အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အခန်း (၂၆၈) - ဓာတ်ကြီးငါးပါး လမ်းစဉ်နှင့် ရွှေရောင်အမြုတေ (အပိုင်း - ၅)
~"လော့ယွဲ့ မဟာမိတ် အဖွဲ့ကို ချေမှုန်းပစ်ခဲ့တဲ့ အင်အားစုက... 'ကျွယ်ရှန် ဂိုဏ်း' ဆိုတဲ့ အဖွဲ့အစည်းလား"
"မိစ္ဆာတွေကို နှိမ်နင်းမယ် ဆိုတော့... ဒါ မိစ္ဆာလမ်းစဉ် အင်အားစုလား"
"ကျွယ်ရှန်... ကျွယ်ရှန်... နာမည်ကတော့ ခမ်းနားလိုက်တာ"
စုယွီသည် ထိုအင်အားစု၏ အမည်နာမကို တီးတိုး ရေရွတ်လိုက်သည်နှင့် တပြိုင်နက်... ရင်ထဲတွင် အကြောင်းမဲ့ သက်သက် စိုးရိမ်စိတ်များ လှိုက်တက်လာသည်ကို ခံစားလိုက်ရ၏။
သူ၏ မျက်လုံးများ စူးရှသွားပြီး၊ စိတ်ထဲတွင် မသေချာမှုများ ပြည့်နှက်သွားသည်။ ဘာကြောင့်များ ဒီလောက်တောင် ခံစားနေရတာပါလိမ့်။
ခဏလောက် စဉ်းစားပြီးနောက်... စုယွီသည် လက်ထဲမှ ကျောက်စိမ်းပြားကို ဆုပ်ချေလိုက်ပြီး ဖျက်ဆီးပစ်လိုက်၏။
လော့ယွဲ့ မဟာမိတ် အဖွဲ့၊ ကျွယ်ရှန် ဂိုဏ်း၊ ကောင်းကင်ဘုံ အင်မော်တယ် နန်းတော်... အားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့တဲ့ သမိုင်းဝင် အဖြစ်အပျက်တွေပါပဲ။ အခုက ရှေးဟောင်းခေတ် မဟုတ်တော့ဘူးလေ။
အဲ့ဒီ အကူအညီ တောင်းခံမှုက... အရမ်း နောက်ကျသွားခဲ့ပါပြီ။
ထို့နောက်... စုယွီသည် ကျန်ရှိနေသော ကျောက်စိမ်းပြား လေးချပ်ထဲမှ အမွေအနှစ်များကို တစ်ခုပြီး တစ်ခု ဆက်ခံ လေ့လာလေတော့သည်။
ပထမဆုံး ကျောက်စိမ်းပြားထဲတွင် 'သတ္တုဓာတ် အမြုတေဖွဲ့စည်းခြင်း ကျင့်စဉ်' တစ်ခု ဖြစ်သည့် 'ကောင်းကင်ဘုံ အင်မော်တယ် ဓားရိပ်သိုင်း' ပါဝင်သည်။ အမြုတေဖွဲ့စည်းခြင်း အဆင့်လောက်ထိသာ ပါဝင်သော်လည်း... အလွန် ကောင်းမွန်သော ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။
သေချာ စစ်ဆေးကြည့်လိုက်သောအခါ... ထိုဓားသိုင်းထဲတွင် 'အာရုံ ထွေပြား ပညာရပ်' အချို့ ရောနှော ပါဝင်နေသည်ကို တွေ့ရှိလိုက်ရ၏။
ဒုတိယ ကျောက်စိမ်းပြားကတော့ စုယွီကို အနည်းငယ် အံ့သြသွားစေသည်။
အထဲတွင် ပါဝင်သော အမွေအနှစ်သည် 'ဝိညာဉ်အမြစ် နှစ်မျိုးတွဲ အမြုတေဖွဲ့စည်းခြင်း ကျင့်စဉ်' တစ်ခု ဖြစ်သည့် 'ကောင်းကင်ဘုံ အင်မော်တယ် မီးတောက်ဓားသိုင်း' ပင် ဖြစ်၏။
၎င်းသည် 'သတ္တု ဝိညာဉ်အမြစ်' နှင့် 'မီး ဝိညာဉ်အမြစ်' နှစ်မျိုး ပေါင်းစပ်ထားသော ကျင့်စဉ် ဖြစ်ပေသည်။
တတိယ ကျောက်စိမ်းပြားကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည့် အချိန်တွင်... စုယွီ၏ စိတ်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အံ့သြမှုနှင့် မယုံကြည်နိုင်မှုများ ရောပြွန်းလျက် လွှတ်ခနဲ အော်ဟစ်မိလေတော့သည်။
"ဓာတ်ကြီးငါးပါး ကျင့်စဉ် တဲ့လား"
တတိယ ကျောက်စိမ်းပြားထဲတွင် ရိုးရှင်းလွန်းလှသော 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' တစ်ခုကို မှတ်တမ်းတင်ထား၏။ နာမည်ကလည်း ရိုးရိုးရှင်းရှင်း 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ဟုသာ ပေးထားသည်။
၎င်းသည် ကျင့်ကြံခြင်း လမ်းစဉ်ကို စတင် လျှောက်လှမ်းရန် အတွက် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များကို စုပ်ယူသော သာမန် ကျင့်စဉ်တစ်ခုမျှသာ ဖြစ်၏။
'ချီစွမ်းအင် စုစည်းခြင်း' ပထမအဆင့် လောက်တောင် မရောက်ပေ။
သို့သော် ဤကျင့်စဉ်သည် ဓာတ်ကြီးငါးပါး (၅) မျိုးစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံခွင့် ပြုထားသည် မဟုတ်ပါလော။
စတုတ္ထမြောက် ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်သောအခါ... ရှေးဟောင်း ကျင့်ကြံသူ တစ်ဦး၏ သွန်သင်ဆုံးမစာများကို တွေ့ရှိလိုက်ရ၏။
"ငယ်စဉ်ကတည်းက... ငါဟာ သတ္တုနဲ့ မီး ဝိညာဉ်အမြစ် နှစ်မျိုးစလုံးနဲ့ ပင်ကို ဆက်စပ်မှု ရှိခဲ့တယ်... ငါ့ဆရာသခင်က ငါ့ကို တောရိုင်းထဲကနေ ခေါ်ထုတ်လာပြီး လော့ယွဲ့ မဟာမိတ် အဖွဲ့မှာ ကျင့်ကြံစေခဲ့တယ်... ဆရာသခင် ပထမဆုံး သင်ပေးခဲ့တဲ့ ကျင့်စဉ်ကတော့ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ပဲ ဖြစ်တယ်"
"'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ဆိုတာ ကောင်းကင်နဲ့ မြေကြီး တာအိုတရား ရဲ့ အရိုးရှင်းဆုံး ပြယုဂ် တစ်ခုပါ... တန်ဖိုးမရှိဘူးလို့ ပြောလို့ရသလို၊ ချီစွမ်းအင် စုစည်းခြင်း အဆင့်တောင် မမီဘူးလို့ ဆိုနိုင်ပေမယ့်... ကောင်းကင်နဲ့ မြေကြီးကြားက ရှုပ်ထွေးမှု အားလုံးကို ရိုးရှင်းသွားအောင် လုပ်ပေးနိုင်တဲ့ အဖိုးတန် ရတနာ တစ်ပါးလို့လည်း ပြောလို့ ရပါတယ်"
"ငါ ဒီ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို ဆယ်နှစ်တိုင်တိုင် တွေးတော ဆင်ခြင်ခဲ့တယ်... ပြီးမှ ငါ့ရဲ့ ပထမဆုံး ကျင့်စဉ်ဖြစ်တဲ့ 'ကောင်းကင်ဘုံ အင်မော်တယ် ဓားရိပ်သိုင်း' ကို စတင် ကျင့်ကြံခဲ့တာ"
"သုံးနှစ် ကြာပြီးနောက်... ဒုတိယ ကျင့်စဉ်ဖြစ်တဲ့ 'ကောင်းကင်ဘုံ ကြာနီ မီးတောက်သိုင်း' ကို ဆက်လက် ကျင့်ကြံခဲ့တယ်"
"ငါ့အသက် (၁၈) နှစ် အရွယ်မှာ... အဲ့ဒီ ကျင့်စဉ် နှစ်ခုစလုံးကို 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ထဲမှာ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး... 'ကောင်းကင်ဘုံ အင်မော်တယ် မီးတောက်ဓားသိုင်း' ကို ဖန်တီးနိုင်ခဲ့တယ်"
"ဒါလေး တစ်ခုတည်းနဲ့တင်... တစ်သက်လုံး စားမကုန်တော့ဘူး"
"'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ရဲ့ အနှစ်သာရက... တာအိုတရား အားလုံး၊ နိယာမ အားလုံးနဲ့ သက်ဆိုင်နေပြီး... လောကကြီးမှာ ရှိတဲ့ တာအို လမ်းစဉ် အားလုံးကို ပေါင်းစပ်ပေးနိုင်စွမ်း ရှိတယ်..."
