အခန်း (၃၆၃-၃၆၄)
Vol. 26 Ch. 363-364
အခန်း ( ၃၆၃ ) - တစ်ခုတည်းသော မျှော်လင့်ချက်၊ ထုံးထျန်းနတ်ဆိုးတောင်တန်းနှင့် ချီလျန်၏ အပြောင်းအလဲ
" အရှင်ကြီး တကယ်ပဲ ကျဆုံးသွားပြီ... ငါတို့ ဘာလုပ်သင့်သလဲ... ဘာလုပ်ကြမလဲ "
" မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... အရှင်ကြီးက ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ ကျဆုံးသွားနိုင်မှာလဲ "
" ပြီးသွားပြီ... အရာအားလုံး ပြီးဆုံးသွားပြီ "
ရှီမိုကောင်းကင်၏ လျှို့ဝှက်နေရာတစ်ခုအတွင်း၌ အင်မော်တယ်နတ်ဆိုးအရှင်များသည် သူတို့ရှေ့ရှိ ကြေမွနေသော ရုပ်တုကို ကြည့်ကာ လုံးဝ စိတ်ပျက်အားငယ်နေကြသည်။
ဤရှီမိုကောင်းကင်အရှင်သခင်၏ ရုပ်တုမှာ သာမန်ရုပ်တုတစ်ခု မဟုတ်ပေ။
အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် ရှီမိုကောင်းကင်အရှင်သခင် အသက်ရှင်နေသရွေ့ သူ မည်သည့်နေရာ၌ ရှိနေပါစေ ဤရုပ်တုအတွင်း၌ ပါဝင်နေသော သေးငယ်သည့် နတ်ဘုရားအသိသည် ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ရုပ်တုသည်လည်း အင်မော်တယ်ဘုရင်တစ်ပါး၏ ဖိအားကို ထုတ်လွှတ်နေမည်သာ ဖြစ်သည်။
သို့သော် ယခုအခါ ရုပ်တုအတွင်း၌ ပါဝင်နေသော နတ်ဘုရားအသိသည် လုံးဝ ပျောက်ကွယ်သွားခဲ့ကာ ရုပ်တုကိုယ်တိုင်ပင် အက်ကွဲကြေမွသွားခဲ့ပြီ ဖြစ်သည်။
ဤရလဒ်အတွက် ဖြစ်နိုင်ချေရှိသော ရှင်းပြချက် တစ်ခုတည်းသာ ရှိတော့သည်။ ယင်းမှာ ရှီမိုကောင်းကင်အရှင်သခင်သည် အငြင်းပွားဖွယ်ရာ၊ သံသယဖြစ်ဖွယ်ရာ မရှိဘဲ အမှန်တကယ်ပင် ကျဆုံးသွားခဲ့ပြီ ဟူ၍ပင်!
ရှီမိုကောင်းကင်မှ အစွမ်းထက် သိုင်းသမားများစွာသည် ဤရလဒ်ကို မည်သို့လျှင် အလွယ်တကူ လက်ခံနိုင်မည်နည်း။
အထူးသဖြင့် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၌ ရှိနေသော ကုချန်ကို တွေးမိသောအခါ ရှီမိုကောင်းကင်မှ ဤအင်မော်တယ်နတ်ဆိုးအရှင်များမှာ ပို၍ပင် စိတ်ပျက်အားငယ်သွားကြရသည်။
အကြောင်းမှာ ရှီမိုကောင်းကင်အောက်ရှိ နတ်ဆိုးနယ်မြေသခင် ရာပေါင်းများစွာသည် ရှီမိုကောင်းကင်အရှင်သခင် ကျဆုံးသွားကြောင်း သိရှိသွားပါက သူတို့၏သစ္စာခံမှုကို ပြောင်းလဲကာ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ ဘုရင်သစ်ထံသို့ သစ္စာခံကြမည့် သစ္စာဖောက်များ ဖြစ်သွားနိုင်သောကြောင့်ပင်။
သို့သော် ရှီမိုကောင်းကင်မှ လူများဖြစ်သည့် သူတို့အတွက်မူ ထိုသို့ ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤနှစ်ပေါင်း သန်းချီကြာမြင့်ခဲ့သော အချိန်များအတွင်း အခြားသော နတ်ဆိုးနယ်မြေများသည် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေကို ပစ်မှတ်ထားခဲ့ကြသော်လည်း ၎င်းမှာ ရှီမိုကောင်းကင်၏ အမိန့်အရသာ ဖြစ်သည်။ နတ်ဆိုးနယ်မြေ အသီးသီးနှင့် ချီလျန်မျိုးနွယ်တို့ကြားရှိ ပဋိပက္ခများမှာ ဖြေရှင်း၍ မရနိုင်လောက်အောင် ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေခြင်း မဟုတ်ပေ။
