← Chapters

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉) - အမည်နာမသာ ကျန်ရစ်တော့မည့် ဒဏ္ဍာရီ (အပိုင်း ၂)

~ယခုအချိန်တွင်... ဆယ်စုနှစ်များစွာ ကြာပြီးနောက်၊ ဖူချန် သည် နောက်ဆုံးတွင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာတော့၏။

သူသည် သူ့ကိုယ်သူ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ၏ တချိန်က ဂုဏ်ယူခဲ့ရသော ပါရမီရှင် တစ်ယောက်ဟု မှတ်ယူထားသည်။ အခြားသူများနှင့် ယှဉ်လျှင် ပြိုင်ဘက်မရှိ၊ အားလုံးကို နောက်ကောက်ချခဲ့သူဟု ယုံကြည်ထားသည်။

မည်သည့်ဂိုဏ်း အဖွဲ့အစည်းမှ မဟုတ်သော "တစ်သီးပုဂ္ဂလ ကျင့်ကြံသူ" တစ်ယောက် အနေဖြင့် ဤမျှ အောင်မြင်မှု ရရှိထားခြင်းကို ပါးစပ်မှ ထုတ်မပြောသော်လည်း၊ ဖူချန်၏ ရင်ထဲတွင် အလွန် ဂုဏ်ယူနေမိသည်။

ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံး အကြိမ် အဖြစ်... ဖူချန်သည် အထူးပြုလုပ်ထားသော "ဆက်သွယ်ရေး ကျောက်စိမ်းပြား" ကို ထုတ်လိုက်ပြီး၊ သတင်းအချက်အလက် ရောင်းဝယ်ရေးတွင် ကျွမ်းကျင်သော မိတ်ဆွေဟောင်း တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦးကို ဆက်သွယ်လိုက်၏။

ထိုစဉ်က "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" မှ အကျိုးအမြတ် အများဆုံး ရယူနိုင်ရန်အတွက်၊ သူသည် အခြားလူ တစ်ယောက်၏ ပုံစံသို့ အသွင်ပြောင်းလဲခဲ့ပြီး၊ လျှို့ဝှက်နယ်မြေထဲ မဝင်မီ ထိုကျင့်ကြံသူနှင့် သဘောတူညီချက် တစ်ခု ရယူခဲ့ခြင်း ဖြစ်၏။

ဖူချန်သည် ဝိညာဉ်ကျောက်တုံး တစ်ထောင်တိတိ ပေးခဲ့သည်။ ရည်ရွယ်ချက်မှာ သူ ပြန်လည် ဆက်သွယ်သည့် အချိန်တွင်၊ ထိုလူ အနေဖြင့် စုဆောင်းထားသမျှ သတင်းအချက်အလက် အားလုံးကို အကျဉ်းချုံးပြီး သူ့ထံ ပေးပို့ရန် ဖြစ်၏။

ဖူချန်သည် ကျောက်တုံးစိမ်း တစ်တုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်၏။

မကြာမီ အချိန်အတွင်းမှာပင်... တဖက်လူသည် ကတိအတိုင်း ဖူချန် တံခါးပိတ် ကျင့်ကြံနေသည့် ကာလအတွင်း မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် ကြီးငယ်များကို အချိန်ကာလ အစဉ်လိုက် စီစဉ်ပြီး ပေးပို့လာလေသည်။

သတင်းအချက်အလက်များကို အပေါ်ယံ ဝေ့ကြည့်လိုက်ရုံဖြင့် ဖူချန် ပြုံးမိသွားသည်။

အဘယ်ကြောင့်ဆိုသော် အစောဆုံး မှတ်တမ်းတင်ထားသော သတင်းသည် "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်၏။

သတင်းထဲတွင် ဖော်ပြထားသည်မှာ... လျှို့ဝှက်နယ်မြေကြီး ပြိုကျပျက်စီးသွားကြောင်းနှင့်၊ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဖူချန်သည် "သဟဇာတဖြစ်ခြင်း နက်ရှိုင်းသော စွမ်းရည်" ကို ရယူသွားကြောင်း ပါရှိ၏။

မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများမှ မဟာစွမ်းအားရှင်များ၊ "ပေါင်းစည်းခြင်း နယ်ပယ်"ဘိုးဘေးကြီးများ အပါအဝင် လူအများအပြားသည် သူ့ကို လိုက်လံ ရှာဖွေခဲ့ကြသော်လည်း မည်သူမျှ မတွေ့ရှိခဲ့ကြပေ။ သူ၏ ခြေရာလက်ရာများသည် ယနေ့ထက်တိုင် ပဟေဠိ တစ်ခု အဖြစ် ကျန်ရစ်နေဆဲ ဖြစ်၏။

ဖူချန်၏ စိတ်လှုပ်ရှားမှု အရှိန်အဝါကြောင့် ဝိညာဉ်အဘိုးအို "ဝေဝူယာ" ၏ ဝိညာဉ် အပိုင်းအစသည် အလိုအလျောက် ထွက်ပေါ်လာလေသည်။

“ရှောင်ချန်... ဘာဖြစ်လို့ ဒီလောက် ပျော်နေရတာလဲ...”

ဖူချန် ပြန်ဖြေလိုက်၏။

“ဆရာ... အဲဒီတုန်းက ကျွန်တော်တို့ နှစ်ယောက် ပူးပေါင်းပြီး ရတနာ လုယူပြီး လျှို့ဝှက်နယ်မြေက ထွက်လာခဲ့တာလေ... ဘယ်သူကမှ ကျွန်တော်တို့ ခြေရာကို မခံနိုင်ခဲ့ကြဘူး... အဲဒီ ဇာတ်လမ်းက ဒီနေ့အထိ ပြောစမှတ် တွင်နေတုန်းပဲ...”

ထိုအခါ၊ ဝေဝူယာ လည်း ပြုံးလိုက်၏။

“မင်း ရတနာ လုယူနိုင်တယ် ဆိုရင်... ထွက်ပြေးဖို့ လမ်းကြောင်းကိုလည်း ကြိုတင် ပြင်ဆင်ထားမှာပဲ ဆိုတာကို သူတို့ ထည့်မတွက်မိကြဘူးလေ...”

ဖူချန် တခစ်ခစ် ရယ်မောလိုက်၏။

“အဲဒီ အရူးတွေ... ခေါင်းပြတ်နေတဲ့ ယင်ကောင်တွေလို နှစ်ပေါင်းများစွာ လိုက်ရှာနေတာတောင် ဘာမှ မတွေ့ကြဘူး... ဒေါသထွက်လွန်းလို့ သွေးအန်နေကြမလား မသိဘူး...”

