ကံကောင်းမှု
Vol. 3 Ch. 29
ကျင့်ကြံသူများသည် ကိုယ်တွင်းစွမ်းအင်၊ စိတ်နှလုံးနှင့် ပါရမီိကို ပေါင်းစည်း၍ အပြင်ဘက်တွင် အရှိန်အဝါကို ဖော်ထုတ်ကြသည်။ ပေါများလာသည့် မှော်စွမ်းအင်နှင့် ခိုင်မာသော စိတ်ခွန်အား ရှိလာပြီး သွေးတွင်းစွမ်းအင် မြင့်တက်လာပါက ထိုသူ၏ အရှိန်အဝါသည် အလိုအလျောက် အားကောင်းလာသည်။ သေချာဖုံးကွယ်ထားတာ မဟုတ်လျှင် လူတစ်ယောက်၏ ခန္ဓာကိုယ်က ထုတ်လွှတ်နေသော အရှိန်အဝါကို အာရုံခံပြီး ထိုသူ၏ သန်မာမှုကို မှန်းဆ၍ ရနိုင်လေသည်။
ယောင်လဲ့ထျန်း၏ စူးရှသော အမြင်အာရုံ အောက်တွင် ဖန်းကျန့်၏ အတွင်းစွမ်းအင်စုသည်းခြင်း နယ်ပယ် အနိမ့်ပိုင်းအဆင့်ကို ရောက်လာပြီဖြစ်သော သန်မာမှုကို မြင်တွေ့နိုင်ပါသည်။ အတွင်းခန်းမရွေးချယ်ရေး ပြိုင်ပွဲအတွင်းတွင် ဖန်းကျန့်၏ သန်မာမှုက သေချာပေါက် မနိမ့်ကျပေ။
သို့သော် ဖန်းကျန့်၏ အရှိန်အဝါက ဘယ်လိုပဲ အင်အားကြီးပုံ ပေါက်နေပါစေ၊ တစ်ချိန်ထဲမှာ အတုအယောင်ဆန်ပြီး ပျံ့ကျဲနေကာ ကောင်းမွန်စွာ မဖွဲ့စည်းထားရမှန်း မြင်နိုင်သည်။ ဒါက ကျင့်ကြံမှုကို အတင်းအကျပ် တိုးမြှင့်ထား၍ ဖြစ်လာခြင်းပေ။ ကောင်းကင်ယံပေါ်က တိမ်စိုင်များလိုပဲ.. ကြီးမားပြီး ထင်သာသော်ငြား ဖျက်ဆီးနိုင်စွမ်းက သစ်ကြားသီးအရွယ် မိုးသီးများလောက်ပင် ပြင်းထန်မည် မထင်ချေ။
ဖန်းကျန့်က ယောင်လဲ့ထျန်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါချေ။ သူတို့နှစ်ယောက်လုံး၏ ကျင့်ကြံမှုက အတွင်းစွမ်းအင်စုစည်းခြင်း နယ်ပယ်တွင် ရှိနေလျှင်တောင်မှ သူ့ထက်များစွာ နိမ့်ကျသော အခြေခံကြောင့် အနည်းငယ်တောင် ကြောက်ဖို့မလိုအပ်ခဲ့ပေ။
“ဟာသပဲ..ကျုပ်နဲ့ လုချီနဲ့ စကားပြောနေတာ မင်းတို့နဲ့ ဘာဆိုင်လဲ။ မင်းတို့ လုပ်စရာမရှိကြဘူးလား။ အားယားနေလား။ ဖန်းကျန့်.. မင်းကကော အရင်တစ်ခေါက် အရိုက်ခံရတာ အားမရလို့ ထပ်အရိုက်ခံချင်လို့ ကျုပ်ကိုလာဆွနေတာလား”
ဖန်းကျန့်၏.အပြုအမူကို ယောင်လဲ့ထျန်း လုံးဝ သည်းမခံခဲ့ပေ။ ဖန်းကျန့်က မာန်ဖီပြရဲမှတော့ သူ့အနေနှင့် နောက်ဆုတ်စရာလား။
“ ယောင်လဲ့ထျန်း၊ မင်းက သေခါနီးကို စောက်ချိုးမပြေသေးဘူးပေါ့..ဟမ်”
ယောင်လဲ့ထျန်း၏ စကားကို ကြားသည်နှင့် ဖန်းကျန့် သည်းမခံနိုင်စွာ လက်သီးမြှောက်ပြီး ရိုက်ဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ဖန့်ဟောင်က အလျင်အမြန်ဝင်တားရင်း အကြံပေးလာ၏။
“ညီကိုဖန်း၊ ဘာလို့များ ခဏတာဒေါသကြောင့်နဲ့ ဂိုဏ်းရဲ့စည်းကမ်းကို ဖောက်ဖျက်မှာလဲ။ မြှောင်လိက မင်းနဲ့ ပြိုင်ပွဲနေရာအတူတူပဲ။ သူခဏနေကျ မင်းကို ကူညီပေးပါလိမ့်မယ်”
