အခန်း (၂၃)
Vol. 3 Ch. 23
သူမ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ရှန်ကျွင်း မျက်နှာကို အနီးကပ် တွေ့လိုက်ရသည်။
ကျီချောင်ချင်လည်း လန့်ဖျပ်ပြီး ကုန်းထလိုက်ရာ သူမနှင့် ရှန်ကျွင်းသည် ကျဉ်းမြောင်းသော မြင်းလှည်းတစ်ခုထဲတွင် ရောက်နေပြီး ခန္ဓာကိုယ်အထက်ပိုင်းကို ဝိညာဉ်စွမ်းအား ပါဝင်သော ကြိုးများဖြင့် တုပ်နှောင်ခံထားရကြောင်း တွေ့လိုက်ရသည်။ရုန်းထွက်၍လည်း မရနိုင်ပေ။သူမ ငုံ့ကြည့်လိုက်သောအခါ သူမ၏ မျက်နှာဖုံးမှာ လှန်မ ထားသည်ကို တွေ့လိုက်ရပြီး သေချာကြည့်လိုက်မှ သူတို့နှစ်ယောက်ကို ပူးချည်ထားမှန်း သိလိုက်ရသည်။ သူမသည် ရှန်ကျွင်းနှင့် ထပ်မံ၍ အတူတူ အချည်ခံထားရပြန်ပြီဖြစ်သည်။ တံခါးဖွင့်ဖွင့်ချင်း အရိုက်ခံလိုက်ရလောက်အောင် ကံဆိုးလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။
တော်သေးသည်က ရှန်ကျွင်း သတိမရလာသေးခြင်းပင်။ အဲ့လိုမှမဟုတ်ပါက သူတော့ အရှက်ကွဲတော့မည်..
ကျီချောင်ချင် တွေးနေစဉ်မှာပင် ရှန်ကျွင်း မျက်လုံးများ ပွင့်လာသည်။
ကျီချောင်ချင် "..."
ရှန်ကျွင်း ထထိုင်လိုက်ပြီး အခြေအနေကို သဘောပေါက်သွားသောအခါ ကျီချောင်ချင်ကို ကြည့်လိုက်သည်။
ကျီချောင်ချင်က "နိုးလာပြီလား၊ နေရထိုင်ရတာ အဆင်ပြေရဲ့လား"
ရှန်ကျွင်းက မျက်နှာလွှဲလိုက်ပြီး အလွန်အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။
"လူလိမ်"
ကျီချောင်ချင် နှာခေါင်းရှုံ့လိုက်ပြီး ရထားလုံးကို မှီလိုက်သည်။
"ကျွန်မနဲ့ အတူရှိနေရင် ကံဆိုးမယ်လို့ ရှင့်ကို ငါပြောသားပဲ၊ရှင်မှ မယုံတာ၊ ဒီကြိုးကို မြန်မြန်ဖြေပေးပြီး ကျွန်မကို လွှတ်ပေးစမ်းပါ၊ အခုကစပြီး ကိုယ့်လမ်းကိုယ်သွားကြတာပေါ့"
ရှန်ကျွင်းသည် တစ်စုံတစ်ရာကို ထိန်းချုပ်နေသလို အသက် ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
ကျီချောင်ချင်မှာမူ သူမ၏ မည်သည့်အပြုအမူက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို မသိနိုင်တော့ချေ။ သူမ ထပ်ပြောရန်ပြင်လိုက်စဉ်မှာပင် ရထားလုံးလိုက်ကာသည် ပွင့်သွားပြီး မကြာသေးမီက ကျီချောင်ချင်တို့ ဆုံးမ ခဲ့ဖူးသည့် သူဌေးလေး ပေါ်လာလေသည်။
"နင်ကိုး!"
