ဧကရီကို ဝန်ကြီးမုန့်ထံ ရောင်းစားခြင်း
Vol. 7 Ch. 84
နန်းတွင်း၌ ဖြစ်သည်။
မုန့်ချင်ကျိုးသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ကာ မျက်မမြင်တုတ်ကို အားပြုလျက် မတ်မတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
“အရှင်မ... ကျွန်တော်မျိုး မုန့်ချင်က တကယ်ပဲ ရာထူးကို လက်ကိုင်မထားချင်တော့ပါဘူ...”
လွန်ခဲ့သော သုံးရက်က မုန့်ချင်ကျိုးသည် သူ၏ ဓားသူတော်စင် သရုပ်မှန်ကို ဖော်ထုတ်ပြီးနောက် ချက်ချင်းပင် ဧကရီထံသို့ နုတ်ထွက်လွှာ တင်ခဲ့သည်။ အကြောင်းပြချက်မှာ သီးခြားကျင့်ကြံအားထုတ်ရန် လိုအပ်နေပြီး နန်းတွင်းရေးရာများကို ဂရုစိုက်ရန် အချိန်မရှိခြင်းကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်းက သူ၏ ပထမဦးစားပေးပင်။
အမှန်စင်စစ် ဤအရာများမှာ ဧကရီကို လှည့်စားရန် အကြောင်းပြချက်များသာ ဖြစ်သည်။ မုန့်ချင်ကျိုးက တစ်ခါမျှ အလေးအနက် ကျင့်ကြံခဲ့ဖူးသူ မဟုတ်။
ကောင်းကင်ဘုံကံထူးရှင်ခန္ဓာပိုင်ရှင်ဖြစ်သဖြင့် သူက နေပူစာလှုံရုံနှင့်ပင် ကျင့်ကြံမှုအဆင့် တိုးတက်နိုင်သူ ဖြစ်သည်။ မျက်မမြင်စွမ်းအားစနစ်ကလည်း သူ၏ တိုးတက်မှုကို ကြောက်ခမန်းလိလိ မြှင့်တင်ပေး နေသေးသည်။ နှစ်ခုလုံး ပေါင်းလိုက်သည့်အခါ မုန့်ချင်ကျိုး၏ ကျင့်ကြံမှုအဆင့်မှာ စက္ကန့်နှင့်အမျှ ထိုးတက်နေတော့သည်။
ပင်ပန်းဆင်းရဲစွာ ကျင့်ကြံနေရန်ပင် မလိုပေ။
ဧကရီက ဒေါသမထွက်ဘဲ အလွန်စိတ်မကောင်း ဖြစ်သွားသည့်ပုံစံဖြင့် ခပ်တိုးတိုး မေးလိုက်သည်။
“ဝန်ကြီးမုန့်... ဘာလို့ ဒီလောက်တောင် ပြတ်ပြတ်သားသား နုတ်ထွက်ချင်နေရတာလဲ။ ငါ့ကို ဒီလောက်တောင် မုန်းလို့လား...”
ဤစကားကို ကြားလိုက်ရသည့်အခါ မုန့်ချင်ကျိုး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူက အမြန်ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မ... အဲဒီလို မပြောပါနဲ့။ ကျွန်တော်မျိုးမှာ အိမ်ထောင် ရှိပြီးသားပါ၊ အရှင်မရဲ့ ဘေးမှာလည်း ကြင်ရာတော် ရှိနေတာပဲ။ နားလည်မှုလွဲစေမယ့် စကားမျိုးတွေကို ဆင်ခြင်ပေးပါ။”
နန်းတွင်းအရာရှိများလည်း အလားတူပင် ထိတ်လန့်သွားကြသည်။ ဧကရီက မုန့်ချင်းအပေါ် ဤမျှအထိ နက်ရှိုင်းသော ခံစားချက် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
အင်း...
ဒါက အခွင့်အရေးကောင်းပဲ...
“အဟမ်း... အဟမ်း... ဟင်း...”
ပင်လယ်အရှင်သခင် ကျန်းရှောင်ချင်းက အခွင့်အရေးကို ရုတ်တရက် ရိပ်မိသွားပြီး လက်သီးဖြင့် ပါးစပ်ကိုအုပ်ကာ အဆက်မပြတ် ချောင်းဟန့်လိုက်သည်။
ညီအစ်ကိုတို့... အစီအစဉ်အတိုင်း သွားကြမယ်... ငါတို့ အလှည့်ရောက်ပြီ...