အချိန်အတော်ကြာမှ... စုယွီသည် ဝိညာဉ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်၏။ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားရသည်။
ရှေးဟောင်း ကျင့်ကြံသူ၏ သွန်သင်ချက်များအရ... 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို အသုံးပြုပြီး ဓာတ်ကြီးငါးပါးစလုံး တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းသည် တကယ် ဖြစ်နိုင်ကြောင်း သိရှိရ၏။ သို့သော် မိမိကိုယ်တိုင် နားလည် သဘောပေါက်ပြီး နောက်ဆက်တွဲ ကျင့်စဉ်များကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိဖို့တော့ လိုအပ်သည်။
တကယ်တော့ ဒါက 'မြေ၊ သစ်၊ ရေခဲ၊ မီး ကျင့်စဉ်' နှင့် သဘောတရားချင်း တူညီနေပါသည်။
ဒီနည်းလမ်းနှင့်မှသာ... ကိုယ်နဲ့ အသင့်တော်ဆုံး တာအိုလမ်းစဉ်ကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်၏။
ရှေးဟောင်း ကျင့်ကြံသူ ဖန်တီးခဲ့သော 'ကောင်းကင်ဘုံ အင်မော်တယ် မီးတောက်ဓားသိုင်း' ကဲ့သို့ပင်... ၎င်းသည် သံသယ ဖြစ်စရာ မလိုလောက်အောင် ထိပ်တန်း အဆင့်ရှိသော ဝိညာဉ်အမြစ် နှစ်မျိုးတွဲ အမြုတေဖွဲ့စည်းခြင်း ကျင့်စဉ် တစ်ခု ဖြစ်ပေသည်။
သို့သော်... ကောင်းမွန်သော ကျင့်စဉ် ဖြစ်သော်ငြားလည်း... အခြား လူတစ်ယောက်အတွက် သင့်တော်ချင်မှ သင့်တော်ပေလိမ့်မည်။
ဒါတွေ အားလုံးကို ထားလိုက်ပါတော့... စုယွီ အနေဖြင့် လုံးဝ ကျေနပ်နေမိ၏။ ဒီခရီးစဉ်က ဒီလောက်ထိ အကျိုးရှိလိမ့်မယ်လို့ သူ ထင်မထားခဲ့မိဘူး။ အခုမှ ရောက်ကာစ ရှိသေးတယ်... ပထမဆုံး အခွင့်အရေးကို တွေ့ရုံနဲ့တင် 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို ရရှိခဲ့ပြီ မဟုတ်ပါလော။
မူလက သူ့ရည်ရွယ်ချက်မှာ... ဝိညာဉ်အမြစ် သုံးမျိုး ပိုင်ဆိုင်သော လော့ယွဲ့ မဟာမိတ် အဖွဲ့ ဒုတိယ ခေါင်းဆောင်၏ အမွေအနှစ်ကို ရှာဖွေရန် ဖြစ်၏။
ဘယ်သူ ထင်မှာလဲ... ထို အမွေအနှစ်ကို မတွေ့ရသေးခင်မှာပင်... ၎င်းထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သော 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ရသည်ကိုး။
"ဒီ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' သာ ရှိရင်... ငါ့ရဲ့ ရွှေရောင်အမြုတေ လမ်းစဉ် က သေချာပေါက် အောင်မြင်တော့မှာ"
မူလက မရေရာ မသေချာ ဖြစ်နေခဲ့သော စုယွီသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေပြီ။ သူ့ရင်ထဲတွင် ဝမ်းသာပီတိများ လှိုင်းထနေ၏။
အရင်တုန်းက ဆိုရင်... ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ ဒီနေရာ တစ်ခုလုံးကို ပြာကျအောင် မွှေနှောက်ပြီး အမွေအနှစ်ကို ရှာဖွေချင်ခဲ့သည်။
ယခုတော့... 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို ရရှိပြီးပြီ ဖြစ်သည့်အတွက်... စုယွီသည် မျက်စိရှေ့မှ လျှို့ဝှက်နယ်မြေကို အမြင်သစ် တစ်ခုဖြင့် ကြည့်ရှုနေမိ၏။
မူလ ရည်မှန်းချက်က ‘မျှော်မှန်းထားတာထက် ပိုပြီး ပြည့်ဝသွားပြီ။ အခု ဘာဆက်လုပ်မလဲ။
ဒီနေရာမှာ တခြား ဘယ်လို အခွင့်အရေးတွေ၊ ရတနာတွေ ကျန်ရှိနေဦးမလဲ။’
ကျောက်စိမ်းပြား အားလုံးကို သိမ်းဆည်းလိုက်ပြီးနောက်... စုယွီသည် 'ကောင်းကင် အပျက်အစီး ခန်းမ' အကြောင်း ပြန်လည် စဉ်းစားမိ၏။
လော့ယွဲ့ မဟာမိတ် အဖွဲ့ အပျက်အစီးထဲမှာ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို သူ ဒီလောက် လွယ်လွယ်ကူကူ ရှာတွေ့ခဲ့တာပဲ... နှစ်ပေါင်းများစွာ ရှေးဟောင်း နယ်မြေပေါင်းများစွာ ရှာဖွေခဲ့တဲ့ ကောင်းကင် အပျက်အစီး ခန်းမ အနေနဲ့လည်း ဒီကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်နိုင်တာပဲ မဟုတ်လား။
သူ သိပ်မယုံကြည်ချင်ပေ။ စုယွီ တွေးလိုက်မိသည်။ "ဘာပဲဖြစ်ဖြစ်... ငါက ပြင်ပလူ တစ်ယောက်လေ... ကောင်းကင် အပျက်အစီး ခန်းမ လို အင်အားစုမျိုးကို မှီခိုအားကိုးတာက... ဘယ်တော့မှ စိတ်မချရပါဘူး"
"တကယ်လို့ သူတို့ဆီမှာ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' အမှန်တကယ် ရှိရင်တောင်မှ... ဒီလို အမွေအနှစ်မျိုးကို အလွယ်တကူ ဖြန့်ဝေပေးမှာ မဟုတ်ဘူး"
ဤအချက်က အဓိက အကြောင်းရင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့ဖြစ်လျှင် ဤလောက၌ အဘယ်ကြောင့် 'တစ်သီးပုဂ္ဂလ ကျင့်ကြံသူ' အနည်းငယ်သာ တာအိုလမ်းစဉ်ကို အောင်မြင်နိုင်ကြသနည်း။
အကြောင်းမှာ တာအိုလမ်းစဉ် အောင်မြင်ရေး အခွင့်အလမ်း အားလုံးကို အင်အားကြီး ဂိုဏ်းကြီးများက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်း အရင်းအမြစ်များက ရှားပါးပြီး ရှာဖွေရ ခက်ခဲလှသည်။
ထိုအချက်ကို အကန့်အသတ်ရှိသော သက်တမ်း၊ 'ကောင်းကင်နှင့် လူသား ယိုယွင်းပျက်စီးခြင်း ငါးပါး' ဘေးဒဏ်တို့နှင့် ပေါင်းစပ်လိုက်လျှင် သာမန် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများအနေဖြင့် မိမိတို့ ကံကြမ္မာကို ပြောင်းလဲနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
အပြင်ထွက်လိုက်သည်နှင့် 'အင်မော်တယ် ရတနာ' များကို ကောက်ယူရရှိတတ်သည့် ကံကောင်းခြင်းများကြောင့်သာ မဟုတ်ပါက ဤလမ်းစဉ်တွင် အောင်မြင်ရန် ခက်ခဲလှသည်။
'ချီစွမ်းအင် စုစည်းခြင်း' နှင့် 'အခြေခံတည်ဆောက်ခြင်း' အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း (၁၀၀) နီးပါး ကြာမြင့်ခဲ့သည်ကို ပြန်လည် ဆင်ခြင်ကြည့်ပါက၊ စုယွီအနေဖြင့် မိမိကိုယ်ကို ကံကောင်းခြင်း လက်ဆောင် ရရှိသူဟု မည်သို့မျှ မသတ်မှတ်ရဲ။
"ဟို ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင်... ငါက အများကြီး လိုသေးတယ်... ဒီ ကွာဟချက်တွေကို လောလောဆယ်တော့ အချိန်နဲ့ပဲ ကုစားလို့ ရနိုင်မယ်..."
