သူရဲကောင်းတို့ ကြွေလွင့်ခြင်း
Vol. 7 Ch. 90
“သခင်လေးကျိ... သခင်လေးက အန္တိမတာအိုကို လေ့လာနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီတောရိုင်းမြေဆီကို လာဖို့ အချိန်ရတာလဲ...”
အရိုးရင့်ကြီးများ စုဝေးနေသည့် အုပ်စုမှာ တင်းမာနေကြသည်။ တောရိုင်းမြေ၏ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားနှင့် မဏ္ဍိုင်ကြီးများအဖြစ် ကိုယ်စားပြုထားကြသော်လည်း အသက် ၃၀မျှသာ ရှိသေးသည့် လူငယ်လေးတစ်ဦး၏ ရှေ့မှောက်တွင် သူတို့မှာ မမျှော်လင့်ဘဲ ထိတ်လန့်တုန်လှုပ်နေကြရသည်။
ကျိဝူရွှမ်၏ မျက်ဝန်းများ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေကာ ရုတ်တရက် မေးလိုက်သည်။
“မဟာချန်ရဲ့ ဘိုးဘေးနှစ်ယောက်... မင်းတို့ရဲ့ သက်တမ်းက ကုန်ခမ်းနေပြီ။ အသက်ရှင်ဖို့ သိပ်မကျန် တော့ဘူးပဲ။ ဒါကြောင့်မို့...”
ဝူး...
ဂျွတ်...
ကျိဝူရွှမ်က ရုတ်တရက် လက်လှမ်းလိုက်ပြီး မဟာချန် ဘိုးဘေးတစ်ဦး၏ ခေါင်းကို ဆတ်ခနဲ လိမ်ချိုးလိုက်သည်။ ထို့နောက် ထိုဦးခေါင်းကို သူ၏ လက်ညှိုးထိပ်တွင် တင်၍ လှည့်ပတ်ဆော့ကစားရင်း လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါက ကောင်းကင်ပြည်နယ်မှာ အဝေးကြီး ရောက်နေလို့ ဒီလောကထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိဘူးလို့ မင်းတို့ ထင်နေကြတာလား။”
နံနက်ခင်းအလင်းနယ်ပယ်မှ ဘိုးဘေးအချို့မှာ အကြီးအကျယ် ထိတ်လန့်သွားကြပြီး ခေါင်းပြတ်နေသော အလောင်းကြီး ဝုန်းခနဲ လဲကျသွားကာ သွေးပူပူများက မြေပြင်ကို မြောင်းများသဖွယ် လောင်ကျွမ်း စေသည်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြသည်။
နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်ရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးက ကျိမျိုးနွယ်စု၏ ဒုတိယ သခင်လေး အရှေ့တွင် စက္ကူအရုပ်ကလေးသဖွယ် အားနည်းလွန်းနေ၏။
ကျန်ရှိနေသည့် တစ်ဦးတည်းသော မဟာချန် ဘိုးဘေးမှာ မျက်လုံးများ နီမြန်းလာပြီး ဒေါသတကြီး ဟောက်လိုက်သည်။
“မင်း... သဘောထားကွဲလွဲရုံနဲ့ လူတစ်ယောက်ကို ဒီလို သတ်ပစ်ရသလား...”
ကျိဝူရွှမ်၏ လေသံမှာ ပို၍ပင် အေးစက်လာသည်။
“တစ်ဖက်မှာတော့ ငါတို့ ကျိမျိုးနွယ်စုရဲ့ အရင်းအမြစ်တွေနဲ့ အကူအညီတွေကို ယူနေပြီး၊ နောက် တစ်ဖက်မှာတော့ အဲဒီအရင်းအမြစ်တွေကို သုံးပြီး ပညာရှင်တွေကို တိတ်တဆိတ် မွေးထုတ်နေကြတယ်။ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်က ရှင်းနေတာပဲ။”
“ဒါက ခင်ဗျားတို့ အင်အားစုကြီး (၇)ခုကြားမှာ ရာစုနှစ်တစ်ခုနီးပါး ဖြစ်ပျက်နေတာ။ ထားပါတော့... ကျိမျိုးနွယ်စုက ဒီလို အသေးအဖွဲတွေကို ဂရုမစိုက်သလို၊ ဒီလောကထဲမှာ လရောင် ဒါမှမဟုတ် နံနက်ခင်းအလင်း ပညာရှင် နည်းနည်းလောက် ပိုထွက်လာတာကိုလည်း အရေးမလုပ်ဘူး။”
“ကျိမျိုးနွယ်စုက ပေးထားတဲ့ တာဝန်တွေကို ကျေပွန်နေသရွေ့ ငါတို့ သည်းခံနိုင်ပါတယ်။ ဒါပေမဲ့... ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို တိတ်တဆိတ် လွှတ်ပေးပြီး၊ အင်အားစုကြီး (၇)ခုလုံးကို မဟာကျင်းဆီ လွှဲအပ်လိုက်တာကတော့ လုံးဝ မလုပ်သင့်တဲ့ကိစ္စပဲ...”
