အခန်း (၂၃၃၉-၂၃၄၀)
Vol. 174 Ch. 2339-2340
အခန်း(၂၃၃၉)
အင်မော်တယ်တိုက်သည် နတ်ဘုရားကုန်းမြေ၏ မြောက်ဘက်ဒေသ အမှန်တကယ် ဖြစ်နေခဲ့သည်။
ဤအချက်အလက်ကို အင်မော်တယ်တိုက်၏ အတ္ထုပ္ပတ္တိမှတ်တမ်းတွင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားခဲ့သည်။
နတ်ဘုရားနယ်မြေ၏ မဟာကပ်ဘေးကြီး ဖြစ်ပွားပြီးနောက်တွင်ပင် ဤနေရာကို နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသဟု အချိန်အတော်ကြာသည်အထိ ခေါ်ဆိုနေကြသေး၏။
ထိုအချိန်က မြောက်ဘက်ဒေသသည် နတ်ကုန်းမြေတိုက် ကဲ့သို့ပင် သိုင်းပညာကျင့်ကြံသူများသာ ရှိခဲ့ပြီး အင်မော်တယ်ကျင့်ကြံသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။
နောက်ပိုင်းတွင်မူ အင်မော်တယ်ကျင့်ကြံသူ အုပ်စုတစ်စုသည် မြောက်ဘက်ဒေသတွင် အကြောင်းပြချက် မရှိဘဲ ပေါ်ပေါက်လာခဲ့သည်။
ထိုအင်မော်တယ် ကျင့်ကြံသူများသည် မြောက်ဘက်ဒေသတွင် အလွန် လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ပြီး မကြာမီမှာပင် မြောက်ဘက်ဒေသ၏ ထက်ဝက်ခန့်ကို သိမ်းပိုက်နိုင်ခဲ့ကာ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံသူများနှင့် အပြိုင်အဆိုင်ဖြစ်လာခဲ့သည်။
ထိုနောက်ပိုင်းတွင် မြောက်ဘက်ဒေသသည် နတ်ကုန်းမြေတိုက်နှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး မြောက်ဘက်ဒေသရှိ အင်မော်တယ် ကျင့်ကြံသူများသည်လည်း တဖြည်းဖြည်းပို၍ အားကောင်းလာခဲ့သည်။
အင်မော်တယ်တိုက်ဟု ခေါ်ဆိုရခြင်းမှာလည်း အင်မော်တယ်ကျင့်ကြံသူများကို အဆွဲပြု၍ မှည့်ခေါ်ခဲ့ခြင်းသာ ဖြစ်၏။
“မြောက်ဘက်ဒေသက ဒီအဆင့်အထိ တိုးတက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤနေရာရှိ အင်မော်တယ် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ကြသည့် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာနှင့် ပတ်သက်မှု ရှိနေမည်မှာ သေချာသလောက်ပင်။
ယင်းမှာ ထိုစဥ်က စကြဝဠာအဆင့် စစ်ပွဲကြီးအပြီးတွင် အင်မော်တယ်ကျင့်ကြံသူ အချို့သည် မြောက်ဘက်ဒေသတွင် အသက်ရှင်ကျန်ရစ် နေခဲ့၍ပေလော။
“ငါ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်တာနဲ့ မြောက်ဘက်အရပ်ကို သွားပြီး သိုင်းပညာ ကျင့်ကြံသူတွေနဲ့ သွားတွေ့ကြည့်ရမယ်”
ကျန်းချန်က လက်ထဲမှ အတ္ထုပ္ပတ္တိကျမ်းစာအုပ်ကို ပိတ်လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
ယခုအခါတွင် အင်မော်တယ်တိုက်၏ တောင်ဘက်ပိုင်းကို အင်မော်တယ် ကျင့်ကြံသူများက စိုးမိုးထားခဲ့ပြီး မြောက်ဘက်ပိုင်းကို သိုင်းပညာ ကျင့်ကြံသူများက စိုးမိုးထားခဲ့သည်။
ကျမ်းစာအုပ်ထဲမှ မှတ်တမ်းများအရ ဆိုလျှင် အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံသူများကို ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ဦးဆောင်နေခဲ့ခြင်း ဖြစ်သည်။
ထိုအင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် အလွန်တရာပင် အစွမ်းထက်ပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးထက်မက ပိုင်ဆိုင်ထားကြ၏။
