← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

​အခန်း ၂၁၅ - သေတွင်းထဲ တိုးဝင်ခြင်း

​နှစ်ဖက်စလုံး ရင်ဆိုင်မိကြပြီး ပြင်းထန်သော တိုက်ပွဲကြီး စတင်တော့သည်။

အိပ်မက်ဆိုး မြင်းသည်တော်များသည် စစ်တပ်ဗျူဟာများဖြင့် တိုက်ခိုက်ကြရာ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံကို ပြသနိုင်ခဲ့သည်။

သို့သော် နှင်းရေအင်ပါယာမှ သိုင်းလောကသားများမှာ ကျင့်ကြံမှုအဆင့် ပိုမြင့်ကြသည်။

အိပ်မက်ဆိုး မြင်းသည်တော်များက အရေအတွက် ပိုများသော်လည်း ထိုအချက်က အရေးမကြီးပေ သူတို့သည် သိုင်းသမားများကို ထိရောက်စွာ ပြန်လည်ခုခံနိုင်စွမ်း ရှိကြသည်။

​ကျိချုံယွန်း သည် သက်ရှည်ချီ အဆင့်ရှိ စစ်ဘက်ဆိုင်ရာ ပညာရှင်အချို့နှင့်အတူ မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းချုပ်နှင့် အခြားသူများကို ဝိုင်းပတ်တိုက်ခိုက်နေသည်။

သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဖျက်ဆီးခြင်း အတိပြီးသော နယ်မြေများသာ ကျန်ရစ်ခဲ့သည်။

တိုက်ပွဲမှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကို ကြောက်သဖြင့် မည်သူမျှ အနားမကပ်ရဲကြပေ။

​ရှုပ်ထွေးလှသော စစ်တလင်းထဲတွင် ဖန့်ချန် ရှိရာဘက်မှာမူ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။

အိပ်မက်ဆိုး မြင်းသည်တော်များနှင့် သိုင်းလောကသားများ နှစ်ဖက်စလုံးက ထိုနေရာကို အဝေးမှ ရှောင်ကွင်းသွားကြသည်။

​မြင်းသည်တော်များက ဖန့်ချန်ကို အနှောင့်အယှက် ဖြစ်မည်စိုး၍ ရှောင်ကြခြင်းဖြစ်ပြီး၊ သိုင်းသမားများကမူ ကျောက်ယန် ကို ကြောက်၍ ရှောင်ကြခြင်း ဖြစ်သည်။

​ရုတ်တရက် ရွှီချင်းဖုန်း က ကျိလင်ရှင်း ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ ဘိုးဘေးက ဘာလို့ ဒီမှာ ကြိုတင်ပြီး ချောင်းတိုက်ဖို့ ပြင်ထားနိုင်ရတာလဲ ငါတို့ ဂိုဏ်းချုပ်နဲ့ တခြားလူတွေ ဒီမှာ ပုန်းနေမယ်ဆိုတာကို သူက ဘယ်လိုလုပ် သိနေတာလဲ"

​"ငါတို့လည်း အတိအကျတော့ မသိနိုင်ဘူးပေါ့"

ဟု ကျိလင်ရှင်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

"ဒါကြောင့်လည်း ဘိုးဘေးက မင်းကို ငါနဲ့အတူ ခေါ်လာခိုင်းတာ တကယ်လို့ မင်းသာ သတင်းပေါက်ကြားအောင် လုပ်လိုက်ရင် ငါတို့ လိုချင်တဲ့ အကွက်ထဲကို အတိအကျ ရောက်လာမှာပဲလေ"

​ရွှီချင်းဖုန်း၏ မျက်နှာမှာ ပျာယာခတ်သွားသည်။

သူသည် မိမိကိုယ်တိုင် အသုံးချခံလိုက်ရမည်ဟု ထင်မထားခဲ့ပေ။ သို့သော် သူက သံသယရှိနေဆဲပင်။

"တကယ်လို့ ငါသာ သတင်းမပေးခဲ့ရင် မင်းတို့ ဘိုးဘေးက ဒီခရီးကို အလကား လာခဲ့ရမှာ မဟုတ်ဘူးလား ဒါတွေအားလုံးက ဖန့်ချန်ကြောင့်လား သူက မင်းတို့ ကျိမိသားစုအတွက် အဲဒီလောက်တောင် အရေးကြီးလို့လား"

​"မင်း နားမလည်ပါဘူး"

ဟု ကျိလင်ရှင်းက ခေါင်းခါလျက် ဆိုကာ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။

​ကျိမိသားစုမှ ကျင့်ကြံသူတစ်ဦး ပေါ်ထွန်းလာနိုင်သည့် အခွင့်အရေး ရှိသည်ဟု ကျိချုံယွန်း ပြောပြခဲ့စဉ်က သူကိုယ်တိုင်လည်း အလွန်အမင်း တုန်လှုပ်ခဲ့ရသည်။

ယခုအခါ ဖန့်ချန်နှင့် ရင်ဆိုင်ရတိုင်း ကျိလင်ရှင်းသည် အစွမ်းကုန် ရိုသေမှု ပြသလေ့ရှိသည်။

