အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အခန်း ၂၂၃ - အဆောင်ကို အောင်မြင်စွာ ရေးဆွဲခြင်း
လေလံပွဲ၏ ပထမဆုံးပစ္စည်း ရောင်းထွက်သွားချိန်တွင် ဖန့်ချန်၏ ခရမ်းရောင် လျှပ်စီးအဆောင်မှာ ဆယ်ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးသည်။
ယခုအခါ ဖန့်ချန်သည် လေလံပွဲကို စိတ်မဝင်စားတော့ပေ။
တစ်ဆယ်ပုံ တစ်ပုံသာ ပြီးသေးသော ခရမ်းရောင် လျှပ်စီးအဆောင်သည် လျှပ်စီးတန်းများဖြင့် တလက်လက် တောက်ပနေပြီး ၎င်း၏ အရှိန်အဝါမှာ သူယခင်က ပြုလုပ်ခဲ့ဖူးသော အလတ်စားအဆင့် လက်မှတ်များထက် မနိမ့်ကျပေ။
ကံကောင်းထောက်မစွာဖြင့် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်မှာ လုံလောက်စွာ အားကောင်းလှသည်။
အဆောင်ရေးဆွဲနေစဉ်အတွင်း သူသည် အခန်းတစ်ခုလုံးကို ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသဖြင့် အဆောင်၏ အရှိန်အဝါများ အပြင်သို့ ယိုစိမ့်မသွားပေ။ အပြင်လူများ တစ်စုံတစ်ရာ ခံစားမိသွားမှာကို သူ မလိုလားပေ။
အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။
လေလံပွဲမှာ ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး ဖန့်ချန်မှာမူ သူ၏ အဆောင် ပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားသည်။
မည်မျှကြာသွားသည်မသိ၊ နောက်ဆုံး စုတ်ချက်အဆုံးတွင် ပြည့်စုံသော ခရမ်းရောင် လျှပ်စီးအဆောင်တစ်ခုမှာ အသက်ဝင်လာတော့သည်။
ဟင်းလင်းပြင်ထဲမှ မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများသည် အဆောင်ထဲသို့ အဆက်မပြတ် စီးဝင်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် VIP အခန်းထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း ဖန့်ချန်က သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။
"ဒါက အရည်အသွေးမြင့် လား ဒါမှမဟုတ် အထူးအဆင့် လား"
ဖန့်ချန်သည် သူ၏ရှေ့မှ အဆောင်ကို ကြည့်ကာ အဆင့်ကို သေချာမခွဲခြားနိုင်ပေ။
သို့သော် တစ်ခုတော့ သေချာသည်။
ထိုလက်မှတ်မှာ အနည်းဆုံး အရည်အသွေးမြင့် အဆင့်တော့ ရှိပေလိမ့်မည်
ထို့အပြင် ရေးဆွဲနေသည့် လမ်းခုလတ်တွင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်မှာ အမှန်တကယ်ပင် ကုန်ခမ်းသွားခဲ့သည်။
သို့သော် သူသည် တခြားကျင့်ကြံသူများနှင့် မတူဘဲ အလွန်မြန်သောနှုန်းဖြင့် ပြန်လည် နာလန်ထူနိုင်ခဲ့သဖြင့် ကံကောင်းသွားခြင်း ဖြစ်သည်။
တကယ်လို့ သူ၏ ထိုစွမ်းရည်သာ မရှိလျှင် ဝိညာဉ်စွမ်းအင် ကုန်သွားသည့် ခဏမှာပင် ထို အဆောင်မှာ ပျက်စီးသွားပေလိမ့်မည်။
သူ၏ ချီသန့်စင်ခြင်း အဆင့် ၈ ကျင့်ကြံမှုမှာ ထိုအဆင့်ရှိသော အဆောင်တစ်ခုကို အပြီးသတ်ရန် မလုံလောက်သေးကြောင်း ထင်ရှားနေသည်။
သူ ထိုသို့ တွေးနေစဉ်မှာပင် မန်နေဂျာယို၏ အသံ ခန်းမထဲတွင် ထွက်ပေါ်လာသည်။
"လူကြီးမင်းတို့ ခင်ဗျာ ဒီနေ့အတွက် လေလံပွဲကို ဒီမှာတင် အဆုံးသတ်ပါ့မယ် လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
"အကျွေးအမွေးလေးတွေ ပြင်ဆင်ထားပါတယ်အလျင်မလိုဘူးဆိုရင် ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးရင်း ခဏ နားနေနိုင်ပါတယ် ခင်ဗျာ"
ဖန့်ချန်သည် ခရမ်းရောင် လျှပ်စီးအဆောင်ကို သိမ်းဆည်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။
