အခန်း (၄၀)
Vol. 4 Ch. 40
ရှန်ကျွင်းက ပြောလာသည်။
"ဒီမှာရှိတဲ့ပိုက်ဆံတွေက ဘာမှမရှိတဲ့လေထဲကနေ ပေါ်လာတာ"
"လေထဲကနေ ပေါ်လာတာဟုတ်လား"
ကျီချောင်ချင်သည် လုပ်လက်စကိုရပ်လိုက်ပြီး ဗုံနတ်ဘုရားကျောင်းကို ရုတ်တရက် သတိရသွားသည်။သူမ ချက်ချင်းထွက်ခွာရန် ပြင်လိုက်သော်လည်း ရှန်ကျွင်းကတားလိုက်သည်။
"မင်း ဘာလုပ်မလိုလဲ"
ကျီချောင်ချင်သည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး သူတိုနှစ်ဦးကြား အကွာအဝေးတစ်ခု ယူလိုက်သည်။
"ထွက်သွားမလို"
"အပြင်မှာ လူတွေ ရှိတယ်"
"ရိုက်ပြီး မေ့အောင်လုပ်လိုက်မှာပေါ့"
ရှန်ကျွင်း၏ နဖူးပေါ်မှ သွေးကြောများထောင်တက်လာသည်။
"မင်းတိုကြားမှာ ရန်ငြိုးမရှိဘူးလေ၊ သူတိုကိုလွှတ်ထားလိုက်"
ကျီချောင်ချင်သည် မဲ့ပြုံးပြုံးကာ ပြန်ပြောရန်ပြင်လိုက်စဉ် အပြင်ဘက်မှ အော်သံတစ်ခုကိုကြားလိုက်ရသည်။ သူတိုနှစ်ယောက်သား ချက်ချင်းဆိုသလို ထွက်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရပြီး ထိုသူ၏ အသားများမှာလည်း ကွာကျနေပြီဖြစ်သည်။ ၎င်းသည် ရောဂါဆန်းအားခံစားနေရသော နောက်ထပ်လူတစ်ဦးဖြစ်သော်လည်း အခြေအနေသိပ်မဆိုးရွားသေးပေ။
၎င်းတိုနှစ်ယောက်ထွက်လာသည်ကို မြင်သောအခါ ထိုအမျိုးသားသည် အားယူပြီး အကူအညီတောင်းရန်ကြိုးစားသည်။ ကျီချောင်ချင်သည် ချက်ချင်းပင် မန္တန်စာရွက်ဖြင့် ထိုသူ၏ပါးစပ်ကိုပိတ်လိုက်သည်။
ထိုမန္တန်မှာ ကျီချောင်ချင်အစွမ်းထက်စဉ်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဝိညာဉ်စွမ်းအားများစွာပါသည်။ မန္တန်စာရွက်သည် ထိုလူ၏ပါးစပ်နှင့် ထိလိုက်သည်နှင့် စာရွက်အောက်ပိုင်းသည် လည်ပင်းမှကြိုးနီနှင့် သွားထိမိလေသည်။
တစ်ခဏအတွင်းမှာပင် ကြိုးနီသည် ပြတ်ထွက်သွားပြီး ပုပ်စော်နံ့များထွက်ပေါ်လာသည်။ ကျီချောင်ချင်သည် ပါးစပ်နှင့်နှာခေါင်းကိုအုပ်ကာမျက်မှောင်ကြုတ်လိုက်သည်။
"နတ်ဘုရားတန်ခိုးပါတဲ့ပစ္စည်းက ဘယ်လိုလုပ်ပြီး ပုပ်စော်နံနေရတာလဲ"
ထိုအနံ့ဆိုးသည် အသက်ရှိနေသည့်ပမာ စုစည်းသွားပြီး ပြတင်းပေါက်မှတစ်ဆင့်အပြင်သို လျင်မြန်စွာပျံထွက်သွားသည်။ ကျီချောင်ချင်သည် ရှန်ကျွင်းကို ချက်ချင်းဆွဲလိုက်သည်။
"အတူတူ သွားကြမယ်!"
