← Chapters

အတွင်းတပည့်ရွေးချယ်ရေး ပြိုင်ပွဲ

Vol. 3 Ch. 28

အတွင်းတပည့်ရွေးချယ်ရေး ပြိုင်ပွဲ

Vol. 3 Ch. 28

ဟွမ်ရှက ယောင်လဲ့ထျန်း၏ အရှိန်အဝါကို ပိတ်သိမ်းလိုက်သည်။ တစ်ချိန်ထဲမှာ ယောင်လဲ့ထျန်းကို ကျောက်စိမ်းပြားတစ်ခုပါ ပေးလိုက်သည်။ ထိုသို့ဆိုပါက အပြင်လူများအနေနှင့် ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုကို ချီအသွင်ပြောင်းခြင်းနယ်ပယ် အနိမ့်ပိုင်းအဆင့် အဖြစ်သာ မြင်ကြလိမ့်မည်။ အရင်ကထက် သန်မာသွားသော်လည်း သံသယများဖွယ် အခြေအနေများကို မဖြစ်ပေါ်စေနိုင်ချေ။

ပြီးသည်နှင့် ဟွမ်ရှက ယောင်လဲ့ထျန်းကို သီးသန့်သင်ကြားပေးခဲ့သည်။ အထက်အမတဘုံဂိုဏ်း၏ ကိုယ်ခံပညာရပ်များအပြင် ဒြပ်စင်ငါးမျိုးလက်သီးသိုင်း၊ ပေါ့ပါးသောခြေလှမ်းသိုင်းနှင့် ပုံရိပ်ယောင်လက်ဝါးသိုင်းကို သင်ပေးခဲ့သည်။

ပေါ့ပါးသောခြေလှမ်းသိုင်းက သင်ယူဖို့ လွယ်ကူသလောက် ​ဒြပ်စင်ငါးမျိုး လက်သီးသိုင်းနှင့် ပုံရိပ်ယောင်လက်ဝါးသိုင်းက လွယ်ကူသည့် ကျင့်စဥ်များ မဟုတ်ပေ။

ပုံရိပ်ယောင်လက်ဝါးသိုင်းက အဆင့်နိမ့်ကျင့်စဥ် တစ်ခုဖြစ်သော်လည်း မှော်စွမ်းအင်အများအပြား လိုအပ်သည့်အပြင် ထိုစွမ်းအင်ကို ကောင်းမွန်စွာထိန်းချုပ်တတ်မှ အသုံးပြုနိုင်သည်။

ကောင်းကင်နှင့်မြေကြီးကြားက စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူပြီး မှော်စွမ်းအင်းကို ကြားခံအဖြစ် အသုံးပြုကာ ပုံရိပ်ယောင် လက်ဝါးတစ်ခုကို ဖန်တီးရသည်။ လက်ဝါးကိုဖန်တီးနိုင်လျှင်တောင်မှ လိုသလို လှုပ်ရှားရန် ခိုင်းစေခြင်းက နောက်ထပ် စိန်ခေါ်မှုတစ်ခုပါပေ။

အထက်အမတဘုံဂိုဏ်း၏ တပည့်အများစုက ထိုပုံရိပ်ယောင်လက်ဝါးသိုင်းကို လေ့ကျင့်ခဲ့သော်လည်း လူနည်းစုသာ ကျွမ်းကျင်ကြသည်။ ကျန်သောသူများက အခက်အခဲများကို မတောင့်ခံနိုင်၍ လက်လျော့လိုက်ကြသူများပင်။

ပုံရိပ်ယောင်လက်ဝါးသိုင်းက အလွန်အကျိုးထူးသော သိုင်းတစ်ခု ဖြစ်ပေမဲ့ မသုံးတတ်လျှင်တော့ အသုံးမဝင်ပေ။ ထို့ကြောင့်ပင် ပုံရိပ်ယောင်လ​က်ဝါးသိုင်း၏ အကျိုးအများစုက ဒဏ္ဍာရီတစ်ခုလို တည်ရှိနေခဲ့သည်။ လေ့ကျင့်သူအများကြီးထဲက ဘယ်သူကမှ ထိုသိုင်းကို အပြည့်အဝ အသုံးမချနိုင်ကြပေ။

