မုန့်မိသားစုမှာ အခွင့်ထူးခံ လုံးဝ မရှိစေရ
Vol. 7 Ch. 95
“အစီအစဉ်ကတော့ ဒါပါပဲ။ အားလုံး အိမ်ပြန်ပြီး ပြင်ဆင်ကြတော့...” ရွာလူကြီး ကျန်းတဟိုင်က ပြောလိုက်သည်။
ထိုစဉ်မှာပင် ရွာလူကြီးအိမ်၏ တံခါးမှာ အပြင်မှ ရုတ်တရက် ဝုန်းခနဲ ပွင့်သွားသည်။ ဝတ်စုံစိမ်းဝတ် လူငယ်တစ်ဦးက မျက်မမြင်တုတ်ကို အားပြုလျက် အထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာ၏။
“ဟေး... လျူလီ၊ ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုးကို ကိုယ့်ကိုတောင် အသိမပေးဘူးလား။” ထိုလူငယ်က သက်ပြင်းချရင်း ဆိုသည်။
ခဏချင်းမှာပင် ယာယီစာကြည့်ခန်းအတွင်းရှိ ရွာသား ဒါဇင်ပေါင်းများစွာမှာ ထိတ်လန့်သွားကြသဖြင့် နောက်သို့ ဆုတ်ခွာသွားကြပြီး သူတို့၏မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
ချင်းဖုန်းဟော်က ရောက်လာသူကို ကြောင်တောင်တောင် စိုက်ကြည့်နေမိရာ သူ၏လက်ထဲမှ သံတူကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုပင် သတိမထားမိချေ။
“ဒုက္ခပဲ...” ရွာလူကြီး ကျန်းတဟိုင်မှာလည်း အလွန်အမင်း ထိတ်လန့်သွားသဖြင့် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ဧကရီရဲ့ ကြင်ရာတော်... သူက ဘာလို့ ဒီကို ရောက်နေတာလဲ။...
ပိုပြီး အရေးကြီးတာက... သူ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။
တုန်းဖန်လျူလီ၏ ရင်ခုန်သံမှာလည်း တစ်ချက် ရပ်သွားပြီး မျက်နှာမှာ ကြောက်လန့်တကြား ဖြူဖျော့သွားကာ ချက်ချင်း မတ်တပ်ရပ်လျက် စကားများ ထစ်ငေါ့နေတော့သည် - “ချင်... ချင်ကျိုး... ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ။”
လူတိုင်း တိတ်ဆိတ်သွားကြပြီး သူတို့၏အကြည့်များမှာ မုန့်ချင်ကျိုးဆီသို့ စုပြုံရောက်ရှိသွားကာ အားလုံးက စိုးရိမ်တုန်လှုပ်နေကြသည်။
လူအုပ်ကြီးမှာ ခေါင်းငုံ့ထားကြပြီး တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်နေကြကာ သူတို့၏ ရင်ခုန်သံ များမှာလည်း မြန်လာတော့သည်။
ကံကောင်းလို့ ပစ္စုပ္ပန်ရွာရဲ့ စည်းကမ်းသစ်တွေကို ကြိုထုတ်ထားလို့ပဲ။ မဟုတ်ရင်တော့ အကျိုးဆက်က တွေးဝံ့စရာတောင် မရှိဘူး။
ပြီးတော့... ချင်ကျိုးရဲ့ အစွမ်းက အများကြီး ထပ်တိုးလာပြန်ပြီ ထင်တယ်။ အစက သူ့ကို လုံးဝ သတိမထားမိလိုက်ဘူး။
တုန်းဖန်လျူလီက နဖူးပေါ်မှ မရှိသောချွေးများကို သုတ်လိုက်ပြီး ရင်ဘတ်ကို အသာအယာ ပုတ်လိုက်သည်။ သူ တကယ်ပင် လန့်သွားခဲ့ခြင်း ဖြစ်သည်။
