အခန်း (၂၉)
Vol. 3 Ch. 29
အသိဉာဏ်ရှိနေပြီဖြစ်သော ကျားမိစ္ဆာသည် ကျီချောင်ချင်ထံမှ ထွက်ပေါ်လာသော ဖိအားကို အာရုံခံမိလိုက်သည့်အလား ၎င်း၏ကြမ်းကြုတ်မှုများကို ခေတ္တ လျှော့ချကာ ဘေးဘက်သို ချက်ချင်း ရှောင်တိမ်းလိုက်သည်။
ထိုစဉ် ကျားမိစ္ဆာသည် ထောင့်တစ်နေရာရှိ အမျိုးသမီးတစ်ဦးကို ခြေဖြင့် နင်းချေရန် ရွယ်လိုက်စဉ် မှာပင် ကျီချောင်ချင်သည် လျင်မြန်စွာ တုံပြန်လိုက်သည်။ သူမကို လှောင်ပြောင်ခဲ့သော လူတစ်ယောက်၏ ခေါင်းကိုနင်းကာ အရှိန်ယူလိုက်ပြီးထိုအမျိုးသမီးကို ဆွဲမ လိုက်သည်။ ထိုနောက်လေထဲတွင် နတ်သမီးတစ်ပါး ဝဲပျံနေသည့် အလား လှပစွာ လှုပ်ရှားလိုက်ပြီး ကျားမိစ္ဆာကို ကန်ထုတ်ကာ ကွင်းပြင်ကျယ် တစ်ခုတွင် တည်ငြိမ်စွာ ဆင်းသက်လိုက်လေသည်။
သူမလှုပ်ရှားမှုများသည် အသက်ရှူ မှားလောက်အောင် သွက်လက် လှပနေသဖြင့် မြင်ရသူအပေါင်းလည်း ဖမ်းစားခြင်း ခံလိုက်ရသည်။
ထိုအမျိုးသမီး သည်လည်း မျှော်လင့်ချက်မဲ့နေရာမှ ကျီချောင်ချင်၏ ကယ်တင်မှုအောက်တွင် ကြောင်တိကြောင် တောင်ဖြင့် ငေးမောနေမိပြီး သူမကို ဖက်တွယ်ထားသည်ကိုပင် လွှတ်ရန် မေ့လျော့နေမိသည်။ ကျီချောင်ချင်က ထိုအမျိုးသမီးကို နှစ်သိမ့်ရန် ပြင်လိုက်ချိန် ကျားမိစ္ဆာမှာ ထောင့်တစ်နေရာသို လွင့်စဉ်သွားခဲ့ပြီ ဖြစ်သည်။ သူမ ထိုနေရာသို အပြေးသွားရန် ပြင်လိုက်သော်လည်း သူမကို တစ်စုံတစ် ယောက်က ဖက်တွယ် ထားဆဲဖြစ်ကြောင်း သတိထားမိလိုက်သည်။
ကျီချောင်ချင် တစ်ချက် ရယ်မောလိုက်ပြီး "မိန်းကလေး... ဒီကျားကို အရေခွံခွာပြီးသွားရင် နင် စိတ်ကျေနပ်အောင် ခြေသုတ်တစ်ခု လုပ်ပေးမယ်နော်"
ထိုနောက် သူမသည် ထိုအမျိုးသမီးကို ဘေးရှိထိုင်ခုံတစ်လုံး ပေါ်သို ညင်သာစွာ တင်လိုက်သည်။ အငိုက်မိသွားသော ကျားမိစ္ဆာသည် ဒေါသတကြီး ဟိန်းဟောက်ကာ ကျီချောင်ချင်ထံသို ခုန်အုပ်လိုက်လေသည်။ သူမ မျက်ဝန်းများတွင် စူးရှသော အလင်းရောင်တစ်ခု လက်သွားသည်။ သူမသည် ရှောင်တိမ်းခြင်းမပြုဘဲ သူ့ ခေါက်ယပ်တောင်ဖြင့် ကျားမိစ္ဆာ၏လည်မျိုတည့်တည့်သို ထိုးစိုက်လိုက်သည်။
ကျားမိစ္ဆာသွေးများသည် ကျီချောင်ချင်အပေါ်သို ပက် ဖျန်းသွားသည်။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာကာပါ တပ်ထားသောကြောင့် သူမ မည်သူဆိုသည်ကို အပြင်လူများဆီမှ ဖုံးကွယ်ထားနိုင်ခဲ့သည်။ သိုသော် လူများသည် သူမထံမှထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအငွေ့အသက်သည် ကျားမိစ္ဆာထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းသည်ဟု ခံစားမိသဖြင့် အလိုအလျောက်နောက် ဆုတ်သွားကြသည်။