ဝေဝူယာ သည် သူ၏ မုတ်ဆိတ်ရှည်ကြီးကို သပ်လိုက်ပြီး

“တော်ပါတော့ကွာ... နောက်ဆက်တွဲ ဘာဖြစ်လဲ ဆိုတာ ဆက်ဖတ်ပြစမ်းပါ... မင်း ဒီနေရာမှာ တိတ်တိတ်လေး ကျင့်ကြံနေတာ ဆယ်စုနှစ် ချီနေပြီ... 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကိုလည်း ရောက်နေပြီ... 'သွေးမီး စည်းမျဉ်း' ကိုလည်း သန့်စင်ပြီးပြီ...”

“မင်းရဲ့ လက်ရှိ ရုပ်ခန္ဓာ နဲ့ မူလဝိညာဉ် အခြေအနေ အရ ဆိုရင်... ငါ မင်းကိုယ်ထဲ ဝင်ပူးပြီး တိုက်ခိုက်ရင်တောင် 'ပေါင်းစည်းခြင်း နယ်ပယ်' အရှင် တစ်ပါးကို ရင်ဆိုင်ပြီး ထွက်ပြေး လွတ်မြောက်နိုင်တဲ့ အခွင့်အရေး ရှိနေပြီ...”

“ဒါကြောင့်... လောကကြီးထဲကို ပြန်ဝင်ဖို့ အချိန်တန်ပြီ...”

ဖူချန် ဝမ်းသာအားရ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ဆရာ...”

ဤ တံခါးပိတ် ကာလသည် သူ့ဘဝတွင် အတိတ်ဆိတ်ဆုံး အချိန် ဖြစ်ခဲ့သည်။ ယခု သူ ပြန်ထွက်ပြီး ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီးများမှ ပါရမီရှင်များကို အနိုင်ယူရန် ဆန္ဒပြင်းပြနေပြီ။

သူ့ဘဝသည် ခမ်းနားထည်ဝါခဲ့သည်။ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ခေတ်ပြိုင် ဂိုဏ်းသား အားလုံးကို အနိုင်ယူရန် သူ အမြဲ ဆန္ဒရှိခဲ့သည်။

တောင်ပိုင်း အစစ်အမှန်နယ်မြေရှိ ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီးများမှ လွဲ၍၊ ကျန်ဂိုဏ်းအားလုံး၏ ထိပ်တန်း အစစ်အမှန် အမွေခံများကို သူ အနိုင်ယူခဲ့ဖူးသည်။ ယခု ကျန်ရှိနေသေးသော ထိပ်တန်း ဂိုဏ်းကြီး (၃) ဂိုဏ်းမှ ပါရမီရှင်များကို အနိုင်ယူပြီး၊ သူ့ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည် ဖော်တော့မည်။

ဝေဝူယာ သတိထားမိလိုက်၏။

ဖူချန်သည် ကျောက်စိမ်းပြားကို ဖတ်ရှုနေစဉ် အစပိုင်းတွင် အလွန် ပေါ့ပါး လွတ်လပ်နေသော်လည်း၊ ရုတ်တရက် သူ၏ မျက်နှာထား လေးနက် တည်ကြည်သွားသည်။

ဝေဝူယာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

“ဘာဖြစ်လို့လဲ... မင်းမျက်နှာ ဘာလို့ ပျက်သွားတာလဲ...”

ဖူချန် တီးတိုး ရေရွတ်လိုက်၏။

“အဲဒီတုန်းက ပါရမီရှင်တွေ ဖြစ်တဲ့... ဝူတောက် ၊ ချူရှောင်ထျန်းနဲ့ ရင်ကျုံး တို့ သေဆုံးသွားကြတာ ကြာပြီတဲ့...”

ထိုစကား ကြားသောအခါ ဝေဝူယာ လည်း အံ့အားသင့်သွားသည်။

“ဘာပြောလိုက်တာလဲ... ငါတို့ ထွက်မလာခင်တုန်းက သူတို့အားလုံး ကောင်းကောင်းမွန်မွန် ရှိနေကြတာ မဟုတ်ဘူးလား... ပြီးတော့ သူတို့က ထိပ်တန်း အဆင့်မြင့်ဂိုဏ်းကြီးတွေက အထူးတလည် ပျိုးထောင်ထားတဲ့ ပါရမီရှင်တွေလေ... ဘယ်လိုလုပ် ဒီလောက် လွယ်လွယ် သေသွားရတာလဲ...”

ဖူချန် တံတွေး တစ်ချက် မျိုချလိုက်ပြီး ပြောသည်။

“ဆရာ... သတင်းထဲမှာ အဲဒီလို ရေးထားတာ...”

“ဆက်ဖတ်စမ်းပါ... နွားမိစ္ဆာဂိုဏ်းက နျူမန် တို့... အကန့်အသတ်မဲ့ ဓားဂိုဏ်းက အင်မော်တယ် မျိုးစိတ် နင်ချီ တို့ရော... အသက်ရှင်နေကြသေးတယ် မဟုတ်လား...”

ထို့ကြောင့် ဖူချန် ဆက်ဖတ်လိုက်၏။

သို့သော် ဖတ်လေ... ဖူချန်၏ မျက်နှာထား ပိုမို လေးနက် ခက်ထန်လာလေ ဖြစ်၏။

ဆရာ ဝေဝူယာ နှင့် စကားစမြည် ပြောဆိုချင်စိတ် မရှိတော့ဘဲ၊ သတင်းအားလုံးကို တစ်ခါတည်း အပြီး ဖတ်ရှုချင်စိတ်သာ ရှိတော့သည်။

အဆုံးသတ် ရောက်သောအခါ... သူ့နဖူးမှာ ရေထဲမှ ဆယ်ထားသကဲ့သို့ ချွေးသီးချွေးပေါက်များ စိုရွှဲနေတော့သည်။

ထိုအခြေအနေကို မြင်သောအခါ ဝေဝူယာ သည် တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်၏။

ဆယ်စုနှစ်များစွာ အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ ချက်ချင်း သိချင်သော်လည်း၊ ဖူချန် ကိုယ်တိုင် ပြောပြလာမည့် အချိန်ကို သူ စောင့်ဆိုင်းနေလိုက်၏။

ခဏအကြာတွင်...