ထိုသူဌေးလေးသည် မဲ့ပြုံးပြုံးလိုက်သည်။
"ငါပဲ... မနေ့က ငါ့ကိုလုပ်ခဲ့တဲ့ အရှက်ခွဲမှုအတွက်
ဒီနေ့ မင်းကို ပြန်ပြီး ခံစားစေရမယ်"
ကျီချောင်ချင် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ယခင်က ထိုသူကို သေချာဂရုမပြုမိခဲ့သော်လည်း ယခုကြည့်လိုက်သောအခါ ထိုသူ၏ မျက်နှာထားမှာ ယုတ်မာ ကောက် ကျစ်နေပြီး လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ဖူးသူမှန်း သိသာနေသည်။ သို့သော် ရှန်ကျွင်းသည် အဘယ်ကြောင့် သူ့တွင် ကံကြွေး မရှိဟု ပြောခဲ့သနည်း။
ရထားလုံး ရပ်တန့်သွားသည်နှင့် ထိုသူဌေးလေးလည်း ဆင်းသွားလေသည်။မကြာမီ ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့လည်း အောက်သို့ ဆွဲချခံလိုက်ရသည်။
ထိုနေရာသည် မှောင်မိုက်နေသဖြင့် အကျဉ်းထောင်တစ်ခုနှင့် တူလှသည်။ပြန့်ကျဲနေသော မီးရောင်အောက်တွင် သွေးသံ ရဲရဲ လူသားများ အပြည့်ရှိသည်ကိုမြင်လိုက်ရသည်။ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့ ရထားလုံးပေါ်မှ ဆင်းလာသောအခါ ထိုသူများသည် အကျဉ်းထောင် တံခါးဝသို့ တိုးဝှေ့လာကြပြီး တံတွေးမြိုချလျက် ရမ္မက်ဆန္ဒပြင်းပြသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
ကျီချောင်ချင်သည် သူမ၏ ဝိညာဉ်စွမ်းအား မရှိတော့သည့်တိုင် ထိုနေရာမှ ထွက်ပေါ်နေသော ကြီးမားလှသည့် အငြိုးအတေးနှင့် မလိုမုန်းထားစိတ်များကို ခံစားမိနေသည်။
ရှန်ကျွင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျီချောင်ချင် ရှေ့တွင် ဝင်ရပ်လိုက်သည်။
"မင်း ဘာလိုချင်တာလဲ?"
ထိုသူဌေးလေးသည် သဘောကောင်းသည့် ဟန်ဖြင့် ရှင်းပြလာသည်။
"ငါက မဟာကျီမင်းဆက်ရဲ့ ပဉ္စမမင်းသား ကျီလီပဲ၊ ဒီနေရာကတော့ မဟာကျီနိုင်ငံရဲ့ ကောင်းကင်အကျဉ်းထောင်လေ၊ မထင်ထားဘူး မဟုတ်လား? မင်းတို့တွေ အိမ်နဲ့ ဝေးတဲ့နေရာမှာ သေရတော့မယ်!"
ကျီလီသည် ကျောချမ်းဖွယ်ကောင်းစွာ ရယ်မောလိုက်လေသည်။
ဤနေရာသည် အမှန်တကယ်ပင် မဟာကျီမင်းဆက်၏ ပိုင်နက် ဖြစ်နေသည်။ ထျန်းရွှမ်ဂိုဏ်းသည် အလယ်ပိုင်းတွင် တည်ရှိပြီး မဟာကျီမင်းဆက်မှာ တောင်ဘက်တွင် ရှိသဖြင့် အကွာအဝေးမှာ အတော်အတန်ဝေးကွာလှသည်။ တစ်ည တည်းနဲ့ သူတို့ဘယ်လိုတောင် ဒီအထိရောက်လာတာလဲ?
ကျီချောင်ချင်သည် ဘေးပတ်ဝန်းကျင်မှ မလိုမုန်းထားမှုများကို သတိထားမိလိုက်သဖြင့် လိမ်မာသောပုံစံ ဖမ်းကာ ပြောလိုက်သည်။
"ပဉ္စမမင်းသား... ရှင်က ကျွန်မတို့ကို မဟာကျီမင်းဆက်ရဲ့ ဓလေ့ထုံးစံတွေကို ပြချင်တယ်ဆိုရင်လည်း ရပါတယ်၊ဒါပေမဲ့ ကောင်းမွန်တဲ့ နေရာလေးတွေကို ခေါ်သွားပေးပါလား၊ ဒီနေရာက အရမ်းအေးလွန်းတယ်၊ ကျွန်မတို့နှစ်ယောက်လုံးကလည်း အားနည်းတော့ ဒီမှာကြာကြာနေရင် ဖျားလိမ့်မယ်"
ကျီလီ၏ အပြုံးသည် ပိုဆိုးယုတ်လာလေသည်။
"အခုမှ ငါ့ကို လာပြီး မျက်နှာချိုသွေးနေတာလား၊ နောက်ကျသွားပြီ!မင်းတို့နှစ်ကောင်က ကျေးဇူးကန်းလွန်းတော့ ဒီက အကျဉ်းသားတွေ အသုံးတော်ခံလိုက်ကြ! သူတို့က မိန်းမလှလေးတွေကို မထိတွေ့ရတာ နှစ်ပေါင်းများစွာကြာနေပြီ၊သုံးရက်လောက် ခံနိုင်မယ်ဆိုရင် မင်းတို့ကို ပြန်လွှတ်ပေးမယ်၊ ဘယ်လိုလဲ?"
