ချုံး၏ တန်ပြန်တိုက်စစ် စတင်ပြီ
Vol. 7 Ch. 86
နောက်တစ်နေ့။
မြို့တော်၏ တံခါးဝရှေ့တွင် အာဏာပိုင်များ၏ စီစဉ်ညွှန်ကြားမှု တစ်စုံတစ်ရာမရှိဘဲ မရေမတွက်နိုင်သော မြို့သူမြို့သားများသည် လမ်းဘေးဝဲယာတွင် စုရုံးနေကြသည်။ အစောင့်တပ်ဖွဲ့u အုန်းအုန်းကျက်ကျက် ဖြစ်နေသော လူအုပ်ကြီးကို မနည်းတားဆီးထားရသည်။
သူတို့က မုန့်ချင်း၏ ဘွဲ့အမည်ကို ထပ်တလဲလဲ ဟစ်ကြွေးနေကြ၏။
“အချိန်နဲ့နေရာလွတ် ဓားသူတော်စင်။ ခင်ဗျားက ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာပါပဲ။ ခင်ဗျားမရှိဘဲ ကျွန်တော်တို့ ဘယ်လိုရှင်သန်ရမလဲ။”
“အခုရှိနေတဲ့ ဧကရီရဲ့ ကြင်ရာတော်က အလှပြ ပန်းအိုးသက်သက်ပဲ။ ကျွန်တော်တို့ရဲ့ ခန့်ညားထည်ဝါပြီး ရဲရင့်တဲ့ ဝန်ကြီးနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။ ဝန်ကြီးမုန့်ကို ကြင်ရာတော်အသစ်အဖြစ် တင်မြှောက်ဖို့ ပင်လယ်အရှင်သခင်ရဲ့ အဆိုပြုချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်...”
“ဓားသူတော်စင်ကြီး ထွက်လာပြီ။ အရမ်းခန့်တာပဲ။ ကျွန်မရဲ့ ယောက်ျား ဖြစ်ဖို့ တကယ့်ကို ထိုက်တန်ပါတယ်...”
“ဝိုး... နှာခေါင်းသွေးတွေတောင် ထွက်ကုန်ပြီ။ ဝန်ကြီးမုန့်ရဲ့ ရုပ်ရည်က ကျွန်မရဲ့ ခြေထောက်တွေကို မခိုင်တော့အောင် လုပ်နေပါပြီ။”
အာမေဋိတ်သံ လှိုင်းလုံးကြီးများအကြား လူအုပ်ကြီး၏ အကြည့်များမှာ ထုဆစ်မွမ်းမံထားသော မြင့်မားလှသည့် ဧကရာဇ်ရထားလုံးကြီးဆီသို့ စုပြုံရောက်ရှိနေသည်။
မုန့်ချင်ကျိုးက မတ်မတ်ရပ်လျက် လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြနေသော်လည်း သူ၏ နှုတ်ခမ်းထက်က အပြုံးမှာမူ အနည်းငယ် တောင့်တင်းနေသည်။
“မိန်းမ... မင်းရဲ့ ယောက်ျားက ဓားသူတော်စင် တစ်ယောက်ပဲလေ။ ဧကရာဇ်ရထားလုံး စီးနေစရာ မလိုပါဘူး။ ကိုယ် မင်းကို ဓားပျံနဲ့ ခေါ်သွားရင် ပစ္စုပ္ပန်ကျေးရွာကို မျက်မိတစ်မှိတ်အတွင်း ပြန်ရောက် နိုင်တယ်လေ။”
“ဒါက အရမ်းကြီး လူသိထင်ရှား ဖြစ်လွန်းတယ်။”
မုန့်ချင်ကျိုးက တစ်တိုင်းပြည်လုံး၏ အသည်းကျော်အဖြစ် ဆက်ဆံခံရခြင်းကို အလွန်နေရခက်နေသည်။ သူ ဝမ်းသာနေသည်ကို မငြင်းသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ရာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။
