← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 26 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 26 Ch. 355-356

‎အခန်း ( ၃၅၅ ) - ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသေဆုံးခြင်း၊ ကံကြမ္မာကို လှုပ်ခတ်စေခြင်းနှင့် ရှေ့ဆက်သွားမည်လော

‎

‎

‎

‎ဤနေရာတွင် ရှီမိုထျန်းကျွင်းအား သူအမှန်တကယ် တွေ့လိုက်ရလေသည်။

‎

‎

‎ကုချန်မှာ ရုတ်တရက် အံ့အားသင့်ထိတ်လန့်သွားရ၏။

‎

‎

‎သို့သော် သေချာစွာ အကဲခတ်ကြည့်လိုက်သောအခါ ဤသည်မှာ အံ့သြဖွယ်ရာ မဟုတ်ကြောင်း သူသိလိုက်ရသည်။

‎

‎

‎ယခင်က နတ်ဆိုးနယ်မြေတွင် သူ၏ဒုတိယကိုယ်ပွားသည် ရှီမိုထျန်းကျွင်းနှင့် တိုက်ခိုက်ခဲ့ဖူး၏။ ထိုစဉ်က ရှီမိုထျန်းကျွင်းသည် အချိန်မြစ်၏ တားမြစ်ချက်အား မဆင်မခြင် ထိတွေ့ခဲ့မိသဖြင့် အချိန်မြစ်စွမ်းအား၏ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရကာ နောက်ဆုံးတွင် အချိန်မြစ်၏ အထက်ပိုင်း၌ လမ်းပျောက်သွားခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုအချိန်တွင်မူ သူကိုယ်တိုင်မှာ ထူးဆန်းသော ရှေးဟောင်းခေါင်းတလားကြီးပေါ်၌ လိုက်ပါ၍ အချိန်မြစ်အထက်ပိုင်းသို့ ခရီးနှင်နေခြင်း ဖြစ်ရာ လမ်းပျောက်နေသော ရှီမိုထျန်းကျွင်းနှင့် အချိန်မြစ်ထဲတွင် ဆုံတွေ့ရခြင်းမှာ ပုံမှန်သာဖြစ်ရမည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနယ်မြေနှင့် အဆုံးမဲ့ကမ္ဘာတို့မှာ နေရာတစ်တည်း မဟုတ်သော်ငြား နှစ်ခုစလုံးမှာ ကျယ်ပြောလှသော ကောင်းကင်ဘုံ၏ အစိတ်အပိုင်းများသာ ဖြစ်ကြပြီး ၎င်းတို့၏ အတိတ်၊ အနာဂတ်နှင့် ပစ္စုပ္ပန်တို့မှာလည်း သဘာဝကျကျပင် တစ်ခုတည်းသော အချိန်မြစ်ထဲတွင် တည်ရှိနေကြပေသည်။

‎

‎

‎ကုချန်အား အမှန်တကယ် တည်ကြည်လေးနက်သွားစေသည်မှာ ရှီမိုထျန်းကျွင်း ယခုလေးတင် ပြောဆိုလိုက်သော စကားများကြောင့်ပင် ဖြစ်သည်။

‎

‎

‎သူ ဘာတွေပြောနေခြင်းနည်း။ ဤနေရာသည် အချိန်မြစ်၏ အထက်ပိုင်းမဟုတ်ဘဲ အောက်ပိုင်းဟူ၍လော။

‎

‎

‎နတ်ဆိုးနယ်မြေတွင်ရှိစဉ်က ရှီမိုထျန်းကျွင်း အချိန်မြစ်၏အထက်ပိုင်း၌ လမ်းပျောက်သွားသည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ ယခု ဤနေရာတွင် သူ့အား ပြန်လည်ဆုံတွေ့ရသည်ဖြစ်ရာ ဤနေရာမှာ အချိန်မြစ်၏ အောက်ပိုင်း မည်သို့ ဖြစ်နိုင်မည်နည်း။

‎

‎

‎ဤသည်မှာ လမ်းပျောက်နေသော ရှီမိုထျန်းကျွင်း၏ ရူးသွပ်နေသော စကားများလော သို့တည်းမဟုတ် အမှန်တရားပင်လော။

‎

‎

‎သူ မည်မျှပင် ဂရုတစိုက် သတိထားခဲ့သော်ငြား အစကတည်းက အချိန်မြစ်၏ လှည့်စားမှုကို ခံလိုက်ရပြီး အချိန်မြစ်၏ အောက်ပိုင်းကို အထက်ပိုင်းဟု မှားယွင်းစွာ ထင်မှတ်နေခဲ့ခြင်းများလော။

‎

‎

‎ထူးဆန်းသော ခေါင်းတလားကြီးသည် အချိန်မြစ်၏ အထက်ပိုင်းသို့ ဦးတည်၍ အထက်ဆန်တက်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူတို့သည် အချိန်မြစ်၏ အောက်ပိုင်းအဆုံးသတ်ဆီသို့သာ အမြဲတစေ ရွေ့လျားနေခဲ့ခြင်း ဖြစ်မည်လော။

‎

‎

‎ရှီမိုထျန်းကျွင်း ဤနေရာတွင် ပေါ်လာရခြင်းမှာလည်း ထိုနေ့က အချိန်မြစ်ထဲ၌ လမ်းပျောက်သွားပြီးနောက် ဖြစ်ပေါ်လာသော 'ပြောင်းလဲမှု' တစ်ခုခုကြောင့်များ ဖြစ်နေမည်လော။

‎

‎

‎" မင်းလား?! "

‎

‎

‎ကုချန်သည် ရှီမိုထျန်းကျွင်းအား စူးစိုက်ကြည့်နေစဉ်မှာပင် ရှီမိုထျန်းကျွင်းကလည်း သူ့ကို သတိထားမိသွားပုံရသည်။ အေးစက်လှသော မျက်လုံးတစ်စုံသည် ကုချန်ထံသို့ အကြည့်ရောက်လာလေ၏။

