← Chapters

ရာထူးမှ နုတ်ထွက်ခြင်း

Vol. 7 Ch. 85

ရာထူးမှ နုတ်ထွက်ခြင်း

Vol. 7 Ch. 85

မျှော်လင့်ထားသည့်အတိုင်းပင် ဧကရီက ဒေါသအကြီးအကျယ်ထွက်ကာ စားပွဲကို လက်ဖြင့် အုန်းခနဲ ရိုက်လိုက်တော့သည်။ သူက ပင်လယ်အရှင်သခင်ကို ဈေးအဝင်ဝတွင် ဒူးထောက်ကာ ပြစ်ဒဏ်ခံရန် အမိန့်ပေးလိုက်ပြီး လျှပ်စီးကြိမ်လုံးဖြင့် သနားညှာတာမှုမရှိဘဲ ရိုက်နှက်စေခဲ့သည်။

ပြစ်ဒဏ်ကို ချင်းဖုန်းဟော်ကိုယ်တိုင် စီရင်ခြင်းဖြစ်သည်။

ပင်လယ်အရှင်သခင်က နာကျင်လွန်းသဖြင့် အသံကုန်အော်ဟစ်နေသော်လည်း သူ၏ မလျှော့သောဇွဲဖြင့် မုန့်ချင်ကျိုးကို နန်းချရန်နှင့် မုန့်ချင်ကို ကြင်ရာတော်အဖြစ် တင်မြှောက်ရန် အော်ဟစ်ဆဲဆိုနေဆဲပင်။

“ဒီကြင်ရာတော်က ရာထူးနဲ့ မထိုက်တန်ဘူး။ မင်္ဂလာပွဲကြီး ကျင်းပပြီးတာ တစ်လကျော်ပြီ။ ကျုပ်တောင် သူ ဘယ်လို ရုပ်လဲ၊ အိုလား ပျိုလား မသိရသေးဘူး။ သူ့နာမည်ကိုပဲ သိရတာ။ သူ တာဝန်ယူနေတဲ့ အချိန်မှာလည်း ဘာမှ ထူးထူးခြားခြား လုပ်ခဲ့တာမျိုး မရှိဘူး။ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”

“ဓားသူတော်စင် မုန့်ချင်းကသာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ရွေးချယ်မှုပဲ...”

“အရှင်မ... အား... နာတယ်။ မဏ္ဍိုင်ကြီး၊ ခင်ဗျား နည်းနည်းလောက် လျှော့ရိုက်လို့ မရဘူးလား။ ကျွန်တော့်ကို သက်ညှာပေးပါဦး။”

နန်းတော်ခန်းမအတွင်း ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွား၏။

နန်းတွင်းအမတ်များမှာ ပင်လယ်အရှင်သခင်၏ ပြတ်သားသော စိတ်ဓာတ်ကို အထူးပင် လေးစား အားကျနေကြသည်။

တုန်းဖန်လျူလီမှာမူ နားထင်ကို ပွတ်နေမိပြီး ခေါင်းကိုက်နေတော့သည်။

အကယ်၍ ပင်လယ်အရှင်သခင်၏ မယိုင်မလဲသော သစ္စာစောင့်သိမှုကြောင့်သာ မဟုတ်လျှင်၊ မုန့်ချင်းနှင့် မုန့်ချင်ကျိုးမှာ တကယ်တော့ တစ်ယောက်တည်း ဖြစ်နေသည်ကို သိထားသောကြောင့်သာ ဧကရီ၏ ဒေါသမီးလျှံအတွင်းမှ သီသီလေး လွတ်မြောက်သွားခြင်းပင်။ မဟုတ်လျှင် ဈေးဝတွင် ကြိမ်ဒဏ်ခံရုံနှင့် ပြီးမည်မဟုတ်ချေ။

အတော်ကြာပြီးနောက်...

