← Chapters

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း (၂၅၆) - မမျှော်လင့်ထားသော ဖြစ်ရပ်များ ပြန်လည် ပေါ်ပေါက်လာခြင်းနှင့် နတ်မိမယ်ရေ... ခင်ဗျား တော်တော် အကင်းပါးတာပဲ (အပိုင်း - ၅)

~"ပြီးတော့... ဒီရုပ်သေးသားရဲဆီက ပုံမှန် မဟုတ်တဲ့ စွမ်းအားတွေကို ကျွန်မ အာရုံခံမိနေတယ်"

နတ်မိမယ် ဖုန်းလင်သည် ရုပ်သေးသားရဲထံမှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကြောင့် အလွန်အမင်း သတိထားနေရ၏။

သို့မဟုတ်ပါက...

ဤနေရာသို့ မလာရောက်ခင်က နတ်မိမယ် ဖုန်းလင်သည် စုမိသားစုကို အရေးတယူ ဂရုစိုက်ခဲ့ခြင်း မရှိပေ။ ဒုတိယအဆင့် အဆောင်လက်နက် ရာပေါင်းများစွာ ပိုင်ဆိုင်ထားသည်ဟု ကောလာဟလ ထွက်နေသော စုယွီကိုလည်း ထို့အတူပင် သဘောထားခဲ့၏။

ထို့ကြောင့်ပင် သူမ ရောက်ရှိလာသည်နှင့် စုမိသားစု ခေါင်းဆောင် ထိုင်ခုံကို မောက်မောက်မာမာ ဝင်ရောက် နေရာယူခဲ့သည် မဟုတ်ပါလော။

စုယွီ ရောက်လာသည့် အချိန်တွင်လည်း ထိုင်ရာမှ မထဘဲ နေခဲ့ပြီး၊ စုယွီနှင့် စုမိသားစုကို အဆင့်တိုင်းတွင် လိုက်လျောရန် ဖိအားပေးခဲ့ခြင်း ဖြစ်၏။

မူလက နတ်မိမယ် ဖုန်းလင် ထင်မြင်ထားသည်မှာ... စုယွီသည် ဒုတိယအဆင့် အဆောင်လက်နက်များကို အသုံးပြု၍ ခြိမ်းခြောက်လိမ့်မည်၊ သို့မဟုတ် တိုက်ရိုက် တိုက်ခိုက်လာလိမ့်မည် ဟူ၍ ဖြစ်၏။

အခြားသူများ အနေဖြင့် ထိုအဆောင်လက်နက်များကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့ပေလိမ့်မည်။

သို့သော် လက်ရှိ နတ်မိမယ် ဖုန်းလင်မှာမူ ထိုအရာများကို လုံးဝ ဂရုစိုက်ခြင်း မရှိချေ။

... သူမ လုံးဝ ထင်မှတ်မထားခဲ့သည့် အရာမှာ... စုယွီသည် သူမ သိထားသော ဒုတိယအဆင့် အဆောင်လက်နက်များကို ထုတ်မသုံးဘဲ၊ တတိယအဆင့် ရုပ်သေးသားရဲ တစ်ကောင်ကို ဆင့်ခေါ်လိုက်ခြင်းပင် ဖြစ်ပေသည်။

ဤ ရုပ်သေးသားရဲ တစ်ကောင်တည်းနှင့်ပင်... စုမိသားစုသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နှင့် တန်းတူ ရင်ဘောင်တန်း စကားပြောနိုင်သော အင်အားစု တစ်ခု ဖြစ်လာစေခဲ့ပြီ မဟုတ်ပါလော။

အင်အားသုံးပြီး သူတစ်ပါးကို အညံ့ခံခိုင်းချင်သော သူမ၏ ဆန္ဒမှာ ယခုအခါ မဖြစ်နိုင်တော့ချေ။

စုမိသားစု ဂူစံအိမ်မှ ထွက်ခွာပြီး၊ ဆေးလုံးတောင် နယ်မြေကို ကျော်လွန်လာသောအခါ... နတ်မိမယ် ဖုန်းလင်သည် ခြေလှမ်း ရပ်တန့်လိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"စုယွီ... အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားပြီးတော့... ဒီအရွယ်နဲ့ အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက်ကို ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်... ဒုတိယအဆင့် ထိပ်တန်း ဆေးပညာရှင်၊ ဒုတိယအဆင့် ထိပ်တန်း အဆောင်ပညာရှင်လည်း ဖြစ်တယ်"

"အခု သူ့လက်ထဲမှာ တတိယအဆင့် ရုပ်သေးသားရဲ တစ်ကောင်ပါ ရှိနေသေးတယ်... စိတ်ဝင်စားစရာပဲ"

"ကြည့်ရတာ... တာ့ယွဲ့ နယ်မြေထဲမှာ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ မောင်ငယ်လေး တစ်ယောက် ပေါ်ထွက်လာတော့မယ် ထင်တယ်"

နတ်မိမယ် ဖုန်းလင်သည် သဘောကျစွာ ပြုံးလိုက်၏။

"နှမြောစရာ ကောင်းတာကတော့... ဒီတစ်ခေါက် စုမိသားစုကို အညံ့ခံခိုင်းလို့ မရလိုက်တာပါပဲ"

နတ်မိမယ် ဖုန်းလင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

မမျှော်လင့်ထားသော စုမိသားစု၏ အင်အားကြောင့်... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ အစီအစဉ်များ ပြောင်းလဲသွားနိုင်ခြေ ရှိနေလေပြီ။

"အရင်ဆုံး ပြန်ပြီး ဆွေးနွေးကြတာပေါ့"

နတ်မိမယ် ဖုန်းလင်နှင့် သူမ၏ လူများ ထွက်ခွာသွားကြလေတော့သည်။

စုမိသားစု၊ ခန်းမဆောင်ကြီး အတွင်း၌...။

စုဖုန်း၊ စုပင်း၊ ယွီခယ်အာ၊ စုရိုဆု နှင့် အခြားသူများသည် စုယွီ၏ ရုပ်သေးသားရဲကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိကြ၏။ နတ်မိမယ် ဖုန်းလင်တို့ ထွက်ခွာသွားသည်မှာ ကြာပြီ ဖြစ်သော်လည်း... သူတို့ သတိပြန်မဝင်နိုင်သေးကြချေ။

တတိယအဆင့် ရုပ်သေးသားရဲကြီး။

ထို ရုပ်သေးသားရဲ ထွက်ပေါ်လာခြင်းက သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့သည် မဟုတ်ပါလော။

အချိန်အတော်ကြာမှ...

စုပင်းနှင့် အခြားသူများ သတိပြန်ဝင်လာကြပြီး စုယွီကို အံ့သြတကြီး ကြည့်ကာ မေးမြန်းလိုက်ကြ၏။

"ဒါ... ဒါ တကယ်ပဲ တတိယအဆင့် ရုပ်သေးသားရဲကြီးလား"

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်းညိတ် ပြလိုက်သည်။

"တတိယအဆင့် အဆင့်နိမ့်လို့ သတ်မှတ်လို့ ရပါတယ်... နတ်မိမယ် ဖုန်းလင်က သာမန် မိန်းကလေး မဟုတ်ဘူး... ထူးခြားတဲ့ ရှေးဟောင်း ကျင့်စဉ်တွေ ကျင့်ကြံထားပြီး ကံကောင်းခြင်းတွေ ရထားတဲ့သူ ဖြစ်နိုင်တယ်"

"ဒါကြောင့်မို့လို့သာ... ကျွန်တော် ဒီရုပ်သေးသားရဲကို ထုတ်ပြလိုက်ရတာပါ... မဟုတ်ရင် လုံးဝ ထုတ်ပြဖို့ အစီအစဉ် မရှိပါဘူး"

"ဟူး..."