‎

‎

‎သို့သော် ထို့နောက်တွင် ရှီမိုထျန်းကျွင်း၏ အကြည့်များမှာ ဝေခွဲမရဖြစ်သွားတော့သည်။

‎

‎

‎" မဟုတ်ဘူး... မဟုတ်သေးဘူး... မင်းမဟုတ်ဘူး... မင်းရဲ့ချီစွမ်းအင်က သူ့ဟာနဲ့ လုံးဝကို ကွာခြားနေတာပဲ..... "

‎

‎

‎ဤနေရာတွင် ရှိနေသည်မှာ ကုချန်၏ ပင်မကိုယ်ပွားဖြစ်သည်။ နတ်ဆိုးနယ်မြေရှိ ဒုတိယကိုယ်ပွားနှင့် မျက်နှာသွင်ပြင် တူညီနေသည်မှအပ ချီစွမ်းအင်မှစ၍ အဆင့်အတန်းအထိ အရာရာတိုင်းသည် လုံးဝကွဲပြားနေသောကြောင့် သဘာဝကျကျပင် ရှီမိုထျန်းကျွင်း နားလည်နိုင်စွမ်း မရှိဖြစ်နေရသည်။

‎

‎

‎" မင်းက ဘယ်သူလဲ... ဒီကို ဘာလို့ရောက်နေတာလဲ "

‎

‎

‎ရှီမိုထျန်းကျွင်း၏ အကြည့်များမှာ စူးရှသွားခဲ့သော်လည်း မကြာမီမှာပင် ရူးသွပ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားလေသည်။

‎

‎

‎" ဟားဟားဟား... မင်းက ဘယ်သူပဲဖြစ်ဖြစ် ဂရုစိုက်နေစရာ မလိုတော့ပါဘူး... ဘာမှ အရေးမပါတော့ဘူးလေ... ဘာမှကို အရေးမကြီးတော့တာ "

‎

‎

‎" အားလုံးသေရမယ်... အားလုံး သေကြရမှာပဲ! "

‎

‎

‎ရှီမိုထျန်းကျွင်းသည် အရူးတစ်ပိုင်း ဖြစ်နေလေပြီ။ ကုချန်၏ တည်ကြည်လေးနက်သော အကြည့်များအောက်တွင်ပင် သူသည် သူ၏ အင်မော်တယ်ဘုရင်ခန္ဓာကိုယ်အား ရုတ်ချည်း ဖောက်ခွဲပစ်လိုက်ကာ ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲသွားတော့သည်။

‎

‎

‎ရှီမိုထျန်းကျွင်းသည် အမှန်တကယ်ပင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားခဲ့ပြီတည်း။

‎

‎

‎ဤရုတ်တရက်ဆန်လှသော မြင်ကွင်းသည် ကုချန် မျှော်လင့်ထားသည်ထက် လုံးဝလွန်ကဲနေခဲ့သည်။

‎

‎

‎ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်ငြား အင်မော်တယ်ဘုရင်တစ်ပါးသည် အသက်ရှင်လျက် ရှိနေဆဲဖြစ်သည်။

‎

‎

‎သူသည် မည်သည့်အရာများကို မြင်တွေ့ခဲ့ရသဖြင့် ဤမျှ မျှော်လင့်ချက်မဲ့ကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်သည်အထိ ဖြစ်သွားရသနည်း။

‎

‎

‎" သူ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားတာပဲ "

‎

‎

‎ကုချန်၏ နောက်ဘက်မှ ဟွမ်ကျိုအာသည် ခေါင်းလေးပြူထွက်လာကာ သူ၏ လှပသော မျက်လုံးများတွင်မူ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေလေသည်။

‎

‎

‎သူ၏ရှေ့ရှိ သွေးသံရဲရဲဖြစ်နေသော ပုံရိပ်၏ချီစွမ်းအင်သည် သူကြုံတွေ့ဖူးသမျှ အစွမ်းထက် ကျင့်ကြံသူအားလုံးထက်ပင် သာလွန်လောက်အောင် ကြီးမားလှကြောင်း သူ သိမြင်နိုင်စွမ်းရှိသည်။

‎

‎

‎သို့သော် ဤမျှ အစွမ်းထက်သော တည်ရှိမှုတစ်ခုသည် မည်သည့်အရာကို တွေ့ရှိသွားခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသေဆုံးရသည်အထိ မျှော်လင့်ချက်ကင်းမဲ့သွားရသနည်း။

‎

‎

‎ကုချန်သည် မျက်မှောင်ကျုံ့သွားကာ တိတ်ဆိတ်နေလိုက်သည်။

‎

‎

‎ရှီမိုထျန်းကျွင်းအား မည်သည့်အရာမှ နှိုးဆွလိုက်သည်ကို သူ မသိချေ။ ရှီမိုထျန်းကျွင်းသည် ဤ အချိန်မြစ်၏ အောက်ပိုင်းဟုခေါ်သော နေရာတွင် ကြောက်မက်ဖွယ်ကောင်းသည့် အမှန်တရားတစ်ခုခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက် ၎င်းကို လက်မခံနိုင်သည့်အဆုံး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကာ အသက်ကို အဆုံးသတ်ရန် ရွေးချယ်လိုက်ခြင်းများလော။

‎

‎

‎သို့သော် ဤသည်မှာ အင်မော်တယ်ဘုရင်တစ်ပါး၏ တာအိုနှလုံးသားနှင့် များစွာ ကွဲလွဲလွန်းနေသည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိလာသော မည်သည့်ကျင့်ကြံသူ၌မဆို ကျောက်ဆောင်ကဲ့သို့ ခိုင်မာ၍ တုန်လှုပ်ဖွယ်မရှိသော တာအိုနှလုံးသားမျိုး မရှိဘဲ နေမည်နည်း။