ယခု တစ်ကြိမ် မြောက်ဘက်ဒေသသို့ သူလာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်သာ ဖြစ်၍ ထိုအင်မော်တယ်ကျင့်ကြံသူများကို လွယ်လွယ်နှင့် ရန်မစလိုခဲ့ပေ။
နောက်ထပ်နှစ်ရက်ခန့်တွင် ကျန်းချန်သည် အချိန်အများစုကို ခြံဝန်းထဲ၌သာ နေထိုင်ရင်း ဒဏ်ရာများကို ကုသနေခဲ့သည်။
တတိယမြောက်နေ့တွင်မူ ရှချင်းမုန့်သည် ထိတ်လန့်တကြားအမူအရာဖြင့် ကျန်းချန် ဆီသို့ ရောက်လာခဲ့၏။
“သခင်လေး အခြေအနေ မကောင်းတော့ဘူး.. ရှယုံက ထျန်းယန်ဂိုဏ်းက လူတွေကို ပိရှန်းမြို့ဆီ ဖိတ်ခေါ်လိုက်ပြီ.. သခင်လေး အမြန်ဆုံး ထွက်သွားမှဖြစ်မယ်.. သခင်လေး.. ကျမနဲ့ လိုက်ခဲ့ပါ”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
“ထျန်းယန်ဂိုဏ်း ဟုတ်လား”
သူက အတ္ထုပ္ပတ္တိကျမ်းစာအုပ်မှ တစ်ဆင့် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းကိုသာ သိရှိထားသဖြင့် ထျန်းယန်ဂိုဏ်းကို မသိရှိခဲ့ပေ။
အင်မော်တယ်တိုက်တွင် အနည်းဆုံး သန္ဓေဝိညာဥ်အဆင့် ရှိမှသာ ဂိုဏ်းတည်ထောင်ခွင့် ရှိသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ထျန်းယန်ဂိုဏ်းသည် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်ထား၏။
ထို့ကြောင့်လည်း ရှချင်းမုန့် ဤမျှအထိ ထိတ်လန့်နေသည်မှာ မထူးဆန်းပေ။
“ချင်းမုန့် ထျန်းယန်ဂိုဏ်းနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြစမ်းပါ”
ကျန်းချန်၏ စကားကိုကြားလျှင် ရှချင်းမုန့်သည် တုံ့ဆိုင်းမနေဘဲ ထျန်းယျန်ဂိုဏ်းနှင့် ပတ်သက်၍ ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ထျန်းယန်ဂိုဏ်းသည် ဂိုဏ်းငယ်လေး တစ်ဂိုဏ်းသာ ဖြစ်ပြီး ပိရှန်းမြို့ ကဲ့သို့ မြို့ငယ် တစ်ဒါဇင်ခန့်ကို အုပ်ချုပ်နေသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
အင်မော်တယ်တိုက်ရှိ ဂိုဏ်းများထဲတွင် ထျန်းယန်ဂိုဏ်းသည် သာမန်အဆင့် ဂိုဏ်းမျှသာ ဖြစ်သော်လည်း သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်ထား၏။
ပိရှန်းမြို့ အတွက်မူ ထျန်းယန်ဂိုဏ်းသည် သွားမထိဝံ့သော တည်ရှိမှုတစ်ခု ဆိုလည်းမမှားပေ။
“မစိုးရိမ်ပါနဲ့ ဒါက သာမန်ဂိုဏ်တစ်ဂိုဏ်းပါပဲ.. သူတို့တွေ ရောက်လာပြီ ဆိုမှတော့ ထွက်တွေ့ပေးရမှာပေ့ါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှချင်းမုန့်သည် ခရမ်းရောင်နတ်မျောက်ဝံကို သတ်ဖြတ်ခဲ့စဥ်က ကျန်းချန်၏ ကြောက်မက်ဖွယ်စွမ်းအားကို ပြန်လည် တွေးမိကာ အံတင်းတင်း ကြိတ်၍ ကျန်းချန်၏ နောက်ကနေ အလျင်အမြန် လိုက်ပါသွားခဲ့သည်။
အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်းဂိုဏ်းများသည် အလွန်တရာပင် သွေးအေးပြီး ရက်စက်ကြသည်။
အကယ်၍ ကျန်းချန်သာ ဤနေရာကနေ ထွက်သွားခဲ့လျှင် သူတို့ ရှမိသားစု၏ အဆုံးသတ်သည် အလွန်ပင် ရင်နာစရာကောင်းပေလိမ့်မည်။
ယနေ့တွင် ထျန်းယန်ဂိုဏ်း၌ သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ တစ်ဦးသာ ရှိသည်။
