← Chapters

အခန်း (၂၃၃၁-၂၃၃၂)

Vol. 174 Ch. 2331-2332

အခန်း (၂၃၃၁-၂၃၃၂)

Vol. 174 Ch. 2331-2332

အခန်း(၂၃၃၁)

“ကျန့်ဝူရှင်း.. ဒီနေ့ ဓားလမ်းစဥ်ရဲ့ တကယ့် အနှစ်သာရ အစစ်အမှန်ကို ငါ မင်းအမြင်ကျယ်အောင် ပြသပေးမယ်”

ကျန်းချန်က ဝင့်ကြွားစွာ ရေရွတ်လိုက်ပြီး သူ၏ လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

“အပြာရောင်ဧကရာဇ်ဓားကွက်”

ကျန်းချန်က ထိုဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ဓားအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး အလင်းတံခါးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်တွင် အလင်းတံခါးထဲကနေ အပြာရောင်ပုံရိပ် တစ်ခုသည် ဓားအင်မော်တယ်တစ်ပါး ကဲ့သို့ လှမ်းထွက်လာခဲ့သည်။

ထိုအပြာရောင်ပုံရိပ်က ကျန့်ဝူရှင်းကို အေးစက်စက် ငုံ့ကြည့်လိုက်ပြီးနောက်တွင် ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ထိုဓားချက်သည် ရိုးရှင်းသော ဓားချက်တစ်ချက်သာ ဖြစ်သည်။

သို့သော်လည်း ကြည့်ရှုနေကြသည့် ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးကို တုန်လှုပ်သွားစေခဲ့၏။

အထူးသဖြင့် ထိုဓားချက်နှင့် ရင်ဆိုင်နေရသော ကျန့်ဝူရှင်းသည် သေခြင်းတရား၏ အရိပ်အ‌ငွေ့ကို အနည်းငယ်ခံစားလိုက်ရသည်။

“ဒီဓားကွက်က ကျန်းချန် တတ်မြောက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကွက်လား”

ကျန့်ဝူရှင်းက ကျန်းချန်၏ ဓားချက်ကို စူးစိုက်၍ ကြည့်ကာ ထိတ်လန့်သွားခဲ့သည်။

နတ်ကုန်းမြေတိုက်တွင် ကျန်းချန် နာမည်ကျော်ကြားလာကတည်းကပင် ကျန့်ဝူရှင်းသည် ကျန်းချန်ကို စောင့်ကြည့်နေခဲ့ပြီး ကျန်းချန်ထံတွင် အံ့ဖွယ်ဓားကျင့်စဥ် တစ်ခုရှိကြောင်း သဘာဝကျစွာပင် သိရှိထားခဲ့သည်။

သို့သော်လည်း ထိုဓားကျင့်စဥ်ကို လက်တွေ့ရင်ဆိုင်ရသောအခါမှသာ ထိုဓားကျင့်စဥ်က သူထင်ထားသည်ထက်ပင် ပိုမို အစွမ်းထက်ကြောင်း သိရှိသွားခဲ့၏။

ဆိုရလျှင် ထိုဓားကျင့်စဥ်သည် နတ်ကုန်းမြေတိုက်၏ ကိုယ်ခံပညာ အဆင့်အတန်းကိုပင် ကျော်လွန်နေခဲ့ချေပြီ။

အကယ်၍ သူသာ ထိုဓားကျင့်စဥ်ကို ရရှိနိုင်လျှင် ဓားလမ်းစဥ်ဖြင့် သေချာပေါက် အဆင့် တစ်ခုသို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်၏။

သို့သော်လည်း ကျန့်ဝူရှင်း အတွက် အတွေးများနေရန် အချိန်မရှိတော့ပေ။

သူ၏ ခန္ဓာကိုယ် အတွင်းကနေ ဓားလမ်းစဥ်စွမ်းအားများသည် တစ်ခဏအတွင်း အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုခဏဝယ် ကြယ်တာရာ ကောင်းကင်ယံရှိ ကြယ်တာရာစွမ်းအားများသည် ကျန့်ဝူရှင်း၏ လှုံ့ဆော်မှုဖြင့် အရူးအမူး စုစည်းလာခဲ့သည်။

“ကြယ်တာရာဓားနယ်မြေ”

ကျန့်ဝူရှင်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ ကြယ်တာရာစွမ်းအားများသည် တစ်ခဏအတွင်းမှာပင် ကြယ်တာရာဓားနယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးသည် အရောင်မှေးမှိန်သွားခဲ့ပြီး နေနှင့်လပင်လျှင် မှောင်မိုက်သွားခဲ့သည်။