စကားအဆုံးတွင် ကျိဝူရွှမ်၏ အနက်ရောင်ဆံပင်များမှာ လေထဲတွင် ခါယမ်းနေပြီး သူက မိစ္ဆာနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်လာသည်။ သူ၏ လွှမ်းမိုးထားသော လူသတ်ငွေ့များမှာ သွေးဆာနေသော ငရဲမင်းကဲ့သို့ ဘိုးဘေးများအုပ်စုပေါ်သို့ ကျရောက်သွားတော့သည်။
မဟာချန်၏ နောက်ဆုံးကျန်ရစ်သူ ဘိုးဘေးမှာ ပူနွေးသောသွေးများ အေးစက်သွားသလို ခံစားလိုက်ရပြီး တဖြည်းဖြည်း တည်ငြိမ်အောင် ကြိုးစားရင်း ရှင်းပြရန် အားထုတ်လိုက်သည်။
“တောင်းပန်ပါတယ် သခင်လေးကျိ။ ကျွန်တော်တို့က...”
“သေလိုက်တော့...”
ကျိဝူရွှမ်၏ အသံမှာ မိုးကြိုးသံကဲ့သို့ပင်။ တစ်ဖက်လူကို တုံ့ပြန်ရန် အချိန်ပင်မပေးဘဲ မဟာချန် ဘိုးဘေး၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီး သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။
တစ်ခဏချင်းအတွင်းမှာပင် ဘိုးဘေး တောက်တီးနှင့် စုန်းနတ်ဘုရားဂိုဏ်း၏ ယဇ်ပုရောဟိတ်ဟောင်း အပါအဝင် အခြားသော နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများမှာ ချွေးစေးများ ပြန်လာကြသည်။
သိက္ခာရှိလှသော နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦးကို စကားတစ်ခွန်းတည်းဖြင့် သတ်ဖြတ်လိုက်ခြင်းမှာ ကြက်တစ်ကောင် သတ်ရသည်ထက်ပင် လွယ်ကူနေ၏။
ကြောက်စရာ ကောင်းလှသည်။
“ကောင်းကင်ဘုံရဲ့ ကရုဏာတရားကို ထောက်ထားပြီးတော့ ခင်ဗျားတို့ရဲ့ ကျင့်စဉ်တွေက လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်တဲ့အတွက် နောက်ဆုံး ရွေးချယ်မှုတစ်ခု ပေးမယ်။ မဟာကျင်းထဲကို ဝင်ရောက်ပြီး ဧကရီရဲ့ ကြင်ရာတော်ကို သတ်။ ပြီးရင် အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို အရှင်ဖမ်းခဲ့။”
ကျိဝူရွှမ်က ပြောရင်း လက်ထဲရှိ ဦးခေါင်းကို လက်ငါးချောင်းဖြင့် ချေမွလိုက်သည်။ သူ၏ လေသံမှာ အေးအေးဆေးဆေးပင်။
“မဟုတ်ရင်တော့ ခင်ဗျားတို့ရဲ့ ကံကြမ္မာကလည်း ဒီလူလိုပဲ ဖြစ်လိမ့်မယ်။”
စုန်းနတ်ဘုရားဂိုဏ်းမှ ယဇ်ပုရောဟိတ်ဟောင်းက ရုတ်တရက် ရယ်မောလိုက်သည်။ “သေရတာက ဘာမှမဟုတ်ပါဘူး။ ငါတို့ ကောင်းကင်ပြည်နယ်ရဲ့ ကျိမျိုးနွယ်စုကို အစေခံခဲ့တာ နှစ်ပေါင်းထောင်ချီနေပြီ။ ထာဝရ ကျိန်စာသင့်မယ်ဆိုရင်တောင် ငါတို့ရဲ့ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်ပြီးသားပါ။ သေရမှာကို ဘာကြောက်စရာရှိလဲ...”
