← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

​အခန်း ၂၀၅ - နဂါးတံခါးကို ကျော်ဖြတ်ခြင်း

​လင်းနို့မိစ္ဆာသည် ထိုမျှကာလပတ်လုံးအတွင်း ပထမဆုံးအကြိမ် ဒဏ်ရာရဖူးခြင်းဖြစ်ပုံရသည်။

"ဝူးးးး"

​တောင်ပံကို ဓားကလေးဖြင့် အပေါက်ဖောက်ခံလိုက်ရသဖြင့် လင်းနို့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားတော့သည်။

​"ဖူး"

ဖန့်ချန် ၏ ကိုယ်တွင်းချီနှင့် သွေးများ ဆူပွက်လာပြီး သူသည် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ချက်ချင်းပင် မိမိကိုယ်ကို ကာကွယ်လိုက်သည်။

သို့သော်လည်း သွေးတစ်လုပ်တော့ အန်လိုက်ရသည်။ ထိုဟိန်းဟောက်သံတစ်ခုတည်းနှင့်ပင် သူ ဒဏ်ရာအနည်းငယ် ရသွားခဲ့ပြီ

​အရပ်မျက်နှာအသီးသီးသို့ လူစုခွဲသွားသော ကျိမိသားစု သိုင်းပညာရှင်များသည် ခြေလှမ်းများ ရပ်တန့်သွားပြီး ထိတ်လန့်တကြားဖြင့် အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုဟိန်းဟောက်သံမှာ တကယ့်ကို တုန်လှုပ်စရာပင်။ အတော်လှမ်းလှမ်းတွင် ရှိနေသော်လည်း ၎င်းက သူတို့၏ ကိုယ်တွင်းချီများကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေပြီး ဒဏ်ရာရလုနီးပါး ဖြစ်စေခဲ့သည်။

​"မရပ်နဲ့ ဆက်သွားကြ"

ကျိကျွင်းဟွာ က တင်းမာစွာ အော်ဟစ်လိုက်သည်။

"မှတ်ထား မင်းတို့မှာ ကိုယ့်တာဝန်ကိုယ် ကျေပွန်ဖို့ပဲ ရှိတယ် ကျန်တဲ့ကိစ္စတွေကို သခင်လေး ဖန့်နဲ့ ဘိုးဘေးကြီးတို့က ဖြေရှင်းလိမ့်မယ်"

​"ဟုတ်ကဲ့"

​လင်းနို့မိစ္ဆာသည် ဓားကလေးကို တွန်းလှန်ရန် အသံလှိုင်းများကို အသုံးပြု၍ ဆက်တိုက် ဟိန်းဟောက်နေသည်။

သို့သော် သူဟိန်းဟောက်တိုင်း ဓားကလေးက သူ့ကို ထိုးဖောက်သွားမြဲပင်။

​ဖန့်ချန် သည် ဝိညာဉ်စွမ်းအင်ဖြင့် မိမိကိုယ်ကို ကာကွယ်ထားသည်။

အစပိုင်းတွင် အသံလှိုင်းများကြောင့် သူ၏ ဝိညာဉ်စွမ်းအင်အကာအကွယ်မှာ အက်ကြောင်းများ ပေါ်လာသော်လည်း တဖြည်းဖြည်းနှင့် လင်းနို့မိစ္ဆာ၏ အသံလှိုင်းစွမ်းအား လျော့နည်းလာသည်ကို သူ သတိပြုမိလိုက်သည်။

​ဖန့်ချန် က အမိန့်ပေးလိုက်သည်။

"ဓားလေး သူ့ရဲ့ အရေးကြီးတဲ့နေရာကို တိုက်ခိုက်စမ်း"

​ဖောက်

​ကျယ်လောင်သော အသံကြီးနှင့်အတူ လင်းနို့မိစ္ဆာ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် မြေပြင်မှာ အက်ကွဲသွားပြီး ကိုက်အနည်းငယ်ခန့် နက်သော ကျင်းကြီး ဖြစ်သွားသည်။

လင်းနို့မိစ္ဆာ၏ နဖူးပေါ်တွင် ဟောင်းလောင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေပြီး ပန်းရောင်စေးပျစ်သော အရည်များ စီးကျနေသည်။ သွေးနှင့် ဦးနှောက်အနှစ်များ ရောနှောနေသော မြင်ကွင်းမှာ ကြောက်စရာပင်။

​ဓားကလေးမှာတော့ သွေးတစ်စက်မျှပင် မပေကျံဘဲ စင်ကြယ်နေဆဲပင်။ ၎င်းသည် ဖန့်ချန်၏ ရှေ့တွင် လာရောက် ဝဲပျံနေပြီး ချီးကျူးစကားကို စောင့်မျှော်နေပုံရသည်။

​"ဗိုက်ဆာတယ်... စားမယ်... ဗိုက်ဆာတယ်... စားမယ်..."

​ဖန့်ချန် က စမ်းသပ်သည့်အနေဖြင့် မေးကြည့်သည်။

"ဒီမိစ္ဆာက ကြည့်ရတာ အသားကောင်းပုံရတယ်မင်း ဒါကို မစားချင်ဘူးလား"

​"အီးးးး... ရွံစရာကြီး... ပျို့ချင်စရာကြီး."

