← Chapters

အခန်း (၂၃၃၇-၂၃၃၈)

Vol. 174 Ch. 2337-2338

အခန်း (၂၃၃၇-၂၃၃၈)

Vol. 174 Ch. 2337-2338

အခန်း(၂၃၃၇)

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက ဖုံးကွယ်မထားဘဲ ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ထိုအမျိုးသမီး၏ ပြောကြားချက်အရ သူယခု ရောက်ရှိနေသော ကမ္ဘာကို အင်မော်တယ်တိုက်ဟု ခေါ်ဆိုကြ၏။

သူတို့ရှိနေသော နေရာသည် အင်မော်တယ်တိုက်၏ တောင်ဘက်ရှိ ရှီဝမ်တောင်တန်း ဖြစ်သည်။

ရှီဝမ်တောင်တန်းထဲတွင် မိစ္ဆာများနှင့် သားရဲတိရစ္ဆာန်များနှင့် နေရာအနှံ့ ရှိပြီး ဝိညာဥ်သားရဲများလည်း ပေါများသဖြင့် အလွန်ပင် အန္တရာယ်များသော တောင်တန်း ဖြစ်သည်။

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတို့ လူစုသည် ရှီဝမ်တောင်တန်း၏ အစွန်အဖျားလောက်သာ ဝင်ရဲကြ၏။

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီး၏ အမည်မှာ ရှချင်းမုန့်ဖြစ်ပြီး ရှီဝမ်တောင်တန်း၏ အပြင်ဘက်ရှိ ပိရှန်းမြို့မှ ဖြစ်ကာ သူမ၏ ဖခင်သည် ပိရှန်းမြို့စား ဖြစ်သည်။

ကျန်းချန် မှန်းဆထားသည့်အတိုင်းပင် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတို့ လူစုသည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားနေသော အင်မော်တယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

အင်မော်တယ် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစနစ်သည် နတ်ဘုရားနယ်မြေ၏ ကျင့်ကြံခြင်း စနစ်နှင့် လုံးဝ ကွဲပြားသည်။

အင်မော်တယ်ကျင့်ကြံခြင်းစနစ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်၊မူလစွမ်းအင်အဆင့်၊ ရွှေအမြုတေအဆင့်၊ သန္ဓေဝိညာဥ်အဆင့်၊ ဝိညာဥ်ခွဲထွက်ခြင်းအဆင့်၊ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်၊ ကပ်ဘေးအဆင့်နှင့် မဟာယာနအဆင့်ဟူ၍ အဆင့်များ ခွဲခြားထားသည်။

သူ၏ရှေ့ရှိ ရှချင်းမုန့် အပါအဝင် သုံးဦးစလုံးသည် ရွှေအမြုတေအဆင့် အင်မော်တယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

ကျန်းချန်က အချက်အလက် အချို့ကို သိရှိလိုက်ပြီးနောက်တွင် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

သက်မဲ့ကမ္ဘာပေါ်ရှိ နေရာလွတ်လမ်းကြောင်းသည် လူသားဧကရာဇ် ကျန်းချင်းထျန်းက အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသကို ချိတ်ဆက်ကာ ဖောက်လုပ်ထားသည့် နေရာလွတ်လမ်းကြောင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

သို့ရာတွင် သူက နေရာလွတ်လမ်းကြောင်းကို ဖြတ်ကျော်ခဲ့သော်လည်း မြောက်ပိုင်းဒေသသို့ မရောက်ရှိဘဲ အင်မော်တယ်ကျင့်ကြံသူများ တည်ရှိသည့် ကမ္ဘာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

သိထားရမည့်အချက်မှာ အင်မော်တယ် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေ စကြဝဠာ၏ အပြင်ဘက်ရှိ အခြားသော စကြဝဠာမှ ဖြစ်ကြသည်။

သူက သက်မဲ့ကမ္ဘာ၏ နေရာလွတ်လမ်းကြောင်းထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ရာ မြောက်ပိုင်းဒေသသို့ မရောက်ရှိခဲ့လျှင်ပင် နတ်ဘုရားနယ်မြေပြင်ပရှိ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာသို့ ရောက်သွားရန်မှာ မဖြစ်နိုင်သောကိစ္စပင် မဟုတ်ပါလော။

“သခင်လေး.. ခရမ်းရောင် နတ်မျောက်ဝံရဲ့ အမြုတေက ကျွန်မအတွက် အရမ်းကို အရေးကြီးနေလို့ ပေးသနားဖို့တောင်းဆိုပါတယ်.. ဒီအတွက် ချင်းမုန့်က ဘယ်လိုပေးဆပ်မှုမျိုးကို မဆို လုပ်ဖို့ အဆင်သင့်ပါပဲ”

