ထိပ်တိုင်ရင်ဆိုင်မှု
Vol. 7 Ch. 87
မြေခွေးမတဲ့လား...
တုန်းဖန်လျူလီ မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး မျက်ဝန်းအိမ်ထဲတွင် နက်ရှိုင်းသော ရန်လိုမုန်းတီးမှုများ ပုန်းကွယ်နေ၏။
“ဘယ်သူက မြေခွေးမ အစစ်လဲဆိုတာ နင်အသိဆုံးပါ။ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်နဲ့ နင် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းကတည်းက တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တာဆိုပြီး လိမ်ညာခဲ့ပေမဲ့ အမှန်တရားကတော့ ချင်ကျိုးက အသက်(၂၀)ပဲ ရှိသေးတာ။”
“ဒါဆို... အဲဒီမြေခွေးမက ဘယ်သူ့ကို ပြောတာလဲ။”
ချုံး၏ မျက်နှာမှာ အေးစက်ပြီး တောင့်တင်းသွားသည်။ သူ လုပ်ခဲ့မိသော ထိုမိုက်မဲသည့် ကိစ္စများကို တွေးမိတိုင်း သန်းခေါင်ယံအချိန်တွင် နိုးလာကာ နောင်တရလွန်းသဖြင့် သူ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်သော ခြေထောက်များကို ပြန်ရိုက်မိတော့မတတ်ပင်။
တုန်းဖန်လျူလီနှင့် စည်းကမ်းသုံးချက် သတ်မှတ်ပြီး ကောင်းကင်တာအိုသစ္စာ ဆိုခဲ့သည့်နေ့ကို အချိန်စက် ပြန်စီးကာ သူ့ကိုယ်သူ ပါးရိုက်ချင်စိတ် ပေါက်နေမိသည်။
“အဲဒီမြေခွေးမက နင်ပဲ...” ချုံးထံမှ လူသတ်ငွေ့များမှာ ဖုံးကွယ်မထားနိုင်ဘဲ လျှံထွက်လာသည်။
“ငါက အရင်ရောက်နေတာ... နင်က ကြားဖြတ်ဝင်လာတဲ့သူ၊ အိမ်ထောင်ဖျက်မပဲ...”
တုန်းဖန်လျူလီမှာမူ ဒေါသလည်းမထွက်၊ စိတ်လည်းမလှုပ်ရှားဘဲ လက်ပိုက်လျက် လူပြက် တစ်ယောက်ကို ကြည့်သကဲ့သို့ လှောင်ပြောင်သော မျက်ဝန်းများဖြင့် တိတ်ဆိတ်စွာ ကြည့်နေသည်။
ရုတ်တရက် ချုံး၏ အပြုံးမှာ ရောဂါသည်တစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး အသံလွှင့်ကာ ပြောလိုက်သည်။
“နင် အရမ်းယုံကြည်မှု ရှိနေတာလား။”
“ယုံကြည်မှု ရှိတော့ ဘာဖြစ်လဲ...” တုန်းဖန်လျူလီက နှာခေါင်းရှုံ့လိုက်သည်။
ချုံး၏ အပြုံးမှာ ပို၍ပင် ကောက်ကျစ်လာပြီး လှပသော်လည်း ကြောက်စရာ ကောင်းလှသည်။ “မမေ့နဲ့ဦး၊ စည်းကမ်းသုံးချက်က ငါတို့နှစ်ယောက်လုံးနဲ့ ဆိုင်တယ်။ နင်နဲ့ ဧကရီရဲ့ ကြင်ရာတော် မုန့်ချင်ကျိုး၊ ငါနဲ့ ဓားသူတော်စင် မုန့်ချင်း... ငါတို့တစ်ယောက်နဲ့တစ်ယောက် ကြားဝင်မစွက်ဖက်ကြေး ဆိုတာလေ။”
“ဒါပေမဲ့ နင် ငါ့ကို ဘယ်တော့မှ အနိုင်ကစားနိုင်မှာ မဟုတ်ဘူး၊ ယုံချင်ယုံ မယုံချင်နေ။ ချင်းလျူလီ။”
၎င်းကို ကြားလိုက်ရသည့်အခါ တုန်းဖန်လျူလီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
ထို့နောက်တွင်မှ သူက ချုံးနှင့် သတ်မှတ်ခဲ့သော စည်းကမ်း(၃)ရပ်နှင့် ကောင်းကင်တာအိုသစ္စာတို့ကို သတိရသွားသည်။
မူလရည်ရွယ်ချက်မှာ ဧကရီ၏ ကြင်ရာတော် အစစ်အမှန်မှာ မုန့်ချင်ကျိုးဖြစ်ကြောင်း သူက ဖွင့်ပြောလိုက်မည်ကို ကြောက်သဖြင့် ချုံး၏ ပါးစပ်ကို ပိတ်ရန်သာ ဖြစ်သည်။
သို့သော် စည်းကမ်း(၃)ရပ်ထဲမှ တစ်ခုမှာ [ နှစ်ဦးနှစ်ဖက်စလုံးသည် ချုံးနှင့် ဓားသူတော်စင် အကြား သို့မဟုတ် တုန်းဖန်လျူလီနှင့် မုန့်ချင်ကျိုးအကြား ဆက်ဆံရေးကို ဖျက်ဆီးခြင်း မပြုရ] ဟူ၍ ဖြစ်သည်။
ဒါပေမဲ့ အခုတော့ အမှန်တရားက ပေါ်သွားပြီ။ မုန့်ချင်ကျိုးကပဲ ဓားသူတော်စင် ဖြစ်နေတော့... ကောင်းကင်တာအိုသစ္စာက အမျိုးသမီးနှစ်ယောက် ယောက်ျားတစ်ယောက်တည်းကို လိုက်ပြိုင်နေတဲ့ ပုံစံမျိုး ဖြစ်သွားပြီလား...
