Chapter 1046 The Path of Ominousness
Vol. 71 Ch. 1046
ဝုန်း...
အားလုံး အံ့ဩတကြီး ကြည့်နေကြစဉ်မှာပင် ၎င်းဧရာမ သရဲတစ္ဆေပုံရိပ်ကြီးက ရုတ်တရက် ဖောင်းကားလာကာ ပေရာပေါင်းများစွာ မြင့်မားသော သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
သူ့ ခန္ဓာကိုယ်အတွင်းမှလည်း နာကြည်းမှုများ ဆူပွက်နေပြီး တစ်စုံတစ်ခုကလည်း အတွင်း၌ ရုန်းကန်လှုပ်ရှားနေပါ၏။
ထို့နောက်တွင်... ၎င်းနာကြည်းမှုများက ထျန့်ကျီတောင်သခင်ကြီး၏ အရောင်အဝါနှင့် စတင်ပေါင်းစည်းသွားပါတော့သည်။
နောက်ဆုံးတွင်မူ...
ဂျိန်း...
ကျယ်လောင်သည့် အသံကြီးနှင့်အတူ ထျန့်ကျီတောင်သခင်ကြီး၏ ပုံရိပ် ပြန်တည်ငြိမ်သွားခဲ့သည်။
သို့သော် ယခင်ပုံစံနှင့် ယှဉ်လျှင်မူ ယခု ထျန့်ကျီတောင်သခင်ကြီးမှာ မိစ္ဆာတစ်ကောင်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
သူ့ အရပ်မှာ အနည်းငယ် ကျုံ့သွားသော်လည်း ဆယ်တောင်ကျော် မြင့်နေဆဲဖြစ်ကာ သူ့ကိုယ်မှ ထွက်နေသည့် နာကြည်းမှုများမှာလည်း ယခင်ကကဲ့သို့ ဖရိုဖရဲ ဖြစ်မနေတော့ဘဲ ပိုစနစ်ကျပြီး လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါ၏။
"ဟင်? သူ ဘာဖြစ်သွားတာလဲ"
ဘေးနားရှိ လူအချို့မှာ ဤမြင်ကွင်းကို ကြည့်ကာ နားမလည်နိုင် ဖြစ်ကုန်ကြသည်။
"မသိဘူး၊ ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက သိသိသာသာ အားနည်းသွားသလိုပဲ"
"ဟားဟား... ကောင်းလိုက်တာ! ငါတို့ အသက်ချမ်းသာရာ ရပြီ!"
လူအုပ်ကြီးထံမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာ၏။
ဒါလောင်မသေမျိုးဘုရင်တစ်ဦးတည်းသာ ထျန့်ကျီတောင်သခင်ကြီးကို သေချာကြည့်နေရင်း မျက်နှာပိုပို၍ ပျက်လာပါတော့သည်။
"ဟင်? မသေမျိုးဘုရင်ကြီး... ဘာဖြစ်လို့လဲ"
ဘေးရှိ ဝတ်စုံဖြူအဘိုးအိုက သူ၏ ထူးဆန်းသော အမူအရာကို သတိပြုမိပြီး မေးလိုက်သည်။
ဒါလောင် မသေမျိုးဘုရင်က တုန်တုန်ယင်ယင်အသံဖြင့် ဖြည်းဖြည်းချင်း ပြော၏။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကောင်ရဲ့ ခန္ဓာကိုယ်က... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"
ဝတ်စုံဖြူအဘိုးအိုမှာ သူ၏ မရေရာသော စကားများကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။
ထိုစဉ်မှာပင် တဖက်မှ ထျန့်ကျီတောင်သခင်ကြီးက ရုတ်တရက် အရူးတစ်ယောက်လို ဝါးလုံးကွဲ ရယ်မောလိုက်ပါသည်။
ထိုရယ်သံမှာ အလွန်ကျယ်ကာ ခက်ထန်လှပါသည်။
သူ့ ရယ်သံကို ကြားသောအခါ ခပ်လှမ်းလှမ်းရှိ မျက်နှာပြာနှင့် အစွယ်ပါသော လူက မျက်မှောင်ကြုံ့၍ ပြော၏။
"မင်းက ဘာတွေ ရယ်နေတာလဲ။ အရိုက်ခံရလို့ ရူးသွားပြီလား"
နောက်ကွယ်မှ လူအုပ်ကြီးကလည်း လိုက်၍ ရယ်မောလိုက်ကြပါသည်။
"ဟားဟား... နာမည်ကျော် ထျန့်ကျီတောင်သခင်ကြီးက တကယ်ကြီး အရိုက်ခံရလို့ ရူးသွားတာလား?"