ထိုနေရာတွင် ရက်အတော်ကြာ စောင့်ဆိုင်းနေရသည်မှာ ဘာမှ မပြောပလောက်ပေ၊ ကျိချုံယွန်းက ဖန့်ချန်ကို မဟာရှအထိ လိုက်ပါပို့ဆောင်ပေးရမည် ဆိုလျှင်ပင် သူတို့ လုပ်ကြပေလိမ့်မည်။

တကယ်လို့ ကျိမိသားစုမှ ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာပါက နှင်းရေခဲအင်ပါယာ၏ အဆင့်အတန်းမှာ အလိုလို မြင့်တက်လာမည်ဖြစ်ပြီး အဆင့် ၇ နိုင်ငံအဖြစ်သို့ပင် ရောက်ရှိနိုင်သည့် အခွင့်အရေး ရှိပေသည်။

ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုး၏ ရှေ့တွင် နှင်းရေခဲအင်ပါယာ၏ သိုင်းပညာ အမွေအနှစ်ဆိုသည်မှာ ဘာမှမဟုတ်တော့ပေ။

​ကံမကောင်းစွာဖြင့် ထိုအချက်ကို လူသိရှင်ကြား ထုတ်ဖော်၍ မရပေ။

​ခဏအကြာတွင် မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းချုပ်နှင့် အခြားသူများထံတွင် ဒဏ်ရာများ သိသိသာသာ ပေါ်လာသည်။

ကျိချုံယွန်းနှင့် စစ်တပ်မှ သက်ရှည်ချီ ပညာရှင်များကို ရင်ဆိုင်ရာတွင် သူတို့၏ နည်းစနစ်များမှာ အားနည်းနေသည်မှာ ထင်ရှားလှသည်

​ရုတ်တရက် သက်ရှည်ချီ ပညာရှင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းချုပ် ငါတို့ ဖန့်ချန်ကိုပဲ ဦးတည်တိုက်ခိုက်ရမယ် အဲဒါမှ ဒီကိစ္စတွေ ရပ်သွားမှာ ဖန့်ချန်ကိုသာ ဖမ်းမိရင် ကျိချုံယွန်း ဆိုတဲ့ အဖိုးကြီး ငါတို့ကို မထိရဲတော့ဘူး"

​ထိုစကားကို ကြားသောအခါ မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်သည် ကျိချုံယွန်း နှင့် တိုက်ခိုက်နေခြင်းကို ချက်ချင်း ရပ်လိုက်ပြီး ဖန့်ချန်ထံသို့ ပြေးဝင်သွားတော့သည်။

ကျန်ရှိသော သက်ရှည်ချီ ပညာရှင် သုံးဦးလည်း ထိုနည်းအတိုင်း လုပ်ဆောင်ကြသည်။

​စစ်တပ်မှ သက်ရှည်ချီ ပညာရှင်များက နောက်မှ လိုက်လံတိုက်ခိုက်ရန် ပြင်သော်လည်း ကျိချုံယွန်းက လက်မြှောက်ကာ တားလိုက်သည်။

​"လိုက်စရာ မလိုဘူး သူတို့က သေတွင်းထဲ တိုးဝင်နေကြတာ"

ဟု ကျိချုံယွန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

​သေတွင်းထဲ တိုးဝင်တာ ဟုတ်လား

​စစ်တပ်မှ ပညာရှင်များသည် အချင်းချင်း အံ့ဩစွာ ကြည့်လိုက်ကြသည်။

​ပတ်ဝန်းကျင်ရှိ အိပ်မက်ဆိုး မြင်းသည်တော်များသည်လည်း တိုက်ခိုက်နေခြင်းကို ရပ်လိုက်ပြီး နောက်ဆုတ်ကာ လူစုပြန်ဖွဲ့လိုက်ကြသည်။

သိုင်းလောကသားများလည်း ထိုနည်းတူပင် မြင်းသည်တော်များနှင့် အလှမ်းဝေးရာသို့ ဆုတ်ခွာသွားကြသည်။

နှစ်ဖက်စလုံး၏ အကြည့်များမှာ မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းမှ လူလေးဦးထံသို့သာ ကျရောက်နေတော့သည်။

​ထိုလေးဦးမှာ တစ်ခုခု မှားနေပြီဟု အာရုံရသော်လည်း ယခုအချိန်တွင် ဆုတ်ခွာရန် ခက်ခဲသွားပြီ ဖြစ်သည်။

ဖန့်ချန်ကို ဖမ်းဆီးနိုင်မှသာ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

​သူတို့ထဲမှ တစ်ဦးက ကျောက်ယန်ကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်ပြီး ကျန်သုံးဦးမှာ ဖန့်ချန်ကို အတူတူ ဖမ်းဆီးရန် ကြံရွယ်ထားသည်။

သို့သော် ကျောက်ယန်မှာ လှုပ်ရှားရန် အစီအစဉ် မရှိဘဲ သူတို့ကို လှောင်ပြုံးဖြင့်သာ အေးစက်စက် စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

​ထိုအချိန်မှာပင် ငွေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

​သက်ရှည်ချီ ပညာရှင် လေးဦးလုံးသည် ရုတ်တရက် ကိုယ်လက်များ တောင့်တင်းသွားပြီး မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။

​မြေကမ္ဘာနက်နဲသောအဆင့် သိုင်းပညာရှင် ရာနှင့်ချီ၍ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ ရင်ထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူတို့၏ နှလုံးခုန်သံများမှာလည်း မြန်ဆန်လာတော့သည်။

​"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

​"မဖြစ်နိုင်တာ..."