သူက အစိမ်းရောင်ဝတ်စုံနှင့် ဓားသူတော်စင်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ စကားဆိုလာသည်။ “ပြောစမ်းပါဦး၊ မင်းက ဘာလို့ ဒီလောက်တောင် ပြတ်ပြတ်သားသား နုတ်ထွက်ချင်နေရတာလဲ။”

မုန့်ချင်ကျိုးက နှိမ့်ချခြင်းလည်းမရှိ၊ မာန်တက်ခြင်းလည်း မရှိဘဲ တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။ “ကျွန်တော်မျိုးနဲ့ ဇနီးသည်က နန်းတွင်းဘဝကို မပျော်ပိုက်ပါဘူး။ ကျုပ်တို့က လွင့်မျောနေတဲ့ တိမ်တိုက်တွေ၊ တောရိုင်းဗျိုင်းတွေလို အေးအေးချမ်းချမ်း နေထိုင်သွားဖို့ပဲ ဆန္ဒရှိပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အိပ်မက်ပါပဲ။”

ထပ်ပြီးတော့ ကျွန်တော့်မျိုးရဲ့ဇနီး ဆိုတဲ့ စကားလုံး ပါလာပြန်ပြီ...

ဒါက ရှင့်ရဲ့ တကယ့်ဆန္ဒသာ ဆိုရင်...

တုန်းဖန်လျူလီမှာ ပျားရည်နံ့သင်းသည့် ခွေးစာကို တစ်လုပ်ကြီး ကျွေးခံလိုက်ရသလို ခံစားလိုက်ရပြီး ချိုမြိန်လွန်းသဖြင့် သူ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားရ၏။

အမှန်စင်စစ် သူက ဤအဖြေကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သည်။ သူကို တကယ်ပ စိတ်ပျက် စေသည်မှာ မုန့်ချင်ကျိုး၏ မျက်လုံးထဲတွင် သူ၏ဧကရီဟူသော အဆင့်အတန်းမှာ ဘာမှ အရေးမပါလို ဖြစ်နေခြင်းပင်။

သူ မည်မျှ ကြိုးစားပါစေ၊ ဘာတိုးတက်မှုမှ မရှိချေ။ စားပွဲကိုသာ မှောက်လှန်ပစ်လိုက်ချင်တော့သည်......

“ကောင်းပြီလေ။ မဟာကျင်းတိုင်းပြည်အပေါ် မင်းရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ထားပြီး မင်းရော မင်းဇနီးကိုပါ နုတ်ထွက်ခွင့် ပြုလိုက်မယ်။”

တုန်းဖန်လျူလီ၏ နီမြန်းသော နှုတ်ခမ်းအစုံမှာ အပြုံးဖျော့ဖျော့လေး ဖြစ်သွားပြီး ပျင်းရိသော လေသံဖြင့် ပြောသည်။ “မနက်ဖြန်ကျရင် ငါ့ရဲ့ ဧကရာဇ်ရထားလုံးက ရှင့်ကို ပြန်ပို့ပေးလိမ့်မယ်။ ငြင်းဆန်ဖို့ မကြိုးစားနဲ့။ ရှင့်ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကြီးမားလွန်းလို့ ဘယ်လို ဆုချရမလဲတောင် ငါမသိတော့ဘူး။ ဧကရာဇ်ရထားလုံးနဲ့ ပို့ဆောင်ပေးတာက ငါ့ရဲ့ အမြင့်ဆုံး လေးစားမှုပဲ။”

ဟွန့်...

ပြန်သွားလိုက်၊ ပစ္စုပ္ပန်ကျေးရွာကို ပြန်သွားလိုက်...

ဒါက မြို့တော်ကို တစ်ပတ်ပတ်တာနဲ့ အတူတူပါပဲ။ ပြီးရင် ရှင် ပြန်ရောက်လာမှာပဲ။ ဟီးဟီး...