ထိုအချိန်တွင် ရှချင်းမုန့်သည် သူမ၏ နှုတ်ခမ်းကို ကိုက်ကာ ကျန်းချန်အား ပြောလိုက်သည်။

ကျန်းချန်က အလေးအနက် မထားဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တုံ့ပြန် ပြောဆိုလိုက်၏။

“ဒါက အမြုတေလေး တစ်ခုပဲလေ.. မင်းပဲယူလိုက်ပါ”

“ကျေးဇူးတင်ပါတယ် သခင်လေး”

ရှချင်းမုန့်က အလွန်တရာ ဝမ်းသာသွားခဲ့ပြီး အလျင်အမြန်ပြောလိုက်သည်။

“တကယ်လို့ သခင်လေး စိတ်မရှိဘူးဆိုရင် ကျွန်မနဲ့အတူ ပိရှန်းမြို့ကို လိုက်ခဲ့ပါလား.. ကျွန်မ သခင်လေးကို ဧည့်ဝတ်ကျေပွန်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်”

“ကောင်းပါပြီ”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အမျိုးသမီး၏ ကမ်းလှမ်းချက်ကို မငြင်းဆိုခဲ့ပေ။

ယခုအခါတွင် သူက ဤနေရာနှင့် ပတ်သက်၍ သိပ်နားမလည်သေးသလို သွားစရာနေရာလည်း မရှိသေးပေ။

ထို့ကြောင့် ပို၍ များပြားသော အချက်အလက်များကို သိရှိနိုင်ရန်အတွက် ရှချင်းမုန့်နှင့် အတူ ပိရှန်းမြို့သို့ လိုက်သွားခြင်းသည် ကောင်းမွန်သော ဆုံးဖြတ်ချက်ပင် မဟုတ်ပါလား။

ရှချင်းမုန့် နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် ခရမ်းရောင် နတ်မျောက်ဝံ၏ အလောင်းကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်နှင့် အတူ တောအုပ်ထဲကနေ ထွက်လာခဲ့ကြသည်။

မကြာမီမှာပင် ခန့်ညားသော မြင်းစီးစစ်သည်တော် တစ်စုသည် ကျန်းချန်တို့ ရှိရာ ဆီသို့ မြင်းကို ဒုန်းစိုင်း၍ စီးနင်းလာခဲ့ပြီး ရပ်တန့်လိုက်သည်။

ထိုမြင်းစီးစစ်သည်တော် အဖွဲ့တွင် လူပေါင်းနှစ်ဆယ်ခန့် ပါဝင်ပြီး ငွေရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့်အပြင် သူတို့ စီးနင်းလာသည့် မြင်းများကိုပင် ချပ်ဝတ်တန်ဆာများ ဆင်ပေးထား၏။

မြင်းများသည် အလွန်ပင် မြင့်မားပြီး နဖူးပေါ်တွင် ဦးချိုတစ်ခုစီ ရှိနေခဲ့ရာ သာမန် မြင်းများ မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။

“သခင်မလေး ချင်းမုန့်နဲ့ အကြီးအကဲ နှစ်ဦး အဆင်ပြေကြရဲ့လား”

ခေါင်းဆောင်ဖြစ်ဟန် တူသည့် အရပ်ရှည်ရှည်နှင့် လူငယ်သည် မြင်းပေါ်ကနေ အလျင်အမြန် ဆင်းသက်လိုက်ပြီး ရှချင်းမုန့်တို့ သုံးဦးကို ရင်းရင်းနှီးနှီး ပြောဆိုလိုက်သည်။

ထိုလူငယ်က ရွှေအမြုတေအဆင့် အင်မော်တယ် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ရှချင်းမုန့်ကို ကြည့်နေသော သူ၏ အကြည့်တွင် သဘောကျသော အရိပ်အယောင် တချို့ ထင်ဟပ်နေခဲ့၏။

“သခင်လေး.. ဒါက ကျွန်မတို့ ပိရှန်းမြို့ရဲ့ အစောင့်ခေါင်းစောင် ရှယုံပါ”

ရှချင်းမုန့်က ကျန်းချန်နှင့် မိတ်ဆက်ပေးပြီးနောက်တွင် အရပ်ရှည်ရှည်နှင့် လူငယ်အား ပြောလိုက်သည်။