လမ်းတွင် အဆိပ်ဘုရင်နှင့် တိုးသော်လည်း ဖန့်ချန်က ယခုအချိန်တွင် သူ့ကို ပတ်သက်ရန် အစီအစဉ်မရှိပေ။
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အသိအမှတ်မပြုဘဲ ဖြတ်ကျော်သွားကြသည်။
"နေဦး"
အဆိပ်ဘုရင်က ရုတ်တရက် လှည့်ကြည့်ကာ
"မင်း ခဏလောက် အချိန်ရမလား"
ဟု ဖန့်ချန်ကို မေးလိုက်သည်။
ဖန့်ချန် ရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။
ထိုအချိန်မှသာ ကုန်းနေသော ကောင်လေးသည် ဖန့်ချန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဖန့်ချန်ကို မြင်လိုက်ရသည့် ခဏတွင် ကောင်လေး၏ မျက်လုံးထဲ၌ ဝမ်းသာစိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားသော်လည်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားသည်။
"မင်းကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ မင်းက တစ်ခုခု ဂိုဏ်းတပည့်လား"
အဆိပ်ဘုရင်က ပြုံးလျက်
"မင်း ဘယ်ဂိုဏ်းကလဲဆိုတာ ငါ သိချင်မိတယ်မင်းတို့ ဂိုဏ်းက လူကြီးတွေကို ငါ သိကောင်းသိနိုင်မှာပါ"
ဟု ဆိုသည်။
"ကျုပ် ရဲ့ စီနီယာတွေက ခင်ဗျားကို သိမှာ မဟုတ်ပါဘူး"
ဟု ဖန့်ချန်က ပြုံးစစဖြင့် ပြန်ဖြေကာ ဆက်လက် ထွက်ခွာသွားသည်။
အဆိပ်ဘုရင်က ဒေါသထွက်ဟန် မပြပေ။ သူသည် ဖန့်ချန်၏ ကျောပြင်ကို ကြည့်ကာ ထူးဆန်းသော အပြုံးဖြင့်
"သူ့ရဲ့ ခန္ဓာကိုယ်က အဆိပ်တွေ မွေးမြူဖို့အတွက် အကောင်းဆုံး စမ်းသပ်ခံပဲ ခွေးကောင်လေး မင်း သေသွားရင် သူ့ကို မင်းနေရာမှာ အစားထိုးလိုက်မယ်၊ ဘယ်လိုလဲ"
ဟု တိုးတိုးလေး ဆိုလိုက်သည်။
ကုန်းနေသော ကောင်လေးမှာ တစ်ကိုယ်လုံး တုန်ရင်သွားရှာသည်။
အဆိပ်ဘုရင်က ထိုကလေးမှာ သေရမှာ ကြောက်နေသည်ဟု ထင်ကာ ရယ်မောနေသော်လည်း၊ သူ မသိသည်မှာ ထိုကလေး ကြောက်နေသည်မှာ သေရမှာ မဟုတ်ပေ။
ဆိုင်အဝင်ဝတွင် ဖန့်ချန်သည် စုန့်ယွီနှင့် ဆုံသည်။
စုန့်ယွီ၏ မျက်နှာတွင် အလွန်တောက်ပသော အပြုံးများဖြင့် ပြည့်နှက်နေသည်။
"ညီငယ်လေး ငါ မင်းကို လိုက်ရှာဖို့ စဉ်းစားနေတာ"
ဟု စုန့်ယွီက ဆိုသည်။
"တာဝန်ခံစုန့် ကြည့်ရတာ ကံကောင်းတာတစ်ခုခုနဲ့ ကြုံခဲ့ပုံပဲ၊ ဘာဖြစ်လို့လဲ"
ဟု ဖန့်ချန်က ပြုံးစစဖြင့် မေးလိုက်သည်။
စုန့်ယွီသည် ထိုကျင့်စဉ် လေလံပွဲတွင် တိုက်ရိုက်မဟုတ်လျှင်တောင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ခဲ့ပြီး ထိုကျင့်စဉ်၏ မိတ္တူတစ်ခုကို ရရှိသွားကြောင်း ဖန့်ချန် ရိပ်မိနေသည်။
စုန့်ယွီက တဟားဟား ရယ်မောကာ
"ငါ ဘာကံကောင်းမှာလဲ လေလံပွဲမှာ အရောင်းအဝယ် ပမာဏ အများကြီး ဖြစ်သွားတာကို မြင်ရလို့ ဝမ်းသာနေတာပါ ငါ့ရဲ့ နဂါးကျောရိုးထဲကို ဝင်ငွေတွေ အများကြီး စီးဝင်လာတာကိုး"
ဟု ဆိုသည်။
"ဒါဆိုရင် ဂုဏ်ယူပါတယ်ဗျာ ကျုပ်လည်း ဒီမှာ နေတာ ကြာပြီဆိုတော့ သွားဖို့ အချိန်တန်ပါပြီ"
ဟု ဖန့်ချန်က ဆိုလိုက်သည်။
စုန့်ယွီက ဖန့်ချန်ကို ဆက်နေရန် ဖျောင်းဖျချင်သော်လည်း ဖန့်ချန်၏ သွားလိုစိတ်မှာ ပြတ်သားနေသဖြင့် ထပ်မပြောတော့ပေ။
"စီနီယာအစ်ကိုဝေ ကျွန်တော်တို့ ဘာလို့ ဒီလောက်အထိ သတိထားနေရတာလဲ ကျွန်တော်တို့နဲ့အတူ ကျင့်စဉ်ကို စုပေါင်းဝယ်ထားတဲ့ တခြားကျင့်ကြံသူတွေလည်း ရှိနေတာပဲကို"
လမ်းခရီးတွင် လီဟွာဖုန်း သည် ဘေးဘီကို ခဏခဏ လှည့်ကြည့်နေသော အသက်လတ်ပိုင်း တာအိုဆရာကို ကြည့်ကာ မေးလိုက်သည်။