ရွှီချင်းဖုန်းသည် ထိုလေးဦးနှင့် အနီးဆုံးတွင် ရှိနေသူဖြစ်ရာ သူတို့၏ နဖူးမှ ဦးခေါင်းနောက်စေ့အထိ အပေါက်ကြီး တစ်ပေါက်စီ ဖြစ်သွားသည်ကို အထင်အရှား မြင်လိုက်ရသည်။

​သူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်သွားသည်။

​သက်ရှည်ချီ ပညာရှင်တွေက မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုလုပ် သေသွားရတာလဲ

​ရုတ်တရက် ရထားလုံးအတွင်းမှ ဖန့်ချန်၏ အသံ ထွက်ပေါ်လာသည်။

"ခရီးဆက်ရအောင်"

​ကျောက်ယန်က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"ထွက်ခွာမယ်"

​ထိုသို့ဖြင့် ယာဉ်တန်းသည် ခရီးဆက်ခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ မည်သည့် သိုင်းပညာရှင်မျှ လမ်းပိတ်မရပ်ရဲကြတော့ပေ။

သူတို့မှာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့ကြသည်။

​ကျိချုံယွန်းက သူတို့ကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"လက်နက်တွေ ချလိုက်ကြစမ်း၊ ဒါဆို မင်းတို့ အသက်ကို ငါ ချမ်းသာပေးမယ်"

​တစ်ဦးပြီးတစ်ဦး လက်နက်များကို မြေပေါ်သို့ ပစ်ချလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုများသာ ရှိတော့သည်။

​နဂါးကျောရိုးတောင်ကြား

​ဖန့်ချန်သည် အပေါက်ဝရှိ ကျင့်ကြံသူများကို သူ၏ တံဆိပ်ပြားပြကာ အတွင်းသို့ ဝင်လာခဲ့သည်။

​ယခုအခါ သူ တစ်ယောက်တည်းသာ ရှိတော့သည်၊ ကျောက်ယန်နှင့် အခြားသူများမှာ သိုင်းကျမ်းများကို ဘေးကင်းစွာ ပို့ဆောင်ရန် မဟာရှမြို့တော်သို့ ခရီးဆက်သွားကြပြီ ဖြစ်သည်။

​ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ပင် လမ်းဘေးတစ်လျှောက်တွင် ဈေးသည်ငယ်များဖြင့် ပြည့်နှက်နေသည်။

ထိုဈေးသည်များ၏ ကျင့်ကြံမှုမှာ သိပ်မမြင့်လှဘဲ ချီသန့်စင်ခြင်း အဆင့် ၁ မှ အဆင့် ၄ အထိသာ ရှိကြသည်။ အဆင့် ၅ ရောက်သူကိုပင် တွေ့ရခဲလှသည်။

​သို့သော် ပြီးခဲ့သည့်တစ်ခေါက်က ဖန့်ချန်သည် လမ်းဘေးဆိုင်လေးများကိုသာ လှည့်ပတ်ကြည့်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ လမ်းဘေးဆိုင်များအပြင် ဆိုင်ခန်းကြီး အများအပြား ရှိနေသည်ကို သတိပြုမိသည်။

​အကြီးဆုံးဆိုင်ကြီးတစ်ခုတွင် လူများ အဆက်မပြတ် ဝင်ထွက်နေကြသည်။

လူတိုင်းမှာ ဝင်သွားစဉ်က ပျော်ရွှင်နေကြသော်လည်း ထွက်လာချိန်တွင်မူ နာကျင်နှမြောနေသော အမူအရာများ ရှိကြသည်။

ဖန့်ချန်သည် ထိုစဉ်က ဝိညာဉ်ကျောက်တုံး အကန့်အသတ်ရှိသဖြင့် ထိုဆိုင်ထဲသို့ မဝင်ခဲ့ဖူးပေ။

​ရုတ်တရက် ကျင့်ကြံသူတစ်ဦးသည် ဖန့်ချန်ထံသို့ ချဉ်းကပ်လာပြီး စကားစမြည် ပြောရန် ကြိုးစားသည်။

"အစ်ကို ခင်ဗျားကို မြင်ဖူးသလိုပဲ အော် ဟုတ်ပြီမှတ်မိပြီ ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျား အဆောင်လုပ်ဖို့ ပစ္စည်းတွေ လိုက်ဝယ်နေတာ မဟုတ်လား"

​ထိုသူ၏ အသံကို ကြားသောအခါ ဖန့်ချန် မှတ်မိသွားသည်။

နဂါးကျောရိုးကို ပထမဆုံး ရောက်စဉ်က ထိုလူမှာ စုတ်တံများ၊ စက္ကူများနှင့် ပြဒါးများကို ရောင်းနေသူ ဖြစ်သည်။

သူသည် ဖန့်ချန်ကို ဈေးတင်ရောင်းရန်ပင် ကြိုးစားခဲ့သေးသည်။

​ဖန့်ချန်က ခပ်ပါးပါး ပြုံးလိုက်သည်။

"ခင်ဗျားက မှတ်ဉာဏ်ကောင်းသားပဲ ဘာကိစ္စရှိလို့လဲ"

