး အံ့သြသွားခဲ့ကြသည်။ ထိုအထဲမှ မြောင်လိကို သတင်းပေးခဲ့သော တစ်ယောက်က အဆိုးဆုံးပင်။

ထိုကောင်လေးက ယမန်နေ့ညက မြောင်လိကိုပင် သွားမေးကြည့်ခဲ့သည်။ ဖန်းကျန့်က ယောင်လဲ့ထျန်းကို သွားရှာနေပြီဟု သတင်းပြန်ကြားထားရသောကြောင့် မနက်ခင်းတွင် ဖန်းကျန့်ထံမှ ဆုချီးမြှင့်ခံရဖို့ပင် ကြိတ်မျှော်နေခဲ့သေး၏။

သို့သော် မထင်ထားစွာပင် ယောင်လဲ့ထျန်းက အခန်းထဲကို တိတ်တဆိတ် ပြန်ရောက်နေခဲ့သည်။ အရိုက်မခံခဲ့ ရရုံသာမက၊ ဆံပင်တစ်မွှေးတောင် ဆုံးရှုံးခဲ့ခြင်းမရှိပေ။

ဖန်းကျန့်က ယောင်လဲ့ထျန်းကို ရှာမတွေ့ခဲ့၍လား.. သို့မဟုတ် ရှာတွေ့ခဲ့ပြီးမှ အခြေအနေတစ်ချို့ကြောင့် ဘာမှ မလုပ်နိုင်ခဲ့တာများလား။

အခန်းထဲက အစေခံတပည့်များအားလုံး အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်နေချိန်မှာပဲ အပြင်ဘက်က အလောတကြီး ခြေသံတစ်ချို့နှင့်အတူ လူထက်အရင် ရောက်လာသော အသံပြဲကြီးကို ကြားလိုက်ရ၏။

“ယောင်လဲ့ထျန်း.ဘယ်မလဲ။ ယောင်လဲ့ထျန်း ရှိလား”

လုချီဖန်း တံခါးဖွင့်ပြီးသည်နှင့် အထဲ တန်းဝင်လိုက်သည်။ အိပ်ပျော်နေသော ယောင်လဲ့ထျန်းကို မြင်မှသာ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

“ဘာလိုချင်လို့လဲ”

မနေ့ညက အတွေးလွန်ပြီး ညအိပ်နောက်ကျသွားသောကြောင့် ယောင်လဲ့ထျန်း စိတ်မကြည်ပါချေ။

ယောင်လဲ့ထျန်း၏ လက်ရှိ ကျင့်ကြံမှုကြောင့် သူ့အနေနှင့် သုံးရက်သုံးည မအိပ်ပဲနေနိုင်သော်လည်း သူက အိပ်ရတာကို ခုန်မင်သူဖြစ်သည်။

“မြန်မြန် မျက်နှာသစ် သန့်စင်ချည်။ မင်းကို အိမ်တော်ထိန်းဟွာ ခဏနေ လာတွေ့လိမ့်မယ်။ မင်းရဲ့ အိပ်ချင်မူးတူးရုပ်ကြီးနဲ့ ငါတို့အားလုံးကို အရှက်မခွဲနဲ့”

“အိမ်တော်ထိန်းက ကျုပ်ကို ဘာကိစ္စ တွေ့ချင်တာလဲ”

ယောင်လဲ့ထျန်း တစ်ယောက် မနေ့ညက အဖြစ်အပျက်ကို တစ်ဆတ်တည်း ပြန်မြင်ယောင်မိသွားသည်။

(ငါနဲ့စာရင်းရှင်းချင်လို့များလား.. အဲ့ဒါလည်း မဟုတ်သေးပါဘူး)

“ ဟ ငါက ဘယ်လိုလုပ်သိမှာတုန်း။ မင်းသာ.မြန်မြန်ထပြီး မျက်နှာသစ်စမ်းပါ”

ပြောပြီးသည်နှင့် လုချီဖန်းက ကျန်တဲ့သူတွေကိုပါ ဝေ့ကြည့်လိုက်သည်။

“မင်းတို့ကောင်တွေကကော အဲ့အတိုင်း ရပ်နတော့မှာလား။ မြန်မြန် သန့်ရှင်းရေး.လုပ်ကြလေ”

