← Chapters

Chapter 1035 The Origin of Divine Script

Vol. 71 Ch. 1035

Chapter 1035 The Origin of Divine Script

Vol. 71 Ch. 1035

ကောင်းကင်ဘုံသိုင်းကျမ်း စာစဉ် (၇၁)

“ဟင်... အောင်မြင်တော့မှာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မူလဝိညာဉ်ကလေး အံ့ဩမှင်သက်သွားရသည်။

“သခင်လေး... ဒီလက်နက်အကျိုးအပဲ့တွေကို ကျုပ် မြင်ဖူးပါတယ်။ ဒီဟာတွေက အစွမ်းထက်တယ်ဆိုပေမဲ့ အဲ့မှာပါတဲ့ အရှုပ်အထွေးအစွမ်းတွေက လုံးဝ ထိန်းချုပ်လို့မရဘူးဗျ။ ဒီအစွမ်းတွေကို အတင်းအဓမ္မ ပေါင်းစပ်လိုက်ရင်တောင် အသုံးပြုတဲ့အခါ အစွမ်း‌တွေပြန်ကန်ထွက်လာတာကို ခံစားရလိမ့်မယ်။ ဒီတော့ အဲ့ဒါတွေကို မသုံးတာကမှ ပိုကောင်းပါလိမ့်မယ်”

သူ ရှင်းပြလိုက်၏။

ရုပ်သေးဆရာများသည်လည်း ကျွမ်းကျင်သည့် လက်နက်သန့်စင်ပညာရှင်များ ဖြစ်ကြပေရာ မူလစိတ်ဝိညာဉ်ကလေးသည် လက်နက်ဖန်တီးမှု ပညာရပ်ကို အသေအချာ နားလည်ထားသူဖြစ်ပါသည်။

သို့သော် လောထျန်းက ခေါင်းယမ်းလိုက်ပြီး ပြန်ပြော၏။

“အရင်လိုဆိုရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အခုတော့ မင်းပြောတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်”

“ဟင်... အသေးစိတ်လေး သိပါရစေဦး!”

မူလစိတ်ဝိညာဉ်ကလေးမှာ အံ့ဩသွားကာ မေးလိုက်သည်။

လောထျန်း မည်သည့်နည်းအား စဉ်းစားမိသည်ဆိုသည်ကို သူ အလွန် သိချင်နေမိ၏။

လောထျန်းက တည်ငြိမ်စွာဖြင့် ပြန်‌ဖြေပါသည်။

“ဒီ မသေမျိုးလက်နက်တွေပေါ်မှာ အရှုပ်အထွေး နတ်ဘုရားထွင်းစာကို ရေးထိုးလိုက်မယ်ဆိုရင် အရှုပ်အထွေးအစွမ်းတွေ မငြိမ်မသက်ဖြစ်တာကို ထိန်းချုပ်နိုင်မယ့်အပြင် အရှုပ်အထွေးအစွမ်းတွေကိုပါ အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်လိမ့်မယ်။ အဲ့ကျရင် ဒီနတ်ဘုရားလက်နက်တွေကို စိတ်ကြိုက် သုံးလို့ရပြီပေါ့”

ထိုစကားကို ကြားသောအခါ မူလစိတ်ဝိညာဉ်ကလေး၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး အတော်ကြာမှ ပြောပါ၏။

“သခင်လေး ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အရှုပ်အထွေး နတ်ဘုရားထွင်းစာက တစ်ခုတည်းရှိတာလေ။ ဒီနည်းလမ်းကို ထပ်ခါတလဲလဲ သုံးလို့မှ မရတာ”

လောထျန်းက တည်ကြည်စွာဖြင့် ထပ်ပြော၏။

“ ထွင်းစာကို ထပ်ပြီး အသစ်ရေးလိုက်ရင် ရတယ်မဟုတ်ဘူးလား”

မူလစိတ်ဝိညာဉ်ကလေးမှာ လောထျန်းကို ကြည့်ရင်း စိတ်ထဲမှပင် ဆဲရေးလိုက်မိသည်။

ထပ်ပြီး ရေးရမယ် ဟုတ်လား။

ဒါ နတ်ဘုရားထွင်းစာလေ၊ ဘယ်သူက ရေးနိုင်မှာလဲ။

သို့သော် သူက ရိုရိုသေသေပင် ပြန်ပြောလိုက်ရပါသည်။

“သခင်လေး... အဲ့ဒါ မဖြစ်နိုင်ပါဘူး...”