အများစုသည် ပုံရိပ်ယောင်လက်ဝါးသိုင်းကို လေ့ကျင့်မည့်အစား ထိုအချိန်များကို တစ်ခြားလွယ်ကူသော သိုင်းကျင့်စဥ်များအတွက်သာ အသုံးပြုလိုက်ကြတော့သည်။

သို့သော် ထိုအရာတွေက ယောင်လဲ့ထျန်းအတွက် ပြဿနာ မဟုတ်ခဲ့ပေ။ သူ့ထံတွင် ပုံရိပ်ယောင်လက်ဝါးကို စိတ်ကြိုက် အသုံးပြုစေရန် လုံ​လောက်သော မှော်စွမ်းအင်များရှိသည်။ ထို့အပြင် သူက တိကျစွာ ထိန်းချုပ်နိုင်ဖို့မျှော်လင့်ထားသည်။ ပုံရိပ်ယောင်လက်ဝါးကို အသုံးပြုပြီး တိုက်ခိုက်နိုင်ရန်ထက် အတွင်းမှော်စွမ်းအင်ကို တိကျစွာ ထိန်းချုပ်နိုင်ခြင်းက ယောင်လဲ့ထျန်းအတွက် ပိုပြီးအရေးကြီးလေသည်။

ဒြပ်စင်ငါးမျိုးလက်သီးသိုင်းက သာမာန် ကိုယ်ခံပညာတစ်ခုနှင့် ပိုဆင်တူသည်။

ကျင့်ကြံရေးလောကတွင် သိုင်းကျင့်စဥ်နှင့် ကိုယ်ခံပညာသည် အလွန်ကွဲပြားသည်။ သိုင်းကျင့်စဥ်သည် နတ်အာရုံကို အသုံးပြု၍ ကောင်းကင်နှင့်မြေကြီးကြားက စိတ်ဝိညာဥ်စွမ်းအင်ကို ဆက်သွယ်ကာ မှော်စွမ်းအင်ကို ကြားခံအဖြစ် အသုံးပြုပြီး ထိုစိတ်ဝိညာဥ်စွမ်းအင်ကို ဆွဲယူကာ တိုက်ခိုက်သည်။ ကိုယ်ခံပညာသည် ရုပ်ပိုင်းဆိုင်ရာ သန်မာမှုအတွက်သာ ဖြစ်ပြီး အနီးကပ်တိုက်ခိုက်ရာတွင် သုံးသည်။

ကိုယ်ခံပညာနှင့် သိုင်းကျင့်စဥ်တွင် ဘယ်သူကမှ သာလွန်သည်ဟူ၍ မရှိပေ။ ယောင်လဲ့ထျန်းကို ဒြပ်စင်ငါးမျိုးလက်သီးသိုင်း သင်ပေးလိုက်တာကလည်း ယောင်လဲ့ထျန်း၏ သန်မာသော ကိုယ်ခန္ဓာကြောင့် အားသာချက်ပေါ်မူတည်ပြီး သင်ပြပေးလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ကိုယ်ခန္ဓာကို အထူးလေ့ကျင့်ထားသော လျိုဖန်း၏ တပည့် ဖန်းကျန့်ကို ယှဥ်ပြိုင်နိုင်ရန်အတွက်လည်း ဖြစ်သည်။

လျိုဖန်း က ပြတ်ပြတ်သားသား ကြေညာထားမှတော့ ဟွမ်ရှကလည်း လက်မလျော့ချင်ပေ။ ပြိုင်ပွဲအတွင်း၌ ယောင်လဲ့ထျန်းက ဖန်းကျန့်ကို အပြတ်သတ် အနိုင်ယူနိုင်ဖို့ မျှော်လင့်ထားသည်။