ရှန်ကျွင်းသည် အဆွဲခံထားရသော သူ့ဝတ်ရုံလက်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှမပြောဘဲ ကျီချောင်ချင်ကို ပြတင်းပေါက်မှတစ်ဆင့်ဆွဲခေါ်သွားလေသည်။ ၎င်းတိုနှစ်ဦးသည် အနံ့ဆိုးနောက်သိုလိုက်သွားကြည့်ရာ ဗုံနတ်ဘုရားကျောင်းတွင် ရပ်တန့်သွားသည်။
ကျီချောင်ချင်သည် ဗုံနတ်ဘုရားကျောင်းထဲသို တန်းတန်း မတ်မတ်ဝင်လိုက်ပြီး ခွင်းလွန်ဓားကိုထုတ်ကာ ရုပ်တုကြီးအား ခက်ထန်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"ဒါတွေအားလုံးဖြစ်ပျက်နေရတာ နင့်လက်ချက်ကိုး!"
ညမှာနက်နေပြီဖြစ်သည်။ အလောင်းကောင်ပုပ်နံ့များ ဗုံနတ်ဘုရားကျောင်းထဲသို ဝင်ရောက်လာသောကြောင့်လားမသိ ပြင်းထန်သောလေတစ်ချက်သည် ဘုရားကျောင်းတစ်ခုလုံးကိုတိုက်ခတ်သွားပြီး ဖယောင်းတိုင်များငြိမ်းသွားကာ ဆုတောင်းအလံများလည်း လေထဲတွင်ဝဲပျံကုန်သည်။ ထိုနောက် တိုက်ပွဲဖြစ်ပွားနေသံများကို ကျီချောင်ချင် ခပ်သဲ့သဲ့ကြားလိုက်ရသည်။
ထိုအသံများသည် စစ်မြေပြင်ရောက်ဖူးသူမှသာ ခွဲခြားသိနိုင်သောအသံမျိုး ဖြစ်သည်။ တစ်ခဏချင်းမှာပင် ဖော်မပြနိုင်သော ရက်စက်ကြမ်းကြုတ်မှုမျိုး ကျီချောင်ချင်၏စိတ်ထဲတွင် ပြည့်လျှံလာသည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာက မှတ်ဉာဏ်များ သူမ၏ခေါင်းထဲသို တိုးဝင်ရောက်လာသည်။
တောင်တန်းများအနှံ့တောက်လောင်နေသော မီးတောက်များသည် ကောင်းကင်ဘုံသို့ရောက်မတတ်တလျှံလျှံတောက်လောင်နေပြီး ကောင်းကင်ကြီးတစ်ခုလုံးကိုနီရဲသွားစေသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများမှာ လဲကျလိုက်ပြန်ထလိုက်နှင့် လူအဖြစ်မှမိစ္ဆာများအဖြစ် ပြောင်းသွားကြပြီး
သူတို့၏ဓားသွားများကို ရဲဘော်ရဲဘက်များထံသို့ ပြန်လည်ချိန်ရွယ် တိုက်ခိုက်နေကြသည်။ ခြေလက်အင်္ဂါများလည်း ပြတ်တောက်ကာ အသားစများအဖြစ်ကြေမွနေသည်။ သွေးအိုင်ကြီးများသည် စမ်းချောင်းသဖွယ်ဖြစ်ပေါ်လာပြီး အမည်မသိသော နေရာများဆီသို့ စီးဆင်းသွားကြသည်။
"စိတ်လျှော့လိုက်"
ရှန်ကျွင်း၏အသံသည် စိတ်ငြိမ်စေသော မန္တန်ရွတ်သံပမာ ကျီချောင်ချင်ကို အတွေးထဲမှရုတ်တရက် ဆွဲထုတ်လိုက်သည်။ သူမ၏လက်ကောက်ဝတ်ရှိ စိပ်ပုတီးမှာအေးစက်နေပြီး မှိန်ဖျော့ဖျော့ အလင်းရောင်ထွက်ပေါ်နေသည်။
ရုတ်တရက် ကျီချောင်ချင် သွေးအန်လိုက်သည်။ ထို့နောက် သူမ ခွင်းလွန်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အမျိုးသမီးရုပ်တုကိုစူးစိုက်ကြည့်ကာ ခပ်တိုးတိုးလေးရယ်လိုက်သည်။
"ငါ့စိတ်ကိုတောင် နှောင့်ယှက်နိုင်တယ်ပေါ့... ကောက်ကျစ်လိုက်တဲ့မိစ္ဆာမ...တောက်!"