ကြယ်တာရာဓားနယ်မြေ၏ အထက်တွင် မရေမတွက်နိုင်သော ကြယ်တာရာ ဓားအလင်းများ စုစည်းသွားခဲ့ပြီး ဧရာမကြယ်ဓား အလင်းတစ်ခု အဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုကြယ်ဓားအလင်းသည် လေထုကို ဖြတ်ကျော်လာခဲ့သည်။

ကောင်းကင်ယံနှင့် မိုင်ပေါင်းထောင်ချီ ကွာဝေးနေသော်လည်း အောက်ဘက်ရှိ ကျင့်ကြံသူများသည် ကြယ်ဓားအလင်းတွင် ကိန်းအောင်းနေသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိခဲ့၏။

ကြယ်တာရာဓားနယ်မြေ တိုက်ကွက်သည် ကျန့်ဝူရှင်းက ကြယ်စွမ်းအားနှင့် ဓားကျင့်စဥ်ကို ပေါင်းစပ်ပြီး တီထွင်ထားသည့် ကျန့်ဝူရှင်း၏ အစွမ်းအထက်ဆုံး တိုက်ကွက် ဖြစ်သည်။

သူ၏ လက်ရှိခွန်အားကို အသုံးပြု၍ ထိုတိုက်ကွက်ကို ထုတ်ဖော်လျှင် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်တိုက်နိုင်စွမ်း ရှိ၏။

သို့ရာတွင် ကျန့်ဝူရှင်း၏ ကြယ်တာရာဓားနယ်မြေ တိုက်ကွက်သည် အစွမ်းထက်သော်လည်း ကျန်းချန်၏ အပြာရောင်ဧကရာဇ်ဓားကွက်သည် လောကရှိ အရာအားလုံးကို လွှမ်းမိုးနိုင်သော စွမ်းအား ရှိနေခဲ့သည်။

ထို့ကြောင့် ကြယ်ဓားအလင်းသည် အပြာရောင်ဧကရာဇ် ဓားကွက်နှင့် ထိတွေ့လိုက်သည့် တစ်ခဏမှာပင် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကျယ်လောင်သော‌ ပေါက်ကွဲသံနှင့်အတူ ကြယ်စွမ်းအားများသည် ကောင်းကင်ယံအနှံ့ ပျံ့နှံသွားခဲ့၏။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ၏ ကြယ်တာရာဓားနယ်မြေ တိုက်ကွက်က ကျန်းချန်၏ ဓားကွက်အောက်တွင် အရေးနိမ့်သွားသည်ကို မြင်လိုက်ရလျှင် ကျန့်ဝူရှင်း၏ မျက်နှာထက်၌ မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤအချိန်တွင် ကျန့်ဝူရှင်းသည် ကျန်းချန်၏ ဓားချက် ဆီကနေ သေခြင်းတရား၏ အရိပ်အငွေ့ကို အမှန်တကယ် ခံစားလိုက်ရသည်။

သူ အလွန်အားထားရသော ကြယ်တာရာဓားနယ်မြေ တိုက်ကွက်သည် လူသားဧကရာဇ် ကျန်းချန်၏ ဓားချက်ဖြင့် ချေဖျက်ခံလိုက်ရပြီးနောက်တွင် သူ့အနေဖြင့် ထိုဓားချက်ကို ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။

သူက သူ့အနီးသို့ တဖြည်းဖြည်း ချဥ်းကပ်လာသော ဓားအလင်းကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့၏။

ကြယ်တာရာကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်ရင်း အောက်ဘက်ရှိ လူတိုင်းသည် ပြင်းပြင်းထန်ထန်ပင် တုန်လှုပ်သွားခဲ့ကြသည်။

“ကျန့်ဝူရှင်း ရှုံးနိမ့်သွားပြီလား”

နတ်ကုန်းမြေတိုက်၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သော ကျန့်ဝူရှင်းသည် ၎င်း၏ ဓားစွမ်းရည် အားလုံးကို ထုတ်သုံးသည့်တိုင် ကျန်းချန်ကို ရှုံးနိမ့်သွားရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ယနေ့မှစ၍ နတ်ကုန်းမြေတိုက်၏ နံပါတ်တစ်ပါရမီရှင် ဟူသော အမည်သည် ပိုင်ရှင် ပြောင်းလဲသွားပေတော့မည်။

