← Chapters

အခန်း (၂၃၃၅-၂၃၃၆)

Vol. 174 Ch. 2335-2336

အခန်း (၂၃၃၅-၂၃၃၆)

Vol. 174 Ch. 2335-2336

အခန်း(၂၃၃၅)

ကျန်းချန်၏ စကားကိုကြားလျှင် ကူဖုန်းအာသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဖုန်းအာ ငါကတိပေးတယ်.. ဒါနောက်ဆုံးအကြိမ်ပဲ”

ကျန်းချန်က ကူဖုန်းအာ၏ ခေါင်းကို လက်ဖြင့်ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်သည်။

“ဒီတစ်ခေါက် ငါ ပြန်လာရင် ငါ့ဘေးမှာ မင်းကြိုက်သလို နေလို့ရပြီ.. မင်းကို ငါဘယ်တော့မှ မောင်းမထုတ်တော့ဘူးလို့ ကတိပေးတယ်”

ကူဖုန်းအာ၏ လှပသော မျက်နှာလေးထက်တွင် ပျော်ရွှင်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ကောင်းပါပြီ အစ်ကိုကျန်းချန်.. အစ်ကို့ရဲ့ ကတိစကားကို တည်ရမယ်နော်”

ကူဖုန်းအာ၏ လှပသော မျက်ဝန်းလေးတွင် အဆုံးသတ်၌ ကျေနပ်သော အပြုံးရိပ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမက ကျန်းချန်ကို နှုတ်ဆက်လိုက်ပြီး ဖုန်းချီရှန်းနှင့်အတူ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းကနေ ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် လော့ရှင်းဟယ်၊ ဆန်းကြယ်နတ်မျိုးနွယ်စုမှ ဘိုးဘေးယွမ်ခွန်နှင့် အခြားသူများ အားလုံးသည်လည်း ကျန်းချန်ကို နှုတ်ဆက်လိုက်ကြပြီး ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

အားလုံး ထွက်သွားပြီးနောက်တွင် ကျန်းချန်သည်လည်း ဓားအလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ မြောက်ဘက်အရပ်ရှိ ကောင်းကင်ယံ ဆီသို့ လျင်မြန်စွာပင် ပျံသန်းသွားခဲ့သည်။

ဤတစ်ကြိမ်တွင် စစ်ခုံဟိုင်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ရိုက် တိုက်ခိုက်ရန်အတွက် နတ်ကုန်းမြေတိုက်၏ အင်အားစုများကို ဆင့်ခေါ်ရာတွင် ကျရှုံးခဲ့သည်။

သို့ရာတွင် အလျင်စလို သွားမတိုက်ဘဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ခုခံရန် အင်အားတချို့ကို စုစည်းထားနိုင်သရွေ့ ပြဿနာများစွာ ရှိလိမ့်မည် မဟုတ်ပေ။

အနည်းဆုံးတော့ အချိန်တိုအတွင်း နတ်ကုန်းမြေတိုက်တွင် မည်သည့် အ‌ရေးပေါ် အခြေအနေမှ ရှိလာလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းချန်သည် ဤအချိန်ကို အသုံးချကာ မြောက်ဘက်ဒေသသို့ သွားရောက်ပြီး နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ကောင်းကင်လမ်းစဥ်ကို ရှာတွေ့ပြီး လနတ်ဘုရားနန်းတော်ကို အသိအမှတ်ပြုလာအောင် လုပ်ဆောင်နိုင်သရွေ့ လနတ်ဘုရားနန်းတော်သည် ကမ္ဘာလောကထဲသို့ ပြန်လည် ရောက်ရှိလာနိုင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အန္တရာယ်ကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က သူ့ဖခင် ကျန်းဝူရကိုလည်း ဆက်သွယ်ခဲ့ပြီး စစ်ခုံဟိုင်တို့၏ အခြေအနေကို စောင့်ကြည့်ခိုင်းထားခဲ့သည်။