"ဒါပေမဲ့... သူတို့နဲ့ ယှဉ်ရင် ငါ့ရဲ့ အကြီးမားဆုံး အားသာချက်က... သက်တမ်း နဲ့ ကျွမ်းကျင်မှု မျက်နှာပြင် ပဲ"
"သူတို့ရဲ့ မရေရာ မသေချာတဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ရင်... ငါ့အနေနဲ့ အင်မော်တယ် တစ်ပါး ဖြစ်လာဖို့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်အောင် လုပ်တာက ပိုကောင်းလိမ့်မယ်"
ဤသို့ တွေးမိလိုက်သောအခါ... စုယွီ၏ 'တာအို နှလုံးသား' သည် ပိုမို တည်ငြိမ် ခိုင်မာလာ၏။
တည်ငြိမ်သော နည်းလမ်းကို အသုံးပြုပြီး... တစ်ခါတလေ အပြင်ထွက်ကာ သက်တမ်း ရှည်စေမည့် အခွင့်အရေးတွေ ရှာဖွေတာ... ဒီပုံစံက တော်တော် ကောင်းမွန်ပါသည်။ သူ လွယ်လွယ်ကူကူပဲ ကျေနပ်လိုက်ပါ၏။
ထို့နောက် အခြားသော ရှေးဟောင်း မှတ်တမ်းများကို စစ်ဆေးကြည့်ရှုလိုက်၏။
အားလုံးသည် 'သတ္တု ဝိညာဉ်အမြစ်' နှင့် 'မီး ဝိညာဉ်အမြစ်' ဆိုင်ရာ ကျင့်ကြံမှု သွန်သင်ချက်များ ဖြစ်ကြပြီး... အလွန် အဖိုးတန်သော ရတနာများ ဖြစ်နေတော့၏။
အခန်း (၂၆၉) - ဓာတ်ကြီးငါးပါး လမ်းစဉ်နှင့် ရွှေရောင်အမြုတေ (အပိုင်း - ၆)
~ရုပ်သေးရုပ်သည် မလိုအပ်သော အတွေးများကို ဖယ်ရှားပစ်လိုက်၏။ အကာအကွယ် အခင်းအကျင်းကို ပြန်လည် ဖုံးကွယ်ထားလိုက်ပြီး၊ မြေကြီးအောက်မှ ထွက်ခွာကာ 'လော့ယွဲ့ မဟာမိတ်'ဂိုဏ်း၏ အဓိက ဝင်ပေါက်ကြီးဆီသို့ သတိကြီးစွာဖြင့် ဦးတည် ထွက်ခွာသွားလေတော့သည်။
နောက်တစ်ဆင့် အနေဖြင့်...
သူ့အနေဖြင့် ကံကောင်းခြင်း ရတနာများကို ရှာဖွေရုံသာမက၊ ဤနေရာမှ ပြန်လည် ထွက်ခွာနိုင်မည့် နည်းလမ်းကိုပါ ရှာဖွေရဦးမည် ဖြစ်၏။
ဘာကြောင့်လဲ ဆိုတော့... 'ရုပ်သေးဝိညာဉ်' ၏ အကူအညီ မပါဘဲ၊ ဟင်းလင်းပြင် အတားအဆီးကို အတင်းအဓမ္မ ဖြိုခွင်းပြီး ထွက်ခွာဖို့ ဆိုတာ... နေ့ခင်းကြောင်တောင် အိပ်မက် မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရုပ်သေးဝိညာဉ်ရဲ့ အကူအညီနဲ့တောင် ဒီနေရာကို မနည်း ဝင်လာခဲ့ရတာလေ။
ဒါကြောင့် ဒီနေရာကနေ ဘယ်လို ပြန်ထွက်မလဲ ဆိုတာက အခုအချိန်မှာ အရေးကြီးဆုံးနဲ့ အလေးနက်ဆုံး ပြဿနာ ဖြစ်လာခဲ့လေပြီ။
ဆေးလုံးတောင်၊ နေလမင်း ကျွန်း၏ သတ္တမမြောက် ရေခဲနှင့် မီး ဂူစံအိမ် အတွင်း၌...။
ကျောက်စိမ်း စားပွဲပေါ်တွင် တတိယအဆင့် ကြေးမုံလမင်း အဆောင်ကို ရေးဆွဲနေသော စုယွီသည်... ဟင်းလင်းပြင်စွမ်းအားများ ရုတ်တရက် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပြီး လက်အနည်းငယ် တုန်ရီသွား၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ကျောက်စိမ်း စားပွဲပေါ်ရှိ အဆောင်စက္ကူများ၊ စားပွဲခုံ နှင့် လက်ထဲမှ စုတ်တံ အပါအဝင် အရာအားလုံးသည် ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
သို့သော် စုယွီ စိတ်မပျက်သွားခဲ့ပေ။ သူသည် မျက်လုံးများကို မှိတ်ထားပြီး... စောစောလေးကမှ ရရှိခဲ့သော 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို အာရုံစိုက် လေ့လာနေ၏။
ခဏအကြာတွင်...
စုယွီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ ဖုံးလွှမ်းသွားသည်။ သူသည် အံ့သြဝမ်းသာစွာဖြင့် လက်ခုပ်တီးလိုက်ပြီး အော်ဟစ်လိုက်မိ၏။
"ပြီးပြည့်စုံတယ်... ဒီ ဓာတ်ကြီးငါးပါး ကျင့်စဉ်က တကယ့်ကို ပြီးပြည့်စုံလွန်းတယ်"
ရိုးရှင်းသော ကျင့်စဉ် တစ်ခု ဖြစ်သော်လည်း... ဓာတ်ကြီးငါးပါး စလုံးကို ချိတ်ဆက် ပေါင်းစပ်ပေးနိုင်စွမ်း ရှိသည်။
ဤကဲ့သို့သော ကျင့်စဉ်မျိုး ရှိနေပါက... မိမိ လိုချင်သော မည်သည့် ကျင့်စဉ်ကိုမဆို ပေါင်းစပ် ထည့်သွင်းနိုင်မည် ဖြစ်၏။
ဥပမာအားဖြင့်... မီးဝိညာဉ်အမြစ် ကျင့်စဉ် နှစ်မျိုး ရှိသည် ဆိုပါစို့။ တစ်မျိုးစီမှာ သူ့အားသာချက် ကိုယ်စီ ရှိကြသည်။ မိမိက နှစ်မျိုးစလုံးကို လိုချင်သည်။
ထိုကျင့်စဉ် နှစ်မျိုးစလုံးကို လေ့ကျင့်ပြီးနောက် အဆုံးသတ်တွင် 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ထဲသို့ ပေါင်းစပ် ထည့်သွင်းလိုက်နိုင်သည်။ သို့ဆိုလျှင် ကိုယ်ပိုင်ဟန် လွှမ်းခြုံထားသည့် မီးဝိညာဉ်အမြစ် ကျင့်စဉ်တစ်ခုကို ဖန်တီးယူလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
ထိုမီးဝိညာဉ်အမြစ် ကျင့်စဉ်ကို သီးခြားခွဲထုတ်၍ လေ့ကျင့်နိုင်သကဲ့သို့၊ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ထဲတွင် ပေါင်းစပ်ထည့်သွင်းကာ ဓာတ်ငါးပါးစလုံးနှင့် တွဲဖက်ကျင့်ကြံ၍လည်း ရနိုင်သေးသည်။
ဤအချက်ကပင် စုယွီကို အံ့ဩမှင်သက်သွားစေခဲ့ခြင်း ဖြစ်သည်။
ရှေးဟောင်းကျင့်ကြံသူက ဤ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို ရတနာတစ်ပါးဟု တင်စားခဲ့ခြင်းမှာ အမှန်တကယ်ပင် မှားယွင်းခြင်း မရှိ။
စုယွီ၏ အမြင်တွင်မူ ဤအရာသည် အဖိုးမဖြတ်နိုင်သော ရတနာစစ် ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ရတနာမျိုးသည် ပိုင်ရှင်ကိုယ်တိုင်က အတွင်း၌ ကိန်းအောင်းနေသော တန်ဖိုးများကို ရှာဖွေတူးဖော်တတ်ရန်တော့ လိုအပ်ပါသည်။
"ဟူး..."
စုယွီ၏ မျက်လုံးများ တောက်ပနေပြီး၊ ရင်ထဲတွင် လှိုင်းထနေသော စိတ်ခံစားချက်များကို ထိန်းချုပ်ရန် လေကို ဝဝရှူသွင်းလိုက်၏။ ထို့နောက် ဂူစံအိမ်၏ အလယ်ဗဟိုသို့ ရွှေ့ပြောင်းသွားပြီး တင်ပလ္လင်ခွေ ထိုင်လိုက်ကာ မျက်လုံးများကို မှိတ်လိုက်သည်။
"နောက်တစ်ဆင့် အနေနဲ့... ငါ တံခါးပိတ် ကျင့်ကြံတော့မယ်"
"အခြေခံတည်ဆောက်ခြင်း အဆင့် မှာ ရှိတဲ့ ဓာတ်ကြီးငါးပါး ကျင့်စဉ် အားလုံးကို ပေါင်းစပ်ပြီးတဲ့ အထိ ငါ ထွက်လာမှာ မဟုတ်ဘူး"
"တကယ်လို့ ဓာတ်ကြီးငါးပါး စလုံးကို တစ်ပြိုင်နက်တည်း အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ရင်... အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့ ဆိုတာ အိပ်မက်သက်သက် မဟုတ်တော့ဘူး"
"အဲ့ဒီအချိန်ကျရင်... တာအိုမိတ်ဆွေ လော့ တို့၊ နတ်မိမယ် ဖုန်းလင် တို့ အပါအဝင် ဟို ပါရမီရှင်တွေ အားလုံးက..."
"အခြေခံအုတ်မြစ်နဲ့ ကျင့်ကြံမှု အပိုင်းမှာ... ငါ့ထက် နိမ့်ကျသွားလိမ့်မယ်"
အရင်တုန်းက 'မြေ၊ သစ် ကျင့်စဉ်' နှင့် 'ရေခဲ၊ မီး ကျင့်စဉ်' တို့ကို ပေါင်းစပ် ဖန်တီးခဲ့တာတောင် စုယွီ့အတွက် မလွယ်ကူခဲ့ပေ။ ဒါက ဓာတ်နှစ်ပါး တွဲဖက် ကျင့်ကြံမှုပဲ ရှိသေးသည်။ ယခု ဓာတ်ငါးပါးစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်ဖို့ 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို ပြီးပြည့်စုံအောင် လုပ်ဖို့ ဆိုတာ... ကောင်းကင်ပေါ် တက်သလောက် ခက်ခဲပေလိမ့်မည်။
ကျင့်စဉ် ငါးမျိုး၏ အားသာချက်တွေကို 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ထဲမှာ ပေါင်းစပ်ပြီး... ချီ စွမ်းအင် လည်ပတ်မှုကို အပြစ်အနာအဆာ မရှိအောင် ဖန်တီးဖို့ ဆိုတာ... ကျင့်စဉ် ငါးမျိုးစလုံးရဲ့ အနက်ရှိုင်းဆုံး သဘောတရားတွေကို အထပ်ထပ်အခါခါ ခွဲခြမ်းစိတ်ဖြာ လေ့လာရတာနှင့် အတူတူပါပင်။
အပြည့်အဝ နားလည် သဘောပေါက်မှသာ... 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ရဲ့ အခြေခံ မူဘောင်ကို တကယ်တမ်း တည်ဆောက်နိုင်မှာ ဖြစ်၏။
အချိန်ကာလများ ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့၏။
နေ့စဉ် ပုံမှန် ကျင့်ကြံမှုများ အပြင်... ကျန်ရှိသော အချိန်များတွင် စုယွီသည် 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို အသုံးပြုပြီး ဓာတ်သဘာဝများ ဖန်တီးရန် တွေးတော ဆင်ခြင်နေ၏။
'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ၏ အကူအညီ ရရှိထားသော်လည်း... စုယွီ၏ စိတ်စွမ်းအင်များသည် နေ့စဉ်နှင့်အမျှ ကုန်ခမ်းနေရရှာသည်။ သူ့အခြေခံအုတ်မြစ်က တိမ်လွန်းသေးသဖြင့်... ဓာတ်ကြီးငါးပါး ကျင့်စဉ်များကို တစ်ခုတည်း အဖြစ် ပေါင်းစပ်ရန်မှာ အလွန် ခက်ခဲလှပေသည်။
တာ့ယွဲ့ တောင်တန်း အတွင်းရှိ လော့ယွဲ့ မဟာမိတ် အဖွဲ့၏ လျှို့ဝှက် နယ်မြေထဲတွင်...