“စိတ်မပူနဲ့ အကိုဖန်း၊ ကျွန်တော် အဲ့ကောင်နဲ့ မျက်နှာချင်းဆိုင်တွေ့ရတာနဲ့ သေချာပေါက် ပညာပေးလိုက်မယ်”
မြှောင်လိက ရှေ့တစ်လှမ်းတိုးပြီး ရင်ဘတ်ကို လက်နှင့်ပုတ်ကာ အာမခံလိုက်သည်။
ဖန်းကျန့်က မြှောင်လိကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်ပြီး ဘာမှမပြောခဲ့ပေ။ သူ၏ ရိုက်နှက်ခံခဲ့ရဖူးသော အတိတ်က အလွန်အရှက်ရဖွယ် ကောင်းလေရာ၊ ထိုအကြောင်းကို ထုတ်မပြောချင်ပေ။ အထူးသဖြင့် လီရို့ရွှယ် ရှေ့မှာပေါ့။
ထိုသို့ဖြင့် ယောင်လဲ့ထျန်း၏ သန်မာမှု အစစ်အမှန်ကို ဘယ်သူကမှ မသိခဲ့ကြပေ။
အကယ်၍ ယောင်လဲ့ထျန်းသာ အရင်က ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ကျင့်ကြံသူ ဆိုပါက ချီအသွင်ပြောင်းခြင်းနယ်ပယ် မြှောင်လိက သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်။
သို့သော် ပြဿနာက ယောင်လဲ့ထျန်းသည် အရင်လို မဟုတ်တော့ပေ။ သူတောင်မှ အသေအလဲ အရိုက်ခံခဲ့ရသည်ကို သာမာန်နောက်လိုက်ခွေး မြှောင်လိက အနိုင်ယူနိုင်မည်တဲ့လား။ သို့သော် ဖန်းကျန့် ဘာကိုမှ မပြောခဲ့ချေ။
အရင်က ကိစ္စများကို ဖန့်ဟောင် မသိခဲ့ဟန် ရှိသည်။ အခုလို မြှောင်လိကို ပညာပေးခိုင်းမည်ဆိုလဲ သူ့အနေနှင့် ရပ်ကြည့်နေမှာပင်။ ယောင်လဲ့ထျန်းနှင့် သူက ပြိုင်ပွဲနေရာတစ်ခုထဲ ဖြစ်သည့်အတွက် ယောင်လဲ့ထျန်းက အဆုံးမှာ သူ့ကို မဖြစ်မနေ ရင်ဆိုင်ရမည်သာ ဖြစ်သည်။
ထိုသို့တွေးလိုက်ပြီးသည်နှင့် ဖန့်ဟောင်၏ အကြံကို ဖန်းကျန့် ခေါင်းညိတ် သဘောတူလိုက်သည်။
ယောင်လဲ့ထျန်းနှင့် ဖန်းကျန့်၏ ကတောက်ကဆက ဆူညံသံမရှိသလို၊ ထိခိုက်မှုလည်း မရှိသေးချေ။ သို့သော် အနီးအနားရှိ အပြင်တပည့်များစွာ၏ အာရုံကို အပြည့်အဝ ဆွဲဆောင်ထားလေသည်။
ဒီလိုနှင့်ပဲ စိတ်ဝိညာဥ်ကျောက်တုံး ကိုယ်စီထုတ်၍ ယောင်လဲ့ထျန်း ရှုံးမည့်ဘက်မှ စတင်လောင်းကြေး ထပ်ကြတော့သည်။ တစ်ချို့ဆိုလျှင် ယောင်လဲ့ထျန်းကို ပထမပွဲစဥ်တည်းက ရှုံးနိမ့်မည်ဟု မှန်းထားကြသည်။
အများစုက ယောင်လဲ့ထျန်း ရှုံးမည့်ဘက်ကသာ လောင်းကြေးထပ်ကြသောကြောင့် ပြန်ရမည့်ငွေက အလွန်နည်းပါးလှသည်။ သို့သော် သေချာသည့် အနိုင်ရမှု ဖြစ်လေရာ၊ သေးငယ်သော အနိုင်ရမှုဆိုလျှင်တောင် အဆင်ပြေပါသည်။ ထိုသို့ဖြင့် ယောင်လဲ့ထျန်း ရှုံးမည့်ဘက်တွင် ဝိညာဥ်ကျောက်တုံး အပုံလိုက်ကြီး ဖြစ်လာခဲ့သည်။
ထိုအသက်ဝင်လှသော မြင်ကွင်းက ယောင်လဲ့ထျန်း၏ အာရုံကို ဖမ်းစားသွားသော်လည်း သူ့မှာပါဝင်ဖိို့ စိတ်ကူးမရှိပါချေ။ သူ့ကို ရှုံးမည့်ဘက်က လောင်းထားသူများကို အေးစက်စက် တစ်ချက်သာကြည့်ပြီး တွေးလိုက်သည်။
..ခဏနေကျ မင်းတို့အားလုံး ရှုံးစေရမယ်..