ဆိုရလျှင် စစ်ခုံဟိုင်တို့ ရှုံးနိမ့်မည့် အရိပ်အယောင် ပြလာသည်နှင့် လူသားဧကရာဇ်နန်းတော်သည်လည်း အချိန်မီ အကူအညီပေးမည် ဖြစ်၏။

သူက စစ်ခုံဟိုင်၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့သော်လည်း နတ်ကုန်းမြေတိုက်၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍မူ ပေါ့ပေါ့တန်တန် သဘောမထားပေ။

မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်လမ်းစဥ်ကို သူ ရှာမတွေ့မီအထိ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနောက်ဘက်ဒေသအတွင်း ကန့်သတ်ထားရမည် ဖြစ်ပြီး နတ်ကုန်းမြေတိုက်ကို ဝါးမျိုရန်အတွက် မည်သည့် အခွင့်အရေးမှ ပေး၍မဖြစ်ချေ။

ပြာလဲ့လဲ့ ကောင်းကင်ယံထက်တွင် ကျန်းချန်သည် လေထုကိုနင်းလျှောက်ကာ မိုင်ပေါင်းသန်းချီ ခရီးနှင်နေခဲ့ပြီး ကြယ်တံခွန် တစ်ခုနှယ် ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်း၍ မြောက်ဘက်ဒေသ ဆီသို့ ဦးတည်ကာ သွားနေခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ကျန်းချန်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။

သူ၏ ရှေ့မှောက်တွင် လျှို့ဝှက်ဆန်းကြယ်ပုံရသော ကမ္ဘာတစ်ခု ရှိနေခဲ့၏။

ထိုကမ္ဘာသည် မီးခိုးရောင် ဖြစ်ပြီး တစ်ကမ္ဘာလုံးသည် တစပြင်နှယ် တိတ်ဆိတ် ငြိမ်သက်နေခဲ့၏။

ထိုကမ္ဘာက တိတ်ဆိတ် ငြိမ်သက်နေပုံရသော်လည်း ကျန်းချန်သည် ထိုကမ္ဘာထံကနေ အလွန်တရာ အန္တရာယ်ကြီးမားသော အငွေ့အသက်ကို ပင်ကိုသိစိတ်အရ ခံစားမိခဲ့သည်။

ကျန်းချန်က တွေးနေစရာပင်မလိုဘဲ သူ့ရှေ့မှ ကမ္ဘာက ဒဏ္ဍာရီလာ သက်မဲ့ကမ္ဘာမှန်း သိလိုက်သည်။

ရှေးခေတ်ကာလက မဟာကပ်ဘေးကြီးတွင် နတ်ဘုရားနယ်မြေသည် ပျက်စီးသွားခဲ့ပြီး ထာဝရဟင်းလင်းပြင် ထဲတွင် ဖုန်မှုန့်ပေါင်း ကဋေကဋာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားနယ်မြေ ပျက်စီးသွားပြီးနောက်တွင် နတ်ဘုရားနယ်မြေ၏ အကောင်းမွန်ဆုံး ကျန်ရှိသော အစိတ်အပိုင်းသည် နတ်ကုန်းမြေတိုက် ဖြစ်၏။

သို့သော်လည်း နတ်ကုန်းမြေတိုက်သည်ပင် ကြီးမားသောအပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး တားမြစ်နယ်မြေများစွာ ပေါ်ပေါက်လာခဲ့ကာ နတ်ကုန်းမြေတိုက်ကို အစိတ်အပိုင်းတော်တော်များများ အဖြစ် ပိုင်းဖြတ်ထားခဲ့သည်။

ဆိုရလျှင် ဤသက်မဲ့ကမ္ဘာသည် အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသကို ပိုင်းခြားထားသည့် တားမြစ်နယ်မြေ ဖြစ်၏။