သို့သော် ရှီမိုကောင်းကင်မှာမူ ဤအရာအားလုံး၏ လက်သည်တရားခံဖြစ်ကာ ယခု ဤနေရာ၌ ရှိနေကြသော အင်မော်တယ်နတ်ဆိုးအရှင်များစွာ၏ လက်များပေါ်တွင် ချီလျန်မျိုးနွယ်ဝင် အများအပြား၏ သွေးများ စွန်းထင်းနေခဲ့၏။
ဤအခြေအနေမျိုးအောက်တွင် ချီလျန်မျိုးနွယ်မှ အသိအမှတ်ပြုထားသော အရှင်သခင်သစ်သည် သူတို့အား အလွယ်တကူ လွှတ်ပေးပါမည်လော။
ဤအချက်ကို သူတို့ သိထားသောကြောင့်ပင် ရှီမိုကောင်းကင်အရှင်သခင် 'ပျောက်ဆုံး' သွားပြီးနောက် အခြားသော နတ်ဆိုးနယ်မြေသခင်များသည် အသစ်တက်လှမ်းလာသော အင်မော်တယ်ဘုရင်ထံသို့ စေတနာကောင်းများ ပြသရန် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်နေကြချိန်တွင် ရှီမိုကောင်းကင်မှာမူ တိတ်ဆိတ်ကာ မည်သည့်လှုပ်ရှားမှုမျှ မလုပ်ဘဲ နေနေခဲ့ခြင်း ဖြစ်သည်။
အကြောင်းမှာ ရှီမိုကောင်းကင်၏ အင်မော်တယ်နတ်ဆိုးအရှင်များသည် သူတို့နှင့် ချီလျန်မျိုးနွယ်တို့ကြားရှိ ပဋိပက္ခများနှင့် နာကြည်းချက်များသည် ဖြေရှင်း၍ မရနိုင်လောက်အောင် ကြီးမားကြောင်း သိထားသောကြောင့်ပင်။
တစ်ခုတည်းသော နည်းလမ်းမှာ ရှီမိုကောင်းကင်အရှင်သခင် အမြန်ဆုံး ပြန်လာရန် စောင့်ဆိုင်းခြင်းသာ ဖြစ်ကာ ၎င်းကသာလျှင် အထိတ်တလန့်ဖြစ်နေသော ရှီမိုကောင်းကင်အား တည်ငြိမ်သွားစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
သို့သော် ယခုအခါ အင်မော်တယ်နတ်ဆိုးအရှင်များ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် ရှီမိုကောင်းကင်အရှင်သခင်သည် ရုတ်တရက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သူတို့အား မည်သို့လျှင် စိတ်ပျက်အားငယ်ခြင်း မဖြစ်စေဘဲ နေမည်နည်း။
" နတ်ဆိုးဧကရာဇ်... ဟုတ်တယ်... နတ်ဆိုးဧကရာဇ်ကြီး ရှိသေးတာပဲ! "
တိတ်ဆိတ်မှုနှင့် စိတ်ပျက်အားငယ်မှုများကြားတွင် ရှေးဟောင်း နတ်ဆိုးအရှင်တစ်ပါးမှ ရုတ်တရက် စကားဆိုလာ၏။ သူ၏ အရေးတကြီး အသံမှာ နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးမျှင်လေးအား ဖမ်းဆုပ်လိုက်မိသကဲ့သို့ပင်။
" ရှီမိုကောင်းကင်က နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်အောက်မှာ ရှိတာလေ... အခု ရှီမိုကောင်းကင်အရှင်သခင် သေဆုံးသွားပြီဆိုတော့ ဧကရာဇ်ကြီးအနေနဲ့ ဒီအရာတွေ ဖြစ်ပျက်နေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးမလား?! "
" သိပ်မကြာသေးခင်ကမှ ထာကျီယွမ်နတ်ဆိုးအရှင်က ဧကရာဇ်ကြီးနဲ့ တွေ့ဆုံခွင့်ရဖို့ ထုံးထျန်းနတ်ဆိုးတောင်တန်းကို သွားခဲ့တယ် မဟုတ်ဘူးလား... အဲ့ဒီမှာ ဘာတွေ ပြောခဲ့ကြလဲ! "
ဤစကားကို ကြားသောအခါ ဤနေရာ၌ ရှိနေကြသော အင်မော်တယ်နတ်ဆိုးအရှင်များစွာ၏ စိတ်ပျက်အားငယ်နေသော မျက်လုံးများအတွင်း၌ မျှော်လင့်ချက် ရောင်ခြည်တစ်ခု ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ဟုတ်ပေသည်။ နတ်ဆိုးဧကရာဇ်ကြီး ရှိနေသေးသည်ပင်။
ရှီမိုကောင်းကင်အပါအဝင် နတ်ဆိုးနယ်မြေ၏ ကောင်းကင်ဘုံများစွာသည် နတ်ဆိုးဧကရာဇ်ကြီး၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိလေသည်။
