← Chapters

ကိုယ့်မိန်းမက လောကမှာ ပြိုင်ဘက်ကင်းပဲ

Vol. 7 Ch. 93

ကိုယ့်မိန်းမက လောကမှာ ပြိုင်ဘက်ကင်းပဲ

Vol. 7 Ch. 93

နွေးထွေးနူးညံ့သော နေရောင်ခြည်က မုန့်ချင်ကျိုးပေါ် ဖြာကျနေပြီး ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေသည်။ သူ၏ သွေးကြောမျှင်များနှင့် ဒန်တျန်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် တိုးပွားလာနေပြီး ကျင့်စဉ်အဆင့်မှာလည်း ထိုနည်းတူ တက်လှမ်းနေသည်ကို သူ ခံစားသိရှိနေသည်။

“လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်။”

“နောက်ထပ် လဝက်လောက်ဆိုရင် နံနက်ခင်းအလင်းနယ်ပယ်ကို ချိုးဖျက်နိုင်တော့မယ် ထင်တယ်။ အဲဒီအချိန်ကျရင်တော့ ဧကရာဇ်အဆင့် အချိန်နဲ့နေရာလွတ် ဓားအသိရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီ။”

မုန့်ချင်ကျိုးက စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိသည်။

ကျွီ...

ခြံဝင်းတံခါး ပွင့်သွားပြီး တုန်းဖန်လျူလီက လေးလံသော ခြေလှမ်းများဖြင့် ဝင်လာသည်။ သူ၏ စိတ်ဓာတ်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း မုန့်ချင်ကျိုးကို မြင်လိုက်ရသည့် ခဏမှာပင် ထိုပင်ပန်းမှုများ အားလုံး ပျောက်ကွယ်သွားတော့သည်။

မုန့်ချင်ကျိုးထံတွင် တည်ငြိမ်မှုတစ်ခု ရှိနေသည်။ တောင်ကြီး ပြိုကျလာလျှင်ပင် မတုန်မလှုပ်သည့် တည်ကြည်မှုနှင့် လေပြေညင်းကဲ့သို့ အေးချမ်းသည့် အရှိန်အဝါမျိုးပင်။

၎င်းက ဟန်ဆောင်ရသည့်အရာ မဟုတ်ဘဲ ရင်ထဲအနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

မှန်ပေသည်။ တုန်းဖန်လျူလီကို ဆွဲဆောင်ခဲ့သည်မှာ မရေရာသော “ပညာရှိ” ဘွဲ့ထူး သို့မဟုတ် တစ်လောကလုံး ကျော်ကြားသည့် “ဓားသူတော်စင်” ဆိုသည့် အစွမ်းအစများ မဟုတ်ခဲ့ချေ။ အမြဲတမ်း “သူ”ဆိုသည့် လူသားတစ်ယောက်တည်းသာ။

“ငါ့နှလုံးသား အေးချမ်းတဲ့နေရာက ငါ့ရဲ့အိမ်ပဲ...” တုန်းဖန်လျူလီက မျက်ဝန်းများ ဝေဝါးလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဟေး... မိန်းကလေးလျူလီလေး နောက်ဆုံးတော့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ကိုယ်တော့ မင်းကို မိသားစုကို ပစ်ပယ်သွားတဲ့ နှလုံးသားမရှိတဲ့ လူတစ်ယောက် ဖြစ်သွားပြီလားလို့ ထင်နေတာ...” မုန့်ချင်ကျိုးက အသံလာရာဘက်သို့ လှည့်ကာ အံ့သြဟန်ဖြင့် ပြောလိုက်သည်။

တုန်းဖန်လျူလီက မျက်စောင်းထိုးလိုက်ပြီး ပြောသည်။ “အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ရဲ့ ရှေ့မှာ ကျွန်မက “မိန်းးကလေး”လို့ အခေါ်ခံရဲပါ့မလား။ ဓားသူတော်စင်ရဲ့ ဘေးနားမှာ ရှိနေရတာကိုပဲ ကံကောင်းတယ်လို့ အမြဲခံစားရပါတယ်။ ဒါပေမဲ့ သူက ကျွန်မကို ကြမ်းတမ်းလွန်းတယ် ဆိုပြီးတော့ ပစ်သွားမှာကိုလည်း စိုးရိမ်မိသား...”

