အခန်း (၃၅၁-၃၅၂)
Vol. 26 Ch. 351-352
အခန်း ( ၃၅၁ ) - ဆက်လက်စောင့်ဆိုင်းခြင်း၊ ကုချင်းရွဲ့ သူတော်စင်ဖြစ်လာခြင်း၊ ဘုရားသခင်၏ လတ်တလောအခြေအနေ
ကုချန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
သူသည် သူ၏ဒုတိယကိုယ်ခွဲကဲ့သို့ တတိယကိုယ်ခွဲအား တာအိုသက်သေပြုရန်အတွက် နတ်ဆိုးနယ်မြေသို့ မသွားစေလိုပေ။
အကြောင်းမှာ နတ်ဆိုးနယ်မြေသို့သွားရောက်၍ တာအိုသက်သေပြုခြင်းသည် ခန္ဓာကိုယ်၌ နတ်ဆိုးနယ်မြေ၏ အမှတ်အသားတစ်ခု ကျန်ရစ်စေမည်ဖြစ်ရာ ဝင်ရောက်ရန် လွယ်ကူသော်လည်း နောင်တစ်ချိန်တွင် ပြန်လည်ထွက်ခွာရန် ခက်ခဲမည် ဖြစ်သောကြောင့်ပင်။
သူ၏အမြင်တွင်မူ ခန္ဓာသုံးပါး၌ တစ်ပါးသည် နတ်ဆိုးနယ်မြေကို ဖိနှိပ်ထား၍ တစ်ပါးမှာ အင်မော်တယ်နယ်မြေသို့ သွားရောက်ကာ ကျန်တစ်ပါးက အောက်ဘုံတွင် ကျန်ရစ်နေခြင်းသည်သာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
ကိုယ်ခွဲသုံးခုသည် နယ်မြေတစ်ခုတည်း၌ ရှိမနေခြင်းအားဖြင့် များပြားလှသော အန္တရာယ်များကို မသိမသာ လျှော့ချနိုင်မည်ဖြစ်သည်။ ကိုယ်ခွဲတစ်ခု ဘေးဒုက္ခကြုံတွေ့ရလျှင်ပင် အခြားကိုယ်ခွဲနှစ်ခုအား ထိခိုက်စေမည် မဟုတ်ပေ။
သို့သော် လက်ရှိအခြေအနေတွင် အင်မော်တယ်ဂိတ်အား ဖွင့်လှစ်ရန် ခက်ခဲနေသဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် တစ်ခုတည်းသော နေရာမှာ နတ်ဆိုးနယ်မြေသာ ရှိသည်ပင်။
" လောလောဆယ်တော့ စောင့်ကြည့်လိုက်ဦးမယ်... ပြောင်းလဲမှုတချို့ ရှိလာနိုင်လောက်တယ် "
ကုချန်သည် သူ၏လက်ဖဝါးပေါ်တွင် မပျောက်ပျက်သေးသော ဟွမ်သွမ့်အမှတ်အသားကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းအကြည့်များမှာ အနည်းငယ် လှုပ်ရှားသွား၏။
အင်မော်တယ်တစ်သောင်းမျှော်စင်မှ အင်မော်တယ်အစစ်အမှန်နှစ်ပါး ပျက်စီးသွားခဲ့ပြီဖြစ်ရာ အင်မော်တယ်တစ်သောင်းမျှော်စင်၏ အထက်ပိုင်းလူကြီးများသည် ဤကိစ္စကို လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ဟု သူယူဆထားသည်။
သူတို့သည် ယခုကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် အင်မော်တယ်အစစ်အမှန်များ သို့မဟုတ် အင်မော်တယ်အရှင်များကိုပင် အောက်ဘုံသို့ သေချာပေါက် စေလွှတ်လိမ့်မည်ဖြစ်သည်။ အင်မော်တယ်တစ်သောင်းမျှော်စင်မှ ဆင်းသက်လာမည့်သူများထံမှတဆင့် အင်မော်တယ်နယ်မြေသို့သွားရောက်မည့် နည်းလမ်းကို သူရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။
ဒုတိယအချက်အနေဖြင့် ဟွမ်သွမ့်အမှတ်အသားမှာ ပျောက်ကွယ်သွားခြင်း မရှိသေးသဖြင့် ၎င်း၏နောက်ကွယ်မှ ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အချိန်မရွေး ဆင်းသက်လာနိုင်၏။
အင်မော်တယ်ဂိတ်တံခါးကို အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဘုရင်များ တည်ဆောက်ခဲ့သည်ဟု သိထားကြသည်။ ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်သည်လည်း အင်မော်တယ်နယ်မြေရှိ အင်မော်တယ်ဘုရင်များထဲမှ တစ်ပါးဖြစ်သည့်အတွက် အင်မော်တယ်ဂိတ်တံခါးကို ဖွင့်လှစ်မည့်နည်းလမ်းကို ပိုင်ဆိုင်ထားလေမလော။
