အခန်း (၆၅၂-၆၅၄)
Vol. 44 Ch. 652-654
အခန်း (၆၅၂) - ရန်သူအပေါင်းကို ဖိနှိပ်ခြင်း
~ရုတ်တရက် လူခြောက်ယောက် ပေါ်လာသဖြင့် နင်ချီနှင့် အဖွဲ့သားများ တစ်ခဏမျှ ကြောင်အသွားကြသည်။
နင်ချီ၏ "ဝိညာဉ်အာရုံ" သည် မျက်စိတစ်မှိတ် အတွင်း ဖြတ်သန်းသွားပြီး ရန်သူ ခြောက်ယောက်စလုံးကို စစ်ဆေးလိုက်၏။
သူတို့အားလုံးသည် "ပေါင်းစည်းခြင်း နယ်ပယ်"ထိပ်သီး မဟာစွမ်းအားရှင်ကြီးများ ဖြစ်ကြသော်လည်း၊ နင်ချီ စီမံထားသော "ကိုယ်ယောင်ဖျောက် အခင်းအကျင်း" သည် အလွန် သိမ်မွေ့ နက်ရှိုင်းလှရာ... သာမန် ပေါင်းစည်းခြင်း နယ်ပယ် များ ရှာတွေ့နိုင်စရာ အကြောင်းမရှိ။
သို့သော် ရန်သူသည် လမ်းတစ်ဝက်တွင် အလစ်ဝင်တိုက်နိုင်ခဲ့သည်။ သူတို့ မည်သည့်အချိန် ထွက်ခွာမည်၊ မည်သည့် လမ်းကြောင်းမှ လာမည်၊ မည်သည့်နေရာကို ဖြတ်သန်းမည် ဆိုသည်ကို အတိအကျ သိရှိနေသည်။
ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်...။
နင်ချီ၏ ဝိညာဉ်အာရုံသည် နွားမိစ္ဆာဂိုဏ်းသားများဘက်သို့ တန်းကနဲ ရောက်ရှိသွားသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများကို သူ ယုံကြည်သည်။ ဂိုဏ်းချုပ် အဖြစ် ဆယ်စုနှစ်များစွာ အုပ်ချုပ်လာခဲ့သဖြင့် မိမိလက်အောက်ငယ်သားများ၏ စိတ်နေသဘောထားကို ကောင်းစွာ သိရှိ၏။
မသိရှိနိုင်သော ကိန်းရှင်ဟူ၍... နွားမိစ္ဆာဂိုဏ်းမှ မိစ္ဆာများသာ ရှိတော့သည်။
နွားမိစ္ဆာဂိုဏ်းတွင် နျူတင်းထျန် အပြင်၊ နောက်ထပ် "ပေါင်းစည်းခြင်း နယ်ပယ်" နှစ်ယောက် ပါလာသည်။ တစ်ယောက်မှာ "ကျားမိစ္ဆာ" ဖြစ်ပြီး၊ နောက်တစ်ယောက်မှာ "လိပ်ပြာမိစ္ဆာ" ဖြစ်၏။
ကျားမိစ္ဆာ၏ အမည်မှာ "ဟူရှောင်ထျန်း" ဖြစ်ပြီး၊ လိပ်ပြာမိစ္ဆာ၏ အမည်မှာ "ရောင်စုံတစ်ရာ အရှင်" ဖြစ်၏။
ထို့ပြင် နွားမိစ္ဆာဂိုဏ်းသည် နင်ချီနှင့် ရင်းနှီးပြီးသား နျူမန် အပါအဝင် "ဟင်းလင်းပြင် လမ်းစဉ်" မဟာစွမ်းအားရှင် (၂၀) နှင့် အစစ်အမှန် အမွေခံ (၆၀) ကိုပါ စေလွှတ်ထားသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းထက်ပင် လူအင်အား များပြားသေးသည်။
ယူဟွာ အဆင့်မြင့်ဂိုဏ်းကို အမြစ်ဖြတ်ရန် အတွက် သူတို့သည် ဂိုဏ်း၏ အင်အားအများစုကို ထုတ်သုံးထားခြင်း ဖြစ်၏။
သို့သော် ဤမျှ များပြားသော မိစ္ဆာများ ပါဝင်နေခြင်းသည် အချက်တစ်ချက်ကို ညွှန်ပြနေသည်။ အကယ်၍ ၎င်းတို့ထဲမှ တစ်ကောင်ကောင်သည် ယူဟွာ အဆင့်မြင့်ဂိုဏ်းနှင့် ပူးပေါင်းနေခဲ့လျှင်...။
နျူတင်းထျန် သည်လည်း တစ်ခဏမျှ ကြောင်အသွားပြီး နင်ချီကို လှမ်းကြည့်လိုက်၏။
နင်ချီ၏ မျက်လုံးထဲမှ စူးရှသော အရောင်ကို မြင်လိုက်ရမှ နျူတင်းထျန် သတိဝင်လာပြီး၊ မိမိဂိုဏ်းသားများကို အလျင်အမြန် လှည့်ကြည့်လိုက်၏။
အရာအားလုံးသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ ရန်သူများ ပေါ်လာခြင်းနှင့် နင်ချီ၏ တုံ့ပြန်မှုသည် တပြိုင်နက်တည်း လိုလိုပင်။
ထိုအချိန် အခိုက်အတန့်၌...
နွားမိစ္ဆာဂိုဏ်းမှ "ရောင်စုံတစ်ရာ အရှင်" သည် ရုတ်တရက် လှုပ်ရှားလိုက်၏။ သူ့မူလ ခန္ဓာကိုယ်သည် "မိစ္ဆာ လိပ်ပြာ" တစ်ကောင် ဖြစ်သော်လည်း၊ ပုံမှန်အားဖြင့် လူသား ပုံသဏ္ဌာန် ပြောင်းလဲထားလေ့ ရှိ၏။ ကျောဘက်တွင် လှပသော ရောင်စုံ တောင်ပံနှစ်ဖက် ပါရှိသည်။
သူသည် နျူတင်းထျန် အနားသို့ ရုတ်တရက် တိုးကပ်သွားသည်။ စကားပြောချင်သည့် ပုံစံမျိုးပင်။
...