ရထားလုံးမှာ လူ(၁၀)ယောက်ထက်မက ဆံ့အောင် ကျယ်ဝန်းလှသည်။
ယခုအခါ တုန်းဖန်လျူလီ၊ စုချင်ချိုး၊ ဝူတျဲနှင့် ဝါကြီးတို့အားလုံး ရထားလုံးပေါ်တွင် စုဝေးနေကြသည်။
နေမင်းအရှင်သခင်မှာမူ မြည်းတစ်ကောင်နှင့်တူကာ ခရီးဆောင်အိတ်ကြီးများကို သယ်ပိုးထားရပြီး သူ၏ ခွေးမျက်နှာတွင် အားကိုးရာမဲ့မှုများ ပြည့်နှက်နေ၏။
မင်းတို့နှစ်ယောက် သရုပ်ဆောင်နေကြတာ ငါ့ကို ဘာလို့ အဖော်စပ်တာလဲ။ ငါက ခွေးတစ်ကောင်ပါပဲ၊ ခွေးပေါက်လေးတစ်ကောင်ကို ဘာလို့ ဒီလောက်တောင် ဒုက္ခပေးရတာလဲ။
ဝူတျဲနှင့် စုချင်ချိုးတို့မှာမူ မံမီနှစ်ယောက်ကဲ့သို့ လုံခြုံစွာ ပတ်ချည်ထားကြသည်။
တစ်ဦးက နာမည်ကျော် အေးစက်လှသော ဓားနတ်ဘုရားမဖြစ်ပြီး၊ နောက်တစ်ဦးက သူပုန်ဘုရင်ထံတွင် အမှုထမ်းခဲ့ဖူးသူဖြစ်ရာ နှစ်ဦးလုံးမှာ လူပုံအလယ်တွင် မျက်နှာပြရန် မဝံ့ရဲကြချေ။
“လူတွေ အများကြီးပဲ... ကြင်ရာတော်ရဲ့ ဂုဏ်သတင်းက အရှင်မနဲ့တောင် ရင်ဘောင်တန်းတော့မယ်” စုချင်ချိုးက မျက်လုံးကြီးများကို ဝေ့ဝိုက်ကာ လမ်းဘေးဝဲယာရှိ မြို့သူမြို့သားများကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း အသံလွှင့်ကာ ပြောလိုက်သည်။
ဝူတျဲကမူ ၎င်းက သဘာဝကျသည်ဟု ယူဆဟန်ဖြင့် ပြန်ပြောသည်။ “ဒါက ထူးဆန်းတာ မဟုတ်ပါဘူး။ ဒါက ဓားသူတော်စင် တစ်ယောက် ခရီးသွားတဲ့အခါ ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းပဲ...”
တုန်းဖန်လျူလီက ဆိုဖာပေါ်တွင် ကျော့ရှင်းစွာ ထိုင်နေပြီး လိမ္မာယဉ်ကျေးသော ဇနီးသည်တစ်ဦး၏ ပုံရိပ်ကို ဖော်ဆောင်နေသည်။ မုန့်ချင်ကျိုး၏ တိုးတိတ်သော ညည်းညူသံကို ကြားလိုက်ရသည့်အခါ သူက ပြုံးလျက် ပြောလိုက်သည်။
“ဪ...”
“ရှင် ပြောချင်တာက ရှင့်ရဲ့ ဓားအသိနဲ့ မိုင်ပေါင်းသုံးထောင်ကို ပျံသန်းပြီးတော့ ရွာသား(၃၀၀)ကျော်ရဲ့ အကြည့်တွေအောက်မှာ ခန့်ညားထည်ဝါစွာ ရွာကို ပြန်ချင်တာလား။”
“ဒါလည်း ဖြစ်နိုင်တာပဲ။ အရင်က ရွာမှာ နေခဲ့တဲ့ အိမ်ပါသမက်လေးကနေ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်အဖြစ် ဘယ်လို ပြောင်းသွားလဲဆိုတာ ဟိုငတုံးရွာသားတွေကို ပြဖို့ အချိန်တန်ပြီလေ။”
၎င်းကို ကြားလိုက်ရသည့်အခါ မုန့်ချင်ကျိုး ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
ဟုတ်ပါပြီဗျာ...
