အခန်း (၃၆၁-၃၆၂)
Vol. 26 Ch. 361-362
အခန်း ( ၃၆၁ ) - အိပ်မက်တစ်ခုလိုပင်၊ ဖြစ်ပျက်သမျှအရာအားလုံးက ငါ့အတွက် အကျိုးရှိစေတယ်
ဤသည်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခုဟု ဆိုနိုင်ပေသည်။
ကုချန်၏ဘေးနားတွင် ဖန်တီးထားသော အချိန်စက်ကွင်းမှာ ပျောက်ကွယ်မသွားသေးသော်လည်း ထိုတောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီးသည် 'အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း' ကျင့်စဉ်၏ သက်ရောက်မှုများကို လုံးဝ လျစ်လျူရှုထားဟန်ဖြင့် ကောင်းကင်ယံကို ဖြတ်သန်းကာ ဆန်းကြယ်သော ခေါင်းတလားဆီသို့ ချဉ်းကပ်လာလေသည်။
အမှန်တကယ်တွင် ထိုလက်ဝါးကြီးသည် ကုချန်၏ဘေးနားရှိ အချိန်စက်ကွင်းအတွင်းသို့ ဝင်ရောက်လာချိန်၌ အချိန်နိယာမ၏ စွမ်းအားသည် ဤလက်ဝါးကြီးအား အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိခဲ့သကဲ့သို့ပင်။ ၎င်း ရှေ့သို့ တိုးဝင်လာသော အရှိန်မှာလည်း အနည်းငယ်မျှ နှေးကွေးသွားခြင်း မရှိချေ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကုချန်၏စိတ်ထဲတွင် တစ်စုံတစ်ရာကို သဘောပေါက်သွားဟန် ရှိလေသည်။
သူ၏ 'အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း' ကျင့်စဉ်တွင် ပြဿနာရှိနေခြင်းမဟုတ်ဘဲ တောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီးသည် အချိန်စက်ကွင်း၏ သက်ရောက်မှုများကို လုံးဝ လျစ်လျူရှုထားနိုင်သောကြောင့်သာ ဤမြင်ကွင်းမျိုး သူ၏ရှေ့မှောက်၌ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
သို့ဆိုလျှင် ထိုတောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီးသည် စောစောက အဘယ်ကြောင့် သက်ရောက်မှု ရှိသွားသကဲ့သို့ ကောင်းကင်ယံထက်၌ ရပ်တန့်နေခဲ့ရသနည်း။
ရုတ်တရက် ကုချန်သည် စောစောက ဟွမ်ကျိုအာ၏ ဝမ်းသာအားရ အော်ဟစ်လိုက်သံကို ပြန်လည် သတိရသွားသည်။
ဟွမ်ကျိုအာသည် ပြိုင်ဘက်ကင်း ကျင့်စဉ်အား ကျင့်ကြံအောင်မြင်သွားသည်နှင့် ထိုတောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီး ချက်ချင်း ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
'၎င်း' သည် ဟွမ်ကျိုအာ ဤကျင့်စဉ်အား ကျင့်ကြံအောင်မြင်ရန် တမင်တကာ စောင့်ဆိုင်းနေခဲ့ခြင်းများ ဖြစ်မည်လော။
ဟုတ်နိုင်သည်။ အမှန်တကယ်ပင် ထိုသို့ ဖြစ်ဟန်တူပေသည်။
ကုချန်၏စိတ်ထဲ၌ အတွေးများ အပြေးအလွှား ဖြစ်ပေါ်နေစဉ်မှာပင် ထိုလက်ဝါးကြီးသည် တိတ်ဆိတ်စွာ ကျဆင်းလာခဲ့ပြီး ရှေးဟောင်းခေါင်းတလားနှင့်တကွ ၎င်းအတွင်းရှိ ကုချန်နှင့် ဟွမ်ကျိုအာတို့ နှစ်ဦးစလုံးအား ဖုံးလွှမ်းသွားတော့သည်။
.........
လက်ဝါးကြီး ကျဆင်းလာသောအခါ ကောင်းကင်ယံ၏ အလင်းရောင်သည်လည်း ကွယ်ပျောက်သွားခဲ့ကာ အလွန်တရာ မှောင်မိုက်သွားလေသည်။
သို့သော် ဤအမှောင်ထုသည် တစ်ခဏမျှသာ ကြာမြင့်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖန် ပြန်လည် လင်းထိန်လာခဲ့သည်။
အမြင်အာရုံများ ပြန်လည် ရှင်းလင်းသွားချိန်တွင်.....