​ထိုကျင့်ကြံသူက အသံကို နှိမ့်ကာ

"ခင်ဗျားက နဂါးကျောရိုး ကုန်သွယ်ရေးအဖွဲ့ ထဲကို ဝင်ဖို့ ကြံနေတာ ထင်တယ် ခင်ဗျား အတော်လေး ချမ်းသာလာပုံပဲ ဒါပေမဲ့ ကျွန်တော် ပြောပြရဦးမယ်၊ အဲဒီထဲက ပစ္စည်းတွေက အတော်လေး ဈေးကြီးတယ်ဗျ "

"ကျွန်တော့်ဆီမှာ မကြာခင်ကတင် ရထားတဲ့ အရည်အသွေးမြင့် အဆောင်လုပ်တဲ့ ပစ္စည်းအသစ်တွေ ရှိတယ် တစ်ချက်လောက် ကြည့်ချင်လား"

​ဖန့်ချန်က ရယ်မောလိုက်သည်။

"မလိုအပ်ဘူး ထင်တယ် ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျား ပြောတဲ့ဈေးက အတော်လေး မတန်တဆ ဖြစ်နေတယ်လေ"

​ထိုသူ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့်

"ဒါက အဲဒီတုန်းက ခင်ဗျားနဲ့ မခင်သေးလို့ပါ အခုတော့ မတူတော့ဘူးပေါ့ ပစ္စည်းတွေက တကယ်ကောင်းသလို ဈေးလည်း သင့်တင့်ပါတယ် တစ်ချက်တော့ ကြည့်သင့်တယ်နော်"

​ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက်

"ဒါဆိုလည်း ထုတ်ပြလေ ငါ ကြည့်ပေးမယ်"

ဟု ဆိုလိုက်သည်။

​"ကျုပ် မှာ ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သယ်မထားရဲဘူး အမှန်အတိုင်း ပြောရရင် ကျုပ် နဲ့ ကျုပ် ညီအစ်ကိုတွေ အန္တရာယ်များတဲ့ နေရာတစ်ခုကနေ ရလာတာ"

"အခု ကျုပ် အစ်ကိုကြီးဆီမှာ ရှိတယ် ခင်ဗျား ကျုပ် နဲ့အတူ လိုက်ကြည့်ပါဦး အရောင်းအဝယ် မဖြစ်ရင်တောင် ခင်မင်သွားတာပေါ့ဗျာ"

ဟု သူက ရှင်းပြသည်။

​"လမ်းပြပါ"

​"ကျုပ် နောက်က လိုက်ခဲ့ပါ "

​မကြာမီ ဖန့်ချန်သည် နဂါးကျောရိုး၏ အစွန်အဖျားရှိ ဆိုင်ငယ်လေးတစ်ဆိုင်သို့ ရောက်လာသည်။

ထိုနေရာတွင် ကျင့်ကြံသူများ အလာနည်းပြီး အရောင်းအဝယ်လည်း မကောင်းပုံရသည်။

​ဆိုင်ထဲတွင် ကျင့်ကြံသူတစ်ဦးသည် မှီထိုင်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေသည်။

သူတို့နှစ်ဦးကို မြင်လိုက်ရသည်နှင့် သူသည် ချက်ချင်း တက်ကြွသွားတော့သည်။

​"အစ်ကိုကြီး ကျုပ် ဖောက်သည်တစ်ယောက် ခေါ်လာတယ်ဗျ မြန်မြန် ကောင်းတဲ့ ပစ္စည်းတွေ ထုတ်ပြလိုက်ဦး"

ဟု ထိုလူက ဆိုသည်။

​ဆိုင်ထဲမှ ကျင့်ကြံသူက သဘောပေါက်သွားပြီး စိတ်အားထက်သန်စွာ ချဉ်းကပ်လာသည်။

"ဧည့်သည်တော်ကြီးကို ဘယ်လို ခေါ်ရမလဲခင်ဗျာ ကျုပ် က လင်ယွဲ့ကျိ ပါ ခင်ဗျား နေရာမှန်ကို ရောက်လာတာပါ ကျုပ် ဆိုင်က ပစ္စည်းတွေက အရည်အသွေး ကောင်းသလို ဈေးလည်း ချိုပါတယ်"

​"မင်းရဲ့ညီက မင်းဆီမှာ အဆောင် လုပ်တဲ့ ပစ္စည်းကောင်းတွေ ရှိတယ်လို့ ပြောတယ် အဲဒါတွေ ထုတ်ပြပါဦး စုတ်တံ အဆောင်စက္ကူနဲ့ ပြဒါးမှင်တွေကို ကြည့်ချင်တယ်"

ဟု ဖန့်ချန်က ပြုံးလျက် ဆိုသည်။

​"ခဏလေး စောင့်ပါခင်ဗျာ ကျွန်တော် အခုသွားယူပေးပါ့မယ်"

လင်ယွဲ့ကျိက ခေါင်းညိမ့်ကာ ပစ္စည်းများ သွားယူသည်။

​မကြာမီ သူ ပြန်လာပြီး ပစ္စည်းများကို စားပွဲပေါ်တွင် တင်လိုက်သည်။

​ဖန့်ချန်သည် စုတ်တံတစ်ခုကို ယူလိုက်ပြီး အားအနည်းငယ် ထည့်လိုက်ရာ စုတ်တံမှာ ချက်ချင်းပင် နှစ်ပိုင်းကျိုးသွားပြီး ကြမ်းပြင်ပေါ်သို့ ကျသွားတော့သည်။