ဤအရာအားလုံးသည် အင်မော်တယ်ဂိတ်တံခါး ပွင့်လာစေနိုင်သည့် ပြောင်းလဲမှုများပင် ဖြစ်သည်။
အကယ်၍ ဤနည်းလမ်းများအားလုံး အလုပ်မဖြစ်ဘူးဆိုလျှင်ပင် ကုချန်၌ နောက်ဆုံးရွေးချယ်စရာ တစ်ခုကျန်ရှိနေသေး၏။
ထိုအရာမှာ ကိုယ်ခွဲသုံးခုကို ယာယီပေါင်းစည်း၍ အင်မော်တယ်ဂိတ်တံခါးကို အင်အားသုံး ဖွင့်လှစ်ကာ အင်မော်တယ်နယ်မြေသို့ သွားရောက်နိုင်မလားဆိုသည်ကို ကြိုးစားကြည့်ရန်ပင် ဖြစ်သည်။
သို့သော် ဤသည်မှာ နောက်ဆုံးနည်းလမ်းသာ ဖြစ်၏။
ဤနည်းလမ်းဖြင့် အင်မော်တယ်နယ်မြေသို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့လျှင်ပင် ပျက်စီးနေသော အင်မော်တယ်ဂိတ်တံခါးမှ ထွက်ပေါ်လာမည့် စွမ်းအင်လှိုင်းများကို အင်မော်တယ်နယ်မြေရှိ ရှေးဟောင်းဖြစ်တည်မှုကြီးများမှ သေချာပေါက် အာရုံခံမိကြမည် ဖြစ်သောကြောင့်ပင်။
ကုချန်အနေဖြင့် အင်မော်တယ်နယ်မြေသို့ ဝင်ရောက်သည်နှင့်တပြိုင်နက် အင်မော်တယ်နယ်မြေရှိ ရှေးဟောင်းဖြစ်တည်မှု အသီးသီး၏ စောင့်ကြည့်ခြင်းကို မခံလိုပေ။
သူ၏လက်ရှိအင်အားမှာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်နိုင်သည်ဟု ဆိုသော်လည်း အင်မော်တယ်နယ်မြေတွင် အမှန်တကယ် ပြိုင်ဘက်ကင်းနိုင်မည် မဟုတ်လောက်ပေ။
စဉ်းစားကြည့်ပါ။ အောက်ဘုံမှနေ၍ အင်မော်တယ်ဂိတ်တံခါးအား အင်အားသုံးဖြိုခွင်းကာ အင်မော်တယ်နယ်မြေသို့ ရောက်လာနိုင်သော ဖြစ်တည်မှုတစ်ခုကို အင်မော်တယ်နယ်မြေရှိ ရှေးဟောင်းအာဏာရှင်များက မည်သို့ စူးစမ်းချင်စိတ် မရှိဘဲ နေကြမည်နည်း။ မည်သို့ အာရုံမစိုက်ဘဲ နေကြမည်နည်း။
ထိုသို့ဖြစ်လာပါက ကုချန်သည် ပစ်မှတ်တစ်ခု ဖြစ်လာမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
အင်မော်တယ်နယ်မြေတစ်ခုလုံးကို ချေမှုန်းနိုင်စွမ်း မရှိသေးသရွေ့ ဤအရာမှာ ကုချန် မြင်တွေ့လိုသော အခြေအနေမျိုး မဟုတ်ပေ။
နောက်ဆုံးတွင် သူသည် လောလောဆယ်၌ ငြိမ်သက်နေလိုက်ကာ ပြောင်းလဲမှုများ ပေါ်လာမလားဆိုသည်ကို သိရှိနိုင်ရန် နှစ်ရာချီ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ပြောင်းလဲမှုများ မရှိခဲ့လျှင်လည်း နောက်ဆုံးအစီအစဉ်ကို ရွေးချယ်ရန် သိပ်နောက်ကျမည် မဟုတ်ချေ။
" အရင်ဆုံး ဒီနှစ်တစ်ရာအတွင်း ဟိုဝေလငါးအိုကြီး ဘာတွေရထားလဲဆိုတာ ကြည့်ရအောင် "
ကုချန်သည် တိုးတိတ်စွာ ရယ်မောလိုက်၏။
ဤနှစ်တစ်ရာအတွင်း ထိုအရှင်သခင်အဆင့် ဝေလငါးအိုကြီးသည် ကံကောင်းခြင်းများစွာ ပါရှိသည့် အန္တရာယ်များသောနယ်မြေ အချို့ကို ရှာဖွေတွေ့ရှိထားကြောင်း ကုချန်ထံ သတင်းအကြိမ်ကြိမ် ပို့ခဲ့သည်။ သို့သော် ကုချန်သည် တံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့် သူ့ကို အာရုံမစိုက်ဖြစ်ခဲ့ပေ။
ယခု သူသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်ရာ အကျိုးအမြတ်အချို့ကို ရယူရန် အချိန်တန်ပြီဖြစ်သည်။
...