ဓားလေးက တဆက်ဆက် ခါရမ်းပြသည်။

​"အသွေးအသားကို မစားတာ ချီးကျူးစရာပဲ"

ဖန့်ချန် က လက်မထောင်ပြလိုက်ပြီး နောက်ဆုံးတော့ စိုးရိမ်မှုတစ်ခု လျော့သွားသည်။ အနည်းငယ် ပိုကုန်ကျမည် ဆိုလျှင်တောင် သူ့ကလေးကိုတော့ ဆင်းရဲမခံနိုင်ပေ။

​"မင်း ဗိုက်ဆာနေတာ မဟုတ်လား မစိုးရိမ်နဲ့ ခဏနေရင် ငါတို့ ရတနာအချို့ တွေ့မလား ကြည့်ရအောင် တကယ်လို့ မတွေ့ရင်တောင် ငါ ဈေးထဲမှာ မင်းအတွက် ဝယ်ပေးမယ်"

ဟု ဖန့်ချန်က ဓားလေးကို ချော့မော့လိုက်သည်။

​ထိုစကားကို ကြားမှသာ ဓားကလေးမှာ ငြိမ်သက်သွားတော့သည်။

မရပ်မနား တောင်းဆိုနေမှုများ ငြိမ်ကျသွားပြီးနောက် ပင်ပန်းပျင်းရိသွားဟန်ဖြင့် ၎င်းသည် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ကာ ဆက်လက် အိပ်စက်သွားတော့သည်။

​ဖန့်ချန် စဉ်းစားကြည့်ပြီးနောက် လင်းနို့မိစ္ဆာ၏ အလောင်းနားသို့ သွားကာ ရှာဖွေကြည့်သည်။

ထို့နောက် ၎င်း၏ ဦးနှောက်ထဲမှ လက်မအရွယ်ခန့်ရှိသော သွေးနီရောင် ပုတီးစေ့လေးတစ်ခုကို ထုတ်ယူလိုက်သည်။

​"ဒါက မိစ္ဆာအမြုတေ လား"

​ဖန့်ချန် အတော်လေး စိတ်ဝင်စားသွားပြီး ၎င်းကို ချက်ချင်း လေ့လာတော့သည်။

​သူ၏ ဝိညာဉ်စွမ်းအင်က ထိုအမြုတေကို ထိတွေ့လိုက်သောအခါ ထူးခြားသော တုန်ခါမှုတစ်ခု ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။

ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် ထိုအမြုတေမှ ထူးဆန်းသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

​ဘုန်း

​လင်းနို့မိစ္ဆာ၏ ဘေးပတ်ပတ်လည်ရှိ ကျင်းမှာ နောက်တစ်ကြိမ် ထပ်မံတုန်ခါသွားပြီး အက်ကြောင်းများ ပိုမို ပြန့်နှံ့သွားသည်။ ယခုတစ်ကြိမ်မှာတော့ ထိုအမြုတေမှ ထွက်ပေါ်လာသော အသံလှိုင်းကြောင့်ပင်

​"ဒါဆိုရင် မိစ္ဆာအမြုတေထဲမှာ သူ့ရဲ့ စွမ်းရည်တွေ ကိန်းအောင်းနေတာပေါ့၊ ဝိညာဉ်စွမ်းအင်နဲ့ အသက်သွင်းလို့ ရတာပဲ"

ဖန့်ချန် ရုတ်တရက် သဘောပေါက်သွားသည်။

"ရတနာတွေ သန့်စင်တဲ့နေရာမှာလည်း သုံးလို့ရပုံရတယ်"

​စွမ်းရည်ကို အသုံးပြုပြီးနောက် ထိုအမြုတေ၏ အရှိန်အဝါမှာ သိသိသာသာ လျော့နည်းသွားသည်။ ဆိုလိုသည်မှာ မိစ္ဆာ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေစဉ်က အားပြန်ဖြည့်နိုင်သော်လည်း ခန္ဓာကိုယ်အပြင်ဘက် ရောက်သွားလျှင်တော့ ကုန်ဆုံးသွားမည့် ပစ္စည်းတစ်ခု ဖြစ်သွားခြင်းပင်။

​ဒီအသံလှိုင်းရဲ့ စွမ်းအားက အထင်သေးလို့ မရဘူး။

ချီသန့်စင်ခြင်း အဆင့် ၇၊ ၈ ကျင့်ကြံသူတွေကို ဖြေရှင်းဖို့ ပြဿနာမရှိဘူး။ ပြန်ရောင်းရင်လည်း ဈေးကောင်းရမှာပဲ ဟု ဖန့်ချန် တွေးလိုက်သည်။

​ဖန့်ချန် ရုတ်တရက် သက်ပြင်းချလိုက်မိသည်။

အရင်က သူသည် ရတနာများကို သိပ်ပြီး ဂရုမစိုက်ခဲ့သလို လိုချင်တပ်မက်စိတ်လည်း မပြင်းထန်ခဲ့ပေ။

သို့သော် ယခုအခါ ရတနာများကို ဝါးမြိုတတ်သည့် ထိုငွေရောင် မိစ္ဆာ ဓားလေးကို ပိုင်ဆိုင်ထားသဖြင့် သူ၏ အတွေးအခေါ်များကို အလေးအနက် ပြန်လည်သုံးသပ်ရန် လိုအပ်လာပြီဖြစ်သည်။

​ထိုသို့ဖြင့် ဂူထဲတွင် ရက်များ ကုန်လွန်သွားရာ ငါးရက်မြောက်နေ့တွင် ကျိချုံယွန်း တစ်ယောက် အဝတ်အစားများ စုတ်ပြတ်သတ်ကာ ဒဏ်ရာများဖြင့် ပြန်ပေါ်လာသည်။ ကျောက်မိစ္ဆာကြီးမှာတော့ သူ့နောက်သို့ မရပ်မနား လိုက်နေဆဲပင်။