သို့သော် သူ၏ စကားမဆုံးသေးမီမှာပင်...

ဝုန်း!

ကျယ်လောင်သော အသံကြီးက သူ့စကားသံကို ဖုံးလွှမ်းသွားပါသည်။

“ဟင်... အခု ဘာဖြစ်ပြန်တာလဲ”

သူ လောထျန်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်၏။

ထိုအချိန်တွင် လောထျန်းမှာ ပျက်စီးနေသော လက်နက်တစ်ခုကို ကိုင်ထားပြီး တစ်ချိန်က အရောင်အဝါ မှိန်ဖျော့နေသော ထိုလက်နက်အကျိုးအပဲ့မှာ ယခု စူးရှတောက်ပသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေပါတော့သည်။

၎င်းထံမှ အားပြင်းသော အရောင်အဝါတစ်ခုလည်း ထွက်ပေါ်နေကာ ၎င်းလက်နက်၏ အစွမ်းက သာမန် မသေမျိုးလက်နက်များထက် သိသိသာသာ သာလွန်နေပါသည်။

အရှုပ်အထွေးလက်နက် ၆ မျိုး၏ အဆင့်ကို မမှီသေးသည့်တိုင် တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။

“ဟင်... ဒါ ဘယ်လိုဖြစ်သွားတာလဲ”

မူလစိတ်ဝိညာဉ်ကလေး ကြောင်အမ်းသွားရပြန်သည်။

ထိုစဉ် လောထျန်းက လက်ကို ဝှေ့ယမ်းကာ ထိုလက်နက်ကို သူ့ထံ လှမ်းပစ်ပေးလိုက်၏။

“ကြည့်ကြည့်ဦး၊ မင်းပြောတဲ့ ပြဿနာ ပြေလည်သွားပြီလားလို့”

လောထျန်းက မေးလိုက်သည်။

မူလဝိညာဉ်ကလေးမှာ ခဏတာမျှ မှင်သက်နေပြီးနောက်မှ တုန်တုန်ရီရီဖြင့် ထိုလက်နက်ကို ယူ၍ စစ်ဆေးကြည့်လိုက်သည်။

ဟုတ်ပါသည်၊ သူ အစောပိုင်းက ပြောခဲ့သည့် ပြဿနာမှာ အပြည့်အဝ ဖြေရှင်းပြီးသား ဖြစ်နေပါ၏။

လက်ရှိ သူကိုင်ထားသည့် လက်နက်အကျိုးအပဲ့ .. မဟုတ်သေး ၊ နတ်ဘုရားလက်နက်တစ်ခုဟုသာ ခေါ်သင့်ပါသည်။ ၎င်း နတ်ဘုရားလက်နက်မှာ သူ မျှော်မှန်းချက်ထက်ပင် သာလွန်နေပါ၏။

သူ လောထျန်းအား အံ့ဩတကြီး မော့ကြည့်လိုက်သည်။

“သခင်လေး... ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

လောထျန်းက အေးဆေးပင် ပြန်ပြော၏။

“ငါ အဲ့ဒီလက်နက်ပေါ်မှာ အရှုပ်အထွေး နတ်ဘုရားထွင်းစာကို ရေးထိုးလိုက်တာလေ”

မူလစိတ်ဝိညာဉ်ကလေး လန့်သွားပြီး ကြည့်လိုက်ရာ လောထျန်းလက်ထဲတွင် နတ်ဘုရားထွင်းစာ ရစ်ပတ်နေဆဲဖြစ်သည်ကို မြင်ပြီး မျက်မှောင်ကြုံ့လိုက်သည်။