သို့သော်လည်း ကျန်းချန်က ထွက်မသွားဘဲ ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်လိုက်၍ ရှချင်းမုန့်သည် အနည်းငယ် မျှော်လင့်ချက်ရှိသလို ခံစားလိုက်ရသည်။
မြို့စားစံအိမ်၏ အပြင်ဘက်တွင် ပေတစ်ရာခန့် မြင့်မားသော အနီရောင် မီးလျှံငှက်ကြီး တစ်ကောင်သည် လေထဲတွင် ရပ်တန့်နေခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်ကနေ ရွှေအမြုတေအဆင့်ထက် မနိမ့်ကျသည့် အရှိန်အဝါများကို ထုတ်ဖော်နေခဲ့၏။
မီးလျှံငှက်ကြီး၏ ကျောပေါ်တွင် အနီရောင်ဝတ်စုံဝတ် ကျင့်ကြံသူ သုံးဦးသည် ဝင့်ကြွားစွာ မတ်တတ်ရပ်နေကြသည်။
ထိုသတင်းကို ကြားသိပြီးနောက်တွင် ပိရှန်းမြို့၏ မြို့စားမင်း ရှယီသည် သူ၏ အတွင်းဒဏ်ရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပိရှန်းမြို့မှ အဆင့်မြင့် အရာရှိများကို ဦးဆောင်ကာ စံအိမ်ထဲကနေ ထွက်လာ၍ နှုတ်ဆက်ခဲ့သည်။
“အရှင်သုံးပါး ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာရတာလဲ.. ကျွန်တော့်ကိုသာ ကြိုတင် အကြောင်းကြားခဲ့ရင် ကျွန်တော် ခရီးဦးကြို ပြုနိုင်မှာပေါ့”
ရှယီက မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။
“ရှယီ.. ပိရှန်းမြို့မှ အင်မော်တယ်ဂိုဏ်းရဲ့တပည့်အဖြစ် ဟန်ဆောင်ရဲတဲ့သူ ရှိတယ်လို့ ငါကြားထားတယ်.. အဲဒီ ကောင်ကို အခုချက်ချင်း ထွက်လာခိုင်းလိုက်စမ်း”
ထိုသုံးဦးထဲတွင် ခေါင်းဆောင်ဖြစ်ဟန် တူသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် အသက်လေးဆယ်ခန့် ရှိပုံရပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရင်ဘတ်တွင် ရွှေရောင်နေမင်း သင်္ကေတကို ချည်ထိုးထားသည်။
ထိုသင်္ကေတသည် ထျန်းယန်ဂိုဏ်း၏ အမှတ်အသားပင် ဖြစ်သည်။
သူ၏ အရှိန်အဝါသည် သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေခဲ့၏။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် ရှယီ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
သိပ်မကြာမီမှာပင် ရှယီသည် ထျန်းယန်ဂိုဏ်းမှ ကျင့်ကြံသူသုံးဦး၏ အနောက်တွင် ရပ်နေသည့် ရှယုံကို တွေ့လိုက်ရ၏။
“အရှင်သုံးပါး.. ဒါက နားလည်မှုလွဲတာပါ”
ရှယီက ပြုံး၍ ပြောလိုက်ပြီး သူ၏ အကြည့်သည် ချက်ချင်းပင် ရှယုံ ဆီသို့ ကျရောက်သွားခဲ့ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။
“ရှယုံ.. ဒီလို ကိစ္စအသေးအဖွဲလောက်နဲ့ ဘာလို့ အရှင်သုံးပါး စိတ်အနှောင့်အယှက် ဖြစ်အောင် သွားလုပ်ရတာလဲ”
“ရှယီ အပိုစကားတွေ ပြောမနေနဲ့.. လူကို ချက်ချင်း ခေါ်ထုတ်လိုက်စမ်း”
လူလတ်ပိုင်းအရွယ် အမျိုးသားက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ဒါက နားလည်မှုလွဲတာ ဟုတ် မဟုတ် ငါ့ဘာသာငါ ဆုံးဖြတ်မယ်”
ရှယီက သွားကို အံတင်းတင်းကြိတ်ကာ ထျန်းယန်ဂိုဏ်းမှ ကျင့်ကြံသူကို ပြောဆိုလိုက်သည်။
“အရှင်ချီကျန်း.. အဲဒီလူက ပိရှန်းမြို့ကနေ ထွက်သွားပါပြီ”
ကျန်းချန် မည်သူမည်ဝါ ဖြစ်မှန်း မသိသော်လည်း ရှယီသည် ကောက်ကျစ်သူတစ်ဦး မဟုတ်ပေ။
