← Chapters

ထိတ်လန့်ဖွယ် ဖြစ်ရပ်ဆန်း

Vol. 7 Ch. 98

ထိတ်လန့်ဖွယ် ဖြစ်ရပ်ဆန်း

Vol. 7 Ch. 98

ညင်သာသော လေပြေညင်းက မိုးမခပင်များကို ပွတ်သပ်သွားရာ ၎င်းတို့၏ ဆံနွယ်နက်နက်များမှာ ယိမ်းနွဲ့နေပြီး မြစ်ကမ်းဘေးတွင် ရွာသူများ အဝတ်လျှော်နေကြသည်။ စူးရှသော နေရောင်ခြည်မှာ မျက်စိကျိန်းမတတ် ဖြစ်နေပြီး ရွာသားများမှာ တစ်ဦးနှင့်တစ်ဦး စကားပြောရင်း ရယ်မောလျက် ဖြတ်သန်း သွားလာနေကြသည်။

၎င်းက နတ်ဘုရားတို့ ဖန်တီးထားသည့် သုခဘုံအလား သဟဇာတဖြစ်ပြီး အေးချမ်းလှသဖြင့် မည်သူဆို ထိုကဲ့သို့ ဘဝမျိုးကို တောင့်တမိပေလိမ့်မည်။

သို့သော်...

ဖုလင်ကျိမှာမူ ပို၍ ပို၍ စိတ်မအေးဖြစ်လာသည်။ သူ့အတွက်တော့ ထိုနေရာကြီးမှာ ထူးဆန်းသော အငွေ့အသက်များ ဖုံးလွှမ်းနေသလို ခံစားနေရသည်။

မုန့်ကတော်ဟု ခေါ်သောသူမှာ မဟာကျင်းတိုင်းပြည်၏ ဧကရီနှင့် ပုံစံတူလှသော်လည်း စရိုက်၊ အသံနှင့် အမူအရာများမှာ လုံးဝ ကွာခြားလှသည်။

ဖုလင်ကျိက မုန့်ကတော်ကို ကိုယ်တိုင်မြင်တွေ့နေရသော်လည်း သူ့ကို ဧကရီဖြစ်လိမ့်မည်ဟု လုံးဝ ဆက်စပ်၍ မရနိုင်ချေ။

“ခင်ဗျားတို့ကော ဘယ်လိုထင်လဲ။ ဒီမုန့်ကတော်က တကယ်ပဲ ဧကရီလား။” ဖုလင်ကျိက ယင်ယန်အကြီးအကဲနှင့် သံတမန်ကို မေးလိုက်သည်။

ယင်ယန်အကြီးအကဲက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူက တည်ငြိမ်ပုံ ရသော်လည်း ခြေလှမ်းများမှာ တုံ့ဆိုင်းနေ၏။ သူက နှုတ်ခမ်းကို အသာဟကာ အသံလွှင့်စနစ်ဖြင့် ပြောလိုက်သည်။

“မဟုတ်တာပဲ... ငါတို့ ဒီတောရိုင်းမြေထဲမှာ ပုန်းအောင်းနေတာ နှစ်ပေါင်းရာချီနေပြီ။ ဧကရီ နန်းတက် ကတည်းက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ငါတို့ စောင့်ကြည့်နေခဲ့တာ။”

“ငါ ချင်းလျူလီကို အသေအချာ လေ့လာဖူးတယ်။ သူက မွေးရာပါ အုပ်ချုပ်သူပဲ။ မွေးရာပါ နတ်ဘုရားတွေ ရှိသလိုမျိုး မွေးရာပါ ဧကရာဇ်တွေလည်း ရှိတတ်တယ်။ ချင်းလျူလီက အဲဒီထဲက တစ်ယောက်ပဲ။”

“ဒီလိုလူမျိုးက တစ်ယောက်တည်း အထီးကျန်စွာ အုပ်ချုပ်ဖို့ ကံပါလာတာ... သူ အိမ်ထောင်ပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

ဖုလင်ကျိက အဝတ်လျှော်ရာမှ ပြန်လာကာစဖြစ်သော မုန့်ကတော်ကို အသေအချာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ကျုပ်လည်း အဲဒီလိုပဲ ထင်တာပဲ။ ဒါပေမဲ့ သူက ချင်းလျူလီနဲ့ တစ်ပုံစံတည်းပဲဗျ...”

