← Chapters

မျက်နှာဖြတ်ရိုက်ခြင်း

Vol. 3 Ch. 30

မျက်နှာဖြတ်ရိုက်ခြင်း

Vol. 3 Ch. 30

အဓိကပါဝင်သူက ရှုတ်ထွေးနိုင်သော်လည်း ဘေးကလူက ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်သည်ဆိုသည့် အတိုင်းပင်…

အခုတော့ ဘေးကကြည့်သူများပင် ဝေဝါးနေလေရာ၊ မြောင်လိ တစ်ယောက် ဦးနှောက်တစ်ခုလုံး လုံးဝ ဗလာကျင်းသွားခဲ့သည်။ မြောင်လိ ဘာကိုမှ နားမလည်တော့ပေ။ ထိုအချိန်မှာပဲ ယောင်လဲ့ထျန်း၏ ပုံရိပ်က ထပ်ရောက်လာပြီး လက်သီးချက်က ပိုမိုပြင်းထန်လာသည်။

ဘယ်လိုလုပ်…

မြောင်လိ အသိစိတ် မကပ်နိုင်သေးခင်မှာပဲ မြင်ကွင်းတစ်ခုလုံး အမဲရောင်ဖြစ်သွားသလို ဦးနှောက်သည် အလုပ်မလုပ်တော့ပေ။ နားထဲ၌ ခေါင်းလောင်းသံ တဝီဝီသာ ကြားနေရပြီး မကြာခင်မှာပဲ သတိမေ့သွားခဲ့သည်။ မြောင်လိ သတိမေမ့ခင်မှာ တစ်ခုတည်းသာ တွေးနိုင်ခဲ့လေသည်။

ယောင်လဲ့ထျန်းက ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ။ သူအားလုံးကို အရူးလုပ်နေခဲ့တာလား။

“စောက်ပါးစပ်ပိတ်ထားလိုက်တော့.. မင်းရဲ့ စကားတွေက ရွံစရာကောင်းတယ်”

မြောင်လိကို လဲကျသည်အထိ ထိုးနှက်ပြီးမှ ယောင်လဲ့ထျန်း ခပ်တိုးတိုးပြောကာ လက်သီးကို ပြန်ရုတ်သိမ်းလိုက်သည်။

သူ မြောင်လိကို မသတ်ခဲ့ပေ။ သို့သော် မြောင်လိ၏ နာကျင်မှုက သေသည်ထက် ပိုဆိုးဝါးခဲ့သည်။ ယောင်လဲ့ထျန်း၏ လက်သီးများက မြောင်လိ၏မျက်နှာတစ်ခုလုံးကို စုတ်ပြတ်သတ်စေခဲ့သည်။ သူ၏ တစ်ဘဝလုံးကို ပါးစပ်ဖြင့်သာ အသက်ရှုရပေတော့မည်။

“ရလဒ်ကို ကြေညာပေးအုံး” ယောင်လဲ့ထျန်း က ဘေးမှာရပ်နေသော ဆရာတော်ကို ကြည့်ကာ ပြောလိုက်သည်။

ထိုဆရာတော်ခဗျာ အလွန်အမင်း မှင်သက်နေလေ၏။ အဖြစ်အပျက်က အလွန်လျှင်မြန်နေလေရာ ယောင်လဲ့ထျန်း၏လက်သီးမှ မြောင်ထိ လဲကျသည်အထိ မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားသကဲ့သို့ပင်။ သူ ဒိုင်လူကြီး လုပ်ခဲ့ဖူးသော ကာလတစ်လျှောက်လုံးတွင် ဤမျှမြန်ဆန်သော တိုက်ပွဲကို မမြင်ဖူးပါချေ။

ထိုဆရာတော်က ယောင်လဲ့ထျန်း အလွန်ရိုက်နှက်ခံရမည်စိုး၍ တိုက်ပွဲမစခင်မှာ သတိပင် ပေးခဲ့ပါသေးသည်။ သို့သော် လက်ရှိရလဒ်ကိုတော့ သူဘယ်လိုမှ မထင်ထားမိပေ။

ယောင်လဲ့ထျန်းက အနိုင်ရသွားရုံတင်မကပဲ ချီအသွင်ပြောင်းခြင်းနယ်ပယ် မြောင်လိကို လက်သီးတစ်မျိုးတည်းနှင့် တိုက်ခိုက်ကာ တုံ့ပြန်ခွင့်ပင် မပေးခဲ့ချေ။ ယောင်လဲ့ထျန်း၏ အနိုင်ရမှုက လှပလွန်းသည်ပင်။