ကျီချောင်ချင်သည် ကျားမိစ္ဆာသေဆုံးသွားသောအခါ ဝိညာဉ်စွမ်းအားမသုံးဘဲ မတိုက်ခိုက်ရသည်မှာ ကြာပြီဖြစ်သောကြောင့် ယခုအခါတွင် စိတ်ကျေနပ်မှုကို ခံစားလိုက်ရသည်။ သူမသည် လက်တစ်ဖက်မှ လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး လက်ပေါ်ရှိ သွေးများကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။
အစောက ကျီချောင်ချင်ကို လှောင်ပြောင်ခဲ့သူများသည် တိတ်ဆိတ်သွားကြပြီး အသံပင် မထွက်ရဲတော့ဘဲ ထောင့်တစ်နေရာတွင် ကျုံကျုံလေးထိုင်နေကြသည်။
ကျီချောင်ချင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ "တချိုလူတွေက ကျွန်မ နာမည်ကို မမှတ်မိကြဘူးထင်တယ်၊အလှလေးလို ခေါ်တာက ရိုင်းရာကျသလို ပညာတတ်တစ်ယောက်နဲ့လည်း မတူဘူးမလား၊ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ကျွန်မ နောက်တစ်ခေါက် ထပ်ပြောလိုက်ပါ့မယ်...ကျွန်မ မျိုးရိုးက ရှန်၊ နာမည်က ယွီပါ၊ လောလောဆယ်တော့ ယာယီအကြံပေးရာထူးကို ယူထားပါတယ်၊ကျွန်မက လူသစ်မိုလို ကူညီစောင့် ရှောက်ပေးကြပါဦးနော်"
သူမသည် ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုနေသော် လည်း သူမ၏လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် နှိမ့်ချသည့်ပုံမျိုး မပေါက်နေပေ။ ထိုအခိုက်အတန့်တွင် မည်သူမှ ကျီချောင်ချင်နာမည်ကို မေ့နိုင်တော့မည် မဟုတ်ချေ။
ကုဖေးရန်အပြုံးများလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူသည် နက်နဲပြီး ခန့်မှန်းရခက်သော မျက်လုံးများဖြင့် ကျီချောင်ချင်ပုံရိပ်ကို စိုက်ကြည့်နေမိသည်။
ကျီချောင်ချင်သည် လက်တစ်ဖက်တည်းဖြင့် ကျားမိစ္ဆာ၏ ဝမ်းဗိုက်ထဲမှ အတွင်းအားအမြုတေကို ဆွဲထုတ်လိုက်သည်။ သူမ အဝတ်အစားများညစ်ပေနေပြီ ဖြစ်သဖြင့် အမြုတေကိုလည်း အဝတ်စဖြင့် ဂရုမစိုက်စွာသုတ်လိုက်သည်။ သွေးနံ့များ လှိုင်နေသော်လည်း ကျီချောင်ချင်သည် ကျီချန်သဲရှိရာသို့ လှေကားထစ်များအတိုင်း တစ်လှမ်းချင်းတက်သွားသည်။
ထိုအချိန်မှ နန်းတွင်းအစောင့်များ ရောက်ရှိလာကြပြီး အမတ်များသည်လည်း ထိုအခါမှသာ အားကိုးရာတွေ့သွားကြတော့သည်။ ကုဖေးရန်သည် အောက်ဘက်ရှိ အမတ်များကိုမျက်ရိပ်ပြလိုက်သည်။ အချို့အမတ်များသည် ပြောစရာမလိုဘဲ သဘောပေါက်ကြသဖြင့် ကျီချောင်ချင်အား ရဲတင်းစွာ အော်ဟစ်ကြတော့သည်။
"ရှန်ယွီ... မင်း ဘာလုပ်နေတာလဲ"
"ကျားခန္ဓာကိုယ်ထဲက အရာက ညစ်ပတ်နေမှာပဲ၊ အဲ့တာကြီးကို အရှင်မင်းမြတ်ကို ပေးမလို့လား၊ ရယ်စရာကောင်းလိုက်တာ"
"ရှန်ယွီ... အရှင်မင်းမြတ်ရဲ့ မျက်စိအောက်မှာ ဒီလိုညစ်ပတ်တာတွေ လာမပြနဲ့"