ဖူချန် သည် ဝေဝူယာကို ထုံထိုင်းနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။

အချိန်အတန်ကြာမှ ခါးသီးသော သံသယများ ပြည့်နှက်နေသော မျက်နှာထားဖြင့် မေးလာသည်။

“ဆရာ... ကျွန်တော် အချိန်တွက် မှားနေတာလား... ကျွန်တော် တံခါးပိတ် ကျင့်ကြံနေတာ ဆယ်စုနှစ် အနည်းငယ် မဟုတ်ဘဲ... နှစ်ရာချီ၊ နှစ်ထောင်ချီ ကြာသွားတာများလား...”

ဝေဝူယာ သူ့ကို ကြည့်ရင်း ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားရသည်။

“ပြောစမ်းပါ... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ...”

ထို့နောက် ဖူချန် သည် ဆယ်စုနှစ်များစွာ အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြီးများကို ဝေဝူယာအား တစ်ခုပြီး တစ်ခု ပြန်လည် ပြောပြလိုက်တော့သည်။

လျှို့ဝှက်နယ်မြေ ပြိုကျပြီးနောက်...

အင်မော်တယ် မျိုးစိတ် နင်ချီ သည် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ အဆင့်တက်သွားသည်။ ဂိုဏ်းတွင်း သစ္စာဖောက်များကို ရှင်းလင်းပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရာထူးကို ဆက်ခံလိုက်၏။

ဂိုဏ်းချုပ်နင် သည် ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းနှင့် အခြား ဂိုဏ်းများမှ မဟာစွမ်းအားရှင် (၁၀) ယောက်ကျော်ကို သတ်ဖြတ်ခဲ့သည်။ ထိုအထဲတွင် "ပြိုင်ဘက်ကင်း မဟာစွမ်းအားရှင်" တစ်ယောက်သည် သူ့ဓားအောက်တွင် ပထမဆုံး ကျဆုံးခဲ့ရသည်။

ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်းကြီး ရှင်းပြ၍ မရနိုင်သော အကြောင်းရင်းဖြင့် ပျက်စီးသွားခဲ့သည်။

တောင်ပိုင်း အစစ်အမှန်နယ်မြေမှ ယူဟွာ အဆင့်မြင့်ဂိုဏ်း သည် ပေ့ရွှမ်နယ်မြေကို မကြံစည်ခဲ့။ မြောက်ပိုင်း ဂိုဏ်းများကို လာဘ်ထိုးပြီး မြောက်ဘက်သို့ ချီတက်ရန် ကြိုးစားခဲ့၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်း ဂိုဏ်းချုပ်နင်က.. "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရှိသွားသည်။

ယူဟွာ အဆင့်မြင့်ဂိုဏ်း သည် "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး တစ်ပါးနှင့် ထိပ်တန်း မဟာစွမ်းအားရှင် (၁၁) ယောက်ကို စေလွှတ်ပြီး၊ နင်ချီကို သတ်ဖြတ်ရန်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဖယ်ရှားရန် ကြိုးစားခဲ့သည်။

ယူဟွာ အဆင့်မြင့်ဂိုဏ်းသားများနှင့် သွေးမိစ္ဆာဂိုဏ်းသား အားလုံး... နင်ချီနှင့် သူ၏ မဟာစွမ်းအားရှင်များ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသတည်း။

ယူဟွာ အဆင့်မြင့်ဂိုဏ်း သည် တိတ်ဆိတ်စွာ သည်းခံနေလိုက်၏။ လက်စားချေရန် လူမလွှတ်ရဲတော့။

နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း နှင့် ယူဟွာ အဆင့်မြင့်ဂိုဏ်း တို့၏ ပဋိပက္ခ ပြင်းထန်လာသည်။ ဂိုဏ်းနှစ်ခု စစ်ဖြစ်လုနီးပါး ဖြစ်နေပြီ။ တောင်ပိုင်း အစစ်အမှန်နယ်မြေရှိ အခြား ဂိုဏ်းများ ဝင်မပါရဲကြ။ မြေစာပင် ဖြစ်မည်ကို ကြောက်ရွံ့နေကြခြင်းပင်။

သတင်း တစ်ပုဒ်ပြီး တစ်ပုဒ် ပေါက်ကွဲထွက်လာသည်။ ဖူချန် ပြောပြနေရင်း မိန်းမောတွေဝေနေသလို၊ ဝေဝူယာ လည်း ကြားရသမျှကို အံ့အားသင့်စွာ နားထောင်နေမိသည်။

နွားမိစ္ဆာဂိုဏ်းမှ ပါရမီရှင် နျူမန် "ဟင်းလင်းပြင် လမ်းစဉ်" သို့ ရောက်သွားခြင်း ကဲ့သို့သော သတင်းအသေးအဖွဲလေးများလည်း ပါဝင်သည်။

သို့သော် အခြားသော ကြီးမားသည့် ဖြစ်ရပ်များနှင့် ယှဉ်လိုက်လျှင် ဒါသည် ဘာမှ မဟုတ်တော့ပေ။

ဝေဝူယာ သတိပြန်ဝင်လာပြီး ဖူချန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်၏။

အခန်း (၆၅၀) - အမည်နာမသာ ကျန်ရစ်တော့မည့် ဒဏ္ဍာရီ (အပိုင်း ၃)

~မူလက ဖူချန် တွေးခဲ့သည်မှာ... ဤတစ်ကြိမ် တံခါးပိတ်ရာမှ ထွက်လာလျှင်၊ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ နှစ်ခုလုံးကို တုန်လှုပ်စေပြီး၊ တောက်ပစွာ ထွန်းလင်းနိုင်လိမ့်မည် ဟူ၍ ဖြစ်၏။

မထင်မှတ်ဘဲ... ထွက်ပင် မထွက်ရသေး၊ ဖူချန် တစ်ယောက် "နှင်းခါးရိုက်ခံလိုက်ရသော ခရမ်းသီး" ကဲ့သို့ ညှိုးရော်ကာ စိတ်ဓာတ်များ ပြိုလဲသွားရလေသည်။

နင်ချီ ဆိုတဲ့ကောင်က တကယ်ပဲ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားလား...။

ဆယ်စုနှစ်များစွာ အတွင်း ဖြစ်ပျက်သမျှ ကိစ္စတိုင်းသည် သူ့အကြောင်းချည်းသာ ဖြစ်နေပြီး၊ တစ်ခုစီတိုင်းက ကြားရသူကို ရင်တုန်ပန်းတုန် ဖြစ်စေသည်ချည်း ဖြစ်နေသည်။

အချိန်အတန်ကြာမှ ဖူချန် အားမရှိသော အသံဖြင့် မေးလိုက်၏။

“ဆရာ... ကျွန်တော့်ဆန္ဒ ပြည့်ဖို့ မဖြစ်နိုင်တော့ဘူး... အခု ဘာဆက်လုပ်ကြမလဲ...”