သက်မဲ့ကမ္ဘာ ဟူသော နာမည်အတိုင်းပင် ထိုကမ္ဘာတွင် သက်ရှိများ ရှင်သန်ခြင်း မရှိပေ။

၎င်း၏ အန္တရာယ်ရှိမှုအဆင့်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့်လည်း သက်မဲ့ကမ္ဘာသည် အလယ်ပိုင်းဒေသနှင့် ကျန်ဒေသလေးခု ကြားရှိ ဖြတ်ကျော်ရန် အခက်အခဲဆုံး တားမြစ်နယ်မြေများထဲမှ တစ်ခုလည်း ဖြစ်၏။

ထို့ကြောင့် လူသားဧကရာဇ် ကျန်းချင်းထျန်းသည် သက်မဲ့ကမ္ဘာအတွင်း၌ အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသကို ချိတ်ဆက်ထားသည့် နေရာလွတ်လမ်းကြောင်း တစ်ခုအား ဖောက်လုပ်ပေးခဲ့သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူသားဧကရာဇ် ကျန်းချင်းထျန်း ဖောက်လုပ်ခဲ့သော နေရာလွတ်လမ်းကြောင်းသည် အပြောင်းအလဲတချို့ ရှိလာခဲ့ပြီး လူသားများ အနေဖြင့် သက်မဲ့ကမ္ဘာကို ဘေးကင်းစွာ ဖြတ်သန်းရန် အတွက် ခက်ခဲလာခဲ့သည်။

ထိုအချိန်မှစ၍ မြောက်ပိုင်းဒေသသည် လုံးဝကို အထီးကျန်သွားခဲ့သည်။

ယနေ့ခေတ်တွင် နတ်ကုန်းမြေတိုက်၌ မြောက်ပိုင်းဒေသနှင့်ပတ်သက်သည့် သတင်းမှာ မရှိသလောက် ဖြစ်ပြီး မြောက်ပိုင်းဒေသ၏ အခြေအနေကိုလည်း ဘာမှမသိရှိတော့ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်ပြီး လူသားဧကရာဇ် ကျန်းချင်းထျန်း ဖောက်လုပ်ခဲ့သော နေရာလွတ်လမ်းကြောင်းကို ရှာဖွေရန် သက်မဲ့ကမ္ဘာဆီသို့‌ လျှောက်လှမ်းလာခဲ့သည်။

ဤ သက်မဲ့ကမ္ဘာသည် လျှို့ဝှက်ဆန်းပြားပြီး ခန့်မှန်းရခက်ခဲလှသဖြင့် ကျန်းချန်သည် သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ချက် သိပ်မရှိပေ။

လူသားဧကရာဇ် ကျန်းချင်းထျန်း ဖောက်လုပ်ခဲ့သော နေရာလွတ်လမ်းကြောင်းတွင် အပြောင်းအလဲ တချို့ ရှိနေစေကာမူ အနည်းဆုံးတော့ သက်မဲ့ကမ္ဘာကို တစ်ကိုယ်တော်စွမ်းရည်ဖြင့် ဖြတ်ကျော်ရသည်ထက် များစွာ ပို၍ လွယ်ကူလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က သက်မဲ့ကမ္ဘာထဲသို့ လျှောက်လှမ်းလာပြီး မကြာမီမှာပင် သက်မဲ့ကမ္ဘာ၏ အထက်ကောင်းကင်ယံ၌ နေရာလွတ်လမ်းကြောင်း ဝင်ပေါက်ကို တွေ့ရှိသွားခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ နေရာလွတ်လမ်းကြောင်း၏ ဝင်ပေါက်ဆီသို့ ဝင်ရောက်သွားခဲ့၏။

ဤနေရာလွတ်လမ်းကြောင်းသည် နှစ်ပေါင်းများစွာ ပြုပြင်ထားခြင်း မရှိသဖြင့် အလွန်တရာ အန္တရာယ်ကြီးမည်ကို သူ ကောင်းစွာသိသည်။

သို့ရာတွင် မြောက်ပိုင်းဒေသကို သွားပြီး နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်မှာလည်း မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စပင် ဖြစ်၏။

နေရာလွတ်လမ်းကြောင်း၏ ဝင်ပေါက်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်နေခဲ့သည်။