​"နေဦး... သူက ဘာလို့ ဒီလောက် အေးအေးဆေးဆေး ဖြစ်နေတာလဲ"

ကျိချုံယွန်း မြင်လိုက်ရသည်မှာ ဖန့်ချန် သည် အေးအေးလူလူ ထိုင်နေပြီး လက်ဖက်ရည်ပင် ဖျော်သောက်နေခြင်း ဖြစ်သည်

သူ၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။ လင်းနို့မိစ္ဆာကော ဘယ်ရောက်သွားပြီလဲ

​ယုတ္တိဗေဒအရ ဆိုလျှင် ဖန့်ချန်မှာ သူ့ထက် ပိုပြီး သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသင့်သည် မဟုတ်ပါလား

​ဖန့်ချန် က ပူနွေးနေသော လက်ဖက်ရည် တစ်ခွက်ကို ငှဲ့လိုက်ပြီး နောက်တစ်ခွက်ကို ကျိချုံယွန်းအတွက် ပြင်ဆင်ကာ လက်လှမ်းပြလိုက်သည်။

"စီနီယာ ကျိ ဒီကိုလာပြီး တစ်ငုံလောက် သောက်ပါဦး"

​ကျိချုံယွန်း သည် ဇဝေဇဝါဖြင့် ဖန့်ချန်ဆီသို့ ခုန်ပျံဝင်ရောက်လာသည်။

သူသည် ကျောက်မိစ္ဆာကြီးကို အရင် လှည့်ကြည့်လိုက်ရာ ထိုမိစ္ဆာကြီးမှာ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး အန္တရာယ်တစ်ခုခုကို အာရုံခံမိသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​"ဒါ ဘာကြီးလဲ..."

ကျိချုံယွန်း အတော်လေး တုန်လှုပ်သွားသည်။

အဖြေတစ်ခုသာ ရှိသည် ၎င်းမှာ ဖန့်ချန်၏ အစွမ်းသည် သူ မူလက တွက်ချက်ထားသည်ထက် များစွာ ပိုမို သာလွန်နေခြင်းပင်။

​ကျင့်ကြံသူကျောက် ပထမဆုံးအကြိမ် ထိုနေရာသို့ ဝင်လာစဉ်က ထိုမိစ္ဆာများကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ပြီး နောက်တစ်ခါ ပြန်မဝင်ရဲတော့သည်ကို သတိပြုသင့်သည်။

​အသက်ငါးဆယ်ရှိုက်စာခန့် တိတ်ဆိတ်သွားပြီးနောက် ကျောက်မိစ္ဆာကြီးသည် ဖန့်ချန်ကို နောက်ဆုံးတစ်ချက် စိုက်ကြည့်ကာ ရုတ်တရက် လှည့်ထွက်သွားတော့သည်။

​ကျိချုံယွန်း ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး ခဏအကြာတွင် သူက ခါးသက်သက် ပြုံးလိုက်သည်။

"ဒီနေရာက မိစ္ဆာတွေတောင် ခင်ဗျားကို အတိုင်းအတာတစ်ခုအထိ ကြောက်နေကြတာပဲ"

​ဖန့်ချန် က ဘာမှ သိပ်မပြောဘဲ လက်ဖက်ရည်ခွက်ကို ကျိချုံယွင် ထံသို့ တွန်းပေးလိုက်သည်။

"သောက်လိုက်ပါ"

​ကျိချုံယွန်း ထိုင်ချလိုက်ပြီး ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။ လက်ဖက်ရည်မှာ အသစ်စက်စက် ကျိုထားခြင်း ဖြစ်သော်လည်း သူကတော့ အပူလောင်မည်ကို လုံးဝ မကြောက်ပေ။

​လက်ဖက်ရည် အနည်းငယ် သောက်ပြီးနောက် ကျိချုံယွန်း နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။

​ဖန့်ချန် က ခပ်ပါးပါး ပြုံးကာ

"စီနီယာ ကျိ ကျုပ် ခင်ဗျားနဲ့ ကိစ္စတစ်ခု ဆွေးနွေးလို့ ရမလား"

ဟု မေးလိုက်သည်။

​ကျိချုံယွန်း၏ မျက်လုံးများ အနည်းငယ် လက်ခနဲ ဖြစ်သွားသည်။

"ဘာကိစ္စလဲ သခင်လေး ဖန့် ပြောပါ"

​"ခင်ဗျားတို့ ကျိမိသားစုက နှင်းရေခဲအင်ပါယာ ရဲ့ ဧကရာဇ်ဆီမှာ သစ္စာခံနေမယ့်အစား၊ မဟာရှအင်ပါယာ ရဲ့ ဧကရာဇ်ဆီမှာ ဘာလို့ သစ္စာမခံရတာလဲအစဉ်အလာနဲ့ အနာဂတ် အလားအလာတွေကို ကြည့်ရင် နှင်းရေခဲအင်ပါယာက မဟာရှနဲ့ ယှဉ်လို့ မရတော့ဘူးလေ"

​ကျိချုံယွန်း၏ မျက်နှာမှာ မပြောင်းလဲသော်လည်း စိတ်ထဲတွင်တော့ အံ့ဩသွားသည်။ ဖန့်ချန်က နှင်းရေခဲအင်ပါယာကို ဝါးမြိုချင်နေတာလား

​သူ၏ နဖူးပေါ်မှ ချွေးအေးများ ဖြည်းဖြည်းချင်း စီးကျလာသည်။

​ဖန့်ချန် အေးအေးဆေးဆေး လက်ဖက်ရည် ဖျော်နေသည်ကို ကျိချုံယွန်းစောင့်ကြည့်ရင်း ခဏမျှ တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် ကျိချုံယွန်း က ဖြည်းဖြည်းချင်း စကားပြောလာသည်။

"သခင်လေး ဖန့် နှင်းရေခဲအင်ပါယာမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ် ကျိမိသားစုက တစ်ခါတလေ ဧကရာဇ်နဲ့ သဘောထား ကွဲလွဲတတ်ပေမဲ့ ဒါဟာ မိသားစုတွင်း ပြဿနာလို့ပဲ ပြောလို့ရပါတယ်".

