အခန်း (၃၁)
Vol. 4 Ch. 31
ကျီချောင်ချင် ရယ်မောလိုက်သည်။
"မဟာကျီတိုင်းပြည်က တကယ် စိတ်ဝင်စားစရာကောင်းတာပဲ၊ ဒါလည်းကောင်းပါတယ်၊ ဒီရက်ပိုင်း ပျင်းနေတာနဲ့ အတော်ပဲပေါ့"
သူမသည် ခွင်းလွန်ဓားကို ပြန်သိမ်းလိုက်ပြီး
ရှန်ကျွင်းကို ကြည့်လိုက်သည်။
"ဒါအတွက် စိတ်မပူနဲ့၊ ဒီလောကကြီးမှာ လူသတ်လိုက်ရုံနဲ့ အမြဲတမ်းပြန်လမ်းမဲ့တဲ့ လူယုတ်မာ ဖြစ်သွားတာ မဟုတ်သလို၊ သွေးမစွန်းဖူးရုံနဲ့လည်း ဖြူစင်တယ်လို့ ပြောလို့မရဘူး၊ သတ်ဖြတ်ခြင်းက အမြဲတမ်းမမှားဘူးဆိုတာ မကြာခင် ရှင် နားလည်လာမှာပါ"
ရှန်ကျွင်း၏ မျက်ဝန်းထဲတွင် အတွေးများ လွန်ဆွဲနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် မျက်မှောင်ကြုတ်လိုက်သော်လည်း အဆုံးတွင် မည်သည့်စကားမှ ဆက်မပြောတော့ပေ။
ကျီချောင်ချင်သည် ရှန်ကျွင်း၏ လက်ချောင်းကို ဖောက်ကာ ထွက်လာသော သွေးစက်ကို အင်မော်တယ် ချုပ်နှောင်ကြိုးပေါ်သို့ ချလိုက်လေသည်။ ထိုအခါ အင်မော်တယ်ချုပ်နှောင်ကြိုးသည် သူတို့နှစ်ဦးကို ချည်နှောင်ထားရာမှ လျော့ရဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဒီလူက ရှင့်ဓားချက်ကြောင့် သေတာ မဟုတ်ဘူး၊ သူက အဆိပ်သောက်ပြီး လာခဲ့တာ၊ သူ့ကို သတ်တာ ရှင်မဟုတ်ဘူး၊ သူ့သခင်ပဲ"
ကျီချောင်ချင်၏ မသိစိတ်မှ နှစ်သိမ့်မှုကို ခံစားမိလိုက်သည့်အလား ရှန်ကျွင်းသည် သူ့အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
အမှောင်ထုထဲတွင် မြေပြင်ပေါ်ကျနေသော အင်မော်တယ်ချုပ်နှောင်ကြိုးသည် ရုတ်တရက် နီရဲလာပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ဖြစ်နေသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ရှန်ကျွင်းမှာ ဆက်မလိုက်လာခဲ့ပေ။ ကျီချောင်ချင်မှာ ပင်မနန်းဆောင်ထဲသို့ ပြန်ဝင်သွားသောအခါ လူအများ ပြန်သွားကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျန်ရှိနေသူများမှာ တစ်စုံတစ်ရာ ဆွေးနွေးနေပုံရသည်။ သူမ ဝင်လာသည်နှင့် ခန်းမဆောင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
ကျီချောင်ချင် မော့ကြည့်လိုက်ရာ ကုဖေးရန်သည် ခန်းမထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် အစောက ကျောက်ဆောင်တုနားတွင် ကြားလိုက်ရသည်မှာ သူ့အသံဖြစ်တာသေချာသည်။ သူမ စိတ်ထင်နေတာများလား...
