← Chapters

Corroding All Things

Vol. 71 Ch. 1051

Corroding All Things

Vol. 71 Ch. 1051

၎င်းကို ကြားသောအခါ ဘေးနားရှိ ဝတ်စုံဖြူအဘိုးအိုကလည်း ခေါင်းညိတ်ပြီးဝင်ပြောသည်။

“ဟုတ်တယ်၊ ငါလည်း အဲ့ဒီအတိုင်းပဲ! ငါက သေဖို့လာတာဆိုတော့ သေရင်လည်း ခန့်ခန့်ညားညားပဲ သေချင်တယ်!”

ထိုသို့ ပြောပြီးသည်နှင့် အဘိုးအိုနှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လေထဲသို့ တစ်ပြိုင်နက်တည်း ပျံတက်လိုက်ကြသည်။

ချွင်!

ဓားသံများ ဟိန်းထွက်သွားပြီးနောက် သူတို့နှစ်ဦး၏ ဓားအလင်းတန်းများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ သက်တန့်ရှည်ကြီးတစ်ခုအသွင်ဖြင့် ထိုဧရာမ လက်မောင်းကြီးဆီသို့ အရှိန်ပြင်းစွာ ပျံသန်းသွားတော့၏။

သို့သော် ထိုစဉ်မှာပင် ဒါလောင် မသေမျိုးဘုရင်က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး တုန်တုန်ယင်ယင်အသံဖြင့် လှမ်းအော်သည်။

“မလုပ်နဲ့!”

ချွင်!

သူ ပြောပြောဆိုဆိုပင် သစ်သားဓားကို ဆွဲထုတ်ကာ ထိုနှစ်ဦးနောက်သို့ အပြေးအလွှား လိုက်သွား၏။

သို့သော် သူ အနည်းငယ်လေး နောက်ကျသွားခဲ့ပါသည်။

ဘုန်း!

ဝတ်စုံနက်နှင့် ဝတ်စုံဖြူ အဘိုးအိုနှစ်ဦးမှာ ထိုနိမိတ်ဆိုးလက်မောင်းကြီး တိုက်ခိုက်နေသည့်အနားသို့ ရောက်သွားကြပြီ ဖြစ်ပါ၏။ သို့သော် သူတို့ သိုင်းကွက်တစ်ခုမှ မလုပ်ရသေးခင်မှာပင်...

ရှဲ... ရှဲ...

သူတို့၏ ဓားစိတ်ဆန္ဒများဖြင့် ဖွဲ့စည်းထားသည့် သက်တန့်ရောင်စဉ်က လျင်မြန်စွာပင် အရောင်လွင့်လာကာ အရှိန်အဟုန်ဖြင့် တိုက်စားခြင်း ခံလိုက်ရပါတော့သည်။

“ဒါ ”

အဘိုးအိုနှစ်ဦးစလုံး ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။

တဖက်မှ တိုက်စားမှုသည်လည်း အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်နေကာ ဓားစွမ်းအင်များမှတစ်ဆင့် အဘိုးအိုများ၏လက်ထဲရှိ ဓားများဆီသို့ တိုက်ရိုက် ကူးစက်လာပါတော့သည်။

သူတို့လက်ထဲရှိ လက်နက်များမှာ မူလမသေမျိုးလက်နက်များ ဖြစ်ကြသည့်တိုင် ထိုတိုက်စားအစွမ်းအောက်တွင် ခဏတာမျှသာ ခံနိုင်ပြီးနောက် ကြောက်စရာကောင်းသော အရှိန်ဖြင့် စတင် ပျက်စီးလာတော့၏။

တစ်ခဏချင်းမှာပင် သူတို့နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

မူလအဆင့် မသေမျိုးလက်နက်တစ်ခုက တကယ်ကြီး တိုက်စားခံလိုက်ရတာလား?

ထိုစဉ်မှာပင်...

“လွှတ်လိုက်”

ဒါလောင် မသေမျိုးဘုရင်က အော်ကာ အဘိုးအိုနှစ်ယောက်လက်ထဲမှ ဓားများကို သူ့ဓားဖြင့် ရိုက်ထုတ်လိုက်သည်။

ဂလောက်! ဂလောက်!