“လူသားဧကရာဇ် ကရုဏာ ထားပါဦး”

ဓားအလင်းက ကျန့်ဝူရှင်း၏ ခန္ဓာကိုယ်ကို ထိတွေ့တော့မည့်ဆဲဆဲမှာပင် တောင်းပန်လိုက်သော စကားသံသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်ထဲမှာပင် ကြယ်တာရာ ကောင်းကင်ယံတွင် နေရာလွတ်လှိုင်းလုံး အတက်အကျ ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ကျန့်ဝူရှင်းဆီသို့ သက်ရောက်လာသော ဓားအလင်းသည် ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။

မကြာမီမှာပင် ကျန့်ဝူရှင်း၏ ရှေ့တွင် ပုံရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်ကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့၏။

ထိုပုံရိပ်သည် ကလေးတစ်ယောက်ကဲ့သို့ နုပျိုသောမျက်နှာပေါက်ကို ပိုင်ဆိုင်ထားပြီး ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။

ထိုအဘိုးအိုသည် အလွန် အိုမင်းပုံရသော်လည်း မျက်ဝန်းများကမူ အလွန်တရာပင် စူးရှ၏။

သာမန် နတ်ဘုရင်တစ်ဦးသည် ထိုအဘိုးအိုနှင့် အကြည့်ချင်းဆုံမိလျှင် စိတ်ဝိညာဥ်ကို ထိုးဖောက်ခံရသလိုမျိူး ခံစားမိမည်ဖြစ်၏။

“ဆရာ”

ငွေရောင်ဝတ်ရုံဝတ် အဘိုးအို ပေါ်လာသည်ကိုမြင်လျှင် ကျန့်ဝူရှင်းသည် တရိုတသေဖြင့် အော်ဟစ်လိုက်သည်။

“ငါ့တပည့်.. နတ်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ်ပါရမီရှင် ဆိုတဲ့ မင်းရဲ့ဂုဏ်ပုဒ်ကြောင့် မမောက်မာဖို့ ဆရာ မင်းကို မှာခဲ့တာ မေ့နေပြီလား.. ဒီနေ့တော့ ကောင်းကင်အပြင်မှာ နောက်ထပ် ကောင်းကင်ရှိသေးတယ် ဆိုတဲ့ အဓိပ္ပါယ်ကို မင်းနားလည်ပြီထင်တယ်”

ငွေရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန့်ဝူရှင်းကို အသာအယာကြည့်၍ ပြောလိုက်သည်။

ထို့နောက် သူက ချက်ချင်းပင် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်းချန်၏ ဓားစွမ်းအားကို ချေဖျက်ပစ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ကျန်းချန်သည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။

သူ့ရှေ့မှ အဘိုးအို၏ ခွန်အားသည် အလွန်ပင် သန်မာနေခဲ့၏။

ထိုအဘိုးအိုသည် လူသားဧကရာဇ်နန်းတော်၏ နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ကျန်းချန်ဟွမ်ထက်ပင် ပို၍ သန်မာနေခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သူ့ရှေ့မှ ငွေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ ဘိုးဘေးအဆင့် ပုဂ္ဂိုလ် ဖြစ်သည့် ကျန့်ရွမ်ထျန်း ဖြစ်ရပေမည်။

ကျန့်ရွမ်ထျန်းသည် အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့်ရှစ် နေရာ၌ ရှိသော ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

သိထားရမည့်အချက်မှာ ကျန့်ရွမ်ထျန်း၏ ရှေ့တွင်ရှိသည့် ခုနစ်ယောက်သည် နတ်ကုန်းမြေတိုက်၏ အသန်မာဆုံး နတ်ဘုရင်ခုနစ်ပါး ဖြစ်သည့် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ရှင်းလင်းစွာ ဆိုရလျှင် ကျန့်ရွမ်ထျန်းသည် နတ်ဘုရင် နဝမအဆင့်အောက်တွင် အစွမ်းအထက်ဆုံး ဖြစ်၏။

သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင် နဝမအဆင့်ကို မထိုးဖောက်နိုင်သေးသော်လည်း နတ်ဘုရင် နဝမအဆင့်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။

“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ လူသားဧကရာဇ်နန်းတော်ကနေ ဒီလိုမျိုး ထူးချွန်တဲ့ လူသားဧကရာဇ် တစ်ပါး ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...ဒါက ငါတို့နတ်ဘုရားနယ်မြေအတွက် တကယ်ကို ကောင်းချီးတစ်ခု ပါပဲ”