ရောင်စုံတစ်ရာ အရှင်၏ တောင်ပံများ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
ရောင်စုံ အလင်းတန်းများ စုစည်းသွားပြီး၊ အလင်းဓားကြီးအသွင် ပြောင်းလဲသွားသည်။
ဟင်းလင်းပြင်ကြီးကို အသံတိတ် စုတ်ဖြဲပစ်လိုက်၏။
နျူတင်းထျန် ဆီသို့ ပြင်းထန်စွာ ဝင်ရောက်သွားသည်။
မြင်ကွင်းကို ကြည့်ရင်း အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများနှင့် နွားမိစ္ဆာဂိုဏ်းသားများ အားလုံး ထိတ်လန့် တုန်လှုပ်သွားကြ၏။
နျူတင်းထျန်၏ ရိုးအသော နွားမျက်နှာကြီးပေါ်တွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။
ရောင်စုံတစ်ရာ အရှင် က သူ့ကို လုပ်ကြံလိမ့်မည်ဟု သူ.. အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
အလင်းဓားကြီး ဝင်ရောက်လာချိန်တွင် နျူတင်းထျန်၏ "ချုံနျုံ နတ်ဘုရား ပုံသဏ္ဌာန်" သည် ခန္ဓာကိုယ်မှ အခုလေးတင် ထွက်ပေါ်လာခါစသာ ရှိသေးသည်။ အလင်းဓားကြီးက ထိုပုံရိပ်ကို ချက်ချင်း ရိုက်ချိုးပစ်လိုက်ပြီး၊ နျူတင်းထျန်ကို အောက်ဘက်ရှိ လျှိုမြောင်နက်ကြီးထဲသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
နင်ချီ၏ တုံ့ပြန်မှုက အလွန် လျင်မြန်သည်။ နွားမိစ္ဆာဂိုဏ်းထဲတွင် သူလျှိုရှိနေကြောင်း ကြိုတင် တွက်ချက်မိထားပြီးသားပင်။
ရောင်စုံတစ်ရာ အရှင် တိုက်ခိုက်လိုက်သည့် အချိန်မှာပင်၊ နင်ချီသည် လက်ညှိုးကို ဓားသဖွယ် အသုံးပြုပြီး ထိုးစိုက်လိုက်၏။
"ဓာတ်ကြီးငါးပါး ဓားချီ" တစ်ခုသည် ရောင်စုံတစ်ရာ အရှင်၏ တောင်ပံများဆီသို့ တရကြမ်း ပြေးဝင်သွားသည်။
ကံဆိုးစွာပင်... ရောင်စုံတစ်ရာ အရှင်သည် အရာအားလုံးကို တွက်ချက်ထားပြီး ဖြစ်နေသည်။ နျူတင်းထျန်ကို ရိုက်ချပြီးသည်နှင့် တောင်ပံများကို ခတ်ကာ ဟင်းလင်းပြင်ကို ခွဲထုတ်လိုက်၏။ နေရာမှ ရုတ်ချည်း.. ပျောက်ကွယ်သွားသည်။
အချိန်တိုလွန်းလှသည်။ ဘေးပတ်လည်တွင် မျက်လုံး အရောင်တောက်နေသော ရန်သူ "ပေါင်းစည်းခြင်း နယ်ပယ်" (၆) ယောက်လည်း ရှိနေသေးသည် မဟုတ်ပါလား။
နျူတင်းထျန်၏ အခြေအနေကို စစ်ဆေးရန် အချိန်မရှိ။
နင်ချီသည် လူတိုင်းကို အသံလှိုင်းဖြင့် သတိပေးလိုက်၏။
လူတိုင်း သတိဝင်လာကြပြီး၊ မိမိတို့၏ စွမ်းအင်များကို စုစည်းကာ ခံစစ်ဖြစ်သော "မိစ္ဆာလိပ်နက် အခင်းအကျင်း" ကို ပိုမို ခိုင်မာအောင် တည်ဆောက်လိုက်ကြသည်။
နင်ချီ၊ ဓားဘိုးဘေးကြီး နှင့် နွားမိစ္ဆာဂိုဏ်းမှ ကျန်ရှိနေသော ကျားမိစ္ဆာ "ဟူရှောင်ထျန်း" တို့ ရှေ့ထွက်လာကြပြီး၊ အခင်းအကျင်း အပြင်ဘက်မှ ရန်သူများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။
ဟူရှောင်ထျန်း၏ ကျားမျက်လုံးကြီးများမှ မီးပွင့်မတတ် ဒေါသထွက်နေသည်။ ရောင်စုံတစ်ရာ အရှင် ကို စိမ်းစိမ်းကြီး ကြည့်ပြီး အော်ဟစ်လိုက်၏။
“ရောင်စုံတစ်ရာ... မင်း ဘာလို့ သစ္စာဖောက်တာလဲ... မင်းလည်း မိစ္ဆာပဲလေ... ဘာလို့ ယူဟွာဂိုဏ်းဘက်က ပါရတာလဲ...”
ရောင်စုံတစ်ရာ အရှင် သည် ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ ထိပ်တန်း အရှင် "ချင်ကျီကျိန်း" ၏ ဘေးတွင် ပျံဝဲနေသည်။ ပြန်မဖြေပေ။
"ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" ရှိသော ချင်ကျီကျိန်း နှင့် အခြားသော ဘိုးဘေးကြီးများ အားလုံး တဟားဟား ရယ်မောလိုက်ကြသည်။
“ဟားဟား... ဟူရှောင်ထျန်း... မင်းတို့ မိစ္ဆာမျိုးနွယ်တွေက အကုန်လုံး ဦးနှောက်မရှိကြဘူးလား... ရောင်စုံတစ်ရာ က ဘာလို့ သစ္စာဖောက်ရသလဲ ဆိုတာ သူ့ကို ကိုယ်တိုင် ရှင်းပြခိုင်းလိုက်...”
ထိုစကားကို ကြားသောအခါ ရောင်စုံတစ်ရာ အရှင် သည် လှပသော တောင်ပံများကို ခတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဝမ်းနည်းပါတယ်... ကျွန်တော်က မိစ္ဆာ ဖြစ်ပေမယ့်... ယူဟွာ အဆင့်မြင့်ဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ... နွားမိစ္ဆာဂိုဏ်းထဲ ဝင်ခဲ့တာကလည်း ယူဟွာဂိုဏ်းက စီစဉ်ပေးလိုက်တာပါ...”