အသံနှစ်သံနှင့်အတူ အဘိုးအိုနှစ်ဦး၏ ဓားများ လက်ထဲမှ လွင့်ထွက်သွားကြ၏။

ထိုမသေမျိုးလက်နက်နှစ်ခုမှာ မြေပြင်ပေါ်သို့ မကျသေးမီ လေထဲတွင်ပင် တစ်ပတ်လည်သွားပြီးနောက် လုံးဝ တိုက်စားခံရကာ ပျက်စီးသွားပါတော့သည်။

“ဘာ... ဒါက အရမ်းကို...”

ဝတ်စုံနက်နှင့် ဝတ်စုံဖြူ အဘိုးအိုနှစ်ဦး မျက်နှာအလွန်ပျက်သွားကြ၏။

၎င်းမှာ ကြောက်စရာကောင်းလိုက်သည့် နည်းပါပင်။

မူလမသေမျိုးလက်နက်ကိုတောင် ဤမျှလွယ်လွယ်ဖြင့် ဖျက်ဆီးပစ်နိုင်သတဲ့လား ...

ဤအချိန်တွင် ဒါလောင် မသေမျိုးဘုရင်က သူတို့နှစ်ဦးကို ဆွဲခေါ်၍ ပြောပါသည်။

“ဒီကောင်က အရာအားလုံးကို တိုက်စားနိုင်တယ်! တိုက်စားလို့ရတဲ့ အစွမ်းတွေကိုလည်း သူက ပြန်စုပ်ယူမှာ။ မင်းတို့ရဲ့လုပ်ရပ်က ဘာအစီအစဉ်မရှိဘဲ သေကြောင်းကြံနေသလိုပဲ။ အဲ့လိုလုပ်တာက အခြေအနေကို မထူးစေတဲ့အပြင် သူ့ရဲ့အစွမ်းကို ပိုတိုးအောင် အစာကျွေးသလို ဖြစ်လိမ့်မယ်ကွ”

ကြားလိုက်ရသည့် စကားကြောင့် အဘိုးအိုနှစ်ဦး ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

“ဒါ... နတ်ဘုရားတောအုပ်ရဲ့ နိမိတ်ဆိုးအစွမ်းလား?”

ဝတ်စုံဖြူအဘိုးအိုက တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။

သူသည် ဗဟုသုတနှင့် အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သော်လည်း နတ်ဘုရားတောအုပ်၏ နိမိတ်ဆိုးများကို ကိုယ်တိုင်ရင်ဆိုင်ရသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်ပါသည်။

ဤအစွမ်းအားက သူ့ နားလည်နိုင်စွမ်းထက်လည်း ကျော်လွန်နေပါ၏။

ဒါလောင် မသေမျိုးဘုရင်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်ပြောသည်။

“မင်းတို့ မသိကြလို့ကွ။ ငါတို့ ဒေသကြီးကိုးခုထဲမှာ ထူးခြားတဲ့ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အရှုပ်အထွေး မသေမျိုးဧကရာဇ်လို အစွမ်းထက်တဲ့သူတောင် နတ်ဘုရားတောအုပ်ကို အပြတ်မရှင်းနိုင်ခဲ့ဘူး။ အဲ့လိုအရာမျိုးက အစွမ်းမထက်ဘဲ ဘယ်နေမှာလဲကွာ”

“ဒါဆို... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ?”

ဝတ်စုံဖြူအဘိုးအိုက မျှော်လင့်ချက် မဲ့စွာဖြင့် မေးလိုက်သည်။

ဒါလောင် မသေမျိုးဘုရင်က ယခုချိန်ထိ အူကြောင်ကြောင်ပုံဖြင့်သာ ရှိနေဆဲဖြစ်သော လောထျန်းကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်မိသည် ။

“ အချိန်ဆွဲထားရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူး! ဒီကောင်ရဲ့ အစွမ်းက ဒေသကြီးကိုးခုထဲမှာ အကြာကြီး မခံနိုင်ဘူးကွ။ သူ နတ်ဘုရားတောအုပ်ထဲကို ပြန်ဆုတ်သွားတဲ့အထိ အချိန်ဆွဲထားဖို့ပဲ လိုတယ်!”

