အခန်း (၂၃၃၃-၂၃၃၄)
Vol. 174 Ch. 2333-2334
အခန်း(၂၃၃၃)
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အဓိကတာဝန်ခံ သုံးယောက်ထဲက တစ်ယောက်လား”
လော့ရှင်းဟယ်၏ စကားကိုကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“စစ်ခုံဟိုင်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဒသမမြောက်အကြီးအကဲမဟုတ်လား.. ဘာလို့ အဓိကတာဝန်ခံ သုံးယောက်ထဲက တစ်ယောက် ဖြစ်နေရတာလဲ”
စစ်ခုံဟိုင်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ အကြီးအကဲ ဆယ်ယောက်ထဲတွင် အဆင့်တစ်ဆယ်တွင် ရှိနေ၍ သူရှေ့တွင် အကြီးအကဲ ကိုးယောက် ရှိနေသည်မှာ ထင်ရှားနေခဲ့၏။
ထိုသို့ဆိုလျှင် အဓိကတာဝန်ခံ သုံးယောက်ထဲတွင် အဘယ်ကြောင့် ပါဝင်နေခဲ့ပါသနည်း။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ ဆယ်ယောက်ထဲမှာ ခုနစ်ယောက်က နတ်ဘုရင်နဝမအဆင့် ကျင်ကြံသူတွေ ဆိုတာ မိတ်ဆွေလေးကျန်းချန် မသိသေးတဲ့ပုံပဲ.. အဲဒီ နတ်ဘုရင်နဝမအဆင့် အကြီးအကဲခုနစ်ယောက်က ထာဝရဟင်းလင်းပြင်ထဲက စစ်မိစ္ဆာမြို့တော်လို့ ခေါ်တဲ့နေရာမှာ တစ်နှစ်ပတ်လုံးစောင့်ကြပ်နေကြပြီး ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ မဟာနတ်ဆိုးဘုရင်အဆင့် ကျင့်ကြံသူတွေကို ပိတ်ဆို့ထားကြတယ်.. သူတို့ခုနစ်ယောက်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ကိစ္စတွေမှာ ပါဝင်လေ့မရှိတာကြောင့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို အကြီးအကဲ ဆယ်ယောက်ထဲက ကျန်ရှိတဲ့ သုံးယောက်ကပဲ အဓိကစီမံခန့်ခွဲခဲ့တယ်.. စစ်ခုံဟိုင်က အဲဒီ သုံးယောက်ထဲက တစ်ယောက်ပဲ”
လော့ရှင်းဟယ်က လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
“ကျွန်တော် နားလည်ပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လော့ရှင်းဟယ်ကို ဆက်မေးလိုက်သည်။
“ဒါနဲ့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှာ ခေါင်းဆောင်ရှိလား”
“မရှိဘူး”
လော့ရှင်းဟယ်က ခေါင်းခါရမ်းလိုက်သည်။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို လူသားဧကရာဇ်ကျန်းချင်းထျန်းတည်ထောင်ခဲ့တဲ့ အချိန်ကစပြီး ခေါင်းဆောင်နေရာကို လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်ကပဲ အစဥ်အဆက် တာဝန်ယူခဲ့တယ်.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့က တချို့အင်အားစုတွေက ခေါင်းဆောင်သစ် တင်မြှောက်ဖို့ ကြိုးစားခဲ့ကြပေမဲ့လည်း အမြဲတစေ ကျရှုံးခဲ့ကြတယ်”
“အားလုံးပဲ ကျုပ်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဒသမမြောက်အကြီးအကဲ စစ်ခုံဟိုင်ပါ.. အခု ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ပြန်လည် ကျူးကျော်လာပြီဆိုတော့ နတ်ကုန်းမြေတိုက်ရဲ့အခြေအနေက စိုးရိမ်ရေမှတ်ကို ရောက်နေခဲ့ပြီ.. ဒါကြောင့်လည်း ကျုပ်က စစ်မိစ္ဆာအမိန့်တော်ကို ထုတ်ပြန်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းဆီ လူတိုင်းကို လာရောက်ကြဖို့ ဆင့်ခေါ်ခဲ့တာပဲ”
ထိုအချိန်တွင် စစ်ခုံဟိုင်၏ တည်ငြိမ်သော လေသံသည် ရင်ပြင်တစ်ခုလုံး၏ အထက်တွင် ဟိန်းထွက်သွားခဲ့သည်။
“အကြီးကဲစစ်ခုံ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ရဲ့ ရန်သူတော်ပါ.. အခု သူတို့တွေ ကျူးကျော်လာပြီ ဆိုတော့ သူတို့ကို တိုက်ထုတ်ဖို့က ကျွန်တော်တို့ရဲ့တာဝန်ပါပဲ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ဖို့ အကြီးအကဲစစ်ခုံမှာ ဘယ်လို အစီအစဥ်တွေ ရှိလဲဆိုတာ ပွင့်ပွင်းလင်းလင်းပဲ ပြောပြပေးပါ.. ကျွန်တော်တို့အားလုံး အကြီးအကဲစစ်ခုံရဲ့ နောက်ကနေ လိုက်ဖို့ အသင့်ပါပဲ”
“.........”