ဒါဆို လက်တွေ့မှာ ငါက ငါ့ယောက်ျားကို ဘာအကြောင်းပြချက်မှမရှိဘဲ တခြားမိန်းမတစ်ယောက်ဆီ အလကား ရောင်းလိုက်သလို ဖြစ်နေတာလား။
အတော်ကြာမှ တုန်းဖန်လျူလီက အခြေအနေကို သဘောပေါက်သွားကာ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား၏။
သွားပြီ... ဒါက ကိုယ့်အိမ်ထဲကိုယ် ဝံပုလွေ ဖိတ်ခေါ်မိတာပဲ...
ပြီးတော့ တစ်ဖက်လူနဲ့ ပတ်သက်တာ ဘာမှမပြောနိုင်သလို၊ သူတို့ရဲ့ ဆက်ဆံရေးကိုလည်း ကြားဝင် နှောင့်ယှက် ဖျက်ဆီးလို့ မရတော့ဘူး။
ဆိုလိုတာက... ဒီမြေခွေးမက ငါ့ယောက်ျားကို မြူဆွယ်ရင်တောင် ငါက ဘာကန့်ကွက်မှုမှ မလုပ်နိုင်ဘဲ ဘေးကနေ လက်ပိုက်ကြည့်နေရုံပဲပေါ့...
တုန်းဖန်လျူလီမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ တိုက်ပွဲတိုင်းမှာ မရှုံးဖူးတဲ့ ဧကရီက အချစ်တိုက်ပွဲမှာတော့ ရှုံးနိမ့်သွားပြီလား...
“ချင်းလျူလီ... နင် ငါ့ရဲ့ ဓားသူတော်စင် အဘိုးကို တိတ်တဆိတ် ခိုးယူသွားတယ်။ ငါ သူ့ကို ပြန်ခိုးလို့ ရတယ်၊ စောင့်ကြည့်နေလိုက်။” ချုံးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
တုန်းဖန်လျူလီ၏ မျက်ဝန်းများမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး ကြောက်မက်ဖွယ် လူသတ်ငွေ့များ စုဖွဲ့လာကာ ကျုံ့ကို စိုက်ကြည့်နေသည်။
သူတို့နှစ်ဦး၏ အကြည့်များ ဆုံမိသည့်အခါ မီးပွင့်မတတ်ပင်။
ခဏတာမျှ လေထုထဲတွင် တင်းမာမှုများ ပြည့်နှက်နေသည်။
မုန့်ချင်ကျိုးမှာမူ ဘာမှမသိဘဲ ယခုတစ်ခါတွင် ဦးညွှတ်ခြင်းမပြုဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဧကရီ... ကျွန်တော်မျိုးက မဟာကျင်းရဲ့ ဝန်ကြီး မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ ဇနီးကို လေးစားပေးပါ။”
ယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ။ အာဏာရှင် ဧကရီရဲ့...