ကျန့်ရွမ်ထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဒီနေ့တိုက်ပွဲမှာ လူသားဧကရာဇ်က ငါ့ကို မျက်နှာသာပေးဖို့ တောင်းဆိုပါရစေ.. တိုက်ပွဲကို ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်.. ဘယ်လိုသဘောရလဲ”

“စီနီယာက ဒီလိုပြောမှတော့ ကျွန်တော့်ဘက်ကလည်း ကန့်ကွက်စရာ ဘာမှမရှိပါဘူး”

စကားဆုံးသည်နှင့် ကျန်းချန်သည် ကြယ်တာရာကောင်းကင်ယံကနေ အောက်ဘက်သို့ ဆင်းသက်လာခဲ့သည်။

ထိုအဘိုးကြီး၏ ခွန်အားသည် အလွန်ပင် သန်မာပြီး ကျန်းချန် မြင်ဖူးသမျှ နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူများထက် ပို၍ စွမ်းအားကြီး၏။

သူ့အနေဖြင့် အင်မော်တယ် ကျောက်တိုင်ကို အသုံးပြုလျှင်ပင် ထိုအဘိုးအိုကို အနိုင်ယူရန် သေချာမှုမရှိပေ။

ယင်းအပြင် ထိုအဘိုးကြီးက သူ့ကို တလေးတစား လေသံဖြင့် ပြောဆိုခဲ့သည် ဖြစ်ရာ ကျန်းချန်အနေဖြင့် ကျန့်ဝူရှင်းနှင့် ဆက်လက် တိုက်ခိုက်နေစရာ မလိုအပ်တော့ပေ။

ထို့အပြင် သူနှင့် ကျန့်ဝူရှင်းတို့ ကြားတွင်လည်း ကြီးမားသော အမုန်းတရာများ ရှိမနေခဲ့ချေ။

ယခုဆိုလျှင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ကျူးကျော်မှုကို ရင်ဆိုင်နေရပြီ ဖြစ်ရာ ကျန့်ဝူရှင်း၏ ပါရမီနှင့် ခွန်အားသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်သည့် နေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်မှာ သေချာသလောက်ပင်။

အကယ်၍သာ ကျန့်ဝူရှင်းကို သတ်ဖြတ်လိုက်လျှင် ယင်းသည် နတ်ကုန်းမြေတိုက် အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

ထိုအခိုက်အတန့်တွင် ကြယ်တာရာ ကောင်းကင်ယံထက်မှ ကျန့်ရွမ်ထျန်း၏ အကြည့်သည် အောက်ဘက်ရှိ ကျင့်ကြံသူများဆီသို့ ကျရောက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ စကားသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

“အားလုံးပဲ စစ်မိစ္စာမဟာမိတ်အဖွဲ့က ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နောက်သုံးရက်အကြာမှာ အစည်းအဝေး စတင်ပါ့မယ်.. ကျေးဇူးပြုပြီး နောက်သုံးရက်ကျရင် အစည်းအဝေးကို တက်ရောက်ပေးကြပါ”

ထိုစကားကို ပြောပြီးသည်နှင့် ကျန့်ရွမ်ထျန်း၏ ပုံရိပ်သည် ကျန့်ဝူရှင်းနှင့် အတူ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၃၃၁)ပြီး၏။

အခန်း(၂၃၃၂)

“ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်တဲ့ ကျန့်ဝူရှင်းက ဒီလိုမျိုး ရှုံးနိမ့်သွားရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

“လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ် အဆက်ဆက်က နတ်ကုန်းမြေတိုက်ကို လွှမ်းမိုးခဲ့တဲ့ သူတွေချည်းပဲ”

“လူသားဧကရာဇ် ကျန်းချန်က ကျန့်ဝူရှင်းကို အနိုင်ရခဲ့တာ ကျိုးကြောင်းဆီလျော်ပါတယ်”

“အခုအချိန်ကစပြီး နတ်ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် ပါရမီရှင် ဂုဏ်ပုဒ်က လူသားဧကရာဇ်ကျန်းချန် အတွက် ဖြစ်သွားခဲ့ပြီ”

“လူသားဧကရာဇ်အသစ်ရဲ့ ခွန်အားက အသန်မာဆုံး နတ်ဘုရင်စာရင်းထဲမှာ အနည်းဆုံး အဆင့်ငါးဆယ် အတွင်း ဝင်ဖို့ လုံလောက်နေပြီ ထင်တယ်”