“နေဦး... ဒီလူတွေက လှည့်ကွက်သုံးနေတာလား၊ ဒါမှမဟုတ် ငါတို့တွေ တစ္ဆေနယ်မြေထဲ ရောက်နေလား ဆိုတာ စစ်ဆေးကြည့်မယ်။”

ဖုလင်ကျိက လက်ချောင်းကိုကိုက်ကာ မျက်လုံးကိုမှိတ်လျက် မျက်ခွံပေါ်တွင် သွေးဖြင့် ကန့်လန့်ဖြတ် သုတ်လိမ်းလိုက်သည်။ သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ မျက်ဝန်းထဲတွင် လျှပ်စီးများ ပြည့်နှက်နေပြီး မကောင်းမှုအပေါင်းကို ဖယ်ရှားကာ လှည့်စားမှုအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသွားသည်။

လှည့်စားမှုတာအို...

“ဖြိုခွဲစမ်း...”

ဖုလင်ကျိက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည့်အခါ ရွာကလေးတစ်ခုလုံးက သူ၏မျက်စိရှေ့တွင် အသွင်ပြောင်းသွားတော့သည်။

သာမန်ရွာသားများမှာ ယခုအခါ နတ်ဘုရားများနှင့် မိစ္ဆာများကဲ့သို့ ထွားကြိုင်းလှသော ပုံရိပ်ကြီးများအဖြစ် မြင်နေရသည်။

“အဟက်... ထင်တဲ့အတိုင်းပဲ။ ကျွန်မတို့ကို ခြောက်လှန့်ဖို့ နတ်ဘုရားတွေ၊ သရဲတွေလို ဟန်ဆောင်နေကြတာလား။ ရယ်စရာပဲ။”

ဖုလင်ကျိက နှာခေါင်းရှုံ့လိုက်ပြီးနောက် မုန့်ကတော်ဆီသို့ အကြည့်ကို လွှဲလိုက်သည်။

“ဟမ်...”

“ဧကရာဇ်အဆင့် ကိုယ်ခံစွမ်းအား၊ အစစ်အမှန် ဇာမဏီ ခန္ဓာ...”

ဖုလင်ကျိ အနည်းငယ် တုန်လှုပ်သွားပြီး မိမိဘာသာ ရေရွတ်လိုက်မိသည်။ “မဖြစ်နိုင်တာ။ ကျုပ်တို့ ချင်းလျူလီကို အသေးစိတ် လေ့လာထားတာပဲ။ သူ့မှာ ဧကရာဇ်အဆင့် အစစ်အမှန် ဇာမဏီ အမြုတေ ဘယ်က ရလာတာလဲ...”

ဖုလင်ကျိ၏ စကားကြောင့် စိတ်အေးလက်အေး ဖြစ်နေသော ယင်ယန်အကြီးအကဲမှာ မုန့်ကတော်အပေါ် သုံးသပ်ချက်ကို ကြားလိုက်ရသည့်အခါ ထိတ်လန့်တကြား ခေါင်းလှည့်ကြည့်လိုက်မိသည်။

“ဧကရာဇ်အဆင့် အစစ်အမှန် ဇာမဏီ အမြုတေ ဟုတ်လား...”

“ချင်းလျူလီရဲ့ ပါရမီက နတ်ဘုရားအဆင့် ထိပ်ဆုံးမှာပဲ ရှိတာလေ၊ ပြီးတော့ သူက ဧကရာဇ်အဆင့် တာအိုဖြစ်တဲ့ [ ဧကရာဇ်တာအို ] ကိုပဲ နားလည်ထားတာ။”

ငုံးလေးတစ်ကောင်လို ရပ်နေသော သံတမန်မှာ တုန်တုန်ရင်ရင်ဖြင့် ပြောသည်။ “ဒါဆို... မုန့်ကတော်က ဧကရီ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လား။”

စိတ်မကြည်မလင် ဖြစ်နေသော ယင်ယန်အကြီးအကဲက လေသံနှိမ့်ကာ ကြိမ်းမောင်းလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း...”

“ဖုလင်ကျိ... ဟိုမှာရှိတဲ့ ဆံပင်ဖြူဖြူ၊ မျက်လုံးရွှေရောင်နဲ့ မိန်းကလေးကို ကြည့်လိုက်စမ်း။”

ယင်ယန်အကြီးအကဲ ညွှန်ပြရာသို့ ဖုလင်ကျိ ကြည့်လိုက်သည့်အခါ အရပ်ရှည်ရှည်၊ အလွန်အမင်း လှပပြီး ထူးခြားသော အရှိန်အဝါရှိသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမှာ မီးမောင်းထိုးခံ ထားရသလိုမျိုး လျစ်လျူရှုထား၍ မရနိုင်လောက်အောင် ပေါ်လွင်နေသည်။

“လှည့်စားမှုတွေကို ဖောက်မြင်နိုင်တဲ့ ပုံရိပ်ယောင်မျက်လုံး... အမှန်တရားကို ဖော်ထုတ်စမ်း...”

