← Chapters

ဆောင်ဦး ပုစဉ်းရင်ကွဲ၏ ထာဝရ ငိုချင်း

Vol. 6 Ch. 82

ဆောင်ဦး ပုစဉ်းရင်ကွဲ၏ ထာဝရ ငိုချင်း

Vol. 6 Ch. 82

စစ်မြေပြင်က မြစ်နှစ်ဖက်ကမ်းလုံးတွင် ကျယ်ပြောလှသည်။ ခြောက်သွေ့အေးစက်လှသော ဆောင်းဦး လေပြေက မရေမတွက်နိုင်သော အလံများကို တဖျတ်ဖျတ်လွင့်စေပြီး ဝင်လုဆဲဆဲ နေမင်းသည် မြေပြင်တစ်ခုလုံးကို သွေးရောင်ကဲ့သို့ နီရဲနေစေ၏။

လေပြေက စည်တော်သံသဖွယ် ဖြစ်နေပြီး ဓားအသိသည် မိုးခြိမ်းသံသဖွယ် ဟိန်းဟောက်နေကာ နောက်ဆုံးတိုက်ပွဲအတွက် နိမိတ်ဖတ်နေသည်။

မရေမတွက်နိုင်သော လူများမှာ အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြသည်။ အထူးသဖြင့် ဓားကျင့်ကြံသူများသည် ရိုသေလေးစားမှု၊ မျက်ရည်ဝဲမှုတို့ဖြင့် စိုက်ကြည့်နေကြ၏။

ဓားလမ်းစဉ်တွင် အင်အားကြီးပုဂ္ဂိုလ် ဟူသည် ရှားပါးလှရာ ယနေ့တွင်မူ ၎င်းတို့ထဲမှ နှစ်ဦးက အသက်နှင့်လဲ၍ အရှုံးအနိုင် ဆုံးဖြတ်ကြတော့မည် ဖြစ်သည်။

“စီနီယာ... အရင်စပါ။” မုန့်ချင်ကျိုးက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်တစ်ဖက်ဖြင့် ဖိတ်ခေါ်သည့် အမူအရာ ပြုလိုက်သည်။

လျို့ဝှက်ဓားအရှင်သခင်၏ မျက်နှာတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ သူ၏ ဧကရာဇ်အဆင့် နတ်ဘုရားဓားမှာ တုန်ခါနေပြီး ဓားသွားချင်း ထိခိုက်သံထက် စောင်းကြိုးကို ခတ်လိုက်သည့် အသံနှင့် ပိုတူသော ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်နေသည်။

သူက အားနာမနေတော့ဘဲ မုန့်ချင်ကျိုး၏ ဖိတ်ခေါ်မှုကို လက်ခံကာ အရင်စတင် တိုက်ခိုက်လိုက်သည်။

ချလွမ်...

နတ်ဘုရားဓားကို အိမ်မှဆွဲထုတ်လိုက်သည်နှင့် လေထုနှင့် တိမ်တိုက်များ ချက်ချင်း အရောင် ပြောင်းသွားသည်။ ကောင်းကင်နှင့် မြေကြီးအကြားတွင် နှလုံးသားတစ်ခု ဖြစ်တည်လာပြီး ဓား၏ တုန်ခါသံနှင့်အတူ ဟန်ချက်ညီစွာ ခုန်လှုပ်နေသကဲ့သို့ပင်။

လျို့ဝှက်ဓားအရှင်သခင်က ဝမ်းနည်းကြေကွဲဖွယ် လေသံဖြင့် ပြောလိုက်သည်။

“အဆင့်အတန်းက မြင့်မြတ်မှုကို မသတ်မှတ်သလို အသက်အရွယ်ကလည်း အထူးအခြား မဖြစ်စေဘူး။ ကျင့်ကြံခြင်း လမ်းစဉ်မှာတော့ အရင်ဆုံး ပေါက်မြောက်တဲ့သူက ဆရာပဲ။ ဒါပေမဲ့ ငါ တစ်ခုတော့ ထောက်ပြပါရစေ။ မုန့်ချင်း... မင်းရဲ့ အချိန်နဲ့နေရာလွတ် ဓားအသိစိတ်က ပြည့်စုံလုနီးပါး ဖြစ်နေပြီး ခေတ်အဆက်ဆက်မှာ အနှိုင်းမဲ့ပဲ။”