အထက်အမတဘုံဂိုဏ်းတွင် လောင်းကစား လုပ်ခြင်းကို မတားမြစ်ထားသည့်အတွက် လူစုလူဝေးဖြစ်နေခဲ့သည့်တိုင် အကြီးအကဲများနှင့် ဆရာတော်များကလည်း မတားမြစ်ခဲ့ကြပေ။
မကြာမီမှာပဲ ပြိုင်ပွဲချိန်စပြီဖြစ်၍ ပထမပွဲစဥ်တွင် ယှဥ်ပြိုင်ရမည့် ပြိုင်ပွဲဝင်များကို အကြီးအကဲများက မဲနှိုက်ရွေးချယ်လိုက်ကြသည်။
သို့သော် စာရင်းကြေညာပြီးသည်နှင့် ပြာပလောင်းခတ်နေသော ကွင်းပြင်ကြီးသည် ရုတ်ချည်းတိတ်ဆိတ်သွားလေသည်။ နောက်တစ်စက္ကန့်မှာပဲ စိတ်ပျက်လက်ပျက် ညည်းညူသံများ ပြည့်နှက်သွားသည်။
“ချီးပဲ… ယောင်လဲ့ထျန်းက ဘာလို့ ပထမပွဲစဥ်မှာ မပါရတာလဲ။ အဲ့ကောင် စောက်ရမ်းကံကောင်းတယ်။ ငါက သူပထမပွဲစဥ်မှာ ရှုံးမယ်လို့ လောင်းထားတာကိုကွာ.. သွားပြီ ငါ့ပိုက်ဆံတွေ ရှုံးပါပြီ”
“အေးလို့.. လူနှစ်ဆယ့်ကိုးယောက်တောင် ရှိတာကို ဒီကောင်ကျမှ ဘာကိစ္စ လွတ်သွားရတာလဲ။ ကျက်သရေကို မရှိဘူး”
“တော်ကွာ.. လူတစ်ယောက်က အမြဲတမ်း ကံကောင်းနိုင်မလား။ လာစမ်းပါ။ ဒီကောင် နောက်တစ်ပွဲမှာ ရှုံးမယ်လို့ ငါထပ်လောင်းတယ်”
“ငါရော လောင်းမယ်။ ယောင်လဲ့ထျန်းလို အရှုံးသမားကို သာမာန်တပည့်တစ်ယောက် တောင်မှ အေးဆေးအနိုင်ယူနိုင်တယ်”
….