လူသားဧကရာဇ်ကျန်းချင်းထျန်း ဖောက်လုပ်ခဲ့သော နေရာလွတ်လမ်းကြောင်းသည် အလွန်တရာပင် ရှည်လျားပြီး တစ်နှစ်ပတ်လုံး မတည်မငြိမ် ဖြစ်နေခဲ့သည်။

နေရာလွတ်လမ်းကြောင်းအတွင်း၌ ကြောက်မက်ဖွယ်ရာကောင်းသော နေရာလွတ် မုန်တိုင်းများကိုလည်း မကြာခဏ ကြုံတွေ့ရ၏။

ကျန်းချန်က ထိုနေရာလွတ် မုန်တိုင်းများကို အလွယ်တကူ မထိတွေ့ဝံ့ဘဲ ခက်ခက်ခဲခဲ ရှောင်တိမ်းရင်း ရှေ့သို့ ဆက်လှမ်းလာခဲ့သည်။

သို့တိုင် နေရာလွတ်မုန်တိုင်း၏ တိုက်ခိုက်မှုကို တစ်ခါတစ်ရံတွင် အနည်းငယ် ခံခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာရင်း သူ၏ ခန္ဓာကိုယ်ရှိ အင်အားသည် နေရာလွတ်မုန်တိုင်းများ၏ ပွတ်တိုက်မှုဖြင့် တဖြည်းဖြည်း ကုန်ခမ်းလာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းချန်၏ ခွန်အားဖြင့်ပင် အနည်းငယ် ခုခံရခက်လာခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့လာခဲ့၏။

သူ၏ ခန္ဓာကိုယ်တွင် အသက်သစ်ကိုင်းနှင့် ပြန်လည် အားဖြည့်နိုင်သည့် ဆေးတချို့ ရှိနေ၍သာ ဤအချိန်အထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

အချိန်မည်မျှ ကြာသွားမှန်းကိုပင် သူ မသိတော့ပေ။

အဆုံးသတ်တွင် ကျန်းချန်သည် ထွက်ပေါက်တစ်ခုကို မြင်လိုက်ရ၏။

ကျန်းချန်က အလွန်တရာ ဝမ်းသာသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ဓားအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်ကာ ထွက်ပေါက် ဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။

သို့သော်လည်း ထိုအချိန်မှာပင် နေရာလွတ်မုန်တိုင်း တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

“ဝေါ့..”

ကျန်းချန်က ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သို့သော်လည်း ကျန်းချန်သည် နေရာလွတ်မုန်တိုင်း၏ ဒဏ်ကို အံကြိတ်ကာ သည်းခံလိုက်ပြီး ထွက်ပေါက်ကနေ ထွက်လာနိုင်ခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် တောအုပ်တစ်ခု အတွင်းသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့၏။

ကျန်းချန်က ပတ်ဝန်းကျင် အခြေအနေကို အနည်းငယ် အကဲခတ်လိုက်ရာ ပတ်ဝန်းကျင်တွင် ကြီးမားသော သစ်ပင်ကြီးများ ရှိနေခဲ့ပြီး သစ်ပင်တစ်ပင်ချင်းစီသည် အလွန်တရာပင် ထူထဲကာ ပေပေါင်းရာချီ မြင့်မားသည်ကို တွေ့လိုက်ရ၏။

ထိုတောအုပ်အတွင်း သားရဲတိရစ္ဆာန်များ၏ ဟိန်းဟောက်သံများသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး အဝေးတစ်နေရာတွင် ကြီးမားသော သိမ်းငှက်ကြီးတစ်‌ကောင်သည် ပေပေါင်းရာချီ ရှည်လျားသော သားရဲတစ်ကောင်ကို ချီကာ ကောင်းကင်ယံသို့ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

“ဒါက မြောက်ဘက်ဒေသလား.. ဒီနေရာရဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေက တကယ်ကို ကြွယ်ဝတာပဲ.. အလယ်ပိုင်းဒေသနဲ့ နှိုင်းယှဥ်ရင်တောင် နည်းနည်းလေးမှ မနိမ့်ကျဘူး”