သရော်စာတွေ သုံးနေတာလား။ ဒါမျိုးကတော့ နှစ်ယောက်လုံး ကစားတတ်တာပဲ။

မုန့်ချင်ကျိုး၏ မျက်နှာမှာ တောင့်တင်းသွားပြီး အခက်တွေ့စွာ ရယ်မောလိုက်ကာ သူ့ကို ဆက်ပြီး မစနောက်တော့ရန် ဆုံးဖြတ်လိုက်သည်။

မကြာသေးမီက တုန်းဖန်လျူလီသည် “အချိန်နှင့်နေရာလွတ် ဓားသူတော်စင်” ဆိုသည့် ဘွဲ့ကို ခဏခဏ ထုတ်ပြောလေ့ရှိပြီး အငြိုးအတေး ထားနေမှန်း သိသာလှသည်။ သူက မုန့်ချင်ကျိုး အမှန်တရားကို ဖုံးကွယ်ထားခဲ့၍ ရန်ငြိုးထားနေခြင်း မဟုတ်ဘဲ “အချိန်နှင့်နေရာလွတ် ဓားသူတော်စင်” နှင့် “ငါးပိကောင်မုန့်” တို့ကို တစ်ယောက်တည်းအဖြစ် ပေါင်းစပ်ဖို့ မတတ်နိုင်သေးဘဲ ထိတ်လန့် ဇဝေဇဝါ ဖြစ်နေရခြင်းသာ ဖြစ်သည်။

“အချိန်နဲ့နေရာလွတ်ဓားသူတော်စင်ဆိုတာ သူများတွေ ပေးတဲ့ ဘွဲ့တစ်ခုပါ၊ ကိုယ်နဲ့ ဘာမှမဆိုင်ပါဘူး။” မုန့်ချင်ကျိုးက ပြောရင်း တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ “ဒါနဲ့... ကိုယ် မင်းကို ဧကရာဇ်အဆင့် ကိုယ်ခံစွမ်းအား ချီးမြှင့်ခဲ့တယ် မဟုတ်လား။ လာ... ကျင့်စဉ် ဘယ်လိုကျင့်ရမလဲဆိုတာ သင်ပေးမယ်။”

တုန်းဖန်လျူလီ၏ ရင်ခုန်သံမှာ တစ်ချက် တုန်သွားပြီး သူ၏ ဇာမဏီမျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

“ချီးမြှင့်တယ် ဟုတ်လား။”

“ဘာကို ဆိုလိုတာလဲ။”

ယခင်က မုန့်ချင်ကျိုးသည် မုတ်ဆိတ်ဖြူ အဘိုးအိုတစ်ယောက်က သူ့ကို ထူးဆန်းသော ဝိညာဉ်ဆေးလုံး တစ်လုံး ပေးခဲ့၍ သူ၏ ကိုယ်ခံစွမ်းအား ပြောင်းလဲသွားသည်ဟု ပြောခဲ့သည်။

အခု ပြန်စဉ်းစားကြည့်တော့ ၎င်းမှာ မုန့်ချင်ကျိုး ခရီးသွားနေရင်း ရှေးဟောင်း အစစ်အမှန် ဇာမဏီ၏ အမွေအနှစ်ကို ရရှိခဲ့သော ကံကောင်းမှုတစ်ခု ဖြစ်နိုင်သည်လို့ သူ တွေးခဲ့မိသည်။

သို့သော် အခုတော့ တုန်းဖန်လျူလီက ထိုယူဆချက်ကို သံသယဝင်လာပြီ ဖြစ်သည်။

ချီးမြှင့်တယ် ဟုတ်လား...

ဘယ်သူကများ တစ်ဖက်လူကို ဧကရာဇ်အဆင့် ကိုယ်ခံစွမ်းအား ဒါမှမဟုတ် အစစ်အမှန် ဇာမဏီ အမွေအနှစ်ကို ချီးမြှင့်ပေးနိုင်မှာလဲ...