အထူးသဖြင့် ယောင်လဲ့ထျန်း၏ ခြေလှမ်းက.. အလွန်သေသပ်ကာ မြန်ဆန်သည်။

ထိုတိုက်ကွက်သည် အထက်အမတဘုံဂိုဏ်း၏ စစ်မှန်သောချီစွမ်းအင်နယ်ပယ် တပည့်တိုင်း သင်ယူနိုင်သော အခြေခံတိုက်ကွက်တစ်ခုသာ ဖြစ်သော်လည်း အခုလောက် ကျွမ်းကျင်မှုကို မမြင်ဖူးခဲ့​ပေ။

တစ်ခြားအပြင်တပည့်များမပြောနှင့်၊ သူ့လိုမျိုး အမြုတေစတည်ခြင်းနယ်ပယ် ဆရာတော်တစ်ပါးပင် အခုလို မိုးကြိုးအလျင်ဖြင့် အသုံးပြုနိုင်မည် မဟုတ်ချေ။

ဒါက အရမ်းကို အံ့သြဖွယ်ကောင်း​ပြီး မယုံကြည်နိုင်စရာလည်း ကောင်းသည်။ ထိုဆရာတော် အလွန်ထိတ်လန့်နေခဲ့သည်။ ထို့ကြောင့်ယောင်လဲ့ထျန်း သတိပေးမှသာ သတိဝင်လာပြီး ကျယ်လောင်စွာ ​ကြေညာလိုက်လေ၏။

“ဒီတစ်ခေါက်ပွဲမှာ အနိုင်ရသူက ယောင်လဲ့ထျန်းပါ”

ဆရာတော် တစ်ယောက်ထဲ ထိတ်လန့်နေရသည် မဟုတ်​ပေ။.ဘေးမှ ရပ်ကြည့်နေကြသော လီရို့ရွှယ်၊ ဖန့်ဟောင်နှင့် ကျန်နောက်လိုက်များအားလုံးလည်း ယောင်လဲ့ထျန်းကို ရက်စက်စွာရိုက်နှက်ခံရဖို့သာ မျှော်လင့်ထားလေရာ၊ ပြောင်းပြန်ဖြစ်သွားသော မြင်ကွင်းက သူတို့အားလုံးကို မယုံကြည်နိုင် ဖြစ်စေခဲ့သည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” မထင်ထားသော ရလဒ်ကြောင့် တည်ငြိမ်သော ဖန့်ဟောင် မနေနိုင်စွာ ရေရွတ်လိုက်သည်။ ဒါကို ကြည့်ရုံဖြင့် ဖန့်ဟောင်၏ ထိတ်လန့်မှုကို သိနိုင်ပါသည်။

ယောင်လဲ့ထျန်း စာရင်းလာပေးစဥ်ထဲက ယောင်လဲ့ထျန်းထံတွင် ထူးခြားသော အကျိုးတစ်ခုခု ရထားမှန်း ခန့်မှန်းမိခဲ့သော်လည်း ဖန့်ဟောင် အများကြီး မတွေးတောခဲ့ပေ။ သူ့မျက်စိထဲမှာ ယောင်လဲ့ထျန်းက အသုံးမဝင်သော အမှိုက်တစ်စသာ…

ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်မှာ လေးနှစ်လုံး ပိတ်မိနေခဲ့သော လူတစ်ယောက်က ကံကောင်းပြီး အဆင့်တက်လျှင်တောင်မှ စစ်မှန်သောချီစွမ်းအင် နယ်ပယ်ကိုသာ ရောက်နိုင်မည်ဖြစ်ပြီး လုံလောက်သော သန်မာမှုကို ရနိုင်မည်မဟုတ်​ပေ။ ထို့ကြောင့် ချီအသွင်ပြောင်းခြင်းနယ်ပယ် မြောင်လိက သေချာပေါက် အနိုင်ယူနိုင်မည်ဟု ဖန့်ဟောင် တွက်ချက်ထားခဲ့လေသည်။