တင်းကျပ်စွာဆိုရလျှင် ရှီမိုကောင်းကင်အရှင်သခင်နှင့် အခြားသော အင်မော်တယ်ဘုရင်များ အားလုံးသည် နတ်ဆိုးဧကရာဇ်ကြီး၏ လက်အောက်ငယ်သားများ ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
ယခု ရှီမိုကောင်းကင်အရှင်သခင် ကျဆုံးသွားခဲ့ပြီဖြစ်ကာ သူ၏ကျဆုံးမှုသည်လည်း ဇာစ်မြစ်မသိရသော အင်မော်တယ်ဘုရင်တစ်ပါးနှင့် သက်ဆိုင်နေ၏။ အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးသာ ဤအရာအားလုံးကို သိရှိသွားပါက ဤသူကို မည်သို့လျှင် အလွယ်တကူ လွှတ်ပေးမည်နည်း။
နတ်ဆိုးဧကရာဇ်ကြီးမှ ဤနေရာသို့ ကြည့်ပေးလိုက်သည်နှင့် ရှီမိုကောင်းကင်သည် ကယ်တင်ခံရမည်ဖြစ်ကာ အားလုံးလည်း ကယ်တင်ခံရမည် ဖြစ်သည်။
ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေမှ ထိုအင်မော်တယ်ဘုရင်သည် ရှီမိုကောင်းကင်ကို မည်သည့်အရာမျှ လုပ်ရဲမည် မဟုတ်ချေ။
" ထာကျီယွမ်နတ်ဆိုးအရှင် ထုံးထျန်းနတ်ဆိုးတောင်တန်းဆီ သွားတဲ့ ခရီးက ရှည်လျားတော့ တစ်ရက်တည်းနဲ့ ရောက်မှာ မဟုတ်ဘူး... ဒါပေမယ့် ကိစ္စမရှိပါဘူး... တကယ်လို့ အဲ့ဒီ အသစ်တက်လှမ်းလာတဲ့ အင်မော်တယ်ဘုရင်က ပြဿနာရှာဖို့ ရှီမိုကောင်းကင်ဆီ တကယ် ရောက်လာခဲ့ရင်တောင် ငါတို့က နတ်ဆိုးဧကရာဇ်ကြီးရဲ့ နာမည်ကို သုံးလိုက်ရုံပဲ... အဲ့ဒီအခါကျရင် သူက သတိမထားဘဲ နေပါ့မလား "
အင်မော်တယ်တစ်ပါးသည် စိတ်ပေါ့ပါးစွာ ရယ်မောလျက် ပြောဆိုလိုက်သည်။
" တကယ်ပဲ "
အခြား နတ်ဆိုးအရှင်တစ်ပါးမှ သူ၏မုတ်ဆိတ်ကို သပ်ကာ ပြောဆိုလိုက်၏။
" ထုံးထျန်းနတ်ဆိုးတောင်တန်းဆီက အမိန့်တွေ မကျလာသေးပေမယ့် ဧကရာဇ်ကြီးက ရှင်းရှင်းလင်းလင်း မပြောသေးသရွေ့ ဘယ်သူက ငါတို့ ရှီမိုကောင်းကင်ကို ထိရဲမှာလဲ... ဧကရာဇ်ကြီးက ဒီကိစ္စကြောင့် ဒေါသထွက်ပြီး အဲ့ဒီလူကို ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးတာမျိုးတောင် ဖြစ်နိုင်သေးတယ်! "
စကားအနည်းငယ်ပြောလျက် ခဏတာ ဆွေးနွေးပြီးနောက်.....
ရှီမိုကောင်းကင်၏ လုံခြုံမှုသည် သေချာသွားပြီဟု အားလုံး ခံစားလိုက်ရဟန် တူသည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဧကရာဇ်ကြီးမှ သူ၏သဘောထားကို မဖော်ပြမီတွင် မြင့်မြတ်လှသော အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် အလျင်စလို ပြုမူရဲမည် မဟုတ်ပေ။
ထို့အပြင် အထွတ်အထိပ် နတ်ဆိုးအရှင် အချို့သည် ခြားနားသော အတွေးအချို့ကိုပင် ရင်ဘတ်ထဲ၌ သိမ်းဆည်းထားလိုက်ကြသေးသည်။
ရှီမိုကောင်းကင်အရှင်သခင် သေဆုံးသွားခဲ့ပြီ။ အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးမှ ထပ်မံ ဒေါသထွက်ကာ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေမှ အင်မော်တယ်ဘုရင်ကို သတ်ပစ်ခြင်း (သို့မဟုတ်) မောင်းထုတ်ပစ်ခြင်းမျိုး ပြုလုပ်ခဲ့မည်ဆိုပါက ဤကျယ်ပြောလှသော ရှီမိုကောင်းကင်ကြီးသည် သူတို့ အုပ်ချုပ်ရန်အတွက် ဖြစ်လာမည် မဟုတ်ပါလော။
တစ်ခါတစ်ရံ ဤသည်မှာ အင်မော်တယ်ဘုရင်တစ်ပါး၏ တာအိုကို ရရှိရန်အတွက် အခွင့်ကောင်းတစ်ခုလည်း ဖြစ်နိုင်ပေသည်။
...
ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၊ ချီလျန်မျိုးနွယ် ဘိုးဘေးနယ်မြေ.....