“အဟမ်း... ကိုယ် စကားမှားသွားတာ။ မုတ်ဆိတ်ဖြူ အဘိုးအိုပေးတဲ့ ဝိညာဉ်ဆေးလုံးကြောင့် မင်းရဲ့ ကိုယ်ခံစွမ်းအား ပြောင်းလဲသွားတာ။” မုန့်ချင်ကျိုးက မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသဖြင့် တည်ငြိမ်ဟန်ဆောင်ကာ အမြန် ပြင်ပြောလိုက်ရသည်။

တုန်းဖန်လျူလီ၏ မျက်ဝန်းများတွင် စဉ်းစားခန်း ဝင်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေး၍ သွားခဲ့သည်။

စကားမှားတာလား။

မဟုတ်ဘူး။ ဒါက အမှန် ဖြစ်ဖို့ များတယ်...

ထိုခဏတွင် မုန့်ချင်ကျိုး၏ လျို့ဝှက်ချက်အားလုံးကို သိမြင်ပြီးပြီဟု ထင်ထားသော တုန်းဖန်လျူလီက သူ၏နက်နဲမှုကို ပို၍ပင် ခံစားလိုက်ရသည်။

၎င်းမှာ တောအုပ်တစ်ခုက ဒီလောက်ပဲ ကြီးတာပါလို့ ထင်ထားရာမှ တောနက်ထဲ ဝင်ကြည့်လိုက်ရာ အဆုံးမရှိသော တောင်တန်းကြီးများ ရှိနေမှန်း သိလိုက်ရသလိုမျိုးပင်။

“ကောင်းပါပြီ။ ဒါဆို ကျင့်စဉ် ဘယ်လိုကျင့်ရမလဲ သင်ပေးပါဦး...” တုန်းဖန်လျူလီက ပြုံးလျက် ပြောလိုက်သည်။

မုန့်ချင်ကျိုးတွင် လျို့ဝှက်ချက် ဘယ်လောက် ရှိနေပါစေ သူက ပြဿနာများကို မဖိတ်ခေါ်ချင်သော ငါးပိကောင် တစ်ယောက်အဖြစ်သာ အမြဲ ရှိနေခဲ့သည်။

ဒါဆိုရင် လုံလောက်ပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာလည်း ကိုယ်ပိုင်လျို့ဝှက်ချက်တွေ ရှိနေတာပဲ။

ထိုသို့တွေးလိုက်တော့ တုန်းဖန်လျူလီက ဘာမှ ဝေခွဲမရဖြစ်မနေတော့ချေ။ ထိုလျို့ဝှက်ချက်များ ပြည့်နှက်နေသော ငါးပိကောင်လေးကို ပို၍ပင် ဆွဲဆောင်မှုရှိသည်ဟု မြင်လာမိသည်။

မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြုံးလိုက်ပြီး တုန်းဖန်လျူလီ၏ နူးညံ့သော လက်ကလေးကို ဆွဲကာ အခန်းထဲသို့ ခေါ်သွားသည်။

“သွားရအောင်။ ပထမဆုံးအနေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို ဘယ်လို ခံစားသိရှိ ရမလဲဆိုတာ သင်ပေးမယ်။ ဒုတိယကတော့ အဲဒီစွမ်းအင်ကို ကိုယ့်ခန္ဓာကိုယ်ထဲ ဘယ်လို ဆွဲသွင်းရမလဲ ဆိုတာပဲ။ ဒီနှစ်ဆင့်က အရမ်းအရေးကြီးပြီးတော့ အာရုံစူးစိုက်ဖို့ လိုတယ်။ ဒါကြောင့် တိတ်ဆိတ်ပြီး အနှောင့်အယှက်မရှိတဲ့ ပတ်ဝန်းကျင် လိုအပ်တာ။ မင်း ကျွမ်းကျင်သွားပြီ ဆိုရင်တော့ ဒါတွေ မလိုတော့ဘူး...” မုန့်ချင်ကျိုးက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

တုန်းဖန်လျူလီက လိမ္မာစွာ ခေါင်းညိတ်ပြပြီးမှ ရုတ်တရက် ရပ်လိုက်ကာ ပြောလိုက်သည်။ “ချင်ကျိုး... ကျွန်မ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားလို့ ရနေပြီ ထင်တယ်။”

“တကယ်လား။ ဒီလောက် မြန်မြန်ကြီးလား။” မုန့်ချင်ကျိုးက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။