“ရှယုံ နင်ဘာဖြစ်လို့ သခင်လေးကို ဂါဝရမပြုတာလဲ”

ရှချင်းမုန့်၏ အပြုအမူနှင့် လေသံကိုကြားလျှင် ရှယုံသည် အံ့ဩထိတ်လန့်သွားခဲ့သည်။

ရှချင်းမုန့်၏ အပြုအမူအရ ထိုလူငယ်သည် အနည်းဆုံး သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်လောက်သည်။

ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် သန္ဓေဝိညာဥ်အဆင့်ကို ရောက်ရှိနေသော သူသည် ထိပ်တန်း အင်မော်တယ်ကျင့်ကြံသူများကြားမှာပင် အလွန်ရှားပါးသော ပါရမီရှင် ဖြစ်ဖို့များ၏။

ရှယုံက သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်ကာ ကျန်းချန်ကို အလျင်အမြန်ပင် အကဲခတ်လိုက်သည်။

သူ၏ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သာမန်အရှိန်အဝါသာ ရှိပြီး ဝတ်စားဆင်ယင်မှုသည်လည်း အလွန်ပင် ရိုးရှင်းကာ သူမြင်ဖူးသမျှ အင်မော်တယ် ကျင့်ကြံခြင်း ဂိုဏ်းသားများနှင့် အတော်လေး ကွာခြားနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှယုံ၏ မျက်ဝန်းထဲ၌ သံသယအရိပ်အယောင်များ ယှက်သန်းသွားခဲ့၏။

သို့‌သော်လည်း ရှယုံသည် သူ၏ သံသယ အမူအရာကို အလျင်အမြန်ပင် ဖုံးကွယ်လိုက်ပြီး ကျန်းချန်အား တရိုတသေပင် ဂါဝရပြုလိုက်သည်။

“ရှယုံက သခင်လေးကို ဂါဝရပြုပါတယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရှချင်းမုန့် စီစဥ်ပေးထားသော ဦးချိုပါ မြင်းတစ်ကောင် ပေါ်သို့ တက်စီးလိုက်သည်။

ထို့နောက်တွင် သူတို့ လူစုသည် ပိရှန်းမြို့ ဆီသို့ အလျင်အမြန်ပင် ခရီးနှင်ခဲ့ကြသည်။

ပေ့ရှန်းမြို့သည် ရှီဝမ်တောင်တန်းနှင့် မိုင်ပေါင်းထောင်ချီသာ ဝေးကွာသော မြို့တစ်မြို့ ဖြစ်သည်။

ထို့ကြောင့် မကြာမီမှာပင် ကျန်းချန်တို့ လူစုသည် ပိရှန်းမြို့ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ပိရှန်းမြို့ကို တောင်စောင်း ပေါ်တွင် တည်ဆောက်ထား၍ မြို့တစ်ခုလုံးသည် တောင်ခပန်းပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

မြို့က သိပ်မကြီးဘဲ လူပေါင်း သောင်းဂဏန်းခန့်သာ နေထိုင်နိုင်၏။

ပိရှန်းမြို့ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် မြို့ထဲရှိ လမ်းသွားလမ်းလာများကို အကဲခတ်လိုက်ရာ တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။

“ပိရှန်းမြို့မှာ ရှချင်းမုန့် တို့လို အင်မော်တယ် ကျင့်ကြံသူတွေအပြင် သိုင်းပညာ ကျင့်ကြံသူတွေလည်း ရှိနေပါလား”

ဤသိုင်းပညာ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အဆင့်သည် အလွန်တရာပင် အားနည်းပြီး အများစုသည် ချီသန့်စင်ခြင်းအဆင့်သာ ရှိကြသည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် အံ့ဩထိတ်လန့်သွားခဲ့၏။

သူ ယခု ရောက်ရှိနေသော ကမ္ဘာသည် အင်မော်တယ် ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံသူများ ယှဥ်တွဲနေထိုင်သောကမ္ဘာတစ်ခု ဖြစ်နေခဲ့သည်။

ယေဘုယျအားဖြင့် နတ်ဘုရားနယ်မြေမှ သိုင်းပညာ ကျင့်ကြံသူများနှင့် ပြင်ပနယ်မြေမှ အင်မော်တယ် ကျင့်ကြံသူများသည် ကမ္ဘာမကြေ ရန်သူများ ဖြစ်ကြသည်။

သို့သော်လည်း ဤနေရာတွင်မူ အင်မော်တယ် ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံသူများသည် အတူတကွ နေထိုင်နေကြ၏။