​"ဒါပေမဲ့ ကျွန်တော်တို့ မဟာရှအင်ပါယာနဲ့ ပူးပေါင်းလိုက်ရင်တော့ မတူတော့ဘူး လူသန်းပေါင်းများစွာက ဒီလိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြလိမ့်မယ်၊ အဲဒါက တစ်နိုင်ငံလုံး ပြိုလဲသွားတဲ့အထိ ဖြစ်သွားနိုင်တယ်"

​"လူတွေ သဘောတူမတူ ဆိုတာက နောက်ဆုံးမှာ ခင်ဗျားတို့ ကျိမိသားစုကပဲ ဆုံးဖြတ်ရမှာ မဟုတ်လား"

ဖန့်ချန် က ခပ်တိုးတိုး ရယ်မောလိုက်သည်။

"တရားဝင်အားဖြင့် မဟာရှရဲ့ လက်အောက်မှာ ရှိပေမဲ့ လက်တွေ့မှာတော့ ခင်ဗျားတို့ ကျိမိသားစုကပဲ အုပ်ချုပ်မှာပါ မဟာရှက ခင်ဗျားတို့ရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး နှစ်စဉ် အခွန်နဲ့ ရိက္ခာ အနည်းငယ် ပေးရုံဆိုရင် လုံလောက်ပါပြီ"

​ကျိချုံယွန်း ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

"တကယ်လို့ ကျွန်တော် သဘောမတူရင်ကော"

​ဖန့်ချန် က အပြုံးလေးဖြင့်

"စီနီယာ ကျိ ခင်ဗျားက ဒီလောက် အသက်ကြီးပြီပဲ အရာအတော်များများကို ရှင်းရှင်းလင်းလင်း သိမှာပါ နောင်တစ်ချိန်မှာ ခင်ဗျားတို့ ကျိမိသားစုကလည်း ကျင့်ကြံသူ အနည်းငယ် ထွက်လာနိုင်တာပဲလေ"

​ဘုန်း

​ထိုစကားလုံးများသည် ကျိချုံယွန်း ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုနှင့် လောဘလှိုင်းများကို ချက်ချင်း ဖြစ်ပေါ်စေသည်။ ထိန်းချုပ်မရသော အလိုဆန္ဒတစ်ခု သူ၏ မျက်လုံးထဲတွင် လက်ခနဲ ပေါ်လာသည်။

​"တကယ်လို့ ကျွန်တော် သဘောတူရင် ခင်ဗျား ကျွန်တော့် ကျိမိသားစုရဲ့ မျိုးဆက်တွေကို ကျင့်ကြံခြင်း နည်းလမ်းတွေ သင်ပေးမှာလား"

ကျိချုံယွန်း သည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေဆဲပင်။

မသေမျိုးအဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အရေးနှင့် ယှဉ်လျှင် နှင်းရေခဲအင်ပါယာသည် သူ့အတွက် ဘာမှ မဟုတ်တော့ပေ။

အကယ်၍ ကျိမိသားစုမှ ကျင့်ကြံသူ အနည်းငယ် ထွက်ပေါ်လာပါက သူတို့သည် အဆင့် ၈ အင်ပါယာ တစ်ခုလုံးထက်ပင် သာလွန်သွားပေလိမ့်မည်။

အဆင့် ၇ အင်ပါယာတစ်ခုပင်လျှင် သူတို့ကို အလွယ်တကူ လာရောက် မစော်ကားရဲတော့ပေ ထိုသည်မှာ... ငါးကလေးတစ်ကောင် နဂါးတံခါးကို ခုန်ကျော်လိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်

​ဖန့်ချန် ကမ်းလှမ်းသော အခြေအနေများက သူ့ကို အလေးအနက် စဉ်းစားစေခဲ့သည်။

​ဖန့်ချန် က ပြုံးလျက် ခေါင်းညိမ့်သည်။

"ခင်ဗျား သဘောတူတာနဲ့ ခင်ဗျားတို့ ကျိမိသားစုရဲ့ မျိုးဆက်သစ်တွေထဲက အလားအလာအရှိဆုံး တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကို ရွေးပြီး ကျင့်ကြံခြင်း နည်းလမ်းတွေ လက်ဆင့်ကမ်းပေးမယ်"

​"ဒါပေမဲ့ ကျွန်တော့် သဘောတူညီချက် တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး နှင်းရေခဲအင်ပါယာရဲ့ အနောက်မှာ အဆင့် ၇ ကျားဖြူအင်ပါယာ ရှိတယ် သူတို့က သဘောတူချင်မှ တူလိမ့်မယ်"

ဟု ကျိချုံယွန်း က စဉ်းစားရင်း ပြောလိုက်သည်။

​ဖန့်ချန် ၏ မျက်လုံးထဲတွင် အရိပ်အယောင်တစ်ခု လက်ခနဲ ပေါ်လာသည်။ ကျိချုံယွန်း သည် မဟာရှအင်ပါယာ၏ အကျိုးစီးပွားအတွက် စတင် စဉ်းစားပေးနေပြီ ဖြစ်သည်။