'ရုပ်သေးဝိညာဉ်' သည် အဓိက တောင်ထွတ်များ၏ အပြင်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့၏။ သူ့ရှေ့တွင် ဆံပင်မွှေးများ ထောင်ထသွားစေလောက်သည့် ရှေးဟောင်း အခင်းအကျင်း အပျက်အစီးများနှင့် တားမြစ်ပိတ်ပင်မှုများ တန်းစီ တည်ရှိနေသည်။
သို့သော် လမ်းခရီးတစ်လျှောက်တွင် ဒုတိယမြောက် အရိုးစုကို မတွေ့ရသော်လည်း... မှော်လက်နက်များနှင့် ချန်ခွန်းအိတ် အမြောက်အမြားကို တွေ့ရှိခဲ့ရ၏။
‘ဒါတွေက ရှေးဟောင်း လော့ယွဲ့ မဟာမိတ် အဖွဲ့ရဲ့ သာမန် ဂိုဏ်းသားတွေ ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေ ဖြစ်လောက်တယ်။’
သူ ရရှိထားသော ပစ္စည်းများကို စစ်ဆေးမနေဘဲ... ပထမဆုံး အဓိက တောင်ထွတ် အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ထိုတောင်ထွတ် ပတ်လည်တွင် ကြောက်မက်ဖွယ် အခင်းအကျင်းများနှင့် တားမြစ်ပိတ်ပင်မှုများ ဝန်းရံထားသည်ကို အာရုံခံမိလိုက်သည်။
ရုပ်သေးဝိညာဉ်သည် နောက်ထပ် တစ်ကြိမ် သူ၏ အင်အား အကုန်လုံးကို ထုတ်သုံးပြီး ဟင်းလင်းပြင်စွမ်းအားကို ထိန်းချုပ်လိုက်၏။ သူ၏ ကိုယ်ပိုင် စွမ်းအင် (၉၀) ရာခိုင်နှုန်းကို အသုံးပြုပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
ထိုသို့ဖြင့် အဓိက တောင်ထွတ် အပြင်ဘက်ရှိ ကြီးမားသော အခင်းအကျင်းကြီးနှင့် ကျယ်ပြန့်သော တားမြစ်ပိတ်ပင်မှုများကို ရှောင်ကွင်းလိုက်နိုင်ခဲ့၏။
အတွင်းသို့ ရောက်ရှိသွားသောအခါ... တောင်ထွတ် တစ်ခုလုံးတွင် အခင်းအကျင်း အပျက်အစီးများနှင့် တားမြစ်ပိတ်ပင်မှု အမျိုးမျိုး ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် အန္တရာယ် ကင်းရှင်းသော နေရာများတွင်... ရုပ်သေးရုပ်သည် ချန်ခွန်းအိတ် အမြောက်အမြားကို ရှာဖွေ တွေ့ရှိခဲ့၏။
*
ကျောက်စိမ်းရောင် လမ်းကလေး အတိုင်း လျှောက်လှမ်းသွားပြီး... တောင်ထွတ်ထိပ်ရှိ ဂိုဏ်းဝင်ပေါက် နေရာသို့ ရောက်ရှိလာသောအခါ... ရှေ့တွင် ကျယ်ပြန့်သော အပျက်အစီး နယ်မြေကြီး တစ်ခုကို တွေ့လိုက်ရသည်။ အပျက်အစီးများ ပေါ်တွင် ဝိညာဉ်အပင်များ မရေမတွက်နိုင်အောင် ပေါက်ရောက်နေကြပြီး... အချိန်ကာလ၏ တိုက်စားမှုကြောင့် အတိတ်က တိုက်ပွဲ အကြွင်းအကျန်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေကြလေပြီ။
သို့သော် ပြိုကျနေသော ခန်းမဆောင်ကြီးများ၊ အိမ်တော်များ၊ မျှော်စင်များနှင့် ဇရပ်ဆောင် အပျက်အစီးများကို ဝိုးတဝါး မြင်တွေ့နေရဆဲ ဖြစ်၏။
ထို အပျက်အစီးများကြားတွင်... ကြောက်မက်ဖွယ် အခင်းအကျင်းများနှင့် တားမြစ်ပိတ်ပင်မှု အရှိန်အဝါများ ယခုထက်ထိ ကျန်ရှိနေသေး၏။
ဤ အပျက်အစီးများကို ကြည့်ရင်း... ရှေးဟောင်း လော့ယွဲ့ မဟာမိတ် အဖွဲ့ကြီး၏ ကြီးကျယ်ခမ်းနားခဲ့သော သမိုင်းကြောင်းကို ပြန်လည် မြင်ယောင်လာမိသည်။ သို့သော် ယခုအခါ ထို ဂုဏ်ယူဖွယ်ရာ အတိတ်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းရာတွင်... အချိန်မရွေး ကြုံတွေ့နိုင်သော ကပ်ဘေးတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
အသက်ရှင် ကျန်ရစ်ခဲ့လျှင် တာအိုကို ဆက်လက် ရှာဖွေနိုင်မည် ဖြစ်ပြီး... အင်မော်တယ် လမ်းစဉ်သည် အမြဲတမ်း ပွင့်လင်းနေပေလိမ့်မည်။
အကယ်၍ မကျန်ရစ်ခဲ့လျှင်တော့...
ခေတ္တမျှ စဉ်းစားပြီးနောက်... ရုပ်သေးရုပ်သည် အပြင်ဘက်တွင် ရက်အနည်းငယ် နေထိုင်ပြီး အားအင် ပြန်လည် မွေးမြူရန် ဆုံးဖြတ်လိုက်၏။
ထို့နောက်တွင် သူ ကောက်ယူ ရရှိထားသော ချန်ခွန်းအိတ်များကို တစ်လုံးပြီး တစ်လုံး ဖွင့်ဖောက်ပြီး... အတွင်းရှိ ရတနာများကို စစ်ဆေး မှတ်တမ်းတင်လေတော့သည်။
ဤအိတ်များထဲမှ ရရှိသော ပစ္စည်းများသည်... အရင်က ရှေးဟောင်း ကျင့်ကြံသူထံမှ ရရှိခဲ့သော ပစ္စည်းများလောက် တန်ဖိုး မကြီးမားသော်လည်း... ကျင့်စဉ် ကျောက်စိမ်းပြားများနှင့် ရှေးဟောင်း မှတ်တမ်း အမြောက်အမြားကို ရှာဖွေ တွေ့ရှိခဲ့သည်။
ထို ကျောက်စိမ်းပြားများနှင့် စာအုပ်များကို ကြည့်ရင်း... ရုပ်သေးရုပ်၏ ရင်ထဲတွင် လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်လာ၏။ သူသည် နေရာတွင်ပင် မလှုပ်မယှက် ထိုင်နေပြီး... ထိုကျင့်စဉ်များ၏ အံ့သြဖွယ်ရာ သဘောတရားများကို တိတ်တဆိတ် လေ့လာ ဆင်ခြင်နေမိသည်။ စုဆောင်းထားသော ရှေးဟောင်း မှတ်တမ်း (၁၀၀) ကျော်ကိုလည်း တစ်အုပ်ပြီး တစ်အုပ် ဖတ်ရှု လေ့လာနေ၏။
ကျင့်စဉ် အချို့၏ သိမ်မွေ့ နက်နဲမှုများနှင့် စာအုပ်များထဲမှ သွန်သင်ချက်များသည် စုယွီကို အဆုံးမရှိသော အသိဉာဏ် အလင်းများ ပေးစွမ်းနေပြီး... ရံဖန်ရံခါ အံ့သြသင့်သွားစေသည်။
ဖတ်ရှုပြီးနောက်... ရုပ်သေးရုပ်သည် လော့ယွဲ့ မဟာမိတ် အပျက်အစီးများကြားမှ အခွင့်အရေးများကို ဆက်လက် ရှာဖွေ စုဆောင်း၏။ မရေမတွက်နိုင်သော ကျင့်စဉ်များနှင့် ရှေးဟောင်း မှတ်တမ်းများမှ ဗဟုသုတ အမြောက်အမြားကို စုပ်ယူရင်း... စုယွီ၏ ဓာတ်ကြီးငါးပါးဆိုင်ရာ နားလည် သဘောပေါက်မှုသည် ပိုမို နက်ရှိုင်းလာခဲ့သည်။
နောက်ဆုံးတွင်... ငါးနှစ်ကျော် ကြာမြင့်ပြီးနောက်...