ကျီချောင်ချင်သည် သူတို့ကို ဂရုမစိုက်ပေ။ သူမသည် ကျီချန်သဲ ရှေ့တွင် ရပ်လိုက်ပြီး ကျားမိစ္ဆာအမြုတေကို ကမ်းပေးလိုက်သည်။
"ဒါက အခြေတည်အဆင့် ရောက်နေတဲ့ ကျားမိစ္ဆာရဲ့ အမြု တေပဲ၊ဆေးဖော်စပ်တဲ့အချိန်မှာ သုံးမယ်ဆိုရင် သက်တမ်း အနှစ် ၅၀ ပိုရှည်စေနိုင်တယ်"
ထိုစကားကိုကြားသောအခါ အမတ်များစွာ၏ အမြုတေအပေါ် ကြောက်ရွံ့၊ရွံရှာသော အကြည့်များသည် ပြင်းပြသော လိုချင်တပ်မက်စိတ် အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရှန်ကျွင်းသည် လူတိုင်း၏စိတ်ခံစားမှု အပြောင်းအလဲကို သတိထားမိလိုက်သည်။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လွှာချထားလိုက်သည်။
ကျီချန်သဲသဲ့သည် မတ်တတ်ရပ်ကာ အမြုတေကို ယူလိုက်ပြီး နှစ်သက်သဘောကျစွာဖြင့် ပြောလိုက်သည်။
"ကောင်းလိုက်တာ... မိန်းကလေးရှန်က လူသစ်ဆိုတော့ နေစရာအိမ် မရှိသေးဘူးမလား၊ အိမ်ရှေ့စံရဲ့ နန်းဆောင်က အလွတ်ဖြစ်နေတာပဲ၊ အဲ့ဒီနေရာကို မိန်းကလေးရှန်ရဲ့ နေအိမ်အဖြစ် ပြောင်းလိုက်ရင် ဘယ်လိုလဲ"
ထိုစကားကို ကြားသောအခါ ကုဖေးရန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"အရှင်မင်းမြတ်... ဒါ စည်းကမ်းနဲ့ မညီပါဘူး"
"အိမ်ရှေ့စံနန်းဆောင်ဆိုတာ နောင်တစ်ချိန် ဧကရာဇ်ဖြစ်လာမယ့်သူ နေရတာပါ အရှင်မင်းမြတ်... ဘယ်လိုလုပ် ခွင့်ပြုလို့ရမှာလဲ"
"အရှင်မင်းမြတ်!"
ကျီချန်သဲ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
"ငါကိုယ်တော် ဘာလုပ်နေလဲဆိုတာ သိတယ်၊ မိန်းကလေးရှန်... သွားပြီး အဝတ်အစား လဲလိုက်ပါဦး"
"ခဏလေးပါ" ကျီချောင်ချင် ပြောလိုက်သည်။
"အရှင်မင်းမြတ်... ကျွန်မမှာ တခြား တောင်းဆိုစရာတစ်ခု ရှိပါသေးတယ်"
"ပြောပါ မိန်းကလေးရှန်"
ကျီချောင်ချင်သည် ထောင့်တစ်နေရာရှိ မိန်းကလေးတစ်ဦးကို ကြည့်ကာ ပြုံးလိုက်သည်။
"မိန်းကလေးတွေဆိုတာ သဘာဝအတိုင်း နူးညံ့ကြတယ်လေ၊ ဒီကျားက တော်တော်ကံဆိုးတာပဲ၊ဟိုမိန်းကလေး လန့်သွားအောင် လုပ်မိလိုက်တယ်၊ ခုနက သူမ စိတ်ပြေသွားအောင်လို့ ကျားရေခွံခွာပြီး ခြေသုတ်လုပ်ပေးမယ်လို့ ကတိပေးလိုက်မိတယ်"
ရှန်ကျွင်း အကြည့်များသည် ကျီချောင်ချင်ထံသို့ ရောက်သွားသည်။ သူသည် ကျီချောင်ချင်မှာ နားလည်ရ ပိုခက်သည်ဟု ခံစားလိုက်ရသည်။
ကျားမိစ္ဆာဆိုသည်မှာ ခေါင်းအစ ခြေအဆုံး ရတနာများသာဖြစ်ပြီး ၎င်းအရေခွံသည် သာမန်လူများ တတ်နိုင်သော အရာမဟုတ်ပေ။ သို့သော် ကျီချောင်ချင်သည် ယခုအခါ မတ်မတ်ရပ်လျက် ထိုမိန်းကလေး စိတ်ကျေနပ်စေရန် သူမ ကြိုးစားသတ်ထားရသော ကျားရေခွံကို ဤအတိုင်း ပေးမည်တဲ့လား?