"ဒါလား တားမြစ်နယ်မြေက လာတဲ့ နတ်ဆိုးဆိုတာ? လုံးဝကို အသုံးမကျတဲ့ကောင်!"
"အမှိုက်ပဲ!"
လူအုပ်ကြီးက ထျန့်ကျီတောင်သခင်ကြီးအား ရင့်ရင့်သီးသီး ဆက်လက် ဆဲဆိုလိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ထျန့်ကျီတောင်သခင်ကြီး၏ ရယ်သံက ရုတ်တရက် ရပ်သွား၏။
ဝူး...
သူ့ ရယ်သံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံးရှိ လူအားလုံးမှာ မူးနောက်သွားသည့် ဝေဒနာကို ခံစားလိုက်ကြရသည်။
ဝုန်း...
ထို့နောက်တွင်ကား ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိအားကြီးတစ်ခုက အားလုံးအပေါ်သို့ လွှမ်းခြုံလာပါတော့၏။
ဖူး... ဖူး... ဖူး...
ချက်ချင်းမှာပင် မရေမတွက်နိုင်သော လူများမှာ သွေးအန်ကာ လေထဲမှ ပြုတ်ကျကုန်ကြသည်။
"ဟင် .. ဒါ"
တိမ်လွင့်ဓားဂိုဏ်းမှ ဝတ်စုံနက်အဘိုးအိုသည်လည်း သူ့ ကိုယ်တွင်းကလီစာများ လောင်မြိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူ့ ကျင့်ကြံခြင်းအဆင့် မြင့်ထားစဖြင့် ခက်ခက်ခဲခဲ ခုခံထားနိုင်ဆဲပင်။
သို့သော် သူ့ မျက်နှာမှာမူ အလွန် ထိတ်လန့်တုန်လှုပ်နေဟန် အထင်းသား။
"သူ... သူက ငါတို့ကို ဖိနှိပ်ဖို့အတွက် တမင်အစွမ်းသုံးလိုက်တာ မဟုတ်ဘူး!"
ဝတ်စုံနက်အဘိုးအိုက အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
ဝတ်စုံဖြူအဘိုးအိုကလည်း ၎င်းကို သတိပြုမိပုံရကာ တုန်တုန်ယင်ယင်ဆို၏။
"မှန်တယ်! ခုနကဟာက... သူ လွှတ်ထုတ်လိုက်တဲ့ အရောင်အဝါလေးပဲ ရှိသေးတာ! ဒါပေမဲ့... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"
မှန်ပါသည်၊ သူတို့အားလုံး အစောပိုင်းက ခံစားလိုက်ရသည့် ကြောက်မက်ဖွယ် ဖိအားကြီးမှာ ထျန့်ကျီတောင်သခင်ကြီးက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်း မဟုတ်ဘဲ အရောင်အဝါ အနည်းငယ်လေး ထွက်လာခြင်းမှ နောက်ဆက်တွဲဖြစ်လာခဲ့ခြင်းပါပင်။
အစွမ်းလေး အနည်းငယ်သည်ပင် ဤမျှ စွမ်းဆောင်နိုင်သည်ဆိုပါက...
ထိုကောင်ကြီးမှာ ယခင်ကထက် သိသိသာသာ ပို၍ အစွမ်းထက်လာခဲ့လေပြီ။
သို့သော် တစ်ဖက်လူမှာ မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်ထားပြီးသား မဟုတ်ပါလား။
ယခု အဘယ့်ကြောင့် ပို၍ အစွမ်းထက်လာရပါသနည်း။
ဖြစ်နိုင်သည်မှာ ...