တုန်းဖန်လျူလီက ပါးစပ်ကလေးကို ပိတ်ကာ ပြုံးလိုက်ပြီး ဝိညာဉ်စွမ်းအင်များကို ဖြည်းဖြည်းချင်း စတင် စုပ်ယူပြလေသည်။ မုန့်ချင်ကျိုး၏ နတ်ဘုရားအာရုံမှာ ဒဏ်ရာရထားသဖြင့် မခံစားနိုင်မည်ကို စိုးရိမ်သောကြောင့် သူက ဝိညာဉ်စွမ်းအင်များကို လက်ဖဝါးပေါ်တွင် တမင်တကာ ဝဲနေစေပြီးမှ သူတို့ချင်း ဆုပ်ကိုင်ထားသော လက်ချောင်းများမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းပြလိုက်သည်။

“ဟေး... ချင်ကျိုး... ကျွန်မ... ကျွန်မ အဲဒီစွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းလိုက်နိုင်ပြီ ထင်တယ်...” တုန်းဖန်လျူလီက ထိတ်လန့်တုန်လှုပ်နေသည့် လေသံဖြင့် ပြောလိုက်သည်။ “ကျွန်မ ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေလို့လား။ ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ။”

မုန့်ချင်ကျိုး၏ နဖူးပေါ်တွင် အမေးသင်္ကေတသုံးခု ပေါ်လာပြီး အတော်ကြာအောင် တိတ်ဆိတ်သွားသည်။

အင်း... ဒါကို ဘယ်လို ပြောရမလဲ...

ငါ့မိန်းမက သိုင်းပညာ ပါရမီရှင်ကြီး ဖြစ်နေတာလား။

ဧကရာဇ်အဆင့် ကိုယ်ခံစွမ်းအား ရှိနေရင်တောင်မှ အရင်က ကျင့်စဉ် အတွေ့အကြုံ မရှိဘဲနဲ့ အခြေခံကနေ တဖြည်းဖြည်း တည်ဆောက်သွားရမည် ဖြစ်သည်။

ကောင်းကင်ဘုံ ကံကြမ္မာပိုင်ဆိုင်ထားသည့် အစွမ်းထက် ဇာတ်လိုက်တစ်ယောက်ပင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို ပထမဆုံးအကြိမ် ခံစားသိရှိရန်အတွက် “အမြင့်ဆုံး အာရုံခံခြင်းအခန်း”က မိတ်ဆက်နည်းလမ်းတွေနှင့် အကူအညီပေးမည့် ဝိညာဉ်ရတနာများကို သုံးပြီး၊ ဆယ်မိနစ်လောက်ကြာမှ ဝိညာဉ်စွမ်းအင်ကို ဝေဝါးဝါး ခံစားမိခြင်း ဖြစ်သည်။

ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ မနည်းဆွဲသွင်းနိုင်ရန် သုံးရက်လောက် ကြာတတ်ပြီး၊ အဲဒီအချိန်မှာပင် ဝိညာဉ်စွမ်းအင် အမျှင်လေး အနည်းငယ်လောက်သာ ရတတ်သည်။

တုန်းဖန်လျူလီ ဘာတွေ ဖြစ်နေတာလဲ။...

ဒါကတော့ ကြောက်စရာကြီးပဲ။

“မိန်းမ... ကိုယ် တစ်ခုကို ရုတ်တရက် သတိထားမိသွားပြီ။” မုန့်ချင်ကျိုးက လေးနက်စွာ ပြောလိုက်သည်။

တုန်းဖန်လျူလီ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပွင့်လန်းသွားသော်လည်း သူက ဘာမှမသိနားမလည်သည့် အပြစ်ကင်းစင်သော ဇနီးသည်လေးအဖြစ် ဟန်ဆောင်ကာ ကြယ်စင်လို တောက်ပသော မျက်ဝန်းလေးများဖြင့် စူးစမ်းချင်ယောင် ဆောင်လိုက်သည်။ “ဘာများလဲ။”

ထို့နောက် သူက ထိတ်လန့်တုန်လှုပ်နေသည့် လေသံဖြင့် ထပ်ပြောလိုက်သည်။ “ကျွန်မ ခန္ဓာကိုယ်မှာ တကယ်ပဲ တစ်ခုခု မှားနေတာလား။ ကျွန်မ ရှင့်အတွက် ကလေးတောင် မမွေးပေးရသေးဘူး၊ အဲဒီလောက် စောစောကြီး မသေချင်သေးဘူး။”

“အီး... ဟီး... ဟီး...”