ယောင်လဲ့ထျန်းအတွက်တော့ ဒြပ်စင်ငါးမျိုးလက်သီးသိုင်း၏ တိုက်ကွက်များက ဒုတိယအနေအထားဖြစ်သည်။ သူ့၏ အာရုံကို ဖမ်းစားသွားခဲ့တာက ကောင်းကင်နှင့်မြေကြီးကြားက ဒြပ်စင်ငါးမျိုး၏ စိတ်ဝိညာဥ် အစွမ်းကိုစုပ်ယူပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သော အချက်ပင်။

စိတ်ဝိညာဥ်စွမ်းအင်ကို ယင်စွမ်းအင်၊ ယန်စွမ်းအင်နှင့် ဒြပ်စင်ငါးမျိုးအဖြစ် ခွဲနိုင်သည်။ ယောင်လဲ့ထျန်းသည် ထွက်လာမည့်လက်သီး၏ အစွမ်းကို ဂရုမစိုက်ပါသော်လည်း ပေါင်းစည်းသည့် ဖြစ်စဥ်ပိုင်းကို အထူးအာရုံထားလိုက်သည်။ စစ်နတ်ဘုရားသိုင်းကျမ်း၏ ကိုယ်ခံပညာ တိုက်ကွက်များတွင်လည်း ဒြပ်စင်ငါးမျိုးအစွမ်းကို ပေါင်းစပ်တိုက်ခိုက် နိုင်မလား သိချင်မိလာ၍ပင်။

ယောင်လဲ့ထျန်း လေ့ကျင့်နေစဥ်မှာ လျိုဖန်းကလည်း ဖန်းကျန့်၏ သန်မာမှုကို တိုးမြင့်ပေးခဲ့သည်။

ဟွမ်ရှ၏ ခြံဝန်းမှ ပြန်ရောက်သည်နှင့် လျိုဖန်းက ထိုနှစ်ယောက်ကြားက ကိစ္စကို အသေးစိတ်မေးမြန်းခဲ့သည်။ ယောင်လဲ့ထျန်း၏ စွမ်းရည်ကို လျစ်လျူရှုခဲ့သော ဖန်းကျန့်ကို ဆူပူခဲ့သော်လည်း တစ်ချိန်ထဲမှာပင် သူ၏ တပည့်က ယောင်လဲ့ထျန်းကို အနိုင်ယူနိုင်ပါ့မလား စိတ်ပူမိသွားပြန်၏။

မူလက တပည့်များကြားတွင်သာ ရှိသော သေးငယ်သည့် ကတောက်ကဆ တစ်ခုသာ ဖြစ်ပါသော်လည်း အခုမှာ သူကော ဟွမ်ရှပါ ပတ်သတ်လာခဲ့မိပြီ။

ယောင်လဲ့ထျန်းက ဖန်းကျန့်ကို စုတ်ပြတ်သတ်အောင် ရိုက်နှက်ခဲ့ပေမဲ့လည်း ဒါကို လူနည်းစုသာ သိခဲ့ကြသည်။ အကယ်၍ ပြိုင်ပွဲကြီးမှာသာ လူသိရှင်ကြား ရှုံးနိမ့်ခဲ့လျှင် ထိုအခါမှာတော့ သူစစ်မှန်စွာ အရှက်ကွဲရမည်ပင်။

ထို့ကြောင့် ဖန်းကျန့် သေချာပေါက် အနိုင်ရစေရန်အတွက် လျိုဖန်းက လျို့ဝှက်သိုင်းတစ်ခုကို အသုံးပြုပြီး ဖန်းကျန့်၏ ပါရမီကိုစုဆောင်းကာ ကျင့်ကြံမှုကို အတင်းအကျပ် မြင့်တင့်တော့၏။