ဟူရှောင်ထျန်း၏ ကျားမျက်နှာကြီး ရှုံ့မဲ့သွားသည်။ ယခုမှသာ ရောင်စုံတစ်ရာ အရှင်၏ ဇာစ်မြစ်အမှန်ကို သူ သိလိုက်ရသည်။
လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ရောင်စုံတစ်ရာ သည် ဘေးကပ်လျက် "ဖူယောင် နယ်မြေ" မှ ရောက်ရှိလာခဲ့၏။ ထိုနယ်မြေတွင် မိစ္ဆာများ အားနည်းပြီး လူသားများ၏ အနိုင်ကျင့်မှုကို ခံရသဖြင့်၊ နွားမိစ္ဆာဂိုဏ်းသို့ လာရောက် ခိုလှုံလိုကြောင်း ပြောခဲ့သည်။
ထိုစဉ်က ရောင်စုံတစ်ရာ သည် "မူလဝိညာဉ် အဆင့်" သို့ အခုလေးတင် ဝင်ရောက်ခါစသာ ရှိသေး၏။ နွားမိစ္ဆာဂိုဏ်း အနေဖြင့် မိစ္ဆာအချင်းချင်း ကူညီစောင့်ရှောက်ရမည့် တာဝန်အရ သူ့ကို ချက်ချင်း လက်ခံခဲ့သည်။
သို့သော် စိတ်မချသဖြင့် "ဖူယောင် နယ်မြေ" သို့ တပည့်များ စေလွှတ်၍ စုံစမ်းခိုင်းခဲ့သည်။ ပြန်လာသော သတင်းများသည် ရောင်စုံတစ်ရာ ပြောသည့်အတိုင်း မှန်ကန်နေခဲ့သည်။
ထို့ကြောင့် သံသယ ရှင်းသွားခဲ့သည်။
နောက်ပိုင်း နှစ်ထောင်ပေါင်းများစွာ အတွင်း ရောင်စုံတစ်ရာ သည် ထူးခြားသော ပါရမီကို ပြသခဲ့သည်။ "မူလဝိညာဉ်" မှ "ဟင်းလင်းပြင် လမ်းစဉ်" သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ပြီး၊ မည်သည့် မသင်္ကာစရာ အပြုအမူမျှ မလုပ်ခဲ့ပေ။ ဂိုဏ်းအတွက် ကြိုးစား ဆောင်ရွက်ခဲ့သည်။
နောက်ပိုင်းတွင် "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရှိသွားသည်။ နျူတင်းထျန် က အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ သွားရောက်စဉ်က ပြောခဲ့သော စတုတ္ထမြောက် ပေါင်းစည်းခြင်း နယ်ပယ် ဆိုသည်မှာ ဤ ရောင်စုံတစ်ရာ ပင် ဖြစ်၏။
ဓားဘိုးဘေးကြီး ထိုစဉ်က ရှိနေခဲ့သည်။ နွားမိစ္ဆာဂိုဏ်းက သူတို့မှာ ဝှက်ဖဲ နောက်တစ်ချပ် တိုးလာပြီဟု ထင်နေချိန်တွင်၊ တကယ်တမ်း၌ ယူဟွာဂိုဏ်းက စိုက်ပျိုးထားသော သူလျှိုတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။
“သဘောပေါက်ပြီလား... ငါတို့ ယူဟွာဂိုဏ်း စတင် တည်ထောင်ကတည်းက... ပထမဆုံး ဂိုဏ်းချုပ်ကြီး 'ယူဟွာ အရှင်' မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန် တစ်ကောင် ရှိခဲ့တယ်... ရောင်စုံတစ်ရာ က အဲဒီအကောင်ရဲ့ မျိုးဆက်ပဲ...”
ဟူရှောင်ထျန်း ဒေါသထွက်လွန်းသဖြင့် ရူးမတတ် ဖြစ်နေတော့သည်။ အကြည့်ဖြင့်သာ သတ်လို့ရလျှင် ရောင်စုံတစ်ရာ တစ်ကောင်.. အမှုန့်ဖြစ်သွားလောက်လေပြီ။
သို့သော် ဒေါသထွက်နေ၍ အလကားပင်။ အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့၏။
အစောပိုင်းတွင် ရန်သူ (၆) ယောက် ရှိနေချိန်၊ သူတို့ဘက်တွင် နွားမိစ္ဆာဂိုဏ်းမှ (၃) ယောက်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ (၂) ယောက် ပေါင်း (၅) ယောက် ရှိသဖြင့် (၅) နှင့် (၆) ယှဉ်တိုက်လျှင် အခွင့်အရေး ရှိသေးသည်။
အခန်း (၆၅၃) - ရန်သူအပေါင်းကို ဖိနှိပ်ခြင်း (အပိုင်း ၂)
~ယခုအခါ... ရောင်စုံတစ်ရာ အရှင် က ဘက်ပြောင်းသွားခဲ့လေပြီ။ နျူတင်းထျန် မှာလည်း လုပ်ကြံခံလိုက်ရသဖြင့် သေရှင်မကွဲ ဖြစ်နေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်... အခြေအနေသည် "ငါးယောက် နှင့် ခြောက်ယောက်" ယှဉ်တိုက်ရမည့် အနေအထားမှ၊ "သုံးယောက် နှင့် ခုနစ်ယောက်" တိုက်ရမည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့တော့၏။
ဘယ်လိုလုပ် ဆက်တိုက်ကြမလဲ။
ကံတရားသည် နွားမိစ္ဆာဂိုဏ်းကို ပျက်စီးစေလိုသည်မှာ သေချာနေပြီလော။
ဟူရှောင်ထျန်း သည် ဖူယောင် နယ်မြေမှ ဘိုးဘေးကြီး (၄) ယောက်ကို ကြည့်ပြီး မေးလိုက်၏။
“ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း က မိတ်ဆွေများ... ခင်ဗျားတို့ တကယ်ပဲ ယူဟွာဂိုဏ်းဘက်က ပါပြီး ကျွန်တော်တို့ကို ရန်သူ လုပ်ချင်ကြတာလား...”
ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း ၏ ခေါင်းဆောင် ဖြစ်သူ "ဖုန်းဖေးယွီ" က အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများနှင့် နွားမိစ္ဆာများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
“ရန်သူ လုပ်တော့ရော မင်းတို့က ဘာတတ်နိုင်မှာလဲ... အသက်ရှင်ဖို့ အခွင့်အရေးလေး နည်းနည်း ကျန်ချင်သေးရင် အခုချက်ချင်း လက်နက်ချလိုက်တာ ကောင်းမယ်...”
ဟူရှောင်ထျန်း သည် စိတ်ဆတ်သော်လည်း စကားများများ ပြောတတ်သူ မဟုတ်ပေ။ သူသည် ဖုန်းဖေးယွီ ကို ဆက်မပြောတော့ဘဲ နင်ချီဘက်သို့ လှည့်ကြည့်လိုက်၏။
“တောင်းပန်ပါတယ် ဂိုဏ်းချုပ်နင်... ကျွန်တော်တို့ ဂိုဏ်းထဲမှာ သစ္စာဖောက် ရှိနေတာကို မသိခဲ့မိဘူး... အခုတော့ ခင်ဗျားတို့ပါ ဒုက္ခရောက်ကုန်ပြီ...”
နင်ချီ ခေါင်းခါလိုက်၏။
“အခုချိန်မှ ဒီစကားတွေ ပြောနေလို့ ဘာထူးမှာလဲ... လက်ရှိ ရန်သူတွေကို ဘယ်လို ရှင်းမလဲ ဆိုတာပဲ အာရုံစိုက်ကြရအောင်... ပြီးတော့... နျူတင်းထျန် မသေသေးဘူး... အသက်ရှင်နေသေးတယ်...”
ဟူရှောင်ထျန်း သည် အပေါ်ယံတွင် ဒေါသထွက်နေပုံ ပေါက်သော်လည်း၊ အတွင်းစိတ်ထဲတွင် ထိတ်လန့် တုန်လှုပ်နေမိသည်။
သေရမှာကို ကြောက်လို့ မဟုတ်။ မိစ္ဆာမျိုးနွယ်သည် အမြဲတမ်း "တောတွင်း ဥပဒေသ" အတိုင်း အသက်ရှင်သန်ခဲ့ကြသူများပင်။
သူ စိုးရိမ်သည်မှာ... ဒီတစ်ခေါက် နွားမိစ္ဆာဂိုဏ်းသာ ပျက်စီးသွားခဲ့လျှင်၊ မိစ္ဆာမျိုးနွယ်များ ခိုလှုံစရာ အိမ်တစ်လုံး ပျောက်ဆုံးသွားမည်ကိုသာ ဖြစ်၏။
သို့သော်...
အသက်ငယ်ရွယ်သော နင်ချီ၏ တည်ငြိမ်နေပုံကို မြင်လိုက်ရသောအခါ၊ ဟူရှောင်ထျန်း၏ ရင်ထဲမှ ထိတ်လန့်မှုများ အနည်းငယ် လျော့ကျသွားရသည်။
နင်ချီ့ထံတွင် ထူးခြားသော ဆွဲဆောင်မှု တစ်ခု ရှိနေသည်ဟု သူ အမြဲ ခံစားရသည်။ "မဟာတာအို" ကြီး ပြိုလဲသွားလျှင် ဖြစ်စေ၊ "တောင်နှင့် ပင်လယ် ကမ္ဘာ" ကြီး ပျက်စီးသွားလျှင် ဖြစ်စေ... ဤလူသားလေးသည် တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်နေဦးမည့် ပုံစံမျိုး။
ဤ တည်ငြိမ်ပြီး လောကဓံကို ကျော်လွန်နေသော ဟန်ပန်သည် သူ့ကို စိတ်ဓာတ်ခွန်အား ဖြစ်စေသည်။
ထို့ပြင် နျူတင်းထျန် မသေသေးကြောင်း ပြောလိုက်သော နင်ချီ၏ စကားသည် ဟူရှောင်ထျန်း အတွက် မျှော်လင့်ချက် ရောင်ခြည် တစ်ခု ဖြစ်လာစေ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်တွင်၊
ဓားဘိုးဘေးကြီးသည် ရန်သူများ ပေါ်လာကတည်းက စကားသိပ်မပြောခဲ့။ ဖူယောင် နယ်မြေမှ လူများ ပါဝင်နေကြောင်းကိုသာ သတိပေးခဲ့သည်။
ယခုအချိန်တွင်... သူ၏ မျက်နှာထားသည် အလွန် လေးနက်နေပြီး နင်ချီကို တီးတိုး ပြောလိုက်၏။
“ကောင်လေး... နောက်ပိုင်း ကိစ္စတွေကို ငါ့တာဝန် ထားလိုက်... မင်း တတ်နိုင်သလောက် လူများများ ကယ်ပြီး ဂိုဏ်းကို ပြန်ပြေးတော့... ဝိညာဉ်ကမ္ဘာ စစ်ပွဲ မပြီးမချင်း ဂိုဏ်းတံခါးကို ပိတ်ပြီး စောင့်ရှောက်နေလိုက်...”
သေတမ်းစာ မှာသကဲ့သို့ ပြောနေသော ဓားဘိုးဘေးကြီး၏ စကားကြောင့် နင်ချီ ရင်ထဲ လှုပ်ရှားသွားသည်။
ဓားဘိုးဘေးကြီးသည် လက်ရှိ အခြေအနေကို သုံးသပ်ပြီး၊ အသက်ရှင် လွတ်မြောက်ရန် အခွင့်အလမ်း မရှိသလောက် နည်းပါးကြောင်း နားလည်သွားပုံ ရ၏။
ထို့ကြောင့် သူသည် သူ့အသက်ကို စတေးပြီး သွေးလမ်းဖောက်ကာ၊ နင်ချီနှင့် ဂိုဏ်းသားများကို ကယ်တင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နင်ချီ ပြန်မပြောနိုင်ခင်မှာပင်၊ ဓားဘိုးဘေးကြီးက နင်ချီကို လှည့်ကြည့်လိုက်၏။
“ကောင်လေး... ဘာမျက်နှာ ဖြစ်နေတာလဲ... အခုက တွန့်ဆုတ်နေရမယ့် အချိန် မဟုတ်ဘူး... ငါ့အတွက် မပူနဲ့... ငါ့မှာ မထုတ်သုံးရသေးတဲ့ ဝှက်ဖဲ တစ်ချပ် ရှိနေသေးတယ် ဆိုတာ မင်း မေ့နေပြီလား...”