ကျီချန်သဲ့ကစကားစလိုက်သည်။
"မိန်းကလေးရှန်... မကြာသေးခင်က ကုကျိုးမှာ ကပ်ရောဂါ ဖြစ်ပွားနေတယ်၊ အမတ်ချုပ်က ကပ်ရောဂါ ကုသဖို့အတွက် ကိုယ်တိုင် သွားချင်နေတာ၊ သူ့ကို နားချနိုင်အောင် ကူညီပေးပါဦး၊ အမတ်ချုပ်ရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ၊ အဲဒီလိုနေရာမျိုးကို သူ ဘယ်လိုလုပ် သွားလို့ဖြစ်မလဲ"
ကျီချောင်ချင် စဉ်းစားလိုက်သည်။ နန်းတွင်းတွင် ကုဖေးရန်၌ထောက်ခံသူ အများအပြားရှိနေသည်။ အကယ်၍ သူသာ ကပ်ရောဂါကုသရန် ထပ်မံ စေလွှတ်ခြင်းခံရပါက သူပြန်လာသည့်အခါ မြို့တော်ရှိလူတိုင်းသည် ကျီချန်သဲ့ကို မသိတော့ဘဲ ကုဖေးရန်ကိုသာ သိကြတော့မည်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကျီချောင်ချင်က ဝင်ပြောလိုက်သည်။
"အမတ်ချုပ်... ရှင့်ရဲ့ ကျန်းမာရေးက အရမ်းအဖိုးတန်ပါတယ် ပြီးတော့ အရှင်မင်းမြတ်ရဲ့ တိုင်းရေးပြည်ရာကိစ္စတွေကို ကူညီဆောင်ရွက်ပေးရဦးမယ်လေ၊ ဒီလို အန္တရာယ်များတဲ့နေရာမျိုးကို တကယ် မသွားသင့်ပါဘူး၊ အဲ့အစား ကျွန်မပဲ သွားလိုက်ပါ့မယ်၊ ကျွန်မက တိုင်းပြည်အကြံပေးတာဝန်ကို ယူထားရတာမို့ အရှင်မင်းမြတ် စိတ်ပျက်အောင် လုံးဝမလုပ်ပါဘူး"
ကုဖေးရန် ရယ်မောလိုက်ပြီး "မိန်းကလေးရှန်က ဘယ်လိုပြောလိုက်တာလဲ၊ ကျွန်တော်တို့အားလုံးက မဟာကျီမင်း ဆက်ရဲ့ လက်အောက်ခံတွေပဲလေ၊ အရှင်မင်းမြတ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းဆောင်ရတာ ကျွန်တော်တို့ရဲ့ တာဝန်ပါ၊ ကုကျိုး ကပ်ရောဂါနဲ့ ပတ်သက်ရင် ကျွန်တော် တွန့်ဆုတ်မနေဘဲ ဦးဆောင်သွားပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မတားပါနဲ့တော့"
ထိုအခိုက်အတန့်တွင် အမတ်များစွာက ကုဖေးရန်၏ စိတ်ကို ချီးကျူးကြပြီး အချို့က တားဆီးရန် ကြိုးစားသော်လည်း သူတို့၏ အသံများမှာ အလွန် တိုးညှင်းနေသည်။
ကျီချောင်ချင်နှင့် ကျီချန်သဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ကျီချန်သဲ့က "အဲဒီလိုဆိုမှတော့ အမတ်ချုပ်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့၊ ခရီးစဉ်က ကြမ်းတမ်းမှာဆိုတော့ မိန်းကလေးရှန်ပါ လိုက်သွားပေးရင် ငါကိုယ်တော် စိတ်အေးရတယ်"
ကျီချောင်ချင်က ချက်ချင်းပင် ကျယ်လောင်စွာ ပြောလိုက်သည်။
"အရှင်မင်းမြတ်ရဲ့ စေတနာနဲ့ သည်းခံခွင့်လွှတ်ပေးမှုက မဟာကျီက ပြည်သူတွေအတွက် တကယ့် ကောင်းချီးပါပဲ"
ဤသည်မှာ မြှောက်ပင့်ပြောဆိုခြင်း သက်သက်ပင်။ အတိတ်တုန်းက သူမကိုယ်တိုင်လည်း အမြှောက်ပင့်ခံခဲ့ရဖူးတာ မနည်းတော့ပေ။
ကျီချောင်ချင် ဦးဆောင်လိုက်သည်နှင့် ကျီချန်သဲ့၏ ဘက်တော်သား အမတ်များကလည်း ချက်ချင်း လိုက်ထောက်ခံကြတော့သည်။
"အရှင်မင်းမြတ်က တကယ် ပညာရှိပါပေတယ်"
"အရှင်မင်းမြတ်ရဲ့ အစောင့်အရှောက်နဲ့ဆိုရင် ကုကျိုးက ဘေးအန္တရာယ်တွေ အမြန်ဆုံး ပြီးသွားမှာပါ"
"အရှင်မင်းမြတ်က အရမ်းသဘောထားကြီးတာပဲ"
...