ကုချန်သည် သူနှင့် ဟွမ်ကျိုအာတို့ နှစ်ဦးစလုံး အထက်ကောင်းကင်ပင်မခန်းမဆီသို့ အမှန်တကယ် ပြန်ရောက်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။
သူနှင့် ဟွမ်ကျိုအာတို့သည် ရှေးဟောင်း ခေါင်းတလားအတွင်း၌ တင်ပျဉ်ခွေ ထိုင်နေဆဲဖြစ်ကာ အပြင်ဘက်တွင်မူ ရင်းနှီးနေသော အထက်ကောင်းကင်ပင်မခန်းမ၏ အပြင်အဆင်များ ရှိနေလေသည်။ အချိန်မြစ်လည်း မရှိတော့သကဲ့သို့ တောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီးလည်း မရှိတော့ချေ။ အရာအားလုံးသည် ဘယ်သောအခါကမျှ မဖြစ်ပျက်ခဲ့ဖူးသည့်အလား အလွန်ပင် စိတ်ကူးယဉ်ဆန်ကာ လက်တွေ့မကျသကဲ့သို့ ဖြစ်နေလေသည်။
" စောစောက ကျွန်မတို့ တကယ်ပဲ အဲ့ဒီ အမြင့်ဆုံးနေရာကို ရောက်ခဲ့တာလား "
ရင်းနှီးနေသော ပတ်ဝန်းကျင်ကို ကြည့်ရင်း ဟွမ်ကျိုအာမှာ မသိစိတ်မှပင် ရေရွတ်လိုက်မိသည်။
အကယ်၍သာ သူ၏အသိစိတ်ပင်လယ်အတွင်း၌ 'ကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်' ဟုခေါ်သော အထွတ်အထိပ်ကျင့်စဉ် ရှိမနေခဲ့ဘူးဆိုလျှင် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ မက်ခဲ့သော အိပ်မက်တစ်ခုများလားဟုပင် သံသယဝင်မိမည် ဖြစ်သည်။
" တကယ့်ကို ခဏတာ မက်ခဲ့တဲ့ အိပ်မက်တစ်ခုလည်း ဖြစ်နိုင်တာပဲ "
ကုချန်သည် တွေးတောလျက် ပြောလိုက်သည်။
သူ၏အာရုံခံစားမှုအရ ယခုလေးတင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ အတုအယောင်ဟု မထင်ရသော်ငြား ဤသည်မှာ ဤဆန်းကြယ်သော ခေါင်းတလားကြီးက သူတို့အတွက် ဖန်တီးပေးထားသည့် ထူးဆန်းသော 'အိပ်မက်' တစ်ခု မဟုတ်ကြောင်း မည်သူက အာမခံနိုင်မည်နည်း။
စောစောက သူတို့သည် အချိန်မြစ်ဆီသို့ အမှန်တကယ် ရောက်ရှိခဲ့ခြင်း မဟုတ်သလို ထိုတောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီးကိုလည်း အမှန်တကယ် မြင်တွေ့ခဲ့ရခြင်း မဟုတ်နိုင်ပေ။
အရာအားလုံးသည် ဤဆန်းကြယ်သော ခေါင်းတလားထက်၌ ကျန်ရစ်နေသည့် စွမ်းအားများက သူတို့အား တိတ်တဆိတ် လွှမ်းမိုးကာ အတုအယောင်များကို အစစ်အမှန်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသည့် အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
အစမှအဆုံးတိုင် သူတို့သည် ရှေးဟောင်း ခေါင်းတလားအတွင်း၌သာ ရှိနေခဲ့ကြခြင်း ဖြစ်သည်။
ဤဆန်းကြယ်သော ခေါင်းတလားကြီးသည်လည်း အထက်ကောင်းကင်ပင်မခန်းမအတွင်း၌ တိတ်ဆိတ်စွာ ရှိနေခဲ့ပြီး ဘယ်သောအခါကမျှ ထွက်ခွာသွားခဲ့ခြင်း မရှိချေ။
ကုချန် ဤကဲ့သို့ ကောက်ချက်ချရခြင်းမှာ အခြေအမြစ်မရှိသော ခန့်မှန်းချက်များအပေါ် အခြေခံထားခြင်း မဟုတ်ပေ။
အကြောင်းမှာ စောစောက သူ၏နတ်ဘုရားဝိညာဉ်ဖြင့် စူးစမ်းကြည့်လိုက်သောအခါ သူနှင့် ဟွမ်ကျိုအာတို့ ဤဆန်းကြယ်သော ခေါင်းတလားအတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ယခုအချိန်အထိ ပြင်ပကမ္ဘာ၏ အချိန်စီးဆင်းမှုမှာ အနည်းငယ်မျှပင် ကုန်လွန်သွားခြင်းမရှိဘဲ သူတို့ ခေါင်းတလားအတွင်းသို့ စတင်ဝင်ရောက်လာချိန်က အခြေအနေအတိုင်းသာ ရှိနေသေးကြောင်း တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့ရသောကြောင့် ဖြစ်သည်။