ယနေ့တွင် ချီလျန်မျိုးနွယ်သည် ယခင်ကကဲ့သို့ ထိုင်းမှိုင်းကာ ဖိနှိပ်ခံထားရသည့် ခံစားချက်မျိုး မရှိတော့ဘဲ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားဖွယ် လေထုဖြင့် ပြည့်နှက်နေလေသည်။
ဤအပြောင်းအလဲများ အားလုံးကို ကုချန်မှ သယ်ဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။
ကုချန်သည် ရှီမိုကောင်းကင်အရှင်သခင်ကို အင်အားသုံး၍ မောင်းထုတ်ခဲ့ပြီးနောက်ပိုင်း ရှီမိုကောင်းကင်အောက်ရှိ နတ်ဆိုးနယ်မြေ ရာပေါင်းများစွာသည် ခေါင်းငုံ့သွားခဲ့ကြ၏။ မြင့်မြတ်သော ရတနာများနှင့် ထူးဆန်းသော လက်ရာပစ္စည်းများစွာကို ပေးပို့ရုံသာမက ပြီးခဲ့သော နှစ်များအတွင်း နယ်မြေအသီးသီးသို့ ပို့ဆောင်ခံခဲ့ရသည့် ချီလျန်မျိုးနွယ်ဝင်များ အားလုံးကိုလည်း မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိစေဘဲ ကိုယ်တိုင်ကိုယ်ကျ ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။
နယ်မြေအသီးသီးသို့ သွားရောက်ကာ အစေခံခဲ့ရသော ထိုချီလျန်မျိုးနွယ်ဝင်များပင်လျှင် ချီလျန်မျိုးနွယ် ဘိုးဘေးနယ်မြေသို့ ပြန်လည်ရောက်ရှိလာချိန်အထိ အိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရသည်။
အကြောင်းမှာ ချီလျန်မျိုးနွယ်မှ ထွက်ခွာခဲ့ရသည့် နေ့မှစ၍ သူတို့သည် တိုင်းတစ်ပါး၌သာ သေဆုံးရကာ ဤဘဝတွင် ချီလျန်မျိုးနွယ် ဘိုးဘေးနယ်မြေသို့ ပြန်လာခွင့် ရတော့မည်မဟုတ်ဟု ယုံကြည်ထားခဲ့ကြသောကြောင့်ပင်။
မျှော်လင့်မထားဘဲ သူတို့သည် အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာရုံသာမက နတ်ဆိုးနယ်မြေ အသီးသီးမှ သခင်များပင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
ဤရုတ်တရက် အပြောင်းအလဲသည် လေလွင့်နေခဲ့ရသော ဤချီလျန်မျိုးနွယ်ဝင်များအား စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
ဤနတ်ဆိုးနယ်မြေ ရာပေါင်းများစွာ၏ သဘောထားကို ဤမျှ ပြင်းထန်စွာ ပြောင်းလဲသွားစေရန် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူတို့ နားမလည်ခဲ့ကြသလို နယ်မြေအသီးသီးမှ သခင်များမှ သူတို့၏မိသားစုထံသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးခဲ့သည်ကိုလည်း နားမလည်နိုင်ခဲ့ကြပေ။
ထိုမျှသာမက နတ်ဆိုးနယ်မြေသခင်များသည် လမ်းခရီးတစ်လျှောက်တွင် သူတို့အပေါ် အလွန် ဂရုစိုက်ပြခဲ့ကြကာ ဖားယားနေသည့် မျက်နှာအမူအရာများမှာ လျှံကျလုမတတ်ပင် ဖြစ်နေခဲ့၏။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
လေလွင့်နေခဲ့ရသော ချီလျန်မျိုးနွယ်ဝင်များ အားလုံးမှာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို မစဉ်းစားတတ်တော့လောက်အောင် တွေဝေရှုပ်ထွေးနေခဲ့ကြသည်။
သို့သော် ဘိုးဘေးနယ်မြေသို့ ပြန်လည်ရောက်ရှိလာသောအခါ ဤသံသယများ အားလုံးသည် လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
အမှန်တကယ်တွင် မိသားစုခေါင်းဆောင်သည် ချီလျန်မျိုးနွယ်အတွက် အရှင်သခင်သစ် တစ်ပါးကို အသိအမှတ်ပြုခဲ့ခြင်း ဖြစ်နေသည်။
ထို့အပြင် ချီလျန်မျိုးနွယ်၏ ဤအရှင်သခင်သည် ကြောက်မက်ဖွယ်ကောင်းသော ရှီမိုကောင်းကင်အရှင်သခင်ကို မကြာသေးမီကမှ မောင်းထုတ်ခဲ့သည့် အင်မော်တယ်ဘုရင်အဆင့်ရှိ ကြီးမြတ်သော တည်ရှိမှုကြီးတစ်ပါး ဖြစ်နေချေပြီ။
အံ့သြစရာ မဟုတ်တော့ပေ!