သူက ခဏတဖြုတ် အေးအေးဆေးဆေး နေချင်ရုံသာ ရှိသော်လည်း ဤမျှ လူသိထင်ရှားစွာ ရွာပြန်သွားလျှင် ရွာလူကြီး ကျန်းတဟိုင်တစ်ယောက် ထိတ်လန့်ပြီး သေသွားနိုင်ပေသည်။
တုန်းဖန်လျူလီ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။
ဟီးဟီး... ဒီငါးပိကောင်လေးကို ကိုင်တွယ်ရတာ လွယ်လိုက်တာ။
ရှင် ရွာအပြန်လမ်းကိုတောင် သိလို့လား။ ပစ္စုပ္ပန်ကျေးရွာက ဘယ်မှာရှိလဲဆိုတာရော သိရဲ့လား။ ဓားပျံနဲ့ ပြန်မယ်တဲ့။ ရှင်က ဓားသူတော်စင် ဖြစ်နေရင်တောင် တကယ် ချစ်စရာကောင်းတဲ့ ငတုံးလေးပါပဲလား။
မြို့တစ်မြို့လုံးမှာ နှမြောတသ ငိုကြွေးနေကြပြီး ဝန်ကြီးမုန့် ရာထူးမှ နုတ်ထွက်ပြီး အနားယူသွားသည်ကို မကြည့်ရက်နိုင်ကြချေ။
သို့သော်လည်း မည်သူက သူ့ကို ဆက်နေရန် တားဆီးပိုင်ခွင့် ရှိပါသနည်း။
မဟာကျင်းတိုင်းပြည်ကို အကျပ်အတည်းများမှ ကျော်လွှားနိုင်အောင် အကြီးမားဆုံး ကူညီပေးခဲ့သူမှာ သူမှတစ်ပါး အခြားမရှိကြောင်း လူတိုင်း ရင်ထဲမှ သိနေကြသည်။
ရထားလုံး မြို့တော်၏ တံခါးဝမှ ထွက်ခွာလာသည်နှင့်အမျှ မုန့်ချင်ကျိုးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“အားလုံးရဲ့ ချစ်ခင်မှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် မုန့်ချင်း တကယ်ပဲ အားနာရပါတယ်။ ဒါပေမဲ့ ဆုံဆည်းခြင်းရှိရင် လမ်းခွဲခြင်းလည်း ရှိရမှာပဲ။ လူကြီးမင်းတို့... ဒီမှာတင် ရပ်နားပေးကြပါ။”
လူအုပ်ကြားတွင် ပုန်းကွယ်နေသော ပင်လယ်အရှင်သခင်က သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲလျက်၊ အံကို တင်းတင်းကြိတ်ကာ မကျေမနပ်ဖြစ်လျက်နှင့် မမေးဘဲ မနေနိုင်တော့ချေ။
“ဝန်ကြီးမုန့်... မဟုတ်ဘူး၊ ငါ မင်းကို အချိန်နဲ့နေရာလွတ် ဓားသူတော်စင်လို့ပဲ ခေါ်သင့်တယ်။ မင်း တစ်ချိန်က အင်အားစုကြီး (၇)ခုနဲ့ တောရိုင်းမြေရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ဖို့ ကတိပြုခဲ့တယ် မဟုတ်လား...”