ရုပ်သေးသားရဲက တတိယအဆင့် အဆင့်နိမ့် အဆင့်ကို ရောက်တာ သိပ်မကြာသေး။

ယခု ထုတ်ပြလိုက်ရတော့... သူ့ရဲ့ လျှို့ဝှက်လက်နက် တစ်ခု လျော့သွားပြီဟု ဆိုရမည်။

ဤအချက်က စုယွီကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

တကယ်လို့များ ပိုစွမ်းအားကြီးတဲ့သူတွေ... ဒါမှမဟုတ် အရှင်သခင် ပိုင်ယွဲ့ ကိုယ်တိုင်သာ ရောက်လာခဲ့ရင်... သူ့ရဲ့ 'ရုပ်သေးဝိညာဉ်' တွေ၊ မှော်ရတနာတွေပါ ထုတ်သုံးရတော့မလား။

အဲ့ဒီလိုသာ ဆိုရင်... သူ ခက်ခဲစွာ စုဆောင်းထားတဲ့ လျှို့ဝှက်လက်နက်တွေ အကုန် ကုန်သွားတော့မှာပေါ့။

စုယွီ၏ စိတ်ထဲတွင် တင်းမာနေမိ၏။

နောက်တစ်ဆင့် အနေနဲ့... ခဏလောက် ငြိမ်နေဖို့ လိုတယ်... ဖြစ်နိုင်သမျှ ဒိုင်လျှိုလေး.. နေပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ကိုယ့်အင်အားကို မြှင့်တင်ရမယ်..

တကယ်လို့ ငါ့ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်ကို ရောက်သွားရင်... ခုနကလို ရုပ်သေးသားရဲ မသုံးရင်တောင်မှ... ဟိုမိန်းမကို ငါ လုံးဝ ကြောက်စရာ မလိုတော့ဘူး..

တတိယအဆင့် အဆင့်နိမ့် 'ကြေးမုံလမင်း အဆောင်' ကိုလည်း အမြန်ဆုံး ရေးဆွဲနိုင်အောင် ကြိုးစားရမယ်..

စောစောက သူ ဘာလို့ မတိုက်ခိုက်ခဲ့သလဲ ဆိုတာ အကြောင်းရှိသည်။

ပထမ အချက်က... နတ်မိမယ် ဖုန်းလင်ဆီက ကြီးမားသည့် ခြိမ်းခြောက်မှုကို သူ ခံစားလိုက်ရ၍ ပါပင်။

ရုပ်သေးသားရဲက စွမ်းအားကြီးတာ မှန်သော်လည်း... လော့ချန်ယွီရဲ့ အစွမ်းအစတွေကို ပြန်စဉ်းစားကြည့်လျှင်... နတ်မိမယ် ဖုန်းလင်က လော့ချန်ယွီထက် မညံ့နိုင်ပေ။ ရုပ်သေးသားရဲနှင့် တိုက်လျှင်တောင်မှ သူမကို သတ်နိုင်ပါ့မလား ဆိုတာ မသေချာပေ။

ရုပ်သေးဝိညာဉ်များနှင့် မှော်ရတနာများကို ထုတ်ဖော်အသုံးပြုလိုက်လျှင်ကော အခြေအနေ ထူးလာမည်လော။ လက်တွေ့တွင်မူ ဘေးကင်းလုံခြုံမည်ဟု အာမခံနိုင်ခြင်း မရှိ။ နတ်မိမယ် ဖုန်းလင်ထံမှ ခြိမ်းခြောက်မှုများကို တားဆီးနိုင်မည်၊ မတားဆီးနိုင်မည် ဆိုသည်ကိုမူ စုယွီ မရေရာလှ။

အကယ်၍ တားဆီးနိုင်ခဲ့လျှင်ပင် စုမိသားစုအနေဖြင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ လက်တုံ့ပြန်မှုကို ခံနိုင်ရည် ရှိပါမည်လော။ နှစ်ပေါင်းရာချီ တည်ဆောက်ထားသော အရှင်သခင် အင်အားစုကြီး၏ ဒေါသကို စုမိသားစု ခံနိုင်ရည် ရှိမရှိ စုယွီ မခန့်မှန်းနိုင်။

ဒါက စွန့်စားရလွန်းသည်။ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ အင်အား၊ အဆက်အသွယ်နှင့် အမွေအနှစ်တို့သည် သူ့လက်ထဲရှိ အရာများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်။

ထို့ကြောင့် စဉ်းစားချင့်ချိန်ပြီးနောက်... စုယွီသည် မတိုက်ခိုက်ဘဲ နတ်မိမယ် ဖုန်းလင်ကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ပေသည်။

"ဒီကိစ္စကို အပြင်မပေါက်ကြားစေနဲ့"

စုယွီက အသေအချာ မှာကြားလိုက်၏။

"အပြင်မှာ သတင်းတွေ ပျံ့သွားပြီး ဘယ်သူလာမေးမေး... ဝန်မခံကြနဲ့"

"အခုအချိန်မှာ စုမိသားစုအတွက် အရေးကြီးဆုံးက... အေးအေးဆေးဆေး နေပြီး ကိုယ့်အင်အားကို တိုးတက်အောင် လုပ်ဖို့ပဲ... အရမ်း ထင်ပေါ်ပြီး သူများ မနာလိုအောင် မလုပ်သင့်ဘူး"

စုပင်း၊ စုဖုန်းးနှင့် အခြားသူများလည်း တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီး လေးလေးနက်နက် သဘောတူကာ ခေါင်းညိတ်လိုက်ကြ၏။

သူတို့ စုမိသားစုရဲ့ အင်အားနဲ့ အခြေခံအုတ်မြစ်က တိမ်လွန်းနေပါသေးသည်။

လက်ဝယ်တွင် တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ ရှိနေသော်ငြား မောက်မာ၍ မဖြစ်။ ဉာဏ်ပညာကိုလည်း လက်လွတ်ခံ၍ မဖြစ်။ ယခုအချိန်တွင် မိမိအင်အားနှင့် မမျှတသော ထင်ပေါ်ကျော်ကြားမှုသည် အဆိပ်သင့်စေမည့် အရာသာ ဖြစ်သည်။

အားလုံး အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးကြ၏။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို ဘယ်လို ကိုင်တွယ်မလဲ၊ ယွင်ကျန်းဂိုဏ်း နယ်မြေထဲမှာ ဘာပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးကြသည်။

ဟွမ်မိသားစုနှင့် ကျန်းမိသားစုက... အသက်ရှင်ရပ်တည်နိုင်ဖို့ အတွက် ပိုင်ယွဲ့ မြို့တော်ဆီမှာ အညံ့ခံလိုက်ကြပြီ။

ယွီမိသားစုကိုပါ ထည့်ပေါင်းလိုက်ရင်... ယွင်ကျန်းဂိုဏ်းက သူ့နယ်မြေ သုံးပုံတစ်ပုံလောက် ဆုံးရှုံးသွားပြီ ဖြစ်၏။