ပတ်ဝန်းကျင် အခြေအနေကို ခံစားမိလျှင် ကျန်းချန်၏ မျက်နှာထက်၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

မြောက်ဘက်ဒေသ၏ ပတ်ဝန်းကျင်သည် အရှေ့ဘက်ဒေသနှင့် အတူတူလောက်သာ ရှိလိမ့်မည်ဟု သူ မူလက ထင်ထားခဲ့သည်။

သို့ရာတွင် တကယ်တမ်း၌ မြောက်ဘက်ဒေသ၏ ပတ်ဝန်းကျင်သည် အလယ်ပိုင်းဒေသကိုပင် အမီလိုက်နိုင်ခဲ့၏။

“ဒီနေရာက မြောက်ဘက်ဒေသ ဟုတ်မဟုတ် သိရအောင် တစ်ယောက်ယောက်ကို ရှာပြီး မေးကြည့်ရမယ် ထင်တယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူက သက်မဲ့ကမ္ဘာကို ဖြတ်ကျော်ပြီး နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသသို့ အမှန်တကယ် ရောက်ရှိသည်မှာ ဟုတ်ရော ဟုတ်ပါ့မလား ဟုပင် ဤနေရာ၏ ပတ်ဝန်းကျင်သည် ကျန်းချန်ကို သံသယ ဖြစ်စေခဲ့သည်။

အကယ်၍ ဤနေရာသာ အမှန်တကယ် မြောက်ဘက်ဒေသ ဖြစ်ခဲ့လျှင် မြောက်ဘက်ဒေသသည် ရိုးရှင်းသောနေရာ တစ်ခု မဟုတ်သည်မှာ သေချာသလောက်ပင်။

အခန်း(၂၃၃၅)ပြီး၏။

အခန်း(၂၃၃၆)

ကျန်းချန်က ထိုသို့ တွေးမိလိုက်သည်နှင့် လူသားများရှိရာအရပ်ကို ရှာဖွေရန် မတ်တတ် ထရပ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် မတ်တတ်ရပ်ရန်ပင် ခွန်အားမရှိတော့ကြောင်း သတိပြုမိသွားခဲ့၏။

သူက ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို အလျင်အမြန်စစ်ဆေးလိုက်ရာ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေခဲ့ပြီး အတွင်းအင်္ဂါများသည်လည်း အပြင်းအထန်ထိခိုက်သွားသည်ကို တွေ့ရှိလိုက်ရသည်။

ဆိုရလျှင် လက်ရှိအချိန်၌ သူ၏ သိုင်းစွမ်းအားများသည် လုံးဝနီးပါး ကုန်ခမ်းနေပြီ ဖြစ်၏။

“ဒီသက်မဲ့ကမ္ဘာက နတ်ကုန်းမြေတိုက်ရဲ့ နာမည်ကျော်တားမြစ်နယ်မြေလို့မပြောရဘူး.. တကယ်ကို ဖြတ်ကျော်ရ ခက်ခဲတာပဲ”

ကျန်းချန်က မချိပြုံး ပြုံးလိုက်သည်။

ဤသက်မဲ့ကမ္ဘာအတွင်းရှိ နေရာလွတ်မုန်တိုင်းများသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ခုခံရန် မဖြစ်နိုင်ပေ။

လူသားဧကရာဇ်ကျန်းချင်းထျန်း ဖောက်လုပ်ခဲ့သော နေရာလွတ်လမ်းကြောင်းသာ မရှိလျှင်သူ၏ စွမ်းရည်ဖြင့် ဤသက်မဲ့ကမ္ဘာကို ဖြတ်ကျော်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း နေရာလွတ်လမ်းကြောင်း၏ အကူအညီဖြင့်ပင် ကျန်းချန်သည် သက်မဲ့ကမ္ဘာကို ဖြတ်ကျော်ရန် အတွက် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရ၏။