နန်းတွင်းအရာရှိများမှာ တစ်ဦးကိုတစ်ဦး သိသိသာသာ အကြည့်ချင်းဖလှယ်လိုက်ပြီး တမင်တကာ အသံကျယ်ကျယ်ဖြင့် ဆွေးနွေးလာကြသည်။
အရာရှိ (၁) - “ဝန်ကြီးမုန့် ဘာလို့ နုတ်ထွက်ဖို့ ဒီလောက် ဇွဲကောင်းနေတာလဲ ငါနားမလည်နိုင်ဘူး။ လှပ၊ ပါးနပ်ပြီး စွမ်းအားကြီးတဲ့ ဧကရီလက်အောက်မှာ အမှုထမ်းရတာ တကယ့် ဂုဏ်ယူစရာကြီးကို။”
အရာရှိ(၂) - “အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ရဲ့ ဂုဏ်သတင်းက တစ်လောကလုံး ကျော်ကြားတယ်၊ ဧကရီရဲ့နာမည်ကလည်း အရပ်ရပ်မှာ ပြန့်နှံ့နေတာ။ တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပဲ။ ကောင်းကင်က ဖန်တီးပေးထားတဲ့ အဖူးနဲ့အငုံလိုပဲ...”
အရာရှိ(၁)က တမင်ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်သည်။ “အဘိုးကြီးရန်... မင်း ဘာတွေ ပြောနေတာလဲ။ ဧကရီမှာ ကြင်ရာတော် ရှိတယ်။ ဝန်ကြီးမုန့်မှာလည်း ဇနီး ရှိတယ်။ ဘယ်လိုလုပ် ကောင်းကင်က ဖန်တီးပေးတဲ့ အဖူးနဲ့အငုံ ဖြစ်နိုင်မှာလဲ။”
အရာရှိ(၂)က သဘောပေါက်သွားသလို နဖူးကို ရိုက်ပြလိုက်သည်။ “တကယ်ပဲ... ဒါပေမဲ့... ဒါက လွယ်ပါတယ်။ အခုရှိနေတဲ့ ကြင်ရာတော်ကို နုတ်ထွက်ခိုင်းပြီးတော့ မုန့်ချင်းကို ကြင်ရာတော်အသစ် ခန့်လိုက်ရုံပေါ့။”
အရာရှိ(၁)က အံ့အားသင့်ဟန်ဆောင်ကာ လက်ခုပ်တီးပြီး ချီးကျူးလိုက်သည်။ “သိပ်ကောင်းတဲ့ အကြံပဲ။ အစ်ကိုရန်၊ မင်းကို ငါ အထင်ကြီးသွားပြီ။ ဒီအကြံပြုချက်က ပြစ်ချက်မရှိဘူး။ ဘယ်လိုမှ ငြင်းစရာ ရှာမတွေ့ဘူး။”
“ပါးစပ်ပိတ်ကြစမ်း။ ကြင်ရာတော်ရဲ့အကြောင်းကို ဒီလိုမျိုး မဟုတ်မကန် ပြောရဲတယ်ပေါ့၊ မင်းတို့ ခေါင်းတွေကို မနှမြောတော့ဘူးလား။” ကျန်းစန်းဟိုင်က မျက်တောင်တလှုပ်လှုပ်ဖြင့် ကြိမ်းမောင်း လိုက်သည်။
ဒီငတုံးက ဘာမှလည်း မသိဘဲနဲ့ ပြဿနာလာရှာနေကြတာပဲ။
ချင်းဖုန်းဟော်ပင် နဖူးကို လက်ဖြင့်အုပ်ကာ စိတ်ထဲမှ ရေရွတ်နေမိသည်။ ဪ... အဘိုးကြီးကျန်း ငါ့ကို ဘာလို့ တစ်ခါတလေ ငတုံးလို့ ထင်တာလဲဆိုတာ အခုမှပဲ ငါ သိတော့တယ်။
အရင်က ဧကရီက မုန့်ချင်းကို အချစ်တော်အဖြစ် ထားတယ်ဆိုတဲ့ ကောလာဟလတွေ ဘယ်လောက်ပဲ ထွက်ထွက်၊ နန်းတွင်းအရာရှိတွေက တိတ်ဆိတ်နေခဲ့ကြတယ်။
