← Chapters

တောရိုင်းမြေသို့ ကျိဝူရွှမ် ရောက်ရှိလာခြင်း

Vol. 7 Ch. 89

တောရိုင်းမြေသို့ ကျိဝူရွှမ် ရောက်ရှိလာခြင်း

Vol. 7 Ch. 89

ဆောင်းဦးကာလတွင် ညောင်ပင်ကြီးများက ရွှေရောင် အရွက်များဖြင့် ဖုံးလွှမ်းနေပြီး ခြံဝင်းအတွင်း၌ ကော်ဇော ခင်းထားသကဲ့သို့ ပြန့်ကျဲနေ၏။

ပစ္စုပ္ပန်ရွာ၊ အစိမ်းရောင်အုတ်ကြွပ်အိမ်လေး၌။

မုန့်ချင်ကျိုးက ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောက်ရင်း ထိပ်တန်း ကောင်းကင်ဘုံ လက်ဖက်ရည်ကို တစ်ငုံချင်း သောက်နေသည်။ သူ၏ မျက်နှာပေါ်တွင် နေရောင်ခြည်ကို ကာကွယ်ရန် ယပ်တောင်တစ်ခု တင်ထားပြီး လက်ထဲ၌ နတ်ဘုရားအဆင့် ခွေးစာများကို ဆုပ်ကိုင်ထားကာ ရံဖန်ရံခါ မြေပြင်ပေါ်သို့ ပစ်ချပေးနေသည်။

နေမင်းအရှင်သခင်သည် အမြီးကို တဖျတ်ဖျတ် ခါယမ်းနေပြီး လျှာကြီးထုတ်ကာ ခွေးမျက်လုံးများမှာ တောက်ပနေသည်။ ခွေးစာများ မြေပေါ်ကျသည်နှင့် တစ်ပြိုင်နက် ခေါင်းစိုက်ကာ အငမ်းမရ စားသောက်တော့သည်။ မောဟိုက်နေသော အသက်ရှူသံများနှင့်အတူ ရေငတ်မပြေနိုင်သလို မြေပြင်ကို လျှာဖြင့် လျက်နေတော့သည်။

“အရှင်သခင်...” စုချင်ချိုးက သူ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မေးစေ့ကို လက်ဖြင့်ထောက်ပြီး လှပသော မျက်ဝန်းများဖြင့် နေမင်းအရှင်သခင်ကို ကြောင်တောင်တောင် ငေးကြည့်နေမိသည်။

ယခင်က အစောင့်အရှောက်နတ်သားရဲကြီး အနားယူသွားခဲ့ပြီဖြစ်ပြီး ယခု အရှေ့တွင် ရှိနေသည်မှာ နာမည်ကျော် သစ်ပင်တိုင်းမှာ အမှတ်အသားလုပ်တတ်သူ၊ ဧကရီ၏ သစ္စာရှိ ဖနောင့်တော်မှီ၊ လူ့လောက နံပါတ်တစ် နတ်သားရဲကြီးနှင့် ခွေးစာအတွက်ဆိုလျှင် အသက်ပင် စတေးဝံ့သည့် အစောင့်အရှောက် သားရဲကြီး ဝါကြီးပင် ဖြစ်တော့သည်။

“လူကြီးမင်း...” ဝူတျဲကလည်း ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လျက် ပါးကို လက်နှစ်ဖက် ထောက်ကာ မုန့်ချင်ကျိုးကို အသေအချာ စိုက်ကြည့်နေသည်။

ရုတ်တရက် မုန့်ချင်ကျိုးက တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။ “ဒါနဲ့ ဝူတျဲ... မင်းကို ပြောစရာ ရှိတယ်။ မင်းရဲ့ရန်သူ ကျောက်ကော် သေသွားပြီ။ ရှေးဟောင်းနတ်ဘုရားမြို့တော်ဝန်က သူ့ကို သတ်လိုက်တာ။”

ဝူတျဲ မှင်သက်သွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်မိသည်။ ခြံဝင်းအတွင်းရှိ ဒန်းပေါ်တွင် ကျောက်စိမ်းလို ဖြူဝင်းသွယ်လျသော ခြေတံရှည်များကို လွှဲယမ်းနေသည့် မိန်းကလေးငယ်ကို မသိမသာ လှမ်းကြည့်ရင်း မေးလိုက်သည်။

“အဲဒီ သစ္စာဖောက်ရဲ့သား ကျောက်ကော် သေပြီလို့ ပြောလိုက်တာလား...”