ထိုအခါ၊ နင်ချီ အနည်းငယ် ကြောင်အသွားပြီးမှ ရုတ်တရက် သဘောပေါက်လိုက်၏။
ဓားဘိုးဘေးကြီးသည် နင်ချီ ချိပ်ပိတ်ပေးထားသော "ဓာတ်ကြီးငါးပါး တံဆိပ်တော်" ကို ဖွင့်ပြီး၊ အတွင်းတွင် ဖိနှိပ်ထားသော "မိစ္ဆာ ချီ" များကို ထုတ်လွှတ်ကာ ရန်သူများကို ဖျက်ဆီးပစ်ရန် ကြံစည်နေခြင်းကိုး။
ငြင်းမရသော အချက်မှာ... ဓားဘိုးဘေးကြီး၏ သတ္တိသည် လေးစားဖွယ် ကောင်းလှပါသည်။ တကယ်လို့ လွတ်လမ်းမရှိတော့သည့် အခြေအနေ ဆိုလျှင်၊ ရန်သူနှင့် အတူတူ သေပွဲဝင်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။
သို့သော်... ခံစားရမည့် နာကျင်မှုသည် သာမန်လူများ ခံနိုင်ရည်ရှိသော အတိုင်းအတာ မဟုတ်ပေ။
နင်ချီ ထို "မိစ္ဆာ ချီ" အကြောင်း လေ့လာဖူးသည်။ ၎င်းသည် သံကောင်များကဲ့သို့ တွယ်ကပ်နေတတ်ပြီး၊ "မူလဝိညာဉ်" တွင် ကပ်ငြိနေသော အရာတည်း။
အကယ်၍ ထုတ်လွှတ်လိုက်ပါက ရန်သူကို ဒုက္ခပေးနိုင်သည် မှန်သော်လည်း၊ မိမိ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ် သည်လည်း အပိုင်းပိုင်း အစစ ဖြစ်သွားသကဲ့သို့ ပြင်းထန်စွာ ပျက်စီးသွားပေလိမ့်မည်။
နင်ချီ အနေဖြင့် ဤကိစ္စမျိုး အဖြစ်မခံနိုင်ပါ...။
သူ့နောက်မှ ဂိုဏ်းသားများကို "မူလဝိညာဉ် အာရုံ" ဖြင့် စစ်ဆေးကြည့်လိုက်၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသား အားလုံးသည် သူ့ကျောပြင်ကို စိုက်ကြည့်နေကြသည်။ အချို့သော သူများ၏ မျက်လုံးများတွင် အခြေအနေအရ မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ရှိနေသော်လည်း၊ အားလုံးသည် သူ့အမိန့်ကို စောင့်ဆိုင်းနေကြသည်။
ဘယ်သူမှ နောက်မတွန့်ကြပေ။
ထိုအခြေအနေကို မြင်သောအခါ နင်ချီ ကျေနပ်သွားသည်။
ကျန်ရှိနေသော နွားမိစ္ဆာဂိုဏ်းသားများ သည်လည်း ဒေါသတကြီးဖြင့် တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေကြသည်။ မည်သူမျှ ထွက်ပြေးရန် မကြံကြ။
“ဟိုတစ်ယောက်က အကန့်အသတ်မဲ့ ဓားဂိုဏ်းက နင်ချီ လား... မင်းတို့ ယူဟွာဂိုဏ်းက ယဲ့ဝူရှင်း ကို သတ်လိုက်တဲ့ ကောင်လား...”
ဖုန်းဖေးယွီ က ချင်ကျီကျိန်း ကို မေးလိုက်၏။
ချင်ကျီကျိန်း ၏ မျက်နှာထား မကောင်းလှသော်လည်း၊ ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း ၏ အကူအညီကို ယူထားရသဖြင့် ပြန်ဖြေလိုက်ရသည်။
ဤတစ်ကြိမ်တွင် ဖူယောင် နယ်မြေမှ လူများကို ဖိတ်ခေါ်ရန် ယူဟွာဂိုဏ်း အနေဖြင့် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ ထို့ပြင် ရရှိလာသော အကျိုးအမြတ်၏ (၇၀) ရာခိုင်နှုန်းကို သူတို့အား ပေးရမည် ဖြစ်၏။
“ဟုတ်တယ်... အဲဒီကောင်ပဲ... ခင်ဗျားတို့ သူ့ကို ချက်ချင်း မသတ်ပစ်ဖို့ မျှော်လင့်ပါတယ်... မသေမရှင် ဖြစ်အောင် လုပ်ပြီး ဖမ်းထားပေးပါ... ကျွန်တော် ဂိုဏ်းကို ခေါ်သွားပြီး အစီရင်ခံရမှာမို့ပါ...”
ဖုန်းဖေးယွီ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ... ဒါပေမဲ့ သူ့ဆီကနေ လေ့လာစရာ တစ်ခုခု တွေ့ရင်တော့... ငါတို့ဂိုဏ်းကိုလည်း ဝေစု ခွဲပေးရမယ်နော်...”
ချင်ကျီကျိန်း မကျေနပ်သော်လည်း ခေါင်းညိတ်လိုက်ရသည်။
“စိတ်မပူပါနဲ့... ဒီကောင်လေးမှာ ကံတရား အထောက်အပံ့ ကောင်းတွေ ရှိတယ်... တကယ်လို့ တစ်ခုခု ရခဲ့ရင် ခင်ဗျားတို့ကို မနစ်နာစေရပါဘူး...”
ယခုအချိန်တွင် သူတို့သည် စိတ်မလောတော့ပေ။ အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် နွားမိစ္ဆာဂိုဏ်းသားများ ရှေ့တွင်ပင် ကျယ်လောင်စွာ ဆွေးနွေး ညှိနှိုင်းနေကြသည်။ ရန်သူများကို လုံးဝ ဂရုမစိုက်သော ပုံစံဖြင့်။
ဤ မထီမဲ့မြင် ပြုမူမှုသည် လူတိုင်းကို ဒေါသထွက်စေသော်လည်း၊ ဘာမှ မတတ်နိုင်ကြပေ။
“ခင်ဗျားတို့ ဆွေးနွေးလို့ ပြီးကြပြီလား...”