ထိုသို့ဖြင့် အလျင်စလို သန့်ရှင်းရေးလုပ်ရင်း အကုန်လုံး အလုပ်ရှုတ်သွားလေတော့သည်။

အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်နေသော ယောင်လဲ့ထျန်းတစ်ယောက် ငယ်ငယ်က ကျောင်းမှာ ကြုံနေကြ၊ ကျောင်းအုပ်လာမှာမို့ တစ်ခန်းလုံး သန့်ရှင်းလုပ်ရသည့် အဖြစ်အပျက်ကိုပင် ပြန်မြင်ယောင်မိသွား၏။ ဟွာမန်ထန်းက အထွေထွေတာဝန်များကို ဆောင်ရွက်ရသော အိမ်တော်ထိန်းဖြစ်သောကြောင့် သူတို့၏ တိုက်ရိုက် အထက်လူကြီး တစ်ယောက်ဖြစ်သည်လေ။ ထို့ကြောင့်ပင် လုချီဖန်း အခုလို ပြာပြာသလဲ ဖြစ်နေတာ ဖြစ်သည်။

လုချီဖန်းနှင့် တစ်ခြားသူများ အလုပ်ရှုတ်နေချိန်မှာ ယောင်လဲ့ထျန်း ဇိမ်ယူရင်း မျက်နှာသစ်လိုက်သည်။ ဟွာမန်ထန်းက တကယ်ပဲ စစ်ဆေးမှုပြုလာလျှင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပါ တစ်ခါထဲ အကြံထုတ်နေလိုက်သည်။

မကြာမီမှာပဲ တံခါးပေါက်မှာ ဟွာမန်ထန်း ပေါ်လာခဲ့ပြီး ယောင်လဲ့ထျန်းကို တိုက်ရိုက်ပြောလာ၏။

“လိုက်ခဲ့၊ ငါမင်းကို ပြောစရာရှိတယ်”

“ညီလေးယောင်၊ အကိုမင်းကို အမြဲတမ်း ကောင်းကောင်းဆက်ဆံတယ်မလား။ အကို့ကို စကားကောင်းတစ်ချို့ ပြောပေးနော်”

လုချီဖန်းက ပြောလိုက်တာပင်။

ယောင်လဲ့ထျန်း ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြီး ဇဝေဇဝါ မျက်နှာနှင့် ဟွာမန်ထန်းအနောက်ကို လိုက်သွားလိုက်သည်။

“ယောင်လဲ့ထျန်း မင်းရဲ့ဆရာ အပြင်ထွက်လာပြီ။ မင်းအခုကစပြီး အစေခံတန်းလျားမှာ နေဖို့မလိုတော့ဘူး။ မင်းရဲ့ဆရာကို သွားတွေ့ပြီး ဂါဝရ ပြုလိုက်အုံး”

ဟွာမန်ထန်းက ခပ်ဖွဖွ ပြုံးပြလိုက်ပြီးမှ ဆက်ပြောခဲ့သည်။

“ပြီးတော့ မင်းရဲ့ဆရာကို ငါအချိန်ရရင် လာတွေ့မယ်ဆိုတဲ့အကြောင်းပါ တစ်ခါထဲ ပြောပေးခဲ့ပါအုံး”

“ဟုတ်ကဲ့”

ဟွာမန်ထန်း အခုလို ပြောလာလိမ့်မည်ဟု ယောင်လဲ့ထျန်း မထင်ထားပါချေ။ ဟွာမန်ထန်း၏ ရည်ရွယ်ချက်ကို မသိသေးသော်လည်း အများကြီးမတွေးဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။

အတိတ်မှာဆိုလျှင် ဆရာဖြစ်သူ အပြင်ထွက်လာသည့်သတင်းက သူ့ကို အလွန်အမင်း ပျော်ရွှင်စေမှာ ဖြစ်သည်။ အထက်အမတဘုံဂိုဏ်းတွင် သူငယ်ချင်းဖြစ်သူ လုချီမှအပ သူ၏ တစ်ခုတည်းသော အားကိုးရာက ဆရာဟွမ်ရှ သာ ဖြစ်ခဲ့ရသည်မလား။

သို့သော် အခုတော့ ဆရာဖြစ်သူ၏ သတင်းက သူ့ကိုမပျော်ရွှင်စေပါချေ။ ထိုအစား မသက်မသာပင် ခံစားရသေး၏။ ရုတ်တရက် သန်မာလာသော သူ့အကြောင်းကို ဆရာဖြစ်သူ မေးခွန်းထုတ်လာခဲ့လျှင် သူဘယ်လို ရှင်းပြရမည်နည်း။