“ကျေးဇူးတင်ပါတယ် အရှင်မ။” မုန့်ချင်ကျိုးက ဧကရီ၏ ရက်ရောမှုကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး အသာအယာ ဦးညွှတ်လိုက်၏။ သူ့ကို တကယ် လွှတ်ပေးမည်ဟု မထင်ထားခဲ့ပေ။

နန်းတွင်းအရာရှိများမှာမူ မျက်နှာပျက်သွားကြပြီး ဝုန်းခနဲ ဒူးထောက်လိုက်ကြသည်။

ဧကရီက သေချာပေါက် ငြင်းဆိုလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က မဟာကျင်းအတွက် အလွန်အရေးပါပြီး ပြည်သူများကလည်း ဓားသူတော်စင်နှင့် ဧကရီကို ယုံကြည်ကိုးကွယ်မှု၏ ပြယုဂ်အဖြစ် မြင်နေကြသောကြောင့်ပင်။

ထို့ပြင် အင်အားစုကြီး (၇)ခုနှင့် အဆုံးအဖြတ်တိုက်ပွဲမှာ ပြီးဆုံးခဲ့သည်မှာ (၃)ရက်သာ ရှိသေးပြီး မုန့်ချင်ကျိုး၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်နေချိန် ဖြစ်သည်။ သူ၏ အောင်မြင်မှုများကည် အနှိုင်းမဲ့ဖြစ်ရာ သူသည် မဟာကျင်း၏ အစွမ်းအထက်ဆုံး ဝန်ကြီး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ကျန်းစန်းဟိုင်နှင့် ချင်းဖုန်းဟော်တို့ပင် မုန့်ချင်းကို မယှဉ်နိုင်ချေ။

သို့သော် ဧကရီက သဘောတူလိုက်၏။ မည်သူက မျှော်လင့်ထားပါမည်နည်း...

၎င်းတင် မကပေ။ အလွန်အမင်း လွယ်လွယ်ကူကူပင် သဘောတူလိုက်ခြင်း ဖြစ်သည်။

“အရှင်မ... ပြန်စဉ်းစားပေးပါဦး။ ဝန်ကြီးမုန့်က ငယ်ရွယ်ဖျတ်လတ်တုန်းပါ၊ ဘယ်လိုလုပ် ဒီလောက် စောစော အနားယူနိုင်မှာလဲ။ ဒီအရာှိက မနာလို... မဟုတ်ဘူး၊ ဒီအရာရှိက နှမြောလွန်းလို့ပါ...”

“ဝန်ကြီးမုန့်က မကြာသေးခင်ကမှ ကြီးမားတဲ့ အောင်မြင်မှုတွေ ရထားတာပါ။ တကယ်လို့ သူ ဒီနေ့ပဲ ရာထူးက နုတ်ထွက်ပြီး ဇာတိကို ပြန်သွားမယ်ဆိုရင် တောရိုင်းမြေက အရှင်မင်းမြတ်ကို အသုံးချပြီးတာနဲ့ သစ္စာရှိအရာရှိတွေကို စွန့်ပစ်တယ်လို့ ဝေဖန်ကြပါလိမ့်မယ်။ အရှင်မ သဘောမတူသင့်ပါဘူး...”

“အရှင်မ... အမိန့်ကို ပြန်ရုပ်သိမ်းပေးပါဦး။”

တုန်းဖန်လျူလီမှာ ဆူညံသံများကြောင့် နားထဲတွင် အူနေတော့သည်။

ဒီဆူညံလှတဲ့ အရာရှိတွေက သူရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ ဝင်ပါဖို့ကလွဲရင် ဘာမှလုပ်စရာမရှိသလိုပဲ။

“ငါ့ဆုံးဖြတ်ချက်က အတည်ပဲ။ ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးစရာမလိုတော့ဘူး။ နန်းတွင်းအစည်းအဝေး ပြီးပြီ...” တုန်းဖန်လျူလီက စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

စုချင်ချိုးက ဧကရီ အနောက်သို့ အပြေးအလွှား လိုက်သွားပြီး အမှောင်ထဲတွင် ပုန်းနေသော ဝူတျဲကို လှမ်းခေါ်လိုက်သည်။

“မြန်မြန်... မြန်မြန်၊ ပစ္စည်းအဖွဲ့က ဘယ်မှာလဲ။”

“ဧကရီက အဝတ်အစားလဲဖို့ လိုနေပြီ...”