မုန့်ချင်ကျိုး၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းသုံးကြောင်း ပေါ်လာပြီး သူ၏နဖူးကို အားမနာတမ်း တစ်ချက် တောက်လိုက်သည်။

“ပေါက်ကရတွေ ပြောမနေနဲ့တော့၊ ပြောစရာရှိတာ မြန်မြန်ပြော။”

တုန်းဖန်လျူလီက သူ၏နဖူးကို လက်ဖြင့် အုပ်ကာ နှုတ်ခမ်းဆူပြီး လျှာထုတ်ပြလိုက်သည်။ “အီး... ဟီး...”

ထိုအခါမှ မုန့်ချင်ကျိုး ကျေနပ်သွားပြီး စိတ်သက်သာရာရကာ ဂုဏ်ယူသော အမူအရာ ပေါ်လာသည်။ “မိန်းမ... ကိုယ်တော့ စာရေးဆရာတောင် မေ့သွားတဲ့၊ ကျောက်ကော်နဲ့ ဧကရီထက်တောင် အများကြီး သာလွန်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ကြီးကို ရှာတွေ့သွားပြီ ထင်တယ်...”

တုန်းဖန်လျူလီက ချက်ချင်းပင် ဝင်မေးလိုက်သည်။ “ဘယ်သူလဲ။”

“ပြီးတော့ အဲဒီစာရေးဆရာဆိုတာက ဘယ်သူလဲ။”

“အဲဒါက အရေးမကြီးပါဘူး။”

“သြော်... ဒါဆို ပြောပါဦး။ အဲဒီလူက ဘယ်သူလဲ။”

“မိန်းမပဲပေါ့... တခြား ဘယ်သူရှိဦးမလဲ...” မုန့်ချင်ကျိုးက ပြုံးလျက် သူ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ “မင်းနဲ့ ယှဉ်လိုက်ရင် ဧကရီဆိုတာ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ခေါ်ထိုက် ပါဦးမလား။ ကျောက်ကော်ဆိုတာရော အစွမ်းထက် ဇာတ်လိုက်လို့ ခေါ်နိုင်ပါဦးမလား။ မင်းရဲ့ ပါရမီက သမိုင်းတစ်လျှောက်လုံးမှာ အသာဆုံးပဲ...”

ဘယ်ကျင့်စဉ် နည်းလမ်း၏ လမ်းညွှန်မှုမှ မပါဘဲ၊ ဘယ်အကူအညီမှ မပါဘဲ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို တစ်စက္ကန့်အတွင်း ခံစားမိပြီး ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဆွဲသွင်းနိုင်ခြင်းက မည်သည့် သမိုင်းဝင် သူရဲကောင်းမျှ မလုပ်နိုင်ခဲ့သော အရာပင်။

မုန့်ချင်ကျိုး၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာကို မြင်လိုက်ရသည့်အခါ တုန်းဖန်လျူလီမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူ၏ အပြုံးက ပန်းပေါင်းစုံထက် လှပနေပြီး အရာအားလုံးကို မှေးမှိန်သွားစေသည်။

အနီးအနားတွင် နေကြာစေ့ကို တိတ်တဆိတ် စားနေသော စုချင်ချိုးကတော့ ရုတ်တရက် သက်ပြင်းကြီး ချလိုက်မိသည်။

အရှင်မကတော့ သူ အမုန်းဆုံး ဖြစ်ခဲ့တဲ့ ကလေးကလားနဲ့ ချွဲတတ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်သွားပြီပဲ။

ဟူး... ချင်ချိုးလည်း ဧကရီရဲ့ကြင်ရာတော်ကို ချွဲချင်တာပေါ့။ ဒါပေမဲ့ အရှင်မက ငါ့ကို သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ...

အရမ်း အရေးကြီးနေပြီ။ အကြံပေးကြပါဦး။

All Chapters