စစ်ခုံဟိုင်၏ စကားအဆုံးတွင် ရင်ပြင်ထဲရှိ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထောက်ခံအားပေးခဲ့ကြသည်။
“ဟင်လင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ ဒီတစ်ကြိမ် ရုတ်တရက်ကျူးကျော်မှုမှာ အနောက်ဘက်ဒေသက တားမြစ်နယ်မြေနှစ်ခု လုံးဝ ကျရှုံးသွားခဲ့တယ်.. အခုဆိုရင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက အနောက်ဘက်ဒေသကို တဖြည်းဖြည်း သိမ်းပိုက်နေပြီး နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ဝါးမျိုဖို့အတွက် အင်အားစုစည်းနေကြပြီ.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့အနေနဲ့ အစည်းအဝေးခေါ်လိုက်ရတဲ့ ရည်ရွယ်ချက်က အင်အားစုအားလုံးကို ပေါင်းစည်းပြီး မဟာမိတ်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့အတွက်ပဲ.. ဒီမဟာမိတ်တပ်ဖွဲ့နဲ့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ကနေ မောင်းထုတ်နိုင်ဖို့ မျှော်လင့်ထားတယ်”
စစ်ခုံဟိုင်က အပိုစကားများ ပြောမနေတော့ဘဲ သူ၏ အစီအစဥ်ကို တိုက်ရိုက်ပင်ပြောပြလိုက်သည်။
စစ်ခုံဟိုင်၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်အပေါ် ကျူးကျော်မှုသည် ကြိုတင်ပြင်ဆင်ထားသည်မှာ သိသာနေခဲ့သည်။
ယခုဆိုလျှင် သူတို့သည် အနောက်ဘက်ဒေသတွင် စုစည်းနေသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ရည်ရွယ်ချက်အစစ်အမှန်ကို မသိရှိကြသေးသလို အင်အားမည်မျှ စုစည်းထားမှန်းလည်း မသိရသေးပေ။
သို့ဖြစ်ရာ ဤကဲ့သို့ အင်အား အလုံးအရင်း သုံးပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အလျင်စလို တိုက်ခိုက်ရန် ဆုံးဖြတ်ခြင်းသည် ဥာဏ်နည်းရာ ရောက်နေခဲ့၏။
ပတ်ဝန်းကျင်ရှိ မည်သူကမှ စကားမပြောသည်ကို မြင်လျှင် ကျန်းချန်သည် ကိုယ်တိုင်ပင် ဝင်ပြောလိုက်သည်။
“အကြီးအကဲစစ်ခုံ.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အလျင်စလို မဖြစ်လွန်းဘူးလား”
စစ်ခုံဟိုင်က ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။
“လူသားဧကရာဇ်.. အခုအချိန်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အနောက်ဘက်ခြမ်းမှာ စုစည်းပြီး နတ်ကုန်းမြေတိုက်ကို တဖြည်းဖြည်း ဝါးမျိုနေခဲ့ပြီ.. အင်အားစုစည်းပြီး တိုက်ခိုက်တာက လွဲရင် ငါတို့မှာ တခြား ပိုကောင်းတဲ့နည်းလမ်း ရှိသေးတယ်လို့ လူသားဧကရာဇ် ထင်လား”
“ငါ့ဆီမှာ ပိုကောင်းတဲ့ နည်းလမ်းတော့မရှိပါဘူး.. ဒါပေမဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ အသေးစိတ်အချက်အလက်တွေကို မသိဘဲ အလျင်စလို တိုက်ခိုက်တာက ဥာဏ်ရှိတဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာတော့ ငါသိတယ်.. ဒါ့အပြင် နတ်ကုန်းမြေတိုက်မှာ စောင့်ကြပ်ရမဲ့ နတ်ဆိုးတားမြစ်နယ်မြေတွေ အများအပြား ကျန်နေသေးတာကို မေ့မထားပါနဲ့.. တကယ်လို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အနောက်ဘက်ဒေသမှာ စုစည်းနေတဲ့ ရည်ရွယ်ချက်က နတ်ကုန်းမြေတိုက်ကို တိုက်ရိုက် တိုက်ခိုက်ဖို့ဆိုရင်တော့ တစ်မျိုးပေါ့.. အဲဒီလိုမဟုတ်ခဲ့ရင်တော့ နတ်ကုန်းမြေတိုက်ရဲ့ အင်အားအလုံးအရင်းကို အနောက်ဘက်ဒေသကို တိုက်ဖို့ သုံးလိုက်တဲ့အခါ ဖြစ်လာမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက မှန်းဆလို့ ရမှာမဟုတ်ဘူး”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