ဤနတ်ဆိုးနယ်မြေသခင်များ အားလုံး၏ သဘောထားများ အဘယ်ကြောင့် ဤမျှ ပြင်းထန်စွာ ပြောင်းလဲသွားရသည်ဆိုခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
အင်မော်တယ်ဘုရင်တစ်ပါး ရောက်ရှိလာခြင်းနှင့် ရှီမိုကောင်းကင်အရှင်သခင်ကို မောင်းထုတ်နိုင်ခဲ့သည့် ယခင် အောင်မြင်မှုတို့နှင့်အတူ ဤနတ်ဆိုးနယ်မြေ အသီးသီးမှ သခင်များသည် မည်သို့လျှင် မကြောက်ရွံ့ဘဲ နေနိုင်ကြမည်နည်း။
အခန်း ( ၃၆၄ ) - အတုအယောင်မဟုတ်ခြင်း၊ ချီလျို၏ စိုးရိမ်ပူပန်မှုနှင့် မိုးကြိုးပစ်ချလိုက်သကဲ့သို့ သတင်းဆိုး
" ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ကြီးပွားတိုးတက်မှုက အရှင်သခင်ရဲ့ နတ်ဘုရားစွမ်းအားတွေကြောင့်ပါပဲ "
ချီလျိုသည် ချီလျန်မျိုးနွယ်၏ စည်ပင်ဝပြောနေသော မြင်ကွင်းအား ကြည့်ကာ သူ၏ရင်တွင်းမှ ကျေးဇူးတင်စကားကို မဆိုဘဲ မနေနိုင်ခဲ့ပေ။
ကုချန်အပေါ် အရာအားလုံး ပုံအောကာ လောင်းကြေးထပ်ခဲ့သည့် သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်လေသည်။
သူ၏အတိတ်မှ ရင်းနှီးမြှုပ်နှံမှုများနှင့် လောင်းကြေးများသည် ယခုအခါတွင် အများပြားဆုံးသော အကျိုးအမြတ်များကို ရရှိစေခဲ့ပြီ ဖြစ်သည်။
ယခုအခါ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေသည် ရှီမိုကောင်းကင်အတွင်းရှိ အင်အားစုများအားလုံး စုဝေးရာနေရာတစ်ခု ဖြစ်လာခဲ့၍ နတ်ဆိုးနယ်မြေအသီးသီးမှ လာရောက်စုဝေးကြရာ ယခင်က ရှီမိုကောင်းကင်ထက်ပင် ပို၍ စည်ကားနေလေသည်။
ချီလျန်မျိုးနွယ်၏ အဆင့်အတန်းသည်လည်း ဒီရေဒီလှိုင်းကဲ့သို့ မြင့်တက်လာခဲ့သည်။
ယခုအခါ အင်မော်တယ်ဘုရင် တစ်ပါးပင်လျှင် ချီလျန်မျိုးနွယ်ဝင်များအား ရိုသေယဉ်ကျေးစွာ ဆက်ဆံကြကာ ယခင်ကကဲ့သို့ ပုရွက်ဆိတ်များအဖြစ် သဘောမထားကြတော့ချေ။
သို့သော် အတိတ်က မှန်ကန်ခဲ့သော လောင်းကြေးကြောင့် ယနေ့ရလဒ်များကို ရရှိလာခဲ့သော်ငြား ချီလျိုသည် ဤစည်ပင်ဝပြောနေသော မြင်ကွင်းများ၌ ဘယ်သောအခါကမျှ သာယာယစ်မူးနေခဲ့ခြင်း မရှိပေ။
ချီလျန်မျိုးနွယ် ပိုင်ဆိုင်သမျှ အရာအားလုံးသည် သူ၏အရှင်သခင်မှ ပေးသနားထားခြင်းဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားလေသည်။
သူ၏အရှင်သခင် ဆန္ဒရှိပါက မည်သည့်အချိန်တွင်မဆို ပြန်လည် ရုပ်သိမ်းသွားနိုင်ပေသည်။
ထို့ကြောင့် ချီလျန်မျိုးနွယ်သည် နောင်အနာဂတ်၌ မည်မျှပင် ကြီးပွားတိုးတက်လာစေကာမူ သူတို့၏မူလအစကို ဘယ်သောအခါမှ မမေ့လျော့သင့်ဘဲ အရှင်သခင်၏ ရှေ့မှောက်၌ ယခင်ကကဲ့သို့ပင် သစ္စာရှိစွာဖြင့် ရိုသေလေးစားနေရမည် ဖြစ်သည်။
" မင်းက ငါဧကရာဇ်ကို ကြိုးကြိုးစားစား အလုပ်အကျွေးပြုခဲ့တဲ့အတွက် အခုလို ကြီးပွားတိုးတက်လာတာက မင်းတို့ ချီလျန်မျိုးနွယ်နဲ့ ထိုက်တန်ပါတယ် "
ကုချန်သည် ပင်မထိုင်ခုံ၌ ထိုင်ကာ ကျိုးနွံစွာနေသော ချီလျိုအား ကြည့်လျက် တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
ထိုအချိန်မှာပင် ကောင်းကင်ယံထက်၌ သွေးမိုးများ ရွာကျလာပြီး နယ်မြေရာချီ ငိုကြွေးနေသော ကောင်းကင်ဖြစ်စဉ် ပေါ်ထွက်လာခဲ့သည်။
" ဒါက..... "
ချီလျိုသည် မသိစိတ်၏ စေ့ဆော်မှုဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူ၏ လှပသော မျက်လုံးများအတွင်း၌ ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
ချီလျိုသည် ဤမြင်ကွင်းမျိုးကို ယခင်က ဘယ်သောအခါကမျှ မမြင်တွေ့ခဲ့ဖူးကြောင်း ရှင်းလင်းနေပေသည်။
" ရှီမိုကောင်းကင်အရှင်သခင် ကျဆုံးသွားပြီ "
ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော သွေးမိုးများကို ကြည့်ရင်း ကုချန်၏မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွားလေသည်။
အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားသောအခါ နယ်မြေရာချီ ငိုကြွေးကြရသည်။
ဤရှီမိုကောင်းကင်ရှိ တစ်ပါးတည်းသော အင်မော်တယ်ဘုရင်မှာ ရှီမိုကောင်းကင်အရှင်သခင်သာလျှင် ဖြစ်ရာ သူမှလွဲ၍ မည်သူ ကျဆုံးနိုင်မည်နည်း။
ကုချန် လေးနက်တည်ကြည်သွားရခြင်း၏ အကြောင်းရင်းမှာ ရှီမိုကောင်းကင်အရှင်သခင် ကျဆုံးသွားခြင်းကြောင့် မဟုတ်ဘဲ သူ၏ မူလခန္ဓာကိုယ်သည် စောစောက ဆန်းကြယ်သော ခေါင်းတလားအတွင်း၌ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ အတုအယောင်၊ အိပ်မက်တစ်ခု မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းကြောင့်ပင်!