ဒါပေမဲ့ အခုတစ်ခါမှာတော့ နန်းတွင်းအရာရှိတွေက ဧကရီရဲ့ ချစ်ရေးချစ်ရာ လွတ်လပ်ခွင့်ကို ပေါ်ပေါ် တင်တင် ထောက်ခံလာကြတယ်။ သူတို့ ပြောချင်နေတာက “ဟိုကြင်ရာတော်ကို မေ့လိုက်စမ်းပါ၊ အဲဒီလူက အလှပြထားတာ။ အသုံးမကျဘူး။ အရှင်မ။ ဝန်ကြီးမုန့်ကို အမြန် လက်ထပ်လိုက်ပါ... သူစိမ်းတွေ လက်ထဲကို အပါမခံပါနဲ့...” ဟူ၍ပင်။
ထိုအထဲတွင် ပင်လယ်အရှင်သခင် ကျန်းရှောင်ချင်းမှာ တက်ကြွမှုအရှိဆုံး ဖြစ်ပြီး မျက်နှာမှာ ဂွမ်းယုကဲ့သို့ နီရဲကာ ခုန်ပေါက်ပြီး လှုံ့ဆော်နေသည်။ သူက မုန့်ချင်ကျိုးကို နုတ်ထွက်ခိုင်းပြီး မုန့်ချင်ကို ကြင်ရာတော် သစ်အဖြစ် ခန့်အပ်ရန် ဧကရီထံ အသနားခံစာ တင်ကြဖို့ နန်းတွင်းအမတ်များကို တိုက်တွန်းနေသည်။
မုန့်ချင်က ပြည်သူတွေ ရွေးချယ်တဲ့သူဆိုပဲ....
သို့သော်လည်း...
အံ့သြစရာကောင်းသည်မှာ နှစ်ဦးစလုံးမှာ လိုက်ဖက်လွန်းနေသော်လည်း ကြိုတင်ညှိနှိုင်းထားသကဲ့သို့ပင် ထိုအဆိုပြုချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ကြသည်။
ဧကရီက ပင်ပန်းနွမ်းနယ်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ငါ ခွင့်မပြုဘူး။ ကြင်ရာတော်ကို အတည်ပြုပြီးသား ဖြစ်လို့ စိတ်ထင်သလို ပြောင်းလို့ မရဘူး။”
မုန့်ချင်ကျိုးလည်း မတရားခံရသူလို လက်မြှောက်ကာ အညံ့ခံလိုက်သည်။ “လူကြီးမင်းတို့... ကျုပ်ကို ချမ်းသာပေးကြပါ။ ကျုပ်က ဇနီးကြောက်တတ်တဲ့သူပါ၊ အိမ်ပြန်ရင် ကျွန်တော့်ဇနီးက ကျွန်တော့်ရဲ့ ခြေထောက်တွေကို ရိုက်ကျိုးပစ်မှာ ကြောက်ရပါတယ်။”
၎င်းကို ကြားလိုက်ရသည့်အခါ နန်းတွင်းအရာရှိများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့အားသင့် သွားကြသည်။ သူတို့နှစ်ဦး၏ ပြင်းထန်သော ကန့်ကွက်မှုနှင့် အစွမ်းထက်လှသော အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က ဇနီးကြောက်တတ်သူ ဖြစ်နေခြင်းကြောင့်ပင်...
“ဒီဓားသူတော်စင်ရဲ့ ဇနီးက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိန်းမလဲဆိုတာ မှန်းဆရ ခက်လိုက်တာ...” အရာရှိတစ်ဦးက မုတ်ဆိတ်ကိုသပ်ရင်း ရေရွတ်လိုက်သည်။
ရာဇပလ္လင်ပေါ်တွင်မူ တုန်းဖန်လျူလီက အောက်မှ ငါးပိကောင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူက ကျေနပ်နေသလိုလိုနှင့် အေးစက်ဟန်ဆောင်ကာ တွေးနေသည်။ “ယောက်ျားတွေရဲ့ စကားက တကယ် ယုံရတာ မဟုတ်ဘူး၊ ကျွန်မ ရှင့်ကို ဘယ်တုန်းက နှိပ်စက်ဖူးလို့လဲ...”
