အခန်း (၃၀)
Vol. 3 Ch. 30
"ကျွန်မ ဘာလုပ်တယ်ဆိုတာ ရှင်နဲ့ မဆိုင်ပါဘူး ရှန်ကျွင်း ကိုယ့်ကိုကိုယ် အရမ်းအရေးပါတယ်လို့ မထင်စမ်းနဲ့"
ကျီချောင်ချင် ပြောလိုက်သည်။
"ရှင် ကျွန်မကို ကယ်ခဲ့ဖူးတယ်၊ ပြီးတော့ စောစောက ကျွန်မ ဘယ်သူလဲဆိုတာ ဖွင့်မပြောခဲ့တဲ့အတွက်လည်း ကျေးဇူးတင်တယ်၊ ကျွန်မ မလိုအပ်ဘဲနဲ့တော့ ရှင့်ကို မသတ်ချင်ပါဘူး၊ ဒါပေမဲ့ ရှင်သာ ကျွန်မကိစ္စတွေကို ဆက်ပြီးဝင်ပါနေမယ်ဆိုရင်တော့ ကျွန်မတို့ သေတဲ့အထိ တိုက်ခိုက်ရုံပဲရှိတော့တယ်"
ရှန်ကျွင်း၏ မျက်ဝန်းအစုံသည် တဖြည်းဖြည်း အေးစက်လာတော့သည်။
"မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် သွေးဆာနေရတာလဲ"
"သွေးဆာတယ်ဟုတ်လား...? ကျွန်မ လူ ဘယ်နှစ်ယောက် သတ်ဖူးလို့လဲ၊ ဘယ်သူ့ကို သတ်ခဲ့လို့လဲ၊ ဘယ်လို သတ်ခဲ့လို့လဲ၊ ဘာကိုကြည့်ပြီး ကျွန်မကို သွေးဆာတယ်လို့ ဆုံးဖြတ်ရတာလဲ၊ ရှန်ကျွင်း... ရှင် ကယ်လိုက်တဲ့လူတွေက လူကောင်းတွေ ဟုတ်မဟုတ်ရော ရှင် ခွဲခြားနိုင်ရဲ့လား၊ ရှင် ကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်ဆိုတာ သေချာလို့လား"
ကျီချောင်ချင် မဲ့ရွဲ့ကာ ဆက်ပြောလိုက်သည်။
"ဒီနေ့ ရှင်နဲ့အတူပါလာတဲ့ အမတ်ချုပ်ရဲ့ မျက်လုံးတွေက ယုတ်မာကောက်ကျစ်တဲ့ အငွေ့အသက်တွေ ယိုစီးကျနေပြီး မျက်နှာကလည်း သွေးဆာနေတဲ့ပုံစံမျိုးပဲ၊ သူ့လက်တွေက သွေးမစွန်းဘဲ နေပါ့မလား ဒါပေမဲ့ ရှင်က သူနဲ့အတူတူ ပွဲကိုတက်ခဲ့တယ်လေ၊ ကျွန်မကို အပြစ်တွေဆေးကြောဖို့ လာပြောနေမယ့်အစား တရားမျှတမှုရဲ့နောက်လိုက်ကြီးဖြစ်တဲ့ ရှင်ကသာ ကိုယ့်လုပ်ရပ်ကိုယ် ပြန်သုံးသပ်သင့်တာနော်"
"သူ့မှာ ကံကြွေးမရှိဘူး၊ ဒါပေမဲ့ ကျီချန်သဲ့မှာတော့ ရှိတယ်"
"ကံကြွေးဟုတ်လား...?"
ကျီချောင်ချင်သည် ရှန်ကျွင်း၏တုံးအမှုကို ကြောက်စရာကောင်းသည်ဟု ထပ်တွေးလိုက်မိသည်။
"အဓိကခန်းမဆောင်ထဲမှာ ထိုင်နေတဲ့သူတွေထဲမှာ လူမသတ်ဖူးတဲ့သူ ဘယ်သူရှိလို့လဲ၊ ဒါပေမဲ့ သူတို့ထဲက ဘယ်သူက ကိုယ်တိုင် ဓားကိုင်ပြီးသတ်မှာမို့လို့လဲ၊ ကံကြွေးဆိုတဲ့ စကားလုံးလေး တစ်လုံးတည်းနဲ့ လောကကြီးတစ်ခုလုံးကို ခြုံငုံကြည့်လို့ရမယ် ထင်နေတာလား၊ ရှန်ကျွင်း... ရှင်က တကယ် ရယ်စရာကောင်းလိုက်တာ၊ ရှင် သိထားသင့်တာက ဒီလောကကြီးမှာ လက်ထဲ ဓားကိုင်ထားတိုင်း မိစ္ဆာမဟုတ်သလို လူရေခွံခြုံထားတိုင်းလည်း လူစစ်စစ် မဟုတ်ဘူးဆိုတာပဲ"
ရှန်ကျွင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး နားမလည်ဖြစ်နေသယောင်ဖြင့်
"ကျီချန်သဲ့က သူ့လက်နဲ့ကိုယ်တိုင် လူသတ်ဖူးတယ်၊ သူနဲ့ထပ်ပြီး မပတ်သတ်နဲ့တော့"
ခေါင်းမာလိုက်တာ!
