သူ့ကိုရိုက်လိုက်တာ ကျွန်တော်ပဲ
Vol. 3 Ch. 25
လျိုဖန်းကို တံခါးပေါက်မှာ မြင်တွေ့ရခြင်းက ဟွမ်ရှအတွက် သာယာသော မြင်ကွင်းတစ်ခု မဖြစ်ခဲ့ပေ။
လျိုဖန်း၏ အနောက်တွင် ယောင်လဲ့ထျန်း၏ လက်သီးစာမိထားသော ဖန်းကျန့်က သနားစဖွယ် ရပ်နေလေ၏။ ဖန်းကျန့်၏ မျက်လုံးများက အကုန်လုံးကို ကျော်ပြီး ယောင်လဲ့ထျန်း ရှိရာကိုပဲ ကျရောက်နေသည်။ ယောင်လဲ့ထျန်းကို နေရာမှာတင် မီးမြိုက်ပစ်ချင်သကဲ့သို့ပင်။
“ဟွမ်ရှ မင်း ရူးချင်ယောင် ဆောင်မနေနဲ့။ မင်းရဲ့တပည့်က ကျုပ်တပည့်ကို ရိုက်ခဲ့တယ်။ ဆရာဖြစ်တဲ့မင်းက ဘာမှမလုပ်ဘဲ နေချင်တာလား” လျိုဖန်းက မေးလိုက်သည်။
“အိုး” ထိုအခါမှသာ ပန်ဒါမျက်လုံးနှင့် ယောင်ကိုင်းနေသော မျက်နှာပိုင်ရှင် ဖန်းကျန့်ကို ဟွမ်ရှ သတိထားမိလေသည်။
အပြင်ခန်းမ၌ စည်းကမ်းတစ်ခုရှိသည်။ အပြင်တပည့်များ အချင်းချင်း တိုက်ခိုက်မှုကို တားမြစ်ထားသည့်အတွက် ကျူးလွန်သူကို အပြစ်ပေးရမည်ပင်။.သို့သော် ဘယ်သူကမှ ထိုစည်းကမ်းကို ဂရုမစိုက်ခဲ့ကြပေ။ တစ်စုံတစ်ယောက် မသေသေးသရွေ့ တိုက်ခိုက်ခြင်းကို မသိချင်ယောင် ဆောင်ပေးကြသည်။
လျိုဖန်းလို လူက ဟွမ်ရှ၏ တံခါးပေါက်ထိ ရောက်လာပြီး ဖြေရှင်းချက်တောင်းဖို့ဆိုတာ မဖြစ်နိုင်သလောက် နည်းပါးသည်။ သို့သော် လက်ရှိမှာ လျိုဖန်း ကိုယ်တိုင် ရောက်လာခဲ့ပြီး၊ နစ်နာသူ ဖြစ်နေလေရာ၊ ဟွမ်ရှ ရပ်ကြည့် မနေနိုင်တော့ပေ။
သို့သော် ဘယ်လို ဖြေရှင်းမည်ဆိုတာကတော့ ဟွမ်ရှအပေါ်သာ မူတည်သည်။ ဟွမ်ရှက ကြားဝင်ဖြေရှင်းပေးမည်ဖြစ်သော်လည်း သူ၏.တပည့်ကို အတတ်နိုင်ဆုံး အပြစ်ပေါ့စေရန် ကြိုးစားပေးမည်ပင်။
ဟွမ်ရှ ချက်ချင်းပဲ တပည့်တွေရှိရာကို လှည့်ကြည့်လိုက်သည်။
“ဘယ်ကောင် လုပ်ခဲ့တာနေနေ၊ အရှေ့ထွက်လာပြီး တောင်းပန်လိုက်စမ်း။ ဒါပေမဲ့ လျိုဖန်း ကျုပ်ပြောမယ်၊ တပည့်တွေကြားမှာ တစ်ခါတစ်လေ ကတောက်ကဆ ဖြစ်တတ်တာပဲ။ လူငယ်တွေပဲလေ.. ပြင်းပြင်းထန်ထန် ထိခိုက်သွားတာ မရှိမှတော့ အချင်းချင်းခက်ခဲအောင် မလုပ်ကြရအောင်လား။ အငယ်တစ်ယောက်ကို ဒီလိုပြဿနာ ရှာနေတာ အကြီးဖြစ်တဲ့ မင်း မရှက်ဘူးလား”