ရုတ်တရက်... ဂိုဏ်းနှစ်ခု၏ တပ်ဖွဲ့များကြားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ မျက်လုံးများ အနည်းငယ် တုန်ခါသွားကြသည်။
တစ်ဖက်မှ "ပေါင်းစည်းခြင်း နယ်ပယ်" (၇) ယောက်ပင်လျှင် အံ့အားသင့်စွာဖြင့် နင်ချီကို ကြည့်လိုက်ကြသည်။
ဝန်ခံရမည် ဆိုလျှင်... ဒီကောင်လေးက ရန်သူ (၇) ယောက်ကို ရင်ဆိုင်နေရတာတောင် ကြောက်ရွံ့တဲ့ပုံစံ လုံးဝ မပြဘူး။ ဟူရှောင်ထျန်း ထက်တောင် သာလွန်နေသေးသည်။
ရန်သူ ဖြစ်လင့်ကစား... သူတို့ စိတ်ထဲတွင် လေးစားမှု တစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် ချင်ကျီကျိန်း နှင့် ဖုန်းဖေးယွီ တို့ကမူ နင်ချီကို ဦးနှောက်မရှိသူဟု ထင်မှတ်လိုက်ကြသည်။ ဒီကောင် ကြောက်ရကောင်းမှန်း မသိဘူးလား။
မောက်မာလွန်းသော အရူးလား... သို့မဟုတ် စိတ်ဖောက်ပြန်နေသူလား...။
မဟုတ်လျှင် ဒီလို တုံ့ပြန်မှုမျိုး ဖြစ်မလာနိုင်ပေ။
ဟူရှောင်ထျန်းနှင့် ဓားဘိုးဘေးကြီးတောင်မှ မျက်နှာပျက်နေကြပြီ။ နင်ချီကတော့ ဘာမှ မသိနားမလည်သော အရူးတစ်ယောက်လို ဖြစ်နေသည်။
"ပေါင်းစည်းခြင်း နယ်ပယ်" (၇) ယောက်၏ "မူလဝိညာဉ် စွမ်းအား" သည် အလွန် ကြီးမားလှသည်။ တစ်ယောက်ချင်းစီတိုင်းတွင် နတ်ဘုရား နည်းစနစ်များ ပိုင်ဆိုင်ထားကြ၏။
ထို (၇) ယောက်လုံး၏ အကြည့်များ နင်ချီ တစ်ယောက်တည်း အပေါ်သို့ ကျရောက်နေခြင်းကို သာမန် "ပေါင်းစည်းခြင်း နယ်ပယ်" တစ်ယောက် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
အခန်း (၆၅၄) - ရန်သူအပေါင်းကို ဖိနှိပ်ခြင်း (အပိုင်း ၃)
~ရန်သူများသည် နင်ချီထံမှ ထွက်ပေါ်လာသော စွမ်းအင် အတက်အကျကို အာရုံခံလိုက်၏။ "ပေါင်းစည်းခြင်း နယ်ပယ် အလယ်အလတ်အဆင့်" မျှသာ ရှိသေးသည်။
သူတို့ဘက်တွင်မူ "ထိပ်တန်း အရှင်" သုံးယောက်၊ "သာမန် အရှင်" နှစ်ယောက်၊ စုစုပေါင်း ငါးယောက်မှာ "ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်" သို့ ရောက်ရှိနေကြပြီ။ ကျန်နှစ်ယောက်မှာ အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့် အသီးသီး ရှိကြသည်။
ဤမျှ အင်အားတောင့်တင်းသော တပ်ဖွဲ့သည် တောင်ပိုင်း အစစ်အမှန်နယ်မြေရှိ မည်သည့်ဂိုဏ်းကိုမဆို ရှင်းလင်းပစ်ရန် လုံလောက်ပေသည်။
အထူးသဖြင့် "ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း" မှ လာသော လေးယောက်သည် သူတို့၏ အရှိန်အဝါများကို လျှို့ဝှက်သော နည်းလမ်းဖြင့် ချိတ်ဆက်ထားပြီး၊ အလွန် ကြောက်မက်ဖွယ် ကောင်းသော လျှို့ဝှက်နည်းစနစ် တစ်ခုကို ပိုင်ဆိုင်ထားပုံ ရသည်။
သူတို့သည် ဖူယောင်နယ်မြေမှ လာသော အင်မော်တယ် ဂိုဏ်းသားများ ဖြစ်ကြပြီး၊ သူတို့၏ အခြေခံအုတ်မြစ်သည် နှစ်ပိုင်းကွဲနေသော တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်မြေရှိ ဂိုဏ်းများထက် အဆပေါင်းများစွာ သာလွန်ပေသည်။
သို့သော်... နင်ချီသည် မည်သို့မျှ ဂရုမစိုက်သော အမူအရာဖြင့် "ခင်ဗျားတို့ ဆွေးနွေးလို့ ပြီးကြပြီလား" ဟု အေးဆေးစွာ မေးလိုက်၏။
ဤ လောကဓံကို ကျော်လွန်နေသော တည်ငြိမ်မှုသည် သူတို့ ခုနစ်ယောက်ကို အလွန်အမင်း မကျေမနပ် ဖြစ်စေခဲ့သည်။
မုဆိုး၏ ထောင်ချောက်တွင် မိနေသော ယုန်တစ်ကောင်လို အင်အားနည်းပါးသော်လည်း၊ ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်နေသောကြောင့် မုဆိုး၏ အမဲလိုက်ချင်စိတ်ကို ပျက်ပြားသွားစေသကဲ့သို့ ဖြစ်နေသည်။
"တိုက်ကြ... ဟူရှောင်ထျန်း ကို အရင်သတ်... ပြီးရင် ဓားဘိုးဘေးကြီးကို သတ်... ပြီးရင် သူတို့ တပည့်တွေကို ရှင်းပစ်... နောက်ဆုံးမှ အင်မော်တယ် မျိုးစိတ် နင်ချီ ကို သေချာ နှိပ်စက်ကြတာပေါ့..."
