← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

ရှန်ကျွင်းသည် အကြိမ်ကြိမ်အလိမ်ခံရဖူးပြီး လူတိုင်းကို ယုံတတ်သောအကျင့်ရှိသောကြောင့် သူမလှည့်ကွက်ထဲ သေချာပေါက် ဝင်လာမည်ဖြစ်သည်။ သို့သော် သူမထိုသို့မလုပ်ချင်တော့ပေ။

ကျီချောင်ချင် အောက်ထပ်သို့ ဆင်းလာပြီး သိုလှောင်အိတ်ထဲမှ အသွင်ပြောင်း အဆောင်တစ်ခုကိုထုတ်ကာ မြင်းကောင်းတစ်ကောင်ဖန်ဆင်းလိုက်ပြီး ကုကျိုး သွားရာလမ်းသို့ ထွက်ခွာလာခဲ့သည်။

သူမ၏ မျက်နှာဖုံးက သိသာလွန်းနေသဖြင့် ကုဖေးရန်၏ လူများ မှတ်မိမည်ကို စိုးရိမ်သောကြောင့် ကျီချောင်ချင်သည် လမ်းတွင် အမျိုးသမီးဝတ်စုံကို ပြန်လည် လဲလှယ်ဝတ်ဆင်လိုက်ပြီး နောက်ထပ် အသွင်ပြောင်း အဆောင်တစ်ခုကို သူမ၏ မျက်နှာပေါ်တွင် ကပ်လိုက်သည်။ ဤအဆောင်များသည် နှစ်ရက်သာခံသော်လည်း ကျီချောင်ချင်အတွက်တော့ ခေတ္တသုံးရန် လုံလောက်ပေသည်။

ခရီးစဉ်မှာ အဆင်ပြေချောမွေ့ခဲ့သည်။ မိုးသောက်ချိန်၌ မြို့တံခါးဝသို့ ရောက်လုနီးပါးဖြစ်နေစဉ်တွင် ကျီချောင်ချင်သည် မိန်းကလေးတစ်ယောက်အား လူကောင်ထွားထွား ယောက်ျားအများအပြားက ဝိုင်းဝန်းရိုက်နှက်ဆဲဆိုနေကြသည်ကို တွေ့လိုက်ရသည်။

ကျီချောင်ချင်သည် ရှေ့သို့ မြင်းကိုစီးနင်းသွားရင်း အေးစက်စွာ ပြောလိုက်သည်။

"ရပ်လိုက်စမ်း!"

ထိုလူကြီးများသည် ကျီချောင်ချင်၏ အသံကြောင့် လန့်သွားကြသည်။ သူတို့ မော့ကြည့်လိုက်သောအခါ မြင့်မားသော မြင်းတစ်ကောင်ပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပြီး သူမ၏ မျက်လုံးများမှာ ဓားသွားကဲ့သို့ ထက်ရှနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏ ရုပ်ရည်ကို မည်သူမျှ သတိမထားမိတော့ဘဲ သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါကိုသာ ကြောက်ရွံ့သွားကြသည်။

အနိုင်ကျင့်ခံနေရသော မိန်းကလေးသည် ကျီချောင်ချင် အနားသို့ ကပျာကယာတိုးကပ်လာပြီး ငိုယိုကာ

"မိန်းကလေး... ကယ်ပါဦး!"

ကျီချောင်ချင်သည် တုန်လှုပ်ခြင်းမရှိပေ။

"ဘာလို့ သူ့ကို အနိုင်ကျင့်နေတာလဲ"

ကျီချောင်ချင်သည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုလူကြီးများသည် သူမက မိန်းကလေးတစ်ယောက်သာဖြစ်သည်ကို မြင်လိုက်ရပြီးနောက် အထင်မြင်သေးသွားကြသည်။

"သူက ငါတို့ရောဂါကို ကုပေးမယ်ဆိုပြီး အချိန်တွေပဲဖြုန်းနေတယ်၊ ငါတို့ဆီမှာ မိန်းမအရေပြားတွေက ပိုများလာတာပဲ ရှိတယ်၊ အခု ရှင်းရှင်းလင်းလင်း ဖြေရှင်းချက် မပေးရင် ဒီနေ့ သူ့ကို သတ်ပစ်မယ်!"