ဖန့်ဟောင်သည် လွန်ခဲ့သော လဝက်ခန့်က ဖန်းကျန့်ကို ယောင်လဲ့ထျန်း၏ တည်နေရာကို သတင်းပေးစေခဲ့သည်။ ယောင်လဲ့ထျန်းလို အမှိုက်ကောင်က အစေခံတန်းလျားမှာပဲ နေသင့်ပြီး အတွင်းတပည့်ရွေးချယ်ရေး ပြိုင်ပွဲကို ဝင်မလာသင့်သူပင်။

သို့သော် ထိုစဥ်က ဘာသတင်းမှ မကြားခဲ့ရ၍ ဖန်းကျန့် စိတ်ပြောင်းပြီး ယောင်လဲ့ထျန်းကို မရိုက်နှက်ခဲ့တာပဲဟုသာ ထင်မှတ်ခဲ့ကာ အမှန်တရားကို မသိရှိခဲ့ချေ။

အခု မြောင်လိ၏ စုတ်ပြတ်သတ်သွားသော မျက်နှာကို ကြည့်နေရင်း အစောပိုင်းက ယောင်လဲ့ထျန်း၏ စကားကို ပြန်အမှတ်ရသွားကာ ဖန့်ဟောင်သည် ဖန်းကျန့်ကို ချက်ချင်း လှည့်ကြည့်လိုက်တော့သည်။

“ဒီကောင်.သန်မာတယ်ဆိုတာ မင်း သိထားတယ်မလား”

“အင်း” ဖန်းကျန့်က အေးစက်စက် ပြုံးလိုက်လေကာ..

“ဒါပေမဲ့ ကျွန်တော် အကို့ကို ပြောပြဖို့မှ မလိုအပ်ခဲ့ပဲ.. ဟုတ်တယ်မလားအကို”

“ချီးပဲ” ဖန့်ဟောင် မျက်နှာကြီးမဲမှောင်သွားသည်။

မြောင်လိက နောက်လိုက်ခွေးတစ်ကောင်သာ ဆိုသော်လည်း သူ့အတွက် အသုံးဝင်ပါသေး၏။ အခုတော့ ဒုက္ခိတဖြစ်သွားခဲ့လေပြီ။ အထူးသဖြင့် ဖန်းကျန့်၏ သတင်းချန်လှပ်မှုကြောင့် ဖြစ်ခဲ့သည့် အကျိုးဆက်ဖြစ်သည့်အတွက် ဖန့်ဟောင် စိတ်မပျော်ရွှင်နိုင်တော့ပေ။

“တော်တော့၊ ဘာတွေဆူညံနေကြတာလဲ” ထိုအချိန်မှာပဲ မျက်နှာမသာမယာ ဖြစ်နေသော လီရို့ရွှယ်က ဝင်ထိန်းလိုက်သည်။ ယောင်လဲ့ထျန်း၏ ပြောင်မြောက်သော စွမ်းဆောင်မှုက သူမကိုလည်း ရိုက်ခတ်လာခဲ့သည်။

ယောင်လဲ့ထျန်း အသုံးပြုခဲ့သော ပေါ့ပါးသောခြေလှမ်းသိုင်းကို သူမပင် ထိုသို့ကျွမ်းကျင်အောင် အသုံးမပြုနိုင်ချေ။ ယောင်လဲ့ထျန်း၏ ပြောင်းလဲသွားသော သန်မာမှုက သိသာလှသည်။

လုချီနှင့် လုပ်ထားခဲ့သော လောင်းကစားနှင့်အတူ ထိုစဥ်က ယောင်လဲ့ထျန်း၏ စကားလုံးများကို စဥ်းစားမိသည်နှင့် လီရို့ရွှယ် မုန်းတီးလာတော့သည်။ သက်တံ့ဖဲပြားကို ဆုံးရှုံးရမှာ သူမစိတ်ထဲ မထားပါချေ။ သို့သော် သူမ အမြဲတမ်းအထင်သေးခဲ့သော ယောင်လဲ့ထျန်းဆီမှာ အရှက်ခွဲခံရမည့်အတွေးက သူမကို ဒေါသထွက်စေသည်။

“ဖန်းကျန့်၊ ရှင်တို့စကားအေးဆေး ပြောနေရမဲ့ အချိန်မဟုတ်ဘူးနော်။.ယောင်လဲ့ထျန်းကို အတွင်းခန်းမမှာ ကျွန်မ လုံးဝ မမြင်ချင်ဘူး။ မဟုတ်လို့ကတော့ ရှင် ကျွန်မရှေ့ပေါ်လာဖို့ မစဥ်းစားနဲ့” လီရို့ရွှယ် အေးစက်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့” ဖန်းကျန့်က မျက်နှာကို မဲ့လိုက်လေကာ..