ဟွမ်ရှ၏ ပါးနပ်သော စကားလုံးများက တပည့်ဖြစ်သူကို ကာကွယ်ရင်း တစ်ချိန်ထဲမှာပဲ လျိုဖန်းကို ပါးစပ်ပိတ်ပြီး ထိုကိစ္စကို ဆက်မပြောနိုင်တော့အောင် တားမြစ်လိုက်လေသည်။ တကယ်တော့ ဟွမ်ရှ စိတ်ထဲမှာ ကြိတ်ပြီး ပျော်ရွှင်နေခဲ့သည်။
(ကံဆိုတာ ဒါပဲလေ။ ကျေးဇူးမသိတတ်တဲ့ လျိုဖန်း.. မင်းငါ့ကို အနိုင်ကျင့်ခဲ့တာမလား။ အခုငါ့တပည့်က မင်းတပည့်ကို အနိုင်ကျင့်ခဲ့တယ်။ ဒါမင်းလုပ်ခဲ့တာကို မင်းပြန်ခံရတာပဲ။ တော်လိုက်တဲ့ ငါ့တပည့်.. လျိုဖန်းတပည့်ကို ရိုက်ခဲ့တာဘယ်သူနေနေ၊ ငါနောက်မှ ဆုအကြီးကြီး ပေးအုံးမယ်)
ဟွမ်ရှ ချက်ချင်းပဲ သူ၏ တပည့်များထဲက အတော်ဆုံး လင်ရှောင်ဖန်းနှင့် ရှကျန့်ကို လှမ်းကြည့်လိုက်သည်။ သူ့အမြင်အရတော့ တပည့်တွေအားလုံးထဲမှာ ဖန်းကျန့်ကို ရိုက်ရဲတာ ထိုနှစ်ယောက်ပဲ ရှိလောက်သည်။
ရှကျန့်က အသက်ငယ်ပေမဲ့ တော်တော်လေး အရည်အချင်းရှိသည်။ လေးနှစ်ပဲ လေ့ကျင့်ရသေးပေမဲ့ ချီအသွင်ပြောင်းခြင်းနယ်ပယ် သာလွန်အဆင့်ကို ရောက်ခဲ့ပြီး ကျားဆယ်ကောင်အဖွဲ့တွင် ခုနှစ်ယောက်မြောက် နေရာကို ယူထားနိုင်သည်။ ဖန်းကျန့်ကို အနိုင်ယူဖို့က ရှကျန့်အတွက် ပြဿနာ မဟုတ်နိုင်ပေ။
လင်ရှောင်ဖန်းက ပါရမီနိမ့်ကျသော်လည်း သူ၏ တပည့်ဖြစ်လာတာ သက်တမ်းအကြာဆုံး ဖြစ်သည်။ တည်ငြိမ်သော နှုန်းထားဖြင့် ပုံမှန်လေ့ကျင့်သောကြောင့် လင်ရှောင်ဖန်း၏ ကျင့်ကြံမှုက အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် သာလွန်အဆင့်ကို ရောက်နေပြီပင်။ သူ့အနေနှင့် ဖန်းကျန့်ကို ဘယ်လိုမှ ရှုံးနိမ့်မှာ.မဟုတ်ပေ။
ထိုနှစ်ယောက်မှလွဲလျှင် ကျန်တပည့်များ မဖြစ်နိုင်ပါချေ။ သူတို့အားလုံးက အရည်အချင်းမရှိတာ မဟုတ်ပေမဲ့ အခုလိုမျိုး ဖန်းကျန့်ကိုပဲ အညိုအမဲစွဲစေပြီး သူတို့ကိုယ်သူတို့ ဒဏ်ရာတစ်ချက်မှ မရစေလောက်သည်အထိ မစွမ်းဆောင်နိုင်လောက်ပေ။
ဆရာဖြစ်သူ.ကြည့်နေသောကြောင့် ရှကျန့်နှင့် လင်ရှောင်ဖန်း အချင်းချင်း ကြည့်လိုက်ကြသည်။ သဘာဝကျကျပင် ဖန်းကျန့်ကို ရိုက်နှက်ခဲ့သူက တစ်ဖက်သူဟု နှစ်ဦးလုံး တပြိုင်နက်ထဲ ယုံကြည်လိုက်ကြသည်။