သူ၏မူလခန္ဓာကိုယ်သည် ဆန်းကြယ်သော ခေါင်းတလားဖြင့် လိုက်ပါသွားစဉ် အချိန်မြစ်ပေါ်၌ ရှီမိုကောင်းကင်အရှင်သခင်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသေဆုံးသွားခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
ထိုသို့ဖြစ်ပြီးပြီးချင်း နတ်ဆိုးနယ်မြေရှိ ရှီမိုကောင်းကင်၌ နယ်မြေရာချီ ငိုကြွေးကာ သွေးမိုးများ ရွာကျသည့် မြင်ကွင်း ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ ဆန်းကြယ်သော ခေါင်းတလားသည် ကုချန်နှင့် ဟွမ်ကျိုအာတို့အား အချိန်မြစ်၏ ဆန်းကြယ်လှသော အဆုံးသတ်ဆီသို့ အမှန်တကယ် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ ခေါင်းတလားအတွင်း ပါဝင်နေသော စွမ်းအားများမှ ဖန်တီးပေးထားသည့် အတုအယောင်
အိပ်မက်တစ်ခုမျှသာ မဟုတ်ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
" ရှီမိုကောင်းကင်အရှင်သခင်... ကျဆုံးသွားပြီလား "
ချီလျိုသည် ကုချန်၏စကားကို မသိစိတ်မှပင် ပြန်လည်ရေရွတ်လိုက်မိပြီးနောက် သူ၏ လှပသော မျက်နှာထက်၌ အံ့အားသင့်မှုများ ပြည့်နှက်သွားလေသည်။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတိုင်အောင် ရှီမိုကောင်းကင်ကို အုပ်စိုးခဲ့သည့် ရှီမိုကောင်းကင်အရှင်သခင်သည် အမှန်တကယ်ပင် ကျဆုံးသွားခဲ့ပြီလော။
ဘယ်လိုဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။
ယခင်က ကုချန်သည် ရှီမိုကောင်းကင်အရှင်သခင်ကို အနိုင်ယူခဲ့ခြင်းမှာ ချီလျိုအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သော်ငြား ယခုလောက်အထိတော့ တုန်လှုပ်သွားစေခြင်း မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဘုရင်များသည် အစွမ်းထက်သော်ငြား မရှုံးနိမ့်နိုင်သူများ မဟုတ်ပေ။ တူညီသော အဆင့်ရှိသူများအကြား တိုက်ပွဲများတွင် တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော အရာပင်ဖြစ်သည်။
သို့သော် အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားခြင်း ဟူ၍လော။
နတ်ဆိုးနယ်မြေ၌ ဤကဲ့သို့သော သတင်းမျိုးကို မကြားရသည်မှာ နှစ်ပေါင်း ရာချီ၊ သန်းဆယ်ချီမျှပင် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
အနည်းဆုံးတော့ ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေသို့ ပြောင်းရွှေ့လာခဲ့သည့် အချိန်မှစ၍ ဤကဲ့သို့သော သတင်းမျိုးကို ဘယ်သောအခါကမျှ မကြားခဲ့ဖူးချေ။
ယခုအခါ ရှီမိုကောင်းကင်အရှင်သခင် ကျဆုံးသွားခဲ့ပြီ။ ဤအရာက သူ၏အရှင်သခင်နှင့်များ သက်ဆိုင်နေမည်လော။
ချီလျိုသည် ကုချန်အား သတိထားကာ အကဲခတ်လိုက်လေသည်။
ရှီမိုကောင်းကင်အရှင်သခင်၏ ကျဆုံးမှုသည် သူ၏အရှင်သခင်နှင့် ခွဲခြား၍မရအောင် ဆက်စပ်နေကြောင်း ရှင်းလင်းနေပေသည်။ ထိုနေ့က တိုက်ပွဲသာ မရှိခဲ့လျှင် ရှီမိုကောင်းကင်အရှင်သခင်သည် ယနေ့ ဤမျှ ရုတ်တရက် သေဆုံးသွားမည် မဟုတ်ချေ။
ထို့အပြင် သူ တစ်ဦးတည်းသာ ဤသို့ တွေးနေခြင်း မဟုတ်ဘဲ ထိုတိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော နတ်ဆိုးနယ်မြေမှ အစွမ်းထက် သိုင်းသမားများ အားလုံးကလည်း ထိုနည်းတူစွာ တွေးတောကြပေလိမ့်မည်။
ဤအရာကို တွေးမိသောအခါ ချီလျိုသည် တစ်စုံတစ်ရာကို ပြန်လည်သတိရသွားဟန်ဖြင့် သူ၏မျက်နှာအမူအရာမှာ မသိစိတ်အလျောက် ပြောင်းလဲသွားခဲ့၏။
ဒုက္ခပါပဲ! ရှီမိုကောင်းကင်အရှင်သခင် သေဆုံးသွားခြင်းက ရှီမိုကောင်းကင်ကို ဂယက်ရိုက်ခတ်စေမှာ သေချာတယ်။ ပြီးတော့ တစ်ခြား နတ်ဆိုးကောင်းကင်ဘုံတွေရဲ့ အာရုံစိုက်မှုကိုပါ ဆွဲဆောင်သွားလိမ့်မယ်။
အကယ်၍ ဤကိစ္စသာ ထုံးထျန်းနတ်ဆိုးတောင်တန်းဆီသို့ ရောက်ရှိသွားကာ နတ်ဆိုးဧကရာဇ်ကြီး သိရှိသွားခဲ့မည်ဆိုလျှင်.....