ဝေဝူယာ သက်ပြင်းချလိုက်၏။

“ဒီ 'နက်ရှိုင်းသော သစ္စာတရား နယ်မြေ' ကနေ ထွက်သွားကြစို့... ဒီနေရာမှာ ဆက်နေလို့ အကျိုးမရှိတော့ဘူး... ဘေးကပ်လျက်မှာ ရှိတဲ့ 'ဖူယောင် နယ်မြေ' ကို သွားကြတာပေါ့...”

“ငါလည်း ကံကြမ္မာ အတိတ်နိမိတ် ဖတ်တတ်ပါတယ်... နင်ချီ ဒီနယ်မြေမှာ ရှိနေသရွေ့... ဒီနေရာမှာ သူ့ရဲ့ ဒဏ္ဍာရီတွေပဲ ကျန်ရစ်နေလိမ့်မယ်... မင်းအတွက် အခွင့်အရေး မရှိတော့ဘူး...”

ဖူချန် ခါးသက်သက် ပြုံးလိုက်၏။ သူ့ဆရာ ပြောတာကလည်း အရမ်း ပွင့်လင်းလွန်းနေသည်။

“ပြီးတော့... အခု ထိပ်တန်း ဂိုဏ်းကြီး နှစ်ဂိုဏ်း စစ်ဖြစ်နေကြပြီ... မကြာခင် ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးလည်း စတော့မယ်... ငါတို့ ဆက်နေရင် တစ်နေ့နေ့တော့ အမိခံရမှာ သေချာတယ်...”

ဖူချန် အနေဖြင့် ဝေဝူယာ၏ စီစဉ်မှုကို လက်ခံရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

သူသည် တံခါးပိတ်ရာမှ ထွက်လာပြီး၊ တောင်ပိုင်း အစစ်အမှန်နယ်မြေ တစ်ခုလုံးကို အပေါ်စီးမှ စီးမိုး ကြည့်လိုက်၏။

ဝမ်းနည်းစရာ ကောင်းသည်မှာ... သူ၏ ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပေ။

နင်ချီနှင့် ယှဉ်လိုက်လျှင်... သူသည် ပါရမီရှင် ဆိုသည့် အဆင့်အတန်းနှင့်ပင် မထိုက်တန်တော့ပေ။

...

ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းဝယ်၊

ဂိုဏ်းချုပ် ရှထျန်းဟယ် သည် ဂိုဏ်းချုပ် ပလ္လင်ပေါ်တွင် ထိုင်နေပြီး၊ အောက်မှ မဟာစွမ်းအားရှင်များကို ကြည့်လိုက်၏။

“အကြီးအကဲတို့... အခု နွားမိစ္ဆာဂိုဏ်း နဲ့ ယူဟွာဂိုဏ်း တို့ စစ်ဖြစ်နေကြပြီ... ဒါက ငါတို့ ကောင်းကင်တာရာ ဂိုဏ်းအတွက် အခွင့်အရေးကောင်းပဲ... ဘယ်လို လုပ်ကြမလဲ...”

ထိုအခါ၊ အကြီးအကဲ တစ်ယောက်က ချက်ချင်း တုံ့ပြန်လာသည်။

“ယူဟွာဂိုဏ်းက ပေ့ရွှမ်နယ်မြေက အကန့်အသတ်မဲ့ ဓားဂိုဏ်းနဲ့ တိုက်တုန်းက အင်အား သုံးပုံတစ်ပုံလောက် ဆုံးရှုံးခဲ့ရတယ်... အခု နွားမိစ္ဆာဂိုဏ်းနဲ့ ထပ်တိုက်နေပြန်ပြီ ဆိုတော့... သူတို့ ပိုပြီး အားနည်းသွားမှာ သေချာတယ်... ကျွန်တော်တို့ ကောင်းကင်တာရာ ဂိုဏ်း အနေနဲ့ လက်ပိုက် ကြည့်မနေသင့်ဘူး...”

ရှထျန်းဟယ် သူ့အား ခေါင်းငဲ့ကြည့်လိုက်၏။

“အို... အကြီးအကဲကျူး... ဆက်ပြောပါဦး...”

အကြီးအကဲကျူး က ဆက်ပြောသည်။

“တကယ်လို့ နွားမိစ္ဆာဂိုဏ်းကို အသာစီး ရခွင့်ပေးလိုက်ရင်... သူတို့က တောင်ပိုင်း နယ်မြေကို လွှမ်းမိုးသွားလိမ့်မယ်... အဲဒီကျရင် ကျွန်တော်တို့ ကောင်းကင်တာရာ ဂိုဏ်း အန္တရာယ် ရှိလာနိုင်တယ်...”

“ဒါကြောင့် တောင်ပိုင်း နယ်မြေက ထိပ်တန်း ဂိုဏ်းကြီးတွေကြား အင်အား မျှတမှု ရှိနေအောင် ထိန်းသိမ်းရမယ်... သမိုင်းကြောင်းအရ ကြည့်ရင် အားနည်းတဲ့သူတွေက ပေါင်းစည်းပြီး အားကြီးသူကို ပြန်တိုက်လေ့ ရှိကြတယ်... ကျွန်တော်တို့ အနေနဲ့ ယူဟွာဂိုဏ်း နဲ့ ညှိနှိုင်းပြီး... ကျွန်တော်တို့ ဂိုဏ်းအတွက် အကျိုးအမြတ် ရယူသင့်သလို... နွားမိစ္ဆာဂိုဏ်းရဲ့ ကြီးထွားမှုကိုလည်း ဟန့်တား ထိန်းညှိပေးရမယ်...”

အကြီးအကဲကျူး၏ စကားကို လူအများက ခေါင်းညိတ် ထောက်ခံကြသည်။

ရှထျန်းဟယ် ကိုယ်တိုင်လည်း ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး၊ ထိုအကြံပြုချက်ကို လက်ခံမည့်ဟန် ရှိနေသည်။

ထိုအချိန်တွင်... ဂိုဏ်း၏ အကြီးအကဲသစ် ဖြစ်လာသော လူငယ် နှစ်ယောက်က ရုတ်တရက် ထပြောလိုက်၏။

“ဂိုဏ်းချုပ်... ကျွန်တော် ထင်တာတော့ မသင့်တော်ပါဘူး... ဒီကိစ္စက အပေါ်ယံ မြင်ရသလောက် မရိုးရှင်းပါဘူး... ယူဟွာ နဲ့ နွားမိစ္ဆာ နှစ်ဂိုဏ်းတည်းရဲ့ ကိစ္စ မဟုတ်ဘူး... ယူဟွာဂိုဏ်း နဲ့ ရန်ဘက်ဖြစ်နေတဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို မေ့ထားလို့ မဖြစ်ပါဘူး...”