ဖုလင်ကျိက ထိုမျက်လုံးရွှေရောင်နှင့် မိန်းကလေးကို အာရုံစိုက်ကာ သူ၏ပညာကို ထပ်မံ၍ အသုံးပြုလိုက်ပြန်သည်။

ရုတ်တရက်...

မျက်လုံးရွှေရောင်နှင့် မိန်းကလေးမှာ လှည့်ကြည့်လိုက်ပြီး ဖုလင်ကျိနှင့် မျက်လုံးချင်း တည့်တည့် ဆုံသွားတော့သည်။ သူ၏ အကြည့်မှာ အေးစက်ပြီး စူးရှလှသဖြင့် သူ၏ မြင်ကွင်းကို အေးခဲစေကာ ဆက်သွယ်မှုမှတစ်ဆင့် သူ့ကို ဒဏ်ရာရစေနိုင်သည့်အလား ဖြစ်နေသည်။

“သူ... ကျုပ်ကို သတိထားမိသွားပြီ။” ဖုလင်ကျိက သူ၏မျက်လုံးများကို အုပ်ကိုင်ကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်မိသည်။

ယင်ယန်အကြီးအကဲ၏ လည်သီးမှာ တလှုပ်လှုပ်နှင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး စိတ်အခြေအနေမှာ တင်းမာလာတော့သည်။

သူတို့ ရွာထဲကို ပိုနက်နက် ဝင်လာလေလေ၊ ထိုရွာကြီးမှာ ပို၍ ထူးဆန်းလာလေလေ ဖြစ်နေသည်။

“နံနက်ခင်းအလင်းနယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူ နှစ်ယောက်ပါလား...” ဟု အစ်မကြီးချုံးက သူ့ကို စုံစမ်းရန် ကြိုးစားနေသော လူစိမ်းသုံးယောက်ကို သတိပြုမိလိုက်သည်။

“ဒါက “မဟာချန်”ရဲ့ အုတ်မြစ်လား။”

“ချင်းလျူလီက ငါ့ကို သတိပေးဖို့ သူတို့ကို လွှတ်လိုက်တာလား။”

အစ်မကြီးချုံး စဉ်းစားနေမိသည်။ သူ့အတွက်တော့ ပစ္စုပ္ပန်ရွာ ဆိုသည်မှာ မဟာကျင်းတိုင်းပြည်၏ လျို့ဝှက်ချက်တစ်ခုဖြစ်ပြီး အဆင့်မြင့်အရာရှိကြီးများပင် မသိနိုင်သော နေရာတစ်ခု ဖြစ်သည်။

ချင်းလျူလီက ခြိမ်းခြောက်မှုကို ခံစားမိလို့ သူ့ကို လာပြီး ဟန်ရေးပြခိုင်းတာ နေမှာပါ...

“ချင်းလျူလီ... နင် တော်တော် ဖုံးကွယ်ထားတာပဲနော်...” အစ်မကြီးချုံးက အသံလွှင့်လိုက်သည်။

တုန်းဖန်လျူလီမှာ ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာကို ဆိုလိုတာလဲ။”

ဖုလင်ကျိတို့အုပ်စု ရွာထဲဝင်လာတာကို သူသိသော်လည်း အစ်မကြီးချုံး အဘယ်ကြောင့် ရုတ်တရက် ဒေါသထွက် နေကြောင်းကို သူ နားမလည်ချေ။

“နင်က တုံးအသလိုလို လုပ်နေတာလား...” အစ်မကြီးချုံးက နီရဲသော နှုတ်ခမ်းများကို သွေးဆာနေသည့် အလား လျက်လိုက်ရင်း ပြောသည်။ “အသုံးမကျတဲ့ ပိုးမွှားနှစ်ကောင်ပါပဲ။ ငါက နတ်ဘုရားမတစ်ပါးပဲ။ ဒီနယ်ပယ်မှာ ငါက အနှိုင်းမဲ့ပဲ။ သူတို့ကို ငါ သတ်လိုက်ပြီးရင် နင် ဘယ်လောက်အထိ မောက်မာနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။”

တုန်းဖန်လျူလီ၏ မျက်ဝန်းများ ထက်ရှသွားသည်။ “ဘယ်သူ့ကို သတ်မှာလဲ။ ငါ သတိပေးမယ်နော်။ နင်သာ ပစ္စုပ္ပန်ရွာမှာ ပြဿနာရှာရဲရင် ဘယ်သူမှ နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး...”