ဖန်းကျန့်၏ အခြေခံပျက်ဆီးသွားသည် ဖြစ်စေ၊ အနာဂတ်တွင် ကျင့်ကြံမှုတိုးတက်ဖို့ ခဲယဥ်းသွားမည်ဖြစ်စေ၊ လျိုဖန်း ဂရုမစိုက်ပါချေ။

ပြိုင်ပွဲမှာ ဖန်းကျန့် ရှုံးနိမ့်သွားသည်နှင့် ယောင်လဲ့ထျန်း၏ လက်ထဲ သေဆုံးသွားပေလိမ့်မည်။ သေရေးရှင်ရေးကိစ္စမှာ ဖန်းကျန့်၏ အနာဂတ်ကို သူအဘယ်မှာ ဂရုစိုက်အားမည်နည်း။ ထို့အပြင် တကယ်ပဲ ခက်ခဲသွားခဲ့လျှင်တောင် ဘာဖြစ်ပါသလဲ။ ဆရာဖြစ်သူအတွက် တပည့်တစ်ယောက်က အနည်းငယ်စတေးသင့်တာ ပုံမှန်ပဲမလား။

“ဟွမ်ရှ၊ ဘယ်သူအရှက်ကွဲမလဲ စောင့်ကြည့်လိုက်စမ်းပါ”

လျိုဖန်း၏ မြင့်တင်မှုနှင့်အတူ အဖိုးတန်ဆေးဝါးများစွာကိုလည်း အသုံးပြုပေး ခဲ့ခြင်းကြောင့် ဖန်းကျန့်၏ ကျင့်ကြံမှုက ခုန်တက်လာပြီး အဆုံးမှာ ချီအသွင်ပြောင်းခြင်းနယ်ပယ်ကနေ အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် အနိမ့်ပိုင်းအဆင့်ကို ရောက်လာခဲ့သည်။

“ဟွမ်ရှ၊ မင်းကများငါ့ကို စိန်ခေါ်ရဲတယ်။ မင်းရဲ့တပည့် ယောင်လဲ့ထျန်းကို မြုပ်စရာနေရာ မရှိတဲ့အထိ ငါအနိုင်ကျင့်ခိုင်း ပြမယ်ကွ။ အဲ့ကျမှ အရှက်ရမှုနဲ့ သိက္ခာကျမှုကို မင်းတဝ​ကြီး ခံစားပေတော့”

အင်အားကြီး အရှိန်အဝါတို့ လျှံထွက်နေသော ဖန်းကျန့်ကို ကြည့်နေရင်း လျိုဖန်း၏ ယုံကြည်ချက်တို့ မြင့်မားလာခဲ့သည်။

ထိုသို့ဖြင့် အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး လဝက်ကျော်သွားကာ အတွင်းတပည့်ရွေးချယ်ရေး ပြိုင်ပွဲကြီး စတင်လာခဲ့သည်။

ပြိုင်ပွဲကြီးကို အတွင်းခန်းမနှင့် အပြင်ခန်းမကြားက ကျားကွက်တောင်ပေါ်တွင် ကျင်းပခဲ့သည်။

ရှေးအခါက အမတအရှင်များသည် ထိုတောင်ကို ကျားကွက်ခုံအဖြစ် အသုံးပြုခဲ့သည်ဟု ဒဏ္ဍာရီအရ အဆိုရှိလေသည်။ အတည်ပြုစရာ စာလိပ်များ မရှိပါသော်လည်း မက်စောက်သော တောင်ထိပ်၏ အပေါ်မျက်နှာပြင်သည် မီတာပေါင်းများစွာ အပြားလိုက်ရှိနေပြီး ကန့်လန့်ဖြတ်မျဥ်းကြောင်းပုံစံ အမြှောင်းကြီးများလည်း ရှိနေသလို စစ်တုရင် နယ်ရုပ်များပုံစံ ကျောက်တုံးချွန်ချွန် ကြီးများပါ ရှိနေလေရာ၊ ထိုဒဏ္ဍာရီက အမှန်ဖြစ်ဟန် ရှိသည်။