ထိုတခဏ၌ မသေမျိုးဘုရင်နှစ်ဦးသား ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကြသည်။
သို့သော် ထိုအချိန်တွင် ဒါလောင် မသေမျိုးဘုရင်က အေးစက်သောအသံဖြင့် ပြောလာ၏။
"သူက... မသေမျိုးဧကရာဇ် ဖြစ်သွားတာ မဟုတ်ဘူး!"
ဒါလောင်မသေမျိုးဘုရင်၏ စကားကို ကြားချိန်တွင် အဘိုးအိုနှစ်ဦး သက်ပြင်းချနိုင်သွားကြသော်လည်း ...
ဒါလောင် မသေမျိုးဘုရင်ကြီးက နောက်ဆက်တွဲ စကားကြောင့် သူတို့ တုန်လှုပ်သွားကြရပြန်ပါသည်။
"သူက... နတ်ဘုရားတောအုပ်ရဲ့ နိမိတ်ဆိုးကျင့်စဉ် ကို ကျင့်ကြံခဲ့တာ!"
"ဘယ်လို ... နတ်ဘုရားတောအုပ်နဲ့ နိမိတ်ဆိုးကျင့်စဉ် ဆိုတာ ဘာကို ဆိုလိုတာလဲ"
ဝတ်စုံဖြူအဘိုးအိုက ဒါလောင် မသေမျိုးဘုရင်ဘက် လှည့်ကြည့်ကာ မေးလိုက်၏။
ဒါလာင် မသေမျိုးဘုရင်က တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောပါသည်။
"တားမြစ်နယ်မြေ ၁၀ ခုရဲ့ နောက်ကွယ်မှာ နတ်ဘုရားတောအုပ်ရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်ဆိုတာ မင်းတို့ သိတယ်မလား?"
ဝတ်စုံဖြူအဘိုးအိုက ခေါင်းညိတ်လိုက်၏။
"သိတာပေါ့ဗျာ... အဲ့က နိမိတ်ဆိုးတွေက တကယ်ကို အစွမ်းထက်ကြတယ်! အရင်တုန်းက ဒေသကြီးကိုးခုရဲ့ မသေမျိုးဧကရာဇ်တွေတောင် အဲ့ဒါတွေကို တိုက်ရိုက် ရင်မဆိုင်ရဲခဲ့ကြဘူးလေ။ ရှေးဟောင်းမှတ်တမ်း တစ်ခုထဲမှာ ဖတ်ဖူးတာကတော့ အဲ့ဒီ နိမိတ်ဆိုး ၁၀ ခုသာ ဒေသကြီးကိုးခုကို ကျလာရင် ဒေသကြီးကိုးခုလုံး ပျက်စီးသွားရမှာတဲ့"
ဒါလောင် မသေမျိုးဘုရင်က ခေါင်းညိတ်ပြကာ ဆက်ပြောသည်။
"ငါ ငယ်ရွယ်ပြီး ရူးရူးမိုက်မိုက်ဖြစ်ခဲ့တုန်းက နတ်ဘုရားတောအုပ်ထဲကို မှားပြီး ဝင်သွားဖူးတယ်"
"ဘယ်လို "
အဘိုးအိုနှစ်ဦး မှင်သက်သွားကြ၏။
ဒါလောင်မသေမျိုးဘုရင်တွင် ထိုသို့သော အတွေ့အကြုံရှိသည်ကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပါပင်။
ဒါလောင်မသေမျိုးဘုရင်ကြီးက သူတို့ အံ့သြသွားသည်ကို လျစ်လျူရှုပြီး ဆက်ပြောပြသည် ။
"အဲ့ဒီတုန်းက ငါက မသေမျိုးဘုရင်အဆင့်ကို စရောက်ခါစဆိုတော့ မာန်အပြည့်နဲ့ လူတိုင်းကိုအထင်သေးခဲ့တာပေါ့ကွာ ၊ လောကမှာ ငါ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ပဲ ထင်နေခဲ့တာ။ နတ်ဘုရားတောအုပ်ကို အပြတ်ရှင်းပြီး ဒေသကြီးကိုးခုအတွက် အန္တရာယ်တွေကို ဖယ်ရှားပစ်နိုင်မယ်လို့လဲ ငါ ထင်ခဲ့တယ်!"