“အဟက်... ကြည့်ကြတာပေါ့။” အစ်မကြီးချုံးက ပုခုံးတွန့်ပြလိုက်သည်။

အမျိုးသမီးနှစ်ဦးမှာ ထပ်မံ၍ အခြေအတင် ဖြစ်နေပြန်သည်။ အတော်ကြာ အကြည့်ချင်း စစ်ခင်းပြီးနောက် သူတို့နှစ်ဦးစလုံးမှာ သူတို့ပြုထားခဲ့သော “ကောင်းကင်တာအိုသစ္စာ”ကို တိတ်တဆိတ် နောင်တရ မိကြသည်။ မဟုတ်လျှင် တိုက်ခိုက်ကြပြီး အနိုင်ရသူက မုန့်ချင်ကျိုးကို ပိုင်ဆိုင်ရမည် မဟုတ်ပါလား...

“အဲဒါ ဖုချွီလား။ ဘာလို့ ဒီကို ရောက်နေတာလဲ။” မုန့်ချင်ကျိုးက ရင်းနှီးသော အနံ့ကို ရသဖြင့် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

အစ်မကြီးချုံး၏ မျက်နှာမှာ နီမြန်းသွားသည်။ မုန့်ချင်ကျိုးက အနံ့ကို ရှူရှိုက်နေသည်ကို မြင်ရသောအခါ သူ၏ လက်ထဲမှ သစ်သားသေတ္တာကို မြှောက်ပြကာ အေးစက်စက် ပြောလိုက်သည်။

“ထမင်းလာပို့တာ။”

“သြော်...” မုန့်ချင်ကျိုး အံ့သြသွားသည်။ “မင်းသမီး ဖုချွီက ဒါကို တစ်ယောက်ယောက်ဆီ ပို့ပေးတာလား။ တစ်ယောက်ယောက်ကို သဘောကျနေလို့လား။”

အစ်မကြီးချုံး ခဏတာ တုန့်ဆိုင်းသွားပြီးမှ မုန့်ချင်ကျိုး၏ လက်ထဲသို့ သစ်သားသေတ္တာကို တိတ်တဆိတ် ထည့်ပေးလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ရင်ဘတ်ကို ညွှန်ပြလိုက်သည်။ “ရှင့်အတွက်။”

“အမ်...”

မုန့်ချင်ကျိုး ဆွံ့အသွားပြီးမှ တုန်းဖန်လျူလီဘက်သို့ လှည့်ကာ လေးနက်စွာ ပြောလိုက်သည်။ “မိန်းမ... ဒါက အထင်လွဲတာပါ။”

“ကိုယ့်ကို ယုံပါ၊ ကိုယ် မင်းသမီး ဖုချွီနဲ့ ဘာမှ မပတ်သက်ပါဘူး။ ကိုယ်တို့ကြားမှာ ဘာမှမရှိဘူး။ သူ ဘာလို့ ကိုယ့်ကို ထမင်းလာပို့တာလဲဆိုတာ ကိုယ်လည်း မသိဘူး။”

သူ၏ ရှင်သန်လိုစိတ်မှာ အလွန် ပြင်းထန်လှသည်။

ဇနီးကို မကြောက်သော ယောက်ျားမှာ ယောက်ျားကောင်း မဟုတ်ချေ၊ သူက “အချိန်နှင့်နေရာလွတ် ဓားသူတော်စင်” ဖြစ်နေရင်တောင်မှပေါ့။

တုန်းဖန်လျူလီ၏ အေးစက်သော အမူအရာမှာ ချက်ချင်း အရည်ပျော်သွားပြီး နေရောင်ခြည်ကဲ့သို့ တောက်ပသွားတော့သည်။ သူက အစ်မကြီးချုံးကို ကြည့်ကာ မောက်မာစွာဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

တွေ့လား... ဒါက အိမ်ထောင်ရှင်မကြီးရဲ့ အာဏာပဲ။

ငါ နင်နဲ့ ယှဉ်ပြိုင်နေဖို့ မလိုဘူး၊ အဖြေက ထွက်ပြီးသားပဲ။ နင်က ရှုံးနိမ့်သွားတဲ့ ခွေးတစ်ကောင်ပဲ။

ဝန်ခံလိုက်စမ်းပါ ကလေးမရယ်... နင့်မှာ ဘာအခွင့်အရေးမှ မရှိပါဘူး...