“လာပြီ လာပြီ။” ဝူတျဲက သာမန်အဖြူရောင် ဝတ်စုံအထပ်လိုက်ကို ကိုင်ကာ ရောက်လာသည်။

ခဏအကြာတွင် တုန်းဖန်လျူလီက အမျိုးသမီးအရာရှိတစ်ဦးအသွင်ဖြင့် ပြန်ပေါ်လာပြီး ဧကရာဇ် လမ်းမအထက်တွင် ကျော့ရှင်းစွာ ရပ်နေကာ တောက်ပလွန်းနေတော့သည်။

နန်းတွင်းအစည်းအဝေး ပြီးဆုံးသွားလေပြီ။

အရာရှိများက လက်မလျှော့နိုင်သေးဘဲ မုန့်ချင်ကျိုး၏ အနောက်သို့ လိုက်လာကာ ဆက်နေရန် ဖျောင်းဖျနေကြသည်။

မုန့်ချင်ကျိုး စိတ်အနှောင့်အယှက်ဖြစ်ကာ ဓားကို ဆွဲထုတ်လိုက်မှသာ အမတ်များသည် ရုတ်တရက် ရပ်တန့်သွားကြပြီး ဤသူမှာ နံနက်ခင်းအလင်းနယ်ပယ် နှင့် ရင်ဘောင်တန်းနိုင်သော ကြီးမြတ်သည့် ဓားသူတော်စင် တစ်ဦးဖြစ်ကြောင်း သတိရသွားကြတော့သည်။

မုန့်ချင်ကျိုးက လျို့ဝှက်ဓားအရှင်သခင်၏ အမွေအနှစ်ဖြစ်သော [ပုစဉ်းရင်ကွဲတေးသံ] ဟု အမည်ရသည့် ဧကရာဇ်အဆင့် ဓားရှည်ကို အိမ်ထဲသို့ ပြန်ထည့်ရင်း ခေါင်းညိတ်လိုက်သည်။

သူက အရာရှိများ၏ တုံ့ပြန်မှုကို အလွန်ကျေနပ်သွားသည်။

ငါ့ရဲ့ အစစ်အမှန်ကို ထုတ်ပြလိုက်လို့ရတဲ့ တစ်ခုတည်းသော ကောင်းကွက်က လူတွေနဲ့ စကားအများကြီး ပြောနေစရာမလိုတော့တာပဲ။ ဧကရီကိုလည်း အောက်ကျနောက်ကျ လိုက်ပြီး မျက်နှာချို သွေးနေစရာ မလိုတော့ဘူး။

ဆိုးကွက်ကတော့ ဒုက္ခတွေက ပိုပြီးတိုးလာဦးမှာပဲ။ ဒါပေမဲ့ ပစ္စုပ္ပန်ကျေးရွာကို ပြန်ရောက်တာနဲ့ ငါတို့ တကယ်ပဲ အေးအေးချမ်းချမ်း နေရတော့မှာပါ။

ဧကရာဇ်လမ်းမ၏ အဆုံးတွင် မုန့်ချင်ကျိုးက ရင်းနှီးနေသော ရနံ့တစ်ခုကို ရလိုက်သဖြင့် ပြုံးလိုက်မိ၏။

ကျော့ရှင်းသော ပုံရိပ်လေးတစ်ခုက သူ့ကို စောင့်ကြိုနေပြီး သူ၏ အဖြူရောင်ဝတ်စုံလေးမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ သူ့ကို မြင်လိုက်ရသည့်အခါ ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။