‎

‎

‎အနာဂတ်၏ သေးငယ်သော အစိတ်အပိုင်းလေးတစ်ခုကိုသာ မြင်တွေ့ခဲ့ရလျှင်ပင် ဤမျှ မျှော်လင့်ချက်မဲ့သည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။

‎

‎

‎ယခုမူ ရှီမိုထျန်းကျွင်းသည် အလွန်ပြတ်သားစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားခဲ့သည်။ သူသည် အချိန်မြစ်၏ တန်ပြန်သက်ရောက်မှုအောက်တွင် ဖိနှိပ်ခံနေရဆဲဖြစ်ရာ ၎င်းမှာ သူ၏ နာမ်ပိုင်းဆိုင်ရာ ပလ္လင်ကို မည်းမှောင်သွားစေ၍ နတ်ဝိညာဉ်ကိုပါ ကမောက်ကမဖြစ်စေကာ ဤကဲ့သို့ အဓိပ္ပာယ်မဲ့ အစွန်းရောက်လှသော လုပ်ရပ်မျိုးကို လုပ်ဆောင်စေခဲ့ခြင်းလော ဟု သံသယမဝင်ဘဲ မနေနိုင်ချေ။

‎

‎

‎" အရှင်... ခုနက သူပြောသွားတာတွေက အမှန်တွေလား "

‎

‎

‎ဟွမ်ကျိုအာမှ တီးတိုး မေးမြန်းလိုက်သည်။

‎

‎

‎ရှီမိုထျန်းကျွင်း ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးမီ ပြောဆိုသွားခဲ့သော စကားများသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ကာ သူ့အား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရစေသည်။

‎

‎

‎စကြဝဠာအားလုံး ပျက်စီးယိုယွင်းသွားရလောက်အောင်ပင် အနာဂတ်ဟာ အမှန်တကယ် မှောင်မိုက်နေခဲ့သလော။

‎

‎

‎သို့ဆိုလျှင် ယခုလက်ရှိ တည်ရှိနေကြသော ရေတွက်မရနိုင်သည့် သက်ရှိများ အသည်းအသန် အစွမ်းကုန်ကြိုးစား ကျင့်ကြံနေကြခြင်းမှာ ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ နောက်ဆုံးတွင် အရာအားလုံးဟာ အချည်းနှီးသာ ဖြစ်သွားမည် မဟုတ်ပါလော။

‎

‎

‎ဟွမ်ကျိုအာ၏ အကြည့်များမှာ အနည်းငယ် ဝေခွဲမရဖြစ်နေပြီး၊ မမြင်ရသော အရာတစ်ခုခု၏ လွှမ်းမိုးမှုကို ခံလိုက်ရသကဲ့သို့ ဖြစ်ကာ၊ ဝေဝေဝါးဝါးဖြင့် ရှီမိုထျန်းကျွင်းကဲ့သို့ပင် ရိုးရိုးရှင်းရှင်း အရှုံးပေးလိုက်ချင်သည့် အတွေးမျိုးပင် သူ့ဆီသို့ ဝင်ရောက်လာခဲ့သည်။

‎

‎

‎" စိတ်ကို ငြိမ်ငြိမ်ထားစမ်း! "

‎

‎

‎ဟွမ်ကျိုအာ၏ မျက်နှာအမူအရာကို မြင်လိုက်ရသည်နှင့် သူ၏စိတ်များ ယိမ်းယိုင်နေလျက် မကြာမီ ပြိုလဲတော့မည့် လက္ခဏာများ ပြသနေသည်ကို ကုချန် မည်သို့များ မသိဘဲ နေမည်နည်း။ ထို့ကြောင့် သူသည် လျှို့ဝှက်သော တာအိုအသံ ပါဝင်သည့် တိုးညင်းသော သတိပေးသံတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်ကာ သူ၏ အဆိုးမြင်နေသည့် အခြေအနေမှ နိုးထလာစေခဲ့သည်။

‎

‎

‎သတိပြန်ဝင်လာသော ဟွမ်ကျိုအာအား ကြည့်ရင်း ကုချန်သည် အသံဩဩဖြင့် ပြောဆိုလိုက်၏။

‎

‎

‎" အနာဂတ်အကြောင်း ပြောဆိုတာက အနှစ်သာရမရှိဘူး... မျက်စိနဲ့ မမြင်ရသမျှ အရာရာက အတုအယောင်တွေချည်းပဲ "

‎

‎

‎" ကျင့်ကြံသူတွေအနေနဲ့ ကိုယ့်ရဲ့ မူလအစက ရည်ရွယ်ချက်ကို စွဲကိုင်ထားသင့်ပြီး ပစ္စုပ္ပန်ကိုပဲ အလေးထားရမယ် "

‎

‎

‎ကုချန်၏စကားများမှာ အလွန် ပြတ်သားလှ၏။ သူသည် အနာဂတ်ကို ဘယ်သောအခါမျှ မျက်ကန်းယုံကြည်လေ့မရှိပေ။

‎

‎

‎အနာဂတ်အားလုံးက ကြိုတင်သတ်မှတ်ထားပြီးသားဆိုတာက ဘာအဓိပ္ပာယ်လဲ။

‎

‎

‎ထိုနေ့ရက် မရောက်လာသေးသရွေ့ အရာရာတိုင်းသည် အပြောင်းအလဲများစွာဖြင့် ပြည့်နှက်နေမည်သာဖြစ်သည်။ ပစ္စုပ္ပန်တွင် ခြေလှမ်းတိုင်းကို သေချာစွာ လှမ်းနိုင်သရွေ့၊ အနာဂတ်သည် အမှန်တကယ် မှောင်မိုက်နေလျှင်တောင်မှ အမှောင်ထုကို ဆွဲဖြဲ၍ အလင်းရောင်ကို မြင်တွေ့နိုင်မည်ဟု သူ အခိုင်အမာ ယုံကြည်ထား၏။