ထိုသို့ပြောနေရာမှ သူသည် ကျီချောင်ချင့် ခန္ဓာကိုယ်ကို ထိတွေ့ရန် တိုးကပ်လာသည်။
ရှန်ကျွင်း မျက်ဝန်းများ တဖြည်းဖြည်း အေးစက်သွားလေသည်။ ကျီချောင်ချင် သည် မြင့်မားသော နေရာတွင် အချိန်ကြာမြင့်စွာ နေခဲ့ဖူးသဖြင့် သူတစ်ပါးကို အောက်ကျို့ခံ၍ ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်ရသည်ကို သူမ အမှန်တကယ်ပင် အသားမကျပေ။ တခဏအကြာ
ရှန်ကျွင်းသည် ရေခဲချိုးဖျက်ဓားဖြင့် ကျီချောင်ချင်ရှေ့မှ ကာဆီးလိုက်ရာ ကျီလီလက်ချောင်းများ ပြတ်လုနီးပါး ဖြစ်သွားသည်။
ရှန်ကျွင်းသည် သူ့ကို တုပ်နှောင်ထားသော ကြိုးများကို ခါချလိုက်သည်။ရေခဲချိုးဖျက်ဓားကို ကိုင်ဆောင်ထားသော သူ၏ ပုံရိပ်မှာ မှိန်ဖျော့နေသော်လည်း အကျဉ်းခန်းအတွင်းတွင် ကြည်လင်အေးမြသော ပုလဲတစ်လုံးပမာ တောက်ပနေလေသည်။
ဘေးပတ်ဝန်းကျင်ရှိ အကျဉ်းသားများ၏ မျက်လုံးထဲမှ တပ်မက်မှုများမှာ ပိုမို ပြင်းထန်လာကြသည်။
ကျီလီသည် ထိတ်လန့်တကြား နောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ရှန်ကျွင်းကို သတ်ရန် အစောင့်များကို လက်ဟန်ပြလိုက်သည်။
"သူတို့ကို သတ်ပစ်စမ်း!သတ်နိုင်တဲ့သူကို ဆုလာဒ်တွေအများကြီး ချမယ်!"
ထိုစကားကိုကြားသောအခါ အစောင့်များက အကျဉ်းသားများကို လွှတ်ပေးလိုက်သည်။
မရေမတွက်နိုင်သော အကျဉ်းသားများသည် ရှန်ကျွင်းနှင့် ကျီချောင်ချင်တို့ဆီသို့ ပြေးဝင်သွားကြပြီး ရိုင်းစိုင်းလှသော စကားလုံးများဖြင့် ဆဲဆိုကာ ရွံရှာဖွယ် အကောင်းဆုံး အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
အကျဉ်းသားများ ဝင်ရောက်စီးနင်းသည့် အခိုက်အတန့်တွင် ကျီချောင်ချင် လက်ကောက်ဝတ်ရှိ ပုတီးစေ့မှ ဖျော့တော့သော အအေးဓာတ်တစ်မျိုး ထွက်ပေါ်လာသော်လည်း ၎င်းသည် သူမ စိတ်ထဲတွင် ကြီးထွားလာသော အကြမ်းဖက် လိုစိတ်ကို တားဆီးနိုင်ခြင်း မရှိပေ။
ကျီချောင်ချင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရယ်မောလိုက်လေသည်။
"ကျီလီ... ငါ နင့်ကို သတ်ရုံတင်မကဘူး၊ နင့်တိုင်းပြည်ကိုပါ ဖျက်ဆီးပစ်မယ်"
ကျီလီသည် သူမတို့ကို ကြည့်ပြီး ပိုပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ကောင်းတာပေါ့!ငါ့ညီ နန်းတက်လာကတည်းက နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်ရဲ့ အခိုင်းအစေဖြစ်နေတာ၊ မင်းသာ မဟာကျီမင်းဆက်ကို ဖြုတ်ချနိုင်ရင် မင်းတို့ကို ဧည့်သည်တော်ကြီးတွေအဖြစ် ဆက်ဆံပေးမယ်!"
ကျီချောင်ချင် အပြုံးတွင် နူးညံ့မှုတို့ ပေါ်လွင်လာသည်။
"ကောင်းပြီလေ၊ အဲဒီနေ့ရောက်တဲ့အထိ နင် အသက်ရှင် နေနိုင်ပါစေလို့ မျှော်လင့်ပါတယ်!"