တစ်ခဏချင်းမှာပင် အမတ်များစွာသည် ကျီချန်သဲ့ကို ချီးကျူးကြတော့သည်။ ယခင်က ကုဖေးရန်ကို ချီးကျူးခဲ့ဖူးသူများမှာမူ မြှောက်ပင့်ရာတွင် မည်သူက အဓိကလဲဆိုတာကိုပင် မသိလိုက်ကြသလို ရယ်စရာလူများ ဖြစ်ကျန်ရစ်ခဲ့လေသည်။
ကျီချောင်ချင်သည် အမှန်ကို အရည်အချင်းရှိသူဖြစ်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နန်းတွင်းလေထုကို ပြောင်းလဲပစ်နိုင်ခဲ့သည်။
ကုဖေးရန်သည် ကျီချောင်ချင်ကို ပေါ့ပါးစွာ ကြည့်လိုက်ရာ ကျီချောင်ချင်ကလည်း ရန်စသော အကြည့်ဖြင့် ပြန်ကြည့်လာသည်။ သူမသည် လက်ထဲမှ ဝိုင်ခွက်ကို မြှောက်ပြကာ ကုဖေးရန်အနေဖြင့် သောက်ချင်သလောက်သောက်နိုင်ကြောင်း အမူအရာပြလိုက်ပြီး သူမကိုယ်တိုင်လည်း ခွက်ထဲမှ ဝိုင်ကို ကုန်စင်အောင် မော့သောက်လိုက်လေသည်။
ကျီချောင်ချင်သည် မိမိ၏ စရိုက်ကို ကောင်းစွာ သိသည်။ မည်သူမျှ သူမနှင့် မပြိုင်လျှင် သူမသည်လည်း ဂရုမစိုက်ဘဲ လှည့်ကြည့်ရန်ပင် ဝန်လေးတတ်သည်။ သို့သော် တစ်စုံတစ် ယောက်က သူမ ရှေ့လာပြီး ဆရာလုပ်နေလျှင်တော့ သူမ အရှုံးပေးမည်မဟုတ်သလို မည်သည့်နည်းဖြင့်မဆို အနိုင်ယူရန်ကြိုးစားလိမ့်မည်ဖြစ်သည်။
ဧည့်ခံပွဲပြီးဆုံးသောအခါ ကျီချောင်ချင်နှင့် ကျီချန်သဲ့တို့ သည် နန်းတွင်းဥယျာဉ်ထဲတွင် ဝိုင်အတူသောက်ကြသည်။
ကျီချန်သဲ့က "မိန်းကလေးရှန်... ဒီတစ်ခေါက် ကုကျိုးခရီး စဉ်က သတိထားရမယ်"
ကျီချောင်ချင်က ပြန်ပြောသည်။
"သတိထားရမှာပေါ့၊ ကုဖေးရန်က နန်းတော်ထဲမှာတောင် ကျွန်မကို ထိရဲတာ၊ လမ်းခရီးကျရင် အခွင့်အရေးရတာနဲ့ ကျွန်မကို သတ်မှာ သေချာတယ်"
ကျီချန်သဲ့ အစပိုင်းတွင် အံ့သြသွားသော်လည်း ခါးသက် သက် ရယ်မောလိုက်သည်။
"လွန်ခဲ့တဲ့တစ်နှစ်တုန်းက နန်းတော်ထဲမှာ သူလွှတ်လိုက်တဲ့ လူတွေကြောင့် ကိုယ်တော် သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်၊ တိုင်းပြည်အကြံပေးသာ မရှိရင် အခုအချိန် အသက်ပျောက်နေလောက်ပြီ"