​လင်ယွဲ့ကျိမှာ အံ့ဩတုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။

"ဒီစုတ်တံရဲ့ လက်ကိုင်က ကောင်းကင်ပြာကျောက်နဲ့ လုပ်ထားတာ ဝိညာဉ်စွမ်းအင် ထည့်လိုက်ရင် အလွန် တည်ငြိမ်သွားတာ အဆောင်လုပ်ဖို့ အတော်လေး ထိရောက်တဲ့ ပစ္စည်းပါ ခင်ဗျား ဒါကို ဘယ်လိုလုပ် ချိုးပစ်လိုက်တာလဲ"

​အခန်း ၂၁၆ - မင်းက တကယ်တော့ ဘယ်သူလဲ

​သူ့ကို လမ်းပြခေါ်လာသည့် ကျင့်ကြံသူ မှာ စိုးရိမ်တကြီး ဖြစ်နေပုံရသည်။

"သွားပြီ ဒုက္ခပဲ ငါ့အစ်ကိုကြီးရဲ့ စုတ်တံက တကယ့်ကို တန်ဖိုးကြီးတာဗျ"

​လင်ယွဲ့က သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့ ထားလိုက်ပါတော့ မင်းက ညီလေး လုဖျင်း ခေါ်လာတဲ့သူဆိုတော့ ငါ့ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ပဲ လျော်ပေးလိုက်ပါတော့"

​ခဏမျှ တိတ်ဆိတ်သွားသည်။

​ရုတ်တရက် ဖန့်ချန်၏ ရယ်မောသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မင်းတို့တွေ ငါ့ကို လိမ်စားဖို့ ကြိုးစားနေတာလား"

​"ဘာ လိမ်စားတာ လဲ မင်း ငါ့စုတ်တံကို ချိုးလိုက်တာ မင်း လျော်ပေးရမှာ မဟုတ်ဘူးလား"

လင်ယွဲ့၏ အမူအရာ တည်ကြည်သွားသည်။

"မင်းပြောပုံဆိုပုံကို ငါ သိပ်မကြိုက်ဘူးနော် အစ်ကိုလေး"

​"ဟုတ်တယ်ဗျ ဆရာကြီးလင်ရဲ့ ကောင်းကင်ပြာစုတ်တံ ဆိုတာ သူ့ရဲ့ အဖိုးတန်ရတနာပဲ တခြားလူတွေ ဝိညာဉ်ကျောက်တုံး လေးငါးဆယ်ပေးရင်တောင် သူက ရောင်းချင်မှ ရောင်းတာ"

"အခုတော့ မင်း ချိုးလိုက်ပြီလေ ဆရာကြီးလင်က စိတ်ကောင်းထားပြီး ငါးဆယ်ပဲ တောင်းနေတာကို ကျေးဇူးတင်သင့်တယ်"

ဟု လုဖျင်း က သူတို့ကိုယ်သူတို့ အလှူဒါန လုပ်နေသကဲ့သို့ ပြောလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ငါသာဆိုရင် ဝိညာဉ်ကျောက်တုံး တစ်ရာလောက် မပေးဘဲ မင်း ဒီကနေ ထွက်သွားရမှာ မဟုတ်ဘူး"

​"ငါတို့ ဒါကို လမ်းကြားတာဝန်ခံ ဆီ သွားပြီး အဆုံးအဖြတ် ခံယူလို့ ရတာပဲ"

​ထိုအချိန်တွင် ဆိုင်အပြင်ဘက်၌ လူအုပ်ကြီး စုရုံးလာကြသည်။

အချို့မှာ အိမ်နီးချင်းဆိုင်များမှ ဖြစ်ပြီး အချို့မှာ လမ်းဘေးဈေးသည်များနှင့် ဖြတ်သွားဖြတ်လာ ဖောက်သည်များ ဖြစ်ကြသည်။

​ဆိုင်ရှင်အချို့မှာလည်း ဝင်ရောက်အားပေးလိုကြသဖြင့် ထောက်ခံစကားများ ဆိုကြသည်။

​"ငါက စေတနာနဲ့ ခေါ်လာတာ ငါ့မျက်နှာကိုတော့ မပျက်ပါစေနဲ့"

ဟု လုဖျင်းက အမိန့်ပေးသံ ခပ်ပါးပါးဖြင့် ပြောလိုက်သည်။

"ဝိညာဉ်ကျောက်တုံးတွေသာ ထုတ်ပေးလိုက်စမ်းပါဒါဆိုရင် ကိစ္စပြတ်သွားပြီ ဒီထက် ပိုကြီးကျယ်သွားရင် မင်းအတွက် မကောင်းဘူးနော်"

သူက ခေတ္တနားပြီးနောက် အကဲခတ်သည့်သဘောဖြင့်

"မင်းမှာ ဝိညာဉ်ကျောက်တုံး မလောက်ရင်လည်း ရတနာတစ်ခုခု ရှိလား အပေါင်ပစ္စည်းအနေနဲ့ ထားခဲ့လို့ ရပါတယ်"

ဟု ဆိုသည်။

​ဖန့်ချန်က ပြုံးလျက် ခေါင်းညိမ့်သည်။

"ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိပါတယ်"