“ဒါပေမဲ့ မင်းရဲ့ဓားက အရမ်း တွေဝေနေတယ်။ မင်းရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးဖို့ ဘယ်တော့မှ မဝံ့ရဲဘူး။”

“ဓားဆိုတာ ဓားအသိ သက်သက် မဟုတ်ဘူး။ အဲဒီမှာ ဓားနှလုံးသား ရှိတယ်... မင်းရဲ့ ကယ်တင်ခြင်း လမ်းစဉ်က ဘာပဲဖြစ်ဖြစ်၊ ရိုးသားဖြောင့်မတ်တာပဲဖြစ်ဖြစ်၊ အချိန်စောင့်တာပဲဖြစ်ဖြစ်... အဲဒါက မင်းရဲ့ ဗျူဟာပဲ၊ မင်းရဲ့ ဓားပညာ မဟုတ်ဘူး...”

လျို့ဝှက်ဓားအရှင်သခင်က သူ၏ ဓားပညာရပ်အားလုံးကို ထုတ်ဖော်ပြသလိုက်ပြီး သူ၏ တစ်သက်တာ အတွေ့အကြုံများကို အနှစ်ချုပ်ကာ ဓား၏ လမ်းစဉ်ကြီးကို မုန့်ချင်ကျိုးအား ရှင်းပြနေခြင်းဖြစ်သည်။

နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့သည့် ဓားကျင့်ကြံသူတစ်ဦး အနေဖြင့် သူ၏ တာအိုနှလုံးသား မြူဖုံးနေသော်လည်း ဓားပညာအပေါ် နားလည်မှုမှာ မုန့်ချင်ကျိုးထက် များစွာ သာလွန်နေသည်။

“ဓားကျင့်ကြံသူတစ်ယောက်က လွတ်လပ်မှု၊ ပွင့်လင်းမှုနဲ့ ဖြောင့်မတ်မှုကို တန်ဖိုးထားရမယ်။ ကွေးညွှတ် နိုင်တဲ့ ဓားမြှောင်တွေ၊ လှံတွေ၊ ပုဆိန်တွေနဲ့ မတူတာက ဓားသွားဆိုတာ ဖြောင့်စင်းနေရမယ်။ နည်းနည်းလေးတောင် ကွေးညွှတ်လို့ မရဘူး။”

လျို့ဝှက်ဓားအရှင်သခင်က သေခါနီး အဘိုးအိုတစ်ဦးကဲ့သို့ အချိန်အတော်ကြာ တတွတ်တွတ် ပြောဆိုပြီး နောက်ဆုံးတွင် ဓားကို ထိုးသွင်းလိုက်သည်။

“ကြည့်... ဒီဓားရဲ့နာမည်က ဆောင်းဦးကြွေ၊ သက်ရှိအားလုံး တိတ်ဆိတ်ခြင်း။”

ဝှီး...

မုန့်ချင်ကျိုးက ကြွေလွင့်နေသော သစ်ရွက်များကို လှုပ်ခတ်နေသည့် ဆောင်းဦးလေပြေ အသံကို ကြားလိုက်ရပြီး ရုတ်တရက် သူ၏ စိတ်ထဲတွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ စနစ်၏ ကန့်သတ်မှုကြောင့် မျက်စိမမြင်ရသော သူ့အတွက် ထိုဆောင်းဦးလေက တိတ်ဆိတ်သော သေမင်းတမန် အဖြစ် ပြောင်းလဲသွားပြီး အသက်များကို ရိတ်သိမ်းကာ ကမ္ဘာကြီးကို ကြေမွသွေးစွန်းလျက် သေခြင်း တရား၏ တိတ်ဆိတ်မှုသာ ကျန်ရှိတော့သည့် အခြေအနေသို့ ရောက်သွားစေသည်။

ဇွတ်...

“သွေးတွေလား...”