ဤသည်မှာ ခဏတာ အိပ်မက်တစ်ခုဖြစ်ကြောင်း ခိုင်လုံသော သက်သေပင် မဟုတ်ပါလော။
သူတို့သည် အချိန်မြစ်အတွင်း၌ အချိန်မည်မျှကြာအောင် မျောပါသွားခဲ့သည်ကို မသိရသလို ကုချန်သည်လည်း အခွင့်အရေးကို အရယူကာ သူ၏တာအိုကို သက်သေပြခဲ့၍ ထိုတောက်ပသော ကျောက်စိမ်းဖြူလက်ဝါးကြီးကိုပါ မြင်တွေ့ခဲ့ရသေးသည် မဟုတ်ပါလော။
ဤအရာများ အားလုံး ဖြစ်ပျက်ခဲ့ခြင်းသည် ပြင်ပကမ္ဘာ၌ အချိန်တစ်ခဏမျှသာ ကြာမြင့်ခဲ့ခြင်း လုံးဝ မဖြစ်နိုင်ချေ။
အကယ်၍ သူတို့နှစ်ဦးသည် ဤဆန်းကြယ်သော ခေါင်းတလားကြီး၏ လွှမ်းမိုးမှုအောက်၌ ခေါင်းတလားက ဖန်တီးပေးထားသည့် ထူးဆန်းသော 'အိပ်မက်' တစ်ခုကို မက်နေခဲ့ခြင်းသာ ဖြစ်မည်ဆိုလျှင် အရာအားလုံးသည် ယုတ္တိတန်သွားမည် ဖြစ်သည်။
နောက်တစ်ကြိမ် ရှေးဟောင်းခေါင်းတလားအတွင်းသို့ ဝင်ရောက်ရန် စီစဉ်သည့်အခါ ခန်းမထဲတွင် စောင့်ကြည့်ပေးမည့် အခြားသူတစ်ဦးကို စီစဉ်ထားရန် လိုအပ်မည်ဟု ထင်ရသည်။ ထိုသို့ဆိုလျှင် ရှေးဟောင်းခေါင်းတလားကြီးက သူတို့အား ထိုထူးဆန်းသော မြင်ကွင်းများကို ကြုံတွေ့စေရန် အမှန်တကယ် ခေါ်ဆောင်သွားခြင်းလား သို့မဟုတ် အရာအားလုံးက အိပ်မက်တစ်ခုသာ ဖြစ်နေသလား ဆိုသည်ကို သူ သိရှိနိုင်မည် ဖြစ်သည်။
ကုချန်သည် အလေးအနက် တွေးတောလိုက်သည်။
ခဏအကြာတွင် ကုချန်သည် ဤအတွေးများကို ဘေးဖယ်ထားလိုက်ကာ ဟွမ်ကျိုအာဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။
" စောစောက အဲ့ဒီလက်ဝါးကြီးကို မြင်ပြီးတော့ မင်း ဘယ်လို တာအိုကို နားလည်သွားတာလဲ... အကုန်လုံးကို သေချာ မှတ်မိလိုက်လား "
" အရှင်သခင်ကို တင်ပြရရင် ကျွန်မ ခုလေးတင် နားလည်သွားတဲ့ အထွတ်အထိပ်ကျင့်စဉ်က 'ကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်' လို့ ခေါ်ပါတယ်... အရှင်သခင်က အချိန်ကို ရပ်တန့်ပေးခဲ့လို့ ကျွန်မမှာ လုံလောက်တဲ့အချိန် ရလိုက်တဲ့အတွက် ဒီကျင့်စဉ်ကို အပြည့်အဝ မှတ်မိသွားပါပြီ "
ကုချန်မှ သူ၏ရရှိမှုများအကြောင်း မေးမြန်းသည်ကို ကြားသောအခါ ဟွမ်ကျိုအာသည် အလျင်အမြန် ပြန်ဖြေလိုက်ကာ သူ၏အသံတွင် ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
'ကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်' ဟုခေါ်သော ဤအထွတ်အထိပ်ကျင့်စဉ်ကို သေချာစွာ လေ့လာရန် အချိန်မရသေးသော်ငြား ယခု သူ ပိုင်ဆိုင်ထားသော တစ်စိတ်တစ်ပိုင်း နားလည်မှုလေးသည်ပင် ဤကျင့်စဉ်၏ ထူးကဲပြီး ကြောက်မက်ဖွယ်ကောင်းသော အချက်များကို သိရှိရန် လုံလောက်နေပြီ ဖြစ်သည်။
ကံကြမ္မာအန်စာတုံး... အဆုံးစွန်ထိ ကံကြမ္မာကို အားကိုးခြင်းလား။
ဤအနည်းငယ် ထူးဆန်းသော အမည်ကို ကြားလိုက်ရသောအခါ ကုချန်၏အကြည့်များမှာ အနည်းငယ် ထူးခြားသွားလေသည်။
သူ၏ဘေးတွင် ရပ်နေသော ဟွမ်ကျိုအာသည်လည်း ထိုသို့ဖြစ်လာမည်ကိုသိသည့်အလား ကုချန်အား စတင် ရှင်းပြလေသည်။
" ကျွန်မ အခုထိ သေချာ နက်နက်ရှိုင်းရှိုင်း မကျင့်ကြံရသေးတော့ ဒီကံကြမ္မာအန်စာတုံးရဲ့ စွမ်းအားကိုတော့ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး... ဒါပေမယ့် ဒီအထွတ်အထိပ်ကျင့်စဉ်က တခြားကျင့်စဉ်တွေ အားလုံးနဲ့ မတူဘူးဆိုတာကိုတော့ သိထားတယ်.....