အိမ်ပြန်ပြီး ဇနီးအနားကပ်နေဖို့ အလောတကြီး ဖြစ်နေတယ်ဆိုတဲ့ စကားမျိုးကို လူပုံအလယ်မှာ ပြောရလား။
တုန်းဖန်လျူလီ၏ ကြည်လင်နေသော မျက်ဝန်းများမှာ ရုတ်တရက် ပြန်လည်ကြည်လင်သွားကာ ချုံးကို မထီမဲ့မြင် ကြည့်လိုက်သည်။
“အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ပြီလား။ နင်က ကြားဖြတ်ဝင်လာတဲ့သူ၊ အိမ်ထောင်ဖျက်မပဲ။” တုန်းဖန်လျူလီက အသံလွှင့်ကာ ပြောသည်။ “ငါ အကြံပေးပါရစေ၊ ငါ့ရဲ့ သည်းခံနိုင်စွမ်းကို မစမ်းပါနဲ့၊ နင် ပြန်ပေးဆပ်နိုင်မှာ မဟုတ်ဘူး။”
“ရှေးဟောင်း နတ်ဘုရားမြို့တော်လည်း ပေးဆပ်နိုင်မှာ မဟုတ်ဘူး...”
“လွန်ခဲ့တဲ့ ရက်ပိုင်းက အင်အားစုကြီး (၇)ခုရဲ့ အင်အားကို ခုခံရာမှာ နင် ကူညီခဲ့လို့သာ ငါ ဒီလောက် သည်းခံနေတာ။”
“ဒါပေမဲ့ အတိုင်အဖောက် သိစေချင်တယ်။ မမေ့နဲ့ဦး။ ဧကရီရဲ့ ဒေါသက သွေးချောင်းစီး စေနိုင်တယ်ဆိုတာ...”
ချုံးက တုန်းဖန်လျူလီ၏ စကားများကို လျစ်လျူရှုကာ မုန့်ချင်ကျိုး၏ စကားကိုသာ ဦးစားပေး တုံ့ပြန်လိုက်သည်။ သူက အလေးအနက် ပြောလာသည်။
“ဓားသူတော်စင်... မင်းဆီက အကူအညီတစ်ခု တောင်းချင်လို့။ ငါ့မှာ သမီးတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ကို ပြုစုပျိုးထောင်ဖို့ ပျက်ကွက်ခဲ့မိတယ်။ သူ့ကို မင်းဆီမှာ အပ်နှံပြီး ကောင်းကောင်း သင်ကြားပေးစေချင်တယ်...”
မုန့်ချင်ကျိုး မှင်သက်သွား၏။ နားကြားမမှားစေရန် နားကို ပွတ်ကြည့်သော်လည်း မသေချာသေးသဖြင့် ပြန်မေးလိုက်သည်။ “ခင်ဗျားမှာ တရားမဝင် သမီးတစ်ယောက် ရှိတာလား...”
ဘာတွေလဲဟ...
မိုးကြိုးပစ်လိုက်သလို သတင်းထူးပဲ...
ဧကရီမှာ ကလေးရှိနေတယ်... သူက အပျိုမဟုတ်ဘဲ အိမ်ထောင်သည်ကြီးလား...
နေဦး... စာရေးဆရာက ဧကရီမှာ ကလေးရှိတယ်လို့ မရေးထားပါဘူး။ သူ ထပ်ပြီး ပျင်းသွားပြန်ပြီလား...
မုန့်ချင်ကျိုး ထိတ်လန့်သွားပြီး ခေါင်းထဲတွင် မေးခွန်းသင်္ကေတ အနီရောင်များဖြင့် ပြည့်နှက်၍ နေတော့သည်။
“အဲဒါ ခင်ဗျားနဲ့... ကြင်ရာတော်တို့ရဲ့ သမီးလား။” မုန့်ချင်ကျိုးက သတိထားကာ မေးလိုက်သည်။
“ကျုပ် မှတ်မိသလောက်ဆိုရင် ခင်ဗျားနဲ့ ကြင်ရာတော် လက်ထပ်တာ တစ်လပဲ ရှိသေးတာ... အင်း... ဘယ်လိုပြောရမလဲ။ ကိုယ်ဝန်ဆောင်တဲ့ ဆယ်လကော။ ပြီးတော့ ကလေးက ဘယ်လိုလုပ် ဒီလောက် မြန်မြန် ကြီးလာတာလဲ။”
“မဟာကျင်းတိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ထဲမှာ ကလေးမွေးဖွားတာကို မြန်ဆန်စေတဲ့ နတ်ဘုရားအစွမ်းများ ရှိနေတာလား။”
ဤကိစ္စမှာ အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် မုန့်ချင်ကျိုးမှာ စကားမရပ်နိုင်အောင် ဖြစ်နေသည်။
“မဟုတ်ပါဘူး...” ချုံးက ဝမ်းနည်းဟန်ဖြင့် ပြောသည်။ “သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရက်စက်တဲ့ ယောက်ျားတစ်ယောက် ငါ့ဆီမှာ ချန်ထားခဲ့တာပါ။”
မုန့်ချင်ကျိုး အကြီးအကျယ် ထိတ်လန့်သွားကာ သတိပြန်မဝင်နိုင်လောက်အောင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ကြင်ရာတော်ရဲ့ ကလေး မဟုတ်ဘူး...