“အဲ့ကောင်ကို အခုလို ထောင်လွှားခွင့် ပေးမှာမဟုတ်ဘူး”

ဒုတိယပွဲစဥ်အပြီးတွင် လူရှစ်ယောက်သာ ကျန်တော့လေသည်။ ဖန်းကျန့်က ရွေးချယ်ခံထားရသည့် ပြိုင်ပွဲဝင် ဖြစ်သည့်အတွက် ပွဲစဥ်များတွင် ဝင်ပြိုင်ဖို့ မလိုဘဲ ထိုအတွက် လူတစ်ယောက်ကို ပွဲစဥ်တိုင်းတွင် အကြီးအကဲများက မဲနှိုက်ရွေးချယ်ပြီး ကင်းလွတ်ခွင့် ပေးခဲ့ကြသည်။

တတိယပွဲစဥ်သည် နောက်ဆုံးပွဲစဥ်ဖြစ်သည့်အတွက် ဖန်းကျန့်လည်း ယှဥ်ပြိုင်မည်ဖြစ်ရာ ကင်းလွတ်ခွင့်ရသူ မရှိနိုင်တော့ပေ။ တတိယပွဲစဥ်အထိ တိုက်ခိုက်နိုင်ခဲ့သော တပည့်များက ကျားဆယ်ကောင်လောက် မသန်မာလျှင်တောင်မှ အားနည်းသူများတော့ မဟုတ်ပေ။ အကုန်လုံးနီးပါးက ဆရာတော်များ၏ တိုက်ရိုက်တပည့်များ ဖြစ်ကြပြီး အများစုက ချီအသွင်ပြောင်းခြင်းနယ်ပယ် ထိပ်သီးအဆင့် ရောက်နေကြသူများပင်။

မဲရလဒ်အရ နောက်ဆုံးမှ တိုက်ခိုက်ရမည့် ယောင်လဲ့ထျန်း၏ ပြိုင်ဘက်သည်လည်း ချီအသွင်ပြောင်းခြင်းနယ်ပယ် ထိပ်သီးအဆင့် ကျင့်ကြံသူဖြစ်သည်။

ထိုသို့ဖြင့် ​ယောင်လဲ့ထျန်းကြောင့် လောင်းကြေးရှုံးသွားခဲ့သော ပွဲကြည့်ပရိတ်သတ်များအတွက် ယုံကြည်ချက်များ တဖန်ပြန်လည် မြင့်တင်လာတော့သည်။ ချီအသွင်ပြောင်းခြင်းနယ်ပယ် ထိပ်သီးအဆင့်ကို ရောက်နိုင်ခြင်းက ဟာသ မဟုတ်ပါချေ။ အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ရောက်ဖို့ တစ်ဆင့်သာ လိုတော့သည့်အတွက် အပြင်တပည့်များကြားတွင် လေးစားခံရသည်။

ယောင်လဲ့ထျန်း၏ ပြိုင်ဘက် လုကျင် က အသက်နှစ်ဆယ်ကျော်နေသည့်အပြင် ဆရာဖြစ်သူကလည်း အရမ်းအင်အားမကြီး၍ မဟုတ်ပါက လုကျင်သည် ကျားဆယ်ကောင်အဖွဲ့ထဲ ဝင်နိုင်လိမ့်မည် ဖြစ်သည်။

လုကျင်၏ သန်မာမှုက မြောင်လိထက် အများကြီး သာလွန်မှန်း အကုန်လုံးနားလည်ကြပါသည်။ ထို့ကြောင့် ရှုံးခဲ့သမျှ ပိုက်ဆံတွေကို လျစ်လျူရှုရင်း လောင်းကစားသမားများသည် ယောင်လဲ့ထျန်း ရှုံးမည့်ဘက်မှ တစ်သီကြီး လောင်းကြပြန်လေ၏။

“ယောင်လဲ့ထျန်းလို အဆင့်နိမ့်အစေခံက အားလုံးကို ဆန့်ကျင်နိုင်တယ်လို့ ငါမယုံဘူး။ ဒီတစ်ခေါက် သူသေချာပေါက် ရှုံးလိမ့်မယ်”