နန်းတွင်းအရာရှိများမှာ စိတ်ပျက်လက်ပျက်ဖြင့် တိတ်ဆိတ်သွားပြီး ထပ်မံ မတိုက်တွန်းတော့သည်ကို မြင်ရသည့်အခါ မုန့်ချင်ကျိုး တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။
မုန့်ချင်ကျိုး - [ဟာသပဲ... ဘယ်သူက ဧကရီကို လက်ထပ်ရဲမှာလဲ။ သေတာမှ ပိုကောင်းဦးမယ်...]
တကယ်လို့ သူသာ ဧကရီကို လက်ထပ်မိရင် သူ့ရဲ့ အနာဂတ်ဘဝကို စဉ်းစားရုံနဲ့ ကြောက်စရာကြီး...
ညဘက်မှာ ကလေးယူချင်ရင်တောင် အရင်ဆုံး အသနားခံစာ တင်ရလိမ့်မယ်။ ဘာလို့လဲ၊ ဘယ်လို အကျိုးအပြစ်တွေ ရှိလဲဆိုတာ ရှင်းပြပြီး ခွင့်ပြုချက် စောင့်ရဦးမယ်။
ခွင့်ပြုချက်ရပြီဆိုရင်တောင် ကုတင်ပေါ်တက်ပြီး အဝတ်အစားချွတ်တဲ့အခါ ဧကရီရဲ့ အမိန့်ကို နာခံရဦးမှာ။ “ဝန်ကြီးမုန့်၊ ထစမ်း။ ငါ့နောက်က လိုက်လုပ်၊ စည်းချက်မှန်ပါစေ။ တစ်၊ နှစ်၊ တစ်...”
စဉ်းစားရုံနဲ့တင် သူ့ဦးရေပြားများ စိမ့်သွားရသည်။
၎င်းမှာ အလုပ်ကိုသာ ဖိလုပ်တတ်ပြီး ဗိုလ်ကျတတ်သည့် ဧကရီ၏ ပုံစံနှင့် ကွက်တိပင်။ သူသည် သာယာရမည့် အိပ်ရာထဲမှ ဘဝကိုပင် အလုပ်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်သည့် အမျိုးသမီး ဖြစ်သည်။
မှန်ပေသည်။ မုန့်ချင်ကျိုးက ဧကရီနှင့် ပတ်သက်လျှင် ဤမျှအထိ တင်းမာသူ ဖြစ်သည်။
ဧကရီ၏ အတွေးမှာမူ ထို့ထက် ပိုရိုးရှင်း၏။
ဧကရီ - [မုန့်ချင်ကျိုးကို နုတ်ထွက်ခိုင်းပြီး မုန့်ချင်ကို ကြင်ရာတော် တင်မြှောက်ရမယ် ဟုတ်လား။ အဲဒါက ဘောင်းဘီချွတ်ပြီး လေလည်သလိုပဲ။ အရမ်း အလုပ်ရှုပ်တယ်။ မလုပ်နိုင်ဘူး...]
“အရှင်မ...” ကျန်းရှောင်ချင်းက အံကို တင်းတင်းကြိတ်ကာ မကျေမနပ်ဖြစ်လျက် နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ချင်သေးသည်။
“ပါးစပ်ပိတ်ထား...”
တုန်းဖန်လျူလီက အေးစက်စွာ ပြောလိုက်သည်။ “ကျန်းရှောင်ချင်း... ငါ မင်းကို သည်းခံခဲ့တာ လုံလောက်ပြီ။ ဒီနေ့ ကြင်ရာတော်ကို နန်းချဖို့ ကြံစည်တာက မင်းရဲ့ အစီအစဉ်ဆိုတာကို ငါမသိဘူး ထင်နေလား။”
ကျန်းရှောင်ချင်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဝန်ကြီးမုန့်က စရိုက်ရော၊ စွမ်းအားရော၊ မဟာကျင်းအတွက် လုပ်ဆောင်ချက်တွေမှာပါ အတော်လေးကို ထူးချွန်တဲ့သူပါ။ ဘာလို့ ဝန်ကြီးမုန့်ကို လက်မခံနိုင်ရတာလဲ။ ကျွန်တော်မျိုး နားမလည်နိုင်ဘူး...”