အဆုံးမဲ့ကမ္ဘာရှိ ကောင်းကင်တားမြစ်နယ်မြေအတွင်း.....
ကုမိသားစုဝင် တပည့်များ စုဝေးနေကြကာ သူတို့၏အကြည့်များသည် ရှေ့သို့ စူးစိုက်ကြည့်နေလျက် ရှိကြ၏။
အပြာရောင်အလင်းတန်းများ ဖြာထွက်နေသော မြင့်မြတ်ကျောက်စိမ်းများ ခင်းကျင်းထားသည့် ရင်ပြင်ကျယ်ကြီးပေါ်တွင် ကုချင်းရွဲ့သည် မျက်လုံးများကိုမှိတ်ကာ တင်ပျဉ်ခွေ ထိုင်နေလျက်ရှိ၏။ သူ၏အတွင်းအား ချီစွမ်းအင်များသည်လည်း လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်လှုပ်ရှားနေလျက် ရှိသည်။
ကုမိသားစု၏ မျိုးဆက်သစ် တပည့်များအတွက် ယနေ့သည် အမှတ်ရစရာ နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမှာ ကုမိသားစု မျိုးဆက်သစ်တို့၏ ခေါင်းဆောင်ဖြစ်သော ကုချင်းရွဲ့သည် ယခုလက်ရှိတွင် သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေသောကြောင့်ပင်။
အကယ်၍ အောင်မြင်ခဲ့ပါက ကုချင်းရွဲ့သည် ကုမိသားစု၏ မျိုးဆက်သစ်တပည့်များအားလုံးထဲတွင် သူတော်စင်အဆင့်သို့ ပထမဆုံး ချိုးဖျက်ဝင်ရောက်နိုင်သူ ဖြစ်လာမည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။ ထို့ကြောင့်ပင် ကုမိသားစုတပည့်အများအပြား လာရောက်ကြည့်ရှုနေကြခြင်း ဖြစ်သည်။
ကုချင်းရွဲ့သည် တည်ငြိမ်စွာ ထိုင်နေလျက်ရှိကာ သူ၏တာအိုနှလုံးသားသည်လည်း တည်ငြိမ်နေသော ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်နေလျက် ရှိသည်။
ယနေ့ သူသည် သူ၏ သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်းမှာ သေချာပေါက် အောင်မြင်မည်ဟု သိနေသောကြောင့် ထိုအရာနှင့် ပတ်သက်၍ သူ့တွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိပေ။
စင်စစ်တွင် ဤနှစ်တစ်ရာအတွင်း သူသာ အဆင့်တိုင်းကို သဟဇာတအဖြစ်ဆုံးနှင့် အပြည့်စုံဆုံး အခြေအနေသို့ ရောက်ရှိစေရန် ကြိုးပမ်းရင်း သူ၏ အင်အားနှင့် အဆင့်ကို တမင်တကာ ဖိနှိပ်မထားခဲ့ပါက လွန်ခဲ့သော နှစ်ငါးဆယ်ကတည်းကပင် သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး ဖြစ်လိမ့်မည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ဆက်လက်ဖိနှိပ်ထား၍ မရတော့သည့်အတွက်ကြောင့်သာ ယခုအချိန်၌ သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ကာ သူတော်စင်တစ်ပါး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
" ဝုန်း! "
သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်အမြောက်အမြား စီးဝင်လာသည်နှင့်အတူ ကုချင်းရွဲ့၏ စိတ်ထဲတွင် နက်ရှိုင်းသော ဆက်နွယ်မှုအာရုံတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူ သူတော်စင်တစ်ပါး ဖြစ်လာခဲ့ပြီ!