ကျန်းချန်သည် သူ့သမီး ရှချင်းမုန့်တို့ လူစုကို ရှီဝမ်တောင်တန်းတွင် ကယ်တင်ခဲ့ပြီး သူ၏ ဒဏ်ရာကို ကုသရန်အတွက် ခရမ်းရောင်နတ်မျောက်ဝံ၏ အမြုတေကိုပင် ပေးခဲ့သဖြင့် သူ့အပေါ်တွင် ကြီးမားသော ကျေးဇူးတရား ရှိသည်။
ထို့ကြောင့် ရှယီသည် ကျန်းချန်ကို မည်သို့မှ သစ္စာဖောက်မည်မဟုတ်ပေ။
သူက ရှချင်းမုန့်ကို ကျန်းချန်အား အကြောင်းကြားရန် စေလွှတ်ထားပြီ ဖြစ်ရာ ယခုအခါတွင် ကျန်းချန် အနေဖြင့် ပိရှန်းမြို့ကနေ အချိန်မီ ထွက်သွားနိုင်ရန်သာ ဆုတောင်းနေခဲ့သည်။
“ရှယီ.. မင်းသေချင်နေပြီထင်တယ်”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက အေးစက်သွားခဲ့ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်စွမ်းအား တစ်ခုသည် ရှယီ ဆီသို့ ချက်ချင်းပင် ဦးတည်လာခဲ့သည်။
“ဝုန်း..”
ရှယီသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ယခုအခါတွင် ဒဏ်ရာကနေ ပြန်မကောင်းလာသေးသဖြင့် စွမ်းအား အပြည့်အဝကို အသုံးမပြုနိုင်သေးပေ။
လူလတ်ပိုင်းအရွယ် အမျိုးသားကမူ ရွှေအမြုတေအထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ရှယီသည် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ လူလတ်ပိုင်းအရွယ် အမျိုးသား၏ တိုက်ခိုက်မှုကြောင့် သွေးများ အန်ထွက်ကာ ပေပေါင်းများစွာ ကွာဝေးသော နေရာအထိ လွင့်စင်သွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား ချီကျန်းက ရှယီကို အေးစက်စက် ကြည့်လိုက်သည်။
“ရှယီ.. အင်မော်တယ်ဂိုဏ်းရဲ့ တပည့်အဖြစ် ဟန်ဆောင်နေတဲ့ကောင်ကို အပ်ဖို့ မင်းကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးမယ်.. မဟုတ်ရင် ဒီပိရှန်းမြို့ရဲ့ ပိုင်ရှင်ကို လဲပစ်ဖို့ ငါနှောင့်နှေးနေမှာ မဟုတ်ဘူး”
ရှယီ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် တည်ငြိမ်သော အသံတစ်သံသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“မင်းတို့ ငါ့ကို ရှာနေတာလား”
ထိုအသံကိုကြားလျှင် လူတိုင်းသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။
အားလုံးက အသံလာရာ ဆီသို့ ကြည့်လိုက်ရာ မြို့စားစံအိမ်ထဲကနေ ရှချင်းမုန့်နှင့် အတူ အေးအေးဆေးဆေး လျှောက်လှမ်းလာသော ကျန်းချန်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ရှယီ၏ မျက်နှာတစ်ခုလုံးသည် ချက်ချင်းပင် ပို၍ ဖြူဖျော့သွားခဲ့သည်။
ယနေ့တွင် မြို့စားစံအိမ် ပြဿနာတက်နိုင်ကြောင်း သူသိသဖြင့် ရှချင်းမုန့်ကို ကျန်းချန်အား ခေါ်ပြီး ပိရှန်းမြို့ကနေ ထွက်သွားရန် စေခိုင်းခဲ့သော်လည်း ထိုနှစ်ဦးသည် ထျန်းယန်းဂိုဏ်းမှ ကျင့်ကြံသူများ၏ ရှေ့မှောက်သို့ ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“သွားပြီ.. အားလုံးအဆုံးသတ်သွားပြီ”
အခန်း(၂၃၃၉)ပြီး၏။
အခန်း(၂၃၄၀)
“အဖေ အဆင်ပြေရဲ့လား”
ရှယီ၏ ဆိုးရွားသော အခြေအနေကို မြင်လိုက်ရလျှင် ရှချင်းမုန့်သည် ရှယီ၏ နံဘေးသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။
သူမ၏ နုနယ်သော မျက်နှာလေးထက်တွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