‎

‎

‎" အရှင့်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် "

‎

‎

‎ကုချန်၏ တာအိုအသံကြောင့် နိုးထလာခဲ့သော ဟွမ်ကျိုအာသည် ရှက်ရွံ့နေသည့်ပုံပေါ်၏။ ထို့နောက် တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲ၌ ကြက်သီးထဖွယ် ခံစားလိုက်ရသည်။

‎

‎

‎သူ နိုးထလာပြီးစဉ်ကတည်းက ဘယ်သောအခါမျှ မကျင့်ကြံခဲ့သော်လည်း သူ၏ကျင့်စဉ်အဆင့်မှာ တည်ငြိမ်စွာ တိုးတက်နေခဲ့သည်။ ဤသည်ကပင် သူ၏တာအိုနှလုံးသားကို အနည်းငယ် အားနည်းစေခဲ့ကာ ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ထက်ပင် နိမ့်ကျနေစေခဲ့သည်။

‎

‎

‎အကယ်၍ ထို အခြားသော ညီမများသာ ဤနေရာတွင် ရှိနေခဲ့ပါက သူ့ကဲ့သို့ ဤမျှလွယ်ကူစွာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမည် မဟုတ်တန်ရာ။

‎

‎

‎အနာဂတ်တွင် သူ၏တာအိုနှလုံးသားကို ပိုမို ခိုင်မာအောင် သွေးပေးရန် လိုအပ်နေသေး၏။ သို့မဟုတ်ပါက သူ၏ကျင့်စဉ်အဆင့် မည်မျှပင် မြင့်မားနေစေကာမူ လေထဲရှိ ရဲတိုက်တစ်ခုကဲ့သို့သာ ဖြစ်နေမည်ဖြစ်ပြီး အသေးအမွှား အခက်အခဲလေးတစ်ခု တွေ့သည်နှင့် တစ်ပြိုင်နက် ပြိုလဲသွားပေလိမ့်မည်။

‎

‎

‎" မင်း ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်နေစရာ မလိုပါဘူး "

‎

‎

‎ဟွမ်ကျိုအာ၏ ရှက်ရွံ့နေသည့် အမူအရာကို မြင်သောအခါ ကုချန်သည် ကြင်နာစွာဖြင့် နှစ်သိမ့်ပေးလိုက်သည်။

‎

‎

‎" မင်းက အစကတည်းက ကံကြမ္မာ မဟာတာအိုကို ကျင့်ကြံထားတာလေ... အတိတ်နဲ့ အနာဂတ်အကြောင်း ပြောဆိုတာတွေက မင်းရဲ့ ကံကြမ္မာ မဟာတာအိုနဲ့ နက်နက်ရှိုင်းရှိုင်း ယှက်နွှယ်နေတော့... မသိမသာ လွှမ်းမိုးခံရတာက ပုံမှန်ပါပဲ "

‎

‎

‎ဟွမ်ကျိုအာ ဤမျှ လွယ်ကူစွာ လွှမ်းမိုးခံလိုက်ရခြင်းမှာ သူ၏တာအိုနှလုံးသား မခိုင်မာသေးခြင်းနှင့် သက်ဆိုင်နေကြောင်း ကုချန် ကောင်းစွာ သိသော်လည်း ထိုဆက်နွှယ်မှုမှာ သိပ်မကြီးမားလှပေ။

‎

‎

‎အဓိက အကြောင်းရင်းမှာ ဟွမ်ကျိုအာသည် ကံကြမ္မာ မဟာတာအို၏ မျက်နှာသာပေးမှုကို ခံထားရသောကြောင့် ဖြစ်သည်။

‎

‎

‎ကံကြမ္မာဆိုသည်မှာ အဘယ်နည်း။

‎

‎

‎ဤအချိန်မြစ်၏ အတိတ်နှင့် အနာဂတ်တို့မှာ မူလအစကတည်းက ကံကြမ္မာ၏ အစိတ်အပိုင်းများပင် ဖြစ်ကြသည်။

‎

‎

‎ထို့ကြောင့်ပင် သူသည် အလွယ်တကူ လွှမ်းမိုးခံလိုက်ရကာ စိတ်များ ယိမ်းယိုင်သွားခဲ့ရခြင်း ဖြစ်သည်။

‎

‎

‎" ဒါဆိုရင် အရှင်... ကျွန်မတို့ ရှေ့ဆက်သွားကြမလား "

‎

‎

‎ဟွမ်ကျိုအာမှ တီးတိုး မေးမြန်းလိုက်သည်။

‎

‎

‎ရှီမိုထျန်းကျွင်း၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားမှုသည် သူ၏နှလုံးသားပေါ်သို့ အရိပ်မည်းတစ်ခု ကျရောက်စေခဲ့၏။ အနာဂတ်အကြောင်း ပြောဆိုခြင်းများမှာ အနှစ်သာရမရှိဟု ဆိုစေကာမူ၊ ဤ ရှီမိုထျန်းကျွင်းသည် ရှေ့တွင် တစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရမည်မှာ သေချာလှပကာ၊ ၎င်းမှလည်း သူ့အား 'ကြမ္မာဆိုး' နှင့် ကြုံတွေ့ရသကဲ့သို့ ဝေဝေဝါးဝါးဖြင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားစေခဲ့ခြင်း ဖြစ်သည်။

‎

‎အခန်း ( ၃၅၆ ) - အခြေအနေကို စောင့်ကြည့်ခြင်း၊ အဆင့်တက်ရန် ကြိုးစားခြင်းနှင့် ကောင်းကင်တိုင်တစ်သောင်း