" တာအိုသက်သေပြုပြီး သူတော်စင်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် စီနီယာအစ်မ! "
ကုချင်းရွဲ့ မျက်လုံးဖွင့်၍ မတ်တတ်ရပ်လိုက်သည်နှင့် လှပပြီး ချစ်စရာကောင်းသော မိန်းမပျိုလေးတစ်ဦး ရှေ့သို့ထွက်လာကာ ဂုဏ်ပြုစကားဆိုသည်ကို တွေ့လိုက်ရသည်။
" ဖူဝမ်... နင် ငါ့ကို စနောက်နေပြန်ပြီ "
ထိုလူကို မြင်လိုက်ရသောအခါ ကုချင်းရွဲ့မှာ မရယ်မောဘဲ မနေနိုင်တော့ချေ။
ရောက်လာသူမှာ ကုချန်၏ ဒုတိယမြောက်တပည့် ဖူဝမ်မှလွဲ၍ အခြားသူ မဟုတ်ပေ။
နှစ်တစ်ရာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်က သွေးပင်လယ်ဝေသော အမုန်းတရားများကို သယ်ပိုးထားခဲ့ရသည့် လူသားဧကရာဇ်၏ တစ်ဦးတည်းသော သွေးမျိုးဆက်သည် သူ၏ ယခင်က မရင့်ကျက်မှုနှင့် ရိုးသားမှုများကို စွန့်ပယ်ခဲ့လေပြီ။ သနားစရာကောင်းသော မိန်းကလေးငယ်ဘဝမှ တောက်ပပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ဖူမိသားစု၏ ယခင်ရန်သူများကို ကုချန်မှ ရှင်းလင်းပေးခဲ့ပြီးဖြစ်သောကြောင့် ဖူဝမ်သည် သူ၏စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးများကို ဘေးဖယ်ထားကာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့၏။ သူ၏ လူသားဧကရာဇ်သွေးမျိုးဆက် နိုးထလာမှုနှင့် အားထုတ်ကျင့်ကြံခြင်းများ ပေါင်းစပ်လိုက်သောအခါ ကုချင်းရွဲ့ထက်ပင် အနှစ် ၂၀ စော၍ လွန်ခဲ့သော နှစ် ၂၀ ကတည်းက တာအိုသက်သေပြုကာ သူတော်စင် ဖြစ်လာခဲ့လေသည်။
" မဟုတ်ပါဘူး စီနီယာအစ်မရဲ့... အစ်မသာ ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်မထားရင် ညီမထက် အများကြီးစောပြီး သူတော်စင် ဖြစ်လာမှာပါ... ပြီးတော့ ညီမက ပထမဆုံး သူတော်စင်ဖြစ်လာတဲ့သူလည်း မဟုတ်ပါဘူး... စီနီယာအစ်မ ယဲ့ယင်းယင်းက ညီမထက်တောင် စောပြီး သူတော်စင် ဖြစ်ခဲ့တာ "
ဖူဝမ်သည် လျှာထုတ်ကာ တခစ်ခစ်ရယ်လေ၏။
ကုချန်၏ တပည့်နှစ်ဦးအနက် အကြီးဆုံးတပည့်ဖြစ်သော ယဲ့ယင်းယင်းသည် ဖူဝမ်ထက်ပင် နှစ်အနည်းငယ်စော၍ သူတော်စင် ဖြစ်လာခဲ့သည်။ ယခုမှ သူတော်စင်ဖြစ်လာသော ကုချင်းရွဲ့အပါအဝင် အထက်ကောင်းကင်၏ မျိုးဆက်သစ်များထဲတွင် သူတော်စင်သုံးပါး ရှိလာခဲ့ပြီဖြစ်သည်။
ဒါပေါ့။ ဟွမ်ကျိုအာကို မထည့်တွက်ထားဘူးဆိုရင်ပေါ့။
ဟွမ်ကျိုအာအကြောင်း တွေးမိသောအခါ ကုချင်းရွဲ့နှင့် ဖူဝမ်တို့နှစ်ဦးစလုံး၏ အကြည့်များမှာ အနည်းငယ် ထူးဆန်းသွားကြသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော စီနီယာအစ်မသည် ကျင့်ကြံခြင်းနှင့်ပတ်သက်လာလျှင် သာမန်လူများနှင့် ကွဲပြားနေပုံရသည်။ ယဲ့ယင်းယင်း ပထမဆုံး သူတော်စင်ဖြစ်လာနိုင်ခြင်းမှာ သူ၏ မြင့်မြတ်ခန္ဓာသွေးမျိုးဆက်ကြောင့်သာမက အနည်းငယ်မျှ လျော့ရဲခြင်းမရှိဘဲ အမြဲတစေ ကြိုးစားအားထုတ် ကျင့်ကြံခဲ့ခြင်းကြောင့်ပါ ဖြစ်သည်။
သို့သော် ဟွမ်ကျိုအာကမူ ကွဲပြား၏။ ကုချင်းရွဲ့အနေဖြင့် သူ ကောင်းကောင်းမွန်မွန် ကျင့်ကြံသည်ကိုပင် မမြင်ဖူးချေ။ သူသည် အိပ်ရာမှတစ်ရေး နိုးလာပြီးနောက် အဆင့်တက်သွားလေ့ရှိသည်။