“ဟွမ်ရှ မင်း စကားကို အလွယ်မပြောနဲ့။ ကျုပ်တပည့် အရိုက်ခံလိုက်ရတာနော်.. တောင်းပန်ရုံနဲ့ ပြီးမယ်ထင်နေလား။ စဥ်းတောင်မစဥ်းစားနဲ့။ မဟုတ်လို့ကတော့ မင်းကို အပြစ်သားကို ကာကွယ်ပေးတဲ့သူအဖြစ် ကျုပ်စွပ်စွဲရလိမ့်မယ်”
လျိုဖန်းက သေချာပေါက် ပြဿနာရှာဖို့ ရည်ရွယ်ချက်ဖြင့် ဟွမ်ရှ၏ ခြံဝန်းထဲအထိ ရောက်လာခဲ့တာပေ။ သို့သော် လိုသလို ဖြစ်မလာသည့် အခြေအနေက သူ့ကိုပဲ ပိုမို ဒေါသကြီးစေခဲ့သည်။
“အေး၊ ကျုပ်တပည့်မလို့ ကျုပ် ကာကွယ်တယ်ကွာ။ မင်း.ဘာဖြစ်ချင်သလဲ”
ဟွမ်ရှလည်း ဒေါသထွက်လာခဲ့သည်။ လျိုဖန်း တံခါးကိုစောင့်ကန်လိုက်ကတည်းက ဆရာဖြစ်သော သူ၏ ဂုဏ်သိက္ခာကို စော်ကားခဲ့၍ ဒေါသတို့အစပျိုးနေခဲ့တာပင်။ အစကတော့ တပည့်တွေ၏ မျက်နှာထောက်ပြီး ခွင့်လွှတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ လျိုဖန်း၏ စွပ်စွဲစကားလုံးများက သူ့ဒေါသကို ထိန်းချုပ်မှု လွတ်ကင်းစေခဲ့သည်။
“မင်း ဇရှိရင် ရှေ့တိုးကြည့်လိုက်စမ်းပါ။ ကျုပ်တပည့်ရဲ့ အသားကိုတောင် မင်း မထိစေရဘူး”
“ကောင်းတယ်ကောင်းတယ်”
ဟွမ်ရှ၏ အခုလို အသည်းအသန် ကာကွယ်မှုကို မမျှော်လင့်ထားသောကြောင့် လျိုဖန်းလည်း အလွန်ဒေါသထွက်လာခဲ့သည်။
“ဒီလိုဆိုမှတော့ ကျုပ်ကိုရိုင်းတယ်ဆိုပြီး အပြစ်လာမပြောနဲ့။ မင်းမဖြေရှင်းရင် ကျုပ်ဖြေရှင်းပေးတယ်ကွာ”
ပြောပြီးသည်နှင့် လျိုဖန်းက လူအုပ်ထဲက ယောင်လဲ့ထျန်းကို ဂုတ်မှ ဆွဲမလိုက်သည်။
ပတ်ဝန်းကျင်မှ လေထု၏ အေးခဲသွားမှုကို ယောင်လဲ့ထျန်း ချက်ချင်း အာရုံခံမိလိုက်သည်။ ပုလင်းထဲ ပိတ်မိသွားသော ပုရွက်ဆိတ် တစ်ကောင်လိုမျိုး လျိုဖန်း၏ ထိန်းချုပ်မှုကို သူ မတွန်းလှန်နိုင်ခဲ့ပေ။.အပြင်ခန်းမက ဆရာတော်တစ်ယောက်၏ သန်မာမှုက ဒါပါလားဆိုတာ ယောင်လဲ့ထျန်း အခုတော့ နားလည်သွားသည်။
“ကျုပ်တပည့်ကို ကျုပ်ကြည့်ရှင်းမယ်။ မင်းလို အပြင်လူ ဝင်ပါစရာမလိုဘူးကွ”
ဟွမ်ရှက ထိုအချိန်မှာပဲ ရှေ့တစ်လှမ်းတိုးပြီး ယောင်လဲ့ထျန်း၏ ရှေ့တည့်တည့်မှာ ပိတ်ရပ်လိုက်ကာ လျိုဖန်း၏လက်ကို ဆွဲဖယ်လိုက်သည်။