ကျန်းချန်၏စကားဆုံးသည်နှင့် ရင်ပြင်ထဲရှိ အစွမ်းထက်ကျင့်ကြံသူ အများအပြားသည် မျက်နှာများပျက်ယွင်းသွားကြသည်။
“အကြီးအကဲစစ်ခုံ.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ဖို့အတွက် အင်အားစုကြီး စုစည်းချင်နေတာကို ကျုပ်မကန့်ကွက်ပါဘူး.. ဒါပေမဲ့ ဧကရာဇ်ရဲ့စကားကလည်း အဓိပ္ပါယ်မရှိတာတော့ မဟုတ်ဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အခုအချိန်မှာ နတ်ဆိုးတားမြစ် နယ်မြေတွေကနေ ဆုတ်ခွာနေကြတယ်ဆိုပေမဲ့ ဒါက တမင်လုပ်နေတာမဟုတ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး.. ဒါကြောင့် နတ်ဆိုးတားမြစ်နယ်မြေကိုလည်း မဖြစ်မနေ စောင့်ကြပ်ဖို့ လိုအပ်လိမ့်မယ်”
ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စု၏ ဘိုးဘေးက ကျန်းချန်၏ စကားကို ထောက်ခံလိုက်သည်။
အထူးထိုင်ခုံတွင် ထိုင်နေကြသည့် နတ်ဆိုးတားမြစ် နယ်မြေကို စောင့်ကြပ်နေကြသော ထိပ်တန်း အင်အားစု အများအပြားသည်လည်း ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုမှ ဘိုးဘေး၏ စကားကို ထောက်ခံခဲ့ကြသည်။
“မင်းတို့တွေ အဲလောက်ထိ စိုးရိမ်စရာမလိုပါဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံကနေ ဆုတ်ခွာသွားတဲ့ အတွက် သူတို့အနေနဲ့ နတ်ဆိုးတားမြစ်နယ်မြေကနေ တစ်ဆင့် နတ်ကုန်းမြေတိုက်ကို ထပ်မံ တိုက်ခိုက်ချင်တယ်ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိ သေချာပေါက် အချိန်ယူရလိမ့်မယ်”
စစ်ခုံဟိုင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒီလိုအချိန်မှာ ကျုပ်တို့က အင်အားစုစည်းပြီး အနောက်ဘက်ဒေသမှာ ရှိတဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြန်ဆုံးအနိုင်တိုက်နိုင်သရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”
စစ်ခုံဟိုင်၏ စကားကိုကြားလျှင် ကျန်းချန်က လေးနက်သောအမူအရာဖြင့် ထောက်ပြလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ကြိုတင်မပြင်ဆင်ထားဘဲ နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်ဖို့ ရောက်လာမယ်များ ထင်နေလား.. နတ်ကုန်းမြေတိုက်ရဲ့ အင်အားနဲ့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အလွယ်တကူ အနိုင်တိုက်နိုင်မယ်လို့ ခင်ဗျားက ဘယ်လို ယုံကြည်ချက်နဲ့ အသေအချာ ပြောနေရတာလဲ”
“ကျန်းချန်.. မင်းက လူသားဧကရာဇ်ဖြစ်နေတာနဲ့ပဲ နေရာတကာ ဆရာလုပ်ဖို့ မစဥ်းစားနဲ့.. ငါတို့ နတ်ကုန်းမြေတိုက်ရဲ့ ဘိုးဘေးတွေ လက်ထက်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်နိုင်ခဲ့ကြတယ်.. ငါတို့လည်း စည်းစည်းလုံးလုံး ရှိမယ်ဆိုရင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို သူတို့လို တိုက်ထုတ်နိုင်မှာပဲ”
စစ်ခုံဟိုင်က မျက်နှာပျက်သွားခဲ့ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။
“အရင်တုန်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်နိုင်ခဲ့တာက ငါတို့ လူသားဧကရာဇ် နန်းတော်ရဲ့ လူသားဧကရာဇ်ကျန်းချင်းထျန်း ဦးဆောင်ခဲ့လို့ပဲ.. ခင်ဗျားက သူနဲ့နှိုင်းယှဥ်ရအောင် ဘယ်လို အရည်အချင်းတွေများ ရှိနေလို့လဲ”
ကျန်းချန်က မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။