ထိုသို့ဖြင့် လောင်းကစား နေရာတွင် ထပ်မံ အသက်ဝင်လာခဲ့ပြီး အစောပိုင်းက ရှုံးသွားသူများအားလုံးက မကျေမနပ်ဖြင့် ယောင်လဲ့ထျန်းကို ရှုံးမည့်ဘက်မှ ထပ်မံ လောင်းကြေး.ထပ်လိုက်ကြပြန်သည်။
“ယောင်လဲ့ထျန်း၊ မင်းကကံကောင်းပြီး ပထမပွဲစဥ်မှာ လွတ်သွားတယ်ပေါ့လေ။ ငါတို့သေချာပေါက် တွေ့ရအုံးမှာပါ။ ငါဘာကောင်လဲ မင်းကို သေချာပြပေးမယ်”
မြှောင်လိက ယောင်လဲ့ထျန်းကို အထင်သေးစွာ ကြည့်လိုက်ပြီး မောက်မာစွာ ပြောလိုက်လေ၏။
ထိုသို့ဖြင့် ကွင်းပြင်နေရာဆယ်ခုလုံးတွင် ပထမပွဲစဥ်ကို တပြိုင်နက်ထဲ ကျင်းပခဲ့သည်။ ယောင်လဲ့ထျန်းက လုပ်စရာ မရှိသေးသောကြောင့် လုချီကို သွားအားပေးလိုက်သည်။
လုချီ၏ ပြိုင်ဘက်က စစ်မှန်သော ချီစွမ်းအင်နယ်ပယ် အနိမ့်ပိုင်းအဆင့်သာ ရှိသည်။ ချီအသွင်ပြောင်းခြင်းနယ်ပယ် ထိပ်သီးအဆင့်ကို ရောက်နေပြီဖြစ်သော လုချီနှင့် ရင်ဆိုင်ရတော့ အလျင်အမြန်ပဲ ရှုံးနိမ့်သွားလေသည်။
“လှလိုက်တဲ့အကွက်ပဲ” လုချီကို ပထမပွဲစဥ် အနိုင်ရသည့်အတွက် ယောင်လဲ့ထျန်း လက်ခုပ်တီး ထောက်ခံရင်း တိုက်ပွဲကွင်းပြင်ထဲသို့ ပျော်ရွှင်စွာ ခုန်ဆင်းလိုက်သည်။
“ နင်နဲ့လဲ ဆိုင်ပါတယ်နော်” လုချီက ပြုံးပြုံးလေး ပြောလိုက်သည်။
“အိုး ဟုတ်လား”
“အွန်း.. နင်သာ ငါ့ရဲ့အအေးဓာတ်ကို ဖိနှိပ်ပြီး သွေးကြောတွေကို မပြင်ဆင်ပေးရင် ငါဒီတစ်ခေါက် ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အဆင့်တက်နိုင်ခဲ့မှာလဲ မဟုတ်ဘူး။ ငါအတွင်းတပည့် ဖြစ်လာရင် နင့်ကျေးဇူးအကြီးကြီး ပါလာပြီပဲ”
လုချီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ဒါဆို မင်းငါ့ကို ဘယ်လို ကျေးဇူးတင်မှာလဲ” ယောင်လဲ့ထျန်း မေးလိုက်သည်။
“အယ်..အဲ့ဒါတော့ ငါသေချာ မတွေးရသေးဘူး။ နင် အဲ့ကျ သိရမှာပေါ့”
လုချီ၏ မျက်နှာက အနည်းငယ် နီရဲသွားရင် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေသည်။
ယောင်လဲ့ထျန်းက သူမ ရှက်သွားကြောင်း.သတိထားမိသည်နှင့် ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ လုချီနှင့် အနည်းငယ်စကားပြောပြီးနောက်မှာ သူယှဥ်ပြိုင်ရမည့် တိုက်ပွဲကွင်းပြင် ရှိရာသို့ ပြန်သွားလိုက်သည်။
ထိုအချိန်တွင် မြောင်လိက တိုက်ခိုက်နေခဲ့သည်။ သိသာစွာ မြင့်မားသော မြောင်လိ၏ သန်မာမှုကြောင့် တစ်ဖက်က ပြိုင်ဘက်က လွယ်ကူစွာ ရှုံးနိမ့်သွားလေသည်။ ယောင်လဲ့ထျန်း လာကြည့်တာမြင်သည်နှင့် မြောင်လိက ရုတ်တရက် အစွမ်းများ ပေါက်ကွဲထွက်စေကာ လက်သီးသုံးချက်ကို ဆင့်ထိုးလိုက်သည်။ နဂိုတည်းက သနားစဖွယ် ကောင်းနေသော ပြိုင်ဘက်ခဗျာ အပြင်ဘက်ကို လွင့်ထွက်သွားလေသည်။
“ယောင်လဲ့ထျန်း၊ မင်းအလှည့်ကျလဲ ငါအဲ့လို ရိုက်ပြမယ်”
မြောင်လိက စင်ပေါ်က ဆင်းလိုက်ရင်း ယောင်လဲ့ထျန်းကို လှမ်းပြောလိုက်သည်။
“မြောင်လိ၊ မင်းက တကယ်ကို ခွေးကောင်းဆိုတာ ငါဝန်ခံရမယ်။ မင်းရဲ့ သခင် ဖန့်ဟောင်ကို ဖိနပ်လျပ်တဲ့နေရာမှာ ဘယ်သူမှ မင်းကို မှီမယ်မထင်ဘူး”