ကျီချောင်ချင်သည် တိုင်းပြည်အကြံပေးအကြောင်းပါလာသဖြင့် ချန်ကျင်းကျီတစ်ယောက် ဤနှစ်များအတွင်း ဘာတွေလုပ်ခဲ့သလဲဟု မေးချင်စိတ်ပေါက်သွားသော်လည်း ချန်ကျင်းကျီ၏ မျက်နှာကို သတိရလိုက်သောအခါ ဆက်မမေးဖြစ်တော့ပေ။
"သူက သတ်ချင်နေတာကို ရှင်က ဘာလို့ ပြန်မတိုက်ခိုက်တာလဲ"
ကျီချန်သဲ့၏ မျက်လုံးများတွင် အေးစက်သော အရိပ်အ ယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ကုမိသားစုက ဘိုးစဉ်ဘောင်ဆက် တိုင်းပြည်ရဲ့အမတ်ကောင်းတွေ ဖြစ်ခဲ့တာလေ၊ ကုဖေးရန် လက်ထက်ရောက်တော့ ကုမိသားစုနဲ့ တော်ဝင်မိသားစု ဆက်ဆံရေးက ခွဲလို့မရအောင် ဖြစ်သွားပြီ၊ သူ့မှာ ဂုဏ်သတင်းကြီးတဲ့ မိသားစု နောက်ခံရှိရုံတင်မကဘူး၊ စစ်သည်တစ်သိန်းကို ကွပ်ကဲနိုင်တဲ့ ကျားတံဆိပ်ကိုလည်း ကိုင်ထားသေးတယ်၊ သူသာ ဆန္ဒရှိရင် နည်းနည်းလောက် အားစိုက်လိုက်ရုံနဲ့ ကိုယ်တော့်နေရာကို အလွယ်လေး ယူလို့ရတယ်"
"ကံမကောင်းစွာနဲ့ပဲ သူ မလုပ်နိုင်ဘူးလေ"
ကျီချောင်ချင် ရေကန်နားတွင် ရပ်လိုက်သည်။
"ဘာလို့လဲဆိုတော့ သူ့မျိုးရိုးက ကုဖြစ်နေပြီး ရှင့်မျိုးရိုးက ကျီဖြစ်နေလို့ပဲ"
ကုဖေးရန်သာ ပုန်ကန်လိုက်လျှင် သူ့ဘိုးဘေးများတည် ဆောက်ခဲ့သော ဂုဏ်သိက္ခာများမှာ ရယ်စရာဖြစ်သွားလိမ့် မည်။ သူ နောင်တစ်ချိန် ဧကရာဇ် ဖြစ်လာခဲ့လျှင်တောင် တစ်သက်လုံး သစ္စာဖောက်ဆိုသည့် နာမည်ဆိုး တွင်ကျန်ရစ်ခဲ့မှာ ဖြစ်သည်။
ငယ်စဉ်ကတည်းက ကောင်းစွာ ပညာသင်ကြားခဲ့ရသူ မည် သူမဆို အဆုံးစွန်ထိ တိုက်ခိုက်ခံရခြင်းမရှိလျှင် ဤကဲ့သို့ လုပ်ချင်မည် မဟုတ်ပေ။
ကျီချန်သဲ့က "အမတ်ချုပ်က ကုကျိုးကို သွားဖို့ ဇွတ်တောင်းဆိုနေတာက ကိုယ်တော့်ကိုတမင်သက်သက် ဆန့်ကျင်နေသလိုပဲ၊ သူ တစ်ခုခု ကြံစည်နေတယ်လို့ ကိုယ်တော် သံသယရှိတယ်"