မုန့်ချင်ကျိုးက သူ၏ လည်ပင်းတွင် အေးစက်စက် ခံစားလိုက်ရသည်။ လက်လှမ်းထိကြည့်လိုက်ရာ စိုစွတ်မှုကို ခံစားရ၏။ နှာခေါင်းနားသို့ ယူဆောင်ကာ နမ်းရှုံ့ကြည့်လိုက်သည့်အခါ သူ၏ အမူအရာ ပျက်သွား၏။

“ဆောင်းဦးလေပြေက အစအန မကျန်စေဘူး၊ ပုံသဏ္ဌာန်မရှိဘဲ သတ်ဖြတ်နိုင်တယ်။”

“ပြီးတော့ ဒီဓားအသိမှာ ဝမ်းနည်းမှုတွေ ပါဝင်နေပြီး လူကို အလိုလို မျှော်လင့်ချက် မဲ့စေတယ်။ လျို့ဝှက်ဓားအရှင်သခင်ရဲ့ ခံစားချက်ကို ကိုယ်တိုင်ခံစားစေပြီး ရန်သူကို စိတ်အာရုံ ထွေပြားစေတာပဲ။”

အကယ်၍ လျို့ဝှက်ဓားအရှင်သခင်သာ အနည်းငယ် မထိန်းထားခဲ့လျှင် မုန့်ချင်ကျိုး သေလိမ့်မည် မဟုတ်သော်လည်း သေချာပေါက် ဒဏ်ရာရသွားပေလိမ့်မည်။

၎င်းကို သတိပြုမိသွားသည့်အခါ မုန့်ချင်ကျိုးက အထင်သေးမှုကို ဘေးဖယ်လိုက်ပြီး အပြည့်အဝ နိုးနိုးကြားကြား ရှိသွားတော့သည်။

ဖလှယ်မှု တစ်ကြိမ်တည်းနှင့် သူ နားလည်လိုက်သည်မှာ...

နတ်ဘုရားအဆင့် ဓားအသိ ရှိသူမှာ သူတစ်ယောက်တည်း မဟုတ်ပါလား...

လျို့ဝှက်ဓားအရှင်သခင်က မုန့်ချင်ကျိုး၏ အချိန်နှင့်နေရာလွတ် ဓားအသိကို လောဘတက်နေသည်ဟု ပြောလာခဲ့လျှင် မုန့်ချင်ကျိုးက ပထမဆုံး ကန့်ကွက်မည့်သူ ဖြစ်လာပေလိမ့်မည်။

“စီနီယာမှာ ဘယ်လိုလုပ်ပြီး နတ်ဘုရားအဆင့် ဓားအသိ ရှိနေတာလဲ။” မုန့်ချင်ကျိုးက မေးသည်။ “လွန်ခဲ့တဲ့ နှစ်တွေက စီနီယာဟာ အမြင့်ဆုံး ဓားပညာအဆင့်ကို တက်လှမ်းဖို့ ကြိုးစားပေမဲ့ ကျရှုံးခဲ့ပြီး တာအိုဒဏ်ရာတွေ ကျန်ခဲ့လို့ နံနက်ခင်းအလင်းနယ်ပယ်ကို အဆင့်မတက်နိုင်တော့ဘူးလို့ သတင်းတွေ ထွက်နေတာ မဟုတ်လား။”

လျို့ဝှက်ဓားအရှင်သခင်က ပြုံးလိုက်သည်။ ထိုအပြုံးတွင်ပင် အထီးကျန်မှုများ ရှိနေ၏။

သူက တည်ငြိမ်စွာ ပြောသည်။

“မုန့်ချင်... ဘယ်သူ့ကိုမှ အထင်မသေးနဲ့။ ပြီးတော့ ကောလာဟလတွေကိုလည်း ဘယ်တော့မှ မယုံနဲ့။”

“ငါ အမြင့်ဆုံး ဓားပညာအဆင့်ကို သုံးကြိမ်တိုင်တိုင် တက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ အားလုံးက ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့ရတာ။ ဒါပေမဲ့ ငါ ကောင်းကင်ဘုံကိုးပါးကို ကယ်တင်ဖို့ တာဝန်ကို ယူလိုက်တဲ့နေ့ကစပြီး ဘာအတားအဆီးမှ မရှိတော့ဘူး။ ရေသောက်ရသလို လွယ်ကူနေပြီး နတ်ဘုရားအဆင့် ဓားအသိကို သဘာဝအလျောက် နားလည်သွားခဲ့တာ။”