‎

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ရှီမိုထျန်းကျွင်းသည် နောက်ဆုံး၌ သေဆုံးသွားခဲ့ပေသည်။

‎

‎

‎သူ၏သေဆုံးမှုမှာ နောက်နောင် လာမည့်သူများအား သတိပေးနေသည့် တိတ်ဆိတ်သော သတိပေးချက်တစ်ခုကဲ့သို့ပင် ဖြစ်၏။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် 'အမှန်တရား' ဟုခေါ်သော အရာအချို့ကို မြင်တွေ့ခဲ့ပြီးနောက် ရူးသွပ်သွားကာ သူ၏တာအိုနှလုံးသားကို ဆုံးရှုံး၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ်ခဲ့ရလေသည်။

‎

‎

‎အကယ်၍ သူတို့နှစ်ဦး ရှေ့ဆက်သွားခဲ့ပါလျှင် ဤ ရှီမိုထျန်းကျွင်း၏ ခြေရာကို နင်းမိလျက်သား ဖြစ်သွားမည်လော။

‎

‎

‎ဤသည်မှာ ဖြေဆိုရန် ခက်ခဲလှသော မေးခွန်းတစ်ခုပင် ဖြစ်သည်။

‎

‎

‎ထို့ကြောင့်ပင် ဟွမ်ကျိုအာမှ ဤမေးခွန်းအား မေးမြန်းလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အကြောင်းမှာ အရှင်၏ စွမ်းအားဖြင့်ဆိုပါက မသိနိုင်သော အန္တရာယ်များနှင့် ကြမ္မာဆိုးများကို ခုခံနိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအားမှာမူ အလွန်ပင် နိမ့်ကျလွန်းနေသောကြောင့် ဖြစ်သည်။

‎

‎

‎အကယ်၍ အန္တရာယ်နှင့် အမှန်တကယ် ကြုံတွေ့လာရပါက အရှင်သည် သူ့အား ကာကွယ်ပေးရန်အတွက် အာရုံလွှဲရမည်ဖြစ်ပြီး၊ ထိုသို့ဆိုလျှင် သူ့အနေဖြင့် အမှန်တကယ်ပင် ကယ်တင်၍ မရနိုင်တော့မည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

‎

‎

‎" ရှေ့ဆက်သွားမယ် "

‎

‎

‎ဟွမ်ကျိုအာ၏ မေးခွန်းအား ရင်ဆိုင်ရချိန်တွင် ကုချန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိဘဲ ယခင်ကအတိုင်းပင် ခိုင်မာပြတ်သားနေခဲ့သည်။

‎

‎

‎သူတို့နှစ်ဦးသည် ဤနေရာအထိပင် ရောက်ရှိနေခဲ့ပြီဖြစ်ရာ မည်သို့လုပ်၍ နောက်ဆုတ်နိုင်မည်နည်း။ ယခုအချိန်တွင် နောက်ဆုတ်ချင်သည်ဆိုလျှင်တောင်မှ ဖြစ်နိုင်တော့မည် မဟုတ်ချေ။

‎

‎

‎သူတို့သည် မူလကတည်းကပင် အချိန်မြစ်ကို စုန်ဆင်းကာ ထူးဆန်းသော ခေါင်းတလားကြီးပေါ်၌ မျောပါလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ခေါင်းတလားပေါ်မှ မဆင်မခြင် ထွက်ခွာသွားခဲ့ပါက ဤအချိန်မြစ်အတွင်း၌ ပို၍ပင် ကြီးမားသော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်သည်။

‎

‎

‎ကိုယ့်သဘောနှင့်ကိုယ် မဆင်မခြင် လုပ်ဆောင်မည့်အစား ဤရှေးဟောင်း ခေါင်းတလားကြီးနှင့်အတူ ဆက်လက် မျောပါသွားခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။

‎

‎

‎" ကောင်းပါပြီ "

‎

‎

‎ကုချန်၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်တွေ့ရပြီးနောက် ဟွမ်ကျိုအာသည် စကားများများ ဆက်မပြောတော့ဘဲ ရှေးဟောင်းခေါင်းတလားထဲသို့ တိတ်ဆိတ်စွာ ကျုံ့ဝင်ပုန်းအောင်းလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် နောက်ပိုင်း၌ ကုချန်အတွက် ပြဿနာ မဖြစ်စေလိုသဖြင့် ဂရုတစိုက်ဖြင့် နိုးနိုးကြားကြား ရှိနေခဲ့သည်။

‎

‎

‎" ဝှစ်...! ရွှမ်း...! "

‎

‎

‎အချိန်မြစ်သည် လှိုင်းလုံးများ အဆက်မပြတ် ရိုက်ခတ်လူးလွန့်ကာ စီးဆင်းနေလေသည်။

‎

‎

‎သူတို့နှစ်ဦးသည် ရှေးဟောင်းခေါင်းတလားကြီးအား စီးနင်းကာ ရှေ့သို့ ခရီးဆက်ခဲ့ကြ၏။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မူလက ကြမ်းတမ်းနေခဲ့သော အချိန်မြစ်သည် တဖြည်းဖြည်း ငြိမ်သက်လာကာ ရိုက်ခတ်နေသော လှိုင်းလုံးများပင် များစွာ နည်းပါးသွားကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။

‎

‎

‎သို့သော် တစ်ချိန်တည်းမှာပင် သူတို့ ဆက်လက် ရှေ့တိုးလာသည်နှင့်အမျှ မူလက ကြည်လင်နေခဲ့သော မြစ်ရေများသည် တဖြည်းဖြည်း နောက်ကျိလာခဲ့လေသည်။

‎

‎

‎နောက်ဆုံးတွင် ရှေးဟောင်းမြစ်ရေများသည် မင်ရည်ကဲ့သို့ မည်းနက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ စီးဆင်းလာတော့သည်။