ဘန်း
လျိုဖန်း၏ လက်ဖဝါးက ချက်ချင်းပဲ ကွဲကြေသွားခဲ့သည်။ အပြင်ဘက်ကို လျှံထွက်လာသော မှော်စွမ်းအင်က ရပ်ကြည့်နေသော လူများ၏ ဝတ်ရုံစကိုပင် ဝဲလွင့်စေခဲ့၏။
ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်က အချုပ်အနှောင်မှ လွတ်ကင်းသွားခဲ့သည်။ အရှေ့တွင် ပိတ်ရပ်ပေးထားသော ဟွမ်ရှ၏ နောက်ကျောကို ကြည့်နေရင်း.ယောင်လဲ့ထျန်း အနည်းငယ် နွေးထွေးသွားသည်။ သူ၏ ဆရာက သူ့ကို ကာကွယ်ပေးခဲ့သည်မလား။
“ဟွမ်ရှ မင်းက ဝင်ကာချင်တာလား”
လျိုဖန်း အံကြိတ်ကာ ပြောလိုက်လေ၏။
တကယ်တော့ လျိုဖန်း အံ့အားသင့်နေခဲ့တာ ဆိုလျှင် ပိုမှန်သည်။ သူသည် အစကတော့ ဟွမ်ရှ ရှိနေလျှင်တောင်မှ ဟွမ်ရှ၏ တပည့်ကို အောင်မြင်စွာ ဆွဲခေါ်ပြီး ဆရာရှေ့မှာပဲ တပည့်ကို ပညာပေးကာ ဆရာတပည့် နှစ်ယောက်လုံးကို အရှက်ခွဲဖို့ တွေးထားခဲ့သည်။
သို့သော် အံ့သြဖို့ကောင်းစွာပင် သူ၏ ပုံရိပ်ယောင်လက်ဝါးကို ဟွမ်ရှက အလွယ်တကူ ဖယ်ရှားခဲ့လေသည်။ ဟွမ်ရှ၏.တည်ငြိမ်နေပုံကြောင့် တံခါးပိတ် ကျင့်ကြံရာမှာ အဆင့်တက်ခဲ့တာလားဟူ၍ လျိုဖန်း တွေးမိလိုက်သည်။
ထိုအတွေးကြောင့် လျိုဖန်း အနည်းငယ် တွေဝေသွားကာ ပြဿနာ မရှာလိုတော့ပေ။
ဟွမ်ရှ၏ တံခါးပေါက်ကို ရောက်လာတာကိုက ကျိုးကြောင့်မသင့်သော ကိစ္စတစ်ခု ဖြစ်နေပြီးသားပင်။ ထိုမှတစ်ဆင့် ဟွမ်ရှနှင့် တိုက်ခိုက်ပြီး ထပ်မံ ရှုံးနိမ့်ခဲ့ရပါက၊ ရှိသမျှ မျက်နှာအားလုံး ဆုံးရှုံးရလိမ့်မည်။ ဟွမ်ရှ၏ သန်မာမှုအစစ်အမှန်ကို မသိရသေးသရွေ့ အလျင်စလို လှုပ်ရှားလို့ မဖြစ်သေးပါချေ။
ထိုအချိန်မှာပဲ လျိုဖန်း၏ တိုက်ခိုက်မှုက သူမှန်းဆထားသော လင်ရှောင်ဖန်းနှင့် ရှကျန့်အပေါ် မကျရောက်ဘဲ ယောင်လဲ့ထျန်းကို တိုက်ခိုက်ခဲ့မှန်း ဟွမ်ရှ သတိထားမိသွားခဲ့သည်။
ယောင်လဲ့ထျန်းက ဖန်းကျန့်ကို အခုလိုဖြစ်အောင် ရိုက်နှက်ခဲ့သူများလား.. ဤအရာက ဖြစ်နိုင်ပါသလား။ ဟွမ်ရှသည် ယောင်လဲ့ထျန်းကို တစ်လှည့်၊ ဖန်းကျန့်ကို တစ်လှည့်ကြည့်လိုက်ရင်း မယုံကြည်နိုင်တော့ပေ။