ထိုစကားကို ကြားသောအခါ မိန်းကလေးများစွာသည် ကျားရေခွံကို ခြေသုတ်အဖြစ် ပိုင်ဆိုင်ရမည့် အခွင့်အရေး ကြောင့်သာမက ကျီချောင်ချင်၏ မျက်နှာသာပေးမှုကို ခံရသည့်အ တွက် ထိုအမျိုးသမီးကို မနာလိုအားကျစွာ ကြည့်နေကြသည်။
ထိုမိန်းကလေးမှာ ရှက်သွေးဖြာလျက် မတ်တတ်ရပ်လိုက်သည်။ သူမသည် ကျီချောင်ချင်၏စေတနာကို သိသော် လည်း ကျားမိစ္ဆာသည် တန်ဖိုးကြီးမားလှသဖြင့် သူမကဲ့သို့ နိမ့်ကျသော မိန်းမသားတစ်ဦးနှင့် မထိုက်တန်ဟု ခံစားနေရသည်။ သူမ ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် ကျီချန်သဲက ပြုံးလျက် ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်ရသည်။
"ကောင်းပြီလေ... မိန်းကလေးရှန် ပြောတဲ့အတိုင်း လုပ်လိုက်ကြ"
ထိုမိန်းကလေးသည် မယုံကြည်နိုင်စွာ မော့ကြည့်လိုက်မိသည်။
ကျီချောင်ချင်သည် ထိုအရာများကို ဂရုမစိုက်ပေ။ သူမသည် ယနေ့အတွက် ရည်မှန်းချက် ပြည့်မြောက်သွားပြီဖြစ်သဖြင့် မိန်းမစိုး နောက်သို့လိုက်ကာ ထွက်ခွာသွားသည်။
ကျီချောင်ချင်သည် လူတိုင်းကွယ်ရာရောက်မှ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။
သူမ တိုက်ခိုက်မှု မပြုလုပ်သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ကျားမိစ္ဆာကို အနိုင်ယူရန်အတွက် သူမ ချီစွမ်းအားကို အတင်းအဓမ္မ စုစည်းခဲ့ရသည်။ သူမ အချိန်မီသာ မထွက်ခွာ လာခဲ့လျှင် မေ့လဲသွားလောက်သည်။ နောက်တစ်ကြိမ်တွင်မူ သူမကိုယ်သူမ ဤမျှလောက် အတင်းအကျပ် မခိုင်းစေသင့်တော့ပေ။ သူမသည် သိုလှောင်အိတ်ထဲမှ ဆေးလုံးအချို့ကို ထုတ်ကာ သကြားလုံးများသဖွယ် မျိုချလိုက်သည်။ ၁၅ မိနစ်ခန့် ကြာသောအခါမှ ကျီချောင်ချင်သည် သူ့ ခန္ဓာကိုယ်အတွင်း ဆူပွက်နေသော မကောင်းဆိုးဝါးစွမ်းအင်များ ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။
နန်းတွင်းအပျိုတော်သည် သူမအား အဖြူရောင်ဝတ်စုံတစ်စုံ ပေးလာသောကြောင့် သိပ်ဘဝင်မကျလှပေ။ သူမ မလိုလားစွာဖြင့် အဝတ်လဲလှယ်လိုက်ပြီး အခြားအပျိုတော်တစ်ဦးကိုခေါ်ရန် အဆောင်မှအထွက်တွင် ရှန်ကျွင်း စောင့်နေသည်ကို တွေ့လိုက်ရသည်။
လရောင်အောက်တွင် သူသည် ပြိုင်ဘက်ကင်းသော တင့်တယ်ခြင်းနှင့် ပြည့်စုံသည့် လူကြီးလူကောင်းတစ်ယောက်အလား ရောင်ပြန်ဟပ်နေသည်။ ရှန်ကျွင်း၏ မျက်နှာသွင်ပြင် အစိတ်အပိုင်းတိုင်းသည် ကျီချောင်ချင်၏ အကြိုက်နှင့် ကွက်တိကိုက်ညီနေသည်ဟု ဆိုရမည်။ သူ့မျက်နှာကို မည်သည့်အချိန် ကြည့်ကြည့် သူမ ရိုးအီသွားသွားမည် မဟုတ်ပေ။
ကျီချောင်ချင် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး "ကျေးဇူးတင်ပါတယ်... ခုနက ရှင် ဝင်မပါပေးခဲ့တဲ့အတွက်လေ၊ အဲဒါကြောင့် ကျွန်မ စွမ်းဆောင်ရည်ပြခွင့် ရသွားတာပေါ့"
ရှန်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျီချောင်ချင်... မင်း ဘာတွေ လိုချင်နေတာလဲ"
ကျီချောင်ချင်၏ အပြုံးမှာ အနည်းငယ် ပျက်ပြယ်သွားသည်။ သူမသည် သူမနှင့် အငြိုးအတေး မရှိသူများကို အမြဲတမ်း ညှာတာလေ့ရှိသော်လည်း ဤရှန်ကျွင်းသည်တော့ အမှန်ကို စိတ်ရှုပ်စရာကောင်းလှသည်။