ရှထျန်းဟယ် သည် စကားပြောလိုက်သူကို လှမ်းကြည့်လိုက်၏။ ထိုသူမှာ သူ၏ တူအရင်း ဖြစ်ပြီး၊ ထူးခြားသော ပါရမီ ပိုင်ဆိုင်ထားသဖြင့် ကောင်းကင်တာရာ ဂိုဏ်းက နှစ်ပေါင်းများစွာ အထူးတလည် ပျိုးထောင်ပေးထားသူ ဖြစ်၏။

သူ့ဘေးတွင် ရှိနေသော နောက်ထပ် လူငယ် အကြီးအကဲ တစ်ယောက်သည်လည်း ပါရမီချင်း တူညီသူ ဖြစ်၏။

သူတို့နှစ်ယောက်၏ သဘောထားကို သဘာဝကျကျပင် အလေးထားရပေမည်။

“ရှရှင်း ... မင်း ဆိုလိုချင်တာက အကန့်အသတ်မဲ့ ဓားဂိုဏ်း ကလည်း ဝင်ပါလာနိုင်တယ် ဆိုတဲ့ သဘောလား...”

ရှရှင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် နင်ချီက တောင်ပိုင်း နယ်မြေသို့ စေလွှတ်ထားသော ဝင်စားသူ တစ်ယောက် ဖြစ်၏။

ကောင်းကင်တာရာ ဂိုဏ်းက သူ့ကို စေတနာ အပြည့်ဖြင့် ပျိုးထောင်ပေးခဲ့သော်လည်း၊ ရှရှင်းနှင့် သူ့ဘေးမှ လူငယ် အကြီးအကဲ တို့၏ သစ္စာတရားသည် အခြား တစ်နေရာတွင် ရှိနေသည်။

ယခု ကောင်းကင်တာရာ ဂိုဏ်းက စစ်ပွဲထဲ ဝင်ပါရန် ကြံစည်နေသဖြင့် သူ တားဆီးရပေမည်။

“အကန့်အသတ်မဲ့ ဓားဂိုဏ်းက သေချာပေါက် ဝင်ပါလာမှာပါ... နင်ချီက ပေါင်းစည်းခြင်း နယ်ပယ် ကို ရောက်နေပြီ... သူက ဘယ်တုန်းကမှ အခံမနေတတ်တဲ့သူမျိုး မဟုတ်ဘူး... သူ သေချာပေါက် ပါဝင်လာလိမ့်မယ်... ဒါကြောင့် ငါတို့ ကောင်းကင်တာရာ ဂိုဏ်း အနေနဲ့ ဒီအချက်ကို ထည့်သွင်း စဉ်းစားရပါမယ်...”

ဘေးမှ လူငယ် အကြီးအကဲ ကလည်း ထောက်ခံ ပြောဆိုလိုက်၏။

“ဂိုဏ်းချုပ်ကို ပြန်လည် စဉ်းစားပေးဖို့ တိုက်တွန်းချင်ပါတယ်... တကယ်လို့ ကျွန်တော်တို့က ယူဟွာဂိုဏ်းဘက်က ပါပြီး ကိုယ့်ကိုယ်ကိုယ် စစ်ပွဲထဲ ဆွဲထည့်လိုက်ရင်... ဒါဟာ ပညာမဲ့ရာ ကျပါလိမ့်မယ်...”

“ပြီးတော့... ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးလည်း စတော့မယ်... ဒီလို အရေးကြီးတဲ့ အချိန်မှာ အလွန် သတိထားသင့်ပါတယ်... ကျွန်တော့် အကြံကတော့ ကြားနေပြီး စောင့်ကြည့်သင့်ပါတယ်... သူတို့ချင်း တိုက်ခိုက်ပြီး အင်အားတွေ ပြုန်းတီးသွားကြပါစေ... ကျွန်တော်တို့ ကောင်းကင်တာရာ ဂိုဏ်းက ဝင်မပါဘဲ အင်အားကို ထိန်းသိမ်းထားတာ အကောင်းဆုံးပါ...”

လူအများ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ဤစကားများက အလွန် အဓိပ္ပာယ် ရှိ၏။

စစ်ပွဲထဲ ဝင်ပါခြင်းသည် အင်အား မျှခြေကို ထိန်းသိမ်းရန် ဖြစ်သော်လည်း၊ ရှောင်နေခြင်းသည်လည်း ပညာရှိသော နည်းလမ်း ဖြစ်နိုင်သည်။ အထူးသဖြင့် ဤကဲ့သို့ အရေးကြီးသော အချိန်ကာလတွင် ပို၍ပင်။

ဘာပဲဖြစ်ဖြစ် ယူဟွာ အဆင့်မြင့်ဂိုဏ်းတွင် "ပေါင်းစည်းခြင်း နယ်ပယ်" (၂) ယောက် ကျန်နေသေးသည်။ သူတို့ကို အကြီးအကျယ် တိုက်ခိုက်ခိုင်းလိုက်ပြီး၊ ပြီးမှ လက်ကျန်ရှင်းလင်းရေး ဝင်လုပ်တာ ပိုမကောင်းပေဘူးလား။

နောက်ဆုံးတွင်... ရှထျန်းဟယ် သည် ရှရှင်း တို့၏ အကြံဉာဏ်ကို လက်ခံလိုက်ပြီး၊ "ကျား နှစ်ကောင် ခိုက်ရန်ဖြစ်သည်ကို တောင်ပေါ်မှ ထိုင်ကြည့်မည့်" နည်းဗျူဟာကို ရွေးချယ်လိုက်တော့သည်။

...