သူ၏ စိတ်နှလုံးထဲတွင် မရေရာမှုများ ရှိနေသော်လည်း ကျန်းချန်သည် အမူအရာ လုံးဝ ပြောင်းလဲမသွားခဲ့သည့် အပြင် ရှချင်းမုန့် တို့ကို မေးမြန်းရန်လည်း မ‌ရွေးချယ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ဤနေရာသည် ထူးဆန်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထို့အပြင် ကျန်းချန်သည် မလိုအပ်သော ပြဿနာများကို မဖန်တီးလို၍ သူမည်သူမည်ဝါ ဖြစ်ကြောင်း ဖော်မပြလိုခဲ့ပေ။

ပိရှန်းမြို့၏ မြို့စားစံအိမ်တွင် ရှချင်းမုန့်သည် ကျန်းချန်အတွက် ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲ တစ်ပွဲကို ချက်ချင်းပင် ပြုလုပ်ပေးခဲ့သည်။

ဒဏ်ရာကုသနေသော ရှချင်းမုန့်၏ ဖခင်က လွဲလျှင် မြို့စားစံအိမ်ရှိ အဆင့်မြင့် အရာရှိ များစွာသည် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဤလူများ၏ ကျင့်ကြံခြင်းအဆင့်သည် မူလစွမ်းအင် အဆင့်တွင်သာ ရှိကြပြီး အနည်းငယ်လောက်သာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေကြသည်။

ကျန်းချန်က သန္ဓေဝိညာဥ်အဆင့်ရှိ အင်မော်တယ် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိရှိလိုက်သောအခါတွင် သူတို့အားလုံးသည် ကျန်းချန်ကို အလွန်ပင် တရိုတသေ ဆက်ဆံခဲ့ကြသည်။

သန္ဓေဝိညာဥ်အဆင့်သည် ပိရှန်းမြို့ ကဲ့သို့ ဝေလံခေါင်ဖျားသော မြို့ကလေးတွင် အလွန်တရာ ရှားပါးသော အဆင့်ဖြစ်သည်။

ထို့အပြင် သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် သန္ဓေဝိညာဥ် အဆင့်ကို ရောက်ရှိနေသဖြင့် ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး တစ်ခုခုမှ ပါရမီရှင် ဖြစ်ဖို့များ၏။

“သခင်လေး ရှယုံက သခင်လေးကို အရက်တစ်ခွက်နဲ့ ဂါဝရပြုပါတယ်.. သခင်လေးက ဘယ်အင်မော်တယ်ဂိုဏ်းကလဲ ဆိုတာ သိပါရစေ”

ရှယုံက သူ၏ ရှေ့ရှိ အရက်ခွက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

ရှယုံ၏ စကားကိုကြားလျှင် ရှချင်းမုန့်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပင် ဟန့်တားလိုက်သည်။

“ရှယုံ.. သခင်လေးကို မေးခွန်းတွေ ထုတ်ပြီး မရိုင်းစိုင်းနဲ့”

“သခင်မလေး ချင်းမုန့်.. သန္ဓေဝိညာဥ်အဆင့် အင်မော်တယ်ကျင့်ကြံသူတွေက အဆင့်အတန်း မြင့်မားတဲ့ ကျင့်ကြံသူတွေပဲ.. ဘာလို့ ငါတို့လို ဝေးလံခေါင်သီတဲ့ နေရာမှာရှိတဲ့ ပိရှန်းမြို့ကို ရောက်လာစရာ ရှိမှာလဲ.. သခင်မလေး လူလိမ်တွေရဲ့ လှည့်စားမှုကို မခံပါနဲ့”

ရှယုံက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

ရှယုံ၏ စကားကိုကြားလျှင် ဧည့်ခံပွဲကို တက်ရောက်လာကြသည့် လူများသည် မှင်တက်သွားခဲ့ကြသည်။

ပေ့ရှန်းမြို့သည် သေးငယ်သော မြို့လေးတစ်မြို့ ဖြစ်ပြီး ဝေးလံခေါင်သီသော နေရာတွင်ရှိ၍ သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့ဖြစ်ရာ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး တစ်ဂိုဏ်း၏ သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်တစ်ဦး ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။

ဆိုရလျှင် ထိပ်သီးစာရင်းဝင် အင်မော်တယ်ဂိုဏ်း အများစုသည် တပည့်များကို စုဆောင်းလျှင်ပင် ဤကဲ့သို့ ဝေးလံခေါင်သီသောမြို့များသို့ တမန်တော်များကို စေလွှတ်လေ့ မရှိကြချေ။