"ဒါကြောင့် ငါ နတ်ဘုရားတောအုပ်ထဲကို သွားသောင်းကျန်းဖို့ ကြံသည်ခဲ့တာပဲ! အဲ့ဒီထဲက ပုဂ္ဂိုလ်ကြီး သုံးယောက်ကိုတောင် သတ်ပစ်ဖို့အထိ စိတ်ကူးခဲ့တယ်!"
၎င်းကို ကြားရသောအခါ အဘိုးအိုနှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လျက် ။
ဒါလောင်မသေမျိုးဘုရင် ပြောနေသည့် ပုဂ္ဂိုလ်ကြီး သုံးယောက်မှာ မည်သူများဖြစ်ကြောင်း သူတို့ မသိဘဲမနေပါချေ။
၎င်းတို့မှာ နတ်ဘုရားတောအုပ်၏ အကြီးမားဆုံးသော တားမြစ်ချက်များ ဖြစ်ကာ ၎င်းတို့ အမည်ကို ထုတ်ပြောမိလျှင်ပင် ကံဆိုးမှုများ ကျရောက်နိုင်ပါ၏။
"အဲ့နောက်တော့ ဘာဖြစ်ခဲ့တာလဲ"
ဝတ်စုံဖြူအဘိုးအိုက အမြန် မေးလိုက်သည်။
ဒါလောင်မသေမျိုးဘုရင်က အလေးနက်ဆိုပါ၏။
"အစပိုင်းမှာတော့ ငါ နိမိတ်ဆိုးသားရဲတော်တော်များများကို သတ်နိုင်ခဲ့တယ်။ နတ်ဘုရားတောအုပ်ဆိုတာ ဒီလောက်ပဲလားလို့တောင် ထင်ခဲ့တာပေါ့ကွာ! ဘယ်သူမှ မလုပ်နိုင်တာကို ငါ လုပ်ပြနိုင်တော့မယ်လို့ ထင်နေတုန်းမှာ... အဲ့ဒီကောင် ပေါ်လာခဲ့တာပဲ!"
ဒါလောင် မသေမျိုးဘုရင်မှာ ပြောနေရင်း နာကျင်ဖွယ် အတိတ်များကို ပြန်လည် မြင်ယောင်နေပုံရပါ၏။
ဝတ်စုံဖြူအဘိုးအိုက ထပ်မေးလိုက်သည်။
"သခင်ကြီး... ရှုံးသွားခဲ့တာလား"
"ရှုံးတာ ဟုတ်လား?"
ဒါလောင် မသေမျိုးဘုရင်က အောင့်သက်သက် ရယ်မောလိုက်၏။
"အဲ့ဒါကို တိုက်ပွဲလို့တောင် ခေါ်လို့မရပါဘူးကွာ! အဲ့ဒီကောင် ပေါ်လာပြီးတော့ ငါ့ကို အဝေးကနေ တစ်ချက်ပဲ လှမ်းကြည့်လိုက်တာနဲ့ ငါ့အသက်ရဲ့ တစ်ဝက်လောက်ကို ဆုံးရှုံးလိုက်ရတာပဲ "
"ဘယ်လို"
အဘိုးအိုနှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြရပြန်သည်။
ဒါလောင် မသေမျိုးဘုရင်က မည်မျှအထိ အစွမ်းထက်သည်ကို သူတို့ ကောင်းကောင်း သိကြပါ၏။
ထိုစဉ်က ဒါလောင်မသေမျိုးဘုရင်မှာ အစွမ်းအထွတ်အထိပ်သို့ မရောက်သေးသည့်တိုင် မသေမျိုးဘုရင် အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပါသည်။
ထိုသို့သော ပုဂ္ဂိုလ်မျိုးကို တစ်ဖက်လူက တစ်ချက်ကြည့်ရုံဖြင့် သေလုနီးပါး ဖြစ်သွားစေသည်ဆိုလျှင်... ထိုပြိုင်ဘက်မှာ မည်မျှအထိ အစွမ်းထက်နေမည်နည်း။
ဒါလာင် မသေမျိုးဘုရင်က စကားဆက်ပါသည်။
"ကံကောင်းလို့ ငါ အသက်မသေခဲ့တာကွ! အခြေအနေ မဟန်မှန်း သိတာနဲ့ ငါ ချင်းယွမ်ဒေသကို ချက်ချင်း ပြန်ထွက်ပြေးခဲ့လို့သာပေါ့ ။ အဲ့ဒီကောင်ရဲ့ ပုံရိပ်အစစ်က ဒေသကြီးကိုးခုကို ဆင်းမလာနိုင်ပေမဲ့၊ သူ့ရဲ့ အစွမ်းတွေကတော့ ငါ ထွက်ပြေးခဲ့တဲ့ လမ်းကြောင်းအတိုင်း လိုက်လာပြီး ချင်းယွမ်ဒေသထဲကို ကျူးကျော်လာခဲ့တယ်!"