“ဒီအကြောင်းပြချက်ကြောင့်ပဲ အင်အားစုကြီး (၇)ခုရဲ့ ဘိုးဘေးကြီးတွေက မဟာကျင်းကို စည်းလုံးစေဖို့ သူတို့ရဲ့ အာဏာတွေကို လိုလိုလားလား လွှဲအပ်ပေးခဲ့ကြတာ။”
“ဒါပေမဲ့ အခု မင်း ရာထူးက နုတ်ထွက်ပြီး အနားယူတော့မယ်တဲ့။ တကယ်လို့ တစ်နေ့မှာ အင်အားစုကြီး (၇)ခုရဲ့ ဘိုးဘေးကြီးတွေက သူတို့ရဲ့ လက်ဆောင်တွေကို ပြန်သိမ်းဖို့ ရောက်လာခဲ့ရင် ဘာလုပ်မှာလဲ။”
မုန့်ချင်ကျိုး၏မျက်နှာမှာ မပြောင်းလဲဘဲ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သူက ဇာတ်လမ်းကြောင်းကို အလွန်ရင်းနှီးသည်။ ဇာတ်အိမ်တစ်ခုလုံး ပျက်ယွင်းသွားပြီ ဖြစ်သော်လည်း ဤကမ္ဘာ၏ တည်ဆောက်ပုံနှင့် ပုန်းကွယ်နေသော ကိစ္စရပ်အချို့ကိုမူ မထိခိုက်ချေ။
ကောင်းကင်ပြည်နယ်နှင့် တောရိုင်းမြေအကြား ပဋိပက္ခမှာ စကားလုံး နှစ်လုံးထဲတွင်သာ ရှိသည်။ စည်းလုံးခြင်း လမ်းစဉ်။
ကောင်းကင်ပြည်နယ်နှင့် တောရိုင်းမြေကို စည်းလုံးနိုင်သူသည် တစ်ကမ္ဘာလုံးကို စည်းလုံးနိုင်သူ ဖြစ်လိမ့်မည်။ ၎င်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်သော ဧကရာဇ်က “လူသားဧကရာဇ် အခွင့်အာဏာ”ကို ရရှိလိမ့်မည် ဖြစ်သည်။
“လူသားဧကရာဇ်အခွင့်အာဏာ” ဟူသည်မှာ ကောင်းကင်နှင့် မြေကြီး၏ အမြင့်ဆုံး နိယာမတရားဖြစ်ပြီး တစ်ဦးတစ်ယောက်အား ကောင်းကင်ထောက်တိုင်နယ်ပယ်ထက်ကျော်လွန်သော နယ်ပယ်ကြီးတစ်ခု၏ အတားအဆီးကို ချိုးဖျက်နိုင်စေသည်။
သမိုင်းတွင် ဤအရာကို ဧကရာဇ် တစ်ပါးတည်းသာ အောင်မြင်ခဲ့ဖူးသည်။ သူက ပထမဆုံးသော လူသားဧကရာဇ် ဖြစ်ပြီး၊ လူသားမျိုးနွယ် အားနည်းဆုံးအချိန်တွင် ပေါ်ထွက်လာကာ နတ်ဘုရားများကို ထိန်းကျောင်းလျက်၊ အမှောင်ထု၏ ကပ်ဘေးကို ဖျက်ဆီးကာ နတ်ဘုရားခေတ်ကို အဆုံးသတ်စေပြီး လူသားမျိုးနွယ်အတွက် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခဲ့သူ ဖြစ်သည်။
ဝတ္ထုထဲတွင်ပင် ပထမဆုံးသော လူသားဧကရာဇ်မှာ နောက်ခံ ဇာတ်ကောင်မျှသာဖြစ်ပြီး ဇာတ်လမ်း၏ အဆုံးပိုင်းအထိ ပင်မဇာတ်လမ်းထဲတွင် ပေါ်မလာခဲ့ချေ။
ကောင်းကင်ပြည်နယ်မှာ စစ်ပွဲများ၏ အဆုံးသတ်ပိုင်းသို့ ရောက်နေပြီဖြစ်ရာ တစ်ဦးတည်းသော အာဏာရှင် အဖွဲ့အစည်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ကောင်းကင်ပြည်နယ်မှ အင်အားစုများသည် တောရိုင်းမြေ စည်းလုံး သွားသည်ကို မမြင်လိုကြဘဲ ပြည်တွင်းပဋိပက္ခများကြားမှပင် နည်းမျိုးစုံဖြင့် ကြံစည်နေကြခြင်းဖြစ်သည်။
သို့သော် မကြာမီတွင် ကောင်းကင်ပြည်နယ်၌ တစ်ဦးတည်းသော ကြီးစိုးသူ အင်အားစု ပေါ်ထွက်၍ လာတော့မည်...
ကောင်းကင်ပြည်နယ် စည်းလုံးဖို့ တစ်နှစ်လောက်ပဲ လိုတော့တယ်...
ဖရိုဖရဲခေတ်ကြီး ရောက်လာတော့မယ်...