ယွင်ကျန်းဂိုဏ်းက ဒီအတိုင်း ငြိမ်ခံနေပါ့မလား။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကရော... ဒီလောက်နှင့် ရပ်တန့်သွားပါ့မလား။

"ယွီမိသားစု အနေနဲ့... ယွင်ကျန်းဂိုဏ်းနဲ့ ပိုင်ယွဲ့ မြို့တော်ကြားက ပဋိပက္ခမှာ ဝင်မပါတာ အကောင်းဆုံးပဲ... မဟုတ်ရင် ယွီမိသားစုက ပိုင်ယွဲ့ မြို့တော်အတွက် အမြောက်စာ ဖြစ်သွားလိမ့်မယ်"

ဟု စုယွီက ယွီခယ်အာကို လေးလေးနက်နက် သတိပေးလိုက်၏။

ယွီခယ်အာ မျက်မှောင်ကြုတ်လိုက်မိပြီး မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်။

သူမ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏။

"ငါ အိမ်ကို စာရေးပြီး သတိပေးလိုက်ပါ့မယ်... ဒါပေမဲ့ ငါ့ မိသားစုက ဘယ်လို ရွေးချယ်မလဲ ဆိုတာတော့ ငါ မထိန်းချုပ်နိုင်ပါဘူး"

စုယွီလည်း မထိန်းချုပ်နိုင်သလိုပါပင်... သူက ယွီမိသားစု ကိစ္စတွေမှာ သိပ်ပြီး ဝင်မပါချင်ပေ။ ယွီခယ်အာကို မျက်နှာထောက်ထားပြီး အကြံပြုရုံ သက်သက်သာ ဖြစ်လေသတည်း။

အခန်း (၂၅၇) - မမျှော်လင့်ထားသော ဖြစ်ရပ်များ ပြန်လည် ပေါ်ပေါက်လာခြင်းနှင့် နတ်မိမယ်ရေ... ခင်ဗျား တော်တော် အကင်းပါးတာပဲ (အပိုင်း - ၆)

~ထို့နောက်တွင် စုယွီသည် စုပင်း၊ စုဖုန်း နှင့် အခြားသူများကို လှည့်ကြည့်လိုက်ပြီး ပြောကြားလိုက်၏။

"ယွင်ကျန်းဂိုဏ်း ကိစ္စနဲ့ ပတ်သက်ရင်တော့... ကျွန်တော်တို့ စုမိသားစု အနေနဲ့ ယွင်ကျန်းဂိုဏ်း နယ်မြေကနေ ထွက်ခွာပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော် လက်အောက်ကို ဝင်ရောက် ခိုလှုံဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး"

"ဒါပေမဲ့... ယွင်ကျန်းဂိုဏ်းနဲ့ ပိုင်ယွဲ့ မြို့တော်ကြားက ပြဿနာတွေမှာလည်း ကျွန်တော်တို့ ဝင်ပါမှာ မဟုတ်ပါဘူး"

"ဒီလို အင်အားကြီး နှစ်ခုကြားက တိုက်ပွဲမျိုးမှာ... ကျွန်တော်တို့လို စုမိသားစု အသေးလေးက ဝင်ပါလို့ မရနိုင်ပါဘူး"

"ဒါပေမဲ့..."

စုယွီ၏ မျက်နှာထားမှာ အေးဆေးတည်ငြိမ်နေသော်လည်း ဟွမ်မိသားစု ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည့် အချိန်တွင် မျက်ဝန်းများ အရောင်တောက်သွား၏။

"တကယ်လို့များ ဟွမ်မိသားစုနဲ့ ကျန်းမိသားစုက... ပိုင်ယွဲ့ မြို့တော်နဲ့ ယွင်ကျန်းဂိုဏ်းကြားက ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်လာမယ် ဆိုရင်တော့... ကျွန်တော်တို့လည်း အင်အားစိုက်ထုတ်သင့်ရင် စိုက်ထုတ်ရမှာပေါ့"

နှစ်ပေါင်းများစွာ အမွေအနှစ် တည်ဆောက်ခဲ့သော ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့သည် စုမိသားစုထက် အရင်းအမြစ် ပိုမို ကြွယ်ဝသည်မှာ အသေအချာပင်။ ဥပမာအားဖြင့် ရှားပါးသော ဝိညာဉ်ဆေးပင် မျိုးစေ့များ၊ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်အပင်များ စသည်ဖြင့်ပေါ့။

ဒီအပိုင်းမှာတော့ စုမိသားစုက အားနည်းနေတုန်းပါပင်။ ဝိညာဉ်ဆေးပင် မျိုးစေ့ကောင်းကောင်း မရှိ၍ ဇီယန်က မကြာခဏ ညည်းညူနေတတ်သည်။

ဒီလို အရာတွေကို စုဆောင်းဖို့ ဆိုတာ ကိုယ့်အင်အား တစ်ခုတည်းနှင့် ကြိုးစားနေရုံနှင့် မရနိုင်ပါချေ။

အခြားသူများ ရာစုနှစ်နှင့်ချီ၍ စုဆောင်းထားသည်များကို စုမိသားစုအနေဖြင့် ဆယ်စုနှစ် အနည်းငယ်အတွင်း လိုက်မီနိုင်ရန်မှာ သာမန်နည်းလမ်းဖြင့် မဖြစ်နိုင်။ ဖြတ်လမ်းနည်းကိုသာ အသုံးပြုရတော့မည် ဖြစ်သည်။

ဥပမာအားဖြင့် ဟွမ်မိသားစုနှင့် ကျန်းမိသားစုထံမှ အကျိုးအမြတ် တစ်စုံတစ်ရာကို ကိုက်ဖြတ် ရယူလိုက်နိုင်ပါက စုမိသားစု နှစ်ပေါင်းများစွာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် လုံလောက်သွားမည်မှာ သေချာသည်။ သို့သော် ယခုကား လှုပ်ရှားရန် အချိန်မကျသေး။

ထိုနေ့ညတွင်ပင်... စုယွီသည် စာတစ်စောင် ရေးသားပြီး ယွင်ကျန်းဂိုဏ်းသို့ ပို့ဆောင်စေလိုက်၏။ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့၏ အခြေအနေကို လော့ချန်ယွီအား အသိပေးလိုက်ခြင်း ဖြစ်၏။

မူလက စုယွီ ထင်မှတ်ထားသည်မှာ... ဟွမ်နှင့် ကျန်း မိသားစုတို့ ..ပိုင်ယွဲ့ မြို့တော် လက်အောက် ခိုလှုံသွားလျှင်တောင်မှ... လော့ချန်ယွီသည် ပိုင်ယွဲ့ မြို့တော်၏ မျက်နှာကို ထောက်ထားပြီး ချက်ချင်းကြီး ဒေါသတကြီး အရေး မယူနိုင်ဟု တွေးထင်ထားခဲ့သည်။

သို့သော် သူ့ထင်မြင်ချက် လွဲမှားသွားခဲ့၏။ ငါးရက်ပင် မကြာလိုက်ပါချေ။ လော့ချန်ယွီ၊စုဇီ၊ ထျဲမုန်ကျူး နှင့် အခြားသူများသည် ဆေးလုံးတောင်သို့ ရောက်ရှိလာကြလေတော့သည်။