အကယ်၍သာ သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး တစ်ဂိုဏ်းမှ ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့လျှင် အဘယ်ကြောင့် ပိရှန်းမြို့တွင် အကြောင်းပြချက်မရှိ ပေါ်လာရပါသနည်း။

အခန်း(၂၃၃၇)ပြီး၏။

အခန်း(၂၃၃၈)

“မင်းက ငါဘယ်သူဘယ်ဝါဖြစ်ကြောင်း သံသယဝင်နေတာလား”

ကျန်းချန်က သူ၏ အရက်ခွက်ထဲမှ အရက်ကို တစ်ငုံသောက်လိုက်ပြီး ရှယုံကို ပြုံး၍ ကြည့်လိုက်သည်။

စင်စင် ရှယုံကို ပထမဆုံးအကြိမ် မြင်ကတည်းကပင် ရှယုံသည် ရှချင်းမုန့် အပေါ်တွင် စိတ်ရင်းမမှန်ကြောင်း ကျန်းချန် ရိပ်စားမိခဲ့သည်။

ရှီဝမ်တောင်တန်းတွင် ရှိစဥ်က ရှယုံသည် ရှချင်းမုန့် တို့ဆီ စောစီးစွာ ရောက်ရှိနေခဲ့သည်။

သို့သော်လည်း ရှချင်းမုန့်ကို အကူအညီပေးခြင်း မရှိဘဲ ရှချင်းမုန့်ကို သူ ကယ်တင်ပြီးမှသာ ရှယုံက ပေါ်လာခဲ့မှန်း ကျန်းချန် သိရှိခဲ့သည်။

“ပိရှန်းမြို့ရဲ့ လက်အောက်ခံ တစ်ယောက်အနေနဲ့ သခင်မလေး ချင်းမုန့် လှည့်စားမခံရအောင် သတိပေးဖို့က ကျွန်တော့်ရဲ့တာဝန်ပဲလေ”

ရှယုံက ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။

“တကယ်လို့ သခင်လေးက အင်မော်တယ်ဂိုဏ်းကနေ ရောက်လာတဲ့ ပါရမီရှင်တစ်ယောက် အမှန်ပဲဆိုရင် ရှယုံက မှားယွင်းစွပ်စွဲမိတဲ့ အတွက် သခင်လေးကို ဒူးထောက်ပြီးတောင်းပန်မှာပါ”

“ရှယုံ ပြောတာ မှန်တယ်.. ငှက်တောင် ချီးမပါတဲ့ ငါတို့လို နေရာမျိုးကို ထိပ်သီးအင်မော်တယ်ဂိုဏ်းက ပါရမီရှင်က ဘယ်လိုဖြစ်ပြီး ရောက်လာမှာလဲ"

"ထျန်းယန်ဂိုဏ်းက ကိုယ်စားလှယ်တွေတောင်မှ ပိရှန်းမြို့က နှစ်စဥ်ဆက်သတဲ့ ငွေကြေးတွေကို လာသိမ်းတဲ့ အချိန်ကလွဲရင် ပိရှန်းမြို့ကို လာခဲတယ်.. ကြည့်ရတာ ရှယုံပြောသလို သခင်မလေးချင်းမုန့်က လှည့်စားခံလိုက်ရတာ ဖြစ်နိုင်တယ်”

“..........”

မြို့စားစံအိမ်မှ အဆင့်မြင့် အရာရှိများက တီးတိုး ပြောဆိုနေခဲ့ကြသည်။

ခရမ်းရောင်နတ်မျောက်ဝံကို ဓားချက် တစ်ချက်တည်းဖြင့် ကျန်းချန် သတ်ဖြတ်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကမူ နှုတ်ဆိတ်ရန်သာ ရွေးချယ်ခဲ့ကြ၏။

ကျန်းချန်က မည်သူမည်ဝါမှန်း သူတို့ကိုယ်တိုင် သံသယရှိသော်လည်း ထိုလူတွင် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်စွမ်းအား ရှိနေသည်မှာ အမှန်တရားပင်။

“ရှယုံ.. နင် ငါ့ရဲ့ကျေးဇူးရှင်ကို ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ”

ရှချင်းမုန့်၏ အေးစက်သော မျက်နှာလေးသည် အေးစက်သွားခဲ့ပြီး ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။

“သခင်လေးကျန်းက အင်မော်တယ်ဂိုဏ်းက ဟုတ် မဟုတ်ဆိုတာ ငါသခင်မ အသိဆုံးပဲ.. နင်က ငါ့ကို သုံးနှစ်သားကလေးများထင်နေလား”