"သူ့ရဲ့အစွမ်း အစအနလေး တစ်ခုကတင်... လူပေါင်း သန်းထောင်ချီကို သေကြေပျက်စီးစေခဲ့တယ်ကွ! ချင်းယွမ်ဒေသက မရေမတွက်နိုင်တဲ့ သက်ရှိတွေ အဲဒါကြောင့်ပဲ သေဆုံးခဲ့ကြရတာ!"
မသေမျိုးဘုရင်ကြီး နာကျင်စွာဖြင့် ပြောပြလိုက်သည်။
ဝတ်စုံနက်နှင့် ဝတ်စုံဖြူ အဘိုးအိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြန်ကြည့်လိုက်ကြပြီးနောက် အကြောင်းအရာများစွာကို ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
အခြားသော ဆယ်ဘွဲ့ရမသေမျိုးဘုရင်များ၏ တားမြစ်နယ်မြေများအပေါ် ထားသည့် သဘောထားများမှာ တစ်ယောက်နှင့်တစ်ယောက် မတူကြပါချေ။
အချို့သူများဆိုလျှင် တားမြစ်နယ်မြေများကို ရန်သူလို သဘောထားကြသော်လည်း တစ်ခါတစ်ရံမှသာ ပဋိပက္ခဖြစ်ပွားခြင်း သို့မဟုတ် နှိမ်နင်းခြင်းမျိုးလာက် လုပ်တတ်ကြပါ၏။
သို့သော် ဒါလောင်မသေမျိုးဘုရင်ကဲ့သို့ မိမိ၏ တစ်ဘဝလုံးနီးပါးကို တားမြစ်နယ်မြေများအား နှိမ်နင်းရန်အတွက်သာ အချိန်ကုန်ဆုံးခဲ့သည့် ဆယ်ဘွဲ့ရ မသေမျိုးဘုရင်မျိုး တစ်ယောက်မှ မရှိခဲ့ဖူးပါ။
အမှန်တွင်ကား သူ အမြဲတမ်း အပြစ်ရှိသလို ခံစားနေခဲ့ရသောကြောင့်သာ ထိုသို့ လုပ်ခဲ့ခြင်းပါပင်။
"ဒါဆို... မသေမျိုးဘုရင်ကြီး၊ ထျန့်ကျီတောင်သခင်ကြီးက အခု ဘာဖြစ်သွားတာလဲ ..."
အတန်ကြာမှ ဝတ်စုံဖြူအဘိုးအိုက သတိရပြီး ပြန်မေးလိုက်သည်။
ဒါလောင်မသေမျိုးဘုရင်က ခေါင်းမော့ကာ ထျန့်ကျီတောင်သခင်ကြီးကို ကြည့်၍ ပြောလိုက်၏။
"သူ ကျင့်ကြံခဲ့တာက... အဲ့ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ နိမိတ်ဆိုးကျင့်စဉ်ပဲ!"