အစေခံတန်းလျားက ထွက်လာခဲ့ပြီး အပြင်ခန်းမရှိရာ တောင်ကုန်းပေါ် ရောက်လာခဲ့သည့်တိုင်အောင် ယောင်လဲ့ထျန်း အတွေးများနေခဲ့သည်။

ချင်ဟွမ်တောင်ကြီးတစ်ခုလုံးကို အပြင်ခန်းမနှင့် အတွင်းခန်းမအတွက် ပင်မတောင်ထွတ်နှင့် ဒုတိယတောင်ထွတ်ဟု အကြမ်းဖျဥ်း သတ်မှတ်ပေးထားခဲ့သော်လည်း မိုင်ပေါင်းရာချီရှည်လျားသော ချင်ဟွမ်တောင်ပေါ်တွင် အရွယ်အစား မတူညီသော တောင်ထွတ်များစွာ ရှိသည်။

အပြင်ခန်းမ၏ ပိုင်နက်နေရာအတွင်းမှာပဲ ဆယ့်နှစ်ခုကျော်သော မက်စောက်သည့် တောင်ပို့ငယ်များစွာ ရှိလေ၏။ ဆရာတော်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သော ယောင်လဲ့ထျန်း၏ ဆရာက တောင်ပို့ငယ်တစ်ခုမှာ နေထိုင်သည်။

ဟွမ်ရှနေထိုင်ရာ တောင်ပို့ထိပ်တွင် တိမ်စိုင်များ ဝေ့စိုင်းနေလေ့ရှိသောကြောင့် ထိုတောင်ပို့ကို တိမ်စိုင်တောင်ဟု ခေါ်ကြသည်။

ဟွမ်ရှ လက်ခံထားသော တပည့် အယောက်ငါးဆယ်ကျော်ထဲက တစ်ဝက်ကျော်ကျော်ပဲ တိမ်စိုင်တောင်တွင် နေကာ ကျင့်ကြံခွင့်ရသည်။ ယောင်လဲ့ထျန်းလို အရည်အချင်းမရှိသော တပည့်များကတော့ မတူညီသော တာဝန်များကို အလုပ်လုပ်နိုင်ရန်အတွက် စီမံပေးသည့် နေရာမှာ နေထိုင်ရသည်။

တောင်ပေါ်မှာပဲ ခြံဝန်းများနှင့် နေထိုင်စေသောကြောင့် တိမ်စိုင်တောင်တစ်ခုလုံးက ကျင့်ကြံသူများ၏ နေထိုင်ရာတစ်ခုထက် သာမန်လူသားများ၏ နေအိမ်များနှင့် ပိုဆင်တူသည်။

ဟွမ်ရှ တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာသောသတင်းကြောင့် တပည့်များအားလုံးက ဆရာ့အနီးမှာ လမင်းဘေးက ကြယ်များလို စုဝေးနေကြသဖြင့် ပင်မခြံဝန်းကြီးက သက်ဝင်လှုပ်ရှားနေခဲ့သည်။

ယောင်လဲ့ထျန်း တစ်ယောက်သာ နောက်ဆုံးမှ ရောက်လာခဲ့တာ ဖြစ်သည်။.ယောင်လဲ့ထျန်း ရောက်လာတာကို မြင်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်ချည်း အနေခက်သွားခဲ့သည်။ ဟွမ်ရှ တစ်ယောက်သာ မတုန်မလှုတ် ထိုင်နေခဲ့တာပင်။

“လဲ့ထျန်း ရောက်ပြီလား။ လာထိုင်လေ”

ဟွမ်ရှက အပြုံးတစ်ခုဖြင့် သူ့ဘေးက ထိုင်ခုံငယ်တွင် ထိုင်ဖို့ရန် ယောင်လဲ့ထျန်းကို အချက်ပြလိုက်သည်။

တပည့်အများစု ချက်ချင်းပဲ မျက်နှာပျက်သွားကြလေ၏။ ယောင်လဲ့ထျန်းက အရည်အချင်းလဲမရှိ၊ ကျင်ကြံမှုလည်း အားနည်းသူတစ်ယောက်ပင်။ ယောင်လဲ့ထျန်းက အဘယ်ကြောင့် ဆရာဟွမ်ရှနှင့် အနီးကပ် ထိုင်ခွင့် ရရမည်နည်း။