​အခန်း ၂၀၆ - ကျားဖြူအင်ပါယာ

​ဖန့်ချန် က ခပ်ပါးပါး ပြုံးလျက်

"ကျားဖြူအင်ပါယာအကြောင်း ငါ့ကို ပြောပြပါဦး"

ဟု ဆိုသည်။

​ကျိချုံယွန်း က ခဏမျှ စဉ်းစားပြီးနောက်

"နှင်းရေခဲအင်ပါယာရဲ့ အရှေ့ဘက် မိုင်ရှစ်ထောင်အကွာမှာ ကျားဖြူအင်ပါယာရဲ့ နယ်နိမိတ် ရှိပါတယ် နှင်းရေခဲအင်ပါယာ တည်ထောင်တဲ့နေ့ကစလို့ ကျားဖြူအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း တစ်ထောင်ကျော်ပါပြီ"

​" ယင်ချန်း ၊ ထျန်းခွန်း နဲ့ ဟုန်ရီ အင်ပါယာတွေဟာလည်း ကျားဖြူအင်ပါယာရဲ့ လက်အောက်ခံနိုင်ငံတွေပါပဲ။ ဒါပေမဲ့ ကျားဖြူအင်ပါယာရဲ့ အဆင့် ၈ လက်အောက်ခံနိုင်ငံတွေက ဒါတင်မကသေးပါဘူး"

​"ကျားဖြူအင်ပါယာမှာ သိုင်းပညာက အလွန်ထွန်းကား တယ် မြေကမ္ဘာနက်နဲ အဆင့် သိုင်းပညာရှင်တွေဆိုတာ နေရာတိုင်းမှာ ရှိနေသလို ကောင်းကင်နက်နဲအဆင့် သိုင်းပညာရှင်တွေလည်း အများကြီး ရှိပါတယ် သိုင်းလောကရဲ့ ထိပ်သီးဂိုဏ်းဖြစ်တဲ့ ဆယ်မျက်နှာဂိုဏ်း မှာဆိုရင် ကောင်းကင်နက်နဲသောအဆင့် အထွက်အထိပ် ကျွမ်းကျင်သူ သုံးယောက် ရှိတယ်လို့ သိရပါတယ်"

​ကျိချုံယွန်း က ဖန့်ချန် ကို တစ်ချက်ကြည့်ပြီး ဆက်ပြောသည်။

"နောက်ပြီး ကောလာဟလတစ်ခု ရှိသေးတာက အဆင့် ၇ အင်ပါယာတွေနဲ့ အဆင့် ၆ အင်ပါယာတွေကြားက ဆက်ဆံရေးက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး နီးကပ်တယ်ဆိုတာပါပဲ အဆင့် ၆ အင်ပါယာ တော်တော်များများက အဆင့် ၇ အင်ပါယာတွေဆီကနေ ကောင်းကင်နက်နဲသောအဆင့် သိုင်းပညာရှင်တွေကို ခေါ်ယူလေ့ရှိပါတယ်"

" အဲဒီသိုင်းပညာရှင် အများစုဟာ ကျင့်ကြံသူတွေရဲ့ နောက်လိုက်တွေ ဖြစ်လာကြတာပါ အဲဒါကြောင့်ပဲ ဆယ်မျက်နှာဂိုဏ်းလို ဂိုဏ်းမျိုးတွေရဲ့ အနောက်မှာ ကျင့်ကြံသူတွေ ရှိနေကြတာပေါ့"

​"ဒါကြောင့်မို့..."

ကျိချုံယွန်း က ဆိုသည်။

"နှင်းရေခဲအင်ပါယာရဲ့ ပြည်တွင်းရေး နိုင်ငံရေးတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ကျွန်တော့် ကျိမိသားစုကပဲ အုပ်ချုပ်အုပ်ချုပ်၊ ဧကရာဇ်မိသားစုကပဲ အုပ်ချုပ်အုပ်ချုပ် ကျားဖြူအင်ပါယာက ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး"

​"ဒါပေမဲ့ တကယ်လို့ ပြင်ပလူတွေက ဝင်စွက်ဖက်ပြီး နှင်းရေခဲအင်ပါယာ ဆိုတာ မရှိတော့အောင် လုပ်တာမျိုး၊ ဒါမှမဟုတ် တခြားနိုင်ငံရဲ့ လက်အောက်ခံ ဖြစ်သွားအောင် လုပ်တာမျိုးဆိုရင်တော့ ကျားဖြူအင်ပါယာက ငြိမ်နေမှာ မဟုတ်ပါဘူး ကျင့်ကြံသူအနည်းငယ်ကိုတောင် လွှတ်ပြီး ဝင်ရောက် စွက်ဖက်ခိုင်းပါလိမ့်မယ်"

​ဖန့်ချန် က တွေးတောစွာဖြင့် ခေါင်းညိမ့်လိုက်သည်။

​ကျိချုံယွန်း ပြောပြချက်အရ မဟာရှ သည်လည်း မူလက ကျားဖြူအင်ပါယာ၏ လက်အောက်ခံနိုင်ငံပင် ဖြစ်သည်။

ယင်ချန်း နှင့် ချင်းစုန် အင်ပါယာများသည်လည်း ကျားဖြူအင်ပါယာ၏ လက်အောက်ခံများပင် ဖြစ်ကြသည်။