ယောင်လဲ့ထျန်းက အထင်သေးစွာ ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
“ဒါပေမဲ့ မင်းရဲ့ခွေးမျက်လုံးက သုံးစားမရဘူး.. ပစ်မှတ်အရွေးမှားတဲ့အတွက် မင်းမကြာခင် သေအောင် ရိုက်ခံရမယ်ဆိုတာ သိထားလိုက်တော့”
ယောင်လဲ့ထျန်း ခပ်တိုးတိုးသာ ပြောလိုက်ပေမဲ့ မြောင်လိ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါသည်။
မြောင်လိ၏ မျက်လုံးက ချက်ချင်း နီရဲသွားပြီး ယောင်လဲ့ထျန်းကို စိုက်ကြည့်လိုက်သည်။
“ကောင်းပြီလေ ကြည့်ကြသေးတာပေါ့”
ထိုသို့ဖြင့် ပထမပွဲစဥ်က မြန်ဆန်စွာ ပြီးမြှောက်သွားခဲ့ပြီး ဒုတိယပွဲစဥ်အတွက် ယှင်ပြိုင်ရမည့်သူများကို မဲနှိုက်ရွေးချယ်ခဲ့သည်။ မြောင်လိ မျှော်လင့်နေသည့်အတိုင်းပင် ယောင်လဲ့ထျန်းက သူ့ပြိုင်ဘက် ဖြစ်လာခဲ့သည်။
“ယောင်လဲ့ထျန်း၊ မင်းအခုထဲက အရှုံး ကြေညာချင်ရင် ရတယ်နော်။ မဟုတ်ရင် ကွင်းပြင်ထဲမှာဆို ငါမင်းကို သေတဲ့အထိ ရိုက်ပစ်မှာ”
စာရင်းကို မြင်သည်နှင့် မြောင်လိ၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ဖြတ်ပြေးသွားပြီး ယောင်လဲ့ထျန်း အနားကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
ဘယ်သူကမှ ထိုစကားလုံးကို အကျယ်ကြီး ထုတ်မပြောရဲကြပေ။.သို့သော် အကြီးအကဲတွေ မသိသရွေ့ အဆင်ပြေပါသည်။
အတွင်းတပည့် ရွေးချယ်ရေး ပြိုင်ပွဲတွင် သေဆုံးမှုများရှိတတ်သည်။ ပြဿနာ အကြီးကြီး မဖြစ်ပေါ်သရွေ့ တပည့်တစ်ယောက်၊ နှစ်ယောက် သေဆုံးမှုကို ဂိုဏ်းက ဂရုစိုက်မည် မဟုတ်ပေ။
“ဟေ့၊ ဝေးဝေးနေစမ်းပါ။ မင်းပါးစပ်ကြီးက နံတယ်” ယောင်လဲ့ထျန်းက တစ်လှမ်းနောက်ဆုတ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
မြောင်လိ၏ မျက်နှာက ချက်ချင်းပဲ မဲမှောင်သွားပြီး ယောင်လဲ့ထျန်းကို ကြည့်နေသော အကြည့်ထဲတွင် လူသတ်အရိပ်အငွေ့များ ပိုပြင်းထန်လာတော့သည်။
ပထမပွဲစဥ်တွင် တစ်ဝက်ရှင်းထုတ်ခံလိုက်ရသည့်အတွက် ကွင်းပြင်နေရာ တစ်ခုစီတိုင်းအတွက် ယှဥ်ပြိုင်သူ ဆယ့်ငါးယောက်သာ ကျန်တော့သည်။ မြောင်လိနှင့် ယောင်လဲ့ထျန်းသည် တတိယမြှောက်အကြိမ်မှ တိုက်ခိုက်ရန် အလှည့်ကျသည်။
နှစ်ယောက်ထဲမှ ရှုံးနိမ့်သူက ထွက်သွားရမည် ဖြစ်သဖြင့် တိုက်ပွဲတွင် အကုန်လုံးက အစွမ်းကုန် ကြိုးစားကြသည်။ ပိုပြင်းထန်လာသော တိုက်ပွဲများကြောင့် လက်ရည်တူနှစ်ယောက် မဟုတ်လျှင် တစ်ဖက်က လျင်မြန်စွာ ရှုံးနိမ့်ပြီး အထုတ်ပယ်ခံလိုက်ရသည်။
မကြာခင်မှာပဲ ဒိုင်လူကြီးဖြစ်သော အပြင်ခန်းမ၏ ဆရာတော်က အော်လိုက်သည်။
“ယောင်လဲ့ထျန်းနဲ့ မြောင်လိ လာခဲ့ကြပါ”
“နှစ်ယောက်တိုက်ခိုက်မှုမှာ ကိုယ့်ဘက်က အနိုင်ရမှုသေချာတာနဲ့ ရပ်ရမယ်.. အပြင်းအထန် ဒဏ်ရာရအောင်လုပ်တာနဲ့ သတ်ဖြတ်တာကို ခွင့်မပြုဘူး။ မဟုတ်ရင် ဂိုဏ်းရဲ့စည်းကမ်းကို ချိုးဖောက်တာပဲ။ မင်းတို့ နားလည်ပြီလား”
ထိုဆရာတော်က မြောင်လိကို သီးသန့် သတိပေးလိုက်ဟန်ပင်။
“နားလည်ပါပြီ”
ဆရာတော်က ထိုအခါမှ ခေါင်းညိတ်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး..
