← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

သူဌေးသားလေးမှာ မကျေနပ်သော်လည်း ရှန်ကျွင်း၏ အကြည့်များမှာ အေးစက်နေသည်ကို မြင်သောအခါ တန့်သွားမိသည်။ ထိုအကြည့်သည် လမ်းဘေးမှ မြက်ပင်တစ်ပင်၊ထောင့်တစ်နေရာမှ ဖုန်မှုန့်တစအား ကြည့်နေသည့်ပမာ ဂရုမစိုက်သော အကြည့်မျိုးဖြစ်သည်။ ၎င်းမှာ အထက်စီးမှ ကြည့်ခြင်းမျိုးမဟုတ်ဘဲ အလွန်တရာ အစွမ်းထက်သူတစ်ယောက်သည် အရေးမပါသောပြိုင်ဘက်အားကြည့်သည့် အကြည့်မျိုးဖြစ်သည်။

လူငယ်သည် ရုတ်တရက် ကျောချမ်းသွားပြီး ကြောက်ရွံလာမိသည်။

တည်းခိုခန်းထဲတွင် စားသောက်နေသူ များပြားလှရာ ထိုမြင်ကွင်းကို လူများစွာ မြင်လိုက်ရသဖြင့် တီးတိုးပြောဆိုနေကြလေသည်။ မျက်နှာတစ်ခုလုံး ဖူးရောင်နေသော ထိုလူငယ်သည် စကားအချိုကို မာန်မဲပြီး အလျင်အမြန် ထွက်ပြေးသွားတော့သည်။

ကျီချောင်ချင်က"ရှင် သူ့ကို ပေးလိုက်တဲ့ သင်ခန်းစာက ပေါ့လွန်းတယ်၊ နောက်ကျ သူ တခြားအားနည်းတဲ့ မိန်းကလေး တွေကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ"

ရှန်ကျွင်းက တည်ငြိမ်စွာဖြင့်ပင်။

"သူ့ဆီမှာ အငြိုးအတေးတွေမရှိဘူး၊အရင်က မကောင်းမှု မလုပ်ခဲ့ဖူးဘူး ဒီနေ့က ပထမဆုံးအကြိမ်ပဲ"

သံသရာ ခြောက်ပါးအတွင်း ကျင်လည်ပြီး ကောင်းကင်လမ်းစဉ်၏ အုပ်စိုးမှုအောက်တွင် ရှိနေသမျှ မကောင်းမှု ပြုသူ မှန်သမျှသည် ကံကြွေးများတင်ရှိနေတတ်စမြဲ ဖြစ်သည်။ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်ထားသူများကို အနက်ရောင်မြူများက ဝန်းရံထားလေ့ရှိပြီး စိတ်ကောင်းရှိသူများကိုမူ သန့်စင်သော အရှိန်အဝါများက ဝန်းရံထားလေ့ရှိသည်။သိုသော် ကံကြွေးဟူသည်မှာ အကောင်အထည်မရှိသလို ထိတွေ့၍လည်း မရပေ။ မြိုလုံးကျွတ် သတ်ဖြတ်ကာ လူသေအလောင်းများကို တောင်ပုံရာပုံဖန်တီးခဲ့ဖူးသည့် ရာဇဝတ် ကောင်ကြီးမျိုး မဟုတ်ပါက အစွမ်းထက်သော ကျင့်ကြံသူများ ပင်လျှင် တစ်စုံတစ်ယောက်၌ ကံကြွေးရှိ၊ မရှိ မမြင်နိုင်ကြချေ။

သိုသော် ရှန်ကျွင်းကမူ ထိုအရာများကို မြင်တွေ့နိုင်သည်။သူသည် လျှိဝှက်ဆန်းကြယ်လွန်းလှသဖြင့် ကျီချောင်ချင်မှာ သူ့နောက်ကြောင်းကို စပ်စုချင်လာမိသည်။

သိုသော် သူသည် အတိတ်မေ့နေသဖြင့် တဲ့တိုးမေး၍လည်း အပိုပင် ဖြစ်ပေမည်။

ကျီချောင်ချင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

ရှန်ကျွင်းက သူမ အသက်သခင်ဖြစ်သည်။

ကျီချင်ချောင်သည် သူ့အပေါ် အမှားလုပ်သူများကိုသာ ပြန်သတ်လေ့ရှိသူ ဖြစ်သည်။အကယ်၍သာ ရှန်ကျွင်းက အကြိမ်ကြိမ် မတားဆီးခဲ့လျှင် သူမအနေဖြင့် သူ့ကို လက်ဖျားနှင့်ပင် ထိလိုမည် မဟုတ်ပေ။