ဒါဆို ဧကရီရဲ့ ကြင်ရာတော်က အစားထိုးခံ သက်သက်ပဲပေါ့...
“အဲ... ဒါ... ဒါက...” မုန့်ချင်ကျိုး၏ လျှာမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားကာ အတော်ကြာမှ စကား တစ်ခွန်း ပြည့်စုံအောင် ပြောနိုင်တော့သည်။ “ကျုပ်က ခင်ဗျားရဲ့ သမီးကို ဘယ်လို သင်ပေးရမှာလဲ။ အဆင်မပြေပါဘူး၊ အဆင်မပြေပါဘူး။”
“ကျေးဇူးပြုပြီးတော့...” ချုံးက မုန့်ချင်ကျိုး၏လက်ကို ဆွဲလိုက်ရာ ဧကရီ၏ မျက်လုံးများ တဆတ်ဆတ် တုန်သွားတော့သည်။
မုန့်ချင်ကျိုး ချွေးများ ပျံလာကာ နဖူးမှ ချွေးစေးများကို သုတ်နေမိသည်။
ထိုသို့ ထိတ်လန့်စရာကောင်းသော သတင်းကို ဘာပြင်ဆင်မှုမှ မရှိဘဲ သိလိုက်ရခြင်းက တကယ့်ကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။
ကံကောင်းထောက်မစွာဖြင့် ဘေးနားတွင် စုချင်ချိုး၊ ဝူတျဲနှင့် လူစကား နားမလည်သော ဝါကြီးမှလွဲ၍ မည်သူမျှ မရှိချေ။ မဟုတ်လျှင် ဧကရီ၏ ဂုဏ်သိက္ခာမှာ ထိုးဆင်းသွားပေလိမ့်မည်။
“ခဏလောက် စောင့်ပါဦး၊ ကျွန်တော့်ဇနီးရဲ့ သဘောထားကို အရင်မေးပါရစေ။” မုန့်ချင်ကျိုးက တောင်းပန်လိုက်ပြီး တုန်းဖန်လျူလီကို တိုးတိုးလေး မေးလိုက်သည်။ “မင်း ဘယ်လိုထင်လဲ။”
တုန်းဖန်လျူလီမှာ တိတ်ဆိတ်နေပြီး ချုံးကို အေးစက်စွာ စိုက်ကြည့်နေသည်။
“သမီးလေးရေ... ဘာလဲ။ အဖေနဲ့ အမေနားမှာပဲ ကပ်နေချင်တာလား။” တုန်းဖန်လျူလီက လှောင်ပြောင် လိုက်သည်။
မယုံနိုင်စရာပင်။ မိမိကိုယ်ကို ကလေးအဖြစ် လာအပ်နှံသူမျိုး သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ပြီးတော့ ဒီလူက မွေးရာပါ နတ်ဘုရားတစ်ပါး၊ နံနက်ခင်းအလင်းနယ်ပယ်ရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေတဲ့ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး။
ချုံးက တုန်းဖန်လျူလီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သော်လည်း ပြန်မဖြေချေ။
တုန်းဖန်လျူလီ - “....”
ရုတ်တရက် သဘောပေါက်သွား၏။
တစ်ခုခု မှားနေပြီ...
ဒါက ဧကရီရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေတာ မဟုတ်လား။ ကလေးတစ်ယောက်နဲ့ ကွာရှင်းထားတဲ့ မိန်းမဆိုရင် ဘယ်ယောက်ျားမဆို ရှောင်ကြမှာပဲ။ ဧကရီကို အရင်ကတည်းက မကြိုက်တဲ့ ချင်ကျိုးဆိုရင် ပိုဆိုးဦးမယ်။
တကယ့်ကို ကိုယ့်ကိုယ်ကိုယ် နာကျင်စေပြီး ရန်သူကိုလည်း ထိခိုက်စေတဲ့ နတ်ဘုရားစွမ်းအားပဲ။
တုန်းဖန်လျူလီက ရုတ်တရက် တောက်ပစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ... အရှင်မရဲ့ သမီးကို လွှတ်လိုက်ပါ။ ကျွန်မ သူကို ကောင်းကောင်း သင်ကြားပေးပါ့မယ်။”
နင်က ကိုယ့်ဘာသာကိုယ် အနှိပ်စက်ခံဖို့ လာမှတော့ ငါ ရက်စက်မိရင်လည်း အပြစ်မတင်နဲ့။