“လူသားဧကရာဇ်နန်းတော်က သိပ်မကြာခင်ကပဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်...ဒါကြောင့် ဒီတစ်ကြိမ် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်မဲ့ကိစ္စမှာ လူသားဧကရာဇ်နန်းတော် မပါဝင်တော့ဘူး”
ထိုစကားကို ကြားလျှင် စစ်ခုံဟိုင်သည် မျက်နှာပျက်သွားခဲ့သည်။
“လူသားဧကရာဇ်ကျန်းချန်.. မင်းက စစ်မိစ္ဆာအမိန့်တော်ကို ဖီဆန်နေတာလား”
“ကျုပ်က လူသားဧကရာဇ်ဖြစ်မှန်း သိနေမှတော့ လူသားဧကရာဇ်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဆိုတာလည်း ခင်ဗျားသိသင့်တယ်”
ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
“လူသားဧကရာဇ်နန်းတော်ကို ဒီစစ်ပွဲမှာ ပါဝင်စေချင်တယ်ဆိုရင်လည်း အဆင်မပြေတာတော့မဟုတ်ဘူး.. ဒါပေမဲ့ ဒီစစ်ပွဲကို လူသားဧကရာဇ်နန်းတော်ကပဲ ဦးဆောင်ရလိမ့်မယ်”
လက်ရှိအချိန်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ထက် အင်အားကြီးမားသည်။
အကယ်၍သာ တာဝန်ခံမှု မရှိသည့် ညွှန်ကြားချက်အောက်တွင် လွှတ်ထားမည် ဆိုလျှင် နတ်ကုန်းမြေတိုက်သည် ကြီးမားသော ထိခိုက်မှုများ ကြုံတွေ့ရနိုင်ပြီး လုံးဝပျက်စီးသွားနိုင်သည် အထိပင် ဖြစ်သွားနိုင်၏။
ထို့ကြောင့် ကျန်းချန်က ဤတိုက်ပွဲ၏ ဦးဆောင်မှုကို သူ၏ လက်ထဲတွင်သာ ရှိစေချင်ခဲ့သည်။
ကျန်းချန်၏ စကားကိုကြားလျှင် စစ်ခုံဟိုင်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
လူသားဧကရာဇ်နန်းတော်တွင် လူသားဧကရာဇ်လစ်လပ်သွားကတည်းကပင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်နေရာသည်လည်း လစ်လပ်နေခဲ့သည်။
အထူးသဖြင့် ခေါင်းဆောင်မရှိသည့် အခြေအနေတွင် စစ်ခုံဟိုင်တို့ တာဝန်ခံ သုံးဦးသည် ခေါင်းဆောင်းသစ် ကဲ့သို့ ဖြစ်လာခဲ့ကြသည်။
ထို့ကြောင့် သူတို့က တခြားသူ၏ လက်အောက်ခံ ပြန်ဖြစ်ရမည့် အခြေအနေကို လုံးဝ မလိုလားကြပေ။
ဆိုရလျှင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့တွင် ခေါင်းဆောင်မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခုတော့ လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ်ဖြစ်သည့် ကျန်းချန်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်နေရာကို ရယူရန် စိတ်ကူးနေသည်မှာ သိသာနေခဲ့၏။
“ကျန်းချန်.. မင်းက လူသားဧကရာဇ် ဖြစ်ပေမဲ့လည်း စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာဖို့ အတွက်ဆိုရင် အကြီးအကဲ ဆယ်ယောက်လုံး အတူတူ ဆွေးနွေးဖို့ လိုအပ်သေးတယ်.. ဒီမတိုင်ခင်မှာတော့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင်နေရာကို ကျုပ်ကပဲ တာဝန်ယူရလိမ့်မယ်”
စစ်ခုံဟိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
စစ်ခုံဟိုင်၏ စကားကိုကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း ခင်ဗျားတို့ဘာသာ ဆက်ပြီးဆွေးနွေးလိုက်ကြတော့.. လူသားဧကရာဇ်နန်းတော်ကတော့ ဒီကိစ္စမှာ မပါဝင်တော့ဘူး”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် ထိုင်နေရာကနေ ထရပ်လိုက်ပြီး ရင်ပြင်ထဲကနေ ထွက်ခွာရန် ပြင်လိုက်သည်။
အခန်း(၂၃၃၃)ပြီး၏။
အခန်း(၂၃၃၄)
“အကြီးအကဲစစ်ခုံ.. ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုကလည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ရိုက်တိုက်ခိုက်ဖို့ သဘောမတူပါဘူး.. တကယ်လို့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ဇွတ်လုပ်နေမယ် ဆိုရင်တော့ ဒီကိစ္စမှာ ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုက ဝင်မပါတော့ဘူး”
ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စု၏ ဘိုးဘေး ဖုန်းချီရှန်းကလည်း မတ်တတ် ထရပ်ကာ ပြောလိုက်သည်။
ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ကူဖုန်းအာနှင့် ကျန်းချန်တို့ ကြားရှိ ထူးခြားသော ဆက်ဆံရေးကြောင့် ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုအနေဖြင့် ကျန်းချန်နှင့်ဆန့်ကျင်ဘက်တွင် ရပ်တည်ရန် ခက်ခဲ၏။
ထို့အပြင် ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုတွင် ကိုယ်ပိုင်အစီအစဥ် ရှိပြီးသား ဖြစ်၏။
သို့မဟုတ်လျှင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်း ဆီသို့ သူတစ်ယောက်တည်း ရောက်လာလိမ့်မည် မဟုတ်ပေ။
“ကြယ်ကြွေနန်းတော်ကလည်း အတူတူပါပဲ”
လော့ရှင်းဟယ်ကလည်း တုံ့ဆိုင်းမနေဘဲ မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
နတ်ဘုရားနယ်မြေတွင် ကပ်ဘေးကြီး ကျရောက်တော့မည်ဖြစ်၍ ကြယ်ကြွေနန်းတော် အနေဖြင့်လည်း တစ်ကိုယ်တည်း သီးခြား ရပ်တည်၍ မဖြစ်တော့ပေ။
လော့ရှင်းဟယ်သည် လူသားဧကရာဇ်နန်းတော်နှင့် မဟာမိတ်ဖွဲ့ထားသောကြောင့် ကျန်းချန် မည်ကဲ့သို့ ဆုံးဖြတ်ချက်ချပါစေ၊ တုံ့ဆိုင်းမှုမရှိဘဲ ထောက်ခံသွားမည်သာ ဖြစ်၏။
လက်ရှိအချိန်တွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့နှင့် နှိုင်းယှဥ်လျှင် ကျန်းချန်က ပို၍ အားကိုးထိုက်သည်ဟု လော့ရှင်းဟယ် ယူဆထားခဲ့သည်။
ထို့အပြင် ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်ဖြစ်ပြီး ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။
နောင်တစ်ချိန်တွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်နေရာကို ဆက်ခံပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဆန့်ကျင်တိုက်ခိုက်မည့် နတ်ကုန်းမြေတိုက်၏ ခေါင်းဆောင်ဖြစ်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
လော့ရှင်းဟယ် အပြင် ကျန်းချန်နှင့် ဆက်ဆံရေးရှိသည့် ဆန်းကြယ်နတ်မျိုးနွယ်စု၊ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနှင့် မြောက်ပိုင်းမင်နတ်ဂိုဏ်း တို့သည်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ရိုက် သွားမတိုက်ချင်ကြောင်း ဖော်ပြခဲ့ကြသည်။
“ကျန်းချန်.. စစ်မိစ္ဆာအမိန့်တော်ကို ထုတ်ပြန်လိုက်တာနဲ့ နတ်ကုန်းမြေတိုက်မှာရှိတဲ့ အင်အားစုအားလုံးက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်ဖို့ အတွက် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဆင့်ခေါ်မှုကို လိုက်နာရမယ်.. ဘာလဲ.. မင်းက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေတာလား”
ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် စစ်ခုံဟိုင်၏ မျက်နှာသည် ဒေါသထွက်ရလွန်း၍ နီမြန်းလာခဲ့သည်။