‎

‎

‎ဖြူစင်လှသော အချိန်မြူခိုးများပင်လျှင် ဤအမည်းရောင်အရောင်အဝါများနှင့် ရောယှက်သွားကာအလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းနေ၏။

‎

‎

‎အောက်ဘက်ရှိ မည်းနက်နေသော မြစ်ရေကို ကြည့်လျက် ကုချန်သည် သူ၏သတိကို တိတ်တဆိတ် မြှင့်တင်ထားလိုက်သည်။

‎

‎

‎အချိန်မည်မျှ ကြာမြင့်သွားခဲ့သည်ကိုမူ မည်သူမျှ မသိနိုင်ချေ။

‎

‎

‎မြစ်ရေသည် စီးဆင်းမှု ရပ်တန့်သွားပြီးနောက် ထူးဆန်းသော ခေါင်းတလားကြီးသည်လည်း နောက်ဆုံးတွင် ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့လေပြီ။

‎

‎

‎အောက်ဘက်ရှိ အချိန်မြစ်သည် တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ လှိုင်းတံပိုး တစ်ချက်မျှ မရှိတော့ဘဲ ဆက်လက် စီးဆင်းမည့် လက္ခဏာလည်း မပြတော့ချေ။

‎

‎

‎သို့သော် မြစ်ပြင်ကို လွှမ်းခြုံထားသော မြူခိုးများမှာမူ အလွန် ထူထပ်လွန်းနေလျက် ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားကာ အရာရာတိုင်းကို ကွယ်ပျောက်နေစေသည်။

‎

‎

‎" ရပ်သွားပြီပဲ..... "

‎

‎

‎ဟွမ်ကျိုအာသည် ထိုအချိန်ကျမှသာ ခေါင်းကို ရဲဝံ့စွာ မော့လာကာ ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်ကြည့်လိုက်သည်။ သို့သော် ကုချန်၏ နတ်အာရုံပင်လျှင် ခေါင်းတလားပတ်လည်ရှိ မြူခိုးများကို ထိုးဖောက်၍ မမြင်နိုင်သည်ဖြစ်ရာ ဟွမ်ကျိုအာအနေဖြင့် မည်သည့်အရာကိုမျှ ထောက်လှမ်း၍ မရနိုင်ခဲ့ပေ။

‎

‎

‎သူတို့ နောက်ထပ် ဘာလုပ်သင့်သနည်း။

‎

‎

‎ဟွမ်ကျိုအာမှာ စိုးရိမ်ပူပန်မှုကို မအောင့်အည်းနိုင်တော့ချေ။

‎

‎

‎ဤနေရာတွင် သူသည် ကံကြမ္မာ မဟာတာအို၏ အရိပ်အယောင်ကိုပင် လုံးဝ အာရုံခံ၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ပုံမှန်အားဖြင့် သူ့ထံသို့ ဉာဏ်အလင်းပွင့်သကဲ့သို့ ရောက်လာတတ်သော ကံကြမ္မာ၏ လမ်းညွှန်မှုများမှာ ယခုအခါတွင် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေပြီး သူ့အား အသေးငယ်ဆုံးသော အရိပ်အမြွက်လေးတစ်ခုမျှပင် ပေးစွမ်းနိုင်ခြင်း မရှိတော့ပေ။

‎

‎

‎" အခြေအနေကို စောင့်ကြည့်ရအောင် ကိုယ့်သဘောနဲ့ကိုယ် မဆင်မခြင် ဘာမှမလုပ်နဲ့ "

‎

‎

‎ကုချန်မှ အသံဩဩဖြင့် ပြောဆိုလိုက်သည်။ သူသည် ခေါင်းတလားပေါ်မှ မဆင်မခြင် ထွက်ခွာ၍ စူးစမ်းလေ့လာရန် ရည်ရွယ်ချက် မရှိဘဲ ဤ ထူးဆန်းသော ခေါင်းတလားကြီးထဲတွင်သာ ဆက်နေကာ အပြောင်းအလဲများ ဖြစ်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရန် ပြင်ဆင်ထားလေသည်။

‎

‎

‎ဤထူးဆန်းသော ခေါင်းတလားကြီးမှ သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိရမည်ဟု သူ ခံစားမိသည်။

‎

‎

‎ယခုအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုမှာ အခြေအနေကို စောင့်ကြည့်ရန်သာဖြစ်ပြီး၊ မဆင်မခြင် လှုပ်ရှားရန် မဟုတ်ပေ။

‎

‎

‎ကုချန်၏အမိန့်ကို ကြားပြီးနောက် ဟွမ်ကျိုအာသည် ချက်ချင်း နာခံလိုက်ကာ ခေါင်းတလားထဲသို့ ပြန်လည် ကျုံ့ဝင်ပုန်းအောင်းနေလိုက်သည်။

‎

‎

‎ကုချန်သည်လည်း တင်ပျဉ်ခွေကာ ထိုင်ချလိုက်သည်။

‎

‎

‎သို့သော် သူသည် ဤအခွင့်အရေးကို အသုံးချ၍ ကျင့်ကြံရန် ပြင်လိုက်ချိန်မှာပင်၊ သူ၏ရင်ထဲ၌ ရုတ်တရက် လှုပ်ရှားသွားခဲ့၏။

‎

‎

‎ရုတ်တရက် မေးခွန်းတစ်ခုကို သူ တွေးမိသွားသည်။ ယခု သူ ရောက်ရှိနေသော နေရာသည် အဆုံးမဲ့ကမ္ဘာ မဟုတ်သလို အင်မော်တယ်နယ်မြေ သို့မဟုတ် နတ်ဆိုးနယ်မြေလည်း မဟုတ်ဘဲ အချိန်မြစ်၏ အဆုံးသတ်တွင်ရှိသော ထူးဆန်းသည့် နေရာတစ်ခု ဖြစ်သည်။

‎

‎

‎သူ၏ပင်မကိုယ်ပွားသည် ဧကရာဇ်အဆင့် အထွတ်အထိပ်တွင် တစ်ဆို့နေခဲ့ကာ အဆင့်တက်လှမ်းနိုင်ခြင်း မရှိသည်မှာ အချိန်အတန်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာတွင် အဆင့်တက်လှမ်းရန် မဖြစ်နိုင်ချေ။ အင်မော်တယ်နယ်မြေ သို့မဟုတ် နတ်ဆိုးနယ်မြေတွင်သာ ဖြစ်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ.....