ဟွမ်ရှသည် ယောင်လဲ့ထျန်းကို သေချာ မှတ်မိပါသေးသည်။ လွန်ခဲ့သည့်လေးနှစ်က သူသည် လွမ်းဆွတ်သောခံစားချက်များ ရုတ်တရက် ခံစားလာရ၍ အိမ်ကို ခဏအလည်သွားဖို့ရန် တောင်အောက် ဆင်းခဲ့သည်။ ဂိုဏ်းကိုပြန်လာသည့်အခါမှာ လမ်းမှာတွေ့သော ယောင်လဲ့ထျန်းကို အပြစ်မှလွတ်စေရန် တပည့်အဖြစ် ခေါ်ယူခဲ့လိုက်သည်။ တပည့်အသစ် ခေါ်ယူရန်အတွက် တောင်အောင်ဆင်းခဲ့တာပါဟူ၍ အကုန်လုံး သိအောင် ပြောပြခဲ့သည်။
သို့သော် ယောင်လဲ့ထျန်း၏ ပါရမီက အလွန်နိမ့်ကျလွန်းလေ၏။ အိမ်အပြန်ခရီးမှာ အတွေးတစ်ချို့ ရခဲ့၍ တံခါးပိတ်ကျင့်ကြံဖို့ အလျင်လိုနေခဲ့သောကြောင့် ယောင်လဲ့ထျန်းကို ဂိုဏ်းထဲခေါ်လာခဲ့ပေမဲ့ ဟွမ်ရှ ဂရုမစိုက်နိုင်ခဲ့ပေ။
သို့သော် ခဏတဖြုတ် အပြင်ထွက်လာတိုင်းမှာ ထိုတပည့်၏.သတင်းကတော့ မပြတ်ကြားရပါသည်။ သို့ပေသည့် သတင်းတစ်ခုမှ ကောင်းတာမပါခဲ့ပေ။
ယောင်လဲ့ထျန်းကို တံခါးပေါက်မှာ ရုတ်တရက် မြင်လိုက်ရမှသာ တောင်အောက်ဆင်းသည့်အချိန်မှာ ခေါ်လာပြီးကတည်းက လျစ်လျူရှုခဲ့မိသော တာဝန်ဝတ္တရားများကို ဟွမ်ရှ အမှတ်ရသွားခဲ့တာပင်။
အပြစ်ရှိစိတ် တစ်ပုံတစ်ပင်ကို ခံစားလိုက်ရ၍ ယောင်လဲ့ထျန်းကို အနီးမှာပင် ထိုင်ခိုင်းခဲ့သည်။ ယောင်လဲ့ထျန်း၏ တိုးတက်မှုကို အနီးကပ်စစ်ဆေးပြီးနောက်မှာမှ ထိုကောင်လေးက တကယ်ပဲ ကျင့်ကြံဖို့ အရည်အချင်းမရှိသူ ဖြစ်နေခဲ့လျှင် တောင်အောက်ပြန်ဆင်းခိုင်းပြီး ပျော်ရွှင်ချမ်းသာသော လောကစည်းစိမ်ကို ခံစားနိုင်အောင် ထောက်ပံ့ပေးမည်ဟု ဟွမ်ရှ တွေးထားခဲ့သည်။
သို့သော် မထင်ထားစွာပင် ထိုတပည့်က လျိုဖန်း၏အချစ်တော် ဖန်းကျန့်ကို ရိုက်နှက်ထားကာ သူ့ကိုအကြီးကြီး အောင်မြင်စေခဲ့သည်။
ထို့အပြင် အနည်းငယ်တောင် ထိခိုက်ထားဟန် မရှိသော ယောင်လဲ့ထျန်း၏ အသွင်အပြင်ကြောင့် ဟွမ်ရှအကြိမ်ရေ တစ်ချို့ ထပ်မံ ကြည့်ရှုမိသွားပြန်သည်။
ယောင်လဲ့ထျန်းလည်း တကယ်ကို မထင်ခဲ့မိပေ။ ဖန်းကျန့်က ဆရာဖြစ်သူဆီ အပြေးသွားပြီး ငိုယိုကာ တိုင်ကြွေးမည်ဟု ယောင်လဲ့ထျန်း တကယ် မမျှော်လင့်ခဲ့မိတာ ဖြစ်သည်။