ထို့နောက် ကျီချောင်ချင်သည် မန္တန်စာရွက်တစ်ရွက်ကိုချေမွလိုက်ရာ အလွန်အစွမ်းထက်သော ဝိညာဉ်စွမ်းအားတစ်ခုသည် သူမရှေ့တွင်ပေါ်လာသည်။ သူမ ထိုစွမ်းအားပေါ်သို့ ခြေလှမ်းလှမ်းလိုက်ပြီး ခွင်းလွန်ဓားဖြင့် ရုပ်တုအား ပြင်းထန်စွာထိုးစိုက်လိုက်သည်။
ရှန်ကျွင်းသည် ကျီချောင်ချင် အမှန်တကယ်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် မသန်စွမ်းတစ်ယောက်ဖြစ်နေသော်လည်း မာနကြောင့် သေမင်းကိုမကြောက်မရွံ့ရင်ဆိုင်ရဲသည်။
တကယ့်ကို မာနကြီးပြီး ရဲတင်းလွန်းတယ်...
ရုတ်တရက် သွေးညှီနံ့များ လေထဲတွင် ပြည့်နှက်သွားပြီး မရေမတွက်နိုင်သောလူများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ရုပ်ထုတစ်ခုလုံးသည် မျက်စိဖြင့်မြင်နိုင်လောက်သည့် နာကျည်းမှုအငွေ့အသက်များဖုံးလွှမ်းသွားပြီး ယင်စွမ်းအင်များသည် ကျီချောင်ချင်ဆီသို့ဝင်ရောက်လာကာ နာကျည်းမှုများ၏အလယ်ဗဟိုသို့ သူမကိုဆွဲခေါ်သွားရန် ကြိုးစားနေကြသည်။
သို့သော် ကျီချောင်ချင်သည် ရှောင်တိမ်းခြင်းမရှိဘဲ ရုပ်တုကိုဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားသည့်အလား မိုက်မဲစွာပင်ရှေ့ဆက်တိုးနေသည်။ အကယ်၍သာ ထိုနာကျည်းမှုများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပါက ကျီချောင်ချင်တစ်ယောက် မြေမြှုပ်စရာနေရာမရှိပဲ သေဆုံးသွားရပေလိမ့်မည်။
ရှန်ကျွင်းသည် ဒုတိယအကြိမ်မစဉ်းစားတော့ဘဲ လေထဲသို့ခုန်တက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ကျီချောင်ချင်၏ ခွင်းလွန်ဓားကို နှင်းကဲ့သို့ဖြူဖွေးနေသောဓားရှည်က ပိတ်ဆို့လိုက်သည်။ နတ်ဘုရားဓားနှစ်လက်သည် ထိပ်တိုက်တွေ့သွားပြီး စူးရှသောအသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ရှန်ကျွင်းနှင့်ကျီချောင်ချင်တို့၏ ဓားနှစ်လက်စလုံး လက်ထဲမှလွတ်ကျသွားပြီး ခန်းမ ကြမ်းပြင်ပေါ်သို့ နက်ရှိုင်းစွာစိုက်ဝင်သွားကြသည်။
ကျီချောင်ချင်သည် ရှန်ကျွင်း၏လက်တစ်ဖက်တည်းဖြင့် အတားဆီးခံလိုက်ရပြီး သူတို့နှစ်ယောက်လုံး နာကျည်းမှုအငွေ့အသက်များမှ လွတ်မြောက်သွားကြသည်။ ၎င်းတို့ မြေပြင်ပေါ်သို့ခြေချလိုက်သည်နှင့် ကျီချောင်ချင်သွေးထပ်အန်လိုက်ပြန်သည်။ အေးစက်သောအရှိန်အဝါတစ်ခုသည် သူမ၏နှလုံးသားမှ ခြေလက်များဆီသို့ စီးဆင်းသွားပြီး သူမတစ်ကိုယ်လုံးအေးစက်ကာ အားအင်ကုန်ခမ်းသွားစေသည်။ သူမသည် မြေပြင်ပေါ်သို့ အားလျော့စွာလဲကျသွားတော့သည်။
ဤအချိန်တွင် ရှန်ကျွင်းသည် ကျီချောင်ချင်၏ လက်မောင်းကိုဖမ်းဆွဲလိုက်ပြီး မြေပြင်ပေါ်သို့မလဲကျစေရန်ထိန်းပေးလိုက်သည်။