‎

‎

‎သူသည် ဤနေရာ၌ အဆင့်တက်လှမ်းနိုင်မည်လော။

‎

‎

‎ဤအကြောင်းကို တွေးမိသောအခါ၊ ကုချန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားရတော့သည်။

‎

‎

‎မည်သို့ပင် တွက်ဆကြည့်ပါစေ၊ အချိန်မြစ်၏ အနှစ်သာရသည် အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့ထက်သာ ပိုမိုမြင့်မားနိုင်ပြီး နိမ့်ကျနေမည် မဟုတ်ပေ။

‎

‎

‎အကယ်၍ သူသာ ဤနေရာ၌ အဆင့်တက်လှမ်းနိုင်ခဲ့လျှင်၊ အင်မော်တယ်နယ်မြေသို့ သွားရာလမ်းကို ပင်ပန်းဆင်းရဲခံကာ ရှာဖွေနေစရာ ဘာအကြောင်းရှိတော့မည်နည်း။

‎

‎

‎ထိုသို့ တွေးမိပြီးနောက်၊ ဟွမ်ကျိုအာအား စကားအနည်းငယ် မှာကြားလိုက်ပြီး၊ ကုချန်သည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး ထို သိမ်မွေ့လှသော ဧကရာဇ်အဆင့် အတားအဆီးကို ချိုးဖျက်ရန် စတင် ကြိုးစားတော့သည်။

‎

‎

‎ကုချန်အတွက်မူ အဆင့်တက်လှမ်းခြင်းဆိုသည်မှာ သဘာဝတရား၏ အစဉ်အဆက်တစ်ခုသာ ဖြစ်ပြီး၊ အချိန်မရွေး လုပ်ဆောင်နိုင်သည့် အရာပင် ဖြစ်သည်။

‎

‎

‎သူ၏အင်မော်တယ်အဆင့်သို့ တက်လှမ်းခြင်းကို တားဆီးနေသော တစ်ခုတည်းသော အတားအဆီးမှာ အဆုံးမဲ့ကမ္ဘာရှိ ကောင်းကင်နှင့်မြေကြီး၏ အဆုံးမဲ့တာအို အဆင့်အတန်းမှာ မမြင့်မားလွန်းသောကြောင့်ပင်။ သူ့အား ဧကရာဇ်အဆင့် အထွတ်အထိပ်တွင် လက်ခံထားနိုင်ခြင်းကပင်လျှင် ကန့်သတ်ချက် ဖြစ်နေခဲ့လေပြီ။

‎

‎

‎ယခုအခါ ဤအချိန်မြစ်ပေါ်ရှိ အဆုံးမဲ့တာအို အဆင့်အတန်းသည် မြင့်မားနေသရွေ့၊ အင်မော်တယ်အဆင့်သို့ သူ၏ တက်လှမ်းခြင်းမှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူနေမည်သာ ဖြစ်သည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎ကုချန်သည် ကောင်းကင်ဧကရာဇ်ကျမ်းစာအား လည်ပတ်စေကာ ထိုအတားအဆီးကို တွန်းဖယ်ချိုးဖျက်ရန် စတင်ကြိုးစားလိုက်ချိန်တွင်၊ ၎င်းသည် သိမ်မွေ့သော တားမြစ်ချက် တစ်ခုခုကို ချက်ချင်း နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

‎

‎

‎မူလက ငြိမ်သက်နေခဲ့သော အချိန်မြစ်သည် ရုတ်တရက် ဆူပွက်လာကာ အဆုံးအစမရှိသော လှိုင်းလုံးများသည် ထူးဆန်းသော ခေါင်းတလားကြီးထံသို့ အဆက်မပြတ် ရိုက်ခတ်လာတော့သည်။

‎

‎

‎ဤသည်ကို မြင်သောအခါ ဟွမ်ကျိုအာမှာ ထိတ်လန့်တကြားဖြင့် ထူးဆန်းသော ခေါင်းတလားကြီးကို အတင်းဖက်တွယ်ထားလိုက်မိကာ ရုတ်တရက် ထကြွလာသော ကြမ်းတမ်းသည့် လှိုင်းလုံးများကြောင့် လွင့်စင်မျောပါသွားမည်ကို စိုးရိမ်နေမိသည်။

‎

‎

‎သို့သော် သူ့အား အံ့အားသင့်သွားစေသည်မှာ ကြီးမားလှသော ကောင်းကင်လှိုင်းတံပိုးများကဲ့သို့ ရိုက်ခတ်လာသော မည်းနက်သည့် မြစ်ရေများသည် ထူးဆန်းသော ခေါင်းတလားကြီးကို အနည်းငယ်မျှပင် မလှုပ်ခတ်စေနိုင်ခဲ့ခြင်းပင်။

‎

‎

‎လှိုင်းလုံးကြီးများ မည်မျှပင် မြင့်မားနေပါစေ မတုန်မလှုပ်ဘဲ ခိုင်မာစွာ ရပ်တည်နေဆဲပင်။

‎

‎

‎ထူးဆန်းသော ခေါင်းတလားကြီးသည် မရေမတွက်နိုင်သော လှိုင်းလုံးများ၏ ထိပ်တွင် တည်ငြိမ်စွာ ရပ်တည်နေခဲ့ကာ လှိုင်းလုံးများ မည်မျှပင် ကြမ်းတမ်းနေစေကာမူ ၎င်းကို မလှုပ်ခတ်စေနိုင်ခဲ့ပေ။

‎

‎

‎တစ်ချိန်တည်းမှာပင် အဆင့်တက်လှမ်းရန် ကြိုးစားနေသော ကုချန်သည် နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီး၏ သိမ်မွေ့လှသော အဆုံးမဲ့တာအိုကို ခံစားလိုက်ရလေသည်။

‎

‎

‎မြင့်မားလှပေစွ.....