“ကျရှုံးမှု သုံးကြိမ်ကနေရတဲ့ ပြင်းထန်တဲ့ တာအိုဒဏ်ရာတွေတောင် စက္ကန့်ပိုင်းအတွင်း ပျောက်ကင်း သွားခဲ့တယ်။”

လျို့ဝှက်ဓားအရှင်သခင်က သူ၏ ခေါင်းကို ခါယမ်းကာ အနည်းငယ် ဆွေးမြည့်စွာဖြင့် ပြောသည်။ “ငါ နံနက်ခင်းအလင်းနယ်ပယ်ကို အဆင့်မတက်နိုင်တာက ငါ့ရဲ့ တာအိုနှလုံးသားမှာ မြူဖုံးနေလို့ပဲ။”

“တကယ်လို့ ငါ အဆင့်တက်ချင်တယ်ဆိုရင် ရိုးရှင်းပါတယ်။ ဘယ်သူ့ရှေ့မှာမှ ဒူးမထောက်တော့ဘဲ ငါ့ရဲ့ တရားနှလုံးသားကို ဆေးကြောလိုက်တာနဲ့ နံနက်ခင်းအလင်းနယ်ပယ်ကို ချက်ချင်း ရောက်သွားနိုင်တယ်။ နှစ်ပေါင်း သုံးထောင်စာ စုဆောင်းမှုတွေနဲ့ဆို တစ်ကြိမ်တည်းနဲ့ နံနက်ခင်းအလင်းရဲ့ အထွတ်အထိပ် ကိုတောင် ရောက်သွားနိုင်တယ်...”

“မင်း ယုံလား။”

မုန့်ချင်ကျိုး နှုတ်ဆိတ်နေမိသည်။

ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားမှာ နက်နက်ရှိုင်းရှိုင်း ထိခိုက်တုန်လှုပ်သွားပြီး စစ်မှန်သော ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားရသည်။

“စီနီယာ... ကျေးဇူးပြုပြီး ဒုတိယမြောက်ဓားကို ထုတ်ပါဦး...” မုန့်ချင်ကျိုးက နောက်ပစ်ထားသော လက်ကို ချလိုက်ပြီး တိုက်ပွဲအတွက် အဆင်သင့် ပြင်လိုက်သည်။

လျို့ဝှက်ဓားအရှင်သခင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ “ကောင်းပြီလေ။”

သူက အိုမင်းပြီး နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။ “ဒုတိယမြောက်ဓားရဲ့ အမည်က နှင်းခဲပြာရောင်သစ်တောကိုလွှမ်းခြုံ။”

ထိုစကားအဆုံးတွင်...

မုန့်ချင်ကျိုး၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်သော်လည်း သူက ရိုးတွင်းခြင်ဆီအထိ အေးစက်သွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

ဓားအသိ အမျှင်တန်းလေးများက မမြင်နိုင်သော အပ်ချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး မုန့်ချင်ကျိုး၏ မရေမတွက်နိုင်သော ချွေးပေါက်များမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်ကာ အရေပြားထဲသို့ စိမ့်ဝင်ကာ အသားများကို ဖောက်ထွက်ပြီး အရိုးထဲအထိ စွဲမြဲသွားသည်။ အသားစတိုင်းကို ဖောက်ထွက်၍ သွားသကဲ့သို့ပင်။

မုန့်ချင်ကျိုးက သွေးရောင်လွှမ်းသော ပုံရိပ်တစ်ခု ဖြစ်သွားသည်။ သွေးများက ရေတံခွန်ကဲ့သို့ စီးကျလာပြီး သူ၏ ဘောင်းဘီတစ်လျှောက် စီးဆင်းကာ မြေဝါရောင်မြေပြင်ကို နီရဲသွားစေသည်မှာ “နှင်းခဲပြာရောင် သစ်တောကိုလွှမ်းခြုံ” ဟူသော စကားရပ်နှင့် ကွက်တိကျလှ၏။