သူ၏လက်ရှိအင်အားသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ဧကရာဇ်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဟွမ်ကျိုအာ၏အင်အားမှာ လူတိုင်းကို နောက်ကောက်ချန်ထားရစ်ကာ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ကို မြင်ရသောအခါ ကုချင်းရွဲ့ပင်လျှင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ကံကြမ္မာမဟာတာအို၏ မျက်နှာသာပေးခြင်းကို ခံရသော ဖြစ်တည်မှုတစ်ခုသည် ဤမျှအထိ 'ကောင်းကင်အလိုကို လွန်ဆန်နိုင်' သလားဟု တွေးမိ၏။
ကျင့်ကြံစရာမလို၊ ခန္ဓာသန့်စင်စရာမလို၊ မွေးရာပါ သူတော်စင်ဖြစ်ကာ အိပ်ရာမှတစ်ရေး နိုးလာသည်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိ၏။
အကယ်၍ ကုချင်းရွဲ့၏ တာအိုနှလုံးသားသာ ခိုင်မာမှုမရှိခဲ့ပါက သူ့အနေဖြင့် ပြင်းပြင်းထန်ထန် စိတ်ဓာတ်ကျမိမည်ဖြစ်သည်။ အကြောင်းမှာ ထိုလမ်းစဉ်သည် သာမန်ကျင့်ကြံသူများနှင့် မသက်ဆိုင်တော့ဘဲ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံးကို ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သွားစေရန် လုံလောက်သော တိုးတက်မှုလမ်းစဉ်တစ်ခု ဖြစ်သောကြောင့်ပင်။
အခန်း ( ၃၅၂ ) - ကံကြမ္မာကို စောင့်ကြည့်ခြင်း၊ ကံကြမ္မာနှောင်ကြိုးများနှင့် အခေါင်းထဲဝင်မည့် အတွေး
ဟွမ်ကျိုအာအကြောင်း ပြောလိုက်သည်နှင့် ကုချင်းရွဲ့နှင့် ဖူဝမ်တို့၏ အကြည့်များသည် အထက်ကောင်းကင်နန်းဆောင်ဘက်သို့ မူလလက်ဟန်အတိုင်း ရောက်ရှိသွားကြသည်။
လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ဘိုးဘေးကုချန်သည် အထက်ကောင်းကင်နန်းဆောင်၌ တံခါးပိတ်ကျင့်ကြံနေခဲ့ကာ အပြင်သို့ လုံးဝထွက်မလာခဲ့ပေ။
ထိုအချိန်ကာလအများစုတွင် ဟွမ်ကျိုအာသည်လည်း ဘိုးဘေးကုချန်၏ မသိမသာခွင့်ပြုချက်ကို ရရှိထားပုံရကာ အထက်ကောင်းကင်နန်းဆောင်ထဲတွင် ဘာလုပ်နေမှန်းမသိရစွာ နေထိုင်လျက်ရှိသည်။
...
အထက်ကောင်းကင်နန်းဆောင်အတွင်း၌.....
ကုချန်သည် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလား၏ အဖုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ ၎င်းပေါ်တွင် ရေးထိုးထားသော အင်မော်တယ်ဘုရင်တာအိုကို တိတ်ဆိတ်စွာ နားလည်သဘောပေါက်ရန် ကြိုးစားနေ၏။
ရိုးရိုးသားသားပြောရလျှင် ကုချန်သည် နှစ်များတစ်လျှောက် အင်မော်တယ်ဘုရင် လျှို့ဝှက်နည်းလမ်းတစ်ခုမက ရရှိခဲ့သော်လည်း မည်သည့်အရာကမျှ ဤလျှို့ဝှက်ဆန်းကြယ်သော အခေါင်းဖုံးပေါ်ရှိ အင်မော်တယ်ဘုရင်တာအိုကို မယှဉ်နိုင်ပေ။
ဤခေါင်းတလားဖုံးပေါ်တွင် ရေးထိုးထားသော အင်မော်တယ်ဘုရင်တာအိုသည် အင်မော်တယ်ဘုရင်အဆင့်၏ အစွမ်းအမြင့်ဆုံး အကန့်အသတ်ဖြစ်ကာ ရှေ့ဆက်တိုး၍မရနိုင်တော့သည့် အထွတ်အထိပ်တစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်သည်။
ထို့ကြောင့် ဤနှစ်များတစ်လျှောက် ကုချန်သည် ဤခေါင်းတလားဖုံးပေါ်ရှိ အင်မော်တယ်ဘုရင်တာအိုကို လေ့လာခြင်းနှင့် နားလည်သဘောပေါက်ရန် ကြိုးစားခြင်းတို့၌ လုံးဝအနားမယူခဲ့ပေ။
သူ့တွင် ကြိုတင်အာရုံခံစားမှုတစ်ခု ရှိနေသည်။ ဤအင်မော်တယ်ဘုရင်တာအိုကို အပြည့်အဝ နားလည်သဘောပေါက်သွားပါက ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားဖုံးပေါ်တွင် အခြားအကြောင်းအရာများ ပေါ်လာနိုင်သည်ဟူ၍ပင်။
ခေါင်းတလားဖုံးပေါ်တွင် ရေးထိုးထားသော အင်မော်တယ်တာအို သင်္ကေတများသည် အလွန်များပြားလှကာ ဤအင်မော်တယ်ဘုရင်တာအိုအပြင် အခြားအကြောင်းအရာများလည်း မှတ်တမ်းတင်ထားနိုင်ခြေရှိသည်။