‎

‎

‎ခမ်းနားလှပေစွ.....

‎

‎

‎ပြီးပြည့်စုံလှပေစွ.....

‎

‎

‎အပြစ်အနာအဆာ ကင်းမဲ့လှပေစွ.....

‎

‎

‎အလွန်အမင်း ကြီးကျယ်ခမ်းနားလှသော အဆုံးမဲ့တာအို၏ နိယာမများကို ခံစားလိုက်ရချိန်တွင်၊ ကုချန်မှာ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ရသည်။

‎

‎

‎အဆုံးမဲ့တာအိုကို သူ ခံစားလိုက်ရသည်။ အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေ နှစ်ခုစလုံးထက်ပင် တိုင်းတာ၍ မရနိုင်လောက်အောင် ပိုမို မြင့်မားနေသော ကြီးကျယ်ခမ်းနားသည့် မဟာတာအိုကို ခံစားလိုက်ရခြင်း ဖြစ်သည်။

‎

‎

‎အကယ်၍ နတ်ဆိုးနယ်မြေရှိ အဆုံးမဲ့တာအိုသည် ထိုနယ်မြေအတွက်သာ သီးသန့်ဖြစ်သော ကောင်းကင်တာအို ဖြစ်ခဲ့မည်ဆိုလျှင်၊ ဤနေရာရှိ အဆုံးမဲ့တာအိုသည်သာ အမှန်တကယ်ပင် မဟာတာအိုစစ်စစ် ဖြစ်ပေလိမ့်မည်။

‎

‎

‎ကောင်းကင်ဘုံများအားလုံးကို လွှမ်းခြုံထားသည့်၊ ကျယ်ပြောလှသော စကြဝဠာကြီး၏ တာအိုပင် ဖြစ်သည်။

‎

‎

‎နက်ရှိုင်းမှု၊ ကျယ်ပြောမှု၊ ခမ်းနားမှု၊ အဆုံးအစကင်းမဲ့မှု.....

‎

‎

‎ဤသည်မှာ ဤနေရာရှိ အဆုံးမဲ့တာအိုကို သိမြင်ပြီးနောက် ကုချန်၏ ရင်ထဲတွင် ဖြစ်ပေါ်လာသော ခံစားချက်ပင် ဖြစ်သည်။

‎

‎

‎တစ်ချိန်တည်းမှာပင် ဟွမ်ကျိုအာသည် ဤနေရာသို့ ရောက်ရှိလာပြီးကတည်းက သူ၏ကံကြမ္မာ မဟာတာအိုအပေါ် နားလည်နိုင်စွမ်းများ အဘယ်ကြောင့် ပျောက်ဆုံးသွားရသည်ကိုလည်း သဘောပေါက်သွားခဲ့သည်။

‎

‎

‎ဤနေရာတွင် အဆုံးမဲ့တာအို မတည်ရှိသောကြောင့် မဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် ဤနေရာရှိ အဆုံးမဲ့တာအိုသည် အလွန် ကျယ်ပြောလွန်းကာ အလွန် နက်ရှိုင်းလွန်းနေသောကြောင့်ပင်။

‎

‎

‎ကြီးကျယ်ခမ်းနားသော တေးဂီတတွင် အတိုးညင်းဆုံး အသံသာရှိကာ ကြီးကျယ်ခမ်းနားသော ပုံသဏ္ဍာန်တွင် မည်သည့် ရုပ်သွင်မျှ မရှိချေ။

‎

‎

‎ကောင်းကင်နှင့်မြေကြီး၏ တာအိုသည် ခမ်းနားမှုနှင့် နက်ရှိုင်းမှု၌ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ အဆင့်အတန်း မလုံလောက်သူများသည် တာအို တည်ရှိနေမှု၏ အရိပ်အယောင်ကိုပင် လုံးဝ အာရုံခံနိုင်စွမ်း မရှိတော့ပေ။ ဤသည်မှာ ဟွမ်ကျိုအာအနေဖြင့် ကံကြမ္မာ မဟာတာအို တည်ရှိနေခြင်းကို မသိမြင်နိုင်ရသည့် အမှန်တကယ် အကြောင်းရင်းပင် ဖြစ်သည်။

‎

‎

‎အမှန်တကယ်တွင်မူ ကုချန်၏ 'အမြင်အာရုံ' ထဲ၌ ကျယ်ပြောလှသော ကောင်းကင်ကြီးကို ထောက်မထားသည့် ခမ်းနားသော တိုင်လုံးကြီးများကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသော တိုင်လုံးကြီးများကို သူ မြင်တွေ့နေရလေသည်။

‎

‎

‎တိုင်လုံး တစ်ခုစီတိုင်းသည် မဟာတာအို တစ်ခုစီ၏ စုစည်းမှုပင် ဖြစ်၏။

‎

‎

‎ကံကြမ္မာတာအိုကို ကိုယ်စားပြုသော ခမ်းနားလှသည့် တိုင်လုံးကြီးသည်လည်း ၎င်းတို့အထဲတွင် ပါဝင်နေခဲ့လေသည်။

All Chapters