*

နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း၌၊

လေထုအား ခွင်းလာသည့် "ငါးရောင်ခြယ် ရတနာ သင်္ဘော" သည် နွားမိစ္ဆာဂိုဏ်း အတွင်း၌ ရပ်တန့်လိုက်၏။

ဆယ်စုနှစ်များစွာ ကြာပြီးနောက်... ဒါသည် နင်ချီ ပထမဆုံး အကြိမ် နွားမိစ္ဆာဂိုဏ်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းသည် တောင်ပိုင်း အစစ်အမှန်နယ်မြေ၏ အရှင်သခင် တစ်ပါး ဖြစ်သည်နှင့် အညီ၊ ဂိုဏ်း၏ နယ်မြေသည် အလွန် ကျယ်ပြောပြီး မြေမျက်နှာသွင်ပြင် မျိုးစုံ ပါဝင်သည်။

ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးများ... သစ်တောထူထပ်သော တောင်တန်းများ... အဆုံးမရှိသော တောင်ကုန်း တောင်တန်းများ...။

ထိုနေရာများတွင် မိစ္ဆာသားရဲ အမျိုးမျိုး သွားလာ ကျက်စားနေကြပြီး၊ ဧည့်သည်များ ရောက်လာသည်ကို စောင့်ကြည့်နေကြသည်။

နျူတင်းထျန် သည် ဂိုဏ်းသားများ ဖြစ်ကြသော မိစ္ဆာ အများအပြားကို ဦးဆောင်ပြီး နင်ချီတို့ကို ကြိုဆိုလိုက်၏။

အနည်းဆုံး (၁၀) ပေ အမြင့်မှသည် ပေ (၁၀၀) အထိ မြင့်မားသော ဧရာမ သတ္တဝါကြီးများကို ကြည့်ရင်း၊ နင်ချီနှင့် အဖွဲ့သားများသည် ရှေးဦးကမ္ဘာ တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကောင်းကင် လမ်းစဉ် သစ္စာကတိ" ဖြင့် မဟာမိတ် ဖွဲ့ထားကြသော်လည်း၊ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသေးသည်။

နင်ချီတို့၏ အတွေးကို ရိပ်မိပုံရသော နျူတင်းထျန် သည် သူ၏ မိစ္ဆာ ခန္ဓာကိုယ်ကို ဦးဆောင် ကျုံ့လိုက်ပြီး၊ အခြား မိစ္ဆာများကိုလည်း အချက်ပြလိုက်၏။

မိစ္ဆာများသည် ချက်ချင်း သဘောပေါက်သွားကြပြီး၊ တစ်ကောင်ချင်းစီ နင်ချီတို့နှင့် အရွယ်အစား တူညီအောင် ခန္ဓာကိုယ်များကို ကျုံ့လိုက်ကြသည်။

နွားမိစ္ဆာဂိုဏ်း အတွင်း၌ နျူတင်းထျန် နှင့် နျူမန် ကဲ့သို့သော မိစ္ဆာ အနည်းငယ်သာ နင်ချီနှင့် တိုက်ရိုက် ထိတွေ့ဖူးကြသည်။

ကျန်သော သားရဲ အားလုံးသည် နင်ချီတို့ကို တစ်ခါမှ မမြင်ဖူးကြပေ။

သို့သော် သူတို့သည် နွားအိုကြီး (နျူတင်းထျန်) နှင့် နွားကလေး (နျူမန်) တို့၏ ဆုံးဖြတ်ချက်ကို ယုံကြည်ကြသည်။ ထိုနှစ်ကောင်သည် ဂိုဏ်းအတွင်း၌ ဉာဏ်အများဆုံး၊ ဉာဏ်နီဉာဏ်နက် အရှိဆုံးဟု ကျော်ကြားသူများ ဖြစ်ကြသဖြင့် အပြည့်အဝ ယုံကြည်ထားကြသည်။

ယခုမှသာ မိစ္ဆာများသည် နင်ချီကို မျက်ဝါးထင်ထင် တွေ့မြင်ဖူးခြင်း ဖြစ်၏။ နင်ချီ ဖြစ်စေ၊ ဓားဘိုးဘေးကြီး ဖြစ်စေ၊ နောက်မှ လိုက်ပါလာသော မဟာစွမ်းအားရှင်များ ဖြစ်စေ...

သူတို့ တစ်ယောက်ချင်းစီတိုင်းသည် အလွန် သန်မာသော "မူလဝိညာဉ်" များကို ပိုင်ဆိုင်ထားကြပြီး၊ အလွန် တည်ငြိမ်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

မိစ္ဆာများက ရုပ်ခန္ဓာ ခွန်အား တွင် အားသာကြသော်လည်း၊ နင်ချီတို့၏ အရှိန်အဝါနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ ရင်ထဲတွင် ဖိနှိပ်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

အခန်း (၆၅၁) - အမည်နာမသာ ကျန်ရစ်တော့မည့် ဒဏ္ဍာရီ (အပိုင်း ၄)

~နင်ချီနှင့် အဖွဲ့သားများ စိတ်သက်သာရာ ရသွားကြသည်။ အရှိန်အဝါများကို ပြန်လည် သိမ်းဆည်းလိုက်ပြီး၊ တစ်ဖက်နှင့် တစ်ဖက် တန်းတူရည်တူ ဆက်ဆံလိုက်ကြသည်။

“အစ်ကိုကြီးနျူ... ခင်ဗျားတို့ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းက တကယ် စည်ကားတာပဲ... နယ်မြေနှစ်ခုနဲ့ အနီးအနားက မိစ္ဆာကျင့်ကြံသူတွေ အကုန်လုံး ခင်ဗျားတို့ဆီ လာပူးပေါင်းထားကြတယ် ထင်တယ်...”

နျူတင်းထျန် က အားရပါးရ ရယ်မောလိုက်၏။

“လူသားတွေက အင်အားကြီးတာကိုး... ငါတို့ မိစ္ဆာတွေလည်း စည်းလုံးပြီး ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်ထားမှ ဖြစ်မှာပေါ့...”

သူတို့နှစ်ဦးသည် ဤကိစ္စကို ဆက်မပြောကြတော့ဘဲ၊ လက်ရှိ အခြေအနေဆီသို့ ခေါင်းစဉ် လွှဲလိုက်ကြသည်။

နျူတင်းထျန် ပြောလိုက်၏။

“ငါတို့က ယူဟွာ အဆင့်မြင့်ဂိုဏ်းကို အကြီးအကျယ် ဒေါသထွက်အောင် လုပ်ခဲ့ပြီးပြီ... ဒီတိုက်ပွဲက နောက်ဆုတ်လို့ မရတော့ဘူး...”

နင်ချီက မေးလိုက်၏။

“နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံးက ဘယ်လိုရှိလဲ...”

နျူတင်းထျန် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ပြုံးလိုက်၏။

“ငါတို့ဘက်က မဟာစွမ်းအားရှင် တစ်ယောက် ကျဆုံးသွားပေမယ့်... ဖန်ရှန်တောင်ရဲ့ သားအငယ်ကောင်ကို သတ်နိုင်ခဲ့တော့ အမြတ်ထွက်တယ် ပြောရမယ်...”