အတွင်းတပည့်ရွေးချယ်ရေး ပြိုင်ပွဲက အထက်အမတဘုံဂိုဏ်း၏ ငါးနှစ်တစ်ကြိမ် ကျင်းပသော ပွဲတစ်ခုဖြစ်သည့်အလျောက် များစွာသော အာရုံစိုက်မှုများကို စွဲဆောင် နိုင်ခဲ့သည်။ အပြင်တပည့်အားလုံးနီးပါး ပွဲလာကြည့်ကြသည့်အပြင် အတွင်းတပည့် အများစုလည်း အခြေအနေကို လေ့လာရန် ခိုးထွက်လာခဲ့ကြသည်။

ယခုအခေါက် ပြိုင်ပွဲမှ ရွေးချယ်မည့်အတွင်းတပည့်သည် ယခင်အခေါက်များထက် ပိုများသောကြောင့် တတ်နိုင်သလောက် မြန်မြန်ပြီးမြှောက်သွားစေရန် အပြင်ခန်းမ အကြီးအကဲများနှင့် ဆရာတော်များ စုဝေးပြီး စည်းမျဥ်းများကို ပြုပြင်ခဲ့ကြသည်။

တပည့်များယှဥ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲကွင်းပြင်ဆယ်ခု သတ်မှတ်ပေးခဲ့ပြီး ကွင်းပြင်တစ်ခုစီ၏ ထိပ်သီးသုံးယောက်က အတွင်းတပည့် ဖြစ်လာမည်ပင်။ လီရို့ရွှယ်နှင့် ကျားဆယ်ကောင် အဖွဲ့ကတော့ သေချာနေသည့် အတွင်းတပည့်များဟု ပြော၍ရသည့်အတွက် အဆင့်ဆင့်ပြိုင်ရမည့် ပွဲစဥ်များတွင် သူတို့ကို နောက်ဆုံးပွဲစဥ်အထိ တိုက်ရိုက်တိုးမြှင့်ပေးခဲ့ကြသည်။

ယှဥ်ပြိုင်ကြသော တပည့်တိုင်းလည်း ထိုအချက်ကို မငြင်းနိုင်ကြပေ။ ကျားဆယ်ကောင်နှင့် လီရို့ရွှယ်၏ ထူးချွန်သော အရည်အချင်းကြောင့် သူတို့သာ အစောပိုင်းပွဲစဥ်များတွင် မပါလျှင် ကျန်သောသူများအတွက်လည်း သက်သာရာရသည်။

ယောင်လဲ့ထျန်းလည်း.ဘာမှမပြောခဲ့ဘူး။ သူ၏ သန်မာမှုက နောက်ဆုံးအထိ အနိုင်ရဖို့ သေချာပြီးသည့်အတွက် စီမံရေးခန်းမ၏ စီစဥ်မှုက မျှတသည်ဖြစ်စေ၊ မမျှတဘူးဖြစ်စေ သူနှင့် မသက်ဆိုင်တော့ဘူးလေ။

ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် တရားမျှတမှုဆိုတာ တကယ်မတည်ရှိသော အရာပင်။ စည်းကမ်းဆိုတာ အပေါ်ယံသာဖြစ်ပြီး အဆုံးမှာတော့ သန်မာမှုကသာ အနိုင်ရပေလိမ့်မည်။

တောင်ထိပ်ကို ရောက်သည်နှင့် ကိုးခုမြောက် ကွင်းပြင်တွင် နေရာကျသည်ကို ယောင်လဲ့ထျန်း ရှာတွေ့လိုက်သည်။ ကံကြမ္မာပေလားမသိ၊ ကိုးခုမြောက်ကွင်းပြင်၏ ထိပ်သီးယှဥ်ပြိုင်သူက ဖန်းကျန့်ဖြစ်ပြီး သူ့နောက်က ဖန့်ဟောင်၏ နံပါတ်တစ်ခွေး မြောင်လိ ဖြစ်သည်။