သူက ကိုယ်တိုင်တက်တက်ကြွကြွ အသုံးပြုစရာ မလိုဘဲ ကျွန်မနဲ့ အလိုအလျောက် ပေါင်းစည်းသွားတာ... ကျွန်မနဲ့ ကံကြမ္မာတာအိုရဲ့ ဆက်သွယ်မှုကို ပိုပြီး ရင်းနှီးသွားစေတယ်... ကျွန်မရဲ့ 'အဆင့်အတန်း' ကို မြှင့်တင်ပေးပြီး ကံကြမ္မာတာအိုရဲ့ မျက်နှာသာပေးမှုကို ပိုရလာစေတယ် "
ဟွမ်ကျိုအာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကုချန်၏မျက်လုံးများထဲတွင် ချီးကျူးလိုစိတ်တစ်ခု ပေါ်လာခဲ့၏။
အခြားအကြောင်းအရင်းကြောင့် မဟုတ်ဘဲ 'ကံကြမ္မာအန်စာတုံး' ဟု အမည်ရသော ဤကျင့်စဉ်သည် အလွန် ဆန်းကြယ်လွန်းသောကြောင့်ပင်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤသည်မှာ တက်ကြွစွာ အသုံးပြုရသော ကျင့်စဉ်မျိုး မဟုတ်ဘဲ ကျင့်ကြံခြင်းတွင် အလိုအလျောက် သက်ရောက်မှုရှိသော ကျင့်စဉ်မျိုး ဖြစ်သည်။
ဤကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံလေလေ ကံကြမ္မာ၏ မျက်နှာသာပေးမှုနှင့် ချစ်ခင်မှုကို ပိုမို ရရှိလေလေ ဖြစ်သည်။
ဥပမာအားဖြင့် ကျင့်ကြံနေစဉ်အတွင်း အဆင့်တက်ရန် ပိုမို လွယ်ကူလာခြင်း၊ ကျင့်စဉ်များကို လေ့လာရာတွင် နားလည်သဘောပေါက်ရန် ပိုမို လွယ်ကူလာခြင်းနှင့် အပြင်သို့ ထွက်ခွာသည့်အခါ ကံကောင်းမှုများ ရရှိရန် ပိုမို လွယ်ကူလာခြင်းစသည်တို့ပင်။
ဤသည်တို့မှာ ကံကြမ္မာအန်စာတုံးကို ကျင့်ကြံပြီးနောက် ဖြစ်ပေါ်လာမည့် တိုက်ရိုက် ပြယုဂ်များပင် ဖြစ်သည်။
ထို့အပြင် တိုက်ပွဲဝင်နေစဉ်အတွင်း မိမိ၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုမို ပြီးပြည့်စုံစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ရန်သူများမှာမူ လက်ကွက်ဖော်ရာတွင် ကျရှုံးခြင်း၊ ချီသွေဖည်သွားခြင်း၊ အင်မော်တယ်လက်နက်များ၏ သစ္စာဖောက်ခြင်း ခံရခြင်းစသည့် ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့ရမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ဤအထွတ်အထိပ်ကျင့်စဉ်တွင် အဓိကလုပ်ဆောင်ချက် တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ 'ဖြစ်ပျက်သမျှ အရာအားလုံးသည် ကိုယ့်အတွက် အကျိုးရှိစေသည်' ဟူ၍ပင်။
စကားစုတိုတိုလေးတစ်ခုသာ ဖြစ်သော်ငြား ဤအထွတ်အထိပ်ကျင့်စဉ်၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ကို ပြီးပြည့်စုံစွာ ရှင်းလင်းပြသနေလေသည်။
တိုက်ပွဲများ၌ ကံကြမ္မာအန်စာတုံး၏ အခန်းကဏ္ဍသည် စစ်မက်ရေးရာအတွက် အသုံးပြုသော အခြားအထွတ်အထိပ်ကျင့်စဉ်များကဲ့သို့ ထိရောက်မှု ရှိချင်မှ ရှိမည်ဖြစ်သည်။
သို့သော် ဤကံကြမ္မာအန်စာတုံးကျင့်စဉ်သည် အချိန်တိုင်းနီးပါး အလုပ်လုပ်နေလေသည်။
အထွတ်အထိပ်အဆင့်ရှိ သိုင်းသမားနှစ်ဦးကို စိတ်ကူးကြည့်ပါ။ တစ်ဦးသည် ကံကြမ္မာအန်စာတုံးကျင့်စဉ်ကို ရရှိထားပြီး အခြားတစ်ဦးသည် တိုက်ပွဲအတွက် သီးသန့်ဖြစ်သော အင်မော်တယ်ကျင့်စဉ်ကို ရရှိထားသည် ဆိုပါစို့။
နှစ်တစ်ထောင် ကြာပြီးနောက် ထိုနှစ်ဦး တိုက်ပွဲဖြစ်ကြသည်။
ကံကြမ္မာအန်စာတုံးကို ရရှိထားသော အရှင်သခင်သည် ကံကြမ္မာတာအို၏ ကောင်းချီးပေးမှုအောက်တွင် ကံကောင်းမှုများစွာကို ရရှိခဲ့ကာ သူ၏ကျင့်ကြံဆင့်ကို စစ်မှန်သော အင်မော်တယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ ထို့အပြင် အသုံးဝင်သော အင်မော်တယ်လက်နက်တစ်ခုကိုလည်း ရရှိခဲ့ကာ ရှေးဟောင်းအပျက်အစီးများကို စူးစမ်းရှာဖွေစဉ် အင်မော်တယ်ဘုရင်ကျင့်စဉ်တစ်ခုကိုပင် ရရှိခဲ့သေးသည်။