“စိတ်မပူပါနဲ့.. အဖေ မသေသေးပါဘူး”
ရှယီက မချိပြုံးပြုံးလိုက်သည်။
“ချင်းမုန့်...ငါမင်းကို ကျန်းချန်နဲ့အတူ ပိရှန်းမြို့ကနေ ထွက်သွားခိုင်းလိုက်တယ် မဟုတ်လား.. ဘာလို့ ဒီကိုရောက်လာရတာလဲ”
“သမီးအဖေ့ကို တစ်ယောက်တည်း မထားခဲ့နိုင်လို့ပါ.. ဒ့ါအပြင် သခင်လေးကျန်းက ခရမ်းရောင် နတ်မျောက်ဝံကိုတောင် ဓားချက် တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာ ဆိုတော့ ထျန်းယန်ဂိုဏ်းက ကျင့်ကြံသူတွေကိုလည်း အနိုင်ရချင် ရနိုင်မယ်လိူ့ထင်လို့ပါ”
ထိုစကားကိုပြောရင်း ရှချင်းမုန့်သည် ကျန်းချန်ကို လှည့်ကြည့်လိုက်သည်။
သူမ၏ လှပသော မျက်ဝန်းလေးတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သမီးဖြစ်သူ၏ စကားကိုကြားလျှင် ရှယီသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
သူက ဤအချက်ကို အမှန်တကယ်ပင် မေ့လျော့နေခဲ့၏။
ခရမ်းရောင် နတ်မျောက်ဝံသည် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများပင် ရင်ဆိုင်ရန် မလွယ်ကူသော သားရဲ ဖြစ်သည်။
ကျန်းချန်က ခရမ်းရောင် နတ်မျောက်ဝံကိုပင် ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသောကြောင့် ထျန်းယန်ဂိုဏ်းနှင့် ယှဥ်ပြိုင်ရန် အစွမ်းအစ ရှိနေလောက်သည် မဟုတ်ပါလား။
“ကောင်လေး.. အင်မော်တယ်ဂိုဏ်းရဲ့ တပည့်အဖြစ် ဟန်ဆောင်နေတာ မင်းလား”
လူလတ်ပိုင်းအရွယ် အမျိုးသားက စူးရှသော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို မထီမဲ့မြင်ကြည့်လိုက်သည်။
“ငါက အင်မော်တယ်ဂိုဏ်းရဲ့ တပည့်အဖြစ် ဟန်ဆောင်နေရင်တောင် အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”
“မေဘေး.. အင်မော်တယ်ဂိုဏ်းရဲ့ တပည့်ဆိုတာ ဘယ်လောက်တောင် မြင့်မြတ်တဲ့ အဆင့်အတန်းလဲ ဆိုတာ မင်းနားလည်လား.. ဒါတောင် မင်းက ဟန်ဆောင်ဝံ့သေးတယ်ပေါ့လေ.. ချက်ချင်းဒူးထောက်ပြီး အသေခံဖို့ ပြင်ထားလိုက်စမ်း”
ထိုအခိုက်အတန့်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ နံဘေးတွင် ရှိနေသော လူငယ်တစ်ဦးက ကျန်းချန်ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် အင်မော်တယ်ကျင့်ကြံသူ တစ်ဦး၏ အရှိန်အဝါ အနည်းငယ်မျှပင် မရှိရာ အင်မော်တယ်ဂိုဏ်း၏ တပည့် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
“ငါ့ကို ဒူးထောက်ပြီး အသေခံခိုင်းရအောင် မင်းက ထိုက်တန်လို့လား”
ကျန်းချန်က လှောင်ပြုံးပြုံး၍ ဝင့်ကြွားစွာ ပြောလိုက်သည်။
“မင်းလို ပုရွက်ဆိတ်လေးကို မပြောနဲ့.. မင်းတို့ ထျန်းယန်ဂိုဏ်းရဲ့ခေါင်းဆောင် ကိုယ်တိုင် ရောက်လာရင်တောင် ငါ့ရှေ့မှာ ဒီလို စကားမျိုးပြောဖို့ အရည်အချင်းမရှိဘူး”
ကျန်းချန်၏ စကားကြောင့် ကျင့်ကြံသူ သုံးဦးသည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားခဲ့ကြသည်။
“ကောင်လေး.. မင်းဘာစကားပြောလိုက်တာလဲ”
ကျန်းချန်က ထိုသုံးဦးကို လျစ်လျူရှုလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ရှယီ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် စိမ့်ဝင်သွားခဲ့သည်။