“သခင်မလေးချင်းမုန့်.. သူက အင်မော်တယ်ဂိုဏ်းရဲ့ တပည့်လို့ အခိုင်အမာ ပြောနေမှတော့ ဂိုဏ်းရဲ့ တံဆိပ်ပြား ထုတ်ပြခိုင်းလိုက်ပါ”

ရှယုံက အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

“အင်မော်တယ်ဂိုဏ်းရဲ့ တပည့်မှန်ရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ လွယ်လွယ်နဲ့ ဟန်မဆောင်ရဲဘူး”

ရှယုံသည် အလွန် ရည်မှန်းချက်ကြီးသော လူတစ်ဦး ဖြစ်သည်။

ရှချင်းမုန့်၏ ဖခင်ဖြစ်သူ ပိရှန်းမြို့စား ရှယီ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေလုမျောပါး ဖြစ်နေချိန်ကတည်းကပင် ရှယုံသည် ပိရှန်းမြို့စား ရာထူးကို ရယူရန် ကြံစည်နေခဲ့၏။

ယခုတစ်ကြိမ်တွင် ရှချင်းမုန့်တို့ သုံးဦးသည် ရှယီ၏ ဒဏ်ရာကို ကုသရန်အတွက် ရှီဝမ်တောင် ဆီသို့ သွားရောက်ပြီး ခရမ်းရောင်နတ်မျောက်ဝံ၏ အမြုတေကို ရှာဖွေခဲ့ကြသည်။

ရှယုံသည် ခရမ်းရောင်နတ်မျောက်ဝံ၏ အမြုတေကို ရှချင်းမုန့်တို့ လူစု ရရှိသွားမည်ကို လုံးဝ မလိုလားခဲ့ပေ။

ထိုအတွက်ကြောင့် ရှချင်းမုန့်က ခရမ်းရောင် နတ်မျောက်ဝံကို တွေ့ရှိချိန်တွင် စစ်ကူလွှတ်ရန် ချက်ချင်း အကြောင်းကြားခဲ့သော်လည်း ရှယုံသည် သွားရောက်မကူညီဘဲ အချိန်ဆွဲနေခဲ့ခြင်းသာ။

ခရမ်းရောက်နတ်မျောက်ဝံ၏ အကူအညီဖြင့် ရှချင်းမုန့်တို့ သုံးဦးကို ရှင်းလင်းနိုင်သ‌ရွေ့ သူက ဒဏ်ရာပြင်းထန်စွာ ရရှိနေသော ရှယီကို ရှင်းလင်းလိုက်လျှင် ပိရှန်းမြို့သည် သူ၏ လက်ထဲသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပါလား။

သို့ရာတွင် ကျန်းချန်က ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ရှချင်းမုန့်တို့ လူစုကို ကယ်တင်သွားလိမ့်မည်ဟု ရှယုံ မမျှော်လင့်ထားခဲ့ပေ။

ရှယုံသည် ကျန်းချန်၏ နောက်ခံကို မသိရှိသော်လည်း ကျန်းချန်က ရှချင်းမုန့်တို့ လူစုကို ခရမ်းရောင်နတ်မျောက်ဝံ၏ လက်ထဲကနေ ကယ်တင်နိုင်ခဲ့၍ လျှော့မတွက်ဝံ့ချေ။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပိရှန်းမြို့တွင် ရှိနေခြင်းသည် သူ့အတွက် ကောင်းမွန်သော အရာ မဟုတ်ဘဲ သူ၏ အစီအစဥ်ကိုပင် ပျက်စီးစေနိုင်ခြေ ရှိသည်။

ထို့ကြောင့်ပင် ရှယုံသည် ကျန်းချန် မည်သူမည်ဝါ ဖြစ်သည်ကို မေးခွန်းထုတ်ကာ ကျန်းချန်ကို ပိရှန်းမြို့ကနေ မောင်းထုတ်လိုနေခဲ့ခြင်း ဖြစ်သည်။

ရှယုံ၏ စကားများကြောင့် ခန်းမထဲရှိ လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

အကယ်၍သာ ကျန်းချန်က အင်မော်တယ်ဂိုဏ်းဝင် တံဆိပ်ပြားကို ထုတ်မပြုနိုင်ခဲ့လျှင် သူ မည်သူမည်ဝါ ဖြစ်ကြောင်း သံသယဝင်လာပေလိမ့်မည်။