“ဆရာ... ဒါကို ကျွန်မ ကိုယ်တိုင် တစ်ပတ်လုံး သင်ပြီး ချက်ထားတာပါ။” အစ်မကြီးချုံးက မျက်ဝန်းများ နီမြန်းလာကာ သနားစဖွယ် အမူအရာဖြင့် သစ်သားသေတ္တာကို ရှေ့သို့ ထပ်တိုးပေးလိုက်သည်။

သူက ချင်းလျူလီကို ဂရုမစိုက်ချေ၊ မုန့်ချင်ကျိုး၏ သဘောထားကိုသာ ဂရုစိုက်သည်။ မုန့်ချင်ကျိုးက ကယောင်ကတမ်းဖြင့် ရှင်းပြနေသည်ကို မြင်ရသောအခါ သူ၏ ရင်ထဲတွင် နာကျင်ရသည်။

“အာ... အဲဒီလိုလား...” မုန့်ချင်ကျိုးသည် အနေရခက်စွာဖြင့် တုန့်ဆိုင်းနေပြီးမှ ထိုသစ်သားသေတ္တာကို လက်ခံလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ။” အစ်မကြီးချုံး၏ မျက်ဝန်းများ တောက်ပသွားပြီး နူးညံ့စွာ ပြုံးလိုက်သည်။

တုန်းဖန်လျူလီ၏ ဇာမဏီမျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “မုချွီ ကိုယ်တိုင် ချက်ထားတာဆိုတော့ အားလုံး အတူတူ စားကြတာပေါ့။ ချင်ချိုးနဲ့ ဝူတျဲကိုလည်း လှမ်းခေါ်လိုက်မယ်၊ ပြီးတော့... ခွေးဝါကြီးကိုလည်း ခေါ်ရမယ်၊ ခွေးဝါကြီးကလည်း မိသားစုဝင်ပဲလေ။”

လယ်ကွင်းစပ်တွင် လိပ်ပြာများနှင့် ကစားနေသော ခွေးဝါကြီးက အဝေးမှ မုန့်လင်မယားနှင့် အစ်မကြီးချုံးကို ပျင်းရိစွာ လှမ်းကြည့်လိုက်သည်။

စကြပြန်ပြီ။

ငါ့ကို ဒီကိစ္စထဲမှာ ပေးမပါလို့ မရဘူးလား။ ငါက ခွေးစာလေး စားနေတာပါ၊ ဘာပြစ်မှုမှ ကျူးလွန်နေတာ မဟုတ်ဘူးလေ။

လယ်ထဲတွင် အင်္ကျီလက်ကို မတင်ကာ တံစဉ်ကို ကိုင်ထားသော ချင်ချိုးက ရွှေရောင် ဂျုံနှံများကို ရိတ်သိမ်းရာတွင် ကူညီပေးနေသည်။ တုန်းဖန်လျူလီ၏ စကားကို ကြားလိုက်ရသည့်အခါ သူက စိတ်အားတက်ကြွသွားပြီး တံစဉ်ကို ပစ်ချကာ ပြေးလာတော့သည်။

“မြို့တော်ဝန်က ချက်တာလား။ မြည်းကြည့်ရမယ်။” သစ်ပင်အောက်တွင် တရားထိုင်နေသော ဝူတျဲက မျက်လုံးများကို ဖွင့်လိုက်သည်။ သူက နေမင်းအရှင်သခင်ကို ခေါ်လာရန် မမေ့ဘဲ လေးစားစွာဖြင့် ခွင့်တောင်းလိုက်သည်။ မကြည်မလင်နှင့် ခေါင်းညိတ်ပြခြင်းကို ရရှိပြီးနောက်တွင်မှ သူက ခွေးချည်ကြိုးကို ရဲရဲဝံ့ဝံ့ ဆွဲယူလိုက်တော့သည်။

“ဟို မျက်မမြင် လူငယ်က ဘယ်သူလဲ။ ဘာလို့ လူတိုင်းက သူ့ကိုပဲ ဝိုင်းနေကြတာလဲ။” ဖုလင်ကျိက မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ကျင့်စဉ်အဆင့်တွေ တက်လိုက်ကျလိုက် ဖြစ်နေတဲ့ ခွေးဝါကြီး၊ ဧကရီနဲ့ တစ်ပုံစံတည်းတူတဲ့ မုန့်ကတော်၊ အစောင့်ကြည့်ခံနေရတာကို သိတဲ့ မိန်းကလေး၊...