“ကဲဒါဆို တိုက်ပွဲစလို့ရပြီ”
“ယောင်လဲ့ထျန်း၊ မင်းရှုံးမဲ့ဘက်ကို ငါဝိညာဥ်ကျောက်တုံးတစ်ရာ လောင်းထားတယ်.. ဘာလို့ဆို မင်းကို ငါကောင်းကောင်း သိလို့….”
မြောင်လိက တစ်လုံးချင်းကို အေးစက်စွာ ပြောလိုက်ပြီး တိုက်ပွဲမစခင်တည်းက ခြောက်ဖို့ ကြိုးစားလိုက်သည်။
သူသည် အနိုင်ရမှာ သေချာသော်လည်း အချိန်အကြာကြီး စောင့်ဆိုင်းထားရသည့်အတွက် လွယ်ကူစွာ အဆုံးမသတ်ချင်ပေ။ ယောင်လဲ့ထျန်းနှင့် ကြွက်ဖမ်းတိုင်း အကြာကြီး ကစားပြီးမှ အနိုင်ယူပစ်ဖို့ တွေးထားခဲ့သည်။
မြောင်လိနှင့် ယောင်လဲ့ထျန်းသည် နှစ်ယောက်လုံး အစေခံတပည့်များ ဖြစ်ကြသည်။ သို့သော် မြောင်လိက ယောင်လဲ့ထျန်းကို အမြင်မကြည်ပါချေ။ အထူးသဖြင့် အရင်တစ်ခေါက်က သူ့ဆရာကိုထိခိုက်စော်ကားပြီး သူ့ကို ခွေးနှင့်ခိုင်းနှိုင်းထားသည့်အတွက် ယောင်လဲ့ထျန်းကို အသေသတ်ချင်စိတ်သာ ရှိသည်။
ဟူး..
မြောင်လိ၏ စကားမဆုံးခင်မှာပဲ ယောင်လဲ့ထျန်း စိတ်မရှည်တော့ပဲ ရှေ့တစ်လှမ်းတိုးပြီး မြောင်လိ၏ မျက်နှာတည့်တည့်ကို လက်သီးနှင့် ထိုးချလိုက်သည်။
လှုပ်ရှားမှုက ရိုးရှင်းသော်လည်း အလွန်လျင်မြန်သည်။
မြောင်လိနှင့် ယောင်လဲ့ထျန်းကြားက ဆယ်မီတာမျှ အကွာအဝေးက ခြေတစ်လှမ်းနှင့် နီးစပ်သွားပြီး တစ်စက္ကန့်အတွင်းမှာပဲ မြောင်လိ၏ မျက်နှာတည့်တည့်ကို ရောက်လာကာ နောက်ဆက်တွဲ လက်သီးချက်ကပါ တစ်ပြိုင်နက်ထဲ ကျရောက်လာခဲ့သည်။
မိုးကြိုးလိုအလျှင်ပဲ…
ပွဲကြည့်ပရိတ်သတ်များအနေနှင့် ထိုတစ်ခုသာ စဥ်းစားနိုင်တော့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ယောင်လဲ့ထျန်းက မြောင်လိ အရှေ့ကို ရောက်လာခဲ့သည်လေ။
ထိုမြင်ကွင်းက အကုန်လုံးကို မှင်သက်စေခဲ့သည်။ ဘုရားရေ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ။
ယောင်လဲ့ထျန်း ဘယ်လိုလုပ်လိုက်တာလဲ။ ဒါက ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကော ဟုတ်ရဲ့လား။