သူသည် နျူမန်နှင့် အခြား မိစ္ဆာများကို ညွှန်ပြလိုက်၏။

“ဒီကောင်လေးတွေ အသက်ရှင်နေသရွေ့ ငါတို့ နွားမိစ္ဆာဂိုဏ်းရဲ့ အုတ်မြစ် မယိုင်လဲနိုင်ပါဘူး... ဒါပေမဲ့ ဝိညာဉ်ကမ္ဘာ စစ်ပွဲ နီးလာပြီ ဆိုတော့... တိုက်ပွဲကို မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား အဆုံးသတ်ရမယ်...”

သူ့စကားအား နင်ချီလည်း ခေါင်းညိတ် ထောက်ခံလိုက်၏။

“ဟုတ်ပါတယ်... ဒါက အမှန်တရားပါပဲ...”

နျူတင်းထျန် သည် နင်ချီနှင့် အဖွဲ့သားများကို နွားမိစ္ဆာဂိုဏ်း၏ ရှုခင်းများ လိုက်လံ ပြသရင်း ပြောလိုက်၏။

“ညီလေးနင်... မင်းတို့ ရောက်လာမှတော့... ငါတို့ နွားမိစ္ဆာဂိုဏ်း အနေနဲ့ အစွမ်းကုန် တိုက်တော့မယ်... ယူဟွာဂိုဏ်းရဲ့ နှလုံးသည်းပွတ်ကို ထိုးဖောက်ပြီး... မနိုင်မချင်း မရပ်တန့်ဘူး...”

“ကျွန်တော်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ သဘောထားကလည်း အတူတူပါပဲ... ဒီနေရာကို ဟန်ပြသက်သက် လာတာ မဟုတ်ပါဘူး...”

ဟု နင်ချီက ပြန်ပြောလိုက်၏။

လူတစ်ယောက်နှင့် မိစ္ဆာတစ်ကောင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်များ တောက်လောင်နေကြသည်။

“ဒါဆိုရင်... ညီလေးနင်... ဒီနေ့တစ်ရက်လောက် အနားယူပြီးမှ... ယူဟွာ အဆင့်မြင့်ဂိုဏ်း ဆီကို အတူတူ သွားကြမလား...”

“ကောင်းပါပြီ...”

သူတို့ကဲ့သို့ ကျင့်ကြံသူများ အဖို့ ခရီးပန်းသည် ဆိုတာ မရှိပေ။

သို့သော် ယူဟွာ အဆင့်မြင့်ဂိုဏ်းကို အမှန်တကယ် တိုက်ခိုက်ရန် အတွက်၊ နွားမိစ္ဆာဂိုဏ်းဘက်မှ ကင်းထောက်များ ပို့ပြီး အကောင်းဆုံး အချိန်အခါကို ရွေးချယ်ရန် လိုအပ်သေးသည်။ ဤအချက်သည် အလွန် အရေးကြီးသည်။

ထို့ကြောင့် ဤတစ်ရက် အနားယူခြင်းသည် မရှိမဖြစ် လိုအပ်ပေသည်။

...

(၃) ရက် ကြာပြီးနောက်၊

အကောင်းဆုံး တိုက်ခိုက်ချိန်ကို စောင့်ဆိုင်းရင်း၊ နင်ချီနှင့် အဖွဲ့သည် နွားမိစ္ဆာဂိုဏ်းတွင် နောက်ထပ် (၂) ရက်ခန့် ကြာသွားခဲ့သည်။

ထိုရက်များ အတွင်း... အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများနှင့် နွားမိစ္ဆာဂိုဏ်းမှ မိစ္ဆာများသည် လက်ရည်စမ်းပွဲ အနည်းငယ် ပြုလုပ်ခဲ့ကြသည်။ တပ်ဖွဲ့များ နေရာချထားခြင်းနှင့် တိုက်ပွဲ သဏ္ဌာန်တူ လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယုံမှားသံသယ ဖြစ်စရာ မလိုအောင်ပင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် နွားမိစ္ဆာများထက် သာလွန်ကြောင်း သက်သေပြခဲ့ကြသည်။ မိစ္ဆာများသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အား ကြီးမားသော်လည်း၊ ဓားဂိုဏ်းသားများ၏ စွမ်းရည်ကို မယှဉ်နိုင်ကြပေ။

မိစ္ဆာများ ချက်ချင်း ယုံကြည် လက်ခံသွားကြသည်။ ဓားဘိုးဘေးကြီးက ဘာကြောင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဒီလောက် အလေးထားသလဲ ဆိုတာ အခုမှ နားလည်သွားကြ၏။

ဒီတိုက်ပွဲအတွက် သူတို့ ပိုမို ယုံကြည်မှု ရှိလာကြသည်။

ဂိုဏ်းနှစ်ခုလုံးမှ အဖွဲ့ဝင်များသည် ကိုယ်ယောင်ဖျောက်ပြီး ယူဟွာ အဆင့်မြင့်ဂိုဏ်း ရှိရာသို့ ဦးတည် ထွက်ခွာလာကြ၏။

“အစ်ကိုကြီးနျူ... ယူဟွာဂိုဏ်းရဲ့ 'ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း' ကို ကျွန်တော့်တာဝန် ထားလိုက်ပါ... ကျွန်တော်က 'အခင်းအကျင်း လမ်းစဉ်' မှာ အမြင် နည်းနည်း ရှိပါတယ်...”

နင်ချီ့စကားကို ကြားသောအခါ နျူတင်းထျန် ချက်ချင်း ဝမ်းသာသွားသည်။

နင်ချီသည် သွေးမိစ္ဆာဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်းကို ဓားတစ်ချက်တည်းဖြင့် ဖြိုခွင်းခဲ့ဖူးကြောင်း သူ ကြားသိထားသည်။ ထို့ပြင် "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" ထဲတွင် "မိစ္ဆာတစ်ရာ နန်းတော်" ကို ဖွင့်လှစ်ပြီး ဝိညာဉ်သွေးများ ရယူပေးခဲ့သည့် အဖြစ်အပျက်ကိုလည်း နျူမန် ထံမှ ကြားဖူးသည်။

ထို ဒဏ္ဍာရီလာ အခင်းအကျင်း ပညာရပ်နှင့် ယှဉ်လိုက်လျှင် ပါရမီရှင် ဝူတောက် ပင် မှေးမှိန်သွားရသည်။

ထို့ကြောင့် ယူဟွာ အဆင့်မြင့်ဂိုဏ်းကို တိုက်ခိုက်ရာတွင် နင်ချီသာ ပါဝင်ကူညီမည် ဆိုပါက အောင်နိုင်ရန် သေချာသလောက် ရှိနေသည်။

ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း မရှိတော့လျှင် ယူဟွာဂိုဏ်း၏ အန္တရာယ်က သိသိသာသာ လျော့ကျသွားမည် ဖြစ်ရာ၊ မိစ္ဆာများ အားလုံး စိတ်လှုပ်ရှားနေကြတော့၏။

မိစ္ဆာမျိုးနွယ်သည် ခွန်အားကိုသာ အားကိုးပြီး တိုက်ခိုက်တတ်ကြသည်။ အခင်းအကျင်း ပညာရပ်တွင် မကျွမ်းကျင်ကြပေ။

မကြာမီ... သူတို့သည် ခရီးတစ်ဝက်သို့ ရောက်ရှိလာကြသည်။

အောက်ဘက်တွင် မြူခိုးများ အုပ်ဆိုင်းနေသော နက်ရှိုင်းသည့် လျှိုမြောင်ကြီး တစ်ခု ရှိနေသည်။ အတွင်းပိုင်း အခြေအနေကို မြင်တွေ့ရခြင်း မရှိ။

ရုတ်တရက်...