ကျီချောင်ချင် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
"ဒါဆိုရင် လောင်းကြေးတစ်ခု လုပ်ကြမလား၊ ကျီချန်သဲ့နဲ့ ကုဖေးရန်... ဘယ်သူက ပညာရှိတဲ့ မင်းကောင်းမင်းမြတ် ဖြစ်လာမလဲဆိုတာ လောင်းကြမယ်လေ"
ရှန်ကျွင်း၏ လျှာဖျားတွင် ငြင်းဆန်မည့် စကားလုံးများ ရောက်နေပြီဖြစ်သော်လည်း ကျားမိစ္ဆာကို နှိမ်နင်းနေစဉ်က ကျီချောင်ချင်၏ ပုံရိပ်ကို ရုတ်တရက် သတိရသွားသည်။
သူမသည် နေမင်းလိုတောက်ပနေပြီး လမင်းလို လှပနေခဲ့သည်။
ရှန်ကျွင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီး "ကောင်းပြီ... ငါ မင်းနဲ့ လောင်းမယ်"
ကျီချောင်ချင် လှည့်ထွက်ရန် ပြင်လိုက်သော်လည်းတစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။ သူမ ငုံ့ကြည့်လိုက်သောအခါ ပြတ်တောက်သွားခဲ့သော အင်မော်တယ်ချုပ်နှောင်ကြိုးမှာ ပြန်ဆက်သွားခဲ့ပြီ ဖြစ်သည်။
ကျီချောင်ချင် မျက်ခုံးပင့်လိုက်သည်။
"ဘာလုပ်တာလဲ၊ ကျွန်မကို ပြန်ချုပ်နှောင်ထားမလို့လား၊ ရှန်ကျွင်း... ရှင် ကျွန်မကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်"
ရှန်ကျွင်းသည် သူ့ ရေခဲချိုးဖျက်ဓားကို ဆွဲထုတ်လိုက်ပြီး အင်မော်တယ်ချုပ်နှောင်ကြိုးကို နှစ်ပိုင်းပိုင်းချလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် အင်မော်တယ်ချုပ်နှောင်ကြိုး၏ တုံ့ပြန်မှုမှာ မယုံနိုင်လောက်အောင်မြန်ဆန်ပြီး ချက်ချင်းဆိုသလိုပြန်ဆက်သွားသည်။
ကျီချောင်ချင် "..."
သူမသည် ခွင်းလွန်ဓားကို ဆွဲထုတ်ပြီး ထပ်မံကြိုးစားကြည့်သော်လည်း ရလဒ်မှာ အတူတူပင်။
"ရှင် ဒီ အင်မော်တယ်ချုပ်နှောင်ကြိုးကို ဘယ်လိုဖြေရမလဲ မသိဘူးလား"
ရှန်ကျွင်း ခေါင်းအနည်းငယ်ခါလိုက်သည်။
ကျီချောင်ချင် အလိုအလျောက်ပင် လှောင်ပြောင်ချင်စိတ် ပေါက်သွားသော်လည်း ရှန်ကျွင်းမှာ အလွန်ချောမော ခန့်ညားလွန်းနေသဖြင့် သူမ ပြောခါနီး စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
"အခုဆိုရင် ရှင်က ကုဖေးရန်ရဲ့လူဆိုတာ လူတိုင်းသိနေပြီ၊ ကျွန်မရဲ့ ရပ်တည်ချက်က ရှင်နဲ့မတူဘူး၊ တခြားသူတွေသာ ကျွန်မကိုမြင်သွားရင် ရှင့်ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်တယ်၊ ဒါကြောင့်..."