“ကျုပ်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့နဲ့ ရန်သူမဖြစ်ချင်ဘူး.. ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုပဲ သဘောမတူတာပါ.. ဘိုးဘေးကျန်းချင်းထျန်း စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တာက နတ်ကုန်းမြေတိုက်ရဲ့ အင်အားကို စုစည်းပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်ဖို့အတွက်ပဲ...လူတိုင်းကို အလကား အသေခံခိုင်းဖို့ မဟုတ်ဘူး.. ကျုပ်အသေအချာ ပြောနိုင်တာ တစ်ခုက တကယ်လို့ ခင်ဗျားသာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အလျင်စလို သွားတိုက်ခိုက်မယ်ဆိုရင် သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ် ဆိုတာပဲ”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် နောက်သို့ လှည့်မကြည့်ဘဲ ရင်ပြင်ထဲကနေ ထွက်ခွာသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုမှ ဖုန်းချီရှန်းနှင့် ကူဖုန်းအာ၊ ကြယ်ကြွေနန်းတော်မှ လော့ရှင်းဟယ်တို့သည်လည်း ကျန်းချန်၏ နောက်သို့ လိုက်ပါသွားခဲ့ကြ၏။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၊ ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စု ကဲ့သို့ အင်အားစု အများအပြားက ထမထွက်သွားကြသော်လည်း အကြောင်းအမျိုးမျိုး ပြကာ အချိန်တိုအတွင်း အင်အား ထပ်မလွှတ်နိုင်ကြောင်း ပြောခဲ့ကြသည်။
ရှင်းလင်းစွာ ပြောရလျှင် ဤတစ်ကြိမ် စစ်ခုံဟိုင်က စစ်မိစ္ဆာအမိန့်တော်ကို အသုံးပြုပြီး နတ်ကုန်းမြေတိုက်ရှိ အင်အားစုများကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန် ဆင့်ခေါ်ခဲ့မှုသည် လုံးဝကို ကျရှုံးသွားခဲ့ချေပြီ။
“တောက်.. အခု ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ဖျက်ဆီးနေကြပြီ.. ဒါတောင် ဒီကောင်တွေက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်ကို မလိုက်နာကြဘူး..ဒီအတိုင်းဆိုရင် နတ်ကုန်းမြေတိုက် ဒီလူတွေရဲ့ လက်ထဲမှာပဲ ပျက်စီးသွားတော့မှာပဲ”
ရင်ပြင်ထဲကနေ အင်အားစုများစွာ တဖြည်းဖြည်း ထွက်ခွာသွားသည်ကို ကြည့်ပြီး စစ်ခုံဟိုင်၏ မျက်ဝန်းများသည် အရောင်တောက်လာခဲ့ပြီး ဒေါသကြောင့် ပေါက်ကွဲထွက်လုနီးပါးပင် ဖြစ်နေခဲ့သည်။
ယနေ့ခေတ် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ အဓိက တာဝန်ခံ သုံးယောက်ထဲမှ တစ်ယောက် အနေဖြင့် စစ်ခုံဟိုင်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်ရန် အတွက် နတ်ကုန်းမြေတိုက်၏ အင်အားကို စုစည်းသည်က လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့၏။
သို့သော်လည်း အဆုံးသတ်တွင် ဤကဲ့သို့ ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ သူထွက်မလာခင်က နတ်ကုန်းမြေတိုက်ကို ဦးဆောင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်တိုက်မည်ဟု အကြီးအကျယ် ကတိပေးခဲ့ခြင်းပင်။
ယခုအခါ နတ်ကုန်းမြေတိုက်၏ အင်အား သုံးပုံတစ်ပုံကိုပင် မစုစည်းနိုင်သည် ဖြစ်ရာ သူ့အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မည်ကဲ့သို့ တိုက်ထုတ်နိုင်ပါအံ့နည်း။
“စစ်ခုံဟိုင်.. လူသားဧကရာဇ်ကျန်းချန်ရဲ့ စကားကလည်း အဓိပ္ပါယ်ရှိတယ်.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ ရည်ရွယ်ချက်နဲ့ အသေးစိတ် အချက်အလက်တွေကို မသိဘဲ ကျုပ်တို့ သွားမတိုက်သင့်ဘူး.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့က အရေးကြီးတဲ့အချိန်မှာ နတ်ကုန်းမြေတိုက်မှာရှိတဲ့ အင်အားစုအားလုံးကို အမိန့်ပေးနိုင်တယ် ဆိုပေမဲ့လည်း ဘယ်အင်အားစုကိုမှ ဇွတ်အတင်း မစေခိုင်းခဲ့ဖူဘူး.. အတိတ်တုန်းက လူသားဧကရာဇ်ကျန်းချင်းထျန်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရာမှာ လူသားဧကရာဇ်နန်းတော်နဲ့အတူ အမြဲတမ်း ရှေ့ဆုံးကနေ အနစ်နာခံ ဦးဆောင်ခဲ့တဲ့အတွက် လူတိုင်းက သူ့နောက်ကို တုံ့ဆိုင်းမှုမရှိဘဲ လိုက်ပါခဲ့ကြတာပဲ.. တကယ်လို့ မင်းက နတ်ကုန်းမြေတိုက်ရဲ့ အင်အားစုတွေကို ဒီလိုမျိုး ဇွတ်အတင်းခိုင်းစေနေမယ်ဆိုရင် သူတို့က မင်းအပေါ် မကျေမနပ် ဖြစ်လာကြလိမ့်မယ်”