ဟွမ်ရှ၏ စူးရှသော အကြည့်ကို လက်ခံလိုက်ရသောကြောင့် အပြစ်ပေးခံရမည့်အကြောင်း တွေးရင်း ယောင်လဲ့ထျန်း ရင်ထိတ်လာတော့သည်။ ထို့ကြောင့် အမှန်တိုင်းဝန်ခံဖို့သာ ဆုံးဖြတ်လိုက်တော့၏။
“ဆရာ့ကိုတင်ပြပါတယ်.. ဖန်းကျန့်ကို ရိုက်လိုက်တာ ကျွန်တော်ပါ”
ထိုစကားကို ကြားသည်နှင့် တပည့်များအားလုံး မှင်သက်သွားကြပြီး ယောင်လဲ့ထျန်းကို သူရဲတစ်ကောင်လို ပြူးပြဲကြည့်လိုက်ကြသည်။
အမှန်တော့ ထိုတုံ့ပြန်မှုမှာ အံ့သြစရာမရှိပါချေ။ ယောင်လဲ့ထျန်းဆိုတာ အကုန်လုံးအမြင်မှာ အသုံးကျသူတစ်ယောက် မဟုတ်ခဲ့ဘူး။ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်ကို ရောက်နိုင်ဖို့အတွက် တစ်နှစ်ခွဲ အချိန်ယူခဲ့ရပြီး အဆင့်ထပ်မတက်နိုင်ခဲ့ပေ။ ထိုမှစပြီး အစေခံ တာဝန်အားလုံးကို သိမ်းကြုံး လုပ်ခဲ့ရသည်မလား။
ယောင်လဲ့ထျန်းလို အနိမ့်ဆုံးပါရမီက ဂိုဏ်းတစ်ခုလုံးမှာ မရှိသလောက်နည်းပါးသည်။ ယောင်လဲ့ထျန်းကို ဆရာတူတပည့်အဖြစ် ရထားသောကြောင့် အကုန်လုံးစိတ်ထဲမှ ရှက်ခဲ့ကြသည်ပင်။
ယောင်လဲ့ထျန်းက အတွင်းတပည့်ရွေးချယ်ရေး.အခမ်းအနား အတွက် စာရင်းပေးကြောင်း သတင်းကြားရတော့ အကုန်လုံး တပြိုင်နက်ထဲ တွေးခဲ့ကြသည်။ ယောင်လဲ့ထျန်း ရူးသွားတာပဲ ဖြစ်ရမည်ဟူ၍ပင်။
အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားအတွင်းမှာ လက်ရွေးစင်တွေကြားထဲ သေချာပေါက် သေဆုံးရပေလိမ့်မည်။ ယောင်လဲ့ထျန်းက သေလမ်းရှာနေတာပင်။
ထို့ကြောင့် ဖန်းကျန့်က ယောင်လဲ့ထျန်းနှင့် စာရင်းရှင်းဖို့ရန် လိုက်ရှာနေကြောင်း ကြားရတော့ အကုန်လုံး ယောင်လဲ့ထျန်းအတွက် ပျော်ရွှင်ပေးခဲ့ကြသည်။
ယောင်လဲ့ထျန်း ကောင်းကောင်း အရိုက်ခံရဖို့ မျှော်လင့်ထားကြပေမဲ့ အဆုံးမှာ ဖန်းကျန့်ပဲ ဒဏ်ရာဗလပွနှင့် ရောက်လာခဲ့လေ၏။ ယောင်လဲ့ထျန်းကို တစ်လျှောက်လုံး အထင်သေးခဲ့သော ဆရာတူအကိုတွေ၏ ကမ္ဘာကြီးအပေါ် အမြင်က ရုတ်ချည်း ကွဲကြေသွားလေတော့သည်။
လင်ရှောင်ဖန်းနှင့် ရှကျန့်ပင် မနေနိုင်အောင် အံ့သြသွားခဲ့သည်။ ယောင်လဲ့ထျန်းက အဘယ်ကြောင့် အခုလောက် သန်မာလာမည်နည်း။ ဒါအဓိပ္ပါယ် မရှိပါချေ။
