အခန်း (၃၈)
Vol. 4 Ch. 38
ကျီချောင်ချင်၏ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်နှင့် မခြားတော့သဖြင့် ထိုနေရာမှအခြေအနေကို ပိုင်းခြားမသိနိုင်သော်လည်း သူမ၏အတိတ်က အတွေ့အကြုံအရဆိုလျှင် ရုပ်တုထဲမှအမျိုးသမီးသည် သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များထုတ်လွှတ်နေသည့် အမျိုးသမီးစစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ရမည်ဟုသုံးသပ်မိသည်။ ၎င်း၏ လည်ပင်းတွင် သာမန်လူများဝတ်ဆင်ထားသည်နှင့် ပုံစံတူသော ရိုးရှင်းသည့်ကြိုးနီတစ်ချောင်းချည်နှောင်ထားလေသည်။
ကုကျိုးမြို့သူမြို့သားများ ဝတ်ဆင်ထားသော
ကြိုးနီများတွင် နတ်ဘုရားတန်ခိုးပါဝင်နေရခြင်းမှာ ဤအကြောင်းရင်းကြောင့်ဖြစ်လောက်သည်။
ကျီချောင်ချင်သည် ခန်းမတစ်ခုလုံးကိုလိုက်လံကြည့်ရှုရင်း ဖုန်းရွှေအနေအထား လွဲမှားနေသည်ဟု ပို၍ခံစားလာရသည်။ ထို့နောက် ဘေးနားတွင်ရပ်နေသောတုချန်က သံသယဖြင့်မေးလာသည်။
"မိန်းကလေးချန်... ဘာရှာနေတာလဲ"
ကျီချောင်ချင်လှည့်ကြည့်လိုက်ရာ သူမ၏စိတ်ထင်မှုကြောင့်လားမသိ ထိုတုချန်ဆိုသည့် ကောင်မလေးသည် ဗုံကြီးပေါ်မှရုပ်တုနှင့်ဆင်တူသည်ဟု ခံစားလိုက်ရသည်။ ထိုစဉ်ကျီချောင်ချင်သည် သူမ၏ နောက်မှခြေသံများကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူမလှည့်ကြည့်လိုက်သောအခါ ခန်းမအပြင်ဘက်အဝေးဆီမှ လူတစ်ယောက်ပြေးလာသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ အမျိုးသားတစ်ယောက် ဖြစ်လောက်သည်။ ဖြစ်လောက်သည်ဟု ဆိုရခြင်းမှာ ထိုအမျိုးသား၏အရေပြားများ ပျောက်ဆုံးနေပြီး သွေးနှင့်အသားများမှာ တစက်စက်ကျကာ ပြေးလွှားနေသောကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်ကပိန်လှီနေပြီး အဝေးမှကြည့်လျှင် ကျား၊မ ခွဲခြား၍မရနိုင်ပဲ လူပုံစံဖြစ်ကြောင်း ခပ်သဲ့သဲ့မျှသာ မှတ်မိနိုင်တော့သည်။
ထိုလူမှာ နာကျင်စွာဖြင့် အော်ဟစ်ညည်းညူနေပြီး ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆင်းသွင်ပြင်ကြောင့် အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။
ထိုသူ၏အနောက်တွင် သွေးရွှဲနေသောလူသား၏ မိသားစုဝင်များဖြစ်ဟန်တူသည့် လူအုပ်ကြီးက လိုက်ပါလာကြသည်။
ကောင်းကင်ကြီးမှာ သိသိသာသ မည်းမှောင်သွားပြီး လေထုထဲတွင်ပင် သွေးညှီနံ့များပါလာသည့်ပမာ ထင်ရသည်။
"ငါ့သား... ငါ့သားလေး"
"ယင်းအာ! ပြန်လာခဲ့၊ ဆက်မပြေးနဲ့တော့"
"သခင်လေး၊ မပြေးပါနဲ့တော့!"