“ငါ အင်မော်တယ်ဂိုဏ်းရဲ့ တပည့် ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”

ကျန်းချန်က ရှယုံကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။

“ကြည့်ရတာ မင်းက အင်မော်တယ်ဂိုဏ်းဝင် တံဆိပ်ပြားကို မထုတ်ပြနိုင်ဘူး ထင်တယ်”

ရှယုံက အေးစက်စက် ပြုံးလိုက်သည်။

“ပြောစမ်း.. အင်မော်တယ်ဂိုဏ်းရဲ့ တပည့်အဖြစ် ဟန်ဆောင်ပြီး သခင်မလေးချင်းမုန့် ရဲ့ အနားကို ချဥ်းကပ်ရတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”

ကျန်းချန်ကို ရှယုံကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။

“ငါဘယ်သူလဲဆိုတာ ရွှေအမြုတေအဆင့်လောက်ပဲရှိတဲ့ မင်းလို ပုရွက်ဆိတ်တစ်ကောင် သိဖို့ မထိုက်တန်ဘူး”

လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည် မရောက်ရှိသေးသော်လည်း သာမန်နတ်ဘုရင်အဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်နေပြီဖြစ်သည်။

နတ်ဘုရားနယ်မြေမှ နတ်ဘုရင်အဆင့်သည် အင်မော်တယ်ကျင့်ကြံသူများ၏ ကပ်ဘေးအဆင့်နှင့် တူညီသော အဆင့်တွင် ရှိ၏။

သို့ဖြစ်၍ ရွှေအမြုတေအဆင့် ဆိုသည်မှာ ကျန်းချန်၏ မျက်ဝန်းထဲတွင် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များနှင့် မခြားပေ။

“လေလုံးထွားလှချည်လား သွားသေလိုက်တော့”

ရှယုံက ဒေါသထွက်ပြီး ရွှေအမြုတေအဆင့်၏ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

“ထွက်သွားစမ်း”

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်ညှိုးနှင့် လက်မကို ကွေး၍ ထိလိုက်ကာ အသာအယာ တောက်ထုတ်လိုက်သည်။

“ဝုန်း..”

ချက်ချင်းဆိုသလိုပင် ဓားစွမ်းအင် ထွက်ပေါ်လာခဲ့ပြီး ရှယုံ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့၏။

ထို့နောက်တွင် ရှယုံ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ခန်းမအပြင်ဘက် အထိ လွင့်စင်ထွက်သွားခဲ့ကာ မြေပြင်ပေါ်သို့ “ဝုန်းခနဲ”ပြုတ်ကျသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်နေခဲ့ကြ၏။

ရွှေအမြုတေ နှောင်းပိုင်းအဆင့်ရှိ ရှယုံသည် ကျန်းချန်၏ အသာအယာ တောက်ထုတ်လိုက်သော တိုက်ကွက်အောက်တွင် အရေးနိမ့်သွားခဲ့သည်။

သန္ဓေဝိညာဥ် အဆင့်သာလျှင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ရှိနိုင်သည်။

လူတိုင်းက လျင်မြန်စွာ မတ်တတ် ထရပ်လိုက်ကြပြီး အရက်ခွက်ကို မြှောက်ကာ ကျန်းချန်ကို တောင်းပန်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် ကျန်းချန်၏ လက်ချက်ဖြင့် ခန်းမအပြင်ဘက်၌ လဲကျနေသော ရှယုံကို လူတိုင်းသည် လျစ်လျူရှုထားလိုက်ကြတော့သည်။

သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ၏ ရှေ့မှောက်တွင် ရှယုံသည် အမှန်တကယ်ပင် ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ ဖြစ်ပြီး စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်ပေ။

ဧည့်ခံပွဲအပြီးတွင် ကျန်းချန်သည် ရှချင်းမုန့်၏ စီစဥ်ပေးမှုဖြင့် ပိရှန်းမြို့စားစံအိမ်တွင် ယာယီ အခြေချနေထိုင်ခဲ့သည်။

မြို့စားစံအိမ်၏ အထူးဧည့်သည် တစ်ဦးအနေဖြင့် ကျန်းချန်သည် စံအိမ်တွင် အလွန်မြင့်မားသော ဆက်ဆံမှုကို ခံစားခဲ့ရ၏။

ဆိုရလျှင် ရှချင်းမုန့်သည် ကျန်းချန် နေထိုင်ရန်အတွက် သီးသန့်ခြံဝင်း တစ်ခုကိုပင် စီစဥ်ပေးခဲ့သည်။