​အဆင့် ၇ အင်ပါယာတစ်ခုသည် ကောလာဟလများအတိုင်း အမှန်တကယ်ပင် အင်အားကြီးမားလှပေသည်။

​ဖန့်ချန် က ပြုံးလိုက်သည်။

"ဒါဆို အပေးအယူတစ်ခု လုပ်ကြတာပေါ့ ခင်ဗျားတို့ရဲ့ နှင်းရေခဲအင်ပါယာ နာမည်ကို မပြောင်းလဲစေရဘူး၊ ခင်ဗျားလည်း ထီးနန်းကို ယူလို့ရတယ်ခင်ဗျား လုပ်ရမှာက နှင်းရေခဲအင်ပါယာရဲ့ သိုင်းပညာကျမ်းစာတွေကို စုစည်းပြီး မဟာရှဆီကို တစ်သုတ် ပို့ပေးရုံပါပဲ"

"အပြန်အလှန်အနေနဲ့ ခင်ဗျားတို့ ကျိမိသားစုထဲက တစ်ယောက်ယောက် နောင်မှာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ခြေချနိုင်စေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်"

​ကျိချုံယွန်း ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ မူလကပင် သူသည် ထီးနန်းကို သိမ်းပိုက်ရန် ရည်ရွယ်ထားသူဖြစ်ပြီး နှင်းရေခဲအင်ပါယာ ဘိုးဘေးကြီး ကွယ်လွန်သွားခြင်းက အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

သိုင်းပညာကျမ်းစာများကို ကျင့်ကြံခြင်းလမ်းစဉ်နှင့် လဲလှယ်ရမည်ဆိုပါက ကျိမိသားစုအတွက် အလွန်မြတ်သော အပေးအယူပင် ဖြစ်သည်

​သို့သော် ဖန့်ချန် က ခပ်နောက်နောက် အပြုံးဖြင့် ထပ်လောင်းပြောလိုက်သည်။

"ဒါပေမဲ့ ဒါကို လျှို့ဝှက်ထားတာ ပိုကောင်းလိမ့်မယ် ခင်ဗျားတို့ ကျိမိသားစု ဒီလမ်းစဉ်ပေါ် တက်လှမ်းလာမှာကို မလိုလားတဲ့လူတွေ ရှိနေမှာ ကျုပ် စိုးရိမ်လို့ပါ"

​ကျိချုံယွန်း ၏ အမူအရာ တောင့်တင်းသွားပြီး ချက်ချင်းပင် ခေါင်းညိမ့်ကာ

"ကျွန်တော် နားလည်ပါတယ် ခင်ဗျား ပြောတဲ့အတိုင်း လုပ်ပါ့မယ် ကျွန်တော် ထီးနန်းရတာနဲ့ သိုင်းပညာ အမွေအနှစ်တွေကို မဟာရှဆီ ပို့ပေးဖို့ စတင် ပြင်ဆင်ပါ့မယ် ဒီအပေးအယူကိစ္စကိုတော့ စကားတစ်လုံးမှ အပြင်မပေါက်စေရပါဘူး"

ဟု ဆိုသည်။

​ဖန့်ချန် က ကျေနပ်စွာ ခေါင်းညိမ့်ပြီး လက်ဖက်ရည် ဖျော်ခြင်းကိုသာ အာရုံစိုက်နေတော့သည်။ သို့သော် ကျိချုံယွင် သည် ဖန့်ချန်၏ အပြုံးထဲတွင် ထူးဆန်းမှုတစ်ခုကို အာရုံခံမိလိုက်ပြီးနောက် ရယ်မောလိုက်မိသည်။

"သခင်လေး ဖန့် ခင်ဗျားက နှင်းရေခဲအင်ပါယာကို မဟာရှရဲ့ နယ်မြေအဖြစ် ဝါးမြိုဖို့ လုံးဝ ရည်ရွယ်ချက် မရှိခဲ့တာ မဟုတ်လား"

​ဖန့်ချန် ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဘာလို့ အဲဒီလို ပြောတာလဲ"

​ကျိချုံယွန်း ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူ၏ ရှေ့တွင်ရှိသော ထိုလူငယ်မှာ အသက်မကြီးလှသော်လည်း စိတ်ကူးအတွေးပေါင်း ရာနှင့်ချီ၍ ဖုံးကွယ်ထားပုံရသည်။

"မဟာရှအတွက် နှင်းရေခဲအင်ပါယာကို လက်အောက်ခံနိုင်ငံ လုပ်တာက ဘာအကျိုးကျေးဇူးမှ ရှိမှာမဟုတ်ဘူး၊ နိုင်ငံနှစ်ခုက အရမ်းဝေးလွန်းတယ် ဒါက နာမည်ခံသက်သက်ပဲ ဖြစ်နေမှာဖြစ်သလို ပြဿနာတွေလည်း အများကြီး ပါလာနိုင်တယ်"

"ခင်ဗျား တကယ်လိုချင်တာက နှင်းရေအင်ပါယာရဲ့ သိုင်းပညာ အမွေအနှစ်တွေပဲ အဲဒီကျမ်းစာတွေကသာ မဟာရှအတွက် တကယ့်ကို အသုံးဝင်မှာ။"

ခဏမျှ ရပ်ပြီးနောက် ကျိချုံယွန်းက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့်

"ခင်ဗျားက ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမဲ့ ခင်ဗျားမှာလည်း ကန့်သတ်ချက်တွေ ရှိနေတာပဲ နှင်းခဲရေအင်ပါယာရဲ့ သိုင်းပညာတွေကို ခင်ဗျားရဲ့ အင်ပါယာထဲ ပေါင်းထည့်ချင်တယ်ဆိုရင် ကျွန်တော့် ကျိမိသားစု ထီးနန်းတက်မှပဲ ဖြစ်နိုင်မှာလေ"