တာအိုဆရာ၏ အပြုအမူကြောင့် လီဟွာဖုန်းပါ စိုးရိမ်စိတ်များ ဝင်လာရသည်။
"ဒါက မင်းကို ငါ သင်ပေးချင်တဲ့ သင်ခန်းစာတွေထဲက တစ်ခုပဲ ဒီလမ်းကြောင်းပေါ် ခြေချလိုက်ပြီဆိုရင် မင်း အမြဲတမ်း သတိရှိနေရမယ် မဟုတ်ရင် လမ်းခုလတ်မှာတင် အသက်ပျောက်သွားနိုင်တယ်"
ဟု တာအိုဆရာက ဆိုသည်။ သူသည် နောက်တွင် ထူးခြားသော လှုပ်ရှားမှု မရှိသည်ကို တွေ့ရသဖြင့် အနည်းငယ် စိတ်အေးသွားပုံရသည်။
သူက လီဟွာဖုန်းကို ကြည့်ကာ
"လူက စည်းစိမ်အတွက် သေတယ် ငှက်က အစာအတွက် သေတယ် ကျင့်ကြံသူတွေအတွက်တော့ ကျင့်စဉ်ဆိုတာ သူတို့ရဲ့ အသက်ပဲ ငါတို့ကို တစ်ယောက်ယောက်က ပစ်မှတ်ထားပြီဆိုရင် ဘယ်လိုသေလို့ သေမှန်းတောင် သိမှာ မဟုတ်ဘူး"
ဟု လေးလေးနက်နက် ပြောလိုက်သည်။
လီဟွာဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလေလွင့်ကျင့်ကြံသူတွေက ငါတို့ ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း တပည့်တွေကိုတောင် ရန်မူရဲကြလို့လား"
မဟာရှ မှ ထွက်လာပြီးနောက် သူသည် ကျင့်ကြံရေးလောကအကြောင်း များစွာ သိလာခဲ့သည်။
သူတို့၏ ဘုန်းကြီးကျောင်းမှာ တောင်ပိုင်းကောင်းကင်ဂိုဏ်း လောက် နာမည်မကြီးသော်လည်း မီးတောက်အင်ပါယာ အတွင်းမှာတော့ လျှော့တွက်လို့မရသည့် ဂိုဏ်းတစ်ခု ဖြစ်သည်။
သူတို့သည် ဒုတိယတန်းစား အင်အားစုများ၏ ထိပ်ဆုံးတွင် ရှိနေသည်။
သူတို့၏ ဂိုဏ်းချုပ်မှာ ချီသန့်စင်ခြင်း အဆင့် ၁၂ တွင် ရှိနေပြီး ယခုအခါ အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်လုံးသာ ရလျှင် အခြေခံအုတ်မြစ် တည်ဆောက်နိုင်တော့မည် ဖြစ်သည်။
လီဟွာဖုန်းသည် အဆင့် ၁၂ ရှိသော ကျင့်ကြံသူ၏ စွမ်းအားကို ကိုယ်တိုင် မြင်ဖူးသည်။
လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ပေရာချီမြင့်သော လှိုင်းလုံးကြီးများကို ကစားစရာသဖွယ် ထိန်းချုပ်နိုင်သည် ဒါက တကယ့် နတ်ဘုရားတစ်ပါး၏ စွမ်းဆောင်ရည်ပင် သို့သော် သူတို့ ဂိုဏ်းချုပ်ကဲ့သို့ အစွမ်းထက်သူမှာ လောကတွင် သိပ်မရှိဟု သူ ထင်ထားသည်။
တာအိုဆရာ၏ မျက်နှာမှာ ပို၍ တည်ကြည်သွားသည်။
"ငါတို့ ဆရာက အဆင့် ၁၂ မှာ ရှိနေရုံနဲ့ လေလွင့်ကျင့်ကြံသူတွေက ငါတို့ကို မထိရဲဘူးလို့ မထင်နဲ့ ပုံမှန်ဆိုရင်တော့ သူတို့က နည်းနည်း တွန့်ဆုတ်ချင် တွန့်ဆုတ်နေလိမ့်မယ် ဒါပေမဲ့ ရမယ့် အကျိုးအမြတ်ကသာ များမယ်ဆိုရင် သူတို့က ရတနာအတွက် သတ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"
လီဟွာဖုန်းက ခေါင်းညိမ့်လိုက်ပြီး ကျင့်ကြံသူများအပေါ် သူ၏ အမြင်မှာ ပို၍ လေးနက်လာသည်။
လောကီရေးရာများကို မပတ်သက်ချင်ကြ ကံကမ္မကို ကြောက်ကြ သေမှာကို ကြောက်ကြသော်လည်း လုံလောက်သော အကျိုးအမြတ်ရှိလာလျှင်မူ ဘာကိုမှ ဂရုမစိုက်ဘဲ အလွန်ရက်စက်တတ်ကြသည် မဟုတ်ပါလား
ထိုအချိန်တွင်ပင် လှောင်ပြောင်သရော်သည့် ရယ်သံတစ်ခု ရှေ့ဘက်မှ ထွက်ပေါ်လာသည်။
"ဟားဟား ဝေချန်ချင်း မင်း ဘာလို့ မင်းရဲ့ ဘုန်းကြီးကျောင်းမှာ အေးအေးဆေးဆေး မကျင့်ကြံဘဲ ဆရာလုပ်ဖို့ ထွက်လာတာလဲ ဒီကောင်လေးက ဘာများ ထူးခြားလို့ မင်းက ကိုယ်တိုင် လိုက်စောင့်ရှောက်နေရတာလဲ"
တာအိုဆရာ၏ ကိုယ်မှာ တောင့်တင်းသွားပြီး အသံလာရာသို့ ကြည့်လိုက်သည်။ ထိုသူကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်သွားသည်။
" ဟင်းလင်းပြင် အဆိပ်ဘုရင်"
"ဟိုလူပဲ..."