သူတို့တစ်ယောက်ချင်းစီက ထူးခြားလွန်းကြသော်လည်း သူတို့အားလုံးက ထိုမျက်မမြင်လူငယ်ကိုသာ အဓိကထား ဆက်ဆံနေကြသည်။

၎င်းက သတိထားရမည့် အချက်ပင်။

“ဖုလင်ကျိ... ဟို မျက်မမြင်ကို ကြည့်လိုက်...” ယင်ယန်အကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။

ဖုလင်ကျိက ခေါင်းညိတ်လိုက်ပြီး လှည့်စားမှုကို ထိုးဖောက်သော မျက်လုံးများကို ထပ်မံအသုံးပြုကာ အားအင်အားလုံးကို ထိုမျက်မမြင်လူငယ်အပေါ် ပုံအောလိုက်သည်။

သူ၏ မြင်ကွင်းထဲတွင်...

သာမန်ဟု ထင်ရသော ထိုမျက်မမြင်လူငယ်မှာ ရုတ်တရက် ဆံပင်ဖြူဖြူနှင့် ယိုယွင်းပျက်စီးနေသော အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

“အဘိုးကြီးလား။”

“မဟုတ်ဘူး...”

ထို့နောက် ထိုမျက်မမြင်လူငယ်မှာ ဝံပုလွေဘုရင်တစ်ကောင်ကဲ့သို့ တက်ကြွလှုပ်ရှားပြီး ရည်မှန်းချက် ကြီးမားသော အရှိန်အဝါရှိသည့် လူလတ်ပိုင်းတစ်ဦးအဖြစ် ပြောင်းလဲသွားပြန်သည်။

ထို့နောက်တွင်တော့...

အသွင်ပြောင်းမှုများမှာ မထိန်းချုပ်နိုင်အောင် ဆက်တိုက် ဖြစ်ပေါ်နေတော့သည်။

ထိုမျက်မမြင်၏ ပုံစံမှာ အဘိုးကြီးမှ လူလတ်ပိုင်း၊ လူငယ်၊ လူပျိုပေါက်၊ ကလေးငယ်...

နောက်ဆုံးတွင် လေတက်နေသည့် လမ်းလျှောက်တတ်စ ကလေးငယ်လေး အဖြစ်သို့ ရောက်သွားသည့် အခါမှသာ ပြောင်းလဲမှုများ ရပ်တန့်သွားတော့သည်။

ဖုလင်ကျိမှာ အသက်ရှူမဝဘဲ ချွေးအေးများ စီးကျလာသည်။

ဘာတွေ ဖြစ်နေတာလဲ...

လှည့်စားမှုကို ထိုးဖောက်သော မျက်လုံးများမှာ ထိန်းချုပ်မှု လွတ်သွားပြီး တစ်စုံတစ်ယောက်က လွှမ်းမိုးထားသလို ခံစားရသည်။ ပြီးတော့ အဲဒီ အသွင်ပြောင်းမှုတွေက ဘာတွေလဲ...

“ယင်ယန်အကြီးအကဲ... ကျုပ်တို့ ထွက်သွားမှ ရမယ်...” ဖုလင်ကျိက ထိတ်လန့်တကြား ပြောလိုက်ပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထွက်ပေါ်လာသော သူ၏အသံကြောင့် သူကိုယ်တိုင်ပင် လန့်သွားရသည်။

“ငါ့အသံက...”

ဖုလင်ကျိက သူ၏ ပါးစပ်မှ ထွက်လာသော ကလေးသံလေးကို ကြားလိုက်ရသည်။

သူက ယင်ယန်အကြီးအကဲဘက်သို့ လှည့်ကြည့်လိုက်ရာ ယင်ယန်အကြီးအကဲက သူ့ကို ထိတ်လန့် ကြောက်ရွံ့သော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

နေမဝင်တိုင်းပြည်မှ သံတမန်မှာမူ အလွန်အမင်း ကြောက်လန့်သွားသဖြင့် သေးပင် ထွက်သွားပြီး အော်ဟစ်သံကို ထိန်းရန် ပါးစပ်ကို ပိတ်ထားမိသည်။

“ဖုလင်ကျိ... မင်း...” ယင်ယန်အကြီးအကဲမှာ ဆွံ့အသွားပြီး စကားကို ဆုံးအောင် မပြောနိုင်တော့ချေ။

ဖုလင်ကျိက လက်များကို မြှောက်ကြည့်လိုက်သည့်အခါ ကလေးလေးတစ်ယောက်၏ ဖောင်းအိနေသော လက်ကလေးနှစ်ဖက်ကို မြင်လိုက်ရသည်။

“ငါက ဘာလို့ ကလေးလေး ဖြစ်နေရတာလဲ...”