စုယွီ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လော့ချန်ယွီသည် ဖျော့တော့စွာ ပြုံးလိုက်ပြီး မေးမြန်းလိုက်၏။

"နတ်မိမယ် ဖုန်းလင် ဆိုတဲ့ အမျိုးသမီးက... တာအိုမိတ်ဆွေ စု ကို အခက်တွေ့အောင် လုပ်သွားသေးလား"

စုယွီသည် ခါးသီးသော အပြုံး တစ်ခုဖြင့် ခေါင်းခါလိုက်သည်။

"လုပ်တော့ လုပ်သွားတာပဲ... ဒါပေမဲ့ ကံကောင်းလို့ နောက်ဆုံးတော့ ဘာမှ မလုပ်ဘဲ ပြန်သွားပါတယ်"

လော့ချန်ယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမ ပြန်ပြောလိုက်သည်။

"ဒါဆိုရင်... တာအိုမိတ်ဆွေ စု... စုမိသားစုက လူတွေကို ခေါ်ပြီး ငါနဲ့အတူ ဟွမ်မိသားစုဆီ အလည်တစ်ခေါက် လိုက်ခဲ့ပါလား"

"စုမိသားစုရဲ့ အခြေခံအုတ်မြစ်က တိမ်လွန်းသေးတယ်... ဟွမ်မိသားစုကို မျိုချပစ်ပြီး ဖြည့်တင်းဖို့ အချိန်ကောင်းပဲလေ"

စုယွီ အံ့သြတကြီး ကြည့်လိုက်မိ၏။

"တာအိုမိတ်ဆွေ လော့... ခင်ဗျား ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို မကြောက်..."

လော့ချန်ယွီ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ လက်သွားပြီး စုယွီ၏ စကားကို ဖြတ်ပြောလိုက်၏။

"ဒါ ယွင်ကျန်းဂိုဏ်းရဲ့ ကိစ္စပါ... ပိုင်ယွဲ့ မြို့တော်က မကျေနပ်ရင် လာခဲ့ပါစေ... သူတို့ရဲ့ အင်အားနဲ့ နည်းလမ်းတွေ ဘယ်လောက် စွမ်းသလဲ ဆိုတာ ငါ စမ်းသပ်ကြည့်ချင်နေတာ"

စုယွီသည်စုဇီ အပါအဝင် လူအနည်းငယ်ကိုသာ ခေါ်ဆောင်လာသော လော့ချန်ယွီကို ကြည့်ပြီး စဉ်းစားခန်း ဝင်သွား၏။

လော့ချန်ယွီက စုမိသားစုကို ဟွမ်မိသားစုဆီ ခေါ်သွားတယ် ဆိုတာ... ဟွမ်မိသားစုဆီက ရမည့် အကျိုးအမြတ်တွေကို ခွဲဝေပေးချင်၍ ဆိုတာ ထင်ရှားနေသည်။

သို့ဆိုလျှင်တော့...

"ကောင်းပါပြီ... မိသားစု ခေါင်းဆောင်နဲ့ ခယ်အာ တို့ကို လူတချို့ ဦးဆောင်ပြီး တာအိုမိတ်ဆွေ လော့ နောက်ကို လိုက်ခိုင်းလိုက်ပါ့မယ်"

စုယွီ ခေါင်းညိတ်လိုက်၏။

အခုအချိန်မှာ တုံ့ဆိုင်းနေလို့ မဖြစ်တော့။ ဘာပဲဖြစ်ဖြစ် သူ၏ ဝှက်ဖဲ တစ်ချပ်ဖြစ်သည့် တာအို ခန္ဓာ ရုပ်သေးကို ပိုင်ယွဲ့ မြို့တော်က သိသွားပြီပဲလေ။

ထို့ကြောင့် ဟွမ်မိသားစုထံမှ အကျိုးအမြတ်များကို ရယူခြင်းသည် ဆုံးရှုံးမှုများကို အတန်အသင့် ကုစားပေးရာ ရောက်သည်။ ဤသည်မှာ မျှတသော အရောင်းအဝယ်တစ်ခု ဖြစ်သည်။

သို့သော် သူကိုယ်တိုင် လိုက်ပါသွား၍ မဖြစ်။ ဤကိစ္စကို ယွင်ကျန်းဂိုဏ်းက ဦးဆောင်နေခြင်း ဖြစ်ရာ စုမိသားစုအနေဖြင့် ရှေ့ထွက်မပြသင့်ပါ။

သူ မလိုက်ပါမှသာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့လျှင် ဖြေရှင်းရန် အကြောင်းပြချက် ပေးနိုင်မည် ဖြစ်သည်။

ထို့နောက်တွင် စုဖုန်း၊ ယွီခယ်အာ နှင့် စုမိသားစုဝင် (၁၀၀) ခန့်သည် လော့ချန်ယွီတို့ အဖွဲ့နှင့်အတူ ဟွမ်မိသားစု ရှိရာသို့ ထွက်ခွာသွားကြလေတော့သည်။ စုယွီ လိုက်မသွားခဲ့ပေ။ လော့ချန်ယွီ ပါသွားသလို၊ ယွီခယ်အာကလည်း တိမ်တိုက်ကျားများနှင့် လက်ရှစ်ဖက် ဓားလွယ်နှံကောင် တို့ကို ခေါ်ဆောင်သွားသဖြင့် လုံလောက်သော ဘေးကင်းမှု ရှိနေပြီ ဖြစ်၏။

သို့သော် စိတ်ချရအောင် ဆိုပြီး... စုယွီသည် သူ့၏ တာအို ခန္ဓာ ရုပ်သေးကို တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါစေခဲ့၏။

တစ်ရက် ကြာပြီးနောက်...

ဟွမ်မိသားစု တည်ရှိရာ 'ကွမ်လန် တောင်' အပြင်ဘက်တွင်...။

လော့ချန်ယွီ၊ ယွီခယ်အာ နှင့် အခြားသူများ ရောက်ရှိလာသည့် အချိန်တွင်... ကြောက်မက်ဖွယ် ကောင်းလှသော ထက်ရှမှု အရှိန်အဝါ တစ်ခုသည် လော့ချန်ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာ၏။ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားသော နတ်ဘုရားဓား တစ်လက်ကဲ့သို့ပင်။ မျက်စိတစ်မှိတ် အတွင်း မိုင်တစ်ရာ ပတ်လည်ရှိ ကောင်းကင်ယံတွင် တိမ်တိုက်ဟူ၍ မရှိတော့ဘဲ ပြာလဲ့သွားပြီး... ထို ထက်ရှမှု အရှိန်အဝါကြီးသည် ကွမ်လန် တောင်ပေါ်ရှိ ဟွမ်မိသားစုဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်လေတော့သည်။

ကွမ်လန် တောင်ပေါ်တွင်မူ... ဟွမ်မိသားစုသည် စုမိသားစုနှင့် ယွင်ကျန်းဂိုဏ်းကို သတိထားရန် ပိုင်ယွဲ့ မြို့တော်ထံမှ သတိပေးစာ ရရှိထားပြီး ဖြစ်သည်။

စုမိသားစု လက်ထဲတွင် တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ ရှိကြောင်း ကြားသိလိုက်ရသောအခါ... ဟွမ်မိသားစု ခေါင်းဆောင်နှင့် ဘိုးဘေးကြီးတို့၏ မျက်နှာများ ဖြူဖျော့သွားပြီး အသက်ဝိညာဉ် လွင့်ထွက်မတတ် ကြောက်လန့်သွားကြ၏။