“ငါ့ရဲ့ ဓားပညာဟာ သတ်ဖြတ်ဖို့ သက်သက်အတွက်ပဲ မွေးဖွားလာတာ။ အဲဒါကြောင့် သူက အရမ်းကို စင်ကြယ်တယ်။ “သတ်”ဆိုတဲ့ စကားလုံးက လမ်းစဉ်တစ်ခုလုံးကို စီးဆင်းနေတယ်။” လျို့ဝှက်ဓား အရှင်သခင်က ပြောသည်။

“မုန့်ချင်... မင်းရဲ့ဓားကို ဆွဲထုတ်လိုက်တော့။”

“ဒီတတိယမြောက်ဓားမှာ ငါ့ရဲ့ တစ်သက်တာ သွေး၊ ချွေး၊ သံယောဇဉ်တွေနဲ့ နှစ်ပေါင်းတစ်ထောင်စာ သည်းခံမှုတွေ၊ အမှောင်ထုနဲ့ မတရားမှုတွေရှေ့မှာ နှစ်ပေါင်းတစ်ထောင်ကြာ ဒူးထောက်ခဲ့ရမှုတွေ ပါဝင်တယ်။ ဒါက တောရိုင်းမြေထဲက သတ္တဝါတွေရဲ့ ကြေကွဲဖွယ် ကံကြမ္မာကို ကိုယ်စားပြုတယ်။”

“မင်းရဲ့ အစွမ်းရှိသမျှကို ထုတ်သုံးလိုက်။ မင်းရဲ့ အင်အားရှိသမျှကို သုံးပြီး နှစ်ပေါင်းတစ်ထောင်စာ တိတ်ဆိတ်တဲ့ ဟိန်းဟောက်သံကို ရင်ဆိုင်လိုက်...”

ထိုသို့ ပြောပြီးနောက် လျို့ဝှက်ဓားအရှင်သခင်က တတိယမြောက်ဓားကို မထုတ်မီ တိုးတိတ်စွာ ရွတ်ဆိုလိုက်သည်...

“ဆောင်းဦးကြွေ၊ သက်ရှိအားလုံး တိတ်ဆိတ်ခြင်း၊ နှင်းခဲပြာရောင်သစ်တောကိုလွှမ်းခြုံ၊ ဆောင်းဦး ပုစဉ်းရင်ကွဲ၏ ထာဝရ ငိုချင်း...”

ဆောင်းဦး ပုစဉ်းရင်ကွဲ၏ ထာဝရ ငိုချင်း။

”ကျွီ... ကျွီ... ကျွီ...”

မုန့်ချင်ကျိုး၏ စိတ်ထဲတွင် ပုံရိပ်ယောင်များက ထပ်မံပြောင်းလဲသွားပြန်သည်။ ပင်စည်ကို တွယ်ကပ်ကာ အားကုန်ဟစ်အော်နေသည့် ပုစဉ်းရင်ကွဲ တစ်ကောင်ကို မြင်လိုက်ရ၏။

ပုစဉ်းရင်ကွဲတစ်ကောင်သည် (၁၈)နှစ်တာ ရှင်သန်ရပြီး ပထမ (၁၇)နှစ်လုံးကို ပိုးအိမ်ထဲတွင် ပုန်းအောင်းနေခဲ့ရသည်။ နွေလယ်ခေါင်တွင် နိုးထလာသည့်အခါ သူ၏ မွေးနေ့ဖြစ်သလို သေနေ့လည်း ဖြစ်နေပြန်သည်။

နွေရာသီတွင် မွေးဖွားပြီး ဆောင်းဦးလေ မတိုက်မီမှာပင် မြေမြှုပ်ခံရ၏။

”ကျွီ...”

နောက်ဆုံးနှင့် အကျယ်ဆုံး၊ အစူးရှဆုံး ပုစဉ်းရင်ကွဲ၏ ငိုသံနှင့်အတူ မုန့်ချင်ကျိုး၏ နှလုံးသားတွင် ကြီးမားသော အန္တရာယ် အချက်ပေးသံကို ခံစားလိုက်ရသည်။

သေမင်းတမန် သတ်ဖြတ်လိုစိတ်က ကျောဘက်မှ ဆူးတစ်ချောင်းသဖွယ် ထိုးစိုက်လာ၏။

“အချိန်နဲ့နေရာလွတ် ဓားပညာ......” မုန့်ချင်ကျိုးက ရုတ်တရက် သူ၏ ဓားကို ဆွဲထုတ်လိုက်ကာ သူ၏ အစွမ်းရှိသမျှကို ထုတ်သုံးလျက် အော်ဟစ်လိုက်သည်။

“အချိန်... ပြောင်းပြန်စီးဆင်းစေ....”