သူမ စကားမဆုံးခင်မှာပင် မလှမ်းမကမ်းမှ ကုဖေးရန်၏ အသံ ထွက်ပေါ်လာသည်။ သူ့အသံမှာ အလွန်ထူးဆန်းနေသည်။ ကျီချောင်ချင် မျက်လုံးများကို ဝေ့ဝဲကြည့်လိုက်ပြီး ပြတ်သားစွာပင် ရှန်ကျွင်းကို ထောင့်ရှိကျောက်ဆောင်တုအတွင်းသို့ တွန်းပို့လိုက်ကာ သူမကိုယ်တိုင်လည်း ဝင်ပုန်းလိုက်လေသည်။
သို့သော် နောက်တစ်ခဏတွင် ကျီချောင်ချင်၏ ကျောရိုးတလျှောက်စိမ့်ခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ သူမ အချိန်ဆွဲမနေဘဲ ရှန်ကျွင်းကို ကျောက်ဆောင်တု အတွင်းပိုင်းသို့ ထပ်မံတွန်းပို့လိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ တခဏအတွင်းမှာပင် သူမ ခွင်းလွန်ဓားသည် ခေါက်ယပ်တောင်အဖြစ် ပြောင်းလဲသွားပြီး သူ့နောက်မှလူကို ပြင်းထန်စွာထိုးနှက်လိုက်သည်။
ထိုလူသည် တိတ်တဆိတ် ရှောင်တိမ်းလိုက်ပြီး ကျီချောင် ချင်ကို ထပ်မံ တိုက်ခိုက်လာသည်။
ရောက်လာသူအသစ်သည် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပြီး ခန့်မှန်းရခက်သော ဓားသိုင်းကွက်များနှင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုက်ခိုက်လာသည်။ ထိုသည်မှာ ဖြောင့်မတ်မှန်ကန်သူတို့၏စရိုက်မျိုး မဟုတ်ပေ။
ကျီချောင်ချင် မျက်လုံးများတွင် အေးစက်သော အရိပ်အ ယောင်တစ်ခု ဖြစ်ပေါ်လာသည်။ သူမသည် ယပ်တောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုက်ခိုက်မှုကိုတုံ့ပြန်ရန် အတွင်းအား စုစည်းရန် ပြင်လိုက်စဉ်မှာပင် ရှန်ကျွင်းသည် ဓားကိုကိုင်လျက် သူမ၏နောက်တွင် ရုတ်တရက် ပေါ်လာသည်။
သူသည် ကျီချောင်ချင်ကို သူ့နောက်တွင် ကွယ်ထားလိုက်ပြီး အနက်ရောင်ဝတ်ထားသူ၏ လည်ပင်းကို ဓားဖြင့် လျင်မြန်စွာထောက်လိုက်သည်။
ရှန်ကျွင်းက အေးစက်စွာ မေးလိုက်သည်။
"မင်း ဘယ်သူလဲ"
အနက်ရောင် ဝတ်စုံနှင့်လူသည် မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီးနောက် ရှန်ကျွင်း၏ဓားဖျားဆီသို့ တည့်တည့် တိုးဝင်သွားကာ ချက်ချင်းအဆုံးစီရင်သွားသည်။
ရှန်ကျွင်းသည် အနက်ရောင်ဝတ်လူ၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားပုံရသည်။ သူသည် ဓားကို ပြန်သိမ်းလိုက်ပြီး အတော်အတန် ကြောင်အနေသည်။
ကျီချောင်ချင်က အနက်ရောင်ဝတ်လူ၏ မျက်နှာဖုံးကို ခြေဖျားဖြင့် ကန်ဖယ်လိုက်သည်။ ထိုလူ၏ မျက်နှာမှာ ခရမ်းပြာရောင် သန်းနေသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။
"သူ အဆိပ်တောင် သောက်ထားတာပဲ၊ နောက်ကွယ်က ကြိုးကိုင်သူက တကယ်သတိကြီးတာပဲ"
ကျီချောင်ချင် ခေါင်းကို စောင်းငဲ့လိုက်သည်။
"နန်းတော်ထဲထိလာပြီး လုပ်ကြံရဲတယ်၊ လုပ်ကြံတာ မအောင် မြင်တော့လည်း ဒီတိုင်းပဲ အသေခံလိုက်တယ်၊ ရှန်ကျွင်း... ဒီည ကျွန်မ ဘယ်နတ်ဘုရားကို သွားစော်ကားမိလို့ သူတို့က ကျွန်မရဲ့ အာရုံစိုက်မှုကို ရချင်နေကြတာလဲဆိုတာ မှန်းကြည့်ပါဦးလား”