ဟု ဆိုသည်။

​ဖန့်ချန် က ပြုံးလျက် လက်ဖက်ရည်ခွက်ကို ကျိချုံယွန်း ထံသို့ တွန်းပေးလိုက်သည်။

"လက်ဖက်ရည် သောက်ပါဦး။"

​ကျိချုံယွန်း ခေတ္တမျှ မှင်တက်သွားသော်လည်း ခွက်ကို မယူကာ သောက်လိုက်တော့သည်။

​ထိုသို့ဖြင့် သူတို့၏ ဆွေးနွေးမှု ပြီးဆုံးသွားပြီး အသံတိတ် သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက် ကုန်လွန်သွားခဲ့သည်။

​ကျိမိသားစုမှ သိုင်းပညာရှင် ရာပေါင်းများစွာသည် ဂူထဲမှ အတူတူ ထွက်လာကြသည်။ လူတိုင်းနီးပါး ဒဏ်ရာရထားကြပြီး ကံမကောင်းစွာဖြင့် အချို့မှာ ပျောက်ဆုံးသွားခဲ့ကြသည်။

​ကျိချုံယွန်း က အဆုံးအရှုံးများကို အကြမ်းဖျင်း တွက်ချက်ကြည့်သည်။

ဆုံးရှုံးမှုမှာ ဆယ်ရာခိုင်နှုန်းအောက်သာ ရှိကြောင်း သိလိုက်ရသောအခါ သူ သက်ပြင်းချလိုက်နိုင်သည်။

ထိုသည်မှာ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိသည်။

အရင်က ကျင့်ကြံသူ ကျောက် အတွက် ဝိညာဉ်ကျောက်တုံး ရှာရန် ဂူထဲသို့ စစ်သည်များ လွှတ်ခဲ့စဉ်က အဆုံးအရှုံးမှာ ခြောက်ဆယ်မှ ခုနစ်ဆယ် ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး တချို့အချိန်များတွင် ထိုထက်ပင် ပိုများတတ်သည်။

​"မင်းတို့ ရှာတွေ့ခဲ့သမျှ အားလုံးကို ငါ့ကို ပြပါဦး"

ဟု ဖန့်ချန် က ခပ်ပါးပါး ပြုံးလျက် ဆိုသည်။

​ကျိကျွင်းဟွာ နှင့် အခြားသူများသည် အလိုလိုပင် ကျိချုံယွန်း ကို လှည့်ကြည့်လိုက်ကြရာ သူက ချက်ချင်းပင် ငေါက်လိုက်သည်။

"သခင်လေး ဖန့် ပြောတာ မကြားဘူးလား ရှာတွေ့သမျှ အကုန်ထုတ်ပြစမ်း ဘယ်သူမှ ကိုယ်ကျိုးအတွက် သိမ်းမထားစေနဲ့"

​"ဟုတ်ကဲ့"

​စစ်သည်များ၏ အမူအရာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူတို့ အသက်နှင့်ရင်း၍ ရှာဖွေခဲ့ရသမျှကို ဖန့်ချန် ရှေ့တွင် မကျေမနပ်ဖြင့် ချပြလိုက်ကြသည်။

​လူတိုင်း အများကြီး ရခဲ့သည်တော့ မဟုတ်ပေ။ အချို့ပစ္စည်းများမှာ တစ်ဖွဲ့လုံး စုပေါင်းရှာဖွေထားခြင်း ဖြစ်သည်။

​ပစ္စည်းများမှာ အမျိုးစုံလှပြီး ရှားပါးသော ပန်းများနှင့် ဆေးပင်များ ပါဝင်သည်။

သို့သော် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်မှာ သိပ်မများလှသဖြင့် နှစ်တစ်ရာ မြေဇာသီး သို့မဟုတ် နှစ်တစ်ရာ သွေးဂျင်ဆင်း တို့နှင့်တော့ ယှဉ်၍မရပေ။

သို့သော်လည်း သိုင်းပညာရှင်များအတွက်မူ ၎င်းတို့မှာ အလွန်ကောင်းမွန်သော ရတနာများပင် ဖြစ်သည်။

​ထို့အပြင် ၎င်းတို့သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော်ကိုလည်း ရှာတွေ့ခဲ့ကြရာ ၎င်းတို့မှာ အရင်က ဤနေရာသို့ လာရောက်စွန့်စားခဲ့သည့် ကျင့်ကြံသူများ ချန်ထားခဲ့ခြင်း ဖြစ်နိုင်သည်။

​ဖန့်ချန် အနည်းငယ် စိတ်ပျက်သွားသည်။ ပုဒုမသေမျိုး သည် တန်ဖိုးကြီးသည့်အရာ ဘာမှ ချန်မထားခဲ့ပေ။

​ဖန့်ချန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် အေးစက်သော အလင်းတန်းဖျော့ဖျော့ ထွက်ပေါ်နေသော သတ္တုရိုင်းပုံကြီးကို သတိပြုမိလိုက်သည်။

​နောက်တစ်ခဏတွင် ဓားကလေး ထွက်ပေါ်လာပြီး ထိုသတ္တုရိုင်းပုံကို လျင်မြန်စွာ ဝါးမြိုပစ်လိုက်သည်။ ထို့နောက် လေတက်သံ ပေးလိုက်ပြီး ဖန့်ချန် ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားတော့သည်။