ကုချန်၏ လက်ရှိအဆင့်နှင့် ကျင့်ကြံခြင်း မလုံလောက်သေးသောကြောင့် မမြင်နိုင်သေးခြင်းသာ ဖြစ်ရမည်။
ခေါင်းတလားဖုံးပေါ်တွင် မှတ်တမ်းတင်ထားသော အင်မော်တယ်ဘုရင်တာအိုကို ခေတ္တမျှ ဆင်ခြင်သုံးသပ်ပြီးနောက် ကုချန်သည် မသိစိတ်အလျောက် မော့ကြည့်လိုက်မိသည်။
မလှမ်းမကမ်းတွင် ဟွမ်ကျိုအာသည် မေးကိုလက်ဖြင့်ထောက်ကာ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တစ်ခါတစ်ရံ ကုချန်ကို ကြည့်လိုက်၊ တစ်ခါတစ်ရံ ကုချန်၏အနောက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို ကြည့်လိုက်ဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေလေသည်။
ဟွမ်ကျိုအာ ဘာကိုကြည့်နေမှန်း ကုချန် မသိပေ။
ဤနှစ်များတစ်လျှောက် ဟွမ်ကျိုအာသည် ဤအတိုင်းပင် နန်းဆောင်ထဲ၌ တိတ်ဆိတ်စွာထိုင်ရင်း ထိုလျှို့ဝှက်ဆန်းကြယ်သော အခေါင်းကိုသာ စိုက်ကြည့်နေလေ့ရှိသည်။ သူ့ကို ဆွဲဆောင်နေသော အရာတစ်ခုခု ထိုအပေါ်တွင် ရှိနေသကဲ့သို့ပင်။
သို့သော် ထိုအပြုအမူမှလွဲ၍ ဟွမ်ကျိုအာတွင် အခြားမည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ တိတ်ဆိတ်စွာသာ နေလေ့ရှိသဖြင့် နောက်ပိုင်းတွင် ကုချန်လည်း သူ့သဘောအတိုင်း လွှတ်ထားလိုက်တော့ခြင်း ဖြစ်သည်။
ဟွမ်ကျိုအာ၏ဇာစ်မြစ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ ဤလျှို့ဝှက်ဆန်းကြယ်သော အခေါင်းနှင့်အတူ ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူ့စိတ်တိုင်းကျ လုပ်ဆောင်စေခြင်းအားဖြင့် အတိတ်က အမှတ်ရစရာအချို့ကို ပြန်လည်အမှတ်ရလာနိုင်ပြီး ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလား၏ဇာစ်မြစ်ကို ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်ပေလိမ့်မည်။
သို့သော် နောက်ပိုင်းတွင် ဟွမ်ကျိုအာ၏ အကြည့်များသည် ခေါင်းတလားကို ကြည့်ရုံသာမက ကုချန်ထံသို့လည်း မကြာခဏ ရောက်လာတတ်ပြီး ကုချန်ကိုပါ သူ၏ 'စောင့်ကြည့်ခြင်း' ထဲတွင် ထည့်သွင်းထားပုံရ၏။
ဤကဲ့သို့ နှစ်တစ်ရာကြာအောင် တိတ်ဆိတ်စွာ စောင့်ကြည့်ပြီးနောက် ဟွမ်ကျိုအာသည် ရုတ်တရက် စကားပြောလာခဲ့၏။ သူ၏ အသံတွင် ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။
" ကျွန်မ နားလည်ပြီ ထင်တယ်! "
" နားလည်ပြီ? "
ကုချန်သည် လန့်သွားကာ ချက်ချင်းပင် မေးမြန်းလိုက်မိသည်။
" ကျွန်မ ကံကြမ္မာနှောင်ကြိုးတွေကို မြင်လိုက်ရပြီ! "
ဟွမ်ကျိုအာမှ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ထို့နောက် ကုချန် စိတ်ရှုပ်ထွေးနေသည်ကို သိပုံရကာ အလျင်အမြန် ရှင်းပြလေသည်။
" ကျွန်မက ဒီခေါင်းတလားနဲ့အတူ အရှင့်ရဲ့ ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရတာပါ... ပြီးတော့ ကျွန်မရဲ့ အတိတ်က မှတ်ဉာဏ်တွေလည်း ပျောက်ဆုံးနေခဲ့တယ်.....
ဒါကြောင့် ကံကြမ္မာမဟာတာအိုရဲ့ မသိမသာ လမ်းညွှန်မှုကို အသုံးပြုပြီး... ဒီအခေါင်းရဲ့ 'ကံကြမ္မာလမ်းကြောင်း' ကို စောင့်ကြည့်ပြီး ကျွန်မရဲ့အတိတ်ကို ပြန်လည်တွက်ချက်ဖို့ ကြိုးစားခဲ့တယ်.....
ဒါပေမယ့် ဒီနှစ်တွေတစ်လျှောက် ကျွန်မ ဘယ်လိုပဲ စောင့်ကြည့်ပါစေ... ဒီခေါင်း
တလားက တွင်းနက်ကြီးတစ်ခုလို ဖြစ်နေပြီး အသုံးဝင်တဲ့ ကံကြမ္မာကြိုးမျှင် တစ်ခုမှ ထွက်မလာခဲ့ဘူး.....