​လုဖျင်းနှင့် လင်ယွဲ့တို့ အချင်းချင်း ကြည့်လိုက်ကြပြီး အားရကျေနပ်သွားကြသည်။

​ဖန့်ချန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

"ဒါပေမဲ့ ငါ့ကို လူအ လို့ ထင်ပြီး လိမ်စားဖို့ ကြံတာကတော့ သိပ်ကောင်းတဲ့ အကြံမဟုတ်ဘူးနော်"

​လင်ယွဲ့၏ မျက်နှာ တင်းမာသွားသည်။

"အစ်ကိုလေး မင်းက မလျော်ဘဲ ရှောင်ချင်တာလား ငါ အကြမ်းပတမ်း လုပ်မိရင်တော့ မပြောနဲ့ဦးငါ အခုပဲ လမ်းကြားတာဝန်ခံကို သွားခေါ်ပြီး အမှန်အတရားကို ဖော်ထုတ်ခိုင်းလိုက်မယ်"

​"ဒီကိစ္စလေးအတွက် တာဝန်ခံကို သွားခေါ်နေစရာ မလိုပါဘူး ငါပဲ ဖြေရှင်းပေးပါ့မယ်"

ဟု လူလတ်ပိုင်း အမျိုးသားတစ်ဦးက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

သူသည် လူတစ်ဒါဇင်ကျော်ကို ဦးဆောင်ကာ ဆိုင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။

ထိုသူကို မြင်လိုက်ရသည်နှင့် ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာပေါ်တွင် ဖားလိုသော အပြုံးများ ပေါ်လာကြပြီး ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

"မန်နေဂျာလီ ကို ဂါရဝပြုပါတယ်"

​"အော် ဒီနေ့ မနက်ကတည်းက ငါ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေလဲလို့ တကယ့် ဧည့်သည်တော်ကြီး လာမှာမို့ကိုး မန်နေဂျာလီ ကြွပါ ခင်ဗျာ၊ ဒီဘက်ကို ကြွပါ"

​လင်ယွဲ့က မန်နေဂျာလီကို ပျာပျာသလဲ ကြိုဆိုကာ ကိုယ်တိုင် ကုလားထိုင် ချပေးလိုက်သည်။

​မန်နေဂျာလီက ကျေနပ်စွာ ထိုင်လိုက်ပြီး ခြေထောက်ချိတ်ကာ ဖန့်ချန်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။

"လူငယ် မင်းက မျက်နှာသစ် တစ်ယောက်ပဲ နာမည်လေး သိပါရစေဦး ငါ့မျိုးရိုးက လီ ပါ ငါက လမ်းကြားတာဝန်ခံရဲ့ လက်အောက်မှာ လုပ်နေတာ ဒီမှာ ဖြစ်သမျှ အငြင်းပွားမှုတွေကို ငါပဲ ကိုင်တွယ်တာ"

​ဖန့်ချန်က ပြုံးလိုက်သည်။

"ကျုပ် မျိုးရိုးက ဖန့် ပါ မန်နေဂျာလီ လာတာ အချိန်ကိုက်ပါပဲ ဒီလူနှစ်ယောက်က ပူးပေါင်းပြီး ကျုပ် ကို လိမ်စားဖို့ ကြံနေကြတာ နဂါးကျောရိုးက ဒီလို အပြုအမူမျိုးကို ဘယ်လို ကိုင်တွယ်သလဲဆိုတာ ကျုပ် သိချင်နေမိတယ်"

​"ဪ အစ်ကိုလေးဖန့် ကိုး အားနာပါတယ်... အားနာပါတယ်"

မန်နေဂျာလီက ပေါ့ပေါ့ပါးပါး ပြုံးသည်။

"ဆိုင်ရှင်လင်က ခင်ဗျားကို လိမ်တယ် ဟုတ်လား အဲဒါက ယုံရခက်လိုက်တာ နဂါးကျောရိုးမှာ ဆိုင်ရှင်လင်က အလွန် ရိုးရိုးသားသား အရောင်းအဝယ် လုပ်တယ်ဆိုတာ လူတိုင်း သိကြတယ်"

"ဘယ်သူ့ကိုမှ မလှည့်ဖြားသလို မလိမ်ညာဘူးတစ်ခါတလေဆိုရင် ဆင်းရဲတဲ့ လေလွင့်ကျင့်ကြံသူတွေကိုတောင် ကူညီပေးသေးတာ ဒီလိုလူမျိုးက ဘယ်လိုလုပ် ဒီလို အကျင့်ပျက်တဲ့ ကိစ္စမျိုး လုပ်မှာလဲ"

​ပြောပြီးနောက် မန်နေဂျာလီက ကြမ်းပြင်ပေါ်ရှိ ကောင်းကင်ပြာစုတ်တံ အကျိုးအပဲ့များကို ကြည့်လိုက်သည်။ သူ၏ လက်အောက်ငယ်သားက ချက်ချင်း ကောက်ယူပြီး မန်နေဂျာလီထံသို့ ရိုသေစွာ ပေးအပ်သည်။

​"ဪ ဒါက တကယ့် စုတ်တံကောင်းပဲ ဒါနဲ့ အဆောင် ရေးရင် ထိရောက်မှုက နှစ်ဆတောင် ရှိတာ ငါသိသလောက်တော့ ကောင်းကင်ပြာကျောက် ဆိုတာ ရှာရ အလွန်ခက်တဲ့ ပစ္စည်းမျိုးပဲ မဟုတ်လား "