“ဟုတ်တယ်။” မုန့်ချင်ကျိုးက ခေါင်းညိတ်ပြသည်။

ဝူတျဲ ခဏတာ ဇဝေဇဝါ ဖြစ်သွားသည်။ သူ၏ မောင်လေး သေဆုံးရခြင်း၏ အမှန်တရားကို သိရှိခဲ့ရသည့် အချိန်မှစ၍ လက်စားချေရန်မှာ သူ့ဘဝ၏ ရည်မှန်းချက် ဖြစ်လာခဲ့သည်။ သူက မုန့်ချင်ကျိုး ချီးမြှင့်ထားသော ထိပ်တန်းကောင်းကင်ဘုံ ကျင့်စဉ်နှင့် သူ၏ ထူးခြားသော ပါရမီကို အခြေခံကာ အသည်းအသန် ကျင့်ကြံခဲ့သဖြင့် လွန်ခဲ့သော သုံးရက်က တောင်ရွှေ့နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ထိုအချက်ကြောင့်ပင် ဝူတျဲက ချက်ချင်း လက်စားချေလိုစိတ်ဖြင့် ညဘက်များတွင် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။

သို့သော် ယခုအခါ မုန့်ချင်ကျိုးက ကျောက်ကော် သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြလာသည့်အခါ သူ၏ လက်စားချေရမည့် ပစ်မှတ်မှာ ပျောက်ဆုံးသွားခဲ့လေပြီ။

“ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။” မုန့်ချင်ကျိုးက ဝူတျဲကို ကြည့်ကာ အသံလွှင့်၍ ပြောလိုက်သည်။

ဝူတျဲ၏ ရင်ထဲတွင် တစ်ဆို့သွားပြီး တစ်ခုခု ပြောချင်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင် ရပ်တန့်သွား၏။

“ကျောက်ကော်တို့ သားအဖ သေသွားပြီဆိုတော့ မင်းရဲ့ ရန်ငြိုးတွေ ပြေပျောက်သွားပါပြီ။ အရင်တုန်းက မင်း ဧကရီရဲ့ ကြင်ရာတော်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာက နိုင်ငံတော် ပုန်ကန်မှု ဖြစ်ပေမဲ့ ငါ ဧကရီကို မပြောပြခဲ့ဘူး။”

မုန့်ချင်ကျိုးက တည်ငြိမ်စွာ ဆက်ပြောသည်။ “နောက်ထပ် မင်း ဘာလုပ်ချင်သလဲ။ ဒီမှာ ဆက်နေမလား၊ ထွက်သွားမလား ဆိုတာ ငါ့ကို ပြောပြနေစရာ မလိုပါဘူး။ ဆက်နေမယ်ဆိုရင်လည်း အရင်အတိုင်းပဲ ဆက်နေပါ။ ထွက်သွားမယ်ဆိုရင်လည်း တိတ်တဆိတ်ပဲ သွားလိုက်ပါ။”

အစမှ အဆုံးအထိ ဝူတျဲအပေါ် မုန့်ချင်ကျိုး၏ သဘောထားမှာ ကျောက်ကော်ထံမှ အမြတ်ထုတ်ရန် ကိရိယာတစ်ခုအဖြစ် အသုံးချရုံသက်သက်သာ ဖြစ်ပြီး ထိုအထဲတွင် သနားညှာတာမှု အနည်းငယ်သာ ရောယှက်နေခဲ့ခြင်း ဖြစ်သည်။

“ဘာပြောတယ်...”

မီးဖိုချောင်မှ ဟင်းပွဲအချို့ကို ကိုင်ကာ ခါးစည်းဝတ်စုံနှင့် ထွက်လာသော တုန်းဖန်လျူလီက ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားပြီး ဝူတျဲကို ချက်ချင်း လှည့်ကြည့်ကာ စိုက်ကြည့်တော့သည်။

ဧကရီရဲ့ ကြင်ရာတော်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာ ဟုတ်လား...