စုယွီသည် 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို လည်ပတ်နေ၏။ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး... ကျင့်စဉ်မှတဆင့် ခန္ဓာကိုယ် အနှံ့ လှည့်ပတ် စီးဆင်းသွားကာ... နောက်ဆုံးတွင် 'ဓာတ်ကြီးငါးပါး ချီ စွမ်းအင်' တစ်မျှင် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ 'ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်' အဆင့် ရှိသော ချီ စွမ်းအင် ဖြစ်၏။
ထို ချီ စွမ်းအင် တစ်မျှင်ကို စုယွီ ထိန်းချုပ်လိုက်ရာ... သူ့၏ လက်ချောင်း ထိပ်ဖျားသို့ ရောက်ရှိလာသည်။
လက်ချောင်းကို တစ်ချက် တောက်လိုက်သည်နှင့်...
"ဝီ..."
ချီ လက်ချောင်းဓား တစ်ချောင်း ပျံထွက်သွားပြီး... ရှေ့ရှိ တတိယအဆင့် ဝိညာဉ်သတ္တု ကျောက်တုံးကြီး ပေါ်သို့ ကျရောက်သွား၏။
"ဘုန်း..."
လက်ချောင်းဓားသည် ကွဲကြေ ပျက်စီးသွားပြီး... ကျောက်တုံးကြီးပေါ်တွင် မည်သည့် အဆရာမျှ မထင်ကျန်ခဲ့ပေ။
သို့သော် စုယွီသည် ထို ချီ စွမ်းအင် တစ်မျှင်၏ စွမ်းအားကို အာရုံခံမိလိုက်သောအခါ... သိသိသာသာ လှုပ်ရှားသွားရ၏။
"ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်ပဲ ရှိသေးတဲ့ ဓာတ်ကြီးငါးပါး ချီ စွမ်းအင် တစ်မျှင်လေးက... ချီစွမ်းအင် စုစည်းခြင်း ခြောက်ဆင့်မြောက် 'ရေခဲနှင့် မီး ကျင့်စဉ်' ရဲ့ စွမ်းအားနဲ့ ယှဉ်လို့ ရနေပါလား"
စုယွီ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားလေတော့သည်။
နောက်ဆုံးတော့ သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ပထမ ခြေလှမ်းကို စတင် လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။ 'ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်' ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ပြီ မဟုတ်ပါလော။
နောက်ဆက်တွဲ ကျင့်စဉ်များကို ဖန်တီးရန်မှာ... ပိုမို လွယ်ကူသွားပေလိမ့်မည်။
"တံခါးပိတ် ကျင့်ကြံတာကို ဆက်လုပ်မယ်"
တစ်လ ကြာပြီးနောက်... စုယွီသည် 'ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့်' ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့၏။
သုံးလ ကြာပြီးနောက်... 'တတိယအဆင့်' ကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့သည်။
နှစ်နှစ်နီးပါး ကြာပြီးနောက်... 'ချီစွမ်းအင် စုစည်းခြင်း ကိုးဆင့်မြောက်' အဆင့်ထိ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို အောင်မြင်စွာ တီထွင် ဖန်တီးနိုင်ခဲ့လေပြီ။
တစ်ချိန်တည်းမှာပင်... စုမိသားစု အတွင်း၌ ကြီးမားသော ဂယက်ရိုက်ခတ်မှုကြီး တစ်ခု ဖြစ်ပေါ်နေ၏။
*
ခန်းမဆောင်ကြီး အတွင်း၌...။
စုပင်း နှင့် စုဖုန်း ကဲ့သို့သော အဆင့်မြင့် မိသားစုဝင်များ စုဝေးနေကြပြီး... ယွီခယ်အာ၊ နတ်မိမယ် ဇီယန်၊ ယွီချန်ချင်း နှင့် လီပင်ချန် တို့လည်း ပါဝင် တက်ရောက်နေကြ၏။ အားလုံး၏ မျက်နှာများသည် လေးနက် တည်ကြည်နေကြပြီး... ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များလည်း လွှမ်းခြုံနေသည်။
စုဖုန်းက ဩဇာရှိသော အသံဖြင့် ပြောကြားလိုက်၏။
"ကျွန်တော်တို့ နယ်မြေထဲက ဆေးဆိုင် နှစ်ဆိုင် အဖျက်ဆီး ခံလိုက်ရပြီ... အဲ့ဒီဆိုင်တွေမှာ ရှိတဲ့ မိသားစုဝင် တစ်ယောက်မှ အသက်မရှင်ကြဘူး... ဘယ်သူ လုပ်သွားတာလဲ ဆိုတာတောင် မသိရဘူးဗျာ"
ယွီခယ်အာ မျက်မှောင်ကြုတ်လိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"ဒီလို လုပ်နိုင်တဲ့သူ သိပ်မများဘူး... အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူ ဖြစ်ရင်ဖြစ်... ဒါမှမဟုတ် 'အမြုတေ အတု' ကျင့်ကြံသူ ဖြစ်ရင်ဖြစ်..."