ကျန့်ရွမ်ထျန်းက စစ်ခုံဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
ဤအခိုက်အတန့်တွင် စစ်ခုံဟိုင်၏ မျက်နှာအမူအရာသည် သုန်မှုန်နေခဲ့၏။
“အခုအချိန်မှာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာကြပြီ.. တကယ်လို့ သူတို့ကို တိုက်ထုတ်ဖို့ အင်အားကို အချိန်မီ မစုစည်းနိုင်ဘူးဆိုရင် နတ်ကုန်းမြေတိုက်ကို သူတို့တွေ ဝါးမျိုသွားတာကို ထိုင်ကြည့်နေရတော့မှာပဲ”
“စစ်ခုံဟိုင်.. အခု ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အနောက်ဘက်ဒေသကို သိမ်းပိုက်ပြီးပြီ.. သူတို့အနေနဲ့ ဆက်လက် နယ်မြေချဲ့ထွင်ချင်တယ်ဆိုရင် ရှီးလင်မြို့ကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်.. အခုအချိန်မှာ အကောင်းဆုံးနည်းလမ်းက ရှီးလင်မြို့ကို ခုခံထားဖို့ပဲ.. နတ်ကုန်းမြေတိုက်က အရင်ကလောက် စည်းလုံးမှု မရှိတော့ဘူး ဆိုပေမဲ့လည်း နှုတ်ခမ်းမရှိရင် သွားတွေ အအေးပတ်တတ်တယ် ဆိုတဲ့ စကားကိုတော့ လူတိုင်းသိကြပါတယ်.. မင်းအနေနဲ့ ဒီကိစ္စကို စစ်မိစ္ဆာမဟာမိတ်အဖွဲ့ အမည်နဲ့ပဲ ကြေညာလိုက်ပါ.. အင်အားစုတွေက ရှီးလင်မြို့ကို စစ်ကူ စေလွှတ်ကြပါလိမ့်မယ်.. လူသားဧကရာဇ်ကျန်းချန်တောင်မှ အရေးကြီးတဲ့ အချိန်ကျရင် ပါဝင်ကောင်း ပါဝင်လာလိမ့်မယ်”
ကျန့်ရွမ်ထျန်းက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် စစ်ခုံဟိုင်ကို အကြံပေးလိုက်သည်။
“ကောင်းပြီလေ.. ဒါဆိုရင် ရှီးလင်မြို့ကို အရင်ဆုံး စောင့်ကြပ်ဖို့ အင်အားစုတွေကို ဆင့်ခေါ်လိုက်မယ်”
စစ်ခုံဟိုင်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး ကျန့်ရွမ်ထျန်း၏ အကြံပေးချက်ကို အလျင်အမြန်ပင် လက်ခံလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဤတစ်ကြိမ်တွင် သူသည် နတ်ကုန်းမြေတိုက်ကို ဦးဆောင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်ရန် ကတိပေးခဲ့သည်။
အကယ်၍ သူသာ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ဆီသို့ ဤကဲ့သို့ စိတ်ပျက်စရာကောင်းသည့် ပုံစံမျိုးဖြင့် ပြန်သွားမည်ဆိုလျှင် နောင်တစ်ချိန်တွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ အဓိက တာဝန်ခံသုံးယောက်ထဲမှ တစ်ယောက် အနေဖြင့် မည်ကဲ့သို့ မျက်နှာပြရပါမည်နည်း။
-----------------
“လူသားဧကရာဇ်.. အခု ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်နေကြပြီ.. ကျွန်တော်တို့ တကယ်ပဲ ဒီကိစ္စကို လျစ်လျူရှုထားမယ် ဆိုရင် နည်းနည်းတော့ မသင့်တော်ဘူးထင်တယ်”
ရင်ပြင်ထဲကနေ ထွက်လာပြီးနောက်တွင် ဖုန်းချီရှန်းသည် ကျန်းချန်ကို တွေဝေနေသော လေသံဖြင့် ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ရန်သူတော် ဖြစ်သည်။
ထို့ကြောင့် စစ်ခုံဟိုင်သည် ဤတစ်ကြိမ်တွင် အင်အားအချို့ကို စုစည်းကောင်း စုစည်းနိုင်ပေလိမ့်မည်။