ကျီချောင်ချင်သည် စားပွဲတွင် ထိုင်လိုက်ပြီးနောက်

"ကျွန်မ ဗိုက်ဆာနေပြီ၊ ကျွန်မကို လွှတ်ပေးရင်ပေး... မပေးရင် ကျွန်မနဲ့ အတူတူလာစား"

ရှန်ကျွင်းသည် သူမပြောသည့်အတိုင်း ဝင်ထိုင်လိုက်သည်။ကျီချောင်ချင်သည် ပျော်ရွှင်စွာ စားသောက်ပြီး ရှန်ကျွင်း အတွက်လည်း အရက်တစ်ခွက်ငှဲပေးလိုက်သည်။

သိုသော် ရှန်ကျွင်းက ကျီချောင်ချင်၏ လက်ကောက်ဝတ်ကို ဖိထားပြီး ငြင်းဆိုလိုက်သည်။

"ငါ အရက်မသောက်ဘူး"

ရှန်ကျွင်း ပထမဆုံးအကြိမ် အရက်သောက်ခဲ့စဉ်က သူ၏ ဖြူစင်မှုအတွက် ပေးဆပ်လိုက်ရ လုနီးပါးဖြစ်ခဲ့ဖူးသဖြင့် ယခုလို ငြင်းဆန်သည် မှာလည်း မဆန်းပေ။

"မသောက်ချင်လည်း နေပေါ့"

ကျီချောင်ချင်က ကိုယ့်ဘာသာ တစ်ခွက် ငှဲသောက်လိုက်ပြီး ရှန်ကျွင်းတစ်ယောက် တောင့်တောင့်ကြီး ထိုင်နေသည်ကို မြင်သောအခါ သူမ ပြောမိပြန်သည်။

"ကျွန်မကို အမြဲတမ်း သတိထားမနေနဲ့၊ရှင်က ကြိုးတုပ်ထားတာပဲဟာ...ကျွန်မက ဘယ်ပြေးနိုင်မှာမိုလိုလဲ၊တိုဟူးလေး ဘာလေးတော့ စားပါဦး"

ကျီချောင်ချင်သည် ရှန်ကျွင်း၏ ပန်းကန်ထဲသို တိုဟူးတစ်တုံး ထည့်ပေးလိုက်ပြီး

"ရှင်က အစွမ်းထက်တယ်ဆိုပေမဲ့ ဝိညာဉ်စွမ်းအား မရှိဘဲနဲ့တော့ အစာမစားဘဲနေလိုမရဘူးလေ၊တစ်ခုခုစားပါဦး... ကြည့်... ရှင်က တကယ် ပိန်လွန်းတယ်"

ရှန်ကျွင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တူကို ကောက်ကိုင်လိုက်သည်။

ကျီချောင်ချင် ရယ်လိုက်ပြီး

"အဲ့လိုမှပေါ့၊လူ့ပြည်က ဝိညာဉ်စွမ်းအင်တွေ ရောထွေးနေပေမဲ့ အစားအသောက်တွေကတော့ ရှယ်ပဲ၊ ကျွန်မ ခရီးထွက်တဲ့အချိန်ဆို စားကောင်းတာတွေစား၊ အရက်ကောင်းတွေသောက်ပြီး မိန်းမလှလေးတွေကို ငေးရတာ အကြိုက်ဆုံးပဲ၊ကျွန်မ ပြောပြရဦးမယ်...

လူ့ပြည်က အလှလေးတွေဆိုတာ ကျင့်ကြံခြင်း လောကထဲက အလှတွေနဲ့မတူဘူး၊လူ့ပြည်ကအလှတွေက ပန်းပေါင်းတစ်ရာ ပွင့်နေသလိုမျိုးသူ့အလှနဲ့ သူ တစ်မျိုးစီ ယစ်မူးချင်စရာ ကောင်းနေတာ"

ကျီချောင်ချင်သည် ပြောနေလျက် ကုလားထိုင်ပေါ်သို့ နောက်မှီချလိုက်ရာ သူမ ဟန်ပန်မှာ လုံးဝမသပ်ရပ်တော့ပေ။

ရှန်ကျွင်းသည် ပါးစပ်ထဲမှ ထမင်းကို မျိုချလိုက်ပြီး မျက် မှောင်အနည်းငယ်ကြုတ်ကာ သူမကို ကြည့်လိုက်သည်။

ကျီချောင်ချင် မသိမသာ ချောင်းဟန့်လိုက်ပြီး ခါးပြန်မတ်လိုက်၏။

ရှန်ကျွင်း "ထမင်းစားရင်း စကားမပြောရဘူး"