နောက်တစ်ဦးမှာမူ အထွတ်အထိပ်အဆင့်၌သာ ဆက်လက် ရှိနေခဲ့ကာ အထွတ်အထိပ် တိုက်ခိုက်ရေး လျှို့ဝှက်ကျင့်စဉ်တစ်ခုကိုသာ ကျွမ်းကျင်ထားလေသည်။
ထိုနှစ်ဦး တိုက်ခိုက်ကြသောအခါ မည်သူက ပိုမို အစွမ်းထက်၍ မည်သူက ပိုမို အားနည်းမည်နည်း။
ဤသည်မှာ ရှင်းလင်းပြတ်သားနေသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် တိုက်ပွဲဝင်နေစဉ်အတွင်း၌ပင် ဤကံကြမ္မာအန်စာတုံးသည် လိုအပ်သည့်နေရာ၌ ပါဝင်လုပ်ဆောင်ပေးနိုင်သေး၏။
အခန်း ( ၃၆၂ ) - တစ်ခုတည်းသောကျင့်စဉ်၊ အလွယ်တကူ လက်ဆင့်မကမ်းသင့်ခြင်းနှင့် နတ်ဆိုးနယ်မြေမှ အပြောင်းအလဲများ
အချုပ်အားဖြင့်ဆိုရလျှင် ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်သည် ဟွမ်ကျိုအာအတွက် အသင့်တော်ဆုံး ကျင့်စဉ်တစ်ခုဖြစ်ကာ သူ့အတွက် သီးသန့်ဖန်တီးပေးထားသကဲ့သို့ပင် ဖြစ်သည်။
သူကိုယ်တိုင်သည် ကံကြမ္မာတာအို၏ မျက်နှာသာပေးမှုကို ရရှိထားသူဖြစ်ရာ ယခု ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ သူသည် အတောင်ပံတပ်ထားသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ကုချန်သည် နောင်အနာဂတ်၌ အခွင့်အရေးရပါက ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် ဖူဝမ်တို့အား ဟွမ်ကျိုအာနှင့်အတူ 'စွန့်စားခန်း' များများထွက်ရန် ညွှန်ကြားရမည်ဟုပင် စိတ်ထဲမှ တွေးတောလိုက်သေးသည်။
ထိုအမျိုးသမီးသုံးဦးသည် ကံကြမ္မာတာအိုကြီး၏ မျက်နှာသာပေးမှုကို မရရှိထားသော်ငြား ဟွမ်ကျိုအာ၏ ဘေးနားတွင် မကြာခဏ နေထိုင်ကာ သူ၏ ချီအငွေ့အသက်များနှင့် အချိန်ကြာမြင့်စွာ ထိတွေ့နေရပါက မျှော်လင့်မထားသော အကျိုးကျေးဇူးများနှင့် အခွင့်အရေးများကို ရရှိလာမည်သာ ဖြစ်သည်။
" တကယ်လို့ အရှင်သခင်က ဒီကျင့်စဉ်ကို စိတ်ဝင်စားတယ်ဆိုရင် ကျိုအာ အခုပဲ ကူးရေးပြီး ပေးပါ့မယ် "
ကုချန်၏ စိတ်ဝင်စားနေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဟွမ်ကျိုအာသည် အလျင်အမြန် ပြောဆိုလိုက်၏။
ဟွမ်ကျိုအာသည် ကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို ကုချန်အား ပေးရန် အနည်းငယ်မျှပင် ဝန်လေးနေခြင်း မရှိချေ။
အကြောင်းမှာ ကုချန်သာ မရှိခဲ့လျှင် ဤအထွတ်အထိပ်ကျင့်စဉ်မှာ သူနှင့် သက်ဆိုင်လာမည် မဟုတ်သောကြောင့်ပင်။
သို့သော် ဟွမ်ကျိုအာမှ ကျင့်စဉ်ကို ပေးအပ်လာမှုအပေါ် ကုချန်သည် ခေါင်းခါကာ ငြင်းဆန်လိုက်၏။
" ဒီကျင့်စဉ်ကို မင်းအတွက်ပဲ မင်းသိမ်းထားလိုက်ပါ... ပြီးတော့ ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းပါနဲ့ "
" ရှင်? "
ကုချန်၏တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ဟွမ်ကျိုအာမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ ကုချန်၏ဆိုလိုရင်းကို သိပ်နားမလည်သကဲ့သို့ ဖြစ်သွားသည်။
" ကံကြမ္မာရဲ့ မျက်နှာသာပေးမှုဆိုတာ အကြောင်းပြချက် မရှိဘဲ ရလာတာ မဟုတ်သလို အဆုံးအစမရှိတာလည်း မဟုတ်ဘူး "
ကုချန်သည် ဟွမ်ကျိုအာ၏ နားမလည်နိုင်ဖြစ်နေသော အကြည့်များကို ကြည့်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။
ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် ကံကြမ္မာတာအို၏ မျက်နှာသာပေးမှုနှင့် ချစ်ခင်မှုကို ရရှိနိုင်သည်မှာ မည်သည့်အမှားအယွင်းမျှ မရှိဟု ထင်ရပေသည်။
သို့သော် ဤကျင့်စဉ်ကို အခြားသူများထံ အလွယ်တကူ လက်ဆင့်ကမ်းလိုက်မည်ဆိုပါက မည်သို့ဖြစ်သွားမည်နည်း။
ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို ကျင့်ကြံသော သက်ရှိသတ္တဝါတိုင်းသည် ကံကြမ္မာတာအို၏ မျက်နှာသာပေးမှုနှင့် ချစ်ခင်မှုကို ရရှိနိုင်မည် ဟူ၍လော။
ဤသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း ရှင်းလင်းနေသည်။ အကယ်၍သာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက ကောင်းကင်ဘုံများအားလုံးမှာ ယခင်ကတည်းက ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လူတိုင်း ကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို ကျင့်ကြံကြမည်၊ လူတိုင်း ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ရရှိကြမည်၊ သူတို့၏
ကျင့်ကြံခြင်းမှာ နတ်ဘုရားများ ကူညီနေသကဲ့သို့ ဖြစ်နေပြီး အခွင့်အရေးမျိုးစုံနှင့် လျှို့ဝှက်ရတနာများကို အဆက်မပြတ် ရှာဖွေတွေ့ရှိနိုင်ကြမည်။
အခြားအရာများကို မဆိုထားနှင့်၊ ရှာဖွေတွေ့ရှိရန် စောင့်ဆိုင်းနေသော ထိုမျှများပြားသည့် ကံကောင်းမှု အခွင့်အရေးများမှာ ဘယ်မှာရှိနေမည်နည်း။
ထို့ကြောင့် ကုချန်၏ အမြင်တွင် ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်၌ 'သီးသန့်ဖြစ်တည်မှု' ရှိရပေမည်။
ဆိုလိုသည်မှာ ကျယ်ပြောလှသော ကောင်းကင်ဘုံများ၌ လက်ရှိအချိန်တွင် ဟွမ်ကျိုအာ တစ်ဦးတည်းသာလျှင် ၎င်းကို ကျင့်ကြံနိုင်သည်ဟုတည်း။
အကယ်၍ ဟွမ်ကျိုအာသာ ဤကျင့်စဉ်ကို သူ့ထံ အလွယ်တကူ လက်ဆင့်ကမ်းလိုက်မည်ဆိုပါက သူ၏ကိုယ်ပိုင် ကံကောင်းမှုများကို ထိခိုက်သွားစေနိုင်သည် ထိုသို့မဟုတ်လျှင် ထိုကံကောင်းမှုများသည် ကုချန်ထံသို့ ကူးပြောင်းသွားကာ သူ့အတွက် ခန့်မှန်း၍မရနိုင်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာစေနိုင်၏။
ဤသည်မှာ ကုချန် မြင်တွေ့လိုသော အရာမဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ် မရှိလျှင်ပင် ကုချန်၏ စွမ်းအားမှာ အလွန် အစွမ်းထက်နေဆဲ ဖြစ်သည်။
နောင်အနာဂတ်၌ သူသည် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" အပေါ် ပိုမို နက်ရှိုင်းသော နားလည်မှုများ ရရှိလာသောအခါ ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်သာမက ကောင်းကင်ဘုံများရှိ ကျင့်စဉ်အားလုံးကို အလွယ်တကူ ကောက်ချက်ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်၌ ဟွမ်ကျိုအာ၏ကျင့်စဉ်ကို သူ့ထံ လက်ဆင့်ကမ်းရန်အတွက် ဟွမ်ကျိုအာအနေဖြင့် မသိနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရန် မလိုအပ်တော့ချေ။
" ကံကြမ္မာရဲ့ မျက်နှာသာပေးမှုက အဆုံးအစမရှိတာ မဟုတ်ဘူး "
ဟွမ်ကျိုအာသည် ကုချန် ယခုလေးတင် ပြောခဲ့သော စကားများကို တီးတိုး ရေရွတ်လိုက်ကာ တစ်စုံတစ်ရာကို သဘောပေါက်သွားဟန် ရှိလေသည်။
ဟုတ်ပေသည်။ သူ ခံစားမှုတစ်ခု ရရှိကာ ခေါင်းတလားအတွင်းသို့ ဝင်ရောက်ခဲ့ချိန်၊ ထို့နောက် အချိန်မြစ်ပေါ်၌ မျောပါသွားချိန်၊ ထိုတောက်ပနေသော ကျောက်စိမ်းဖြူလက်ဝါးကြီးကို မြင်တွေ့ခဲ့ရချိန်နှင့် ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို နားလည်သဘောပေါက်သွားချိန်တို့မှ စတင်ကာ.....
ဤဖြစ်ရပ်များအားလုံးသည် ဟွမ်ကျိုအာ၏ အမြင်တွင် ကံကြမ္မာတာအိုမှ တိတ်တဆိတ် စီစဉ်ပေးခဲ့သော အစီအစဉ်များပင် ဖြစ်သည်။
ကံကြမ္မာတာအိုသည် ဤအစီအစဉ်များကို ဆက်တိုက် ပြုလုပ်ကာ ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို သူ့ထံ ပေးသနားခဲ့သော်လည်း သူသည် ၎င်းကို ကုချန်ထံသို့ ထပ်မံ လက်ဆင့်ကမ်းလိုက်မည် ဆိုပါလျှင်.....