"ဝိညာဉ်စွမ်းအင် ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ ဒီကောင်းကင်ပြာကျောက်ထဲကို ဖြတ်သွားရင် အကုန် တည်ငြိမ် နူးညံ့သွားတာပဲ ဒီလို ကိရိယာမျိုးနဲ့ လက်မှတ်လုပ်ရင် ဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ"

ဟု မန်နေဂျာလီက ဆိုသည်။

​သူက ဆက်ပြောသည်မှာ

"အဆောင်ရေးတယ်ဆိုတာ သဘာဝတရားကို ဆန့်ကျင်တာပဲ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်တီးမှုကို လုယူရတာဆိုတော့ ခက်ခဲတာပေါ့"

​"ကောင်းကင်ဘုံက မင်းတို့ကို အလွယ်တကူ ခွင့်ပြုပါ့မလား အဆောင် ရေးနေတဲ့ အချိန်မှာ ဝိညာဉ်စွမ်းအင်တွေက အရမ်းကို ကြမ်းတမ်းပြီး ထိန်းချုပ်ရ ခက်ခဲလာတယ် ရေးဆွဲတဲ့ အချက်တိုင်းဟာ မယုံနိုင်စရာကောင်းတဲ့ စိန်ခေါ်မှုတွေပဲ"

​မန်နေဂျာလီက သက်ပြင်းချလိုက်သည်။

​"မဟုတ်ရင် ဘာလို့ အဆောင်တွေက ဒီလောက် ဈေးကြီးရမှာလဲ ရိုးရိုးတန်းတန်း လုပ်ထားတဲ့ အမြန်နှုန်း အဆောင် တစ်ခုတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်တုံး၊ သုံးတုံးလောက် ပေးရတာလေ"

​လူအုပ်ကြီးက ခေါင်းညိမ့် ထောက်ခံကြသည်။

​"မန်နေဂျာလီ ပြောတာ အဓိပ္ပာယ်ရှိလှပါတယ်။"

​"ဒီစုတ်တံ ကျိုးသွားတာ တကယ့်ကို နှမြောစရာပဲ"

ဟု မန်နေဂျာလီက ခေါင်းခါရင်း ပြောသည်။ ထို့နောက် သူက ဖန့်ချန်ကို ပြုံးကြည့်ကာ

"အစ်ကိုလေးဖန့် ဒီလို လုပ်ရင် ဘယ်လိုလဲ မင်း ဆိုင်ရှင်လင်ကို ဝိညာဉ်ကျောက်တုံး ခြောက်ဆယ် လျော်ပေးလိုက် ဒါဆိုရင် ဒီကိစ္စကို အဆုံးသတ်လိုက်ကြရအောင် ငါ ဆိုင်ရှင်လင်ကိုလည်း မင်းကို ဆက်ပြီး ဒုက္ခမပေးဖို့ ဖျောင်းဖျပေးမယ် ဒါဆိုရင် တရားမျှတတယ် မဟုတ်လား"

​လင်ယွဲ့နှင့် လုဖျင်းတို့သည် ဖန့်ချန်ကို လှောင်ပြုံးဖြင့် ကြည့်နေကြပြီး သူတို့ကိုယ်သူတို့ အတော်လေး ကျေနပ်နေကြသည်။

သူတို့သည် နဂါးကျောရိုးတွင် နေလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ လူအများအပြားနှင့် ပတ်သက်မှု ရှိနေကြသည်။

သူတို့သည် မန်နေဂျာလီကို မကြာခဏ လက်ဆောင်ပစ္စည်းများ ပေးခဲ့ဖူးသဖြင့် ယခုအခါ ၎င်းမှာ အသုံးတည့်သွားခြင်း ဖြစ်သည်။

​"အစ်ကိုလေး မန်နေဂျာလီက မေးနေတာကို ဘာလို့ မဖြေတာလဲ ပြီးတော့ ဘာလို့ မျက်လုံးတွေ မှိတ်ထားတာလဲ မင်းက ငါတို့ကို မလေးမစား လုပ်တာလား"

ဟု လုဖျင်းက ရယ်မောလျက် ဆိုသည်။

​ဖန့်ချန်က ပြုံးလိုက်ပြီး သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

သူ၏ မီးခိုးဖြူရောင် မျက်သူငယ်များတွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း၊ အံ့ဩစရာကောင်းသည်မှာ လူတိုင်း ထိုမျက်လုံးများကို မြင်လိုက်ရသောအခါ ဦးရေပြားများ ထုံကျင်သွားပြီး ရင်ထဲမှ အေးစိမ့်စိမ့် ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။

​"ဒါ... ဒါက ဘာလဲ မျက်လှည့်လား"

မန်နေဂျာလီ၏ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သူ၏ ရင်ထဲမှ အေးစိမ့်မှုကို ဖြေဖျောက်ရန် သူက မလှောင်ဘဲ မနေနိုင်တော့ဘဲ

"မင်းရဲ့ မျက်လုံးတွေက အလုပ်မလုပ်တော့တာလား အစ်ကိုလေးဖန့်"

​"ဪ... သူက မျက်မမြင်ပဲ"

​"သူက မသန်စွမ်း တစ်ယောက်လား ဘယ်လိုလုပ် ကျင့်ကြံနိုင်တာလဲ"