ကျီချောင်ချင် စကားတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိလိုက်သောကြောင့် ရှန်ကျွင်းသည် အလိုအလျောက်ပင် ကျီချောင်ချင်ကို တားဆီးရန် ကြိုးစားလိုက်သော်လည်း အချိန် နှောင်းသွားခဲ့ပြီဖြစ်သည်။
ကျီချောင်ချင်ကို ဗဟိုပြု၍ ကြီးမားလှသော ဝိညာဉ်စွမ်းအားများသည် အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်လာလေသည်။ သာမန်အဆောက်အဦးများသည် အလွန်အမင်း ပျက်စီးလွယ်လှရာ ဝိညာဉ်စွမ်းအား ရောက်ရှိရာ နေရာတိုင်းတွင် လူများနှင့် အရာဝတ္ထုအားလုံး ပြာကျသွားကြသည်။ ထို ယုတ်မာရန်ကြံနေသော လူသားများသည် အော်ဟစ်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ပြာမှုန့် အဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
လှည့်ပတ်တိုက်ခတ်နေသော မီးခိုးငွေ့များနှင့် မီးတောက်များကြားတွင် ကောင်းကင်အကျဉ်းထောင်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ကျီချောင်ချင်ကို တုပ်နှောင်ထားသော ကြိုးများလည်း ပြတ်တောက်သွားသည်။ သူမသည် ခွင်းလွန်ဓားကို ဆုပ်ကိုင်လိုက်ရာ ဓားလက်ကိုင်တွင် ချိတ်ဆွဲထားသော တောင်ပင်လယ် ပုလဲမှ မှိန်ဖျော့သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့ကို အန္တရာယ်မှ ကာကွယ်ရန် လွှမ်းခြုံလိုက်သည်။
ကျီချောင်ချင်သည် ခံစားချက်ကင်းမဲ့စွာဖြင့် သွေးတစ်လုပ်ကို ထွေးထုတ် လိုက်သည်။
"နှမြောစရာပဲ... ငါ့မှာ ဝိညာဉ်စွမ်းအား မရှိတော့လို့ အစွမ်း ကုန် ထုတ်မသုံးနိုင်ခဲ့ဘူး မဟုတ်ရင် ဒီအဆောင်လက်နက်က မဟာကျီနိုင်ငံတစ်ခုလုံးကို မြေလှန်ပစ်နိုင်လောက်တယ်"
နေရောင်ခြည်မှာ တောက်ပစွာဖြာကျနေချိန် ရှန်ကျွင်းသည် ကျီချောင်ချင် လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်လေသည်။
"မင်း ဘာလုပ်လိုက်တာလဲ"
ကျီချောင်ချင်က ရယ်မောလိုက်ရာ တောက်ပလင်းလက်နေ သော သူမမျက်နှာတွင် ဆွဲဆောင်မှုရှိသော အလှတရားတစ်ခု ပိုပေါ်လွင်စေသည်။
"လူသတ်လိုက်တာလေ... ထျန်းရွှမ်ဂိုဏ်းမှာ လုပ်ခဲ့သလိုမျိုးပေါ့"
ရှန်ကျွင်း အမျက်ဒေါသ တခြောင်းခြောင်းထွက်သွားတော့သည်။
"သူတိုက မင်းနဲ့ ဘာရန်ငြိုးမှလည်း မရှိဘဲနဲ့ ဘာကိစ္စ သတ်ပစ်လိုက်ရတာလဲ"
"ရှန်ကျွင်း...တကယ်လိုသာ ကျွန်မက ကြက်ကလေး ငှက်ကလေးတောင် မသတ်ရဲတဲ့ အားနွဲသူ မိန်းမသားတစ်ယောက်သာဖြစ်ခဲ့ရင် ကျီလီ ဖမ်းခေါ်လာတာကို ခံလိုက်ရမယ်ဆိုရင် ကျွန်မဘဝက အခုထက်တောင် ပိုဆိုးဦးမှာ... ရှင် နားလည်ရဲ့လား"
"ဒါပေမဲ့ မင်းက ကျင့်ကြံသူတစ်ယောက်လေ... မင်းစိတ်ထဲမှာ လောကကြီးကို ထည့်ထားသင့်တာပေါ့...ပြီးတော့ အမှားလုပ်မိတဲ့ သာမန်လူတွေကို အရင်ဆုံး ဆုံးမသွန်သင်သင့်တယ်၊ဒီကောင်းကင်ထောင် တစ်ခုလုံးမှာ ထောင်မှူး တွေရော အကျဉ်းသား တွေရော ရှိနေတာပဲ၊ သူတိုက ဘယ်လောက်တောင် အပြစ်ကင်းနေကြလိုလဲ၊ မင်းကိုယ်မင်း ပြန်ကြည့်ဦး အပြစ်ကြီးမားတဲ့ မိစ္ဆာတကောင်နဲ့ ဘာများ ကွာခြားနေသေးလိုလဲ"
ထိုနောက်ဆုံးစကားက ကျီချောင်ချင်ဒေါသမီးကို လောင်စာ ဖြည့်ပေးလိုက်သလို ဖြစ်သွားသည်။ သူမသည် ရှန်ကျွင်းကို လေးစားချင်သလိုပင် ဖြစ်သွားမိ၏။ ဤမျှ သဘောထား ကြီးလွန်းသူမျိုးအား တွေ့ရခဲလှသည် မဟုတ်ပါလား...