ထိုမိန်းကလေးက လျင်မြန်စွာ ပြောလိုက်သည်။

"ကျွန်မက မြို့ထဲက သမားတော်ပါ၊ ရောဂါပျောက်အောင် ကုပေးနိုင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး၊ အကောင်းဆုံး ကြိုးစားကုပေးမယ်လို့ပဲ ပြောခဲ့တာပါ!"

ထိုစကားကို ကြားသောအခါ လူတစ်ယောက်သည် ဒေါသထွက်သွားပြီး ထိုမိန်းကလေး၏ အဝတ်အစားကို လှမ်းဆွဲလိုက်သည်။

"ကောင်မစုတ်! လေကြီးလေကျယ် ပြောရဲသေးတယ်ပေါ့၊ ဒီနေ့ ငါတို့နဲ့ တွေ့တာ နင်တို့နှစ်ယောက် ကံဆိုးတာပဲ၊ ငါတို့ကို ကောင်းကောင်း ပြုစုပေးရ... အား!"

ကျီချောင်ချင်သည် သူမ၏ ခေါက်ယပ်တောင်ဖြင့် ထိုလူ၏ လက်ကို ရိုက်ချလိုက်ရာ လက်ချောင်းတစ်ချောင်းသည် ချက်ချင်းဆိုသလို ပြတ်တောက်လာသည်။ ထို့နောက် သူမကိုယ်ကို ကိုင်းကာ ထိုမိန်းကလေး၏ ပခုံးကိုလှမ်းဆွဲပြီး မြင်းပေါ်သို့ ဆွဲတင်လိုက်သည်။

ကျန်ရှိနေသော လူသန်ကြီးများက ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်ကြသည်။ ကျီချောင်ချင်သည် မြင်း၏ တင်ပါးကို ယပ်တောင်ဖြင့် အားကုန် ရိုက်ချလိုက်သည်။ နာကျင်သွားသော မြင်းသည် နောက်ခြေဖြင့်ကန်ကာ ထိုလူများထဲမှ တစ်ယောက်ကို နင်းခြေလိုက်သည်။

သောင်းကျန်းနေသော မြင်းကို မြင်သောအခါ ထိုလူများ သည် ဆက်လက် တားဆီးရန် မဝံ့ရဲတော့ဘဲ ကျီချောင်ချင် မြို့ထဲသို့ ဝင်ရောက်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရတော့သည်။

ကုကျိုးမြို့၏လမ်းမများထက်တွင် လူသွားလူလာ ကင်းမဲ့ကာ ခြောက်ကပ်တိတ်ဆိတ်နေသည်။ မြို့ထဲသို့ဝင်ရောက်လိုက်သည်နှင့် စားသောက်ဆိုင်များနှင့် လောင်းကစားရုံအများအပြားကို တွေ့ရှိရပြီး အဆောက်အအုံတိုင်းမှာ မြို့တော်နှင့်ပင်ယှဉ်နိုင်လောက်အောင် လက်ရာမြောက်ခမ်းနားလှသည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ ကုကျိုးက အရမ်းခေါင်တဲ့နေရာလေးပါ၊ မြို့ထဲမှာ ချမ်းသာတဲ့သူဆိုတာမရှိသလောက်ပါပဲ၊ ငွေစလေး နည်းနည်းပါးပါးပိုင်ဆိုင်ရင်ကိုပဲ ချမ်းသာတယ်လို့ သတ်မှတ်ကြတာ..."