ဟု ဖုန်းဖေးယွီ က အမိန့်ပေးလိုက်၏။
ချက်ချင်းပင် "ပေါင်းစည်းခြင်း နယ်ပယ်" ခုနစ်ယောက်စလုံး တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ဖုန်းဖေးယွီနှင့် သူ၏ ဂိုဏ်းသား လေးယောက် ပူးပေါင်းလိုက်ကြ၏။ သူတို့ ခန္ဓာကိုယ်များမှ "စည်းမျဉ်း စွမ်းအားမျှင်" များ ထွက်ပေါ်လာသည်။
ကောင်းကင်ယံတွင် အပြာရောင် ပိုက်ကွန်ကြီး တစ်ခု ယက်လုပ်လိုက်၏။ ထိုပိုက်ကွန်ကြီးမှ အလင်းရောင်များ ဖြာထွက်နေပြီး လူတိုင်းကို ချက်ချင်း လွှမ်းခြုံ ဖမ်းယူလိုက်၏။
“နတ်ဘုရား ဖမ်းယူခြင်း ပိုက်ကွန်”
အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် နွားမိစ္ဆာဂိုဏ်းမှ မဟာစွမ်းအားရှင်များသည် ထိုပိုက်ကွန်ကြီးကို ပြန်လည် တိုက်ခိုက်လိုက်ကြသည်။
ကံဆိုးစွာပင် သူတို့၏ တိုက်ခိုက်မှု အားလုံးသည် ပိုက်ကွန်ပေါ်သို့ ကျရောက်သည်နှင့် ပင်လယ်ထဲသို့ ရွှံ့ရုပ်များ ပစ်ချလိုက်သကဲ့သို့ ပျောက်ကွယ်သွားလေ၏။
နတ်ဘုရား ဖမ်းယူခြင်း ဟု အမည်ပေးထားသည်မှာ အလကား မဟုတ်ပေ။ လူကို ဖမ်းနိုင်ရုံသာ မက၊ မှော်ပညာများကိုပါ ဖမ်းယူ ချုပ်နှောင်နိုင်စွမ်း ရှိ၏။
“ဝေါင်း…”
ဟူရှောင်ထျန်း သည် ကျားဟိန်းသံကြီး တစ်ခု ပြုလုပ်လိုက်၏။
တဆက်တည်း၌၊ သူ၏ ခန္ဓာကိုယ် ကြီးထွားလာပြီး၊ ကျောဘက်မှ ဖြူဖွေးသော တိမ်တောင်ပံ နှစ်ခု ထွက်ပေါ်လာသည်။ ထိုတောင်ပံများဖြင့် ဂိုဏ်းနှစ်ခုလုံးမှ မဟာစွမ်းအားရှင်များနှင့် အမွေခံများကို လွှမ်းခြုံကာ အောက်ဘက်သို့ အမြန် ထွက်ပြေးလိုက်၏။
ဒါသည် နင်ချီ ကြိုတင် မှာကြားထားသော စစ်ဗျူဟာ၏ အစိတ်အပိုင်း တစ်ခုပင်။
ဟူရှောင်ထျန်း သည် မူလက ရန်သူ ခုနစ်ယောက်နှင့် ထိပ်တိုက် တွေ့ချင်သော်လည်း၊ နောက်ဆုံးတွင် နင်ချီကို ယုံကြည်ရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် သူသည် မူလခန္ဓာကိုယ် အဖြစ် ပြောင်းလဲကာ၊ ဂိုဏ်းသားများကို ဘေးကင်းရာသို့ ဦးစွာ ပို့ဆောင်ပေးရန် ရွေးချယ်လိုက်ခြင်းပါ။
လက်ရှိ တိုက်ပွဲသည် "ပေါင်းစည်းခြင်း နယ်ပယ်" များ၏ တိုက်ပွဲ ဖြစ်ရာ၊ ဤလူများကို ဆက်လက် ထားရှိခြင်းသည် သေလမ်းသို့ ပို့သကဲ့သို့ ဖြစ်နေပေမည်။
"ဟွန်း... ထွက်ပြေးချင်တယ် ပေါ့..."
ချင်ကျီကျိန်း လည်း လှုပ်ရှားလိုက်၏။
သူ့ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင် အတောင်ပံများ ထွက်ပေါ်လာပြီး၊ ခမ်းနားထည်ဝါသော "ရွှေရောင် ဂဠုန်ငှက်ကြီး" တစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။
ဟူရှောင်ထျန်း နောက်သို့ လျှပ်စီးလက်သကဲ့သို့ လိုက်ပါသွားသည်။
ဓားဘိုးဘေးကြီး အသက်ပြင်းပြင်း ရှူလိုက်၏။ ဓားကို ဆွဲထုတ်လိုက်၏။
နင်ချီ ပေးထားသော ရှေးဟောင်းဓား "ကျိုးကျန့်ဓား" သည် သူ့လက်ထဲတွင် ပေါ်လာသည်။ ဓားစည်းမျဉ်းများ ပါဝင်သဖြင့် သူနှင့် အလွန် လိုက်ဖက်ညီလှသည်။
ဓားဘိုးဘေးကြီးသည် သူ၏ "အနှစ်သာရ၊ ချီ နှင့် ဝိညာဉ်" အားလုံးကို စုစည်းပြီး ကောင်းကင်မှ ပိုက်ကွန်ကြီးကို ခုတ်ပိုင်းလိုက်၏။
အဝေးမှ ကြည့်လျှင် မီတာ (၁၀၀၀၀) ရှည်လျားပြီး၊ မီတာ (၁၀၀) ခန့် ကျယ်ဝန်းသော ဖောက်ထွင်းမြင်နိုင်သည့် ဓားချီ တစ်ခု ဖြာထွက်လာသည်။ ဟင်းလင်းပြင်ကြီးကို ရေလှိုင်းများကဲ့သို့ ဖြတ်တောက်သွားသည်။
ဟင်းလင်းပြင် စုတ်ပြဲသွားပြီး၊ တွင်းနက်ကြီးများ ဖြစ်ပေါ်လာ၏။
ဤ အံ့မခန်း ဓားချက်ကို မြင်သောအခါ၊ ဖုန်းဖေးယွီနှင့် လေးယောက်သား ခပ်လှောင်လှောင်.. ပြုံးလိုက်ကြသည်။
သူတို့၏ "နတ်ဘုရား ဖမ်းယူခြင်း ပိုက်ကွန်" သည် အရာအားလုံးကို ဖမ်းယူနိုင်၏။