မုန့်ချင်ကျိုးက နူးညံ့စွာ ပြောလိုက်သည်။ “မင်း နေ့တိုင်း ဘာတွေ အလုပ်များနေလဲဆိုတာ ကိုယ် လာကြည့်တာပါ။ ကိုယ့်ကို အပြစ်မတင်ပါဘူးနော်။”
“ဘာတွေ ပြောနေတာလဲ။ အပြစ်မတင်ပါဘူး” တုန်းဖန်လျူလီက ပြုံးပြလိုက်သည်။ “ရှင်ကသာ ကျွန်မကို လျစ်လျူရှုထားရင် ကျွန်မက အပြစ်တင်ရမှာ။”
ရွာသားအားလုံးမှာ သူတို့၏နားများကို ပိတ်ထားကြပြီး ဟိုကြည့်ဒီကြည့် လုပ်ခြင်း၊ မျက်နှာကြက်ကို စိုက်ကြည့်ခြင်း သို့မဟုတ် ကြမ်းပြင်ပေါ်တွင် ပုရွက်ဆိတ်ရှာကြည့်ခြင်းများ ပြုလုပ်နေကြသည်။
အင်း... ဒီမျက်နှာကြက်က တကယ့်မျက်နှာကြက်ပါပဲလား။ ပြီးတော့ ဟိုပုရွက်ဆိတ်တွေက ဘယ်ကို ပျောက်ကုန်တာလဲ။
ပစ္စုပ္ပန်ရွာသို့ အသစ်ရောက်လာသော ရွာသားအချို့မှာမူ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ တောက်ပ နေကြသည်။ သူတို့က ဧကရီ၏ ကြင်ရာတော်မှာ အချိန်နှင့်နေရာလွတ် ဓားသူတော်စင် မုန့်ချင်း ဖြစ်ကြောင်း သိရုံသာမက၊ ဧကရီနှင့် ကြင်ရာတော်တို့၏ နေ့စဉ် အချစ်စမ်းနေကြသည့် မြင်ကွင်းကိုပါ ကိုယ်တိုင် မြင်တွေ့ခွင့် ရလိုက်သောကြောင့် ဖြစ်သည်။
ထိုအချက်ကြောင့် ရွာသားသစ်များမှာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချမိကြပြီး ယခုအချိန်တွင် သေရလျှင်ပင် နောင်တရတော့မည် မဟုတ်ဟု ခံစားနေကြရသည်။
“ခုနက ခင်ဗျားတို့ ဆွေးနွေးနေတာတွေ အကုန်လုံးကို ကျွန်တော် ကြားပြီးပြီ...” မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ လေသံထဲတွင် မည်သည့် ခံစားချက်မျှ မပါဝင်ချေ။
လူတိုင်း၏ ရင်ထဲတွင် တင်းကျပ်သွား၏။
သူတို့၏ လျို့ဝှက်စကားဝိုင်းကို ကြားရုံဖြင့် ပစ္စုပ္ပန်ရွာ၏ နောက်ကွယ်မှ အမှန်တရားကို ဧကရီ၏ ကြင်ရာတော်က မသိနိုင်မှန်း သူတို့သိသော်လည်း၊ မုန့်ချင်ကျိုး၏ ဂုဏ်ပုဒ်များက တစ်နေ့ထက်တစ်နေ့ ပိုမို ကြောက်စရာကောင်းလာသည်ဖြစ်ရာ သူသည် တစ်ခုခုကို ဖုံးကွယ်ထားသလားဆိုသည်ကို မည်သူမျှ မခန့်မှန်းရဲကြချေ။
“မင်း ဘယ်လို ထင်လဲ။” ကျန်းတဟိုင်က တံတွေးကို ခက်ခဲစွာ မျိုချရင်း မေးလိုက်သည်။
မုန့်ချင်ကျိုး၏ မျက်ခုံးများမှာ တွန့်သွားပြီး မျက်နှာမှာ ရုတ်တရက် တည်ကြည်လေးနက်သွားကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ကျွန်တော် ဘယ်လိုထင်သလဲ ဟုတ်လား။”
“ဒါပေါ့... ကျွန်တော် အရမ်း ဒေါသထွက်တာပေါ့...”