နတ်ဘုရားနယ်မြေသို့ ခြေချပြီးကတည်းကပင် ကျန်းချန်သည် ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးကို တစ်ခါမှ မရရှိခဲ့ဖူးပေ။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရပ်တန့်လိုက်သည်။

ထို့နောက်တွင် သူက ခွန်အားအနည်းငယ် ပြန်လည်ရရှိရန်အတွက် ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး အရှိန်အဝါ ဖုံးကွယ်သည့် နည်းစနစ်ကို အသုံးပြုလိုက်ကာ စတင် ကျင့်ကြံလိုက်သည်။

ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အသုံးပြုလိုက်ရာ ပတ်ဝန်းကျင်ရှိ ကြွယ်ဝသော စွမ်းအင်များသည် အရပ်မျက်နှာအနှံ့ကနေ လျင်မြန်စွာ စုဝေး ရောက်ရှိလာခဲ့သည်။

ထိုကြွယ်ဝသော စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်အပေါ်ယံရှိ ဒဏ်ရာများကို တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာစေခဲ့ပြီး ခန္ဓာကိုယ်အတွင်း၌ ခန်းခြောက်နေသော သိုင်းစွမ်းအားများကိုပါ ပြန်လည် နိုးထလာစေခဲ့သည်။

တဖြည်းဖြည်းနှင့် ကျန်းချန် လှုံ့ဆော်လိုက်သော ကောင်းကင်နှင့် မြေကြီး၏ ကြွယ်ဝသော စွမ်းအင်များသည် ပိုမို ကြီးမားလာခဲ့ပြီး မိုင်ပေါင်းထောင်ချီ အတွင်းရှိ စွမ်းအင်များပင် စုစည်း၍ ရောက်ရှိလာခဲ့သည်။

သုံးရက်အတွင်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများသည် ငါးဆယ်ကနေ ခြောက်ဆယ် ရာခိုင်နှုန်းခန့်အထိ ပြန်လည် သက်သာလာခဲ့သည်။

“ဒီအပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်က တကယ်ကို အစွမ်းထက်လွန်းတာပဲ”

ကျန်းချန်က ပိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

ဤအပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် သူ၏ စွမ်းအားများကို သန့်စင်ပေးရုံသာမက ဒဏ်ရာများကို ကုသရာတွင်လည်း တမူထူးခြားလှ၏။

သူက သူ၏ ဒဏ်ရာကို ဆယ်ရက် သို့မဟုတ် ရှစ်ရက် အတွင်း ပြန်လည် ကောင်းမွန်ရန် မလွယ်ကူလောက်ဟု မူလက ထင်ခဲ့သော်လည်း သုံးရက်အတွင်း ထက်ဝက်ကျော် ပြန်လည် သက်သာလာခဲ့သည်။

“အခု ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် တချို့ ရှိနေပြီ ဆိုတော့ ဒီနေရာရဲ့အခြေအနေကို စုံစမ်းဖို့ အချိန်တန်ပြီ”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ရင်း ထွက်ခွာရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် အရှေ့ဘက်ရှိ မိုင်ပေါင်းထောင်ချီ အကွာ၌ ရုတ်တရက် ပြင်းထန်သော စွမ်းအင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် စွမ်းအင် လှုပ်ခတ်မှုများ ထွက်ပေါ်လာသည့် အရပ် ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ထိုအခါ ကျန်းချန်သည် မိုင်ပေါင်းထောင်ချီ အကွာအဝေးရှိ တောအုပ်ထဲတွင် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးက ခရမ်းရောင် မျောက်ဝံကြီးတစ်ကောင်နှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။

“ချင်းမုန့် အမြန်ပြေးတော့.. ဒီခရမ်းရောင်နတ်မျောက်ဝံက သန္ဓေဝိညာဥ်အဆင့်အထိ ရောက်နေပြီ.. ငါတို့တွေက သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခရမ်းရောင်မျောက်ဝံ၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီးနောက်တွင် သူ၏ အနောက်၌ ရပ်နေသော အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကို အလျင်အမြန်ပင် အော်ပြောလိုက်သည်။