"ကျွန်မမှာ အချိန်သိပ်မရှိဘူး၊ ၇ ရက်အတွင်း ကုဖေးရန်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားအောင်လုပ်ရမယ်" ကျီချောင်ချင် ပြောလိုက်သည်။
"နန်းတွင်းက အမတ်အများစုက သူ့လူတွေချည်းပဲ၊ ဒါကြောင့် ကျွန်မ သူနဲ့အတူ တောင်ဘက်ကို လိုက်သွားတဲ့အချိန်ကျရင် ရှင်က အဲ့ဒီအမတ်တွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်း ရှာထားရမယ်"
ကျီချန်သဲ့ အံ့သြသွားသည်။
"၇ ရက် ဟုတ်လား"
ကျီချောင်ချင်: "ရှင် မယုံဘူးဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မ အပိုပြောတာ မဟုတ်ဘူးဆိုတာ သိထားပါ"
ကျီချောင်ချင်သည် ခေါင်းငုံ့လိုက်ကာ သူမ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ခေါ်အဆောင်တစ်ခုကိုထုတ်လိုက်သည်။
"မဟာကျီမင်းဆက်က ကျင့်ကြံခြင်းကို အမြဲတမ်းလေးစားခဲ့တာပဲ"
မိုးက အတော်ချုပ်နေပြီဖြစ်ပြီး ရေကန်ဘေးတွင် လေအေးများ တိုက်ခတ်နေသည်။ ကျီချောင်ချင်က ကျီချန်သဲ့ကို ကြည့်လိုက်ရာ အဝေးမှမှိန်တုတ်တုတ် မီးရောင်များသည် သူမမျက်လုံးထဲတွင် ထင်ဟပ်နေပြီး မီးတောက်များ လောင်ကျွမ်းနေသည့်ပမာ ထင်မြင်ရသည်။
ထိုအရာသည် အေးစက်သော်လည်း ပြင်းပြသော စိတ်ဆန္ဒများရှိနေသည်။
"ကုဖေးရန်က မြို့တော်မှာ မရှိဘူး၊ တပ်တွေကို လှုပ်ရှားချင်ရင် ယုံကြည်ရတဲ့ လူယုံတွေ လိုအပ်မှာသေချာတယ်၊ ဒါက ဝိညာဉ်ခေါ်အဆောင်ပါ၊ ဒီဟာကို သုံးလိုက်တာနဲ့ မသန့်ရှင်းတဲ့အရာတွေကို ဆွဲဆောင်လိမ့်မယ်"
ကျီချန်သဲ့ မျက်မှောင်ကြုတ်လိုက်သည်။
"ဝန်ကြီးချုပ်ရဲ့ လူယုံကို သတ်ဖို့အတွက် ဒါကို သုံးမယ်ဆိုရင်တောင်..."
"ဘယ်သူက လူယုံကို သတ်ခိုင်းလို့လဲ"ကျီချောင်ချင် ပြုံးလိုက်သည်။
"ဝိညာဉ်ခေါ် အဆောင်ကို အဲ့ဒီလူယုံဆီမှာ ထည့်ပေးလိုက်ရမှာလေ၊ အဆောင်က မသန့်ရှင်းတဲ့အရာတွေကို ဆွဲဆောင်လာပြီး သူက ကျွန်မတို့ ထိန်းချုပ်မှုအောက်မှာပဲ မိစ္ဆာကောင် ဖြစ်သွားလိမ့်မယ်"