“အချိန်ဆွဲမယ်? ဘယ်လိုလုပ် ဆွဲမှာလဲ?”

ဝတ်စုံနက်အဘိုးအိုက ခါးသီးစွာ ဆိုသည်။

ဒါလောင် မသေမျိုးဘုရင် အသက်ပြင်းပြင်းရှိုက်လိုက်၏။

“ဓားကမ္ဘာတွေ၊ ချုပ်နှောင်တာတွေ၊ တားမြစ်ချက်တွေနဲ့ တခြားနည်းလမ်းပေါင်းစုံကို သုံးရမှာပေါ့ကွာ! အတိုချုပ်ပြောရရင် သူ့အနားကို အကပ်မခံနဲ့!”

“ဒါက... ကောင်းပါပြီ!”

စကားဆုံးသည်နှင့် သူတို့လူစု ချက်ချင်းပင် တိုက်ခိုက်မှုကို စတင်လိုက်ပါတော့သည်။

ဓားများစွာကလည်း အလင်းတန်းများအဖြစ်အသွင်ပြောင်း၍ ပျံသန်းသွားကာ ထိုလက်မောင်းကြီးကို ပိတ်လှောင်ရန် ကြိုးပမ်းလိုက်ကြ၏။

သို့သော် ထိုသိုင်းကွက်များက လက်မောင်းကြီးအား မထိရသေးခင်မှာပင် တိုက်စားခြင်း ခံလိုက်ရပါသည်။

မသေမျိုးဘုရင် အများအပြား ပူးပေါင်းတိုက်ခိုက်မှုသည်ပင် ဘာမှ မထူးခြားသွားခဲ့ပါ။

“လက်မလျှော့နဲ့! ဆက်ပြီး တိုက်ကြ!”

ဒါလောင် မသေမျိုးဘုရင်က သူ့ရင်ထဲမှ ကြောက်ရွံ့မှုကို ချုပ်တည်းရင်း အော်လိုက်သည်။

ချက်ချင်းမှာပင် ထျန်းယွမ်ကမ္ဘာမှ လူများအပါအဝင် ပတ်ဝန်းကျင်ရှိ လူအားလုံး လှုပ်ရှားလာကြ၏။

အားလုံး ပူးပေါင်းတိုက်ခိုက်ကြသည့်အချိန်တွင်ကား အမှန်တကယ်ပင် အကျိုးသက်ရောက်မှု အနည်းငယ် ရှိလာပါသည်။

ဝုန်း!

နောက်ဆုံးတွင်ကား ဓားအလင်းတန်းတစ်ခုက လက်မောင်းကြီးပေါ်သို့ အောင်အောင်မြင်မြင် ကျသွား၏။

သို့သော် ၎င်းဓားအလင်းတန်းက လက်မောင်းနှင့် ထိရုံသာရှိသေးချိန်မှာပင် ချက်ချင်း တိုက်စားခံလိုက်ရပြန်ပါသည်။

တဖက်မှ လက်မောင်းကြီးမှာလည်း ထိုအဖြစ်ကြောင့် ဒေါသထွက်သွားပုံရ၏။

ထို့နောက်တွင် လက်မောင်းကြီးက ထိုနေရာအနီးရှိ ဧရာမ ကျောက်တုံးကြီးတစ်ခုကို ဆွဲကိုင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လက်မောင်းကြီး တုန်ခါသွားကာ...

ဘုန်း!

ထိုကျောက်တုံးကြီးဖြင့် လှမ်း၍ ပစ်ပေါက်လိုက်သည်။

၎င်းမှာ သာမန်ကျောက်တုံးမျှသာ ဖြစ်သော်လည်း ကောင်းကင်ပြိုပြီး မြေကြီးကွဲအက်သွားသည့်အလား လူများ ခံစားလိုက်ရ၏။

“ငါတို့ ဒါကို မတားနိုင်ဘူး!”