စကားအဆုံးတွင် ဦးထုပ်အောက်ရှိ ယဇ်ပုရောဟိတ်၏ မှုံဝါးနေသော မျက်လုံးများမှာ ထက်ရှလာ၏။
“စုန်းနတ်ဘုရား ကောင်းကင်ယဇ်ပူဇော်ခြင်း... ဝိညာဉ်သုံးပါးကို ပူဇော်မယ်၊ နံနက်ခင်းအလင်း တာအိုအသီးကို ပူဇော်မယ်၊ သက်တမ်းကို ပူဇော်မယ်...”
ယဇ်ပုရောဟိတ်၏ တစ်ကိုယ်လုံးမှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါမှာ လျင်မြန်စွာ မြင့်တက်လာ၏။ သူ၏ အသက်နှင့် ကျင့်စဉ်ကို စတေးလိုက်ခြင်းကြောင့် သူ၏ စွမ်းအားမှာ နံနက်ခင်းအလင်းနယ်ပယ် အလယ်အလတ်အဆင့်သို့ ယာယီ ရောက်ရှိသွားသည်၊
မည်သည့် တုံ့ဆိုင်းမှုမှမရှိဘဲ ယဇ်ပုရောဟိတ်က တိုက်ခိုက်လိုက်ကာ ပြင်းထန်သော ကျိန်စာတစ်ခုနှင့် အတူ...
“စုန်းနတ်ဘုရား ကောင်းကင်ယဇ်ပူဇော်ခြင်း...”
အသည်းအသန် လက်စားချေသည့် ထိုတိုက်ကွက်မှာ ကျိဝူရွှမ်ဆီသို့ တည့်တည့် ဦးတည်သွားပြီး ယဇ်ပုရောဟိတ်က စိတ်လက်ပေါ့ပါးသွားသည့် အပြုံးမျိုးကို ပြသလိုက်သည်။
သို့သော်လည်း သူ၏အပြုံး အပြည့်အဝ မပွင့်လန်းမီမှာပင် သူ၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲ သွားတော့သည်။
သွေးနီရောင် မန္တလာပန်း တစ်ပွင့် လေထဲတွင် ပွင့်လန်းသွား၏။
ကျိဝူရွှမ်က ခံစားချက်မရှိသော အမူအရာဖြင့် လှံကို တည်ငြိမ်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး သွေးစက်များကို ခါထုတ်လိုက်သည်။
“ခေါင်းမာလိုက်တာ။”
ကျိဝူရွှမ်ကည် ကျန်ရှိနေသောသူများကို မော့ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများတွင် တိတ်ဆိတ်စွာ သေဆုံးရန် ဆုံးဖြတ်ထားသည်ကို မြင်လိုက်ရသဖြင့် နှမြောတသစွာ သက်ပြင်းချလိုက်သည်။
သူက အသုံးဝင်သော ခွေးအချို့ ဆုံးရှုံးရသည့်အတွက် နှမြောနေခြင်းပင်။
ဤနေ့တွင် အမည်မသိ ကောင်းကင်ချောက်နက်ကြီးမှ ကြောက်မက်ဖွယ် တုန်ခါမှုတစ်ခု ထွက်ပေါ်၍ လာခဲ့သည်။ မဟာတာအိုများ ပျက်ယွင်းပြီး ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ ရှုပ်ထွေးကုန်၏။
နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများစွာ ကြွေလွင့်သည့် နိမိတ်များ ခဏခဏ ပေါ်ထွက်လာပြီး အထက်တန်းစား ပညာရှင်ကြီးများက တစ်ဦးပြီးတစ်ဦး တိတ်ဆိတ်စွာ သေဆုံးသွားကြသည်။ သူတို့၏ စီးဆင်းနေသော သွေးများက ချောက်နက်ထဲတွင် မြစ်များသဖွယ် စီးဆင်းသွားတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်။
ကောင်းကင်ချောက်နက်ကြီး အတွင်း၌။
ကျယ်ပြောလှသော သွေးပင်လယ်ကြီး၏ အလယ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ကျောက်စိမ်းရောင် သန့်စင်သော လူငယ်တစ်ဦးက လှံကိုကိုင်ကာ ရပ်နေပြီး သူ့ပတ်ပတ်လည်တွင် အလောင်းပေါင်း တစ်ဒါဇင်ခန့် ရှိနေသည်။
“အညံ့ခံမယ့်အစား သေဖို့ ရွေးချယ်တယ်ပေါ့...”