သို့သော် ယောင်လဲ့ထျန်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ဟွမ်ရှအနားကို လမ်းလျှောက်သွားလိုက်ပြီး ကျေးဇူးတင်ပြီးသည်နှင့် နေရာမှာဝင်ထိုင်လိုက်သည်။

“ဒီတစ်ခေါက် ဆရာကျင့်ကြံတာ တော်တော် ကြာသွားခဲ့တယ်။ ဒါပေမဲ့…”

ဟွမ်ရှက အပြုံးတစ်ခုနှင့် အကုန်လုံးကို ဝေ့ကြည့်လိုက်သည်။ ဤတစ်ခေါက်ကျင့်ကြံမှုတွင် အများကြီး တိုးတက်ခဲ့သောကြောင့် ဟွမ်ရှ စိတ်ကြည်နေခဲ့သည်။ ထို့ကြောင့် တပည့်များနှင့် ကောင်းကောင်းစကားပြောပြီး သူရခဲ့သော အတွေ့အကြုံများအတွင်းမှ အကုန်လုံးကို ပညာပြန်မျှဝေပေးဖို့ ဆုံးဖြတ်ထားခဲ့၏။

သို့သော် ထိုအချိန်မှာပဲ တံခါးပေါက်က စောင့်ကန်ခံလိုက်ရခြင်းကြောင့် ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ပွင့်ဟသွားလေသည်။

ဟွမ်ရှက မဲမှောင်သွားသော မျက်နှာနှင့် တံခါးပေါက်ကို လှမ်းကြည့်လိုက်သည်။

အပြင်ဘက်ကနေ လူအိုတစ်ယောက်နှင့် လူရွယ်တစ်ယောက် အထဲဝင်လာခဲ့လေသည်။

အသက်ငါးဆယ်နီးပါးရှိနေသော လူအိုကြီး၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးက မီးခိုးရောင် သန်းနေခဲ့သော်လည်း မျက်နှာမှာ အရေးကြောင်း တစ်ခုတောင်မရှိပေ။ လူငယ်ဆန်သော.တက်ကြွမှု အပြည့်ကို ခံစားရသည်။ ထို့အပြင် ခံစားချက်များ အသက်ဝင်နေသော မျက်လုံးနှစ်လုံးက ဒေါသကြောင့် မီးထတောက်မတတ် စူးရှနေလေ၏။

ထိုလူအိုကြီး၏ နောက်တွင် မို့ဖောင်းနေသော မျက်နှာနှင့် တုတ်ကောက်တစ်ချောင်းကို အားပြုပြီးရပ်နေရသော.လူရွယ်တစ်ယောက် ပါသည်။ ထိုလူအိုကို မြင်သည်နှင့် ဟွမ်ရှ၏ အကြည့်တို့စူးရဲသွားပြီး ချက်ချင်းမတ်တပ်ရပ်ကာ လမ်းလျှောက်သွားလိုက်သည်။

“လျိုဖန်း၊ မင်းရူးနေလား။ ဒီလောက်အစောကြီး မင်းတပည့်ကိုပါ ခေါ်လာပြီး ကျုပ်နေရာကို ရောက်လာတာက မင်းပြဿနာရှာချင်လို့လား။ ကောင်းမွန်တဲ့ ဖြေရှင်းချက်မှ မပေးနိုင်ရင် ကျုပ်ကို ရိုင်းဆိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့”

ကျင့်ကြံရေးလောကမှာဖြစ်စေ၊ သေမျိုးလောကမှာဖြစ်စေ အကုန်လုံးက ဂု​ဏ်သိက္ခာကို အထူးဂရုစိုက်ကြသည်။ လူတစ်ယောက်၏.တံခါးပေါက်ကို ခြေထောက်နှင့် စောင့်ကန်ခြင်းက ထိုသူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။

ဟွမ်ရှလို ဂုဏ်သိက္ခာကို အသက်လိုတန်ဖိုးထားပြီး အထင်သေးခံရမှာ အလွန်မုန်းတီးသူ တစ်ယောက်အတွက်ဆို ပိုဆိုးသည်။ သူ့အနေနှင့် အားနည်းနေလျှင်တောင်မှ တပည့်တွေအရှေ့မှာ တစ်ခြားသူ၏ အိမ်တံခါးပေါက်အထိ ပြဿနာလာရှာမှုကို သည်းမခံနိုင်ပါချေ။