ဒုန်း...
ရွာသားတစ်ဦးမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်မထိန်းနိုင်ဘဲ ချက်ချင်းပင် ဒူးထောက် ကျသွားတော့သည်။
“ဟေး... ဟေး... ဘာလုပ်တာလဲ... ထစမ်း...” ချင်းဖုန်းဟော်မှာ သုံးပေလောက် မြင့်အောင် ခုန်တက် လုနီးပါး ဖြစ်သွားပြီး အသံလွှင့်စနစ်ဖြင့် အမြန် ကြိမ်းမောင်းလိုက်ရသည်။
ညီအစ်ကိုရာ... ငါတို့ အမှားက မပေါ်သေးဘူးလေ။ ဘာလို့ ကြိုပြီး ဝန်ခံနေရတာလဲ။
ထိုရွာသားသည် မိမိအမှားကို သတိပြုမိသွားပြီး ကြင်ရာတော်ကို ခိုးကြည့်လိုက်ရာ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်ရသောအခါမှ စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် ပြန်ထလိုက်လေသည်။
ဒါဇင်နှင့်ချီသော မျက်လုံးများ၏ တင်းမာသော စိုက်ကြည့်မှုအောက်တွင် မုန့်ချင်ကျိုးက သက်ပြင်း ချလိုက်သည်။ “ကျွန်တော်က ရွာတူရင် တစ်အိမ်တည်းသားတွေလိုပဲ ချမ်းသာချမ်းသာ ဆင်းရဲဆင်းရဲ အတူတူ ရင်ဆိုင်ကြရမယ်လို့ ထင်ထားတာ။ ခင်ဗျားတို့က ကျွန်တော့်ကို အပြင်လူလို ဆက်ဆံလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...”
၎င်းကို ကြားလိုက်ရသည့်အခါ ရွာလူကြီး ကျန်းတဟိုင်ပင်လျှင် ချွေးသုတ်ရန် ပုဝါကို ထုတ်လိုက်ရပြီး သွေးတိုးများ ဆောင့်တက်လာတော့သည်။ သူသည် ပါးစပ်ကိုဟကာ အမှန်တရားကို ဝန်ခံရန် အသင့်ပင် ဖြစ်နေချေပြီ။
ရုတ်တရက် မုန့်ချင်ကျိုးက လေသံကို ပြောင်းလိုက်ပြီး ပြောလိုက်သည်။ “ဘေးရွာကလူတွေက ပြဿနာ လာရှာနေတယ်ဆိုရင် ကျွန်တော်တို့ စည်းစည်းလုံးလုံး ရှိရမယ်။ ကျွန်တော့် မျက်စိက မမြင်ရဘူး ဆိုပေမဲ့ ကျွန်တော့်ရဲ့ လမ်းပြတုတ်က လူတစ်ယောက်ရဲ့ ခြေထောက်ကိုတော့ ကျိုးအောင် ရိုက်နိုင်ပါသေးတယ်။”
“ပြောပါဦး... ဘေးရွာက ပြဿနာရှာတဲ့သူတွေက မြေသိမ်းဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ကျွဲနွားတွေ ပျောက်သွားလို့ အဲဒါကို အကြောင်းပြနေတာလား။”
“ကျွန်တော်တို့က ပြဿနာကို အရင်မရှာဘူး၊ ဒါပေမဲ့ ပြဿနာကိုလည်း မကြောက်ဘူး။ ဒီအစီအစဉ်မှာ ကျွန်တော်လည်း ပါဝင်ရမယ်။”
မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သာမန်လူသားများအကြား အငြင်းပွားမှုများမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ အေးအေးဆေးဆေး နေလာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ပျင်းရိစပြုလာရာ ယခုကဲ့သို့ အခြေအနေမျိုးတွင် ရင်ခုန်စရာ အနည်းငယ် လိုအပ်ပါသည်။
ထို့ကြောင့် သူက ပစ္စုပ္ပန်ရွာ၏ စုပေါင်းလှုပ်ရှားမှုတွင် ပါဝင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက သာမန်လူသားတွေကြားက ပွတ်တိုက်မှုတစ်ခုပဲ မဟုတ်လား။
သို့သော် အရေးကြီးဆုံး အကြောင်းရင်းကတော့ သူ၏ ဇနီးသည်လည်း ပါဝင်နေသောကြောင့်ပင်။
ဇနီးဖြစ်သူက အပြင်တွင် ပြဿနာများကို ဖြေရှင်းနေရချိန် သူက အိမ်မှာ အေးအေးဆေးဆေး ကျန်ရစ်နေဖို့ ဆိုသည်မှာ အိမ်ထောင်ဦးစီး တစ်ယောက်အနေဖြင့် မည်သို့မှ မဖြစ်နိုင်ချေ။
“အဲ...” ရွာလူကြီး ကျန်းတဟိုင်မှာ ဆွံ့အသွားပြီး လည်ချောင်းထဲတွင် တစ်ခုခု တစ်နေသလို စကားပြောချင်သော်လည်း မပြောရဲ ဖြစ်နေသည်။
“ဟေး... တူလေးရာ... မင်းကလည်း ဒီလောက်ကြာမှ ဒါတွေကို ပြောနေတာလား။” ချင်းဖုန်းဟော်က စိတ်သက်သာရာရစွာဖြင့် အားရပါးရ ရယ်မောလိုက်သည်။ “ငါတို့က မင်းကို တမင် မခေါ်တာ မဟုတ်ပါဘူး။ ဒါက ကိစ္စအသေးလေးမို့ မင်းကို ဒုက္ခမပေးချင်လို့ပါ။ မင်းက မဟာကျင်း ဧကရီကိုယ်တိုင် ခေါ်ထားတဲ့သူဆိုတော့ အဆင့်အတန်းက မြင့်မြတ်တယ်ဆိုတာ ငါတို့ အကုန်သိတာပဲ။”
မုန့်ချင်ကျိုးက နှိမ့်ချစွာဖြင့် လက်ခါပြလိုက်သည်။ “ဦးလေးကလည်း နောက်နေပြန်ပြီ။ အဲဒါတွေက အတိတ်က ကိစ္စတွေပါ။ အခုတော့ ကျွန်တော်က သာမန်ရွာသား တစ်ယောက်ပါ။ ဧကရီက ကျွန်တော့်မှာ ပညာမရှိဘူးဆိုပြီး ပြန်လွှတ်လိုက်တာ ခင်ဗျားတို့လည်း သိသားပဲ။”
ပစ္စုပ္ပန်ရွာကို ပြန်ရောက်သည့်နေ့ကတည်းက မုန့်ချင်ကျိုးသည် ဆင်ခြေတစ်ခု စဉ်းစားထားပြီးသား ဖြစ်သည်။ သူက မဟာကျင်းတွင် အရာရှိငယ်လေး တစ်ဦးသာ ဖြစ်ခဲ့ပြီး ထိုနေ့က ဧကရီသည် ပစ္စုပ္ပန်ရွာကို ဖြတ်သွားရင်း သူ့ကို ခေါ်သွားခြင်း ဖြစ်သည်ဟု ပြောထားခြင်း ဖြစ်သည်။
မည်သို့ဆိုစေ နာမည်ကျော်သည်မှာ အမတ်ကြီး “မုန့်ချင်း” ဖြစ်ပြီး “မုန့်ချင်ကျိုး” မဟုတ်ချေ။