“ရယ်စရာပဲ။”
ကျိဝူရွှမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဒီလောက် သတ္တိရှိနေရင် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက ဘာလို့ မတိုက်ခဲ့ဘဲ ကျိမျိုးနွယ်စုရဲ့ ခြေဖဝါးအောက်မှာ ဝပ်တွားခဲ့တာလဲ။ သေမှာကို ကြောက်တဲ့ ခွေးအိုတစ်သိုက်။ သေခါနီးမှ ဂုဏ်သိက္ခာကို ထိန်းချင်ယောင်ဆောင်ပြီး တောရိုင်းမြေအတွက် တစ်ခုခု လုပ်ပေးချင်နေကြတာပေါ့။”
သူ၏ ဟာလာဟင်းလင်း ဖြစ်နေသော အသံမှာ ချောက်ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်သွား၏။
တောင်တန်းများကဲ့သို့ ကြီးမားသော ဦးခေါင်းကြီးများမှာ မြေပြင်ကို ဖိမိထားပြီး၊ အလောင်းအချို့မှာ သေဆုံးသွားသည့်တိုင် မတ်မတ်ရပ်ကာ ကောင်းကင်ကို မော့ကြည့်နေဆဲ ဖြစ်သည်။ အချို့မှာ လက်နက်များကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ဝိညာဉ်များမှာ ကွယ်ပျောက်သွားခဲ့ပြီ။ ကျိုးပဲ့နေသော ဓားများမှာ ကျောက်ဆောင်နံရံများတွင် စိုက်ဝင်နေသော်လည်း ပိုင်ရှင်များမှာ မရှိတော့ချေ...
သံခြေကျဉ်းများဖြင့် ခတ်ထားသော ကြောက်မက်ဖွယ် သားရဲကြီး တစ်ကောင်သာလျှင် ရုန်းမရဘဲ ချည်နှောင်ခံထားရသည်။ ၎င်းက မည်မျှပင် ရုန်းကန်ပါစေ အရာမထင်ချေ။
“တောက်တီးရဲ့ သွေးမျိုးဆက်... ငါ့ရဲ့ စီးတော်ယာဉ်ဖြစ်ဖို့တော့ အဆင့်မီရုံလေး ရှိပါသေးတယ်။”
ကျိဝူရွှမ်က ဘိုးဘေး တောက်တီး၏ နဖူးပေါ်သို့ လက်ညှိုးတစ်ချောင်း တင်လိုက်ကာ မျက်လုံးမှိတ်လျက် ရေရွတ်လိုက်သည်။
“ကြည့်ရအောင်။ ခင်ဗျားရဲ့ မှတ်ဉာဏ်တွေထဲမှာ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်နဲ့ မဟာကျင်း ဧကရီဆိုတာ တကယ်တမ်း ဘယ်သူတွေလဲဆိုတာ။”
“ရန်သူကို သိရင်၊ ကိုယ့်ကိုယ်ကိုယ် သိရင် ဘယ်တော့မှ မရှုံးဘူးလေ။”
အတော်ကြာပြီးနောက်။
ကျိဝူရွှမ် မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများအတွင်း၌ စိတ်အားထက်သန်မှုများ လက်ခနဲ ပေါ်လာသည်။ သူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ ယုတ်မာသောအပြုံးဖြင့် ပြောသည်။
“မဟာကျင်း ဧကရီက တကယ့်ကို အနှိုင်းမဲ့ မိန်းမလှပဲ။ သူနဲ့ ယှဉ်လိုက်ရင် ငါ အရင်က ကစားခဲ့တဲ့ နတ်သမီးတွေ၊ အပျိုစင်တွေဆိုတာ ဘာမှမဟုတ်တော့ဘူး။”