အကယ်၍ စစ်ခုံဟိုင်တို့သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အနိုင်တိုက်ခြင်းကို ခံရမည်ဆိုလျှင် ယင်းသည် နတ်ကုန်းမြေတိုက်အတွက် ကောင်းမွန်သောအရာ မဟုတ်ပေ။
“စိတ်မပူပါနဲ့.. စစ်ခုံဟိုင်က ငတုံးမဟုတ်ဘူး.. အင်အားအကန့်အသတ် ရှိနေတဲ့အခြေအနေမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သူသွားတိုက်မှာ မဟုတ်ဘူး.. ကျွန်တော် ခန့်မှားတာမမှားဘူး ဆိုရင်တော့ စစ်ခုံဟိုင်က နတ်ကုန်းမြေတိုက်က လူတွေကို ရှီးလင်မြို့မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ကျူးကျော်မှုကို ဟန့်တားဖို့အတွက် သေချာပေါက် ဆင့်ခေါ်လိမ့်မယ်.. ကျွန်တော်တို့ အနေနဲ့ ရှီးလင်မြို့ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ပဲ လိုအပ်တယ်.. တကယ်လို့ စစ်ခုံဟိုင် ရှုံးနိမ့်တော့မယ်ဆိုရင် ကျွန်တော်တို့ လူလွှတ်ပြီး အကူအညီပေးလို့ ရနေတာပဲ”
အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသကဲ့သို့ပင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ကျွန်တော်တို့တွေက ရှီးလင်မြို့ကို ခုခံထားရမယ်လို့ ဧကရာဇ်က ဆိုလိုချင်တာလား”
“အမှန်ပဲ အပြောင်းအလဲ အားလုံးကို ရင်ဆိုင်နိုင်ဖို့ အတွက် ရှီးလင်မြို့ကို အရင်ဆုံး ကာကွယ်ထားရမယ်.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ တကယ့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရတဲ့အထိ အရာအားလုံးကို စောင့်ကြည့်ကြတာပေါ့”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အခုက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရမဲ့အချိန် မရောက်သေးဘူး.. ကျွန်တော့်မှာ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခု ရှိနေသေးတယ်.. ဒါကြောင့် အလယ်ပိုင်းဒေသကနေ တစ်ခဏလောက်တော့ ထွက်သွားဖို့ လိုအပ်တယ်.. ကျွန်တော် ပြန်လာတဲ့အခါမှပဲ ဒီကိစ္စတွေကို ဆက်ပြောကြတာပေါ့”
“နားလည်ပါပြီ.. ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုက ရှီးလင်မြို့ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်ထားပါ့မယ်.. ရှီးလင်မြို့မှာ အရေးပေါ်အခြေအနေ ဖြစ်လာတာနဲ့ အမြန်ဆုံး အကူအညီ ပေးလိုက်ပါ့မယ်”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ဖုန်းချီရှန်းသည် ကျန်းချန်ကို ဂါဝရပြု၍ နှုတ်ဆက်လိုက်သည်။
“လူသားဧကရာဇ် ငါရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီကို ပြန်နှင့်တော့မယ်.. နောက်မှပဲပြန်ဆုံကြတာပေါ့”
“ဘိုးဘေး ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုကို တစ်ယောက်တည်းပဲ ပြန်နှင့်လိုက်ပါ.. သမီး ဘိုးဘေးနဲ့အတူ လိုက်မပြန်တော့ဘူး”
ထိုမြင်ကွင်းကိုမြင်လျှင် ကူဖုန်းအာက အလျင်အမြန်ပင် ပြောလိုက်သည်။
“အစ်ကိုကျန်းချန်.. အစ်ကို ဘယ်ကိုသွားမလို့လဲ.. ဒီတစ်ခေါက် သမီး အစ်ကိုနဲ့ အတူ လိုက်ချင်တယ်”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကူဖုန်းအာကို ပြောလိုက်သည်။
“ဖုန်းအာ.. အစ်ကို ဒီတစ်ခေါက် သွားရမဲ့ကိစ္စက အရမ်းကိုအရေးကြီးတယ်.. ဒီကိစ္စက နတ်ကုန်းမြေတိုက်ရဲ့ ဘေးကင်းလုံခြုံမှုနဲ့လည်း ဆက်စပ်နေတယ်.. မင်းက စီနီယာ ဖုန်းချီရှန်းနဲ့အတူ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီကိုပဲ ပြန်လိုက်သွားလိုက်ပါ”
အခန်း(၂၃၃၄)ပြီး၏။