​ကျိချုံယွန်း နှင့် အခြားသူများသည် ဘာမှမပြောရဲဘဲ ဖန့်ချန် ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။

​ဒါက ရတနာတွေ သွန်းလုပ်ဖို့ သင့်တော်တဲ့ ဝိညာဉ်သတ္တုရိုင်းပုံပဲ။

ဓားလေးက အချောသတ်ထားတဲ့ ရတနာတွေကိုပဲ စားတာမဟုတ်ဘူး၊ ဝိညာဉ်ပစ္စည်းတွေကိုလည်း စားနိုင်တာပဲ ဟု ဖန့်ချန် တွေးလိုက်သည်။

​သူသည် ပစ္စည်းများကို ဆယ်ပုံ ပုံလိုက်ပြီး ကိုးပုံကို ယူလိုက်သည်။

"ကျန်တဲ့အရာတွေကိုတော့ ခင်ဗျားတို့ပဲ သိမ်းထားလိုက်ပါ အဲဒီ ဝိညာဉ်ကျောက်တုံးတွေက အတော်လေး တန်ဖိုးရှိတယ်၊ သေချာ ဂရုစိုက်ပါ"

​အထူးသဖြင့် ကျင့်ကြံကျောက် သည် ဝိညာဉ်ကျောက်တုံးများကို အလွန်မက်မောခဲ့သဖြင့် ဖန့်ချန် က ဝိညာဉ်ကျောက်တုံး အားလုံးကို ယူလိမ့်မည်ဟု ကျိချုံယွန်း ထင်ထားခဲ့သည်။

သို့သော် မျှော်လင့်မထားဘဲ ဖန့်ချန် သည် သူ၏ ကတိအတိုင်း သူတို့အတွက် တစ်စိတ်တစ်ပိုင်း ချန်ပေးခဲ့သည်။

​"ကျေးဇူးတင်ပါတယ် သခင်လေး ဖန့်"

​ကျိချုံယွန်း သည် ထိုပစ္စည်းများကို၊ အထူးသဖြင့် ဝိညာဉ်ကျောက်တုံးများကို သေသေချာချာ သိမ်းဆည်းလိုက်သည်။

တကယ်လို့ နောင်တွင် ကျိမိသားစုဝင်များ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်ခဲ့ပါက ထိုဝိညာဉ်ကျောက်တုံးများသည် သေချာပေါက် အသုံးဝင်လာမည် ဖြစ်သည်။

​ထို့နောက် လူတိုင်း လူစုခွဲလိုက်ကြတော့သည်။

​"သခင်လေး ကျွန်တော်တို့ နှင်းရေခဲအင်ပါယာမှာပဲ ဆက်နေမှာလား"

ဟု အပြန်လမ်းတွင် ရွှီဂီ က တိုးတိုးလေး မေးသည်။

​"ငါ ကျိမိသားစုနဲ့ အပေးအယူ လုပ်ထားတယ် ဒါကြောင့် သူတို့ နှင်းရေခဲအင်ပါယာရဲ့ သိုင်းပညာ အမွေအနှစ်တွေကို အကုန်စုစည်းပြီးမှပဲ မဟာရှကို ပြန်ကြမယ်"

ဟု ဖန့်ချန် က အေးအေးဆေးဆေး ပြန်ဖြေသည်။

​ရွှီဂီ နှင့် ကျောက်ယန် တို့၏ မျက်လုံးများ တောက်ပသွားသည်။

အကယ်၍ မဟာရှသည် နှင်းရေခဲအင်ပါယာ၏ သိုင်းပညာ အမွေအနှစ်များကို ရရှိပါက နိုင်ငံ၏ အင်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အဆင့် ၈ အင်ပါယာ တစ်ခုအဖြစ် အမှန်တကယ် အခိုင်အမာ ရပ်တည်နိုင်ပေလိမ့်မည်။

​နှင်းရေခဲအင်ပါယာ၏ မြို့တော်

​ဖန့်ချန် တို့အဖွဲ့ မြို့ထဲသို့ ဝင်လာစဉ် မလှမ်းမကမ်းတွင် ရပ်နေသော မိန်းမစိုးအိုကြီး တစ်ဦးကို တွေ့လိုက်ရသည်

​ကျိချုံယွန်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်

"မိန်းမစိုး လင် ကျွန်တော့်ကို စောင့်နေတာလား"

​မိန်းမစိုး လင်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာပြီး ဖန့်ချန် တို့အုပ်စုကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

"အရှင်မင်းကြီးက ဒီည နန်းတော်မှာ ဂုဏ်သရေရှိ ဧည့်သည်တော်တွေအတွက် စားသောက်ပွဲ ကျင်းပဖို့ ရှိပါတယ် ကျွန်တော့်ကို သတင်းစကားပါးဖို့ အထူးလွှတ်လိုက်တာပါ ကျေးဇူးပြုပြီး မပျက်မကွက် တက်ရောက်ပေးကြပါ"

​ဂုဏ်သရေရှိ ဧည့်သည်တော်တွေလား သူက ဒါကို ဖန့်ချန် ရှေ့မှာတင် ပြောတာလား

​"ကျားဖြူအင်ပါယာက ကိုယ်စားလှယ်တွေ လာကြတာလား"

ဟု ကျိချုံယွန်း က လေးနက်သော အသံဖြင့် မေးလိုက်သည်။

​မိန်းမစိုး လင်က ပြုံးလျက်

"ခင်ဗျားတို့ နှစ်ယောက်စလုံး နောက်မကျစေနဲ့လို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်"

ဟု ဆိုကာ လှည့်ထွက်သွားတော့သည်။

All Chapters