ကျီချောင်ချင်က သူမသည် ရေခဲချိုးဖျက်တောင်ထွဋ်မှ တောင်သခင် ကျီချောင်ချင် မဟုတ်တော့သည်ကို သတိရသွားကာ

"ရှင်ကလည်း ရုပ်တည်လှချည်လား၊ လူ့ပြည်မှာက လူပေါင်းစုံရှိတာ၊ ရှင်သာ ဒီလိုပုံစံအတိုင်း နေနေရင် အလွယ်တကူ အနိုင်ကျင့်ခံရလိမ့်မယ်"

ရှန်ကျွင်းက အေးစက်စွာဖြင့် "ငါ ဘယ်တော့မှ အနိုင်ကျင့်မခံရဘူး"

ကျီချောင်ချင်သည် ထပ်မထိန်းနိုင်တော့ဘဲ သူမ မျက်နှာတွင် အပြုံးရေးရေး ပေါ်လာသည်။

"ဟုတ်လို့လား"

ရှန်ကျွင်းသည် သူမ၏ မရိုးသားသော အမူအရာကို မြင်လိုက်ရသောအခါ သူမ၏ လက်မောင်းကို ဖမ်းချုပ်ရန် ချက်ချင်း ကြိုးစားလိုက်သော်လည်း မထင်မှတ်ထားစွာပင် သူ့တွင် အားအင်ဟူ၍ လုံးဝမရှိတော့ဘဲ ထိုင်လျက် အနေအထားကိုပင် မနည်းထိန်းထားရသည်။

"မင်း..."

"လူ့ပြည်က စာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ စိတ်ပညာ သဘောတရား တစ်ခုရှိတယ်၊ တစ်ကြိမ်ငြင်းဆန် ဖူးတဲ့သူက နောက်တစ်ကြိမ် ထပ် တောင်းဆိုရင် သူတို့ သဘောဆန္ဒမပါဘဲ လက်ခံလာတတ်တယ်တဲ့"

ကျီချောင်ချင်က တူကို ကောက်ကိုင်လိုက်ပြီးတို့ဟူးတစ် ဖတ် ယူစားလိုက်သည်။

"ကျွန်မ ပြောသားပဲ ရှန်ကျွင်းရဲ့၊ လူ့ပြည်မှာက လူပေါင်းစုံရှိပါတယ်ဆို၊ ရှင့်စိတ်ထားက နူးညံလွန်းတယ်၊ အလွယ်တကူ အမြတ်ထုတ်ခံရလိမ့်မယ်၊ ရှင် နေသင့်တဲ့နေရာကို ပြန်ပါတော့"

ကျီချောင်ချင်သည် ခွင်းလွန်ဓားကို ထုတ်လိုက်ပြီး သူမကိုချုပ်နှောင်ထားသည့် အစီအရင်ကို ပိုင်းဖြတ်လိုက်သည်။

သို့သော် မထင်မှတ်စွာပင် သူမလက်ကောက်ဝတ်ရှိ

ချုပ်နှောင်မှုသည် ပိုမို တင်းကျပ်လာသည်။ သူမ မြန်မြန်သွားမှ ဖြစ်မည်။ သို့မဟုတ်လျှင် ပြတ်တောက်သွားသော အစီအရင်က မကြာခင် သူ့အလိုလို ပြန်ဆက်သွားလိမ့်မည်။

သူမ မတ်တတ်ရပ်လိုက်ပြီး မျက်လုံးများ မကြည်လင်တော့သည့် ရှန်ကျွင်းကို ကြည့်လိုက်သည်။

"ပြီးတော့ ကျွန်မအတိတ်အတွက် ကျွန်မဘယ်တော့မှ အပြစ်၀န်ခံမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မ လုပ်ခဲ့တာတွေအတွက် ဘယ်တုန်းကမှ နောင်တမရခဲ့လို့ပဲ၊ ရှင်က ကျွန်မကို ကယ်ခဲ့တဲ့ အပြင် ဒီရေခဲချိုးဖျက်ဓားနဲ့ ခွင်းလွန်ဓားက အစကတည်းက မတည့်ကြဘူး၊နောက်ဆို ရေခဲချိုးဖျက်ဓားက ရှင့်ဟာပဲ၊ ကျွန်မတို့ ကိုယ့်လမ်း ကိုယ်သွားကြတာပေါ့"

သူမ စကားဆုံးသည်နှင့် ရှန်ကျွင်း အင်္ကျီလက်စအတွင်းမှ ရေခဲချိုးဖျက်ဓားသည် ဝမ်းနည်းပက်လက် အော်မြည်သံ ထွက်ပေါ်လာသည်။