လူအုပ်ကြီးမှာအော်ဟစ်ငိုယိုလျက် ပင်မခန်းမဆောင်ဘက်သို့ပြေးလာကြသော်လည်း မည်သူမျှ သွေးရွှဲနေသော ထိုလူသားနောက်သို့ ထပ်ချပ်မကွာလိုက်ရဲခြင်းမရှိကြပေ။ ရုတ်တရက် တုချန်၏အသံက ကျီချောင်ချင် နားထဲသို့၀င်ရောက်လာသည်။
"အဲ့တာ စစ်သူကြီးရဲ့သားပါ"
ကျီချောင်ချင်လှည့်ကြည့်လိုက်သောအခါ တုချန်၏ အမူအရာမှာတည်ငြိမ်နေပြီး ဤမြင်ကွင်းသည်
သူမအပေါ် သက်ရောက်မှုမရှိသလိုထင်ရသည်။
"အံ့သြမနေပါနဲ့ မိန်းကလေး၊ လွန်ခဲ့တဲ့တစ်လအတွင်းမှာ ဒီလိုလူမျိုးတွေ အများကြီးမြင်ခဲ့ရပြီးပြီ၊ သူတို့က ပြေးလေလေ ကိုယ်အလေးချိန် ကျလေလေဆိုတာသိပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ဖို့ ကြိုးစားနေကြတုန်းပဲ၊ မကြာခင်မှာ ကျွန်မလည်းအဲ့ဒီ့လိုဖြစ်လာနိုင်ပါတယ်"
လွန်ခဲ့သောတစ်လအတွင်း ကုကျိုးမြို့၌ လူအများအပြားသေဆုံးခဲ့ရသဖြင့် လူအများကို ထုံထိုင်းသွားစေရန် လုံလောက်နေပြီဖြစ်သည်။
ထိုအချိန်၌ ရှန်ကျွင်းသည် ကောင်းကင်မှဆင်းသက်လာပြီး လက်ထဲတွင် ဓားကိုကိုင်ဆောင်ထားကာ ဝတ်ရုံဖြူနှင့်အလွန်တရာ အေးစက်တည်ကြည်သော အသွင်အပြင်ရှိလေသည်။
သူသည် သွေးများစိုရွှဲနေသောလူ၏ လမ်းကို ပိတ်ဆို့လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"မင်းရဲ့အပြစ်တွေက ကြီးလေးလွန်းတယ်၊ သေသင့်ပြီ"
ထိုသို့ပြောပြီးနောက် သူသည် သွေးရွှဲနေသောလူအား ဓားဖြင့်ထိုးလိုက်လေသည်။ ကျီချောင်ချင်သည် ချက်ချင်းပင် မန္တန်စာရွက်တစ်ရွက်ပစ်လွှတ်လိုက်ရာ ရှန်ကျွင်း၏ ဓားနှင့်ရိုက်မိပြီး ချက်ချင်းပျောက်ကွယ်သွားသည်။
အနောက်မှလိုက်လာသော အဘွားအိုမှာ အော်ဟစ်ပြီး မူးမေ့လဲကျသွားသည်။ ရှန်ကျွင်း လှည့်ကြည့်လိုက်ရာ ကျီချောင်ချင်ကိုမြင်လိုက်ရသဖြင့် သူ့ မျက်နှာထားမှာ တင်းမာသွားလေသည်။ အကြည့်ဖြင့်သာလူသတ်နိုင်လျှင် ကျီချောင်ချင်တစ်ယောက် ယခုအချိန်တွင် အလောင်းကောင်ဖြစ်နေလောက်ပြီ။
သွေးစိုရွှဲနေသောလူသားမှာ မြေပြင်ပေါ်သို့လဲကျသွားပြီး နာကျင်စွာအော်ဟစ်နေရှာသည်။ အသားစများတဖြုတ်ဖြုတ်ကြွေကျလာပြီး ဤလောကတွင် အသက်ရှင်နေရခြင်းက သူ့အတွက်ငရဲကျသကဲ့သို့ ပင်ပန်းဆင်းရဲလှသည်။ ကျီချောင်ချင်က ယပ်တောင်ကိုဖြန့်လိုက်ပြီး ပြောလိုက်သည်။
"ရှန်ကျွင်း... တိုက်ဆိုင်လိုက်တာ"
ရှန်ကျွင်း: "မင်း ဘာလို့ ငါ့ကို တားတာလဲ"
ကျီချောင်ချင်သည် ပြန်မဖြေဘဲ ဝမ်းနည်းပူဆွေးနေသောအမူအရာဖြင့် မိသားစုခေါင်းဆောင်ဟုထင်ရသော လူလတ်ပိုင်းအမျိုးသားထံသို့ လျှောက်သွားလိုက်သည်။
"စစ်သူကြီး...စိတ်မကောင်းပါဘူးရှင်"
စစ်သူကြီးဖန်ကုန်းဝမ်၏ နားထင်စပ်များမှာ ဖြူနေပြီဖြစ်သည်။ သူ့မျက်နှာတစ်ခြမ်းမှာ ဖြူဖွေးနေသော်လည်း ကျန်တစ်ခြမ်းမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖော်ပြမတတ်နိုင်သော ရက်စက်ကြမ်းကြုတ်မှုမျိုးကို မြင်ရသည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး"