ဒန်းပေါ်တွင် ဒန်းစီးနေသော ဖုချွီသည်လည်း လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ၏ မူလ ရွှေရောင် မျက်ဝန်းများက နီရဲလာပြီး ဆံပင်များ ဖြူဖွေးသွားကာ ခံစားချက်မဲ့သော မျက်နှာထက်မှ တိတ်ဆိတ်သော ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများ ထွက်ပေါ်လာသည်။

“အဲ...” ဝူတျဲက တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး နောက်သို့ လှည့်မကြည့်ရဲတော့ချေ။ သူ၏ နောက်ကျောကို ထက်ရှသော အကြည့်များဖြင့် လှီးဖြတ်နေသကဲ့သို့ ခံစားနေရသည်။

မုန့်ချင်ကျိုးက ပြုံးလျက် တုန်းဖန်လျူလီကို ချော့မော့ပြောလိုက်သည်။

“မလန့်သွားပါနဲ့။ ကိုယ် ဝူတျဲကို လက်ခံလိုက်တဲ့ အချိန်မှာ သူက စိတ်ပြောင်းသွားခဲ့ပြီးသားပါ။ ဧကရီရဲ့ ကြင်ရာတော်ကို လုပ်ကြံတာက မျိုးဆက် ကိုးဆက်တိုင်တိုင် အပြစ်ပေးခံရမယ့် ရာဇဝတ်မှု ဖြစ်ပေမဲ့၊ ကံကောင်းတာကတော့ ဝူတျဲက အချိန်မီ ရပ်တန့်နိုင်ခဲ့လို့ ကြီးမားတဲ့ ဘေးဒုက္ခ မဖြစ်ခဲ့တာပါ။”

တုန်းဖန်လျူလီက မချိပြုံး ပြုံးလိုက်သည်။ “ဒါပေါ့... ဟုတ်တာပေါ့...”

ငတုံးယောက်ျားရယ်... သူ လုပ်ကြံချင်ခဲ့တဲ့ ပစ်မှတ်က ရှင်ဆိုတာ ရှင်သိရဲ့လား...

ရှင် ဘယ်လိုလုပ် ဒီလောက်အေးအေးဆေးဆေး နေနိုင်ရတာလဲ...

“ကျေးဇူးတရားတွေကို တုံ့ပြန်တဲ့အနေနဲ့ ဝူတျဲက လူကြီးမင်းဘေးမှာ တစ်သက်လုံး အနားက မခွာဘဲ ခစားသွားပါ့မယ်လို့ ကတိပေးပါတယ်...” ဝူတျဲက ပြတ်သားစွာ ပြောလိုက်သည်။

ကျောက်ကော် သေသွားပြီ ဖြစ်သဖြင့် သူ၏ ရန်ငြိုးကြီး ပြီးဆုံးသွားကာ လွတ်လပ်သွားပြီ ဖြစ်သည်။ ယခုမှစ၍ သူက မိမိကိုယ်တိုင်အတွက် ရှင်သန်ပေတော့မည်။

ဝူတျဲ၏ ဘဝအဓိပ္ပာယ်မှာ သူရှေ့မှ မျက်မမြင် လူငယ်လေးပင်။

“ခဏနေရင် နန်းတွင်းစာကြည့်တိုက်ကို လာခဲ့ဦး။ နင်ရဲ့ ရှင်းပြချက်ကို ငါကိုယ်တိုင် ကြားချင်တယ်...” တုန်းဖန်လျူလီ၏ အေးစက်သော အသံမှာ ဝူတျဲ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ဝူတျဲ၏ လှပသော မျက်နှာလေးမှာ ပို၍ပင် ညှိုးငယ်သွားကာ အသံလွှင့်၍ ပြန်ဖြေလိုက်၏။ “ဟုတ်ကဲ့ပါ။”

ဟူး... ခြံထဲမှာ ရှိသမျှလူတွေက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ အသွင်ယူထားကြတာ။ ငါနဲ့ စုချင်ချိုး နှစ်ယောက်ပဲ အသစ်တွေ ဖြစ်နေတာ။ ဒီဘဝက တကယ်ကို မလွယ်ပါလား။