ဒါလောင် မသေမျိုးဘုရင်၏ ရင်ထဲ ထိုအတွေး ဝင်လာပါသည်။

သူ အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ထိုတိုက်ခိုက်မှုကို မတားဆီးနိုင်ပါချေ။

ထို့နောက်တွင် သူ မနေနိုင်တော့ဘဲ မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးလိုက်မိ၏။

ဟုတ်ပါသည်၊ ၎င်း နိမိတ်ဆိုးမှာ ရှေးယခင်ကတည်းက ရှိလာခဲ့သော ကြောက်မက်ဖွယ် အရာကြီးတစ်ခု ဖြစ်ပြီး မသေမျိုးဧကရာဇ်သည်ပင် ထိုအရာနှင့် တန်းတူယှဉ်နိုင်ရုံလောက်သာ အဆင့်ရှိခဲ့ပါ၏။

သူကဲ့သို့ မသေမျိုးဘုရင်တစ်ပါးက ဘယ်လိုလုပ် ခုခံနိုင်ပါ့မည်နည်း။

နောက်ဆုံးတွင်ကား အားလုံး အချည်းနှီးပါပင် ။

သူ ထိုသို့တွေးရင်း စိတ်ထဲမှ သက်ပြင်းချကာ သေခြင်းတရားကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ...

ဝူး...

ရွှေရောင်လက်ဝါးကြီးတစ်ခု အားလုံးရှေ့တွင် ရုတ်တရက် ပေါ်လာ၏။

“ဟင်?”

ဒါလောင် မသေမျိုးဘုရင် အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။

၎င်းလက်ဝါးကြီးမှာ လောထျန်း၏ လက်ချက်ပါပင် ။

ဘုန်း!

ထို့နောက်တွင်ကား ကျောက်တုံးကြီးက လောထျန်း၏ ကောင်းကင်ဘုံလက်ဝါးပေါ်သို့ ကျသွားပြီး ကမ္ဘာပျက်မတတ် ပြင်းထန်သော အစွမ်းကြီးမှာလည်း လောထျန်း၏ လက်ဝါးနှင့် တိုက်ရိုက်တွေ့သွား၏။

သို့သော် လောထျန်းမှာ လှုပ်ပင် မလှုပ်ပါချေ။

“တကယ့်ကို အားပြင်းတဲ့ အစွမ်းပဲ! ”

ဝတ်စုံဖြူအဘိုးအို ထိတ်လန့်တကြား အော်မိလိုက်သည်။

သူ့နည်းတူပင် ဒါလောင် မသေမျိုးဘုရင်မှာလည်း အံ့ဩမှင်သက်နေပါ၏။

လောထျန်းတစ်ယောက် တိုက်ခိုက်လိုစိတ် ပြန်ရသွားပြီလား။

ထိုအချိန်တွင် လောထျန်း နိမိတ်ဆိုးလက်မောင်းကြီးကို စိုက်ကြည့်ကာ ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွား၏။

“မင်း... သေ... ရ... မယ်!”

လောထျန်းက အေးစက်စက် အသံဖြင့် ဆိုလိုက်သည်။

လက်ရှိအချိန်တွင် လောထျန်း၏ မျက်လုံးများမှာ ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေပါ၏။

သူ့ကိုယ်မှလည်း အားပြင်းလှသည့် ဒေါသအငွေ့အသက်တို့ ထွက်ပေါ်နေသဖြင့် ဒါလောင် မသေမျိုးဘုရင်တို့ပင် ကျောချမ်းသွားရသည်။

“ဟင်? ဘာဖြစ်လို့လဲ? သခင်လေးလောထျန်းက ဒီနိမိတ်ဆိုးသတ္တဝါနဲ့ ဘာရန်ငြိုးများ ရှိနေလို့လဲ?”

ဒါလောင် မသေမျိုးဘုရင်က အံ့ဩသွားပြီး ဘေးနားရှိ လောမိသားစုဝင်တစ်ဦးကို လှည့်မေးလိုက်သည်။

သူ့အမေးကို ကြားသောအခါ တဖက်လူက ခေါင်းကုတ်ရင်း ပြန်ဖြေပါ၏။

“ကျုပ်တော့ ဘာမှ မကြားမိဘူး။ ရန်ငြိုးရှိတယ်ဆိုရင်တောင်... တစ်ဖက်လူကသာ ကျုပ်တို့ သခင်လေးကို မုန်းရမှာပါ!”