မုန့်ချင်ကျိုး ခေါင်းခါယမ်းကာ ရှင်းပြရန် ပြင်လိုက်သည်။
ရုတ်တရက် တုန်းဖန်လျူလီက မတ်တပ်ရပ်ကာ မုန့်ချင်ကျိုး၏ ဘေးသို့ လျှောက်လာသည်။ သူ၏ မျက်နှာတွင် ပုဝါအုပ်ထားလျက် ပြုံးကာ ပြောလိုက်သည်။
“စိတ်ချပါ၊ ကျွန်မယောက်ျားက နန်းတွင်းကနေ ထွက်သွားပေမဲ့ ကမ္ဘာကြီးကို ကယ်တင်မယ့် တာဝန်ကို ဆက်ပြီး ထမ်းဆောင်သွားမှာပါ။ အဲဒါကို ကျွန်မ အာမခံနိုင်ပါတယ်။”
ဘာပဲဖြစ်ဖြစ် ပစ္စုပ္ပန်ရွာက နန်းတော်ဝင်းထဲမှာပဲ ရှိတာပဲ။ သူရဲ့ ငါးပိကောင်ယောက်ျား ဘယ်လောက်ပဲ ကပေါက်ကရ လုပ်ပါစေ၊ နောက်ဆုံးမှာတော့ မဟာကျင်းအတွက်ပဲ အကျိုးရှိလာမှာ။
ပင်လယ်အရှင်သခင်က သူ့ကို စိုက်ကြည့်ကာ “ဓားသူတော်စင်အတွက် အာမခံပေးရအောင် မင်းက ဘယ်သူမို့လို့လဲ...” ဟု လွှတ်ခနဲ ပြောထွက်တော့မည့်ဆဲဆဲ မုန့်ချင်းကို လေးစားသောအားဖြင့် ပြန်လည်၍ ထိန်းလိုက်ရသည်။
မုန့်ချင်ကျိုးမှာမူ အံ့အားသင့်သွား၏။
သူ့ဇနီးသည်က ဤမျှအထိ ယုံကြည်မှုအပြည့်နှင့် လိမ်ညာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အမှန်အတိုင်းဆိုလျှင် သူ ပြောချင်သည်မှာ “ကျွန်တော့်ရဲ့ ကမ္ဘာကြီးကို ကယ်တင်မယ့်လမ်းစဉ်က အရှင်မနဲ့ မတူဘူး၊ ဒါပေမဲ့ ကောင်းကင်ပြိုလာတဲ့အခါမှာတော့ ရှိနေပါလိမ့်မယ်...” ဟူ၍ဖြစ်သည်။
“နှုတ်ဆက်ပါတယ် မြို့တော်။”
“နှုတ်ဆက်ပါတယ် ဧကရီ။”
မုန့်ချင်ကျိုးက တိုးတိတ်စွာ ရေရွတ်ရင်း တဖြည်းဖြည်း စိတ်လက်ပေါ့ပါးသွားတော့သည်။
အတိအကျ ထိုအချိန်တွင်...
ဟိန်းထွက်နေသော အသံတစ်ခု ရှေ့မှ ထွက်ပေါ်လာသည်။ “ဝန်ကြီးမုန့်... ငါကိုယ်တော်တိုင် မင်းကို လာမပို့ရသေးဘူးလေ။ အိမ်ပြန်ပြီး ဇနီးနဲ့ အနီးကပ်နေဖို့အတွက် ဒီလောက်တောင် အလောတကြီး ဖြစ်နေရလား။”
အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ရထားလုံးကို ပိတ်ဆို့လိုက်သည်။ ၎င်းမှာ ဧကရီပင်...
တုန်းဖန်လျူလီ - “...”
ရုတ်တရက် တုန်းဖန်လျူလီ အသက်ရှူရပ်သွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။
ချုံးက သူ့အဖြစ် ထပ်ပြီး ဟန်ဆောင်ပြန်ပြီ။ သူ့တွင် မကောင်းသော ရည်ရွယ်ချက်ရှိပုံရသည်။
“နင် ဘာလုပ်ချင်တာလဲ...” တုန်းဖန်လျူလီက အံ့သြဒေါသဖြင့် အသံလွှင့်ကာ မေးလိုက်သည်။
ချုံးက ဧကရီကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်မှာ အေးစက်ပြီး အသံလွှင့်ကာ ပြန်ပြောလိုက်သည်။
“သူက ငါ့ရဲ့ ဓားသူတော်စင် အဘိုးပဲ။ ငါ ဘာလုပ်ချင်လဲဆိုတာ နင် ဘယ်လိုထင်လဲ... မြေခွေးမ။”