တစ်ချိန်ထဲမှာပဲ ကြေညာစာထဲရှိ ရင်းနီးသော်လည်း မထင်ထားသော နာမည်တစ်ခုကို ယောင်လဲ့ထျန်း တွေ့လိုက်သည်။ လုချီ…သူမက ငါးခုမြောက် ကွင်းပြင်တွင် ကျသည်။

“လဲ့ထျန်း”

ယောင်လဲ့ထျန်း အတွေးလွန်နေစဥ်မှာပဲ မွှေးရနံ့တစ်ခုက သူ့နှာခေါင်းဝကို ကျီစယ်သွားခဲ့ပြီး တောက်ပသော အပြုံးလေးနှင့် လုချီက သူ့ဘေးရောက်လာခဲ့သည်။

“ မင်းကော ဒီတစ်ခေါက် ပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား”

ယောင်လဲ့ထျန်း အံ့သြစွာမေးလိုက်သည်။ သူမ၏ အရည်အချင်းကို သံသယဝင်တာ မဟုတ်သော်လည်း သူမ၏ ရောဂါက ပြင်းထန်သော တိုက်ပွဲဒဏ်ကို ခံနိုင်ရည်မရှိမှာ စိတ်ပူမိသောကြောင့်ပင်။

“လဲ့ထျန်းတောင် ဝင်ပြိုင်မှတော့ ငါက နေခဲ့စရာလား” လုချီက အပြုံးတစ်ခုနှင့် ဆက်ရှင်းပြသည်။

“နင်အရင်တစ်ခေါက် လပြည့်ညမှာ ငါ့ကို ကူညီပေးပြီးထဲက ငါ့ရဲ့အခြေအနေက တော်တော်လေး ကောင်းမွန်လာခဲ့တယ်။ ကျင့်ကြံမှုကလဲ မြန်လာတော့ မနေ့ညကပဲ ချီအသွင်ပြောင်းခြင်းနယ်ပယ် ထိပ်သီးအဆင့်ကို အဆင့်တက်သွားခဲ့တာ။ အဲ့ဒါနဲ့ ဆရာကလဲ ငါ့ကိုဝင်ပြိုင်သင့်တယ် ပြောတယ်လေ။ ငါ ထပ်အတိုက်ခိုက်ခံရရင်တောင်မှ နင်ရှိနေရင် စိတ်ပူစရာ မလိုတော့ဘူးတဲ့”

“တကယ်ကြီး မင်းရဲ့ဆရာက အဲ့လိုပြောတာလား” ယောင်လဲ့ထျန်း ကူကယ်ရာမဲ့စွာ ခပ်ဖွဖွ ပြုံးလိုက်သည်။ ယောင်လဲ့ထျန်းသည် သူ့အကြောင်းကို လူအများမသိစေချင်သေးပေ။ ဟွမ်ရှနှင့် လူချီအပြင် အခု ဟွာမန်ထန်းကပါ သိသွားသည့်အတွက် အနည်းငယ် မသက်မသာ ဖြစ်သွားတော့သည်။

“စိတ်မပူပါနဲ့။ နင်ငါ့ကိုခွင့်မပြုသရွေ့ ငါဆရာ့ကို အမှန်တိုင်းမပြောပါဘူး”

ယောင်လဲ့ထျန်း၏ တုံ့ပြန်ပုံကြောင့် လုချီ စနောက်စွာ ပြုံးလိုက်သည်။ သူမက တဆတ်ထဲမှာ တွေးလိုက်၏။