ဒါလောင် မသေမျိုးဘုရင် ပြန်စဉ်းစားကြည့်သည့်အခါတွင်လည်း ထိုစကားက မှန်နေပါသည်။

လောထျန်းမှာ တစ်ဖက်လူ၏ တားမြစ်နယ်မြေကို သိမ်းပိုက်ခဲ့ပြီး ဒေသကြီးကိုးခုတွင် ကျန်ရှိနေသည့် နိမိတ်ဆိုး သံတမန်ကိုလည်း သတ်ဖြတ်ခဲ့ပါ၏။

သို့ဖြစ်ရာ နိမိတ်ဆိုးသတ္တဝါကသာ ပို၍ ဒေါသထွက်သင့်သည် မဟုတ်ပါလား။

လောထျန်း အဘယ့်ကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို မည်သူမျှ မသိကြပေ။

“ငါ သိပြီ! သခင်လေးလောထျန်းက ဒါလောင်မသေမျိုးဘုရင်လိုပဲ လောကသားတွေအပေါ်မှာ တကယ်ကို ဂရုစိုက်တတ်တဲ့သူ ဖြစ်ရမယ်!”

ဝတ်စုံနက်အဘိုးအိုက တစ်ခုခုကို သတိရသွားသလို ရုတ်တရက် ပြောလိုက်သည်။

“ဟင်?”

ဒါလောင် မသေမျိုးဘုရင်မှာ အနည်းငယ် ကြောင်သွား၏။

“မှန်တယ်၊ အဲ့ဒါပဲ ဖြစ်ရမယ်! သခင်လေးလောထျန်းက ဒီနိမိတ်ဆိုးကြီးက သက်ရှိအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ တွေးမိလို့ ဒီလောက်အထိ ဒေါသထွက်နေတာ ဖြစ်ရမယ်!”

ဝတ်စုံဖြူအဘိုးအိုကလည်း ဝင်ထောက်ခံသည်။

ထိုစကားကို ကြားပြီးနောက်တွင်ကား ဒါလောင် မသေမျိုးဘုရင်၏ လောထျန်းကို ကြည့်သောအကြည့်တွင် ကြည်ညိုလေးစားမှု အရိပ်အယောင်များ ပြည့်နှက်နေပါတော့သည်။

"ဒါဆို... ငါတို့က စိတ်တူကိုယ်တူတွေပေါ့! ဒီလမ်းမှာ ငါ တစ်ယောက်တည်း မဟုတ်တော့ဘူး!”

ဒါလောင် မသေမျိုးဘုရင်မှာ ထိုအတွေးဖြင့် စိတ်သက်သာရာရသွား၏။

တစ်ဖက်မှ လက်မောင်းကြီးသည်လည်း ကျောက်တုံးကို ပစ်ပေါက်ပြီးနောက် တစ်ခုခုကို အာရုံခံမိသွားပုံရကာ ...မျက်စိတစ်မှိတ်အတွင်းမှာပင် အရှုပ်အထွေး နတ်ဘုရားမြို့တော်ဆီသို့ ရောက်လာတော့သည်။

ဝိန်း!

အရှုပ်အထွေး နတ်ဘုရားမြို့တော်ကလည်း ခြိမ်းခြောက်မှုကို အာရုံခံမိသွားပုံရ၏။

ချက်ချင်းမှာပင် မြို့တော်အတွင်းမှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာကာ မြို့တော်တစ်ခုလုံးကို အကာအကွယ် အစီအမံတစ်ခုဖြင့် ဖုံးလွှမ်းလိုက်သည်။

ဘုန်း!

တစ်ပြိုင်နက်တည်းမှာပင် ထိုလက်မောင်းကြီးက အရှုပ်အထွေး နတ်ဘုရားမြို့တော်၏ ထိပ်ပိုင်းကို ဖမ်းဆွဲလိုက်ပြီး မြို့တော်ကြီးအား နတ်ဘုရားတောအုပ်ထဲသို့ ဆွဲသွင်းရန် အတင်း ကြိုးစားပါတော့၏။

All Chapters