ကျီချောင်ချင်သာမရှိလျှင် သူ့ဒုတိယသား သေဆုံးသွားနိုင်ကြောင်း ဖန်ကုန်းဝမ် ကောင်းစွာမြင်တွေ့လိုက်ရသည်။ ဒုတိယသခင်လေးမှာ အသားတုံးတစ်ခုအလား မြေပြင်ပေါ်တွင်လဲကျနေပြီး နာကျင်မှုကြောင့် တက်မတတ်ဖြစ်နေရှာသည်။ သွေးများမှာလည်း မြေကြီးထဲသို့စိမ့်ဝင်နေသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းရုံသာမက ရွံရှာဖွယ်လည်း ကောင်းလှသည်။
ဖန်မိသားစုမှအစေခံအများစုမှာ ထိုအသားပုံကြီးကို မကြည့်ရက်သဖြင့် မျက်နှာလွှဲထားကြသည်။
ဖန်ကုန်းဝမ်လည်း သည်းမခံနိုင်တော့ပေ။ သူသည် စိတ်ကိုတင်းကာ လူအုပ်ကြီးကိုပြောလိုက်သည်။
"အားလုံးပဲ... ဒုတိယသခင်လေးကို ဗုံနတ်ဘုရားကျောင်းထဲသယ်သွားကြ၊ ငါ သူ့အတွက် ဆုတောင်းပေးချင်တယ်"
အစေခံများသည် ရွံရှာမှုကိုမြိုသိပ်ကာ ဒုတိယသခင်လေးအား ဗုံနတ်ဘုရားကျောင်းထဲသို့ သယ်ဆောင်သွားကြသည်။ ရှန်ကျွင်းသည် ဓားကို ဓားအိမ်ထဲပြန်သွင်းပြီး ကျီချောင်ချင်ဘေးတွင်လာရပ်လိုက်သည်။
ကျီချောင်ချင်သည် သူမဘေးနားတွင် ရေခဲတုံးကြီးတစ်တုံးလာရပ်နေသည်ဟု ခံစားလိုက်ရပြီး အခြေအနေကိုသဘော ပေါက်လိုက်သည်။
"ကျွန်မ ဘာလို့ ရှင့်ကို တားရတာလဲ ဟုတ်လား ရှင်းရှင်းလေးပဲ... ရှင့်ကို အသုံးချချင်လို့လေ၊ ရှင်က လူဆိုးလုပ်၊ ကျွန်မက သူရဲကောင်းလုပ်မယ်၊ ဒါမှ စစ်သူကြီးက ကျွန်မနဲ့ပိုရင်းနှီးသွားပြီး ကုကျိုးကလူရေခွံအမှုကိစ္စကို စုံစမ်းရလွယ်ကူသွားမှာပေါ့"
ကျီချောင်ချင်က ဆက်ပြောသည်။
"ပြီးတော့ သူ့အပြစ်တွေက အရမ်းကြီးလေးနေမှတော့ ကျွန်မတို့ လျစ်လျူရှုထားလိုက်လို့ရသားပဲ၊ သူက အဲဒီလိုရွံစရာကောင်းတဲ့ အခြေအနေဖြစ်နေပြီလေ၊ အသက်ရှင်နေတဲ့စက္ကန့်တိုင်းက နာကျင်နေမှာ၊ ရှင်ကသာ သူ့ကို ချက်ချင်းသေခွင့်ပေးလိုက်ရင် သူက ဘယ်လိုလုပ် သူ့အပြစ်တွေကို ပြန်ပေးဆပ်နိုင်တော့မှာလဲ"
ကျီချောင်ချင်သည် နောင်တရသည့်အရိပ်အယောင်မပြဘဲ သူမမှန်ကန်သောကြောင့် ဒေါသထွက်သည့် လေသံမျိုးဖြင့်ပြောလိုက်သည်။
"ငါ မင်းကို မသတ်ဘူးလိုထင်နေတာလား..."
ရှန်ကျွင်း၏အေးစက်သောအသံကြောင့် ကျီချောင်ချင်လည်း ခြေလှမ်းတိုရပ်တန့်သွားကာ သူ့ဘက်သို လှည့်ကြည့်လိုက်သည်။
သူမ ထျန်းရွှမ်ဂိုဏ်းတွင်ရှိခဲ့စဉ်က နေ့တစ်နေ့ကို ရုတ်တရက်သတိရသွားသည်။ ရှန်ကျွင်းသည် အေးစက်သောလမင်းနှင့် တူရုံသာမက အလွန်အေးစက်သောနှင်းစက် ကဲ့သိုပင်။ သူသည် မြင့်မြတ်စင်ကြယ်သောအလင်းရောင်အောက်တွင် အထက်စီးဆန်စွာရပ်နေခဲ့ပြီး သူမ အသက်တစ်ချောင်းကို အမှုမထားဘဲ အလွယ်တကူနှုတ်ယူနိုင်ပုံ ပေါက်နေခဲ့သည်။
"တောင်ပေါ်ကဆင်းလာပြီးကတည်းက ရှင်နည်းနည်းလေးမှ မပြောင်းလဲသေးပါလား ရှန်ကျွင်း..."
ကျီချောင်ချင်၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး လှောင်ပြုံးတစ်ခုပေါ်လာသည်။
"ကျွန်မအသက်ကို ယူချင်ရင်တော့ ရှင့်မှာအဲ့ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့"
ရှန်ကျွင်းသည် သူ၏ရေခဲချိုးဖျက်ဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ ၎င်းမှာ သူမကိုအမှန်တကယ်တိုက်ခိုက်တော့မည်ဟု ကျီချောင်ချင်အာရုံခံမိလိုက်သည်။ ထိုကြောင့် အချိန်ဆွဲမနေတော့ဘဲ သူမ၏ ဝတ်ရုံလက်ကိုခါလိုက်ရာ ခွင်းလွန်ဓား၏ဓားရိုးသည်လည်း သူမလက်ထဲသိုရောက်ရှိလာလေသည်။