ထိုအချိန်တွင် ဖုလင်ကျိသည် ဖြစ်ပျက်ခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားပြီး သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားတော့သည်။

“ဒါက အဲဒီလှည့်စားမှုပဲ... ဒါက လှည့်စားမှုသက်သက် မဟုတ်ဘူး။ ကျုပ်အပေါ်မှာ တကယ်ပဲ သက်ရောက်လာပြီး ကလေးဖြစ်အောင် လုပ်လိုက်တာ။”

“ဒီနေရာကြီးက တကယ့်ကို ထူးဆန်းလွန်းတယ်... ဒီရွာကြီးက ကြောက်စရာကြီး...”

“ဆုတ်ကြမယ်...”

ထိုသုံးဦးမှာ မဆိုင်းမတွဘဲ ထွက်ပြေးရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ကြသည်။

ကျင့်စဉ်အဆင့် မြင့်လေလေ၊ သူတို့က မသိနားမလည်သော အရာများကို ပို၍ ကြောက်ရွံ့လေလေ ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် လျို့ဝှက်ချက်များစွာ ရှိနေပြီး ဝမ်းနည်းဖွယ် ဖြစ်ရပ်များစွာ ဖြစ်ပွားစေခဲ့သည်ကို သူတို့ သိထားကြသည်။

သို့သော်...

သံတမန်မှာမူ ခြေမလှမ်းရဲဘဲ မျက်နှာဖြူလျက် တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ “ကျွန်တော်တို့ ထွက်သွားလို့ မရတော့ဘူး။”

ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲတို့ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။

သူတို့ မြင်လိုက်ရသည်မှာ ရွာလုံးကျွတ် လူပေါင်းရာချီ၏ မျက်လုံးများက သူတို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြခြင်းပင်။

သစ်ပင်ပေါ်မှ ငှက်များ၊ မြစ်ထဲမှ ငါးများ၊ လယ်ထဲမှ နွားများနှင့် မြက်တောထဲမှ ပိုးမွှားများကပင် သူတို့ကို စောင့်ကြည့်နေကြသည်...

မျက်မမြင်လူငယ်တစ်ဦးတည်းသာ ထိုအထဲတွင် မပါဝင်ဘဲ တစ်ခုခုကို ရှာဖွေနေပုံရသည်။

“ဘာလို့ မဟာကျင်း နန်းတော်ထဲမှာ ထူးဆန်းတဲ့ အရာတွေ ရှိနေရတာလဲ။ တစ်ယောက်ယောက် ပြောပြကြပါဦး။” နေမဝင်တိုင်းပြည်မှ သံတမန်မှာ ငိုလုနီးပါး ဖြစ်နေပြီး မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။

သူက နောက်ဆုံးတွင် အင်အားကြီးသော ကျောထောက်နောက်ခံကို ရှာတွေ့ခဲ့သော်လည်း ယခုကဲ့သို့ ကြောက်စရာကောင်းသော အခြေအနေမျိုးနှင့် ကြုံတွေ့ရပြီး မည်သူမျှ မသိဘဲ သေဆုံးသွားရတော့မည် မဟုတ်ပါလား။

“အခု ဘာဆက်လုပ်ကြမလဲ။” ဖုလင်ကျိက အသက်ရှူမြန်နေပြီး အစွမ်းကုန် သတိထားနေမိသည်။

ယင်ယန်အကြီးအကဲက မျက်မမြင်လူငယ်ကို ကြည့်ကာ ပြောလိုက်သည်။

“ရွာလုံးကျွတ်မှာ အဲဒီ မျက်မမြင်တစ်ယောက်ပဲ ထူးခြားနေတာ။ သူကပဲ သော့ချက် ဖြစ်ရမယ်။”

သို့သော် ဖုလင်ကျိနှင့် သူ၏ အပေါင်းအပါများ မသိသည့် အချက်တစ်ခု ရှိသည်။

ပစ္စုပ္ပန်ရွာရှိ ရွာသားများမှာလည်း ထိတ်လန့်နေကြပြီး လှုပ်ပင် မလှုပ်ရဲကြချေ။

သူတို့က အပြင်လူများ ရွာထဲဝင်လာသည်နှင့် ထောင်ချောက်ဆင် ဖမ်းဆီးရန် အစီအစဉ်အားလုံး ဆွဲထားခဲ့ကြသည်။

သို့သော် သူတို့ မလှုပ်ရှားရသေးမီမှာပင် ဖုလင်ကျိက အဘိုးကြီးဘဝမှ လူလတ်ပိုင်း၊ ထို့နောက် လူငယ်၊ လူပျိုပေါက်နှင့် ကလေးငယ်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