"ဒါမှမဟုတ်ရင်... 'အမြုတေဖွဲ့စည်းခြင်း အဆင့်' အရှင်သခင် တစ်ပါးပါး ဖြစ်လိမ့်မယ်"
နောက်ဆုံး စကားလုံးများကို ကြားလိုက်ရသောအခါ... ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး... အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြလေတော့သတည်း။
အခန်း (၂၇၀) - ရွှေရောင် မူလအသီး နှင့် အခြေတည် ဝိညာဉ် အရှင်သခင်ကြီး၏ အမွေအနှစ်
~အရင်တုန်းက လော့ချန်ယွီသည် သူမ၏ ဒန်တျန်ကို ဖျက်ဆီးပြီး အစကနေ ပြန်လည် ကျင့်ကြံရန် ဆုံးဖြတ်ခဲ့စဉ်က... စုမိသားစုသည် ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ် မျိုးဆက်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရဖူးသည်။ ထိုအချိန်က စုမိသားစုသည် ယွင်ရှန်း ဈေးကွက် တွင် ဆေးဆိုင် ဖွင့်ခွင့် မရခဲ့ပေ။ ထို့အပြင် ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ အခြားသော ကျင့်ကြံသူ မိသားစုများ အားလုံးသည်လည်း စုမိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ပြီး အကွာအဝေး တစ်ခု ထားရှိခဲ့ကြ၏။
ထိုကာလအတွင်း... စုမိသားစုသည် အခြားသော အင်အားစုများ၏ နယ်မြေများသို့ စွန့်စားသွားရောက်ပြီး ဆေးဆိုင်များ တစ်ခုပြီး တစ်ခု တိုးချဲ့ ဖွင့်လှစ်ခဲ့ကြရသည်။
အခြား နယ်မြေ ဈေးကွက်များသို့ သွားရောက်ရသော ခရီးလမ်းမှာ ရှည်လျားပြီး... ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင် ကုန်ကြမ်းများ သယ်ယူပို့ဆောင်ရေးမှာ ခက်ခဲသော်လည်း... ထိုဆေးဆိုင်များ ရှိနေခြင်းကြောင့် စုမိသားစုသည် ဝိညာဉ်ကျောက်တုံး ကဲ့သို့သော ကျင့်ကြံခြင်း အရင်းအမြစ်များကို ပုံမှန် ရရှိနေခဲ့ခြင်း ဖြစ်၏။
ယခုတစ်ကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်မှု ဖြစ်ပွားခဲ့သော ဆေးဆိုင်များမှာ... 'ဓားမြို့တော်' ရှိ ချင်မိသားစု နယ်မြေနှင့်... 'မြေဆရာ မာမိသားစု' နယ်မြေများတွင် တည်ရှိသော ဆေးဆိုင်များ ဖြစ်ကြ၏။
ထိုမိသားစု နှစ်ခုစလုံးသည် ရှည်လျားသော အမွေအနှစ်များ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်း ကြီးမားသော အင်အားကြီး မိသားစုများ ဖြစ်ကြသည်။
သူတို့၏ အခြေခံအုတ်မြစ်သည် ယွင်ကျန်းဂိုဏ်းလောက် မခိုင်မာသလို... 'အခြေတည် ဝိညာဉ်' အဆင့် အရှင်သခင်ကြီးများ မွေးထုတ်ပေးနိုင်ခြင်း မရှိသော်ငြားလည်း... သူတို့၏ အခြေအနေသည် အသစ်စက်စက် ပေါ်ထွန်းလာသော ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ထက်တော့ သာလွန် ကောင်းမွန်နေဆဲ ဖြစ်၏။
အထူးသဖြင့် 'မြေဆရာ မာမိသားစု' သည် လျှို့ဝှက် ဂိုဏ်းတစ်ခု မဟုတ်သော်လည်း... လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ လွှမ်းခြုံထား၏။ သူတို့၏ မိသားစုဝင်များသည် လူထုရှေ့သို့ ထွက်လေ့ မရှိသလို... အခြား အင်အားစုများနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လေ့ မရှိကြပေ။
သို့သော် တာ့ယွဲ့ စီရင်စု တစ်ခုလုံးတွင် မာမိသားစု၏ အခြေခံအုတ်မြစ်ကို သံသယ ဝင်ရဲသူ အလွန် ရှားပါးလှသည်။
ယွင်ကျန်းဂိုဏ်းသည် သူတို့၏ ဘိုးဘေး အခြေတည် ဝိညာဉ် အရှင်သခင်ကြီးထံမှ စုဆောင်းထားသော အခြေခံအုတ်မြစ်များကို အမွေမရရှိခဲ့ပါက... သူတို့၏ အင်အားသည် မာမိသားစုလောက် တောင့်တင်း ခိုင်မာချင်မှ ခိုင်မာပေလိမ့်မည်။
မြေဆရာ ။
ဤအရာသည် ကျင့်ကြံခြင်း ပညာရပ်များ အားလုံးတွင် လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့် ဒဏ္ဍာရီ အဆန်ဆုံး ပညာရပ်များထဲမှ တစ်ခု ဖြစ်သည်မှာ ငြင်းစရာ မရှိပေ။
နဂါးအသိုက်ကို ရှာဖွေနိုင်ခြင်း၊ ဝိညာဉ်သွေးကြောများ၊ မြေကမ္ဘာ ရတနာများမှအစ ကောင်းကင်ဘုံ အခွင့်အရေးများနှင့် ဆန့်ကျင်ဘက် ဖြစ်သော အရာများအဆုံး... သူတို့ လိုအပ်တာ ဘာမှ မရှိသလောက်ပင်။
ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခြင်း၊ ကံကောင်းခြင်းများကို ပြောင်းလဲနိုင်ခြင်း၊ အရှိန်အဟုန်များကို စုစည်းနိုင်ခြင်း နှင့် လျှို့ဝှက် အခင်းအကျင်းများကို ခင်းကျင်းနိုင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်ကြသည်။
ကျွမ်းကျင်မှု အပြည့်အဝ မရှိသောသူများပင်လျှင်... သူတို့၏ သက်တမ်းကို စတေးပြီး မျိုးဆက်သစ်များ၏ ကံကြမ္မာကို မြှင့်တင်ပေးနိုင်ကာ... မျိုးဆက်ပေါင်းများစွာ ကံကောင်းခြင်းများ ရရှိစေနိုင်၏။
အကယ်၍ သူတို့ မျိုးဆက်ထဲတွင် မွန်းစတား အဆင့် ပါရမီရှင် တစ်ဦး ပေါ်ထွက်လာပါက... သူတို့ မိသားစု ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်တော့ချေ။
ဝမ်းနည်းစရာ ကောင်းသည်မှာ... မြေဆရာ အများစုသည် သက်တမ်း တိုတောင်းကြခြင်းပင်။
လောကကြီးတွင် တစ်ခု ရရင် တစ်ခု ပြန်ပေးရစမြဲ မဟုတ်ပါလော။ ရေရှည် ပိုင်ဆိုင်နိုင်ဖို့ ခဲယဉ်းလှသည်။
သက်တမ်း တိုတောင်းခြင်းသည် သူတို့၏ အကြီးမားဆုံး အားနည်းချက်ပင် ဖြစ်ပေသည်။
ကောလာဟလများအရ မာမိသားစုဝင် အရေအတွက်သည် အမြဲတမ်း နည်းပါးလေ့ ရှိပြီး... သွေးစည်း ဆက်လက် တည်တံ့ရုံလောက်သာ ရှိတတ်သည်ဟု ဆိုကြသည်။ ဤအချက်က မြေဆရာများ အကြောင်း ကောလာဟလများကို သက်သေပြနေသကဲ့သို့ ရှိ၏။
ခန်းမဆောင်ကြီး အတွင်း၌...။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်... စုပင်းသည် စုဖုန်းဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။
"ချင်မိသားစု နဲ့ မာမိသားစု ဘက်က ဘာတွေ တုံ့ပြန်လဲ"
စုဖုန်းက ပြန်လည် ဖြေကြားလိုက်သည်။