နတ်ကုန်းမြေတိုက်၏ အသန်မာဆုံးပါရမီရှင် နှစ်ဦး တိုက်ပွဲပြီးဆုံးသွားပြီးနောက်တွင် ကျင့်ကြံသူ အများအပြားသည် ပြောဆို ဆွေးနွေးနေခဲ့ကြသည်။

ရှေးခေတ်ကာလ ကတည်းကစ၍ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်တိုင်းသည် ခေတ်တစ်ခေတ်၏ ဒဏ္ဍာရီများ ဖြစ်ကြသည်။

ယခုတစ်ခေါက်တွင်လည်း လူသားဧကရာဇ်နန်းတော်သည် လူသားဧကရာဇ် ကျန်းချန်ကို မွေးထုတ်နိုင်ခဲ့ချေပြီ။

ဤ လူသားဧကရာဇ်သည်လည်း သူနှင့် ထိုက်တန်သည့်ဒဏ္ဍာရီကို ဆက်လက် ရေးသားသွားမည်မှာ သေချာသလောက်ပင်။

လူတိုင်းက တိုက်ပွဲနှင့် ပတ်သက်၍ ပြောဆိုနေကြသော အချိန်တွင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုမှ ကျင့်ကြံသူများ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာခဲ့သည်။

“ဘိုးဘေး.. ဒီကောင်က ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး.. ဒီအတိုင်းဆိုရင် ကျွန်တော်တို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုအနေနဲ့ သူ့ကို ဘယ်လိုရင်ဆိုင်ကြမလဲ”

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ လူငယ်တစ်ယောက်သည် ကျန်းချန် ပျောက်ကွယ်သွားသည့်နေရာကို ငေးကြည့်နေရင်း လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားခဲ့သည်။

ထိုလူငယ်မှာ တခြားသူမဟုတ်ပေ။

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည့် လုံကျိုးဟန်ပင် ဖြစ်၏။

ထိုနေ့က အ‌ရှေ့ဘက်ဒေသတွင် ကျန်းချန် နှင့် ပထမဆုံးအကြိမ် ဆုံစဥ်က ကျန်းချန်သည် မြေကြီးအရှင် အဆင့်ကိုသာ ရောက်ရှိနေသေးသည်။

ထိုစဥ်ကတည်းကပင် ကျန်းချန်သည် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး မြေကြီးအရှင်အဆင့်ဖြင့်ပင် နတ်ဘုရင်အဆင့်ကို ယှဥ်ပြိုင်နိုင်ခဲ့သည်။

သို့သော်လည်း နတ်ကုန်းမြေတိုက်၏ နာမည်ကျော် ပါရမီရှင် တစ်ယောက် ဖြစ်သည့် လုံကျိုးဟန်သည် ကျန်းချန်ကို ထိုအချိန်က အလွယ်တကူပင် ဖိနှိပ်နိုင်ခဲ့သည်။

သို့သော်လည်း နှစ်အနည်းငယ် ကြာပြီးနောက်တွင် ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စု၌ ကျန်းချန်နှင့် ပြန်လည်ဆုံတွေ့သည့်အခါတွင် ကျန်းချန်သည် ကောင်းကင်အရှင် အဆင့်ဖြင့်ပင် အလယ်ပိုင်းဒေသ၏ ထိပ်သီးပါရမီရှင် ဆယ်ယောက် စာရင်းဝင် ဖြစ်သော သူ့ကို အနိုင်ယူသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုနောက်ပိုင်းတွင် ကျန်းချန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ကောင်းကင်ကို ဆန့်ကျင်ကာ တိုးတက်လာခဲ့သည်။

သူက တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ဘိုးဘေး ယိုဖိုထျန်းကိုပင် အနိုင်ယူခဲ့သည်။

ထို့နောက်တွင်မူ လူသားဧကရာဇ်နန်းတော်၏ နံပါတ်တစ် ပါရမီရှင် ကျန်းရွမ်ကို အနိုင်ရပြီး လူသားဧကရာဇ် နန်းတော်၏ လက်ရှိ လူသားဧကရာဇ် ဖြစ်လာခဲ့၏။

ယနေ့တွင်လည်း မျိုးဆက်သစ် လူငယ်ထဲ၌ ပြိုင်ဘက်ကင်း ဖြစ်သည့် ကျန့်ဝူရှင်းသည်ပင် ကျန်းချန်ကို ရှုံးနိမ့်သွားခဲ့ရချေပြီ။