“အိမ်ပြန်ရအောင်။” တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ လက်မောင်းကို သဘာဝကျကျ ချိတ်လိုက်ပြီး သူ၏ ခေါင်းကို သူ၏ ပုခုံးပေါ်တွင် မှီထားလိုက်သည်။

“အရှင်မက ခွင့်ပြုပေးလိုက်ပြီ။ မနက်ဖြန်ကျရင် ကိုယ်တို့ ချင်ချိုး၊ ဝူတျဲနဲ့ ဝါကြီးတို့ကို ခေါ်ပြီးတော့ ပစ္စုပ္ပန်ရွာကို ပြန်ကြမယ်။” လမ်းလျှောက်နေရင်း မုန့်ချင်ကျိုးက ပြောလိုက်သည်။

“ကိုယ်နဲ့မင်း နောက်ဆုံးတော့ လွတ်လပ်သွားပြီ...”

“အခုကစပြီး ကိုယ်တို့က နန်းတွင်းနဲ့ မဟာကျင်းတိုင်းပြည်ကနေ လွတ်ကင်းသွားပြီ။ တိုင်းပြည်ရဲ့ အတက်အကျတွေက ကိုယ်တို့နဲ့ ဘာမှမဆိုင်တော့ဘူး။”

မုန့်ချင်ကျိုးက အနည်းငယ် လွမ်းဆွတ်သလို သက်ပြင်းချလိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူက ဧကရီကို မမုန်းပေ။ ထိုကဲ့သို့ အနှိုင်းမဲ့သော ဧကရီမျိုးကို မနှစ်သက်သူမှာ ယောက်ျားညံ့သာ ဖြစ်လိမ့်မည်။

သို့သော် မုန့်ချင်ကျိုးမှာ စိတ်ထားဖြူစင်သော စစ်သည်တော်တစ်ဦးဖြစ်ရာ သူ၏ဘေးမှ မိန်းမလှ နတ်သမီးလေးကို သစ္စာမဖောက်လို၍ ဧကရီကို အန္တရာယ်ရှိသော အရာကဲ့သို့သာ သတ်မှတ်ထားခြင်း ဖြစ်သည်။

မဟာကျင်းကို တကယ် စွန့်ခွာပြီး ဧကရီနှင့် အဆက်အသွယ်ဖြတ်ရတော့မည် ဖြစ်သဖြင့် မုန့်ချင်ကျိုး စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။

ဧကရီ၏ဆွဲဆောင်မှုမှာ ပြင်းထန်လွန်းရာ သူပင် လွှမ်းမိုးခံထားရပြီး အလွန်လေးစားမိသည်။

သို့သော် ဝမ်းနည်းစရာက သူတို့၏ လမ်းစဉ်များ မတူကြပေ။

သူတို့က လမ်းခွဲရန် ကံပါလာခဲ့လေသည်။

“အနှောင်အဖွဲ့တွေကနေ လွတ်ကင်းသွားပြီတဲ့...” တုန်းဖန်လျူလီက ပါးစပ်ကိုအုပ်ကာ တိုးတိတ်စွာ ရယ်လိုက်သည်။

ငတုံး ငါးပိကောင်လေး။ ရှင်က မဟာကျင်းရဲ့ ပတ်ပတ်လည်မှာပဲ လည်နေတာဆိုတာ မသိဘူးလား။ ရှင်လုပ်ခဲ့သမျှ အရာအားလုံးက မဟာကျင်းအတွက်ပဲ။ တစ်နေ့ကျရင် အမှန်တရားကို သိသွားတဲ့အခါ ရှင့်မျက်နှာ ဘယ်လိုဖြစ်မလဲဆိုတာ သိချင်လှပြီ။