မကြာသေးမီက ကျီချောင်ချင်ကယ်တင်ခဲ့သော

တုချန်အမည်ရှိမိန်းကလေးက ရှင်းပြသည်။

"အဲ့ဒီတုန်းကဘယ်သူ့မှာမှ ပိုက်ဆံအများကြီးမရှိကြဘူး၊ နေ့တိုင်းဗုံတွေလုပ်ပြီး အနီးနားမြို့တွေကို သွားရောင်းကြတယ်၊ ဘဝကပင်ပန်းပေမဲ့ ပျော်စရာကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ လူတိုင်း ရုတ်တရက်ချမ်းသာလာကြတယ်၊ အဲဒါက ပြဿနာတော့မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့တစ်လလောက်အထိပေါ့... လူတိုင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာအရေပြားတွေ စပြီးကွာကျလာခဲ့တယ်..."

ထိုအချိန်၌ တုချန်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။

"ကျွန်မ ဘာလုပ်ရမှန်းတကယ်မသိတော့ဘူး၊ ဘာပဲလုပ်လုပ် ဒီရောဂါက နေ့တိုင်းပိုပိုဆိုးလာတယ်၊ မြို့ထဲကလူတွေက ယတြာချေဖို့ ပညာရှင်တွေကို ပင့်ဖိတ်ခဲ့ကြပေမဲ့ အရာမထင်ဘူး၊ ဒီကိစ္စကြောင့် သေတဲ့လူတွေလည်း အရမ်းများနေပြီ..."

ကျီချောင်ချင်က ထောက်ပြလိုက်သည်။

"ရှင်တို့မြို့ကလူတိုင်း လည်ပင်းမှာကြိုးနီဆွဲထားကြပုံပဲ"

တုချန်သည် ခေါင်းကိုငုံ့ကာ သူမ၏လည်ပင်းရှိ

ကြိုးနီကိုကြည့်လိုက်သည်။

"လည်ပင်းမှာကြိုးနီချည်ထားသရွေ့ နတ်ဘုရားတွေရဲ့ကောင်းချီးကိုရရှိပြီး ဘေးအန္တရာယ်ကနေကင်းဝေးမယ်လို့ ကုကျိုးမှာအယူရှိကြတယ်၊ လူတိုင်းနီးပါးလည်ပင်းမှာ ကြိုးနီတွေရှိကြတယ်"

ဤကြိုးနီသည် နတ်ဘုရားတန်ခိုးများပါရှိကြောင်း

ရှန်ကျွင်း ပြောပြဖူးသည်။

တုချန်၏ခါးတွင် စည်ငယ်လေးတစ်လုံးချိတ်ဆွဲထားသည်ကို ကျီချောင်ချင်သတိပြုမိလိုက်သည်။ မနေ့ကမိသားစုဝင်များနှင့် မြို့ပြင်မှလူထွားကြီးများ အပါအဝင် အားလုံးသည် ဗုံငယ်လေးများကိုယ်စီ ဝတ်ဆင်ထားကြသည်။ ၎င်းသည် ကြိုးနီကဲ့သို့ပင် ဓလေ့တစ်ခုဖြစ်မည်ဟု ကျီချောင်ချင်ခန့်မှန်းလိုက်သည်။

"ဒါဆိုရင် မင်းတို့မြို့မှာ ကိုးကွယ်တဲ့နတ်ဘုရား ရှိရမယ်၊ နတ်ဘုရားကျောင်းကဘယ်နားမှာလဲ"

တုချန် ခဏမျှတုံ့ဆိုင်းသွားသည်။

"အလကားပဲ... အရင်တုန်းကတော့ ဗုံနတ်ဘုရားကျောင်းက နတ်ဘုရားဝိညာဉ်ကအရမ်းစွမ်းပေမဲ့ အခုတော့မစွမ်းတော့ပါဘူး..."