လီဟွာဖုန်း၏ မျက်နှာ ပျက်သွားသည်။
သူသည် လေလံပွဲအတွင်း အဆိပ်ဘုရင်၏ နောက်ကြောင်းကို စုံစမ်းခဲ့ရာ၊ ထိုသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကိုတောင် ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့သည့် အဆိပ်ဆရာတစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။
ထို့ကြောင့် သူ အလွန် ကြောက်လန့်နေမိသည်။
ယခု ထိုသူ ပေါ်လာခြင်းမှာ သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစေသည်
အဆိပ်ဘုရင်က လီဟွာဖုန်းကို ညွှန်ပြကာ ထူးဆန်းသော အပြုံးဖြင့်
"ပြောစမ်း ဒီကောင်လေးက ဘယ်သူလဲ"
ဟု မေးလိုက်သည်။
တာအိုဆရာ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
"သူက ငါ့ဆရာရဲ့ တိုက်ရိုက်တပည့်ပဲ ငါ့ဆရာက သူ့ကို အလွန် တန်ဖိုးထားတယ် အဲဒါကြောင့် ငါ့ကို သူ့ဘေးမှာ စောင့်ရှောက်ပြီး သင်ပေးဖို့ မှာထားတာ"
"ဟင်"
အဆိပ်ဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။
"ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းရဲ့ ဂိုဏ်းချုပ်က သူ့ကို အဲဒီလောက် တန်ဖိုးထားတာလား ဒီကလေးက ဘာများ ထူးခြားလို့လဲ"
တာအိုဆရာက တည်ငြိမ်စွာ ပြန်ဖြေသည်။
"ငါ့ဆရာက ဂျူနီယာလေးရဲ့ ပါရမီအကြောင်းကို အပြင်လူကို မပြောဖို့ မှာထားတယ် သူ့ကို ငါ့ဆရာ အလွန် တန်ဖိုးထားတယ်ဆိုတာပဲ မှတ်ထားပါ"
"ဟားဟားဟား"
အဆိပ်ဘုရင်က ထူးဆန်းစွာ ရယ်မောလိုက်သည်။
"ဒါဆိုရင် အဲဒီစကားက ငါ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်မယ်လို့ မင်း ထင်နေတာလား"
တာအိုဆရာ၏ အမူအရာ ပြောင်းလဲသွားပြီး အသံတိုးတိုးဖြင့်
"မင်း တကယ် ဘာလိုချင်တာလဲ မမေ့နဲ့ဦး ငါကလည်း ချီသန့်စင်ခြင်း အဆင့် ၁၀ မှာ ရှိနေတာ ငါ့ရဲ့ ကျင့်ကြံမှုက မင်းထက် မနိမ့်ဘူး"
"ဒါဆို ငါတို့အားလုံးကိုပါ ပေါင်းလိုက်ရင်ကော ဘယ်လိုလဲ"
ရုတ်တရက် လူပုံရိပ် ခုနစ်ဦး၊ ရှစ်ဦးခန့် သူတို့ပတ်လည်တွင် ပေါ်လာသည်။ အချို့မှာ အဆင့် ၉ ဖြစ်ပြီး အချို့မှာ အဆင့် ၁၀ ရှိသော ကျင့်ကြံသူများ ဖြစ်ကြသည်။
ဒါကို မြင်လိုက်ရသောအခါ တာအိုဆရာ၏ မျက်နှာမှာ ဖြူလျော့သွားသည်။ သူသည် သွားကြိတ်ကာ
"မင်းတို့ ဒီကျင့်စဉ်ကို လိုချင်တာ မဟုတ်လား ငါ မင်းတို့အတွက် မိတ္တူ ကူးပေးမယ်"
ဟု တိုက်ရိုက်ပင် ပြောလိုက်သည်။
သူ၏ ပွင့်လင်းမှုကြောင့် တခြားသူများမှာ အံ့ဩသွားကြသော်လည်း အဆိပ်ဘုရင်ကမူ လှောင်ပြောင်လိုက်သည်။
"လူကြီးမင်းတို့ သူတို့ကို အသက်ချန်ထားဖို့ စဉ်းစားနေတာလား ဒီနေ့ ငါတို့ သူတို့ကို ရန်စပြီးပြီ ဟို အဘိုးကြီး ရဲ့ လိုက်လံ သတ်ဖြတ်တာကို မခံချင်ရင် ဒီနှစ်ယောက်လုံးကို အစအန မကျန်အောင် သတ်ပစ်ရမယ် ဒါမှ ငါတို့ လက်ချက်ဆိုတာ ဘယ်သူမှ မသိမှာ"
ထိုစကားကို ကြားလိုက်ရသောအခါ တာအိုဆရာနှင့် လီဟွာဖုန်းတို့၏ မျက်နှာများမှာ အလွန် အောက်တန်းကျစွာ ပျက်ယွင်းသွားပါတော့သည်။
အခန်း ၂၂၄ - ထုံးတမ်းစဉ်လာများကို ဆန့်ကျင်ခြင်း
ဟင်းလင်းပြင် အဆိပ်ဘုရင်၏ စကားများသည် လူတိုင်းကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သတ်ဖြတ်လိုသော အကြည့်များသည် အသက်လတ်ပိုင်း တာအိုဆရာနှင့် လီဟွာဖုန်းတို့အပေါ်သို့ ကျရောက်လာတော့သည်။
"အဆိပ်ဘုရင် မင်း ငါတို့ကို အစဖျောက်သတ်နိုင်ရင်တောင် ငါ့ဆရာက ဒါဟာ မင်းလက်ချက်ဆိုတာ သိအောင်လုပ်မှာပါ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အခက်တွေ့အောင် လုပ်နေတာလဲ"