ရှန်ကျွင်းသည် ကျီချောင်ချင်၏ လက်မောင်းကို အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ဘာကြောင့်လဲ"
ကျီချောင်ချင်သည် နှုတ်ခမ်းမှသွေးများကို အေးစက်စွာ သုတ်လိုက်သည်။
"စိတ်အနှောင့်အယှက် ဖြစ်လို့လေ"
ထိုနှစ်က မှတ်ဉာဏ်များကို ကျီချောင်ချင် ပြန်မတွေးချင်ပေ။ သူမကို အတင်းအကျပ် ပြန်သတိရအောင်လုပ်သည့် မည်သူကိုမဆိုသတ်ပစ်မည်။
ရှန်ကျွင်းသည် ဒေါသတကြီးရယ်မောလိုက်သည်။
"အရူး"
ကျီချောင်ချင်သည်လည်း ရှန်ကျွင်းရယ်မောသည်ကို ပထမဆုံးအကြိမ်မြင်ဖူးသဖြင့် လိုက်ရယ်မိပြီး ရှန်ကျွင်း၏ ပါးကိုဆွဲလိုက်သည်။
"ရှန်ကျွင်း... ရှင် ပြုံးလိုက်ရင် အရမ်းချောတာပဲ၊ များများပြုံးသင့်တယ်"
သူမတစ်ခါသာဆွဲပြီး ပြန်လွှတ်လိုက်သည်။ ရှန်ကျွင်းလည်းတန့်သွားပြီး သူ့မျက်နှာထားမှာအေးစက်လာသည်။
"မင်းကို ဒုက္ခပေးတဲ့သူတိုင်းကို သတ်မယ်လို့ပြောခဲ့တယ်မလား၊ အခုကျတော့ ဒီလောက်လွယ်လွယ်နဲ့ သေတော့မလို့လား၊ သူတို့ကိုမသတ်တော့ဘူးလား"
ကျီချောင်ချင်၏ မျက်လုံးများမှုန်ဝါးလာသည်။
"အခု ကျွန်မအတွက်တော့ သေတာနဲ့ရှင်တာ အတူတူပါပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်မအစီအစဉ်က ရပ်တန့်သွားမှာမဟုတ်ပါဘူး... သက်ရှိသတ္တဝါတွေအားလုံး ကျွန်မနဲ့အတူ အမြှုပ်ခံကြရမှာ..."
ခန်းမအတွင်းရှိ လေးလံထိုင်းမှိင်းပြီး မကောင်းဆိုးဝါးဆန်သော အငွေ့အသက်များသည် အလင်းရောင်ဟူသမျှကို ဝါးမြိုပစ်လိုက်သဖြင့် ခန်းမတစ်ခုလုံးမှောင်မိုက်သွားလေသည်။ ပြတ်တောင်းပြတ်တောင်းထွက်ပေါ်လာသော ဟိန်းဟောက်သံများနှင့်အော်ဟစ်သံများကိုရှန်ကျွင်း ခပ်သဲ့သဲ့ကြားနေရသည်။
ထိုအသံများသည် အမျိုးသမီးတစ်ယောက်၏ ငိုရှိက်သံနှင့်ရောနှောကာ ချွန်ထက်သောဓားသွားများအလား သူ၏နားထဲသိုစူးဝင်လာပြီး ခေါင်းကွဲထွက်မတတ် ခံစားလိုက်ရသည်။
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုပွေ့ချီလျက် ခန်းမအပေါက်ဝဆီသိုဦးတည်သွားနေစဉ် အနက်ရောင် မြူခိုးတိမ်တိုက်တစ်ခုသည် သူ့ထံသိုအရှိန်ပြင်းစွာ ဝင်ရောက်လာသည်။ ရှန်ကျွင်း နောက်လှည့်ရန်ပြင်လိုက်စဉ်မှာပင် ကျီချောင်ချင်၏မျက်လုံးများပွင့်လာသည်။ သူမသည် လက်ထဲတွင် မန္တန်စာရွက်တစ်ရွက်ကိုကိုင်ဆောင်ထားပြီး ရှန်ကျွင်း၏ကျောပြင်ကိုလာထိတော့မည့် အရာပေါ်သိုဖိကပ်လိုက်သည်။
ရှန်ကျွင်းလည်း လျင်မြန်စွာတုံပြန်လိုက်ပြီး ဓားကွက်တစ်ချက်ဖြင့်လှည့်ကာ ထိုအရာ၏ခန္ဓာကိုယ်ထဲသို တည့်တည့်မတ်မတ်ထိုးစိုက်လိုက်သည်။ ထိုအရာသည် နာကျင်စွာအော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ခန်းမထဲရှိဗုံများအားလုံး တဒုန်းဒုန်းနှင့် အဆက်မပြတ်မြည်ဟည်းလာကြသည်။