“သခင်လေး... ကျုပ်ကို မနောက်ပါနဲ့ဗျာ။ နတ်ဘုရားထွင်းစာက သခင်လေးလက်ထဲမှာ ရှိနေသေးတာပဲ မဟုတ်လား”

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြာ၏။

“ဟုတ်တယ်လေ၊ ငါ အသစ်တစ်ခု ထပ်ရေးလိုက်တာ”

ထိုစကားကို ကြားလိုက်ရသောအခါ မူလစိတ်ဝိညာဉ်ကလေးမှာ သူ့နားသူပင် မယုံနိုင်တော့ပေ။

“နေပါဦး... အသစ်ရေးလိုက်တယ်။ သခင်လေးက နတ်ဘုရားထွင်းစာကို ရေးတတ်တယ် ဟုတ်လား။ နောက်နေတာများလားဗျာ။ သခင်လေးက နတ်ဘုရားထွင်းစာကိုတောင် ရေးနိုင်တယ်ပေါ့။ မနောက်ပါနဲ့တော့ဗျာ၊ တကယ့်နည်းလမ်းကိုပဲ သင်ပေးပါ”

သူ ပြောကာ လောထျန်းက သူ့အား နောက်နေသည်အထင်ဖြင့် မယုံသင်္ကာ ကြည့်လိုက်သည်။

လောထျန်းက ဘာမှ ထပ်မရှင်းတော့ဘဲ လက်ညှိုးကို ဆန့်ထုတ်၍ စိတ်ဝိညာဉ်အစွမ်းများဖြင့် လေထဲ၌ ပေါ့ပေါ့ပါးပါးပင် စတင်ရေးဆွဲလိုက်၏။

ဝီ!

မျက်စိတစ်မှိတ်အတွင်းမှာပင် အသစ်စက်စက် အရှုပ်အထွေး နတ်ဘုရားထွင်းစာတစ်ခု လောထျန်းရှေ့တွင် ပေါ်လာပါတော့သည်။

တစ်ခဏချင်းမှာပင် စူးရှသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ ထွက်လာဖြင့် မူလစိတ်ဝိညာဉ်ကလေးမှာ မျက်လုံးမဖွင့်နိုင်လောက်အောင် ဖြစ်သွားရ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း မူလစိတ်ဝိညာဉ်ကလေး ကျောက်ရုပ်သဖွယ် ဖြစ်သွားတော့သည်။

သူ နတ်ဘုရားထွင်းစာကို တစ်လှည့်၊ လောထျန်းကို တစ်လှည့် အူကြောင်ကြောင် ကြည့်နေမိ၏။

“တကယ်ကြီးလား... ဒါ တကယ် အမှန်ပဲလား။ လူသားတစ်ယောက်ဖြစ်ပြီး လက်ဗလာနဲ့ နတ်ဘုရားထွင်းစာကို ရေးနိုင်တယ်ပေါ့? ပြီးတော့... ဒီလောက်တောင် မြန်တာလား”

သူ တအံ့တဩ အော်ဟစ်လိုက်သည်။

လောထျန်းက သူ့ကို ကြည့်ကာ ပြော၏။

“မင်းပြောပုံအရဆိုရင် မင်းက နတ်ဘုရားထွင်းစာတွေအကြောင်း တော်တော် နှံ့နှံ့စပ်စပ် သိပုံရတယ်နော်”

ထိုစဥ်မှ မူလစိတ်ဝိညာဉ်ကလေးမှာ သတိပြန်ဝင်လာပြီး လောထျန်းအား အံ့အားသင့်စွာ ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးက နတ်ဘုရားထွင်းစာတွေရဲ့ မူလဇစ်မြစ်ကို မသိဘူးလား”

လောထျန်း ခေါင်းခါယမ်းလိုက်၏။

“မသိဘူး”

မူလစိတ်ဝိညာဉ်ကလေးက အသက်ပြင်းပြင်းရှိုက်ပြီးမှ ရှင်းပြလိုက်သည် ။

“တကယ်တော့ ဒီနတ်ဘုရားထွင်းစာတွေရဲ့ မူလအစက ကျုပ်တို့ မူလစိတ်ဝိညာဉ်မျိုးနွယ်စုနဲ့ ဆက်စပ်နေတာပါ။”

“အိုး!...”