ဟွမ်ရှက ပွင့်လင်းပြီး ရန်မလိုတတ်သောကြောင့် ရွယ်တူတွေကြားမှာ ဂုဏ်သတင်းကောင်းသည်။.ယန်ယွမ်မှ လွဲလျှင် ဟွမ်ရှနှင့် အဆင်မပြေသူက လျိုဖန်း ပဲ ရှိသည်။

အထက်အမတဘုံဂိုဏ်းကို မရောက်လာခင်က ဟွမ်ရှသည် ချမ်းသာသော အိမ်တော်တစ်ခုက မျိုးဆက်သစ်သခင်လေး ဖြစ်ပြီး လျိုဖန်းက သူ၏ သစ္စာရှိအစေခံ ဖြစ်ခဲ့သည်။

ထို့ကြောင့် ကျင့်ကြံရေးဂိုဏ်းအတွင်း ဝင်ရောက်ခွင့်ရခဲ့သည်နှင့် ဟွမ်ရှက လျိုဖန်းကို စဥ်းစားပေးပြီး ဂိုဏ်းထဲ အတူဝင်နိုင်ရန် တောင်းဆိုပေးခဲ့သည်။ စည်းမျဥ်းနှင့် မကိုက်ညီပါသော်လည်း လျိုဖန်း၏ ထူးခြားသော အရည်အချင်းကြောင့် ဝင်ခွင့်ရခဲ့လေ၏။

ထိုသို့ဖြင့် ဟွမ်ရှနှင့် လျိုဖန်းသည် သခင်လေးနှင့် အစေခံဘဝမှ ဆရာတူညီအကိုတွေ ဖြစ်ခဲ့ကြသည်။

လျိုဖန်း၏ ဘဝမြင့်မားလာခြင်းက ဟွမ်ရှကြောင့်ဟု ပြောလျှင်တောင် ရနိုင်ပါသည်။ ဟွမ်ရှကလည်း လျိုဖန်းကို အမြဲတမ်းကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ လျိုဖန်း၏ ကျေးဇူးမသိတတ်မှုကြောင့်သာ မဟုတ်လျှင် သူတို့နှစ်ယောက် အခုလိုမျိုး ရန်သူတွေ ဖြစ်လာမှာမဟုတ်ပေ။

လျိုဖန်းက ဟွမ်ရှ၏ အစေခံ ဖြစ်ခဲ့ရသော အတိတ်ကိုစဥ်းစားမိတိုင်း အရှက်ရမှုကို ခံစားရလေ့ရှိသည်။ ထို့ကြောင့် ဟွမ်ရှကို အမုန်းထားခဲ့ပြီး ကောင်းမွန်သောအရည်အချင်းကြောင့် မြန်ဆန်စွာ အဆင့်တက်နိုင်တိုင်း ဟွမ်ရှကို အရှက်လာခွဲတတ်လေ၏။ ပြီးလျှင် ဟွမ်ရှကို မျက်စိဒေါက်ထောက်ကြည့်ပြီး အမှားလိုက်ရှာတတ်သေးသည်။

ဟွမ်ရှ၏ မဟုတ်မခံ ပင်ကိုယ်စရိုက်ကြောင့် အချင်းချင်းကြားက တိုက်ခိုက်မှုက ပိုပြင်းထန်လာခဲ့ပြီး ဆရာတော်တွေ ဖြစ်လာသည့်တိုင်အောင် မရပ်တန့်ခဲ့ကြပေ။ စီမံရေးခန်းမအတွင်းမှာတော့ ရန်မလုပ်ကြပေမဲ့ သီးခြားနေထိုင်ကြကာ အချင်းချင်း၏ ဘဝတွင် ဝင်စွတ်ဖက်ခြင်း မပြုကြတော့ပေ။

အပြင်ခန်းမတစ်ခုလုံးတွင် ဟွမ်ရှအမုန်းဆုံးသူက ယန်ယွမ်ပြီးလျှင် လျိုဖန်းပဲဟု ဆိုလျှင်တောင်မှ မမှားပါချေ။

All Chapters