“ဟားဟား... ဟားဟားဟား...” ချင်းဖုန်းဟော်က ခြောက်ကပ်ကပ် ရယ်မောရင်း မျက်စိတစ်ဖက်ကို တလှုပ်လှုပ် လုပ်ပြကာ ကျန်းတဟိုင်ကို တစ်ခုခု စဉ်းစားရန် အချက်ပြလိုက်သည်။
ပစ္စုပ္ပန်ရွာထဲကို ခိုးဝင်လာတဲ့သူ နှစ်ယောက်က “ကောင်းကင်ပြည်နယ်”က ကျင့်ကြံသူတွေ ဖြစ်ဖို့ များတယ်။ ရန်သူရဲ့ အစွမ်းက ဘယ်လောက်လဲဆိုတာ မသိရသေးခင် ကြင်ရာတော်ကို ဘယ်လိုလုပ် အန္တရာယ် အဖြစ်ခံနိုင်မှာလဲ။
ပြီးတော့ တကယ်လို့ တိုက်ပွဲ ဖြစ်လာရင် ကြင်ရာတော်ရဲ့ အရှေ့မှာ သူတို့ ဘယ်လို တိုက်ကြမလဲ။ သူတို့က သာမန်ရွာသားတွေပါလို့ ပြောပြီး ရန်သူ့အရှေ့မှာ ဒူးထောက်တောင်းပန်နေရမှာလား။
အင်း... နန်းတော်ထဲမှာ နေပြီး တစ်ကမ္ဘာလုံးက သိတဲ့ သာမန်ရွာသားတစ်စုပေါ့။
“အဲ... ချင်ကျိုး။ မင်းရဲ့ မျက်စိကလည်း မကောင်းဘူးလေ။ မင်းမိန်းမကိုလည်း စိတ်မပူစေပါနဲ့။ သူခိုး နှစ်ယောက်တည်းကို ရွာသား(၁၀၀)ကျော်နဲ့ ငါတို့ ကိုင်တွယ်နိုင်ပါတယ်...” ကျန်းတဟိုင်က နူးညံ့စွာ ဖျောင်းဖျလိုက်သည်။
မုန့်ချင်ကျိုးက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ “မရဘူး...”
“ကျွန်တော့်မိန်းမက ရှေ့တန်းမှာ ရောက်နေတာကို ယောက်ျားဖြစ်တဲ့ ကျွန်တော်က အိမ်မှာ ထိုင်ကြည့်နေရမယ် ဟုတ်လား။”
တုန်းဖန်လျူလီမှာ ဆွံ့အသွားပြီး မျက်နှာလေး နီမြန်းသွားရ၏။
ဒီငါးပိကောင် ငတုံးလေးကတော့။ စကားကောင်းကောင်း ပြောခဲပါတယ်ဆိုမှ လူတွေ အများကြီးရှေ့မှာ လာပြောနေတယ်။ ကျွန်မက ဧကရီလေ၊ သိက္ခာလေးတော့ ထိန်းရဦးမယ်...
“ဒါဆိုရင် ကျွန်မလည်း မသွားတော့ရင်ကော။” တုန်းဖန်လျူလီက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
မုန့်ချင်ကျိုးက ထပ်မံ ခေါင်းခါလိုက်ပြန်သည်။ “အဲဒါလည်း မဖြစ်ဘူး။ ကိုယ်တို့ မိသားစုက ဒီရွာရဲ့ ထိပ်တန်း အိမ်ထောင်စုတွေထဲက တစ်ခုပဲ။ တစ်ခုခု ဖြစ်လာရင် ကိုယ်တို့က ဦးဆောင်ရမယ်။”
“အမိုးတစ်ခုတည်းအောက်မှာ အားလုံးက ပန်းတိုင်တစ်ခုတည်းဆီ သွားနေကြတာ။ ကိုယ်တို့ကမှ အခွင့်ထူးခံ လုပ်နေရင် ကြာလာရင် ဝိုင်းပယ်တာ ခံရလိမ့်မယ်။”
“ဒါကြောင့် ဒီစုပေါင်းလှုပ်ရှားမှုမှာ ငါတို့မိသားစု မဖြစ်မနေ ပါဝင်ရမယ်...”
ရွာသားများ - “...”
ဧကရီ - “...”