ဟု တာအိုဆရာက လေးနက်သော အသံဖြင့် ဆိုသည်။
"လုပ်ကြစမ်း"
အဆိပ်ဘုရင်က အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်သည်။
"သူက အချိန်ဆွဲနေတာ ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းက အဘိုးကြီး ရောက်လာမှာကို သူ မျှော်လင့်နေတာပဲ"
ထိုစကားကို ကြားသည်နှင့် လူတိုင်းသည် လက်နက်များကိုယ်စီ ထုတ်ကာ ထိုနှစ်ဦးကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
တာအိုဆရာသည် ဟိန်းဟောက်လိုက်ပြီး သူ၏ အင်္ကျီလက်ထဲမှ မက်မွန်သားဓား တစ်လက် ထွက်ပေါ်လာကာ တိုက်ကွက်များကို ခုခံရင်း လီဟွာဖုန်းနှင့်အတူ ဝိုင်းရံပိတ်ဆို့မှုမှ ဖောက်ထွက်ရန် ကြိုးစားသည်။
အဆိပ်ဘုရင်က ရုတ်တရက် ရယ်မောရင်း လီဟွာဖုန်းကို ညွှန်ပြကာ
"ဒါက စိတ်ဝင်စားစရာပဲ အဲဒီကလေးကိုတော့ အသက်ချန်ထားလိုက်ကြ သူ့ရဲ့ ပါရမီက မဆိုးလောက်ဘူး မဟုတ်ရင် ဘုန်းကြီးကျောင်းက သူ့ကို ဒီလောက် တန်ဖိုးထားမှာ မဟုတ်ဘူး"
ဟု ဆိုသည်။
ကျင့်ကြံသူအများစုမှာ အတ္တကြီးကြသော်လည်း ထိုကဲ့သို့ အသက်အန္တရာယ် ကြုံနေရသည့် အချိန်တွင်ပင် တာအိုဆရာက လီဟွာဖုန်းကို ကာကွယ်ပေးနေခြင်းမှာ များစွာ အဓိပ္ပာယ်ရှိလှသည်။
"ဂျူနီယာလေး ငါတို့ ဒီနေ့ ဒီမှာတင် အဆုံးသတ်ရတော့မယ် ထင်တယ်"
တာအိုဆရာက မျှော်လင့်ချက်မဲ့စွာဖြင့် ညည်းတွားလိုက်သည်။
တိုက်ခိုက်သူများမှာ ချီသန့်စင်ခြင်း အဆင့် ၉ နှင့် ၁၀ ရှိသူများ ဖြစ်ကြသည်။
သူတို့မှာ လေလွင့်ကျင့်ကြံသူများ ဖြစ်သဖြင့် အလွန်အမင်း အစွမ်းမထက်ကြသော်လည်း တာအိုဆရာ တစ်ဦးတည်းနှင့်မူ သူတို့ကို ကြာရှည် ခုခံနိုင်စွမ်း မရှိပေ။
"အဆိပ်ဘုရင် ကြည့်မနေနဲ့လေ၊ လာကူဦး"
ကျင့်ကြံသူတစ်ဦးက မကျေမနပ် လှမ်းအော်သည်။
အဆိပ်ဘုရင်က ပြုံးလိုက်ပြီး လက်ချောင်းကို တစ်ချက် ခါလိုက်သည်။
အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တာအိုဆရာ၏ ဝိညာဉ်စွမ်းအင် အကာအကွယ်ကို ထိမှန်သွားရာ ချက်ချင်းပင် အရည်ပျော် တိုက်စားသွားတော့သည်။
တာအိုဆရာနှင့် တိုက်ခိုက်နေသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်သည်နှင့် အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။
သူတို့၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ အဆိပ်ဘုရင်၏ အဆိပ်ပညာရပ်များကို သူတို့ လုံးဝ အထိမခံရဲကြပေ။
"အား"
တာအိုဆရာသည် နာကျင်စွာ အော်ဟစ်လိုက်သည်။
တိုက်စားတတ်သော အစိမ်းရောင် အဆိပ်ငွေ့များသည် သူ၏ အရေပြားကို ထိတွေ့သွားပြီး ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတော့သည်။
လီဟွာဖုန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်ကာ နောက်သို့ အကြိမ်ကြိမ် ဆုတ်သွားမိသည်။
"ဂျူနီယာလေး... မြန်မြန်... မြန်မြန် ပြေးတော့"
တာအိုဆရာသည် မြေပြင်ပေါ်တွင် ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားသည်။
သူ ခေါင်းပြန်မော့လာသောအခါ သူ၏ မျက်နှာပေါ်ရှိ အသားများမှာ ပျောက်ကွယ်သွားပြီး အရိုးများသာ ကျန်တော့ရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
လီဟွာဖုန်းမှာ အသက်လုကာ ထွက်ပြေးရန် ပြင်သော်လည်း ကျင့်ကြံသူတစ်ဦး၏ ကန်ကျောက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားသည်။