အလယ်ပိုင်းဒေသ၏ ထိပ်သီးပါရမီရှင် ဆယ်ယောက်ထဲမှ တစ်ယောက် အနေဖြင့် ဤမျှ တိုတောင်းသည့် အချိန်အတွင်း ကျန်းချန်၏ နောက်တွင် များစွာ ပြတ်ကျန်ခဲ့မည်ဟု လုံကျိုးဟန် တစ်ခါမှ မတွေးမိခဲ့ပေ။

ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုတွင် ကျန်းချန်ကို ရှုံးနိမ့်ပြီးကတည်းကပင် လုံကျိုးဟန်သည် အစွမ်းကုန် ကျင့်ကြံခဲ့ပြီး သူဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ကျန်းချန် ဆီကနေ ဆယ်ဆပြန်လည် ရယူရန် မျှော်လင့်ခဲ့သည်။

အဆုံးသတ်တွင် သူသည် နတ်ဘုရင် စတုတ္ထအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး သူ၏ ခွန်အားကို မြှင့်တင်နိုင်ခဲ့သော်လည်း ကျန်းချန်၏ တိုးတက်မှုသည် သူ့ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယနေ့တွင်မူ သူ့အနေဖြင့် ကျန်းချန်နှင့် အကြည့်ချင်းဆုံရန်ပင် အရည်အချင်း မရှိတော့ပေ။

“ငါတို့က ဘာလုပ်နိုင်ဦးမှာလဲ.. သူ့ရဲ့ခွန်အားက နတ်ဘုရင် အဋ္ဌမအဆင့်ထက် မနိမ့်ကျတော့ဘူး.. ဒါ့အပြင် သူက လူသားဧကရာဇ်နန်း‌တော်ရဲ့ လူသားဧကရာဇ်တောင် ဖြစ်နေခဲ့ပြီ.. ငါတို့အနေနဲ့ သူ့ကို ရန်သူအဖြစ် သတ်မှတ်ဖို့ မသင့်တော်တော့ဘူး”

ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ ဘိုးဘေးက လေးနက်စွာ ပြောလိုက်သည်။

“ဒီတစ်ကြိမ် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေ ကျူးကျော်လာတဲ့ အတွက် အားလုံးရဲ့ ပန်းတိုင်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို နှိမ်နင်းဖို့ပဲ ဖြစ်သင့်တယ်.. ငါတို့တွေ သူ့ကို သွားမနှောင့်ယှက်သရွေ့ သူလည်း ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို ဘာဒုက္ခမှ မပေးလောက်ပါဘူး”

အခြားတစ်ဖက်တွင်လည်း ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ ကျင့်ကြံသူသည် လေးနက်သော အမူအရာဖြင့် သူ၏ နေအိမ်ဆီသို့ အလျင်အမြန် ပြန်သွားခဲ့သည်။

ကျန်းချန်၏ တိုးတက်နှုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု အနေဖြင့် ကျန်းချန်ကို ရင်ဆိုင်မည် ဆိုလျှင် အလွန် ကြီးမားသော ပေးဆပ်မှုအား ပြုလုပ်ရလိမ့်မည်ကို သူစိုးရိမ်နေမိသည်။

ထို့အပြင် ကျန်းချန်ကို တစ်ခါတည်း အပြတ်မရှင်းနိုင်သရွေ့ ထိုကောင်လေး၏ ပါရမီဖြင့် ဆိုလျှင် နောင်တစ်ချိန်တွင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု အတွက် ကြီးမားသော ကပ်‌ဘေးကို သေချာပေါက် သယ်ဆောင်လာပေလိမ့်မည်။

ထို့ကြောင့် ကျန်းချန် အပေါ်တွင် ထားရှိသည့် သူတို့၏ မဟာဗျူဟာကို ပြောင်းလဲရန် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ အကြီးအကဲများနှင့် အမြန်ဆုံး ဆက်သွယ်ရမည် မဟုတ်ပါလား။

ကျန့်ဝူရှင်းနှင့် တိုက်ပွဲပြီးသည့်နောက်တွင် ကျန်းချန်သည် အေး‌အေးဆေးဆေး နေထိုင်သည့်ဘဝကို ပြန်လည် ရောက်ရှိသွားခဲ့သည်။