ရုတ်တရက် ရှယီ၏ အတွင်းဒဏ်ရာများသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့၏။
တစ်ခဏအတွင်း ရှယီ၏ ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာများသည် လုံးဝ ပျောက်ကင်းသွားခဲ့ပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
“သခင်လေးကျန်းကို ကျေးဇူးတင်ပါတယ်”
ရှယီက အလွန်ပင် အံ့အားသင့်သွားခဲ့ပြီး ကျန်းချန်ကို တရိုတသေ ကျေးဇူးတင်စကား ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ရှယီသည် ကျန်းချန်၏ ခွန်အားနှင့်ပတ်သက်၍ မည်သည့် သံသယမှ မရှိတော့ပေ။
သူ့ရှေ့မှ ကောင်လေးသည် လက်တစ်ဖက်ကို အသာအယာဝှေ့ယမ်းလိုက်ရုံဖြင့်ပင် သူ၏ အတွင်းဒဏ်ရာကို ပျောက်ကင်းစေခဲ့ပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေခဲ့သည် မဟုတ်ပါလား။
ဆိုရလျှင် သူ့ရှေ့မှ လူငယ်လေး၏ ခွန်အားသည် မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းလှ၏။
“ဒီလောက်က အသေးအဖွားကိစ္စလေးပါ.. မြို့စား ကျွန်တော့်ကို အားနားနေဖို့ မလိုပါဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီးနောက်တွင် ထျန်းယန်ဂိုဏ်းမှ ကျင့်ကြံသူ သုံးဦးကို စူးစိုက်၍ ကြည့်လိုက်သည်။
“ငါ စိတ်မပြောင်းခင် မင်းတို့သုံးယောက် ငါ့ရှေ့ကနေ အခုချက်ချင်း ထွက်သွားကြစမ်း”
ထိုအခိုက်အတန့်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အနည်းငယ် မျက်နှာ ပျက်ယွင်းသွားခဲ့သည်။
“သခင်လေးက ဘယ်သူလဲ”
ရွှေအမြုတေ အထွတ်အထိပ်အဆင့်ရှိ အင်မော်တယ်ကျင့်ကြံသူ တစ်ဦးအနေဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မြင်နိုင်စွမ်းသည် သာမန်ထက် ထူးခြား၏။
ရှယီ၏ ဒဏ်ရာကို တစ်မုဟုတ်ချင်း ကုသနိုင်ပုံကို ကြည့်၍ သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သာမန် မဟုတ်မှန်း ခံစားမိလိုက်သည်။
“ငါက မင်းတို့ ထျန်းယန်ဂိုဏ်း ရန်မစသင့်တဲ့သူပဲ”
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“အခုကစပြီး ပိရှန်းမြို့ကို ငါ့စောင့်ရှောက်မယ်...ဒီမြို့က မင်းတို့ ထျန်းယန်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး.. တကယ်လို့ မင်းတို့ ထျန်းယန်ဂိုဏ်းက လူလွှတ်ပြီး ရမ်းကားဦးမယ် ဆိုရင် ငါ မင်းတို့ဂိုဏ်းကို မြေလှန်ပစ်မယ်”
“ကောင်လေး မင်းသိပ်မောက်မာမနေနဲ့”
ကျန်းချန်၏ အထက်စီးဆန်သော စကားကိုကြားလျှင် ထျန်းယန်ဂိုဏ်းမှ တပည့်တစ်ဦးသည် ဒေါသထွက်လာခဲ့ပြီး လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
“ကိုယ့်အင်အားကိုယ် နားမလည်ဘူးပဲ”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လက်ချောင်းထိပ်မှ ဓားစွမ်းအားဖြင့် ထျန်းယန်ဂိုဏ်းမှ တပည့်ကို ပစ်ခတ်လိုက်သည်။
ဓားစွမ်းအားက ထျန်းယန်ဂိုဏ်းမှ တပည့်၏ လက်ဝါးရိုက်ချက်ကို ချေမှုန်းပစ်လိုက်ပြီး ထျန်းယန်ဂိုဏ်းမှ တပည့်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
“ဝုန်း..”