“အေး၊ ဂိုဏ်းတူအကိုလုကျင်ရဲ့ ကျင့်ကြံမှုက ဟိုအမှိုက်မြောင်လိနဲ့ တူစရာလား။ သေချာပေါက် သူ့ရဲ့ ပေါ့ပါးသောခြေလှမ်းသိုင်းက အများကြီး ပိုကောင်းတယ်။ ယောင်လဲ့ထျန်းကို အနိုင်ယူပစ်လိမ့်မယ်”

ဆူညံသံများ ပျံ့လွင့်လာသည်နှင့် ပိုများသော သူများ၏ ယုံကြည်ချက်များ ပြန်လည်နိုးကြားလာကာ ရှုံးနိမ့်ခဲ့သော လောင်းကြေးကို မေ့ဖျောက်ရင်း ယောင်လဲ့ထျန်း ရှုံးမည့်ဘက်က ဝိုင်း လောင်းလိုက်ကြသည်။

အရင်တိုက်ပွဲနှစ်ခုကြောင့် လောင်းကြေးကလည်း ပိုမို ပြင်းထန်လာခဲ့သည်။ ကြေးကြီးသလို အမြတ်လဲ ကြီးလာသည့်အတွက် ထိုအကြောင်းအရင်းကပဲ တပည့်များကို ခေါင်းမာစွာဖြင့် ထပ်မံလောင်းကစား လုပ်ဖို့ရန် ဆွဲဆောင်သွားလေသည်။

တတိယပွဲစဥ်၏ ပထမတိုက်ပွဲနှစ်ခုသည် အလွန်ပြင်းထန်ခဲ့ပြီး နှစ်ဖက်လုံးက အသေအကြေတိုက်ခိုက်ခဲ့ကြသည်။ ဆရာတော်၏ ကြားဝင်မှုကြောင့်သာ သေဆုံးသူ မရှိခဲ့ခြင်းပေ။

မကြာခင်မှာပဲ ယောင်လဲ့ထျန်းနှင့် လုကျင်၏ အလှည့်ရောက်လာခဲ့သည်။

“တစ်ဖက်ကလူ ပြန်မလုပ်နိုင်တော့ဘူးဆိုရင် ရပ်လိုက်တော့..ကြားလား”

ဆရာတော်က ယောင်လဲ့ထျန်းကို ကြည့်လိုက်သည်။ ယောင်လဲ့ထျန်းကို ဦးတည်ပြီးပြောနေမှန်း သိသာပါသည်။

မြောင်လိ၏ မျက်လုံးကြီးနှစ်လုံး ဖူးယောင်ကာ နှာရိုးကျိုးသွားပြီး သွားတစ်ချောင်းပင် မကျန်တော့သော အခြေအ​နေကို ထိုဆရာတော်ချက်ချင်းပဲ ပြန်စဥ်းစားမိလိုက်သည်။ မြောင်လိ၏ တစ်ဘဝလုံးက အသက်ရှင်နေသော အလောင်းကောင်လို ရှင်သန်ရတော့မည်ပင်။

လုကျင်၏ ပြိုင်ဘက်ဖြစ်သော ရက်စက်သည့်သားရဲ ယောင်လဲ့ထျန်းကို ကြည့်နေရင်း လုကျင်ကို ဆရာတော် သနားသွားခဲ့သည်။ အမြင်အာရုံစူးရှသော ဆရာတော်က ယောင်လဲ့ထျန်း၏ သေချာပေါက် သာလွန်နေသော သန်မာမှုကို မြင်နိုင်သည်ပင်။ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် လုကျင် သေချာပေါက် ရှုံးနိမ့်ပေမည်.. သူတတ်နိုင်သည်မှာ လုကျင်၏ ရှုံးနိမ့်မှုကို အတတ်နိုင်ဆုံး ညင်သာစေရန် ဖျောင့်ဖျနိုင်ဖို့သာ ရှိသည်။

“ နားလည်ပါပြီ” လုကျင်နှင့် ယောင်လဲ့ထျန်း တပြိုင်နက်ထဲ ​ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို စတင်လို့ရပြီ” ဆရာတော်က ပြောပြီးသည်နှင့် ခြေတစ်လှမ်းနောက်ဆုတ်ကာ ပြိုင်ပွဲကို စတင်စေလိုက်သည်။