ဤအရာကို တွေးမိသောအခါ ချီလျို၏စိတ်နှလုံးမှာ ပို၍ လေးလံသွားရတော့သည်။
ယခင်က ကုချန်သည် ရှီမိုကောင်းကင်အရှင်သခင်ကို အနိုင်ယူခဲ့သည့် သတင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့သော်ငြား ရှီမိုကောင်းကင်အတွင်း၌သာ ကန့်သတ်ထားနိုင်ခဲ့ပြီး နတ်ဆိုးနယ်မြေတစ်ခုလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားစေခြင်း မရှိခဲ့ပေ။
သို့သော် ယခု ရှီမိုကောင်းကင်အရှင်သခင် သေဆုံးသွားခြင်းမှာမူ ကွာခြားလေသည်။
အနည်းဆုံးတော့ ရှီမိုကောင်းကင်ကို ဗြောင်ကျကျ အုပ်ချုပ်နေသည့် ထုံးထျန်းနတ်ဆိုးတောင်တန်းသည် ဤကိစ္စနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလာနိုင်ကာ နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်ပင်လျှင် ဤနေရာအား ကြည့်လာနိုင်ပေသည်။ အကယ်၍သာ ကောင်းစွာ မဖြေရှင်းနိုင်ခဲ့လျှင်.....
ချီလျိုသည် ကုချန်အား သတိထား၍ မော့ကြည့်လိုက်သော်လည်း ကုချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်သောအသွင်ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူသည် နတ်ဆိုးဧကရာဇ်ကြီး ရှိနေကြောင်း ကုချန်အား ကြိုတင် ပြောပြထားပြီး ဖြစ်သည်။
ယခုအခါ သူ၏အရှင်သခင်သည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝ ဂရုမစိုက်ပုံပေါ်နေလေရာ သူမ၏ အရှင်သခင်၌ နတ်ဆိုးဧကရာဇ်ကြီးကိုပင် ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှိနေခြင်းလော။
ချီလျိုသည် တွန့်ဆုတ်နေသော်ငြား ကုချန်အား သတိပေးလိုစိတ် ရှိနေဆဲပင်။
သို့သော် ဤအချိန်မှာပင် တတိယအကြီးအကဲသည် ရုတ်တရက် အပြေးအလွှား ဝင်ရောက်လာခဲ့ပြီး သူ၏ လှပသော မျက်နှာထက်၌ ဝမ်းနည်းပူဆွေးနေသည့် အရိပ်အယောင်များ စွန်းထင်းနေလေသည်။
" ဘာဖြစ်လာတာလဲ "
တတိယအကြီးအကဲ ဤမျှ အလျင်စလို ဝင်ရောက်လာသည်ကို မြင်သောအခါ ချီလျိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
" အရှင်သခင် "
တတိယအကြီးအကဲသည် ရှေးဦးစွာ ကုချန်အား ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် ချီလျိုအား ကြည့်ကာ ဝမ်းနည်းနေသော လေသံဖြင့် ပြောဆိုလိုက်လေသည်။
" မိသားစုခေါင်းဆောင်... ဘိုးဘေးနယ်မြေကို ပြန်ရောက်လာတဲ့ ညီအစ်မတွေဆီကနေ ကျွန်မ သတင်းရလိုက်တယ်... ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှီမိုကောင်းကင်ဆီ အပို့ခံခဲ့ရတဲ့ ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ ညီအစ်မတွေ အားလုံးက... သက်ရှိထင်ရှား ရှိမနေလောက်တော့ဘူး! "
" ဘာပြောလိုက်တယ်?! "
ဤစကားကို ကြားလိုက်ရသောအခါ ချီလျိုမှာ ချက်ချင်းပင် အံ့အားသင့်သွားပြီး သူ၏ လှပသော မျက်နှာမှာ ဖြူဖျော့သွားကာ.....