ရွှေအမြုတေအဆင့်ရှိ ထျန်းယျန်ဂိုဏ်း၏ တပည့်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် သွေးမြူများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
“ကောင်လေး မင်းအတင့်ရဲလှချည်လား”
ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက အေးစက်သွားခဲ့သည်။
သူက ရွှေအမြုတေ အထွတ်အထိပ်အဆင့် အရှိန်အဝါဖြင့် ကျန်းချန်ကို ချက်ချင်းပင် ဖိနှိပ်လိုက်၏။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ အနီးရှိ မြို့စားစံအိမ်မှ အဆင့်မြင့် အရာရှိများသည် လူလတ်ပိုင်းအရွယ်အမျိုးသား၏ အရှိန်အဝါ ဖိအားကြောင့် မျက်နှာများ ဖြူဖျော့သွားခဲ့ပြီး ခန္ဓာကိုယ်များပင် တုန်ယင်လာခဲ့သည်။
“ဟွန်း..”
ကျန်းချန်က နေရာမှာပင် တည်ငြိမ်စွာ ရပ်နေရင်း နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက်တွင်မူ လူလတ်ပိုင်းအရွယ် အမျိုးသား၏ အရှိန်အဝါထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော အရှိန်အဝါတစ်ခုသည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အရှိန်အဝါကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်သို့ ထိုက်စန်းတောင်သဖွယ် ဖိနှိပ်လိုက်တော့သည်။
“ဝေ့ါ..”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုအရှိန်အဝါဖိအားကို ပြင်းပြင်းထန်ထန်ပင် ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားခဲ့ကာ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
“သခင်လေး.. ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးပါ”
လူလတ်ပိုင်းအရွယ်အမျိုးသားက ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ကို အသက်ချမ်းသာပေးရန် အလျင်အမြန်ပင် တောင်းပန်လိုက်သည်။
သူ၏ ရွှေအမြုတေ အထွတ်အထိပ် ခွန်အားဖြင့်ပင် သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ရှေ့မှောက်၌ မည်သည့်ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ပေ။
ဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အနည်းဆုံး သူတို့ ထျန်းယန်ဂိုဏ်း၏ ခေါင်းဆောင်နှင့် ယှဥ်နိုင်သော သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်လောက်သည်။
ထိုလူငယ်သည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သန္ဓေဝိညာဥ်အဆင့်ကို ရောက်ရှိနေသည် ဖြစ်ရာ ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းမှ ပါရမီရှင် တပည့်တစ်ဦး အမှန်တကယ်ပင် ဖြစ်နေနိုင်၏။
သူတို့ ရှေ့ရှိ မြင်ကွင်းကြောင့် ရှယီနှင့် ပိရှန်းမြို့မှ လူများသည် အချိန်အတော်ကြာသည်အထိ မှင်တက်သွားခဲ့ကြသည်။
ထျန်းယန်ဂိုဏ်းသည် အမြဲတစေ မောက်မာပြီး ၎င်းတို့အုပ်ချုပ်သော မြို့များ၏ အသက်အိုးအိမ် စည်းစိမ်များကို သတ်ဖြတ်လုယက်လေ့ ရှိသည်။