“ ယောင်လဲ့ထျန်း ကျုပ်မင်းနာမည်ကို လေးစားခဲ့​တာ ကြာပြီ”

လုကျင်က တိုက်ရိုက် မတိုက်ခိုက်ခဲ့ပေ။ ထိုအစား ခပ်ဖြေးဖြေး စကားစရင်း သူတို့နှစ်ယောက်ကြားက အကွာအဝေးကို တိုးမြှင့်ဖို့ ကြိုးစားလိုက်သည်။

ရန်သူနှင့် ဝေးကွာလေလေ၊ ရှောင်တိမ်းနိုင်စွမ်း ပိုမြင့်လေလေပင်။

ယောင်လဲ့ထျန်း နားလည်လိုက်သောကြောင့် မတားမြစ်ပဲ ထိုအစား ပြုံးလိုက်သည်။

“အတူတူပါပဲ”

လုကျင်က..

“မင်းနဲ့ မြောင်လိရဲ့ တိုက်ခိုက်မှုကို ကျုပ်ကြည့်ခဲ့တယ်.. ကောင်းတယ်။ ဒါပေမဲ့ ကောင်းတဲ့ အနေအထားမှာပဲ။ ပေါ့ပါးသောခြေလှမ်းသိုင်းကို အမြန်သုံးတာက အစွမ်းကိုအပြည့်ထုတ်သုံးပြီး ရန်သူကို အငိုက်ဖမ်းနိုင်တဲ့အတွက် အကျိုးထူးပေမဲ့ အဲ့ဒါက ခန္ဓာကိုယ်ကို ပြန်ထိတယ်။ ဒါကြောင့် မင်းရဲ့ လက်သီးကို ရှောင်နိုင်သရွေ့ ဒီပွဲမှာ ကျုပ်နိုင်လိမ့်မယ်”

သူတို့ကြားက အကွာအဝေးက မီတာသုံးဆယ်လောက်အထိ ရောက်လာသည့်အတွက် လုကျင် လှောင်ပြုံးပြုံးလိုက်တော့သည်။

“မင်း စောစော လှုပ်ရှားခဲ့သင့်တယ်.. အခုကျုပ်တို့ကြားက အကွာအဝေးကို ကြည့်လိုက်။ ပေါ့ပါးသောခြေလှမ်းသိုင်းက ကျုပ်ကျွမ်းကျင်တဲ့အရာပဲ။ မင်းကျုပ်ကို မိအောင်ဖမမ်းနိုင်ရင် မင်းရှုံးတော့မှာ”

ပြောပြီးသည်နှင့် လုကျင်က မန္တာန်စာရွက် တစ်ရွက်ထုတ်ကာ အသက်သွင်းဖို့ ကြိုးစားလိုက်သည်။

မှော်ရတနာများက တန်ဖိုးကြီးပြီး အလွယ်တကူ မရနိုင်သောကြောင့် အပြင်တပည့်အများစုသည် အနီးကပ်တိုက်ပွဲ မဟုတ်သော တိုက်ပွဲတွင် ဆရာများပေးထားသော မန္တာန်စာရွက်ကိုသာ အသုံးပြုကြသည်။

အပြင်တပည့်များ အသုံးပြုနိုင်သော မန္တာန်စာရွက်သည် အဆင့်နိမ့်ဖြစ်သည့်အတွက် ရိုးရှင်းသော တိုက်ခိုက်မှုသာ ပါသော်လည်း အသုံးပြုပုံပေါ် မူတည်ပြီး အကျိုးကွဲပြားသည်။ တစ်ဖက်ရန်သူက အလွန်သန်မာနေတာ မဟုတ်လျှင် မန္တာန်စာရွက်နှင့်ပင် အနိုင်ယူနိုင်လေ၏။

လုကျင်လည်း တစ်ပုံစံထဲ တွေးခဲ့ပေမဲ့ ကံဆိုးစွာပဲ သူ့၏ အိပ်မက်က ကျဆုံးသွားခဲ့သည်။ မှော်စွမ်းအင်နှင့် မန္တာန်စာရွက်ကို အသက်မသွင်းနိုင်ခင်မှာပဲ ယောင်လဲ့ထျန်းက ခြေတစ်လှမ်း တိုးလိုက်ပြီးသားဖြစ်သည်။

All Chapters