ကျန်းချန်က သူ၏ နတ်အသိအာရုံကို ဖြန့်ကျက်လိုက်ရာ ခြံဝင်းအတွင်း၌ စာအုပ်များစွာ ရှိသော စာကြည့်တိုက် တစ်ခုကို မကြာမီမှာပင် တွေ့ရှိလိုက်ရသည်။

ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ စာကြည့်တိုက် ဆီသို့ ချက်ချင်းပင် သွားရောက်ခဲ့သည်။

ယခုအခါတွင် ဤကမ္ဘာနှင့်ပတ်သက်သော သူ၏ ဗဟုသုတသည် အမှန်တကယ်ပင် အကန့်အသတ်ရှိနေခဲ့သည်။

ထို့ကြောင့် စာအုပ်များကို ဖတ်ရှုကာ လေ့လာရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သူက စာအုပ်စင်ပေါ်ရှိ စာအုပ်များကို တစ်အုပ်ချင်းစီ လေ့လာခဲ့သည်။

ဤစာအုပ်စင်ရှိ စာအုပ် အများစုသည် အင်မော်တယ်တိုက်၏ ထူးဆန်းသော ဖြစ်ရပ်တချို့၏ မှတ်တမ်းများသာ ဖြစ်ပြီး ကျန်းချန် အတွက် သိပ်တန်ဖိုးမရှိပေ။

အဆုံးသတ်တွင် ကျန်းချန်၏ အကြည့်သည် အင်မော်တယ်တိုက်၏ အတ္ထုပ္ပတ္တိ ဟူသော ရှေးဟောင်းကျမ်းစာအုပ် တစ်အုပ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ကျန်းချန်က စိတ်ဝင်စားသွားခဲ့ပြီး ထိုစာအုပ်ကို အလျင်အမြန်ယူကာ ဖတ်ရှုလိုက်၏။

“အင်မော်တယ်တိုက်၏ မူလအစ”

သူက ထိုကျမ်းစာအုပ်၏ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်ပြီးနောက်တွင် ထင်ရှားသော စာလုံးများကို မြင်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူ၏ မျက်ဝန်းများသည် ရုတ်တရက် အနည်းငယ် လင်းလက်သွားခဲ့သည်။

ဤအတ္ထုပ္ပတ္တိစာအုပ်တွင် အင်မော်တယ်တိုက်၏ မူလအစနှင့် ထိုတိုက်တွင် ဖြစ်ပျက်ခဲ့သည့် အရေးကြီးသော ဖြစ်ရပ်အချို့ကို အသေးစိတ် မှတ်တမ်းတင်ထားသည်။

ထို့ကြောင့် အတ္ထုပ္ပတ္တိကျမ်းစာမှ တစ်ဆင့် ကျန်းချန်သည် အင်မော်တယ်တိုက်၏ အကြောင်းကို ယေဘုယျအားဖြင့် လျင်မြန်စွာ နားလည်သွားခဲ့သည်။

“တစ်ချိန်တုန်းက နတ်ကုန်းမြေတိုက်ရဲ့ မြောက်ဘက်ဒေသက ယနေ့ခေတ်မှာ အင်မော်တယ်တိုက် ဆိုပြီး ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ကျန်းချန်က အတ္ထုပ္ပတ္တိ ကျမ်းစာအုပ်ကို ပိတ်လိုက်ပြီးနောက်တွင် တီးတိုး ရေရွတ်လိုက်သည်။

အတ္ထုပ္ပတ္တိကျမ်းစာအုပ်ထဲမှ မှတ်တမ်းများအရ ကျန်းချန်သည် လူသားဧကရာဇ်ကျန်းချင်းထျန်း ဖောက်လုပ်ပေးခဲ့သော နေရာလွတ်လမ်းကြောင်းမှ တစ်ဆင့် နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသသို့ အမှန်တကယ်ပင် ရောက်ရှိလာခဲ့ကြောင်း သိလိုက်ရသည်။

ဆိုရလျှင် အချိန်ကာလများ ပြောင်းလဲသွားပြီးနောက်တွင် နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသသည် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီး ယနေ့ခေတ်တွင် အင်မော်တယ် ကျင့်ကြံသူများနှင့် သိုင်းပညာကျင့်ကြံသူများ ယှဥ်တွဲနေထိုင်သော အင်မော်တယ်တိုက်ကြီး ဖြစ်လာခဲ့ခြင်းပင်။

အခန်း(၂၃၃၈)ပြီး၏။

All Chapters