သူ၏ အတွင်းအား မှာ ဝိညာဉ်စွမ်းအင် ရှေ့မှောက်တွင် ဘာမှမဟုတ်ပေ။
"ကျွန်တော့်ကို မသတ်ပါနဲ့ ခင်ဗျားတို့ ခိုင်းတာမှန်သမျှ လုပ်ပါ့မယ် ကျွန်တော် ဂိုဏ်းထဲ ရောက်တာ မကြာသေးပါဘူး သွေးကြောတောင် မဖွဲ့စည်းရသေးပါဘူး"
လီဟွာဖုန်းသည် မြေပြင်တွင် ဒူးထောက်ကာ အဆိပ်ဘုရင်ကို အကြိမ်ကြိမ် ဦးတိုက်ကာ တောင်းပန်တော့သည်။
"ကျွန်တော့်မှာ ခုနစ်ကြိမ်မြောက် ခေါင်းလောင်းသံ ပါရမီ ရှိပါတယ် ကျွန်တော့်အသက်ကို ချန်ပေးပါကျွန်တော် စီနီယာအတွက် အသုံးဝင်မှာပါ"
တာအိုဆရာမှာ မှင်တက်သွားပြီး သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ၏ ဆရာမှာ လူကြည့်မှားခဲ့ပြီ ဖြစ်သည်။ သူ၏ ထိုဂျူနီယာလေးမှာ တကယ့်ကို ကျောရိုးမရှိသော သူတစ်ယောက်ပင်။
"ခုနစ်ကြိမ်မြောက် ပါရမီ ဟုတ်လား အဲဒါကြောင့်ကိုး"
အဆိပ်ဘုရင်၏ မျက်လုံးများ ဝင်းပသွားပြီး တဟားဟား ရယ်မောလိုက်သည်။
"ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းက အဘိုးကြီးက ဘာလို့ မင်းကို တပည့်အဖြစ် လက်ခံခဲ့သလဲဆိုတာ အခုမှ သိတော့တယ် ဒီလူက ဘာလို့ သူ့အသက်ကို ရင်းပြီး မင်းကို ကာကွယ်ပေးခဲ့သလဲဆိုတာလည်း ရှင်းသွားပြီ ဒီလို ပါရမီမျိုးက တကယ်ကို ရှားတယ်လေ"
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများမှာမူ အမျိုးမျိုးသော မျက်နှာထားများ ဖြစ်နေကြသည်။ အချို့မှာ မနာလိုဖြစ်နေကြပြီး အချို့မှာမူ သံသယဝင်နေကြသည်။
သူတို့အများစုမှာ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်မြောက် ပါရမီသာ ရှိကြပြီး ကျင့်ကြံခြင်းနှင့် ထိတွေ့ချိန်တွင် သူတို့၏ အကောင်းဆုံး အချိန်များ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းကြီးများက သူတို့ကို တန်ဖိုးမထားကြပေ။
တကယ်လိုြ သူတို့သာ ခုနစ်ကြိမ်မြောက် ပါရမီရှိခဲ့လျှင် ယခုအချိန်တွင် အနည်းဆုံး ချီသန့်စင်ခြင်း အဆင့် ၁၂ သို့မဟုတ် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ပင် ရောက်နေနိုင်သည် မဟုတ်ပါလား...။
"ကောင်လေး မင်း လိမ်မနေဘူးဆိုရင် မင်းကို ငါ့တပည့်အဖြစ် လက်ခံပေးမယ် မင်း ငါ့နောက်လိုက်ပြီး အဆိပ်ပညာကို သင်ယူရမယ် ဒါပေမဲ့ မင်းကို ငါ ယုံကြည်လာအောင် မင်းကိုယ်တိုင် သူ့ကို အဆုံးစီရင်ရမယ်"
အဆိပ်ဘုရင်က တာအိုဆရာကို ညွှန်ပြကာ ပြုံးစစဖြင့် ပြောလိုက်သည်။
လီဟွာဖုန်းသည် မတ်တတ်ရပ်ကာ တာအိုဆရာထံသို့ ဓားမြှောင်တစ်လက်ကို ကိုင်ကာ ပြေးသွားတော့သည်။
သူသည် ရူးသွပ်စွာဖြင့် ထိုးနှက်ရင်း
"စီနီယာအစ်ကို တောင်းပန်ပါတယ် ကျွန်တော် အသက်ရှင်ချင်လို့ပါ"
ဟု ဆိုသည်။
ဗျစ်... ဗျစ်... ဗျစ်
သွေးများ ပန်းထွက်လာပြီး မြေပြင်မှာ နီရဲသွားတော့သည်။
တာအိုဆရာသည် လီဟွာဖုန်းကို စိုက်ကြည့်နေရင်း သူ၏ အသက်ဝိညာဉ်မှာ တဖြည်းဖြည်း ကုန်ခမ်းသွားသည်။
တာအိုဆရာ သေဆုံးသွားသော်လည်း လီဟွာဖုန်းမှာမူ အကြိမ်ပေါင်း ရာနှင့်ချီ၍ အဆက်မပြတ် ထိုးနှက်နေဆဲ ဖြစ်သည်။
နောက်ဆုံးမှ သူ ရပ်တန့်သွားပြီး အဆိပ်ဘုရင်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
"စီနီယာ ခင်ဗျား ပြောတဲ့အတိုင်း ကျွန်တော် လုပ်ပြီးပါပြီ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ ကျွန်တော် တစ်သက်လုံး ခင်ဗျားကို အလုပ်အကျွေး ပြုပါ့မယ်"
"ဒီကောင်ကတော့..."