“မသွားဘူး ဦးလေးတို့ကို ထားခဲ့ပြီး သမီး လုံးဝ မထွက်သွားနိုင်ဘူး.. ဒါ့အပြင် သမီးရဲ့အဖေကို ကယ်တင်နိုင်ဖို့ ဒီ ခရမ်းရောင်နတ်မျောက်ဝံကို သတ်ပြီး သူ့ရဲ့အမြုတေကို သမီးမရရအောင် ယူမှဖြစ်မယ်”

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နုနယ်လှပသော မျက်နှာလေးထက်တွင် ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမက အပြာရောင်ဓားရှည်ဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်‌ဖော်လိုက်ရာ ထက်ရှသော ဓားအလင်းသည် လေထုကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး ခရမ်းရောင်မျောက်ဝံ၏ ဦးခေါင်း ဆီသို့ ဦးတည်သွားခဲ့သည်။

“လူသားမိန်းကလေး.. မင်းသေချင်နေပြီလား”

ခရမ်းရောင်မျောက်ဝံက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် အမွေးအမှင်များ ထူထဲနေသည့် သူ၏ လက်ဖဝါးထက်တွင် ခရမ်းရောင်စွမ်းအင်များ ဖြစ်ပေါ်လာခဲ့ပြီး ဧရာမ ခရမ်းရောင်လက်ဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကို ရိုက်ချလိုက်သည်။

ထိုခရမ်းရောင်လက်ဝါးသည် မည်သည့် အဟန့်အတားမှ မရှိဘဲ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ဓားအလင်းကို ဖြိုခွင်းလိုက်၏။

ယင်းနောက် အရှိန်မလျော့သေးဘဲ အပြာရောင် ဝတ်စုံဝတ် အမျိုးသမီး ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့၏။

“ချင်းမုန့်”

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် လူလတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦး၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခွန်အားများကို အစွမ်းကုန်အသုံးပြုကာ အမျိုးသမီး ဆီသို့ ပြေးသွားခဲ့ကြသည်။

သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

သူတို့နှစ်ဦး၏ အရှိန်အဟုန်ဖြင့် အမျိုးသမီးကို ကယ်တင်ရန် အချိန်မမီတော့၍ ခရမ်းရောင် လက်ဝါးက အမျိုးသမီး ဆီသို့ ကျရောက်သွားတော့မည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သူမ ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသည့် ခရမ်းရောင်လက်ဝါးကိုကြည့်ရင် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။

“ဒုတိယဦးလေးနဲ့ တတိယဦးလေး.. ကျွန်မ အဖေ့ကို ကယ်ဖို့အတွက် ဒီခရမ်းရောင်နတ်မျောက်ဝံရဲ့ အမြုတေကို အိမ်ပြန်ယူသွားပေးပါ”

စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ခန္ဓာကိုယ်ကနေ စွမ်းအားများ ရူးသွပ်စွာ တိုးထွက်လာခဲ့သည်။

“ချင်းမုန့် မလုပ်နဲ့”

အပြာ‌ရောင်ဝတ်စုံဝတ် အမျိုးသမီး၏ လုပ်ရပ်ကို မြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် တစ်စုံတစ်ရာကို သတိရသွားခဲ့ကြပြီး သူတို့၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလို သွေးကဲ့သို့ နီရဲလာခဲ့သည်။

စင်စစ် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မျိုးနွယ်စု လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ခရမ်းရောင် နတ်မျောက်ဝံနှင့် သူသေကိုယ်သေ ရင်ဆိုင်ရန် ပြင်ဆင်နေခဲ့ခြင်းပင်။