ဤလုပ်ရပ်သည် တိတ်တဆိတ် ကံကြမ္မာ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေမည်လား ဆိုသည်မှာ ပြောရခက်ပေသည်။ အကယ်၍ ၎င်းကြောင့် ဆိုးရွားသော အရာတစ်ခုခု ဖြစ်ပေါ်လာခဲ့မည်ဆိုလျှင် သူသည် စေတနာဖြင့် အမှားလုပ်မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ ဟွမ်ကျိုအာသည် ကုချန်အား ကျေးဇူးတင်သော အကြည့်များဖြင့် မကြည့်ဘဲ မနေနိုင်တော့ချေ။
" မင်း အရင်သွားပြီး ဒီကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို သေချာ လေ့လာလိုက်ပါ... ဒါက မင်းရဲ့ အနာဂတ်ကံကြမ္မာနဲ့ သက်ဆိုင်နေတယ်လို့ ငါ ခံစားမိနေတယ် "
ကုချန်မှ လေးလေးနက်နက် ညွှန်ကြားလိုက်သည်။
ဤအန္တရာယ်များသော ခရီးစဉ်ကို ဖြတ်သန်းပြီးနောက် ဟွမ်ကျိုအာသည် ကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို ရရှိခဲ့ခြင်းမှာ လုံးဝ တိုက်ဆိုင်မှု မဟုတ်ပေ။ နောင်အနာဂတ်၌ ဖြစ်ပေါ်လာနိုင်သော စိန်ခေါ်မှုများနှင့် အပြောင်းအလဲမျိုးစုံကို ရင်ဆိုင်နိုင်ရန် သူ ကြိုးကြိုးစားစား ကျင့်ကြံရမည် ဖြစ်သည်။
" ဟုတ်ကဲ့ပါ "
ဤစကားကို ကြားသောအခါ ဟွမ်ကျိုအာသည်လည်း လိမ္မာစွာ ဦးညွှတ်ပြီး ထွက်ခွာသွားလေသည်။ အမှန်တကယ်တွင် ကုချန် ဘာမျှ မပြောလျှင်ပင် သူကိုယ်တိုင်က ဤကံကြမ္မာအန်စာတုံးတာအိုကျင့်စဉ်ကို အမြန်ဆုံး လေ့လာနားလည်ရန် အလွန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။
ဟွမ်ကျိုအာ ထွက်သွားပြီးနောက် ကုချန်သည်လည်း ဤခရီးစဉ်မှ ရရှိလာသည်များကို စီစစ်ရန် သီးသန့်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ တရားထိုင်ကာ သီးသန့်ကျင့်ကြံတော့မည့်အချိန်မှာပင် သူ၏အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အကြောင်းမှာ ဤအချိန်၌ နတ်ဆိုးနယ်မြေရှိ သူ၏ကိုယ်ပွားထံမှ ရှင်းလင်းပြတ်သားသော အသိတစ်ခု ဝင်ရောက်လာသောကြောင့် ဖြစ်သည်။
ယင်းမှာ ရှီမိုကောင်းကင်အရှင်သခင်သည် အမှန်တကယ်ပင် ကျဆုံးသွားပြီ ဆိုသည့်အချက်ပင်!
...
ယခုအချိန်တွင် ရှီမိုကောင်းကင်အောက်ရှိ နတ်ဆိုးနယ်မြေ ရာပေါင်းများစွာသည် အဆုံးအစမရှိသော အထိတ်တလန့်ဖြစ်မှုအတွင်းသို့ ကျရောက်နေကြပြီ ဖြစ်သည်။
အကြောင်းမှာ ဤအချိန်၌ နတ်ဆိုးနယ်မြေတိုင်း၏ ကောင်းကင်ယံတွင် အဆုံးမဲ့ သွေးမိုးများ ရွာကျနေလျက် ကောင်းကင်ကြီး ငိုကြွေးကာ မြေကြီးမှာ ဝမ်းနည်းပူဆွေးနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အသံများကို ခပ်သဲ့သဲ့ ကြားနေရ၍ လူတို့အား ကျောချမ်းသွားစေသောကြောင့်ပင်။
နယ်မြေရာချီ၏ ငိုကြွေးသံ!
ရှေးဟောင်း နတ်ဆိုးမှတ်တမ်းများတွင် ဤအကြောင်းကို ဖတ်ဖူးခဲ့ကြသော နတ်ဆိုးနယ်မြေ အသီးသီးမှ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်နတ်ဆိုးအရှင်များသည် ယခုအခါတွင် ပို၍ပင် အတိုင်းအဆမရှိ တုန်လှုပ်နေကြလေပြီ။
အကြောင်းမှာ ဤရုတ်တရက် ဖြစ်ပေါ်လာသော ကောင်းကင်ဖြစ်စဉ်သည် အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားခြင်း၏ လက္ခဏာဖြစ်ကြောင်း သူတို့ သိထားသောကြောင့်ပင်။
အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားသောအခါ သွေးမိုးများရွာကျခြင်းနှင့် နယ်မြေရာချီ၏ ငိုကြွေးသံများကဲ့သို့သော ကောင်းကင်ဖြစ်စဉ်မျိုး ပေါ်ပေါက်လာတတ်ကြောင်း ဒဏ္ဍာရီများမှ ဆိုထားလေသည်။
ရှီမိုကောင်းကင်နယ်မြေအတွင်းရှိ တစ်ပါးတည်းသော အင်မော်တယ်ဘုရင်မှာ ရှီမိုကောင်းကင်အရှင်သခင်ပင် ဖြစ်သည်။
ယခင်က ရှီမိုကောင်းကင်အရှင်သခင်နှင့် ကုချန်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူသည် အချိန်မြစ်ထဲသို့ ပြုတ်ကျကာ အရိပ်အယောင် ပျောက်ဆုံးသွားခဲ့ခြင်းနှင့် ပေါင်းစပ်စဉ်းစားကြည့်လိုက်သောအခါ.....