မကြာသေးခင်ကမှ ကျွန်မ ရုတ်တရက် တွေးမိလိုက်တာက... အရှင်က ဒီခေါင်းတလားကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်တဲ့အတွက် အရှင်နဲ့ ဒီခေါင်းတလားကြားက နှောင်ကြိုးက ကျွန်မနဲ့ ဒီခေါင်းတလားကြားက နှောင်ကြိုးထက် ပိုပြီး နက်ရှိုင်းနိုင်တယ်လို့ပေါ့!
ဒါကြောင့် ကျွန်မ တွေးလိုက်တယ်... ဒီအခေါင်းကို စောင့်ကြည့်လို့ ဘာရလဒ်မှ မထွက်ဘူးဆိုရင် အရှင့်ကို စောင့်ကြည့်ရင်ရော? အရှင့်ကို စောင့်ကြည့်တဲ့နည်းလမ်းနဲ့ ကျွန်မနဲ့ ဒီခေါင်းတလားကြားက ကံကြမ္မာဆက်နွယ်မှုကို တွက်ချက်နိုင်ပြီး အသုံးဝင်တဲ့ သဲလွန်စတချို့ ရနိုင်မလားလို့လေ "
ဤနေရာသို့ ရောက်သောအခါ ဟွမ်ကျိုအာသည် လျှာထုတ်လိုက်ကာ ကုချန် စိတ်ဆိုးမည်ကို ကြောက်ရွံ့သည့်ဟန်ဖြင့် တိုးတိုးလေး ပြောလေသည်။
" ကျွန်မရဲ့ ကံကြမ္မာစောင့်ကြည့်ခြင်းထဲမှာ အရှင့်ကိုပါ ထည့်လိုက်မိတယ်... အရှင် စိတ်မဆိုးဘူးမလား? "
" ဆက်ပြောပါ "
ကုချန် စိတ်မဆိုးပါပေ။ သူသည် ပြုံးရုံသာပြုံးကာ ဟွမ်ကျိုအာကို ဆက်ပြောရန် အမူအရာပြလိုက်၏။
ဟွမ်ကျိုအာ မည်သည်တို့ကို မြင်ခဲ့ရသလဲဆိုတာ သူလည်း အနည်းငယ် သိချင်နေမိသည်။
ကုချန် စိတ်ဆိုးပုံမရသည်ကို မြင်သောအခါ ဟွမ်ကျိုအာမှ ဆက်၍ ပြောဆိုလေသည်။
" ကျွန်မရဲ့ စောင့်ကြည့်မှုအရ ကျွန်မရဲ့ ထင်ကြေးက တကယ်ပဲ မှန်ကန်နေတယ်... အရှင်နဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားကြားက ကံကြမ္မာနှောင်ကြိုးက ကျွန်မနဲ့ နှောင်ကြိုးထက် အများကြီး ပိုနက်ရှိုင်းတယ်.....
ပြီးတော့ ကံကြမ္မာမဟာတာအိုရဲ့ လမ်းညွှန်မှုက ကျွန်မကို သတင်းအချက်အလက်တချို့ တကယ်ပဲ ပေးခဲ့တယ်.....
အဲဒါကတော့ ကျွန်မနဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားက မူလဇာစ်မြစ် တစ်ခုတည်းကနေ ဆင်းသက်လာတာတဲ့! "
မူလဇာစ်မြစ် တစ်ခုတည်းကနေ ဆင်းသက်လာတာ?
ကုချန်သည် အံ့အားသင့်သွားရ၏။
ဒါက ဘာအဓိပ္ပာယ်လဲ?
" အရှင်... ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်မ ကုချင်းရွဲ့နဲ့အတူ အပြင်ထွက်လေ့လာရင်း လူသားဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲကို မတော်တဆရောက်သွားပြီး... လူသားဧကရာဇ်ရဲ့ လမ်းညွှန်မှုနဲ့ ကျွန်မရဲ့ ဇာစ်မြစ်အမှန်တရားကို တစွန်းတစ မြင်ခဲ့ရတာကို မှတ်မိသေးလား? "
ဟွမ်ကျိုအာမှ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
" လူသားဧကရာဇ် ပြောဖူးတာက ကျွန်မရဲ့ ဇာစ်မြစ်က ပစ္စုပ္ပန်နဲ့ မသက်ဆိုင်ဘူး... အတိတ်နဲ့ မသက်ဆိုင်သလို အနာဂတ်နဲ့လည်း မသက်ဆိုင်ဘူးတဲ့.....
အခု ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အခေါင်းက ကျွန်မနဲ့ မူလဇာစ်မြစ် အတူတူပဲဆိုတော့ ဒီခေါင်းတလားရဲ့ ဇာစ်မြစ်ကလည်း ကျွန်မလိုပဲ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံးမှာ တည်ရှိမနေဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ! "
ဒီခေါင်းတလားရဲ့ ဇာစ်မြစ်ကလည်း ဟွမ်ကျိုအာလိုပဲ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ မသက်ဆိုင်ဘူးတဲ့လား?