သာယာနေသော ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ကြရသည်။

တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ ဟုတ်လား။

အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် အရှင်သခင် တစ်ပါးနဲ့ ညီမျှတဲ့ အင်အား ရှိတဲ့ ရုပ်သေးတဲ့လား။

စုမိသားစုက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ အရာကို ပိုင်ဆိုင်ထားရတာလဲ။

ယနေ့အထိ ဟွမ်မိသားစု ခေါင်းဆောင်၊ ရှေးဟောင်း ဘိုးဘေးကြီးနှင့် အကြီးအကဲများ အားလုံးသည် ဟွမ်မိသားစု ဘာဆက်လုပ်သင့်သလဲ ဆိုတာကို အသည်းအသန် ဆွေးနွေးနေကြဆဲ ဖြစ်၏။

တချို့ကတော့ ပိုင်ယွဲ့ မြို့တော်ရဲ့ ကျောထောက်နောက်ခံ ရှိနေတာပဲ၊ ဘာမှ ကြောက်စရာ မလိုဘူး၊ စုမိသားစုက ဟွမ်မိသားစုကို လာထိရဲပါ့မလား၊ သေချင်နေလို့လား ဟု ထင်မြင်ကြသည်။

တချို့ကတော့ ကြောက်လန့်နေကြသည်။

အကယ်၍များ... တကယ်လို့များ စုမိသားစုက တကယ် လာတိုက်ရင် ဘယ်လို လုပ်ကြမည်နည်း။

သို့ဆိုလျှင် ဟွမ်မိသားစု ပြာကျသွားမည်ပင်။

တချို့ အကြီးအကဲတွေကတော့ ယွင်ကျန်းဂိုဏ်း နယ်မြေကို စွန့်ခွာပြီး ပိုင်ယွဲ့ မြို့တော်ဆီမှာ ခဏလောက် သွားပုန်းနေသင့်သည်ဟု အကြံပြုကြသည်။

အဖွဲ့နှစ်ဖွဲ့ ငြင်းခုံနေကြတာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ဆုံးဖြတ်ချက် မချနိုင်သေးပေ။

နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် အခြေခံအုတ်မြစ်တွေ၊ အမွေအနှစ်တွေကို ဘယ်သူက စွန့်လွှတ်ရက်မှာလဲ။

ဟွမ်မိသားစု ခေါင်းဆောင်တွေ၊ ဘိုးဘေးကြီးတွေ ဘယ်သူမှ မစွန့်လွှတ်နိုင်ကြပေ။ သူတို့က မျှော်လင့်ချက်လေး တစ်ခုကို ဆုပ်ကိုင်ထားကြသည်။

ပိုင်ယွဲ့ မြို့တော်ရဲ့ အကာအကွယ် ရှိနေသည်ပဲ... စုမိသားစုနှင့် ယွင်ကျန်းဂိုဏ်းက ဘာမှ မပြောမဆိုဘဲ ဟွမ်မိသားစုကို ဝင်တိုက်ရဲမှာ မဟုတ်ပါလေ။

"ဝီ..."

ရုတ်တရက် ဝေးကွာသော ကောင်းကင်ယံ အဆုံးမှ အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်း ရှိသော အင်အားကြီး တစ်ခု တိုးဝင်လာလေတော့သည်။

၎င်းသည် ဓားချီ သက်သက်မျှသာ ဖြစ်သော်လည်း... ကွမ်လန် တောင်ပေါ်ရှိ တည်ငြိမ်နေသော ဟွမ်မိသားစု ခေါင်းဆောင်နှင့် ဘိုးဘေးကြီးတို့၏ မျက်နှာများကို ဖြူဖျော့သွားစေပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေခဲ့၏။

"ဒီ အရှိန်အဝါက... သွားပြီ"

"ယွင်ကျန်းဂိုဏ်းက လော့ချန်ယွီပဲ"

ဟွမ်မိသားစု ဘိုးဘေးကြီး တုန်ရီသော အသံဖြင့် အော်ဟစ်လိုက်မိသည်။

"ရွှီး..."

နောက်တစ်ခဏတွင် ဘိုးဘေးကြီး၏ မျက်နှာသည် သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားပြီး၊ ထွက်ပြေးခြင်း ကျင့်စဉ်ကို အသုံးပြုကာ အပြင်သို့ အမြန်ဆုံး ပြေးထွက်သွားလေတော့သည်။ မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲများလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွားကြ၏။

သူတို့ အပြင်သို့ ရောက်ရှိလာသည့် အချိန်တွင်... ကွမ်လန် တောင်ခြေတွင် လူရိပ်များ တစ်ခုပြီး တစ်ခု ဆင်းသက်လာကြသည်ကို တွေ့ရှိလိုက်ရသည်။

ဟွမ်မိသားစု ဘိုးဘေးကြီးသည် ရှေ့ဆုံးမှ ဦးဆောင်လာသော လူရိပ်ကို လှမ်းမြင်လိုက်ရ၏။ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု၊ အဖြူရောင် ဝတ်ရုံရှည်သည် လေထဲတွင် လွင့်ပျံနေပြီး၊ မြေကမ္ဘာသို့ ဆင်းသက်လာသော နတ်မိမယ် တစ်ပါးအလား ကျက်သရေ ရှိလှပေသည်။

လော့ချန်ယွီကို မြင်လိုက်ရသောအခါ ဘိုးဘေးကြီး မျက်နှာပျက်သွားပြီး အလျင်အမြန် တောင်းပန် ခယလေတော့သည်။

"တာအိုမိတ်ဆွေ လော့... ဒေါသဖြေပါဗျာ... ကျွန်တော်တို့ ဟွမ်မိသားစု ကိစ္စက ကျွန်တော်တို့ ထိန်းချုပ်လို့ ရတာ မဟုတ်ပါဘူး... ယွင်ကျန်းဂိုဏ်းရဲ့ အကာအကွယ် မရှိတော့တဲ့ အချိန်မှာ... ပိုင်ယွဲ့ မြို့တော်ရဲ့ ဖိအားပေးမှုကို ခံရတော့... ကျွန်တော်တို့လို ဟွမ်မိသားစု အသေးလေးက ဘာရွေးချယ်စရာ ရှိမှာလဲဗျာ"

"တာအိုမိတ်ဆွေ လော့... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဗျာ... သင့်မြတ်အောင် နေကြရအောင်ပါ"

"နတ်မိမယ် ဖုန်းလင်က ဒီကိစ္စကို တာအိုမိတ်ဆွေ လော့ နားလည်အောင် ရှင်းပြပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

သူ့အသံက ဖျော့တော့နေပြီး မျက်နှာလို မျက်နှာရ လေသံ ပါဝင်နေသည်။

ဟွမ်မိသားစုသည် ယွီမိသားစု မဟုတ်၊ စုမိသားစုနှင့်ဆိုလျှင်ကား သာ၍ပင် မယှဉ်သာ။ သူတို့ထံတွင် အစွမ်းထက်သော ဝှက်ဖဲများနှင့် မဟာဗျူဟာများဟူ၍ မရှိ။ အင်အားနည်းပါးလျက်နှင့် ပြန်လည်ခုခံလိုခြင်းမှာ မွေးရာပါ အပြစ်တစ်ခု ဖြစ်နေသည်။