ကျီချောင်ချင်: "ကျွန်မကို အဲ့ဒီနေရာ လိုက်ပို့ပေးပါ"

တုချန်မှာ ခေါင်းညိတ်ရုံသာတတ်နိုင်တော့သည်။

ကျီချောင်ချင်နှင့် တုချန်တို့ မြို့ထဲသို့ဖြတ်သန်းသွားလာရာတွင် အပြင်ဘက်၌ လူတစ်ယောက်မျှ မတွေ့ရသလောက်ပင်။ သို့သော် လမ်းတစ်လျှောက်တွင် ပုံမှန်မဟုတ်သော သွေးကွက်များကိုတွေ့နေရပြီး ဗုံနတ်ဘုရားကျောင်းနှင့် နီးကပ်လာ‌လေသွေးကွက်များ ပိုနက်ရှိုင်းလာလေဖြစ်သည်။

တုချန်က ရှင်းပြလာသည်။

"သေတဲ့လူတွေအရမ်းများလွန်းတယ်၊ အများစုကမသေခင်မှာ နတ်ဘုရားစောင့်ရှောက်အောင် လာဆုတောင်းကြတာလေ"

ထိုသေမျိုးတို့သည် အရေခွံများ ကွာကျလျက်ဖြင့် အတိတ်ကကဲ့သို့ပင် ဘုရားသခင်၏ စောင့်ရှောက်မှုကိုတောင့်တကာ ဗုံနတ်ဘုရားကျောင်းဆီသို့ ယိုင်နဲ့နဲ့ လျှောက်လှမ်းလာခဲ့ကြသည်။ ကျီချောင်ချင်သည် ဗုံနတ်ဘုရားကျောင်း အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။

ကုကျိုးမြို့၏ ဗိသုကာလက်ရာများမှာ ဇိမ်ကျကျဖြစ်နေပြီးသားဖြစ်သော်လည်း ဗုံနတ်ဘုရားကျောင်းမှာမူ ကျင့်ကြံရေးဂိုဏ်းကြီးတစ်ခု၏ ပင်မခန်းမဆောင်ကဲ့သို့ပင် ခမ်းနားထည်ဝါလွန်းလှသည်။အပြင်ဘက်မှရပ်ကြည့်လိုက်ရုံဖြင့် နေရာတစ်ခုလုံးမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေလေသည်။ ဧကရာဇ်ကျီချန်သဲသာ ဤနေရာ၌ လာနေလျှင်ပင် နှိမ့်ချရာကျသည်ဟု ကျီချောင်ချင် ခံစားရမည်မဟုတ်ပေ။

ထိုမျှ ကြီးကျယ်ခမ်းနားသောအဆောက်အအုံကြောင့် ကျီချောင်ချင်ပင် ခေတ္တမျှကြောင်သွားမိသည်။

"ဒီလောက်ကြီးကျယ်တဲ့အဆောက်အအုံ ဆောက်ဖို့ ဘယ်လောက်ကြာလိုက်လဲ၊ ဒေသခံစစ်သူကြီးက

ခွင့်ပြုလို့လား"

တုချန်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။

"နှစ်နှစ်လောက်ကြာပါတယ်၊ ကုကျိုးမြို့သူမြို့သားတွေက ဗုံနတ်ဘုရားကိုကိုးကွယ်ကြတော့ အားလုံး ဝိုင်းပြီးရန်ပုံငွေထည့်ကြတာပါ၊ စစ်သူကြီးကလည်း ကူညီပေးပါတယ်"

သူတို့သည် နှုတ်ဖျားဖြင့်သာ ပြောဆိုခြင်းမဟုတ်ဘဲ အမှန်တကယ် ယုံကြည်သက်ဝင်ကြပုံရသည်။ သို့သော် ကုကျိုး သည်အမှန်တကယ်ပင် ထူးခြားစွာ ကြွယ်ဝချမ်းသာလှပေသည်။ ခန်းမထဲသို့ဝင်လိုက်သည်နှင့် ကျောက်သားဖြင့်ထွင်းထုထားသော အမြင့် (၇)တောင်ခန့်ရှိသည့် ဗုံကြီးတစ်လုံးကို ကျီချောင်ချင် မော့ကြည့်လိုက်မိသည်။

ဗုံမျက်နှာပြင်ပေါ်တွင် သံချပ်ကာဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထိုင်နေပြီး ထိုအမျိုးသမီးမှာ အသက်မကြီးလှသော်လည်း စစ်မြေပြင်သို့အချိန်မရွေးဝင်ရောက်တော့မည့်အလား မျက်ဝန်းများမှာပြတ်သားနေသည်။

All Chapters