သူတို့နောက်တွင် ခိုးကြောင်ခိုးဝှက် ပုံရိပ်နှစ်ခု ကပ်ပါလာ၏။

“ကြင်ရာတော်နဲ့ ဧကရီမင်းမြတ်က တကယ့်ကို ချိုမြိန်နေတာပဲ။” စုချင်ချိုးက သူ၏ ရင်ဘတ်ကို ဖိထားရင်း ရှေ့မှ နတ်ဘုရားစုံတွဲကို စိုက်ကြည့်နေမိသည်။

ဝူတျဲကလည်း သဘောတူဟန်ဖြင့် ခေါင်းညိသည်။ “ဓားသူတော်စင်နဲ့ ဧကရီ... ဟမ်..”

ရုတ်တရက် ဝူတျဲ၏ မျက်လုံးများ ပြူးကျယ်သွားကာ စုချင်ချိုး၏ ပုခုံးကို ထိတ်လန့်တကြား ဆွဲကိုင်လိုက်သည်။ “နင် အခု ဘာပြောလိုက်တာလဲ...”

“ဧကရီရဲ့ ကြင်ရာတော်...”

စုချင်ချိုးမှာ ချိုမြိန်မှုထဲတွင် နစ်မျောနေဆဲဖြစ်ရာ မစဉ်းစားဘဲ ပြောမိသွားသည်။ “အင်း။ ကြင်ရာတော်နဲ့ ဧကရီလေ...”

“အာ...”

စုချင်ချိုးက မူးနေရာမှ ရုတ်တရက် လန့်နိုးသွားသကဲ့သို့ ဖြစ်သွားပြီး ခေါင်းကို အားနာစွာ ကုပ်လိုက်သည်။

ဝူတျဲက မုန့်ချင်ကျိုး၏ သရုပ်မှန်မှာ ကြင်ရာတော်ဖြစ်သည်ကို မသိသေးကြောင်း ခုမှ သတိရသွားသည်။

“ဒါနဲ့... ဧကရီရဲ့ ကြင်ရာတော်က ဓားသူတော်စင်မှန်းလည်း နင် ငါ့ကို အရင်က မပြောဘူးလေ...” စုချင်ချိုးက အော်လိုက်သည်။

ဓားကျင့်ကြံသူ တစ်ဦးအနေဖြင့် ဓားသူတော်စင်ဟူသော ဘွဲ့မှာ စုချင်ချိုးအတွက် ကြင်ရာတော်ဟူသော ဘွဲ့ထက် ပို၍ လေးနက်ပြီး ဖိအားပေးနိုင်စွမ်းရှိသည်။

ကြင်ရာတော်ကို အမြဲပင် လေးစားခဲ့သော စုချင်ချိုး၏ လေးစားမှုမှာ ယခုအခါ မကုန်ခမ်းနိုင်သော မြစ်တစ်စင်းကဲ့သို့ တိုးပွားလာတော့သည်။

ဝူတျဲမှာမူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မှင်သက်ကာ ကျန်ရစ်ခဲ့ပြီး သူ၏ နားထဲတွင် မိုးခြိမ်းသံများ ဟိန်းနေတော့သည်။

ကြင်ရာတော်...

ဧကရီရဲ့ ကြင်ရာတော်...

သူ တစ်ချိန်က လုပ်ကြံသတ်ဖြတ်ချင်ခဲ့တဲ့သူက သူဘေးမှာ တစ်လျှောက်လုံး ရှိနေခဲ့တာလား...

“တော်သေးတာပေါ့...”

“ကျောက်ကော်က ငတုံးမို့လို့ ငါ့ကို ကြင်ရာတော်ရဲ့ပုံတူ ကြိုမပေးခဲ့တာ တော်သေးတယ်။ မဟုတ်ရင် ငါ တစ်သက်လုံး နောင်တရနေတော့မှာ။” ဝူတျဲက တုန်ယင်နေသော ရင်ဘတ်ကို ပုတ်ရင်း ချွေးစေးများ ထွက်လာတော့သည်။

All Chapters