ရံဖန်ရံခါ ကူဖုန်းအာနှင့် အချိန်ဖြုန်းခြင်းက လွဲလျှင် သူ၏ အချိန်တော်တော်များများကို ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။

ဤသို့ဖြင့် မသိလိုက် မသိဘာသာဖြင့်ပင် သုံးရက် ဟူသောအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ယနေ့တွင် နတ်ကုန်းမြေတိုက်၏ နတ်ဘုရင်အဆင့် အင်အားစု အသီးသီးမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များသည် ဓားတစ်သောင်း သူ‌တော်စင်ဂိုဏ်း၏ အလယ်ဗဟိုရှိ ကြီးမားသော ရင်ပြင်တွင် စောစောစီးစီး ရောက်ရှိနေခဲ့ကြသည်။

ရင်ပြင်ထဲတွင် ထိုင်ခုံ တော်တော်များများ ရှိနေခဲ့၏။

အထူးသဖြင့် အလယ်ဗဟိုရှိ စင်မြင့်ပေါ်တွင် ပို၍ ထင်ရှားသည့် အထူးထိုင်ခုံ ဒါဇင်ချီ ရှိနေခဲ့သည်။

ထိုအထူးထိုင်ခုံများတွင် ထိုင်ရန် အတွက် နတ်ဘုရင် သတ္တမအဆင့် သို့မဟုတ် ထိပ်သီး နတ်ဘုရင် အင်အားစုများသာ အရည်အချင်း ပြည့်မီမည် ဖြစ်သည်။

ကျန်းချန်၊ လော့ရှင်းဟယ်နှင့် အခြားသူများသည် စောစောစီးစီး ရောက်ရှိကာ အထူးထိုင်ခုံများတွင် ထိုင်နေခဲ့ကြသည်။

လော့ရှင်းဟယ်က အထူးထိုင်ခုံတွင် ထိုင်နေကြသည့် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူများကို မည်သူမည်ဝါဖြစ်ကြောင်း ကျန်းချန်နှင့် မိတ်ဆက်ပေးနေခဲ့၏။

လော့ရှင်းဟယ်၏ မိတ်ဆက်ပေးမှုကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ဦးဆောင်နိုင်စွမ်းကို ခံစားမိလိုက်သည်။

ဤတစ်ကြိမ်တွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် စစ်မိစ္ဆာအမိန့်တော်ကို ထုတ်ပြန်ကာ နတ်ကုန်းမြေတိုက်ပေါ်ရှိ နတ်ဘုရင် အင်အားစုများကို စုဝေးစေခဲ့သည်။

ယခုအခါတွင် အသန်မာဆုံး နတ်ဘုရင်စာရင်းထဲမှ သုံးပုံ တစ်ပုံခန့်သည် ဤနေရာတွင် စုဝေးနေခဲ့ကြချေပြီ။

“မိတ်ဆွေလေးကျန်းချန်.. တကယ်တမ်းပြောရရင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ဒီတစ်ကြိမ် ထုတ်ပြန်လိုက်တဲ့ စစ်မိစ္ဆာအမိန့်တော်ကို အင်အားစု အသီးသီးက သိပ်အလေးအနက်မထားခဲ့ကြဘူး"

"လူသားဧကရာဇ်ကျန်းချင်းထျန်း တာဝန်ယူတုန်းကသာ ဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ဖို့ စစ်မိစ္ဆာအမိန့်တော်ကို ထုတ်ပြန်လိုက်တာနဲ့ နတ်ကုန်းမြေတိုက်က ကျင့်ကြံသူ ကိုးဆယ် ရာခိုင်နှုန်းထက် မနည်းကို အလျင်အမြန် စုစည်းနိုင်ခဲ့တယ်.. လက်ရှိအချိန်မှာ နတ်ကုန်းမြေတိုက် ပေါ်မှာ ရှိတဲ့ အင်အားစု အတော်များများက စစ်မိစ္ဆာအမိန့်တော်ရဲ့ ဆင့်ခေါ်မှုကို လိုက်နာခဲ့ကြပေမဲ့ အများစုကတော့ သူတို့ရဲ့ အဓိကအင်အားကို ထိန်ချန်ထားခဲ့ကြတယ်”

လော့ရှင်းဟယ်က ခပ်တိုးတိုး ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အတွေးနက်သွားခဲ့၏။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် စစ်မိစ္ဆာအမိန့်တော်ကို ထုတ်ပြန်လိုက်ခြင်းကြောင့် အလွန်တရာ အစွမ်းထက်သည့် အင်အားတစ်ခုကို စုစည်းနိုင်ခဲ့သည်။