ဆိုရလျှင် ပိရှန်းမြို့မှ လူများသည် ထျန်းယန်ဂိုဏ်းမှ ကျင့်ကြံသူများ၏ ယခုကဲ့သို့ ခွင့်လွှတ်ပေးရန် တောင်းပန်သော အပြုအမူကို မမြင်ဖူးကြပေ။
ထိုအခိုက်အတန့်တွင် လူတိုင်းသည် ကျန်းချန်ကို အလွန်အမင်း ရိုသေလေးစားသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
သူတို့က ကျန်းချန်ကို သေချာပေါက် အင်မော်တယ်ဂိုဏ်းမှ ပါရမီရှင် တပည့်တစ်ဦးဟု ယူဆသွားကြသည်။
ကျန်းချန်က သူ၏ အရှိန်အဝါကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ထွက်သွားစမ်း”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အခြား တပည့်တစ်ဦးကို အလျင်အမြန်ခေါ်ကာ ခဲမှန်သော ခွေးလေခွေးလွင့် ကဲသို့ ပိရှန်းမြို့ကနေ သုတ်ခြေတင်၍ ထွက်ပြေးသွားခဲ့သည်။
“သ.. သခင်လေးကျန်း. ကျွန်.. ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
ထျန်းယန်ဂိုဏ်းမှ လူများက သူ့ကို ထားခဲ့ပြီး အလျင်အမြန် ထွက်ပြေးသွားကြသည်ကိုမြင်လျှင် ရှယုံ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်လိုက်သည်။
ကျန်းချန်က ရှယုံ၏ ကျင့်ကြံမှုကို လက်ညှိုးတစ်ချက်ဖြင့်ပင် ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်တွင် သူက ရှယီကို တိုက်ရိုက်ပင် ပြောလိုက်၏။
“မြို့စားရှ.. ဒီသစ္စာဖောက်ကောင်ကို မြို့စားရှပဲ ကိုင်တွယ်လိုက်တော့”
“ရှယုံ.. ငါမင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပေမဲ့ မင်းက ကျေးဇူးကန်းပြီး ထျန်းယန်ဂိုဏ်းက လူတွေကို ပိရှန်းမြို့ဆီ ဖိတ်ခေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"တကယ်လို့ သခင်လေးကျန်းသာ မရှိခဲ့ရင် ငါတို့ ရှမိသားစုက ဒီကိစ္စကြောင့် ပျက်စီးသွားလောက်ပြီ.. မင်းလို ကျေးဇူးကန်းတဲ့ လူယုတ်မာကို ငါရှယီ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး”
ရှယီက စကားဆုံးသည်နှင့် ရှယုံကို လက်ဝါးရိုက်ချက် တစ်ချက်ဖြင့်ပင် အမိုက် ဇာတ်သိမ်းပေးလိုက်သည်။
“သခင်လေးကျန်း.. ထျန်းယန်ဂိုဏ်းက ဒီနေ့ကိစ္စကို ဒီအတိုင်းလွှတ်ထားလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”
ရှယုံကို ရှင်းလင်းပြီးနောက်တွင် ရှယီ၏ မျက်နှာထက်၌ စိုးရိမ်ပူပန်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်သည် အလွန်တရာ စွမ်းအားကြီးမားပြီး ထျန်းယန်ဂိုဏ်းကို မကြောက်ရွံ့သော်လည်း ပိရှန်းမြို့တွင် ထာဝရနေထိုင်သွားရန်မှာ မဖြစ်နိုင်ပေ။
ဆိုရလျှင် ကျန်းချန် ထွက်သွားသည်နှင့်အမျှ သူတို့ ပိရှန်းမြို့သည် ထျန်းယန်ဂိုဏ်း၏ အငြိုးတကြီး လက်စားချေမှုကို ခံရပေလိမ့်မည်။
“မစိုးရိမ်ပါနဲ့.. ထျန်းယန်ဂိုဏ်းမှာ သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ရှိတာပါ”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“တကယ်လို့ သူလာဝံ့တယ်ဆိုရင် ငါသူ့ကို မှတ်လောက်သားလောက်အောင် ဆုံးမပေးလိုက်မယ်”
အခန်း(၂၃၄၀)ပြီး၏။