ဘေးမှ ကျင့်ကြံသူများ အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ထဲမှ ကြောက်လန့်သွားကြသည်။
တကယ်လို့ အဆိပ်ဘုရင်ကသာ သူ့ကို တပည့်အဖြစ် တကယ် လက်ခံလိုက်လျှင် ဆယ်စုနှစ် အနည်းငယ်အတွင်း ကျင့်ကြံရေးလောကတွင် နောက်ထပ် မိစ္ဆာကျင့်ကြံသူတစ်ဦး ပေါ်လာဦးမည်မှာ သေချာသည်။
"ကောင်းပြီ... ကောင်းပြီ"
အဆိပ်ဘုရင်က ပြုံးလျက် ခေါင်းညိမ့်သည်။
"မင်းတို့ ဝယ်ထားတဲ့ ကျင့်စဉ်စာအုပ်ကို ငါ့ဆီ ယူလာခဲ့စမ်း"
"ဟုတ်ကဲ့"
လီဟွာဖုန်းက အလျင်အမြန် ခေါင်းညိမ့်ကာ တာအိုဆရာ၏ အလောင်းပေါ်မှ စာအုပ်ကို ယူပြီး အဆိပ်ဘုရင်ထံသို့ လျှောက်သွားသည်။
ရှပ်... ရှပ်...
ထိုအချိန်တွင် လူအုပ်ကြီး ဆူညံသွားပြီး လီဟွာဖုန်း၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။
လူတိုင်းက တစ်ဖက်တည်းသို့ လှည့်ကြည့်လိုက်ကြရာ ထူထပ်သော တောအုပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ရောက်ရှိလာသူ၏ မျက်လုံးများမှာ တင်းကျပ်စွာ ပိတ်ထားပြီး သူ၏ ရှေ့မှ မြင်ကွင်းကို သိရှိပုံမရပေ။
"ဖန့်ချန်"
လီဟွာဖုန်းက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်မှာ အလွန် ရက်စက်သွားပြီး
"စီနီယာ ဒီလူကလည်း ကျင့်ကြံသူတစ်ယောက်ပဲသူ့ကို အသက်ရှင်လျက် လွှတ်ပေးလို့ မဖြစ်ဘူး သူ့ကိုလည်း အစဖျောက်ရမယ်"
ဟု အော်လိုက်သည်။
တခြားသူများမှာမူ တွန့်ဆုတ်နေကြပြီး အချို့မှာ သတိထားနေကြသည်။
ထိုကဲ့သို့သော အခြေအနေတွင် ရုတ်တရက် ပေါ်လာသော ကျင့်ကြံသူမှာ အစွမ်းတစ်ခုခု ရှိရမည် ဖြစ်သည်။
မဟုတ်လျှင် ထိုကဲ့သို့ အရေးကြီးသော အချိန်တွင် အဘယ်ကြောင့် ကိုယ်ထင်ပြရဲမည်နည်း
အဆိပ်ဘုရင်က မျက်မှောင်ကြုတ်ကာ ဘာစကားမှ မပြောဘဲ ဖန့်ချန်ကို စိုက်ကြည့်နေသည်။
"ဪ ဒါက လီဟွာဖုန်းရဲ့ အသံပဲ"
ဖန့်ချန်က ရုတ်တရက် ပြုံးလိုက်ပြီး လီဟွာဖုန်းရှိရာသို့ မျက်နှာမူလိုက်သည်။
"ဒီနေရာမှာ မင်းနဲ့ တွေ့ရတာ တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ မင်း ခုနက ဘာပြောလိုက်တာလဲအစဖျောက်မယ် ဟုတ်လား ဘယ်သူ့ကို အစဖျောက်မှာလဲ"
လီဟွာဖုန်းက အကြိမ်ကြိမ် လှောင်ရယ်လိုက်ပြီး သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော မုန်းတီးမှုများ ပြည့်နေသည်။
"ဟန်ဆောင်မနေနဲ့ မင်းရဲ့ စရိုက်နဲ့ဆိုရင် ဒီကို ရောက်လာတာ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား မင်း ငါ့ရဲ့ မသေမျိုးကံကြမ္မာကို ဖြတ်တောက်ခဲ့ပေမဲ့ ငါက ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းကို ဝင်နိုင်ခဲ့တုန်းပဲ အခုဆိုရင် စီနီယာက ငါ့ကို တပည့်အဖြစ် လက်ခံတော့မယ်"
"ဪ... ဟုတ်လား"
ဖန့်ချန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"ဘယ်စီနီယာက မင်းကို တပည့်အဖြစ် လက်ခံမှာလဲ"
"ကောင်လေး ငါတို့ နဂါးကျောရိုးမှာ တွေ့ခဲ့ကြတယ်နော်"