သို့သော်လည်း လော့ရှင်းဟယ် ပြောသကဲ့သို့ပင် အဓိက အင်အားစုများသည် သူတို့၏ အဓိကအင်အားကို သိသိသာသာပင် ချန်ရစ်ထားခဲ့ကြ၏။

အထူးသဖြင့် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူများကို ကျန်းချန်သည် ရင်ပြင်ထဲတွင် သိပ်မမြင်တွေ့ခဲ့ရပေ။

ဥပမာအားဖြင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ နတ်ဘုရင် အဋ္ဌမအဆင့် ဘိုးဘေးသည် ရောက်မလာခဲ့ပေ။

ထိုအစား နတ်ဘုရင် သတ္တမအဆင့် တစ်ပါးကိုသာ စေလွှတ်ခဲ့၏။

နောက်ထပ် ဥပမာတစ်ခုမှာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ဖြစ်သည်။

၎င်းတို့တွင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ တော်တော်များများ ရှိသော်လည်း နတ်ဘုရင် သတ္တမအဆင့် တစ်ပါးကိုသာ စေလွှတ်ခဲ့သည်။

ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုနှင့် တခြားသော ထိပ်တန်း အင်အားစုများသည်လည်း ထို့အတူပင် သူတို့၏ အင်အားများကို ထိမ်ချန်ထားခဲ့ကြ၏။

ထိုအချက်အလက်ကို ကြည့်လျှင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ လှုံ့ဆော်နိုင်မှုသည် ယခင်ကလောက် မရှိတော့သည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလော။

ကျန်းချန်တို့ နှစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောဆိုနေစဥ်မှာပင် ရင်ပြင်၏ အလယ်ဗဟိုတွင် နေရာလွတ်လှိုင်းလုံး နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

မကြာမီမှာပင် အိုမင်းသော ပုံရိပ်နှစ်ခုသည် ကျန်းချန်တို့၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့၏။

ထိုပုံရိပ်နှစ်ခုထဲမှ တစ်ခုမှာ ဓားတစ်သောင်း သူတော်စင်ဂိုဏ်း၏ ဘိုးဘေးဖြစ်သည့် ကျန့်ရွမ်ထျန်း ဖြစ်သည်။

ကျန့်ရွမ်ထျန်း၏ နံဘေးတွင်မူ အေးစက်ပြီးမောက်မာသောအမူအရာရှိသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။

ထိုအဘိုးအို၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ကျန့်ရွမ်ထျန်းထက် မနိမ့်ကျပေ။

“မိတ်ဆွေလေးကျန်းချန် အဲဒီအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဆယ်ယောက်မြောက်အကြီးအကဲ စစ်ခုံဟိုင်ပဲ.. သူက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ ရင်ဆိုင်ဖို့အတွက် နတ်ကုန်းမြေတိုက်ကို ဦးဆောင်ဖို့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့က စေလွှတ်လိုက်တဲ့ တာဝန်ခံလည်း ဖြစ်တယ်”

ထိုမြင်ကွင်းကိုမြင်လျှင် လော့ရှင်းဟယ်သည် ကျန်းချန်ကို ခပ်တိုးတိုး ပြောပြလိုက်သည်။

“စစ်ခုံဟိုင်လား”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“အသန်မာဆုံး နတ်ဘုရင်စာရင်းက အဆင့် တစ်ဆယ့်သုံးနေရာမှာ ရှိတဲ့ တစ်ယောက်လား”

ကျန်းချန်သည် အသန်မာဆုံးနတ်ဘုရင်စာရင်းနှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားပြီ ဖြစ်သောကြောင့် ချက်ချင်းပင် တုံ့ပြန်နိုင်ခဲ့သည်။

“ဟုတ်တယ် သူပဲ”

လော့ရှင်းဟယ်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“စစ်ခုံဟိုင်က နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူတွေ ထဲမှာ အသန်မာဆုံး ကျင့်ကြံသူ တစ်ယောက်ပဲ.. ဒါ့အပြင် သူက စစ်မိစ္ဆာမဟာမိတ် အဖွဲ့ရဲ့ အဓိက တာဝန်ခံ သုံးယောက်ထဲက တစ်ယောက်လည်း ဖြစ်တယ်”

အခန်း(၂၃၃၂)ပြီး၏။

All Chapters