လောထျန်းက သူ့အား စိတ်ဝင်တစား ကြည့်လိုက်သည်။

မူလစိတ်ဝိညာဉ်ကလေးက ဆက်ရှင်းပြ၏။

“ရှေးဟောင်း ဒဏ္ဍာရီတွေအရ ဒီကမ္ဘာမှာ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အလိုဆန္ဒတွေ ကိန်းအောင်းနေတဲ့ အမြင့်မြတ်ဆုံး ရတနာတစ်ခု ရှိပါတယ်။ တကယ်လို့ လူတစ်ယောက်က အဲ့ဒီထဲက အစိတ်အပိုင်းလေးတစ်ခုကိုပဲ နားလည်သဘောပေါက်ရင်တောင် ကမ္ဘာဖျက်အစွမ်းတွေကို ကျင့်ကြံနိုင်ပြီး အနှိုင်းမဲ့ နတ်ဘုရားအစွမ်းတွေကို ရနိုင်မှာပါ။”

“ဒါပေမဲ့ ဒီရတနာက အင်မတန် ရှားတယ်။ ပေါ်လာတိုင်းမှာလည်း နယ်ပယ်အသီးသီးမှာ သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတာပေါ့။ အဲ့ထဲကမှ တစ်ယောက်တည်းသောသူကသာ အလောင်းပုံတွေကို ကျော်ဖြတ်ပြီး အမြင့်မြတ်ဆုံး အဆင့်ကို တက်လှမ်းနိုင်မှာပါ။”

“ကျုပ်တို့ ဘိုးဘေးတစ်ယောက်ဆိုရင် အဲ့ဒီလို ရတနာမျိုးနဲ့ ထိတွေ့ခွင့် ရခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီဘိုးဘေးက သူ့ရဲ့ အစွမ်းဟာ ရတနာကို ကာကွယ်ဖို့ မလုံလောက်ဘူးဆိုတာ သိနေတဲ့အတွက် ရတနာကို မသန့်စင်ဘဲ လျှို့ဝှက်ချက်တွေကိုပဲ ဖော်ထုတ်ဖို့ ကြိုးစားခဲ့တယ်”

“ဒါပေမဲ့ အဲ့လိုလုပ်နေရင်းမှာပဲ ဘိုးဘေးဟာ ရတနာဆီက ပြန်ကန်ထွက်တဲ့အစွမ်းကို ခံလိုက်ရပြီး အသက်ဆုံးရှုံးခါနီးအထိ ဖြစ်ခဲ့ရတယ်"

"သခင်လေး သိထားရမှာက ကျုပ်တို့ ဘိုးဘေးဟာ သဘာဝစိတ်ဝိညာဉ်မျိုးနွယ်စုထဲမှာ တကယ့်ကို ပါရမီရှင်ကြီးဗျ။ အထူးသဖြင့် သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်းက သဘာဝစိတ်ဝိညာဉ်မျိုးနွယ်စုရဲ့ သမိုင်းတလျှောက်မှာ အစွမ်းအထက်ဆုံးပဲ!"

"ဒါတောင်မှ သူ ဒဏ်ရာအပြင်းထန် ရခဲ့တာ။"

"ဒါပေမဲ့ သူ မသေခင်မှာတော့ အဲ့ဒီရတနာဆီကနေ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အလိုဆန္ဒ အစအနလေးတွေကို သိသွားခဲ့တယ်။ ပြီးတော့ အဲ့ဒါကို ကျုပ်တို့ သဘာဝစိတ်ဝိညာဉ်မျိုးနွယ်ရဲ့ အစွမ်းနဲ့ ပေါင်းစပ်ပြီး ထူးခြားတဲ့အမွေအနှစ်အဖြစ် ချန်ထားခဲ့တာပေါ့။ နတ်ဘုရားထွင်းစာဆိုတာ အဲ့ကနေမှစပြီး ဖြစ်လာခဲ့တာ"