ထိုထဲမှ ဆရာတူအကို လင်ရှောင်ဖန်းက ပိုမယုံနိုင်ခဲ့ပေ။ ယောင်လဲ့ထျန်းကို ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်အထိ ရောက်လာအောင် သူက သင်ပြပေးခဲ့ရလေရာ၊ ယောင်လဲ့ထျန်း၏ အရည်အချင်းကို သူ ကောင်းကောင်းသိသည်။
ထိုအကြောင်းအရင်းကြောင့်ပင် ယောင်လဲ့ထျန်း၏ ဝန်ခံစကားကို လင်ရှောင်ဖန်း ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပေ။
ဖန်းကျန့်ဆိုတာ ဘယ်သူမလို့လဲ.. ချီအသွင်ပြောင်းခြင်းနယ်ပယ်ရှိသော ကျားဆယ်ကောင်အဖွဲ့၏ ခုနှစ်ယောက်မြှောက်က ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ယောင်လဲ့ထျန်း၏ လက်အောက်မှာ ရှုံးနိမ့်သွားသည်..ထို့အပြင် ယောင်လဲ့ထျန်းက ဒဏ်ရာလေးတစ်ခုတောင် မရခဲ့ဘူး.. ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
“ညီလေးယောင်.. စကားကို ပြောချင်သလို ပြောလို့မရဘူး” လင်ရှောင်ဖန်း သတိပေးလိုက်သည်။
“ မင်းတစ်ကယ်ပဲ ဖန်းကျန့်နဲ့ တိုက်ခိုက်ခဲ့တာလား” ဟွမ်ရှကလည်း ယောင်လဲ့ထျန်းကိုပဲ စိုက်ကြည့်နေရင်း မေးခွန်းထုတ်လိုက်သည်။
“ဟုတ်တယ်.. ဖန်းကျန့်ဒီလိုဖြစ်အောင် ကျွန်တော် လုပ်လိုက်တာပါ”
ဟွမ်ရှ က ဆက်လက်ကာကွယ်ပေးဖို့ မျှော်လင့်ရင်း ယောင်လဲ့ထျန်း အမှန်တိုင်း ပြောပြလိုက်သည်။
“မနေ့က ကျွန်တော် အိပ်မပျော်တော့ အပြင်ကိုလမ်းလျှောက်ထွက်ခဲ့တယ်။ သဘာဝတရားကြီးကို ကြည့်ရှုရင်း ကျွန်တော့်ရဲ့ ကျင့်ကြံမှုပိုင်းမှာ အမြင်တိုးတက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ပေါ့ဗျာ။ ဒါပေမဲ့ လုချီနေတဲ့ သစ်တောအနီးကို ရောက်တဲ့အချိန်မှာ ကျွန်တော့်ကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်ရှိမှန်း သတိထားမိလိုက်တာပဲ.. မိန်းကလေးတစ်ယောက်ရဲ့ နေအိမ်အနီးမှာ ဖြစ်နေတော့ အဲ့ဒီလူရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို မှန်းဆမိပြီး ကျွန်တော်ကအရင် စတိုက်ခိုက်ခဲ့လိုက်တယ်။ နောက်မှ အဲ့ဒါက ဖန်းကျန့်မှန်း သိခဲ့တာပါ”