လူကြီးမင်းကို ပြန်ပေးဆွဲပြီး ဒီဒုက္ခတွင်းထဲကနေ ထွက်ပြေးဖို့ အခွင့်အရေး ရှာရမယ်။

တစ်ချိန်တည်းမှာပင်။

မဟာကျင်းနှင့် မိုင်ပေါင်း ထောင်ချီဝေးကွာပြီး နေရောင်ခြည် တစ်ခါမှ မရောက်ဖူးသည့် နက်ရှိုင်းလှသော ချောက်ကမ္ဘာကြီးအတွင်း၌ ဖုန်မှုန့်များက စကြာဝဠာကို ဖုံးလွှမ်းနေ၏။ ပင်လယ်လွှမ်းနယ်ပယ်အောက်ရှိ ကျင့်ကြံသူများမှာ ဤနေရာတွင် ကြာကြာမနေနိုင်ဘဲ သေဆုံးသွားနိုင်သည်။

ချောက်ကြီး၏ အောက်ခြေတွင် မြင့်မားသော မြို့တော်ကြီးတစ်ခု ရှိနေ၏။

အရိုးစုစစ်သည်များက သံချေးတက်နေသော နတ်ဘုရားလက်နက်များကို ကိုင်ဆောင်ကာ စနစ်တကျ ကင်းလှည့်နေကြသည်။

မြို့တော်၏ အလယ်ဗဟိုတွင် အရိုးစု ပလ္လင်တစ်ခုသာ ရှိနေ၏။

အရိုးဘုရင်သည် ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများဖြင့် ကောင်းကင်ယံကို စိုက်ကြည့်ရင်း ကျိုးပဲ့နေသော ဓားတစ်လက်ကို ကိုင်ထားသည်။ သူသည် တစ်ချိန်က ထိုဓားဖြင့် ကောင်းကင်ကို ခုတ်ပိုင်းရန် ကြိုးစားခဲ့ပုံရသည်။ သူ၏ အနှိုင်းမဲ့ မောက်မာလှသော အရှိန်အဝါမှာ နှစ်ပေါင်း တစ်ထောင်ကြာ တိတ်ဆိတ်နေသော်လည်း ယခုတိုင် ကျန်ရှိနေဆဲပင်။

ဂျွတ်... ဂျွတ်...

ပလ္လင်ပေါ်ရှိ အရိုးစုက ရုတ်တရက် လှုပ်ရှားလာပြီး သူ၏ ဟာလာဟင်းလင်း မျက်ဝန်းများအတွင်း၌ တစ္ဆေမီးလျှံများ တောက်လောင်လာကာ မတ်မတ်ရပ်လိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ချန်ထားခဲ့တဲ့ အရန် အစီအစဉ်က နှစ်ပေါင်းတစ်ထောင် ကြာပြီးတာတောင် အလုပ်ဖြစ်နေသေးတာပဲ...”

လူငယ်တစ်ဦး၏ နတ်ဘုရားအာရုံမှာ အရိုးဘုရင် အတွင်းမှ ပဲ့တင်ထပ်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ပြန်လည်မွေးဖွားခြင်း...”

အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်သည်နှင့် အရိုးဘုရင်အတွင်း၌ သွေးနှင့်အသားများ စတင်၍ ဖြစ်ပေါ်လာပြီး လျင်မြန်စွာ ကြီးထွားလာတော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ဆံပင်အနက်၊ အဝတ်အစားအနက်နှင့် မျက်လုံးအနက်ရောင် ရှိသော လူငယ်တစ်ဦး ပေါ်ထွက်လာတော့သည်။

“အင်အားစုကြီး (၇)ခုက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့ ဟုတ်လား...”

“ခွေးအိုကြီးတွေ သေသင့်တယ်...”