သို့သော်လည်း အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက ခရမ်းရောင်မျောက်ဝံနှင့်အတူ သူသေကိုယ်သေ ရင်ဆိုင်ရန် ပြင်ဆင်နေသော အချိန်မှာပင် တောက်ပသော ရွှေ‌ရောင်ဓားအလင်း တစ်ခုသည် လေထုကို ဖြတ်ကျော်ကာ ခရမ်းရောင်လက်ဝါးကို ဖြိုခွင်းလိုက်ပြီး ခရမ်းရောင် နတ်မျောက်ဝံ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ဆန်းကြယ်သော ခရမ်းရောင်သွေးများသည် ခရမ်းရောင်နတ်မျောက်ဝံ၏ ခန္ဓာကိုယ်ကနေ ပန်းထွက်လာခဲ့ပြီး ခရမ်းရောင်နတ်မျောက်ဝံ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် နှစ်ပိုင်း ပြတ်ထွက်ကာ ဘုန်းခနဲ လဲကျသွားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦးသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြ၏။

ဤမျှစွမ်းအားကြီးမားသော ခရမ်းရောင် နတ်မျောက်ဝံသည် ဓားချက် တစ်ချက်တည်းဖြင့်ပင် အသတ်ခံလိုက်ရမည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ဓားအလင်း ထွက်ပေါ်လာသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ရှေးဟောင်း ရွှေရောင်ဓားတစ်လက်ကို ကိုင်ဆောင်ထားရင်း သူတို့ဆီသို့ လေထုထဲကနေ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။

ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ စွမ်းအင်လှိုင်း လှုပ်ခတ်မှုများကြောင့် ဤနေရာသို့ ရောက်ရှိလာသော ကျန်းချန်ပင်ဖြစ်သည်။

“ကျွန်မက ရှချင်းမုန့်ပါ...ကျွန်မတို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်”

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာပင် တရိုတသေ ကျေးဇူးတင်စကား ပြောလိုက်သည်။

ကျန်းချန်က အမျိုးသမီးကို အကဲခတ်တ်လိုက်ရာ သူမ၏ စွမ်းအားသည် နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူများ၏ စွမ်းအားနှင့် အနည်းငယ် ကွဲပြားနေပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ စွမ်းအားနှင့် ပိုမို နီးစပ်နေကြောင်း တွေ့ရှိလိုက်ရသည်။

“ဒီအမျိုးသမီးက အင်မော်တယ်ကျင့်ကြံသူများလား”

ကျန်းချန်၏ စိတ်ထဲတွင် အတွေးတစ်ခု လင်းလက်သွားခဲ့၏။

ထိုသို့ တွေးမိလိုက်လျှင် သူ၏ စိတ်နှလုံးထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့သည်။

သူက လူသားဧကရာဇ် ကျန်းချင်းထျန်း ဖောက်လုပ်ခဲ့သည့် နေရာလွတ်လမ်းကြောင်းမှ တစ်ဆင့် သက်မဲ့ကမ္ဘာကို ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။

မတော်တဆမှု တစ်စုံတစ်ရာ မရှိခဲ့လျှင် သူသည် နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသတွင် ပေါ်လာရမည် ဖြစ်၏။

အဘယ်ကြောင့် ဤနေရာတွင် အင်မော်တယ် ကျင့်ကြံသူ တစ်ဦး ရှိနေရပါသနည်း။

သူရောက်ရှိနေသော နေရာသည် အမှန်တကယ်ပင် နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသ အစစ်အမှန်ပေလော။

“ဒါက ဘာမှ အပန်းမကြီးပါဘူး.. မိန်းကလေး အားမနာပါနဲ့”

ကျန်းချန်က သူ၏ အံ့အားသင့်မှုကို ထိန်းချုပ်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အမျိုးသမီးကို မေးမြန်းလိုက်သည်။

“ငါက ဒီကို မတော်တဆ ရောက်လာခဲ့တာပဲ.. ဒီနေရာက ဘယ်နေရာလဲဆိုတာ ပြောပြလို့ရမလား.. ဒါနဲ့ မင်းတို့တွေကရော ဘယ်သူတွေလဲ”

အခန်း(၂၃၃၆)ပြီး၏။

All Chapters