"နတ်မိမယ် ဖုန်းလင် ဟုတ်လား"

လော့ချန်ယွီ၏ ပျင်းရိလေးတွဲ့သော အသံ ထွက်ပေါ်လာ၏။

"ရှင်က အဲ့ဒီမိန်းမကို ကိုးကားပြီး ကျွန်မကို ဖိနှိပ်ချင်တာလား... ရှင်တို့ ဟွမ်မိသားစုက... ကျွန်မတို့ ယွင်ကျန်းဂိုဏ်းက ပိုင်ယွဲ့ မြို့တော်ကို ကြောက်တယ်လို့ တကယ်ပဲ ထင်နေတာလား"

"သူတို့ ပိုင်ယွဲ့ မြို့တော်က ဖိနှိပ်တာကို ခံရုံသက်သက်ပဲ လုပ်ရမှာလား... ယွင်ကျန်းဂိုဏ်းက သူတို့ စိတ်ကြိုက် သတ်ဖြတ်ကစားလို့ ရတဲ့ သားကောင်လို့ ထင်နေကြတာလား"

"ဝီ..."

အပြင်ဘက်တွင် ကြောက်မက်ဖွယ် ဓားချီများ ပိုမို ကြီးထွားလာပြီး ပိုမို ကြမ်းတမ်းလာလေတော့သည်။ ကွမ်လန် တောင်ကာကွယ်ရေး အခင်းအကျင်း အတားအဆီး အတွင်းတွင် ရှိနေသော်လည်း... ဟွမ်မိသားစု ဘိုးဘေးကြီး၊ ခေါင်းဆောင်နှင့် အခြားသူများ၏ မျက်နှာများ ဖြူဖျော့သွားကြပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းများ ပြည့်နှက်လာ၏။

လော့ချန်ယွီ၏ အသံသည် တဖြည်းဖြည်း တိမ်ဝင်သွားသည်။

"နှစ်တွေ အများကြီး ယွင်ကျန်းဂိုဏ်းက ငြိမ်နေခဲ့လို့... လူတွေက ငါတို့ကို အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်နေကြတာလား"

"မဟုတ်... မဟုတ်ပါဘူးဗျာ"

ဟွမ်မိသားစု ဘိုးဘေးကြီး ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ဆင်ခြေပေးရန်၊ ရှင်းပြရန် ကြိုးစားနေဆဲ ဖြစ်၏။

သို့သော် အပြင်ဘက်တွင်...

လော့ချန်ယွီ၏ ဓားချီသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်... ကောင်းကင်ယံ အထက်၌ မမြင်ရသော ဓားတစ်စင်း ဖွဲ့စည်းလာလေတော့သည်။ လော့ချန်ယွီ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်... ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော ထက်ရှသည့် အသံ တစ်ခု သူမထံမှ ထွက်ပေါ်လာ၏။

ထိုအသံ ထွက်ပေါ်လာသည့် အချိန်တွင်... ကွမ်လန် တောင်နှင့် ဆယ်မိုင်ကျော် ဝေးကွာသော နေရာများတွင် ရှိနေကြသော ကြီးမားလှသည့် စက်ရုပ် ရုပ်သေးကြီးများ အားလုံးသည် အံ့သြတကြီး မော့ကြည့်လိုက်မိကြသည်။

သူတို့ မြင်လိုက်ရသည်မှာ... လော့ချန်ယွီ၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေပြီး၊ လက်ကို ဆန့်ထုတ်ကာ ကွမ်လန် တောင်ဘက်သို့ ဖြည်းညှင်းစွာ ညွှန်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။

"ဘုန်း..."

ကောင်းကင်ယံ အထက်မှ...

မမြင်ရသော ဓားတစ်စင်းသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ တဟုန်ထိုး ဆင်းသက်လာပြီး ကွမ်လန် တောင်ပေါ်သို့ ထိတိုက်လိုက်လေတော့သတည်း။

အခန်း (၂၅၈) - တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်နက် နှင့် လော့ယွဲ့ မဟာမိတ် အပျက်အစီးများ (အပိုင်း - ၁)

~ကွမ်လန် တောင် ပေါ်တွင် ဟွမ်မိသားစုသည် နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော 'တောင်ကာကွယ်ရေး အခင်းအကျင်း' ရှိသည်။ ဤ အခင်းအကျင်းကြီး အတွင်း၌ သေးငယ်သော အခင်းအကျင်းပေါင်းများစွာ ယှက်နွယ် ဖွဲ့စည်းထားသဖြင့်၊ တတိယအဆင့် အခင်းအကျင်း မဟုတ်သော်ငြားလည်း... ၎င်း၏ ခံစစ်စွမ်းအားသည် သာမန် ဒုတိယအဆင့် အခင်းအကျင်းများထက် များစွာ သာလွန်ကောင်းမွန်ပေသည်။

အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် အရှင်သခင် တစ်ပါး လာရောက် တိုက်ခိုက်လျှင်တောင်မှ... ဟွမ်မိသားစု အနေဖြင့် ဤအခင်းအကျင်းကို အသုံးပြု၍ အချိန်အတန်ကြာ ခုခံထားနိုင်မည်ဟု ယုံကြည်မှု ရှိထားကြ၏။

ဟွမ်မိသားစုကို ထိခိုက်အောင် လုပ်ချင်လျှင်... ဦးစွာပထမ ဤအခင်းအကျင်း အလွှာပေါင်းစုံကို ဖြိုခွင်းရမည် ဖြစ်ချေသည်။

သို့သော် ယခုအချိန်တွင်...

ကောင်းကင်ယံ အထက်မှ မမြင်ရသော ဓားတစ်စင်း ကျဆင်းလာသည်နှင့် တစ်ပြိုင်နက်... ကွမ်လန် တောင်ကာကွယ်ရေး အခင်းအကျင်း၏ အလွှာပေါင်းစုံ ခံစစ်များသည် ဆပ်ပြာပူဖောင်းများ ပေါက်ကွဲသွားသကဲ့သို့ တမဟုတ်ချင်း ပျက်စီးသွားလေတော့သည်။ လော့ချန်ယွီ၏ လက်ညှိုး ညွှန်လိုက်သည့် အရှိန်အဟုန် အဆုံးသတ်သွားသည့် အချိန်တွင်... အခင်းအကျင်း တစ်ခုလုံးသည် လုံးဝ ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင် တစ်ခုအလား ဖြစ်ကျန်ရစ်ခဲ့သည်။

"ဘုန်း..."

ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော အသံနက်ကြီး ထွက်ပေါ်လာပြီး၊ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားလေတော့သည်။

ယွီခယ်အာ၊ စုဖုန်း နှင့် အခြားသူများ၏ အံ့သြမှင်သက်နေသော မျက်လုံးများ ရှေ့မှောက်တွင်ပင်... မိုးထိအောင် မြင့်မားသော ကွမ်လန် တောင်ကြီးသည် ဓားချက်တစ်ချက်တည်းဖြင့် နှစ်ခြမ်းကွဲသွားလေတော့သည်။

တောင်ကာကွယ်ရေး အခင်းအကျင်းကြီးသည်လည်း တစ်ပြိုင်နက်တည်း ပြိုကျပျက်စီးသွားခဲ့ချေပြီ။

အဝေးတစ်နေရာမှ...