ဘယ်သူနင့်ကို ငါ့ဆီကနေ ဖုံးကွယ်ခိုင်းလို့လဲ။ နင့်ကိုအပြစ်ပေးတဲ့အနေနဲ့ သေချာပေါက် အခုလို လန့်အောင်မလုပ်ရင် ဘယ်မျှတပါတော့မလဲ ဟုတ်တယ်မလား။

ယောင်လဲ့ထျန်း အနည်းငယ် စိတ်သက်သာရာ ရသွားချိန်မှပဲ လုချီက ဆက်ပြောလိုက်သည်။

“တကယ်တော့ ဆရာငါ့ကို အတွင်းခန်းမထဲ ဝင်ခိုင်းဖို့ စဥ်းစားနေတာ ကြာပြီတဲ့။ ငါ့ရဲ့ ရောဂါက ပိုပိုဆိုးလာတော့ ဆရာက သူ မနိုင်တော့မှာ စိုးနေတာ။ အတွင်းခန်းမမှာဆို အကြီးအကဲဟွာက ဂရုစိုက်ပေးလို့ရတယ်။ ဒါကြောင့် လဲ့ထျန်း.. နင်လဲ ရှိနေတုန်း ငါတစ်ခါထဲ လာခဲ့လိုက်တာပဲ”

“အင်း..” ယောင်လဲ့ထျန်း ပြုံးလိုက်လေကာ

“ဒီလိုဆိုမှတော့ ငါတို့အတူတူ အတွင်းခန်းမကို ဝင်ကြတာပေါ့”

“ဟဟ၊ တစ်ယောက်က ဆယ့်နာရာသီ ဖျားနာနေတဲ့ အုံနာကျိုးကန်း၊ နောက်တစ်ယောက်က အမှိုက်ကောင်အစေခံ.. အဲ့နှစ်ယောက်က အတွင်းခန်းမထဲ ဝင်ဖို့ ပြောနေကြတယ်တဲ့.. နေ့ခင်းကြီး အိပ်မက်မက်နေတာ ရပ်လိုက်တော့”

ထိုအချိန်မှာပဲ ကျယ်လောင်လွန်းသော ရယ်သံတစ်ခုနှင့်အတူ လူတစ်စု ချဥ်းကပ်လာခဲ့သည်။ ထိုထဲက ခေါင်းဆောင်က လီရို့ရွှယ်ဖြစ်ပြီး ပြောလိုက်သူက သူမဘေးက ဖန်းကျန့်ပင်။

လဝက်ကုန်ဆုံးသွားသည့်အတွက် ယောင်လဲ့ထျန်း ပေးထားသော ဖန်းကျန့်၏ မျက်နှာပေါ်က ဒဏ်ရာများက ပျောက်ကွယ်သွားလေပြီ။ ဖန်းကျန့်၏ ပုံစံက အရင်လို သနားကမားမဟုတ်တော့ဘဲ တောက်ပနေ၏။ ယနေ့မှာ ရွှေရောင်ဝတ်ရုံကိုပါ ဝတ်ဆင်ထားသည့်အတွက် လေတိုက်တိုင်း တဖြတ်ဖြတ်လွင့်နေသော ဝတ်ရုံစကြောင့် ဖန်းကျန့်က မျက်စိကျိန်းလောက်အောင် တောက်ပနေခဲ့သည်။

အထူးခြားဆုံးကတော့ ဖန်းကျန့် ထုတ်လွှတ်နေသည့် အင်အားကြီး အရှိန်အဝါ ဖြစ်သည်။ သူသည် နောက်လိုက်တစ်ယောက်လို လီရို့ရွှယ် ဘေးတွင် ရပ်နေခဲ့ပြီး ဖန့်ဟောင်လိုမျိုး အရပ်မရှည်၊ မထင်ပေါ်သည့်တိုင်အောင်၊ ယနေ့မှာတော့ သူက မျက်စိဖမ်းအစားဆုံး ဇာတ်ကောင်.ဖြစ်နေလေ၏။

All Chapters