" မဖြစ်နိုင်တာ! ပြီးခဲ့တဲ့နှစ်တွေအတွင်း နယ်မြေအသီးသီးကို အပို့ခံခဲ့ရတဲ့ ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်တွေထဲမှာ ရှီမိုကောင်းကင်ဆီ အပို့ခံရတာ အများဆုံးပဲ... အခု အခြားနယ်မြေတွေကနေ ညီအစ်မတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာနေကြပြီ... ဒါကို ရှီမိုကောင်းကင်ဆီ သွားခဲ့ရတဲ့ ညီအစ်မတွေ အားလုံးက ဘယ်လိုလုပ် သေဆုံးသွားနိုင်မှာလဲ "
ချီလျိုသည် လုံးဝကို မယုံကြည်နိုင်ဖြစ်နေ၏၊ ပို၍ တိကျစွာဆိုရလျှင် မယုံရဲခြင်းသာ ဖြစ်လေသည်။
လွန်ခဲ့သော နှစ်များစွာတစ်လျှောက် ချီလျန်မျိုးနွယ်သည် ပုန်းအောင်းနေထိုင်ခဲ့ရကာ အရှက်ကွဲမှုများကို သည်းခံခဲ့ရပြီး ငြိမ်းချမ်းရေးအတွက် အလဲအလှယ်လုပ်ရန် သူတို့၏မျိုးနွယ်ဝင်များကိုပင် ရှီမိုကောင်းကင်ထံ အစေခံရန် နတ်ဆိုးနယ်မြေ အသီးသီးသို့ ပို့ဆောင်ခဲ့ရသည်။
ထိုအထဲတွင် ရှီမိုကောင်းကင်သို့ အပို့ခံရသော ချီလျန်မျိုးနွယ် ညီအစ်မများမှာ အများဆုံးဖြစ်ပြီး အခြားသော နတ်ဆိုးနယ်မြေများစွာသို့ အပို့ခံရသူများ အားလုံးပေါင်းထားသည်ထက်ပင် ပို၍ များပြားနေသေးသည်။
ယခုအခါ ချီလျန်မျိုးနွယ်မှ ညီအစ်မများသည် အခြားသော နတ်ဆိုးနယ်မြေများမှ တစ်ဦးပြီးတစ်ဦး ပြန်လည်ရောက်ရှိလာကြသော်လည်း ရှီမိုကောင်းကင်ဘက်မှမူ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးပေ။
ယခင်က ချီလျိုသည် ရှီမိုကောင်းကင်မှ ခေါင်းမာစွာ ဆန့်ကျင်နေဆဲဖြစ်ကာ အခြေအနေကို သဘောမပေါက်သေးဟု ထင်မှတ်ခဲ့သောကြောင့် တတိယအကြီးအကဲအား သတင်းစုံစမ်းရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် တတိယအကြီးအကဲသည် ပြန်လှည့်လာကာ သူ့ထံသို့ ဤမျှ ဆိုးရွားလှသော သတင်းကို ယူဆောင်လာခဲ့မည်ဟူ၍ မည်သူက ထင်မှတ်ထားမည်နည်း။
တစ်ချိန်က ရှီမိုကောင်းကင်သို့ အပို့ခံခဲ့ရသော ညီအစ်မများ အားလုံး ယခုအခါ သေဆုံးသွားကြပြီလော?!
" ဒါ အမှန်တကယ်ပါပဲ "
တတိယအကြီးအကဲသည် ခက်ခဲစွာ ခေါင်းညိတ်လိုက်ကာ သူ၏မျက်နှာမှာလည်း အလွန် ညှိုးနွမ်းနေလေသည်။
" ဘိုးဘေးနယ်မြေကို ခုလေးတင် ပြန်ရောက်လာတဲ့ ညီအစ်မတစ်ယောက်ဆီကနေ ကျွန်မ သတင်းရခဲ့တာပါ... သူက တစ်ချိန်တုန်းက အဲ့ဒီနယ်မြေက သခင်နဲ့အတူ ရှီမိုကောင်းကင်ဆီ လိုက်သွားခဲ့ဖူးတယ်.....
အဲ့ဒီတုန်းက အဲ့ဒီနယ်မြေသခင်နဲ့ ရှီမိုကောင်းကင်က အဆင့်မြင့်အရာရှိတစ်ဦးတို့ ပြောနေကြတဲ့ စကားတွေကို တိုက်ဆိုင်စွာနဲ့ သူ ကြားလိုက်ရတယ်တဲ့... သူတို့ စကားပြောနေတဲ့အထဲမှာ အဲ့ဒီရှီမိုကောင်းကင်က အရာရှိကိုယ်တိုင် ကျွန်မတို့ ချီလျန်မျိုးနွယ်က ပို့လိုက်တဲ့ ညီအစ်မတွေဟာ လျှို့ဝှက်စွာ ကွပ်မျက်ခံလိုက်ရပြီ... အဲ့လိုမဟုတ်ရင်.....
သေတွင်းတူးရမယ့် တာဝန်တွေဆီ စေလွှတ်ခံလိုက်ရပြီလို့ပဲ... ပြီးတော့...တစ်ယောက်မှ အသက်မရှင်တော့ဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တာပါတဲ့ "