စုယွီ၏ 'တာအို ခန္ဓာ ရုပ်သေး' ၏ မျက်နက်ဝန်းများ ရုတ်ချည်း ကျဉ်းမြောင်းသွားသည်။ လော့ချန်ယွီ၏ ဓားချက်ကို မြင်လိုက်ရသောအခါ သူမ၏ ပုံမှန် မဟုတ်သော ထူးခြားချက် တစ်ခုကို သူ သတိထားမိလိုက်၏။ ယခင်ကနှင့် မတူဘဲ... ယခု ဓားချက်၏ စွမ်းအားသည် သူမ၏ 'ရှေးဟောင်း ဓားတာအို' တစ်ခုတည်းမှ ဆင်းသက်လာခြင်း မဟုတ်ပေ။

"ဓားရတနာ ပါလား"

စုယွီ၏ ရင်ထဲတွင် အာမေဋိတ် သံများ ထွက်ပေါ်လာ၏။

"တာအိုမိတ်ဆွေ လော့ က သူ့ရဲ့ ဒန်တျန်ကို ဖျက်ဆီးပြီး ဓားတာအိုကို ပြန်လည် ကျင့်ကြံခဲ့တာ... ဒါပေမဲ့ သူက မှော်လက်နက် တစ်ခုကို သူ့ရဲ့ အသက်ဝိညာဉ် ဓား အဖြစ် အသုံးပြုထားတာလား"

"သူ 'ထျန်းဖုန်း နန်းတော်' ထဲကနေ ဓားရတနာ တစ်လက် ရှာတွေ့ခဲ့တာများလား"

ဟွမ်မိသားစု၏ ကာကွယ်ရေး အခင်းအကျင်းသည် သာမန်ကာလျှံကာ မဟုတ်ပေ။ စုယွီ၏ ရုပ်သေးရုပ်ဖြင့် တိုက်ခိုက်လျှင်တောင်မှ အလွှာလိုက် အလွှာလိုက် ဖြိုခွင်းရမည် ဖြစ်၏။

သို့သော် လော့ချန်ယွီ၏ 'အသက်ဝိညာဉ် ဓားရတနာ' ရှေ့တွင်မူ... ထို ဒုတိယအဆင့် အခင်းအကျင်းများသည် စက္ကူပြားလေးများကဲ့သို့ ကျိုးပဲ့လွယ်ကူနေသည် မဟုတ်ပါလော။

အလွယ်တကူပင် ပေါက်ကွဲသွားခဲ့သည်။ ဟွမ်မိသားစု၏ အကြီးမားဆုံး အားကိုးရာနှင့် အခြေခံအုတ်မြစ်ကြီးသည် တမဟုတ်ချင်း ပျက်စီးသွားခဲ့လေပြီ။

ကွမ်လန် တောင်ကို ပြန်ကြည့်လိုက်သောအခါ... အခင်းအကျင်း ပျက်စီးသွားပြီးနောက် လော့ချန်ယွီ၏ စုစည်းထားသော ဓားချက်သည် မည်သည့်အရာကမျှ တားဆီး၍ မရနိုင်လောက်အောင် ဆက်လက် တိုးဝင်သွားသည်ကို တွေ့ရ၏။ သူမ၏ အသက်ဝိညာဉ် ဓားသည် ကြောက်မက်ဖွယ် စွမ်းအားဖြင့် တောင်ကြီးကို နှစ်ခြမ်း ခွဲပစ်လိုက်ပြီး နက်ရှိုင်းသော ဓားရာကြီး တစ်ခုကို ချန်ရစ်ခဲ့သည်။

သို့သော် တောင်ပေါ်ရှိ ဟွမ်မိသားစုဝင်များ၏ အရေအတွက်မှာမူ သိသိသာသာ လျော့နည်းသွားခြင်း မရှိသေးပေ။

ဒါပေမဲ့ အခုအချိန်မှာတော့...

ဟွမ်မိသားစု ဘိုးဘေးကြီး၊ မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲများ အားလုံးသည် ယုံကြည်နိုင်စရာ မရှိသော မျက်လုံးများဖြင့် ကြည့်နေမိကြ၏။ သူတို့၏ အခင်းအကျင်းကြီး တစ်ခုလုံး မျက်စိတစ်မှိတ် အတွင်း ပျက်စီးသွားသည်ကို လက်မခံနိုင်အောင် ဖြစ်နေကြရှာသည်။

ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ။

လော့ချန်ယွီက အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား။

ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ။

သူတို့၏ နောက်ဘက်တွင်... သူတို့၏ နေအိမ် အဆောက်အအုံများနှင့် မိသားစုဝင်များသည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းကြီးကြောင့် နှစ်ဖက် ကွဲသွားကြလေပြီ။ ကွမ်လန် တောင်တစ်ခုလုံး တုန်ခါနေပြီး ကျောက်တုံးများနှင့် မြေကြီးများ ပြိုကျကာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲနေလေတော့သည်။

ဟွမ်မိသားစု ဘိုးဘေးကြီးသည် မျှော်လင့်ချက် ကင်းမဲ့သော မျက်လုံးများဖြင့် ရေရွတ်လိုက်မိ၏။

"ပြီးပါပြီ... အရာအားလုံး ပြီးဆုံးသွားပါပြီ"

ထွက်ပြေးချင်စိတ်ပင် မရှိတော့ချေ။

လော့ချန်ယွီသည် ယွီခယ်အာ၊စုဇီ နှင့် အခြားသူများကို ဦးဆောင်ပြီး ကွမ်လန် တောင်ပေါ်သို့ တက်လာသောအခါ... ဟွမ်မိသားစု ဘိုးဘေးကြီး၊ ခေါင်းဆောင်နှင့် အခြားသူများသည် တုန်တုန်ရီရီဖြင့် ဒူးထောက်လိုက်ကြ၏။

ဘိုးဘေးကြီးက တောင်းပန် ခယသည်။

"ယွင်ကျန်းဂိုဏ်းကို တောင်းပန်တဲ့ အနေနဲ့... ကျွန်တော် အသေခံပါ့မယ်... ဒါပေမဲ့ ကျန်တဲ့ ဟွမ်မိသားစုဝင်တွေကိုတော့ ချမ်းသာပေးပါလို့ အင်မော်တယ် လော့ ကို တောင်းပန်ပါတယ်ဗျာ... ကျွန်တော် ဟွမ်တင်းဟွိုင်... ဟွမ်မိသားစုရဲ့ မျိုးဆက်အလိုက် စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေကို သစ္စာဆိုပြီး ကတိပေးပါတယ်... ဒီနေ့ကစပြီး ဟွမ်မိသားစုရဲ့ မျိုးဆက်တွေဟာ ယွင်ကျန်းဂိုဏ်းအပေါ် ဘယ်တော့မှ သစ္စာဖောက်တော့မှာ မဟုတ်ပါဘူး"

လော့ချန်ယွီသည် သူ့ကို စိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် အေးစက်စွာ ပြောဆိုလိုက်၏။

"မလုံလောက်သေးဘူး"

ဘိုးဘေးကြီးသည် မိသားစု ခေါင်းဆောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ခေါင်းဆောင်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီး ခေါင်းကို ငုံ့လိုက်၏။

"ကျွန်တော်လည်း... အင်မော်တယ် လော့ ကို တောင်းပန်တဲ့ အနေနဲ့ အသေခံပါ့မယ်"

ခဏအကြာတွင်...