“ပြီးတော့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်... မရိုးရှင်းဘူးပဲ။ သူ့ရဲ့ ဓားအသိက ဧကရာဇ်အဆင့်နဲ့ အရမ်းကို နီးစပ်နေတာ။ အချိန်မီ မတားနိုင်ရင် သူက မရှုံးနိမ့်နိုင်တဲ့ အင်အားစုကြီး ဖြစ်လာလိမ့်မယ်။”
ဘိုးဘေး တောက်တီးက အလွန်အမင်း နာကျင်ဝမ်းနည်းနေရသော်လည်း သူ၏သက်တမ်းကို စတေးပြီး အသည်းအသန် တိုက်ခိုက်ရန်ပင် မတတ်နိုင်တော့ချေ။
သူ၏ နတ်ဘုရားအာရုံမှာ သန့်စင်ခံလိုက်ရပြီး ကျွန်မှတ်သားခြင်းကို ခံလိုက်ရကာ ကျိဝူရွှမ်၏ ရုပ်သေးရုပ် ဖြစ်သွားခဲ့လေပြီ။
“ဓားသူတော်စင်... ဧကရီ... ကျွန်တော်တို့... အပြစ်ရှိပါတယ်...”
“ကျွန်တော်တို့က ကျိမျိုးနွယ်စုရဲ့ ကျူးကျော်မှုကို မတားဆီးနိုင်ခဲ့ဘူး။ ကျွန်တော်တို့က... အပြစ်သားတွေပါ...”
ဘိုးဘေး တောက်တီး၏ မျက်လုံးများမှ သွေးမျက်ရည် နှစ်ပေါက် စီးကျလာသည်။ သူ၏ ပြိုကွဲနေသော စိတ်အာရုံမှာ တစ်စွန်းတစ်စ ထွက်ပေါ်လာသော်လည်း ကြာရှည်မခံဘဲ နောက်ဆုံး ကျန်ရှိနေသော သတိတရား ကွယ်ပျောက်သွားတော့သည်။
ငါးဝိညာဉ်မျိုးနွယ်စု၏ အစောင့်အရှောက် နတ်သားရဲကြီးမှာ အသိစိတ်မဲ့သော ကျွန်တစ်ဦး လုံးဝ ဖြစ်သွားခဲ့လေပြီ။
“ဟဲဟဲ... ထစမ်း။” ကျိဝူရွှမ်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။
ဘိုးဘေး တောက်တီးကို ချည်နှောင်ထားသော သံခြေကျဉ်းများမှာ ပြတ်တောက်သွားတော့သည်။
ဘိုးဘေး တောက်တီးက သစ်သားရုပ်ကြီးကဲ့သို့ မတ်တပ်ရပ်လိုက်ကာ ခေါင်းငုံ့လျက် အညံ့ခံသည့် အနေအထားဖြင့် ရှိနေသည်။
ကျိဝူရွှမ်၏ မျက်ဝန်းများမှာ နတ်ဘုရားအလင်းတန်း နှစ်ခုကို ထုတ်လွှတ်လိုက်ပြီး မဟာကျင်းရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏ လောဘကို မထိန်းချုပ်နိုင်တော့ချေ။
“မဟာကျင်း ဧကရီရော၊ အချိန်နဲ့နေရာလွတ် ဓားအသိရော... ငါ အားလုံးကို ရစေရမယ်။ ဒါတွေအားလုံးက ငါ့အပိုင် ဖြစ်ရမယ်...”
“ဒီလို အလှပိုင်ရှင်မျိုး၊ ဒီလို ဧကရာဇ်အဆင့် ဓားအသိမျိုး... ငါနဲ့ပဲ ထိုက်တန်တာ...”
ယခုအချိန်တွင် ကျိဝူရွှမ်က သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားတော့ဘဲ သူ၏အပြုံးမှာ အရိုင်းဆန်ပြီး ယုတ်မာမှုများ ပြည့်နှက်နေတော့သည်။