ချက်ချင်းပင် အချိန်က နောက်ပြန်ဆုတ်သွားပြီး နေရာလွတ် လည်ပတ်သွားတော့သည်။

အချိန်မြစ်၏ လက်တက်တစ်ခုက လျို့ဝှက်ဓားအရှင်သခင်၏ အသက်ဇီဝကို ထိုးဖောက်ရန် ရည်ရွယ်ကာ သူ၏ ကလေးဘဝသို့ ပြန်သွားပြီး သူ၏ အတိတ်က ပုံရိပ်ကို သတ်ဖြတ်ရန် ကြိုးစားသည်။

သို့သော်လည်း အချိန်နှင့်နေရာလွတ် တာအိုသည် လျို့ဝှက်ဓားအရှင်သခင်ကို ထိတွေ့လုနီးပါးတွင် အရှိန်လျော့သွားပြီး ကြီးမားသော အတားအဆီးတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ပိတ်ဆို့ခံလိုက်ရသည်။

မုန့်ချင်ကျိုးက အံကို တင်းတင်းကြိတ်ကာ ပါရမီရှင် (၇)ဦးကို သတ်ဖြတ်စဉ်က သုံးခဲ့ဖူးသော အခြား အချိန်နှင့်နေရာလွတ် ဓားအသိစိတ် တစ်ခုကို ထပ်မံ ထုတ်သုံးလိုက်သည်။

“ဟင်းလင်းပြင်... သမုဒ္ဒရာရေစီးကြောင်း......”

”ကျွီ...”

ပုစဉ်းရင်ကွဲ၏ ငိုသံမှာ ရုတ်တရက် ဟိန်းထွက်လာပြီး မုန့်ချင်ကျိုး၏ သတ်ဖြတ်ခြင်းတိုက်ကွက်ကို ရိုက်ခွဲပစ်လိုက်သည်။

“စီနီယာ... ခင်ဗျား တကယ်ပဲ သေချင်နေတာလား...” မုန့်ချင်ကျိုးက ဒေါသတကြီး ဟောက်လိုက်သည်။

“မုန့်ချင်း... မင်းရဲ့ ဓားပညာကနေတစ်ဆင့် မင်းရဲ့ ပင်ကိုယ်သဘာဝကို ငါ မြင်လိုက်ရပြီ။ မင်းမှာ ဝှက်ဖဲတွေ ကျန်နေသေးတာ ငါသိတယ်။ အခုပဲ တိုက်ခိုက်လိုက်၊ ငါ့ကို သတ်လိုက်...” လျို့ဝှက်ဓား အရှင်သခင်က ခပ်တိုးတိုး ပြောလိုက်သည်။

မုန့်ချင်ကျိုးက သက်ပြင်းချကာ ပြေသည်။ “ဒီလို သူရဲကောင်းမျိုးကို စာအုပ်ထဲမှာပဲ ဖတ်ဖူးတာ။ အခု ကိုယ်တိုင် တွေ့ရတဲ့အခါကျတော့ ကျုပ် တကယ်ပဲ ခင်ဗျားကို မသတ်ချင်ဘူး။”

သို့သော် လျို့ဝှက်ဓားအရှင်သခင်၏ သေလိုသော ဆန္ဒကို သူ ခံစားမိနေ၏။

မုန့်ချင်ကျိုး လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ သူက ထိုဆန္ဒကို ဖြည့်ဆည်းပေးရန်သာ ရှိတော့သည်။

[ တွီ... စနစ်၏ သတိပေးချက်၊ အချိန် ပြန်စတင်ခြင်း၊ အစွမ်းမှာ အလွန် ကြီးမားလှသဖြင့် ကျေးဇူးပြု၍ သတိထားပြီး သုံးပါ ]

All Chapters