"ချင်မိသားစု ဘက်ကတော့ ဘယ်သူမှ ပေါ်မလာပါဘူး... ဈေးကွက် တာဝန်ခံ တစ်ယောက်ကပဲ ဆေးဆိုင် အခြေအနေကို လာအကြောင်းကြားတာပါ... ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းတော့... ချင်မိသားစုက ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိဘူးလို့ သိရတယ်"
"ဈေးကွက်ထဲမှာ ချင်မိသားစုရဲ့ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ အစောင့် ရှိနေတာ... ပြီးတော့ ကျွန်တော်တို့ စုမိသားစု ဆေးဆိုင် တစ်ဆိုင်တည်းပဲ ထိခိုက်တာပါ"
"ဖြစ်စဉ် တစ်ခုလုံးက (၁၀) စက္ကန့် လောက်ပဲ ကြာလိုက်တာ... ပြီးတာနဲ့ ချက်ချင်း ပြန်ငြိမ်သက်သွားတယ်"
"ဘယ်သူ လုပ်သွားမှန်း ဘယ်သူမှ မမြင်လိုက်ကြဘူး... မှော်စွမ်းအင် အငွေ့အသက်လည်း ဘာမှ မကျန်ခဲ့ဘူး... ဒါပေမဲ့ ခယ်အာ ပြောသလိုပဲ... ဒုတိယအဆင့် အခင်းအကျင်းကို ဖျက်ဆီးနိုင်ပြီး... ဈေးကွက်ထဲက အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေ သတိမထားမိအောင် လုပ်နိုင်တယ် ဆိုကတည်းက... ဒီလူက ရိုးရိုး မဟုတ်တော့ဘူး"
စကားကို ခဏ ရပ်လိုက်ပြီး စုဖုန်း ဆက်ပြော၏။
"မာမိသားစု ဘက်ကတော့ လူထွက်လာပါတယ်... မာမိသားစု အကြီးအကဲ တစ်ယောက် ကိုယ်တိုင် အခင်းဖြစ်ပွားရာ နေရာကို လာစစ်ဆေးပေးတယ်... ဂါထာမန္တန် တစ်ခုတည်းနဲ့ အခင်းအကျင်းကို ဖျက်ဆီးပြီး ဆေးဆိုင်ကို ဖျက်ဆီးသွားတာလို့ ပြောတယ်"
"တရားခံက... အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကနေ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကြားမှာ ရှိတဲ့ ကျင့်ကြံသူ ဖြစ်နိုင်တယ်... ပြီးတော့ 'မြေကမ္ဘာ ဝိညာဉ်အမြစ်' ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်ပြီး... ကျွန်တော်တို့ စုမိသားစုအပေါ် အငြိုးအတေး ရှိတဲ့သူ ဖြစ်လောက်တယ်တဲ့"
"တာ့ယွဲ့ စီရင်စုတစ်ခုလုံးမှာ ဒီလို ကျင့်ကြံမှု အဆင့်မျိုး ရှိပြီး... မြေကမ္ဘာ ဝိညာဉ်အမြစ် ကျင့်စဉ် ကျင့်ကြံထားတဲ့သူ သိပ်မများပါဘူး... ဒီလမ်းကြောင်း အတိုင်း စုံစမ်းသင့်တယ်လို့ သူတို့ အကြံပြုပါတယ်"
စုဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး လေးလေးနက်နက် ပြောဆိုလိုက်၏။
"ဆေးဆိုင် နှစ်ဆိုင် တိုက်ခိုက်ခံရတာက လဝက်လောက်ပဲ ခြားတယ်... လက်သည်က တစ်ယောက်တည်း ဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားရမယ်... တကယ်လို့ တစ်ယောက်တည်း ဆိုရင်တော့... ဒီတစ်ခေါက် ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာက တော်တော်လေး ကြီးမားတယ်"
စုပင်းသည် ယွီခယ်အာ၊ နတ်မိမယ် ဇီယန်၊ ယွီချန်ချင်း၊ လီပင်ချန် အပါအဝင် စုရွီအန်း၊ စုချီ နှင့် အခြားသူများကို ကြည့်ကာ မေးမြန်းလိုက်၏။
"ဘယ်လို ထင်ကြသလဲ"
လီပင်ချန်က မျက်မှောင်ကို တင်းတင်း ကြုတ်ထားပြီး ဝင်ပြောသည်။
"ယွင်ကျန်းဂိုဏ်း နယ်မြေကို ဖယ်လိုက်ရင်... ကျွန်မတို့ မိသားစုမှာ တခြား နေရာတွေမှာ ဆေးဆိုင် (၁၃) ဆိုင် ရှိသေးတယ်... တကယ်လို့ ဒီကိစ္စက စုမိသားစုကို ရည်ရွယ် တိုက်ခိုက်တာ ဆိုရင်... ကျန်တဲ့ ဆေးဆိုင်တွေရဲ့ လုံခြုံရေးကို ကျွန်မတို့ ဂရုစိုက်ဖို့ လိုမယ်လို့ ထင်ပါတယ်"
နတ်မိမယ် ဇီယန်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွား၏။ သူမသည် ယွီခယ်အာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"မိသားစုရဲ့ အတိတ်ဟောင်းတွေကို ကျွန်မ သိပ်မသိပေမယ့်... ကျွန်မ အမြင်အရ ဆိုရင်တော့... ကျွန်မတို့ မိသားစုရဲ့ ဖြစ်နိုင်ချေရှိတဲ့ ရန်သူတွေက လက်ချိုးရေလို့ ရပါတယ်"
"ပထမ တစ်ခုက... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်"
"ဒုတိယ... ကျန်းမိသားစု "
"တတိယ... ဟွမ်မိသားစု "
"ဒါတွေကလွဲရင်... စုမိသားစုအပေါ် အငြိုးအတေး ထားလောက်တဲ့ တခြား အင်အားစု ရှိမယ် မထင်ပါဘူး"
"ကြည့်ရတာ... စုံစမ်းရတာ သိပ်မခက်လောက်ပါဘူး"
ထိုအချိန်တွင် ယွီခယ်အာ ရုတ်တရက် ထပြောလိုက်၏။
"ဟွမ်မိသားစု... သူတို့ဆီမှာ အပြင်ရောက်နေတဲ့ 'ဟွမ်ရှင်းယီ' ဆိုတဲ့ မိသားစုဝင် တစ်ယောက် ကျန်နေသေးတယ် မဟုတ်လား... ကျွန်မ မှတ်မိသလောက် ဆိုရင်... သူက 'မြေကမ္ဘာ ဝိညာဉ်အမြစ်' ကျင့်စဉ်ကို ကျင့်ကြံထားတာလေ"
ဟွမ်ရှင်းယီ ဆိုသော နာမည်ကို ကြားလိုက်ရသည့် အချိန်တွင်... စုပင်း၊ စုဖုန်း နှင့် အခြားသူများ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြ၏။
အတိတ်တုန်းက ဟွမ်မိသားစုကို ရှင်းလင်းခဲ့စဉ်က... ယွင်ကျန်းဂိုဏ်းမှ လော့ချန်ယွီ ဦးဆောင်ခဲ့ပြီး ကွမ်လန် တောင် ၏ တောင်ကာကွယ်ရေး အခင်းအကျင်းကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် ဟွမ်မိသားစု ဘိုးဘေးကြီး၊ ခေါင်းဆောင်နှင့် အကြီးအကဲများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရသည်။
သို့သော် လက်ရှိ ဟွမ်မိသားစု၏ အရင်းအမြစ်များနှင့် အခြေခံအုတ်မြစ်များကို သိမ်းပိုက်ထားသူမှာ စုမိသားစု ဖြစ်သည်။
ထိုအချိန်တုန်းက ဟွမ်ရှင်းယီ အပြင်ရောက်နေတာကို သူတို့ သိခဲ့ကြပါသည်။
သို့သော်၊ ဟွမ်ရှင်းယီက 'တာ့ယွဲ့ ဈေးကွက်'၏ အတွင်းပိုင်း ဈေးကွက်မှာ နေတတ်သည် ၊ ဒါမှမဟုတ် ဆေးပညာရှင် လီမိသားစုရဲ့ 'ကြာနီကန်' မှာ နေလေ့ရှိသည်။ ပြီးတော့ 'အရှင်သခင် ချန်ချင်း' နှင့်လည်း သာမန် မဟုတ်သော ဆက်ဆံရေး ရှိနေ၏။
ဟွမ်ရှင်းယီကို ကိုင်တွယ်ဖို့က မလွယ်ကူလှပေ။
လော့ချန်ယွီရဲ့ အကူအညီ မပါဘဲ... စုမိသားစုရဲ့ အင်အား တစ်ခုတည်းနှင့် ဆိုလျှင်... ဒီပြဿနာကို ဖြေရှင်းဖို့ တော်တော်လေး ခက်ခဲပေလိမ့်မည်။