ခွင်းလွန်ဓားသည် အနည်းငယ် လှုပ်ရှားသွားပြီး

မကျေမနပ်မှု တို့ဖြင့် ငြိမ်ကျသွားသည်။

ရုတ်တရက် ရှန်ကျွင်းက ကျီချောင်ချင် လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။သူသည် သန်မာသော်လည်း ယခုအခါ ခေါင်းကိုပင်

မထောင်နိုင်တော့သဖြင့် အသံမှာလည်း အားပျော့နေသည်။

"ထျန်းရွှမ်ဂိုဏ်းသားတွေမှာ ကံကြွေးတွေရှိနေတယ်...မင်းမှာ သူတို့နဲ့ ပတ်သက်တဲ့ ကံကြွေးအဆက်အစပ် ရှိခဲ့တာမို့ ငါ ဝင်မပါခဲ့တာ၊ အခုထိ... မင်းကို အပြစ်အတွက် ပေးဆပ်ခိုင်းဖို့ စိတ်ကူးမရှိဘူး၊ ငါလိုချင်တာက မင်း နောက်ဆို ကောင်းတာတွေပြုလုပ်ပြီး...သတ်ဖြတ်ခြင်းတွေကို ရပ်တန့်ဖို့ပဲ..."

ကျီချောင်ချင်က သူ့လက်ကို ဖြည်းညှင်းစွာ ဖယ်လိုက်သည်။

"ဒါဆိုရင် လင်ရှန်းရှန်းကိုကျ ဘာလို့ သတ်ဖို့ ကြိုးစားခဲ့တာလဲ၊ သူ့ကို ကောင်းမှုလုပ်ဖို့ မတိုက်တွန်းဘဲနဲ့လေ"

ရှန်ကျွင်းက အားယူလိုက်ရသည့်နှယ် အသက်ပြင်းပြင်းရှူလိုက်ပြီး

"လင်ရှန်းရှန်းက... ဘယ်သူလဲ"

လင်ရှန်းရှန်းသာ သူမကို နှစ်ကြိမ်တိုင်တိုင် လိုက်ဖမ်းခဲ့သူက သူမ နာမည်ကိုပင် မမှတ်မိကြောင်း သိလိုက်ရလျှင် သွေးအန်မိမည်မှာ အသေအချာပင်။

"ဟို သရဲမျိုးနွယ်လေ"

"ထျန်းရွှမ်ဂိုဏ်းကို သရဲမျိုးနွယ်က ဒုက္ခပေးခဲ့တာ၊ အစက သူမနဲ့ ဘာကံကြွေးမှမရှိပေမယ့် သူမက အကြောင်းမဲ့သက်သက် ကံကြွေးတွေ ဖန်တီးခဲ့တာလေ၊ အဲဒါကြောင့် အသတ်ခံရသင့်တာပေါ့"

ဪ... ဒါကြောင့်ကိုး...

ကျီချောင်ချင် အဆုံးတွင် နားလည်သွားသည်။ ရှန်ကျွင်းက တကယ့်ကို သက်ရှိနတ်ဘုရားတစ်ပါးလိုပဲ၊ ကံဆိုးတာက ဒီလောကကြီးထဲမှာ သူ ကယ်တင်ရမယ့် လူတွေက များလွန်းနေတာ...

ရှန်ကျွင်းအသံမှာ ဗလုံးဗထွေး ဖြစ်လာသည်။

"မင်း...မင်း နေမကောင်းသေးဘူး...လျှောက်သွားလို့မရဘူး..."

ကျီချောင်ချင် ရယ်မောလိုက်မိသည်။

"ကျေးဇူးတင်ပါတယ် ရှန်ကျွင်းရယ်၊ ဒါပေမဲ့ ကျွန်မ အဲ့လောက်ကံဆိုးမယ် မထင်ဘူး၊ သုံးနှစ် ငါးနှစ်လောက်တော့ ခံနိုင်ပါသေးတယ်၊ ကံတရားသာ ပါလာရင်ပေါ့လေ...ဟင်း... နောက်ဆို ကျွန်မကို လာမပတ်သက်ရင် ကောင်းမယ်၊ ကံဆိုးတာက ကူးစက်တတ်လို့လေ"

ကျီချောင်ချင် မတ်တတ်ရပ်လိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ တံခါးဖွင့်ထွက်လိုက်ချိန်

တုတ်တစ်ချောင်းဖြင့် ရိုက်နှက်ခြင်း ခံလိုက်ရပြီး သတိလစ်သွားလေသည်။

All Chapters