“ဟေ့... ဟေ့... ဟေ့...” မုန့်ချင်ကျိုးက အဆက်မပြတ် ခေါ်ပြီး အလျင်အမြန် ပြောသည်။ “ညီအစ်ကို... ကျုပ်ရဲ့ သဘောထားကိုလည်း မမေ့နဲ့ဦးလေ။ ဒါက ဧကရီ သဘောတူတာ မတူတာတင် မဟုတ်ဘူး၊ တကယ်လို့ သူက ကျုပ်ကို ကြင်ရာတော် တင်မြှောက်ချင်ရင်တောင် ကျုပ်ကော လိုချင်ရဲ့လားဆိုတာ အရင်မေးရဦးမှာလေ။”
မင်းတို့အားလုံး ရူးကုန်ကြပြီလား။
တစ်ယောက်က လက်မထပ်ချင်ဘူး၊ နောက်တစ်ယောက်ကလည်း အယူမခံချင်ဘူး၊ အောင်သွယ်တော် တွေကမှ အသည်းအသန်ကို ဖြစ်နေကြတာ။
မင်းနားမပူ၊ အလုပ်သမား နားပူ ဆိုသလိုပဲ။
ကျန်းရှောင်ချင်းက အံ့သြတုန်လှုပ်စွာ မေးသည်။ “ဝန်ကြီးမုန့်က ဧကရီကို မကြိုက်ဘူးလား။”
“ခင်ဗျား မေးတာက အဓိပ္ပာယ်မရှိတဲ့ မေးခွန်းပဲ...” မုန့်ချင်ကျိုး စိတ်ပျက်သွားသည်။
ထိုလူကို တုတ်နှင့် လှမ်းရိုက်ချင်စိတ်တောင် ပေါက်သွား၏။
၎င်းကို ကြားသည့်အခါ ကျန်းရှောင်ချင်း၏ မျက်နှာမှာ တည်ကြည်သွားပြီး အလေးအနက် ပြောလာသည်။
“ဝန်ကြီးမုန့်... ဓားသူတော်စင်...”
“မင်းက မွေးရာပါ မျက်စိမမြင်ရလို့ ဧကရီကို တစ်ခါမှ မမြင်ဖူးဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ငါ အာမခံနိုင်တာကတော့ ဧကရီရဲ့ အလှတရားနဲ့ ကျော့ရှင်းမှုဟာ အနှိုင်းမဲ့ပဲ။ လောကမှာ အလှတရားကို (၁၀)ဆင့် ခွဲထားမယ်ဆိုရင် ဧကရီက (၉)ဆင့်ခွဲကို ယူထားပြီး ကျန်တဲ့သူတွေအတွက် နည်းနည်းပဲ ချန်ထားတာ။ ဧကရီနဲ့ လက်ထပ်ရတာက သုံးဘဝစာ ကုသိုလ်ပဲ...”
ကျန်းရှောင်ချင်းက အားရပါးရ ထပ်ဖြည့်လိုက်သည်။
“ပြီးတော့ ဧကရီက ဧကရာဇ်လည်း ဟုတ်တယ်။ မဟာကျင်းရဲ့ အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးပဲ။ ဧကရီနဲ့ လက်ထပ်ရတာက ပျော်ရွှင်မှုရော၊ ဂုဏ်သိက္ခာရော နှစ်ခုစလုံး ရမှာ။ ဘယ်လို ထင်လဲ။”
မုန့်ချင်ကျိုးမှာ ပါးစပ်အဟောင်းသားဖြင့် အတော်ကြာ မှင်သက်သွားပြီးနောက် တိတ်ဆိတ်စွာဖြင့် လက်မ ထောင်ပြလိုက်သည်။ “လန်းလိုက်တာဗျာ။”
“ကျုပ်ထင်တာကတော့... ခင်ဗျား မကြာခင် သေတော့မယ် ဆိုတာပဲ။”
ဧကရီကို မုန့်ချင်းဆီ ရောင်းစားနေတာ။
ခင်ဗျားက သမိုင်းမှာ ပထမဆုံးပဲ။ ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ ဆွေမျိုး(၉)ဆက်လုံးကို သတ်ပစ်ပြီး ဝန်ထုပ်ဝန်ပိုး လျှော့ချချင်နေတာလား။