ဟွမ်မိသားစု ဘိုးဘေးကြီး၊ မိသားစု ခေါင်းဆောင် နှင့် အခြေခံတည်ဆောက်ခြင်း အဆင့် အကြီးအကဲများ အားလုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြလေတော့သည်။

လော့ချန်ယွီသည် ကျန်ရစ်သော ဟွမ်မိသားစုဝင်များထဲမှ 'ချီစွမ်းအင် စုစည်းခြင်း' ကိုးဆင့်မြောက် အဆင့်ရှိသော အဘိုးအို တစ်ဦးကို ရွေးချယ်လိုက်ပြီး... ယာယီ ခေါင်းဆောင် အဖြစ် ခန့်အပ်ကာ ဟွမ်မိသားစု တစ်ခုလုံးကို စီမံခန့်ခွဲစေလိုက်၏။

နောက်ပိုင်းတွင် ထိုအဘိုးအိုသည် လော့ချန်ယွီကို တိတ်တဆိတ် လာရောက် တွေ့ဆုံပြီး သတင်းတစ်ခု ပေးပို့ခဲ့သည်။

ဟွမ်မိသားစု၏ ဂုဏ်ယူရသော ပါရမီရှင် 'ဟွမ်ရှင်းယီ' သည် တာ့ယွဲ့ ဈေးကွက် မှ ပြန်မလာသေးကြောင်း သိရသည်။

ထိုအဘိုးအို၏ ပြောပြချက်အရ ဟွမ်ရှင်းယီသည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထို့အပြင် ကောလာဟလများအရ ဟွမ်ရှင်းယီသည် 'တာအိုဆရာ ရှုဟိုင်' နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ... ဆေးပညာရှင် လီမိသားစုကို ထိန်းချုပ်ထားသော 'အရှင်သခင်၏ သားမက်' ဟု လူသိများသည့် 'ရွှီချန်ချင်း' နှင့် မဟာမိတ် ဖွဲ့ထားသည်ဟု သိရ၏။

ဤသတင်းစကားကြောင့် ကျန်ရစ်သော ဟွမ်မိသားစုဝင်များသည် ဝိညာဉ်နယ်မြေ တစ်ခုပေါ်တွင် ဆက်လက် ရှင်သန်ခွင့် ရရှိသွားကြသည်။

ဟွမ်မိသားစု ကိစ္စကို ဖြေရှင်းပြီးနောက်... လော့ချန်ယွီသည် စုဇီ၊ ယွီခယ်အာ နှင့် အခြားသူများကို ဦးဆောင်ပြီး ကျန်းမိသားစု ရှိရာသို့ ဆက်လက် ထွက်ခွာသွားကြ၏။ သို့သော် သူတို့ ရောက်ရှိသွားသည့် အချိန်တွင် ကျန်းမိသားစု အိမ်တော်မှာ ခြောက်ကပ်နေပြီး၊ တစ်မိသားစုလုံး ယွင်ကျန်းဂိုဏ်း နယ်မြေမှ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

လော့ချန်ယွီက သိပ်ပြီး ဂရုမစိုက်လှပေ။ သူမသည် ကျန်းမိသားစု၏ အရင်းအမြစ်များကိုပါ စုမိသားစုအား သိမ်းပိုက်စေလိုခဲ့သည်။

သို့သော် စုဖုန်းက ငြင်းပယ်လိုက်၏။

ပထမအချက်အနေဖြင့် လူဟူသည် တစ်ကိုယ်ကောင်း မဆန်သင့်။ အကယ်၍ စုမိသားစုသည် ဟွမ်မိသားစုနှင့် ကျန်းမိသားစု နှစ်ခုစလုံး၏ နယ်မြေများနှင့် အရင်းအမြစ်များကို သိမ်းပိုက်လိုက်ပါက ဤကိစ္စတွင် ဗဟိုချက်မ ဖြစ်လာနိုင်ပြီး လက်တုံ့ပြန်မှုများ၏ ပစ်မှတ်သဖွယ် ဖြစ်လာနိုင်သည်။

ဒုတိယအချက်မှာ တန်ဆေး လွန်ဘေး ဟူသကဲ့သို့ပင်။ လက်ရှိ စုမိသားစု၏ လူအင်အားဖြင့်ဆိုလျှင် ဟွမ်မိသားစုထံမှ ရရှိလာမည့် အရင်းအမြစ်များကို စီမံခန့်ခွဲရန်အတွက်ပင် မနည်း ရုန်းကန်ရဦးမည် ဖြစ်သည်။ ထိုအထဲတွင် ကျန်းမိသားစုကိုပါ ထပ်မံ သိမ်းယူလိုက်ပါက စုမိသားစုအနေဖြင့် အစာမကြေဘဲ ရင်ကွဲနာကျသွားနိုင်သည့် အန္တရာယ် ရှိနေသည်။

တတိယအချက်မှာ လောဘသည် ဘေးသင့်စေတတ်ခြင်း ဖြစ်သည်။ ရည်မှန်းချက် ကြီးမားလွန်းခြင်းသည် ကောင်းမွန်သော နိဂုံးချုပ်မျိုး ဖြစ်လာလေ့ မရှိတတ်ပါ။

*

ရက်အနည်းငယ် ကြာပြီးနောက်...

လော့ချန်ယွီက ဓားချက်တစ်ချက်တည်းနှင့် ဟွမ်မိသားစု၏ ကွမ်လန် တောင်ကို နှစ်ခြမ်းခွဲပစ်လိုက်ပြီး... ဟွမ်မိသားစု ဘိုးဘေးကြီး၊ ခေါင်းဆောင်နှင့် အကြီးအကဲတွေကို အသေခံ တောင်းပန်ခိုင်းလိုက်သည့် သတင်းက မီးလောင်ရာ လေပင့်သလို ပျံ့နှံ့သွားလေတော့သည်။

ယွင်ကျန်းဂိုဏ်း နယ်မြေ အတွင်းမှာ ဂနာမငြိမ် ဖြစ်နေကြသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူတွေနှင့် မိသားစုတွေ အားလုံး ငြိမ်ကျသွားကြပြီး...မည်သူမှ ယွင်ကျန်းဂိုဏ်း အကြောင်း အတင်းအဖျင်း မပြောရဲကြတော့ပေ။

မကြာမီမှာပင် ကျန်းမိသားစုက ယွင်ကျန်းဂိုဏ်း နယ်မြေမှ ထွက်ပြေးပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ဆီ ပြောင်းရွှေ့သွားသည့် သတင်းလည်း ထွက်ပေါ်လာပြန်သည်။

အင်အားကြီး မိသားစုကြီး နှစ်ခု... တစ်ခုက အပြတ်ရှင်းခံလိုက်ရပြီး၊ ကျန်တစ်ခုက ထွက်ပြေးသွားခဲ့ရသည်။ လော့ချန်ယွီ၏ ဓားအောက်မှာပင်။

ဤအချိန်သည် ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီး၏ ဈာပန အခမ်းအနား ကျင်းပရန် မလိုတော့သည့် အချိန်လည်း ဖြစ်သည်။

ဆေးလုံးတောင်တွင်...၊

'တာအိုဆရာ ရှုယွီ' သည် 'ကောင်းကင် အပျက်အစီး ခန်းမ 'သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့လေသတည်း။

All Chapters