ထိုလူငယ်က ကျောက်စိမ်းကဲ့သို့ ခန့်ညားပြီး အေးစက်သော အမူအရာ ရှိသည်။ သူ၏ အရှိန်အဝါမှာ မြင့်မြတ်လှပြီး လောကကြီး တစ်ခုလုံးကို အရိုင်းအစိုင်း နယ်မြေတစ်ခုကဲ့သို့ မထီမဲ့မြင် ကြည့်နေ၏။

“ပြီးတော့... အချိန်နဲ့နေရာလွတ် ဓားသူတော်စင် မုန့်ချင်း။ မင်းရဲ့ ပါရမီက မဆိုးဘူး။ ငါ့ရဲ့ ကျွန်ဖြစ်ဖို့ ထိုက်တန်ပါတယ်။”

“မဟာကျင်း ဧကရီနဲ့ သူရဲ့ ကြင်ရာတော်ကတော့ သေရမယ်။ မဟုတ်ရင် အညံ့ခံရမယ်။”

“တောရိုင်းမြေ... ငါ ကျိဝူရွှမ် ရောက်လာပြီ။ မင်းတို့ရဲ့ ပျက်သုဉ်းခြင်းအတွက် ပြင်ဆင်ထားကြတော့။”

ကျိဝူရွှမ် အသက်ပြင်းပြင်းရှူကာ မြေပြင်ကို လက်သီးဖြင့် ထိုးလိုက်ရာ ချောက်ကမ္ဘာကြီး တုန်ခါသွားပြီး သေဆုံးနေသော မြို့တော်ကြီးမှာ ဝုန်းခနဲ ပြိုကျသွားတော့သည်။

မြေပြင်အက်ကွဲသွားပြီး ရွှေရောင်လှံတစ်စင်း ထွက်ပေါ်လာ၏။

“ဝိညာဉ်ထိန်းချုပ်ခြင်း နတ်ဘုရားစွမ်းအားက မပြည့်စုံသေးဘူး၊ ငါ့ကျင့်စဉ်ရဲ့ ၅၀%ပဲ လွှဲပြောင်း နိုင်သေးတယ်။ ဒါပေမဲ့ ဒီ၅၀% နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်က ဒီတောရိုင်းမြေ တစ်ခုလုံးကို တိုက်ခိုက်ဖို့ လုံလောက်ပါတယ်။”

“ကောင်းကင်ပြည်နယ်ရဲ့ ရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး ကျိမျိုးနွယ်စုအတွက် ဒီတောရိုင်းမြေကို ကြိုတင်သိမ်းပိုက်ရမယ်။ ဘယ်သူက ထင်ထားမှာလဲ။”

“ဟားဟားဟား...”

ကျိဝူရွှမ်၏ အနက်ရောင်မျက်လုံးများမှာ လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားပြီး မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ကာ သူ၏ပုံရိပ်မှာ ချောက်နက်ထဲမှ ချက်ချင်း ပျံထွက်သွားတော့သည်။

သူ၏ အမြင်အာရုံက အဝေးကြီးအထိ ထိုးဖောက်မြင်နိုင်ပြီး ယခင် အင်အားစုကြီး (၇)ခု၏ အခြေစိုက်စခန်းဟောင်း၊ ယခု အပျက်အစီးများ ဖြစ်နေသည့် နေရာဆီသို့ အာရုံစိုက်လိုက်သည်။

“ခွေးအိုတစ်သိုက်... ပုန်းနေရင် ငါ မမြင်ဘူး ထင်နေလား။”

“ထွက်လာပြီး ငါ့ကို အလေးပြုစမ်း...”

ကျိဝူရွှမ်က အော်ဟစ်လိုက်သည်။

ထို့နောက်တွင် တအားခြောက်ကပ်ပြီး သေခါနီးဖြစ်နေသည့် မဟာချန် ဘိုးဘေးနှစ်ဦးမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရောက်ရှိလာကြသည်။

သူတို့နောက်တွင် ဘိုးဘေး တောက်တီး၊ စုန်းနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်ဟောင်းနှင့် အခြားသော သူများ ရောက်လာကြသည်။

ပုန်းကွယ်နေသော ဘိုးဘေးတစ်စုမှာ တစ်ဦးကိုတစ်ဦး လေးနက်စွာ ကြည့်လိုက်မိကြသည်။

ကျိမျိုးနွယ်စု၏ ဒုတိယသခင်လေး ကျိဝူရွှမ်က တောရိုင်းမြေသို့ ရောက်ရှိလာပြီ ဖြစ်သည်။ မျှော်လင့် ထားသည်ထက် ခြောက်လခန့် စောပြီး ရောက်လာခြင်းပင်။

All Chapters