တုန်လှုပ်ဖွယ်ရာ ကောက်ချက်တစ်ခုသည် အင်မော်တယ်နတ်ဆိုးအရှင်များ အားလုံး၏ စိတ်နှလုံးအတွင်းသို့ ချက်ချင်းဆိုသလို ပေါ်ထွက်လာတော့သည်။
ရှီမိုကောင်းကင်အား မသိနိုင်သော အချိန်ကာလပေါင်းများစွာ အုပ်စိုးခဲ့သည့် ထိုရှေးဟောင်း တည်ရှိမှုကြီးဖြစ်သော ရှီမိုကောင်းကင်အရှင်သခင်သည် ယခုအခါတွင် ကျဆုံးသွားပြီ ဖြစ်တန်ရာသည်။
" မြန်မြန်! ချီလျန်မျိုးနွယ်ဝင်တွေကို မြန်မြန် ပြန်ပို့လိုက်... နေဦး... ငါ အင်မော်တယ်ဘုရင်ကိုယ်တိုင် သူတို့ကို လိုက်ပို့မယ်! "
" ချီလျန်မျိုးနွယ်ကို ပေးမယ့် ရတနာတွေကို ရာခိုင်နှုန်း သုံးဆယ် တိုးလိုက်... မဟုတ်ဘူး... ငါးဆယ်ရာခိုင်နှုန်း! အာ... မဟုတ်သေးဘူး... ဘဏ္ဍာတိုက်ထဲမှာ ရှိတဲ့ ကောင်းပေ့ဆိုတဲ့ အရာမှန်သမျှ အကုန်ယူသွား! "
တစ်ချိန်တည်းမှာပင် နတ်ဆိုးနယ်မြေ အားလုံးသည် အထိတ်တလန့် ဖြစ်သွားကြတော့သည်။
ရှီမိုကောင်းကင်အရှင်သခင် သေဆုံးသွားခြင်းသည် မည်သည်ကို ဆိုလိုကြောင်း ဤနတ်ဆိုးနယ်မြေသခင်များလောက် မည်သူကမျှ ပို၍ နားမလည်နိုင်ကြပေ။
ဆိုလိုသည်မှာ ယနေ့မှစ၍ ရှီမိုကောင်းကင်သည် အမှန်တကယ်ပင် လုံးဝ ပြောင်းလဲသွားတော့မည်ဟူ၍တည်း။
အကယ်၍ ဤနတ်ဆိုးနယ်မြေသခင်များသည် ယခင်က ကုချန်ထံသို့ ဟန်ဆောင်ကာ စောင့်ကြည့်သည့် သဘောထားဖြင့် အညံ့ခံခဲ့ကြသည် ဆိုလျှင်ပင် ယခု ရှီမိုကောင်းကင်အရှင်သခင် သေဆုံးသွားပြီဖြစ်ရာ နတ်ဆိုးနယ်မြေ ရာပေါင်းများစွာ၌ မည်သည့် 'ခွထိုင်သူ' မျှ ရှိတော့မည်မဟုတ်ဘဲ အားလုံးသည် ဤအသစ်တက်လှမ်းလာသော အင်မော်တယ်ဘုရင် ကုချန်ထံသို့ တစ်ခဲနက် သစ္စာခံကြတော့မည် ဖြစ်သည်။
နတ်ဆိုးနယ်မြေသခင်များ ဖြစ်လာနိုင်သူများသည် လူမိုက်များ မဟုတ်ကြပေ။
ယခုအချိန်၌ ဤဘုရင်သစ်၏ မျက်နှာသာပေးမှုကို ရရှိရန် သူတို့သည် အရာအားလုံးကို သေချာပေါက် လုပ်ဆောင်ရမည် ဖြစ်သည်။
သို့သော် တုန်လှုပ်နေကြသော နတ်ဆိုးနယ်မြေများနှင့် မတူဘဲ ရှီမိုကောင်းကင်အတွင်းရှိ ရှီမိုကောင်းကင်အရှင်သခင်၏ လက်အောက်ငယ်သားဟောင်းများမှာမူ ယခုအခါ မိဘများကို ဆုံးရှုံးလိုက်ရသကဲ့သို့ စိတ်ပျက်အားငယ်မှုအခြေအနေသို့ ကျရောက်နေကြပြီ ဖြစ်သည်။
အဓိက လျှို့ဝှက်နယ်မြေအတွင်း၌ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်နတ်ဆိုးအရှင်များသည် ရှေးဟောင်း ရုပ်တုတစ်ခု၏ ရှေ့တွင် ဒူးထောက်နေကြကာ ထိုရှေးဟောင်း ရုပ်တုကြီးကို ကြည့်နေသော သူတို့၏အကြည့်များတွင် စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေလေသည်။
ထိုရုပ်တုသည် ရှီမိုကောင်းကင်အရှင်သခင်၏ ရုပ်တုဖြစ်ကာ သူ၏နတ်ဘုရားဝိညာဉ်စတစ်မျှင် ပါဝင်နေ၍ ပုံမှန်အားဖြင့် ပြိုင်ဘက်ကင်း ဖိအားများကို ထုတ်လွှတ်နေတတ်သည်။
သို့သော် ယခုအခါ ဤရုပ်တုသည် ၎င်း၏မျက်ခုံးနှစ်ခုကြားတွင် အက်ကွဲနေရုံသာမက ၎င်းအတွင်း၌ ပါဝင်နေသော နတ်ဘုရားဝိညာဉ်စလေးသည်ပင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤလက္ခဏာရပ်များ အားလုံးသည် ရှီမိုကောင်းကင်အရှင်သခင် အမှန်တကယ် ကျဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြနေသကဲ့သို့ပင်!