​"သူ မျက်စိကွယ်သွားတာ မကြာသေးဘူး ထင်တယ်"

​လူအုပ်ကြီးကြားတွင် တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာသည်။

​"ငါ မြင်ရတာ မမြင်ရတာက အရေးမကြီးပါဘူးသာမန်မျက်စိနဲ့ မြင်နိုင်တဲ့အရာတွေကို ငါလည်း မြင်နိုင်သလို၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေကိုလည်း ငါ မြင်နိုင်တယ်"

ဖန့်ချန်က ပြုံးလိုက်သည်။

"မန်နေဂျာလီ မင်းရဲ့ စကားတွေက ဒီအောက်တန်းစား နှစ်ယောက်ဘက်ကို သိသိသာသာ ဘက်လိုက်နေတာပဲ ဒါက နဂါးကျောရိုးရဲ့ အလုပ်လုပ်ပုံလား အဲဒီလိုဆိုရင်တော့ ကျုပ် တကယ့်ကို စိတ်ပျက်မိလိမ့်မယ်"

​"ဘယ်သူ့ကို အောက်တန်းစားလို့ ခေါ်တာလဲ"

လုဖျင်း၏ မျက်နှာ ပျက်သွားပြီး သူ၏ ဝိညာဉ်စွမ်းအင်များကို စတင် လည်ပတ်လိုက်သည်။

​လင်ယွဲ့၏ အမူအရာမှာလည်း တင်းမာသွားပြီး သူ၏ နှုတ်ခမ်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

ဖန့်ချန်သည် မန်နေဂျာလီ ဝင်ပါသည့်တိုင် မလျှော့ပေးရန် ရွေးချယ်လိုက်ခြင်းပင်

​သူ ကိုယ်တိုင် ဘာမှ လုပ်စရာ မလိုတော့ပေ၊ ဖန့်ချန်အတွက် အကျိုးဆက်များက သဘာဝအတိုင်း ရောက်ရှိလာပေလိမ့်မည်

​မန်နေဂျာလီက ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

"မင်းက တကယ့်ကို ရဲတင်းတာပဲ"

သူ၏ ကိုယ်မှ အားကောင်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။ သူသည် ချီသန့်စင်ခြင်း အဆင့် ၇ သို့ ရောက်ရှိထားသူ ဖြစ်သည်

​လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာသည်။ အနီးအနားရှိ ကျင့်ကြံသူများပင်လျှင် ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင် လှိုင်းကြောင့် အံ့ဩသွားကြပြီး ထိုဘက်သို့ လှည့်ကြည့်လာကြသည်။

​နဂါးကျောရိုးတွင် ကျင့်ကြံသူ အများစုမှာ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြပြီး တကယ့် အမွေအနှစ် ကျင့်စဉ်ရှိသူနှင့် တွေ့ရခဲလှသည်။

သူတို့၏ ကျင့်ကြံမှုမှာ အများအားဖြင့် အဆင့် ၁ မှ အဆင့် ၄ အတွင်းသာ ရှိကြသည်။ အမှန်စင်စစ် အဆင့် ၄ ရောက်သူကိုပင် ပညာရှင်ဟု သတ်မှတ်ကြသည်

​နဂါးကျောရိုးတွင် အဆင့် ၅ သို့မဟုတ် ၆ အထိ ရောက်နိုင်သော လေလွင့်ကျင့်ကြံသူမှာ အလွန်နည်းပါးပြီး ထိုသူများကို သာမန်လူများက မနှောင့်ယှက်ရဲကြပေ။ မန်နေဂျာလီမှာမူ အဆင့် ၇ ရှိသော တကယ့် ပညာရှင် ဖြစ်သည်

​လေလွင့်ကျင့်ကြံသူများအတွက် ထိုအဆင့်သို့ ရောက်ရန်မှာ အလွန် ခက်ခဲလှသည်။

အကယ်၍ သူတို့သာ နာမည်ကြီး ဂိုဏ်းကြီးတစ်ခုခုသို့ ဝင်မည်ဆိုပါက သင့်တင့်သော ရိုသေမှုကို ရရှိပေလိမ့်မည်။

​သို့သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ၊ မန်နေဂျာလီ၏ အရှိန်အဝါထက် အဆပေါင်းများစွာ ပိုမို အားကောင်းသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခြင်းပင်

​လေမတိုက်သော်လည်း ထူးဆန်းစွာပင် ဖန့်ချန်၏ ဆံပင်များက လေထဲတွင် လွင့်ပျံနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါများက သူ့ကို ရစ်ပတ်ထားသည်။

​"ဒါ... သူက ချီသန့်စင်ခြင်း အဆင့် ၈ လား"

ဟု လူအုပ်ထဲမှ တစ်ဦးက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

​လင်ယွဲ့နှင့် လုဖျင်းတို့၏ မျက်နှာများမှာ ပြာနှမ်းသွားပြီး အချင်းချင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများကို မြင်နေရသည်။

​မန်နေဂျာလီ၏ အမူအရာမှာလည်း မတည်မငြိမ် ဖြစ်နေပြီး သူက မဝံ့မရဲဖြင့် ဟောက်လိုက်သည်။

"မင်းက တကယ်တော့ ဘယ်သူလဲ"

All Chapters