အဆိပ်ဘုရင်က မျက်လုံးမှေးလိုက်ပြီး ပြုံးလိုက်သည်။
"မင်းက ငါတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် တိုးတာလားဒါမှမဟုတ် တမင် သက်သက် နောက်က လိုက်လာတာလား"
ဖန့်ချန်က ပြုံးလျက် လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
"ဒါက အဆိပ်ဘုရင်ကြီးကိုး တောင်းပန်ပါတယ်ဗျာ"
ဘေးမှ ကျင့်ကြံသူများမှာ သံသယများဖြင့် ပြည့်နေကြသည်။ တစ်ဦးက အဆိပ်ဘုရင်ကို ကြည့်ကာ မေးလိုက်သည်။
"အဆိပ်ဘုရင် သူက ခင်ဗျားရဲ့ လူသိသူလား သူ့ကိုလည်း အစဖျောက်ဖို့ လိုမလား"
ဖလပ်
ထိုစကားပြောလိုက်သည့် ကျင့်ကြံသူ၏ စကားမဆုံးခင်မှာပင် သူသည် ပေပေါင်းများစွာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။
သူ၏ နားထင်တွင် သွေးပေါက်ကြီးတစ်ခု ပေါက်နေသည်။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ဝိညာဉ်စွမ်းအင်မှာပင် ထိုသေစေနိုင်သော တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။
လေထဲတွင် ဓားငယ်လေးတစ်လက်မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး ဖန့်ချန်၏ နောက်ထပ် အမိန့်ကို စောင့်ဆိုင်းနေသည်။
ကျန်ရှိနေသော ကျင့်ကြံသူများမှာ မယုံနိုင်လောက်အောင် အသက်ရှူမှားသွားကြပြီး ဖန့်ချန်ကို စိုက်ကြည့်နေမိသည်။
ခုနက အသတ်ခံလိုက်ရသော ကျင့်ကြံသူမှာ ချီသန့်စင်ခြင်း အဆင့် ၁၀ ရောက်နေသူ ဖြစ်သည်သို့သော် သူသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ချက်ချင်း သေဆုံးသွားရသည်
ဖန့်ချန်က အသာအယာ ရယ်မောလိုက်သည်။
"ဒီမှာ လူတွေ အရမ်းများနေတာပဲ စကားပြောဖို့ ကောင်းတဲ့ နေရာတော့ မဟုတ်ဘူး"
ငွေရောင် အလင်းတန်းတစ်ခုသည် လျှပ်စီးကဲ့သို့ လေထဲတွင် ဝဲပျံသွားပြီး ကျင့်ကြံသူ တစ်ဦးပြီးတစ်ဦး၏ အသက်ကို ရက်ရက်စက်စက် နှုတ်ယူသွားတော့သည်။
ထိုကျင့်ကြံသူများသည် မည်သို့မျှ မခုခံနိုင်ကြပေ။
နောက်ဆုံး ကျင့်ကြံသူ သေခါနီးအချိန်တွင် သူတို့ကို ဘာက သတ်နေသလဲဆိုတာကို သူ မြင်လိုက်ရတော့သည်။
"ဓားလား ဓားကျင့်ကြံသူ "
ငွေရောင် အလင်းတန်းတစ်ခုက သူ၏ အသက်ကို နှုတ်ယူလိုက်သဖြင့် သူ၏ အော်ဟစ်သံမှာ တိတ်ဆိတ်သွားတော့သည်။
ဓားကျင့်ကြံသူ ဟုတ်လား
စုန့်ယီ က မောက်မာလှပါသည်ဟု ပြောခဲ့ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်ရှိသူကိုတောင် ရန်မူခဲ့ဖူးသော အဆိပ်ဘုရင်ပင်လျှင် ဓားကျင့်ကြံသူဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဦးရေပြားများ ထုံကျင်သွားရသည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း အဆိပ်ဘုရင်၏ မျက်လုံးများတွင် ယခင်က မရှိခဲ့ဖူးသော တည်ကြည်လေးနက်မှုများ ပေါ်လာပြီး သူသည် တိတ်တဆိတ် နောက်သို့ ဆုတ်ခွာရန် ပြင်တော့သည်။
လီဟွာဖုန်းမှာမူ သစ်သားရုပ်ထုတစ်ခုကဲ့သို့ မလှုပ်မယှက် တောင့်တင်းစွာ ရပ်နေမိပါတော့သည်။