ကြားလိုက်ရသည့် စကားကြောင့် လောထျန်းတစ်ယောက် မျက်လုံးများ ပြူးသွားပါသည်။

ထိုနတ်ဘုရားထွင်းစာများမှာ တကယ်တမ်းတွင် သဘာဝစိတ်ဝိညာဉ်တစ်ယောက်ထံမှ လာခဲ့သည်ကို သူ ယခုမှ သိလိုက်ရခြင်းပါပင်။

ပန်းလင်တစ်ယောက် ထိုနတ်ဘုရားထွင်းစာထံမှ တုံ့ပြန်မှုကို ခံစားခဲ့ရခြင်းမှာ မဆန်းတော့ပါချေ။

မူလစိတ်ဝိညာဉ်ကလေးက ဆက်ရှင်းပြပါသည်။

“ဒါပေမဲ့ ကျုပ်တို့ မျိုးနွယ်စုထဲမှာတောင် နတ်ဘုရားထွင်းစာကို တတ်မြောက်တဲ့သူက အရမ်း ရှားပါတယ်။ ကျုပ် ဝိညာဥ်နယ်မြေက ထွက်လာပြီးတဲ့အထိတော့ ကျုပ်တို့ရဲ့ ဇာတိ‌ဒေသကြီးတစ်ခုလုံးမှာ နတ်ဘုရားထွင်းစာကို ရေးနိုင်တဲ့သူ ကိုးယောက်ပဲ ရှိခဲ့တာ။ အဲ့ဒီပုဂ္ဂိုလ်ကြီး ကိုးယောက်ကို ‘ဘိုးဘေးစိတ်ဝိညာဉ်ကိုးပါး’ လို့ ခေါ်ကြတယ်။”

“အဲ့ဒီကိုးယောက်ထဲမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးတောင်မှ နတ်ဘုရားထွင်းစာ ငါးခုကိုပဲ တတ်မြောက်ခဲ့တာဗျ။ ပြီးတော့ ထွင်းစာတစ်ခု ရေးဖို့အတွက်လဲ အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက် ကြာသလို စိတ်ဝိညာဉ်အစွမ်းတွေလည်း အများကြီး သုံးရတယ်။ ရေးပြီးရင်လည်း နှစ်ပေါင်းရာချီပြီး အိပ်စက်အနားယူရသေးတယ်။”

“ဒါပေမဲ့ သခင်လေးကျတော့...”

မူလစိတ်ဝိညာဉ်ကလေး လောထျန်းကို ကြည့်သည့် အကြည့်မှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

လောထျန်းမှာ နတ်ဘုရားထွင်းစာကို အလွန်မြန်မြန်ဆန်ဆန် ရေးနိုင်ရုံတင်မကဘဲ ရေးပြီးသည့်တိုင် အားအင်အပြည့် ရှိနေသေးသည် မဟုတ်ပါလား။

၎င်းမှာ သူ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။

လောထျန်းကမူ တစ်ဖက်လူ၏ ပြောစကားများကို နားထောင်ပြီး ခေါင်းညိတ်ပါသည်။

ယနေ့ သူ အကြောင်းအရာအသစ်များကို တော်တော်လေး သင်ယူလိုက်ရပါ၏။

ထို့နောက် လောထျန်းက ထပ်မေးပါသည် ။

“နတ်ဘုရားထွင်းစာတွေက ဒီလိုကြောင့် ဖြစ်လာတာပေါ့။ ဒါဆို မင်းပြောတဲ့ အမြင့်မြတ်ဆုံး ရတနာဆိုတာကကော ဘာလဲ”

သူ့စကားကို ကြားသည်နှင့် မူလဝိညာဉ်ကလေး၏ မျက်နှာထား အလွန်တည်သွားကာ အချိန်အတန်ကြာမှ ပြန်ပြော၏။

“မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ပါ!”

All Chapters