နင်ချီ အန္တရာယ် အငွေ့အသက် တစ်ခုကို အာရုံခံမိလိုက်၏။

"ကိုယ်ယောင်ဖျောက် အခင်းအကျင်း" ၏ အဓိက ထိန်းချုပ်သူ ဖြစ်သည့် အားလျော်စွာ၊ ပုံမှန် မဟုတ်သော အခြေအနေကို သူ အရင်ဆုံး သတိထားမိခြင်းပါ။

“သတိထားပါ... အောက်မှာ တစ်ခုခု မူမမှန်ဘူး...”

ထိုအသံ ကြားသည်နှင့် လူသားများနှင့် မိစ္ဆာများ ချက်ချင်း ပူးပေါင်း လှုပ်ရှားလိုက်ကြသည်။

သူတို့၏ တိုက်ပွဲဝင် အခင်းအကျင်းသည် "မိစ္ဆာလိပ်နက် အခင်းအကျင်း" အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ခံစစ် ပြင်လိုက်ကြသည်။

နွားမိစ္ဆာဂိုဏ်းတွင် ရှိနေစဉ် ကတည်းက၊ ဤတိုက်ပွဲတွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို နင်ချီက ကြိုတင် သတိပေး လမ်းညွှန်ထားခဲ့ပြီး ဖြစ်ပါ၏၊

ထို့ကြောင့် မျှော်လင့်မထားသော အခြေအနေနှင့် ကြုံတွေ့ရချိန်တွင်၊ နင်ချီ၏ အမိန့်ပေးသံ အဆုံး၌ ဂိုဏ်းနှစ်ခုလုံးမှ အဖွဲ့ဝင်များသည် စနစ်တကျ တုံ့ပြန်နိုင်ခဲ့ကြသည်။

အောက်ဘက် လျှိုမြောင်နက်ကြီးထဲတွင်... မြူခိုး နဂါးကြီးများ လှုပ်ရှား ဆူပွက်လာသည်။

ဟင်းလင်းပြင်ကြီး ပွင့်အာသွားသကဲ့သို့ ဖြစ်ပေါ်လာပြီး၊ "ကမ္ဘာငယ်" တစ်ခု ပေါ်ထွက်လာသည်။ ထိုကမ္ဘာငယ် ထဲမှ အားကောင်းသော ပုံရိပ်အချို့ ပျံသန်း ထွက်ပေါ်လာကြသည်။

ထိုပုံရိပ်များ ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့က.. ဟင်းလင်းပြင် နေရာအနှံ့တွင် နေရာယူလိုက်ကြပြီး၊ လက်သင်္ကေတများကို ပူးပေါင်း ဖော်ဆောင်လိုက်ကြသည်။

ရလဒ် အနေဖြင့်... နင်ချီတို့၏ "ကိုယ်ယောင်ဖျောက် အခင်းအကျင်း" ပျက်ပြယ်သွားပြီး လူလုံးပေါ်သွားတော့သည်။

နင်ချီ ရောက်လာသူများကို တစ်ချက် ကြည့်လိုက်၏။

"ပေါင်းစည်းခြင်း နယ်ပယ်"ဘိုးဘေးကြီး (၆) ယောက် တိတိ ရှိနေသည်။

ထိုအထဲတွင် (၂) ယောက်မှာ ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ ကျန်ရှိနေသော သူများ ဖြစ်ကြသည်။

ကျန် (၄) ယောက်မှာမူ သူတို့၏ ဝတ်စားဆင်ယင်ပုံအရ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေမှ လူများ မဟုတ်ကြပေ။

ထို (၄) ယောက်သည် အပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ (၂) ယောက်မှာ "သာမန် အရှင်" များ ဖြစ်ကြပြီး၊ ကျန် (၂) ယောက်မှာ "ထိပ်တန်း အရှင်" များ ဖြစ်ကြသည်။

ဓားဘိုးဘေးကြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး နင်ချီကို ပြောလိုက်၏။

“လာတဲ့သူတွေက မိတ်ဆွေ မဟုတ်ဘူး... ဘေးကပ်လျက်မှာ ရှိတဲ့ 'ဖူယောင် နယ်မြေ' က 'ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း' က လူတွေ ဖြစ်လောက်တယ်...”

နွားမိစ္ဆာဂိုဏ်းမှ "ပေါင်းစည်းခြင်း နယ်ပယ်" (၃) ယောက်လည်း အံ့အားသင့်သွားကြသည်။

လက်ရှိ အခြေအနေက မကောင်းတော့။

ယူဟွာ အဆင့်မြင့်ဂိုဏ်းသည် သူတို့၏ အစီအစဉ်ကို ကြိုတင် တွက်ချက်ထားရုံသာမက၊ "ဖူယောင် နယ်မြေ" မှ အားကောင်းသော စစ်ကူများကိုပင် ဖိတ်ခေါ်ထားခဲ့တော့၏။

---

[Tn - ရှင်းလင်းချက်များ]

* "ဖူယောင် နယ်မြေ" - အစစ်အမှန်သိုင်း ကမ္ဘာနှင့် နယ်မြေချင်း ထိစပ်နေသော အခြား ဝိညာဉ်နယ်မြေ တစ်ခု။

* "ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း" - ဖူယောင် နယ်မြေမှ အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်း။

* "မိစ္ဆာလိပ်နက် အခင်းအကျင်း" - အရပ်လေးမျက်နှာ စောင့်ရှောက်သော နတ်ဘုရား သားရဲ လေးကောင် အနက်၊ မြောက်အရပ်ကို စောင့်ရှောက်သော "လိပ်နက်" ကို ကိုယ်စားပြုသည့် ခံစစ် အခင်းအကျင်း ဖြစ်ပါသည်။

All Chapters