ကုချန်သည် အနည်းငယ် ကြောင်အသွားပြီးနောက် စဉ်းစားဟန်ပြုလိုက်သည်။
သူ မူလက ထင်ထားသည်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလား၏ ဇာစ်မြစ်နှင့် အခြေခံအုတ်မြစ်သည် အင်မော်တယ်နယ်မြေတွင် ရှိလိမ့်မည်ဟု ယူဆထားခြင်းဖြစ်ရာ အင်မော်တယ်နယ်မြေသို့ ရောက်သွားပါက သဲလွန်စများကို စုံစမ်းနိုင်လိမ့်မည်ဟုပင်။
သို့သော် ယခုပုံစံအရ အင်မော်တယ်နယ်မြေတွင်ပင် ဤခေါင်းတလားနှင့် ပတ်သက်သည့် သဲလွန်စ သို့မဟုတ် ခြေရာလက်ရာများမှာ ရှိချင်မှ ရှိနိုင်ပေလိမ့်မည်။
မှန်၏။ ဟွမ်ကျိုအာ၏ သရုပ်မှန်နှင့် ဇာစ်မြစ်ပင်လျှင် ဤမျှ လျှို့ဝှက်ဆန်းကြယ်နေလျှင် ဤလျှို့ဝှက်ဆန်းကြယ်သည့် ခေါင်းတလားမှာ မည်သို့ ခြွင်းချက် ဖြစ်နိုင်မည်နည်း။
ဒါပေမယ့် 'အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ မသက်ဆိုင်ဘူး' ဆိုတဲ့ ဟောကိန်းက တကယ်ပဲ ဘာကို ဆိုလိုတာလဲ?
အချိန်မြစ်သည် ကောင်းကင်ဘုံအားလုံးနှင့် စကြဝဠာအဆုံးမဲ့၊ သက်ရှိသတ္တဝါအားလုံး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို လွှမ်းခြုထားသည်။
သို့သော် ဟွမ်ကျိုအာနှင့် ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားသည် အချိန်မြစ်နှင့် သက်ဆိုင်ခြင်း မရှိဘဲ သီးခြားကွဲထွက်နေသကဲ့သို့ ဖြစ်နေသည်။
ခန့်မှန်းရခက်လိုက်တာ၊ တကယ်ကို ခန့်မှန်းရခက်တာပဲ။
ကုချန်သည် ခေါင်းခါလိုက်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
သေချာသည်မှာ သူလက်ရှိပိုင်ဆိုင်ထားသော သတင်းအချက်အလက်များဖြင့် ဟွမ်ကျိုအာနှင့် ဤခေါင်းတလား၏ တိကျသော ဇာစ်မြစ်ကို တွက်ချက်၍ မရနိုင်ပေ။ ဆက်နွယ်သော သဲလွန်စတစ်ခုမှပင် မရှိချေ။
" အရှင်... ကျွန်မမှာ တောင်းဆိုစရာ တစ်ခုရှိတယ် "
ထိုအချိန်တွင် ဟွမ်ကျိုအာသည် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကုချန်ကို ကြည့်ကာ တုံ့ဆိုင်းစွာ ပြောဆိုလိုက်သည်။
" ဘာကိစ္စလဲ? "
ကုချန်မှ သိလိုစွာ မေးမြန်းလိုက်သည်။
" ကျွန်မ... ဒီခေါင်းတလားထဲ ဝင်ကြည့်ချင်တယ် "
ဟွမ်ကျိုအာသည် မျက်တောင်ခတ်ရင်း သူ၏ ရည်ရွယ်ချက်ကို ဖွင့်ဟ ပြောဆိုလိုက်သည်။
" ကံကြမ္မာရဲ့ မသိမသာ လမ်းညွှန်မှုက ကျွန်မကို ဒီခေါင်းတလားထဲ ဝင်ကြည့်သင့်တယ်လို့ ပြောနေသလိုပဲ "
ဒီခေါင်းတလားထဲ ဝင်ကြည့်မယ်?
ကုချန်သည် သူ၏ဘေးရှိ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
သူ့တွင်လည်း ထိုအတွေးမျိုး ရှိခဲ့ဖူးသည်။ ခေါင်းတလားထဲ ဝင်ပြီးနောက် ထူးဆန်း၍ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို အိပ်မက်မက်ခဲ့ကာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်တစ်ဖက်ကို မြင်တွေ့ခဲ့ရပြီး ထိုမှတဆင့် 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို ရရှိခဲ့ဖူးသည်။
ယခု ဟွမ်ကျိုအာတွင်လည်း ထိုအတွေးမျိုး ရှိနေပြီး ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားထဲသို့ ဝင်ရောက်စူးစမ်းလိုနေသည်။
အကယ်၍ သူ့ကို ဝင်ခွင့်ပေးလိုက်လျှင် သူ ဘာတွေများ မြင်တွေ့ရလိမ့်မလဲ?