အရေးကြီးသောအချက်မှာ သူတို့သည် မည်သည့် နတ်ဘုရားစွမ်းအားကိုမျှ ခံစားရခြင်း မရှိချေ။ ဆိုလိုသည်မှာ ၎င်းမှာ ကျင့်စဉ်တစ်ခု မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဒါက အခြေအနေကို ပို၍ ထိတ်လန့်စရာ ကောင်းအောင် လုပ်ဆောင်လိုက်ခြင်းပင်။

ခဏချင်းမှာပင် လှုပ်ရှားရန် အသင့်ဖြစ်နေသော ရွာသားများအားလုံး ရပ်တန့်သွားကြပြီး အထွေထွေ စစ်သေနာပတိ ဖြစ်သော ကျန်းစန်းဟိုင်ထံမှ “ရပ်တန့်ရန်” အမိန့်ကို လက်ခံရရှိလိုက်ကြသည်။

“နန်းရင်းဝန်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီသုံးယောက်က ထူးဆန်းနေတယ်။” လင်းလုက အသံလွှင့်လိုက်သည်။

ကျန်းစန်းဟိုင်က သူ၏မုတ်ဆိတ်ကို သပ်ရင်း အံ့သြနေမိသည်။

“ငါ အသက်ရှင်လာတာ ဒီလောက်ကြာပြီ၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒါက ထူးဆန်းတဲ့ ကျူးကျော်မှု တစ်ခု ဖြစ်နိုင်တယ်။ လောလောဆယ်တော့ အကဲခတ်ကြည့်ကြတာပေါ့။”

ဖုလင်ကျိတို့ အုပ်စုကို စောင့်ကြည့်နေသော တုန်းဖန်လျူလီမှာလည်း ဆွံ့အသွားရသည်။ သူက အစ်မကြီးချုံးကို ကြည့်ကာ အသံလွှင့်လိုက်သည်။

“နင် အဲဒါကို မြင်လိုက်လား။”

အစ်မကြီးချုံးက ဧကရီကို မဆက်ဆံချင်သော်လည်း ဓားသူတော်စင်သည် ပစ္စုပ္ပန်ရွာ တွင် နေထိုင်နေသူ ဖြစ်ရာ သူတို့၏ လုံခြုံရေးမှာ ဆက်စပ်နေသည်။ သူ ခဏစဉ်းစားပြီးမှ ခေါင်းခါပြလိုက်သည်။

“မြင်လိုက်တယ်၊ ဒါပေမဲ့ ဘာဖြစ်တာလဲဆိုတာ ငါလည်း မသိဘူး။”

“ဒါက အချိန်တိုက်စားမှုနဲ့ တူတယ်၊ ဒါပေမဲ့ ဒီတောရိုင်းမြေမှာ ဓားသူတော်စင် တစ်ယောက်တည်းပဲ အချိန်ကို ထိန်းချုပ်နိုင်တာလေ။ သူသာ လုပ်ခဲ့ရင် ငါ သိမှာပါ။”

၎င်းကို ကြားလိုက်ရသည့်အခါ တုန်းဖန်လျူလီမှာ မကြောက်ရွံ့သည့်အပြင် စိတ်ဝင်စားသွားပြီး ပြောလိုက်သည်။

“သြော်... ဟုတ်လား။”

“ထူးဆန်းတဲ့ အရာတစ်ခုက အသက်ဝင်လာတာလား။ လေ့လာဖို့... အင်း... ခွဲစိတ်ကြည့်ဖို့ တန်တာပဲ။”

အစ်မကြီးချုံးက သူကို တစ်ချက်ကြည့်ကာ အသံလွှင့်လိုက်သည်။

“နင့်ကို အကြံပေးချင်တာကတော့ အဲဒါကို လက်လျှော့လိုက်ပါ။ အဲဒီ ထူးဆန်းတဲ့ အရာကို “ထူးဆန်းတယ်”လို့ ခေါ်ရတာက သူ့ရဲ့ အစအန၊ ခွန်အား ဒါမှမဟုတ် နည်းလမ်းတွေကို ဘယ်သူမှ မသိလို့ပဲ။ ကိုယ့်ကိုယ်ကိုယ် မီးမလောင်အောင် သတိထား။ နင် သေသွားတာက ကိစ္စမရှိပေမဲ့ ဓားသူတော်စင်ကိုတော့ ဆွဲမချနဲ့။”

All Chapters