"လေ စည်းမျဉ်း"နှင့် "စုပ်ယူခြင်း စည်းမျဉ်း"တို့ကို ပေါင်းစပ်ထားသည်။ လေသည် ရုပ်ဝတ္ထုနှင့် တာအိုသဘောတရား အားလုံးကို ဖြတ်တောက်နိုင်ပြီး၊ စုပ်ယူခြင်း စည်းမျဉ်းသည် တိုက်ခိုက်မှု အားလုံးကို အားပျော့စေသည်။ ထို့ပြင် လေးယောက် ပေါင်းစပ်ထားသဖြင့် ပိုမို စွမ်းအားကြီးမား၏။
ဓားတာအို ဆိုသည်မှာ စည်းမျဉ်း တစ်ခုတည်းသာ ဖြစ်သဖြင့်၊ ဤပိုက်ကွန်ကို ကျော်လွန်နိုင်စရာ အကြောင်းမရှိ။
သို့သော်...၊ ဆက်လက် ဖြစ်ပေါ်လာသော မြင်ကွင်းသည် သူတို့ လေးယောက်လုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
အပြာရောင် ပိုက်ကွန်ကြီးနှင့် ဓားအလင်းတန်းကြီး ထိတွေ့လိုက်သည့် အခိုက်အတန့်၌... ပိုက်ကွန်သည် ဓားအလင်းတန်းကို လွှမ်းခြုံပြီး စွမ်းအင်များကို စုပ်ယူရန် ကြိုးစားလိုက်၏။
သို့သော် ယခင်က ပြိုင်ဘက်ကင်းခဲ့သော ပိုက်ကွန်ကြီးသည် ပထမဆုံး အကြိမ် ရှုံးနိမ့်ခြင်း အရသာကို မြည်းစမ်းလိုက်ရတော့ ၏။
ဓားဘိုးဘေးကြီး၏ ဓားချက်သည် အလွန် သန့်စင်ပြီး ထက်ရှလွန်းလှသည်။ ပိုက်ကွန်၏ လေ စည်းမျဉ်းများသည် ဓားတာအို စည်းမျဉ်းများကို မဖြတ်တောက်နိုင်ဘဲ၊ ပြန်လည် အဖြတ်ခံလိုက်ရသည်။
ဟင်းလင်းပြင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသော အပြာရောင် ပိုက်ကွန်ကြီးသည် ဓားအလင်းတန်း၏ ဖြတ်တောက်မှုကြောင့် နှစ်ပိုင်း ကွဲသွားပြီး၊ အမှုန့်များ အဖြစ် ပြိုကွဲ ပျောက်ကွယ်သွားတော့သည်။
ဖုန်းဖေးယွီနှင့် အဖွဲ့သားများ တုန်လှုပ်သွားကြသည်။
ထိုအချိန်၌...
နင်ချီ၏ ခန္ဓာကိုယ်မှ အရောင်သုံးမျိုး စပ်ထားသော "စည်းမျဉ်း နတ်နဂါး" တစ်ကောင် ပျံထွက်သွားသည်။
လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။
ဟူရှောင်ထျန်း နောက်သို့ အပြင်းအထန် လိုက်နေသော ချင်ကျီကျိန်း ဆီသို့ တည့်မတ်စွာ ဝင်ရောက်သွားသည်။
ချင်ကျီကျိန်း သည် ရွှေရောင် ဂဠုန်ငှက်ကြီး အဖြစ် ပြောင်းလဲထားပြီး အလွန် လျင်မြန်သော်လည်း၊ လျှပ်စီးအမြန်နှုန်းကို မမီနိုင်ပေ။
“ဝုန်း...”
ဟိန်းညံသော အသံကြီး ထွက်ပေါ်လာပြီး၊ ချင်ကျီကျိန်း ထိမှန်သွား၏။
အရောင်သုံးမျိုး စည်းမျဉ်း နတ်နဂါး၏ ကိုက်ခဲ ဆွဲဖြဲမှုကြောင့် သူ၏ ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားပြီး၊ ကောင်းကင်ယံ တစ်ခွင် သွေးမိုးရွာကျကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလေတော့သည်။
ထွက်ပြေးနေသော ဟူရှောင်ထျန်း နောက်လှည့်ကြည့်လိုက်ရာ၊ သူ၏ ကျားမျက်နှာကြီးတွင် ထိတ်လန့် အံ့ဩခြင်းများ အထင်းသား ပေါ်လာရ၏။
သူ့ကျောပေါ်မှ နွားမိစ္ဆာဂိုဏ်းနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများလည်း အလားတူပင်။
ကောင်းကင်မှ ရွာကျလာသော ရွှေရောင် သွေးမိုးများသည်... "ပေါင်းစည်းခြင်း နယ်ပယ်"ထိပ်သီး မဟာစွမ်းအားရှင်ကြီး တစ်ပါး ကျဆုံးသွားကြောင်း ကြေညာနေသကဲ့သို့ ဖြစ်နေသည်။
သူတို့သာ မက၊ ကောင်းကင်ထက်မှ ကျန်ရှိနေသူများလည်း အောက်မေးရိုးများ ပြုတ်ကျသွားတော့၏။
တစ်ချက်တည်း...
တိုက်ကွက် တစ်ကွက်တည်းဖြင့် "ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်"ကို ချက်ချင်း သတ်ဖြတ်လိုက်သည် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ယူဟွာ အဆင့်မြင့်ဂိုဏ်း၏ ကျင့်စဉ်များက စက္ကူကျားတွေလို အသုံးမကျတာလား။
ရောင်စုံတစ်ရာ အရှင် သည် ယူဟွာဂိုဏ်း၏ နောက်ခံအင်အားကို ကောင်းစွာ သိရှိသူ ဖြစ်၏။ ယခုအခါ သူ၏ ချောမောလှပသော မျက်နှာသည် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေလေပြီ။
နွားမိစ္ဆာဂိုဏ်းတွင် ရှိစဉ်က နင်ချီ၏ စွမ်းရည်ကို သူ မြင်ဖူးသည်။
သာမန်လောက်သာ ရှိသည်ဟု ထင်ခဲ့သည်လေ။
အခု ဘာလို့ ဒီလောက် ကွာခြားသွားရတာလဲ...။