Chapter 1044 Face-to-Face Confrontation
Vol. 71 Ch. 1044
ဝုန်း...
မြေကြီးထဲမှ လက်တစ်ဖက် ပေါ်လာပြီးနောက်တွင် ထိုလက်မှ ထွက်ပေါ်နေသော နာကြည်းမှုများက ရုတ်တရက် ဟုန်းခနဲ မြင့်တက်လာပြီး အရည်ပျော်ကျတော့မတတ် သိပ်သည်းလာပါတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဒါလောင် မသေမျိုးဘုရင်တို့ သုံးဦးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
“ဒါ... ငါ့တစ်သက်မှာ ဒီလောက်ပြင်းထန်တဲ့ နာကြည်းမှုမျိုး တစ်ခါမှ မမြင်ဖူးဘူး!”
ဒါလောင် မသေမျိုးဘုရင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ကျုပ်လည်း အတူတူပဲ!”
ဝတ်စုံနက်အဘိုးအိုကလည်း ခေါင်းညိတ်ထောက်ခံ၏။
“ဒါဆိုရင်... သူ ဘယ်လောက်တောင် မတရားတာကို ခံခဲ့ရလို့ ဒီလောက်ပြင်းထန်တဲ့ နာကြည်းမှုတွေ ဖြစ်နေရတာလဲ”
ဝတ်စုံဖြူအဘိုးအိုကလည်း သူ့ရင်ထဲမှ မေးခွန်းကို ထုတ်မေးလိုက်ပါသည်။
သူတို့ သုံးဦးစလုံး သက်ပြင်းချနေကြစဉ်မှာပင်...
ဝူး...
ထိုလက်ပိုင်ရှင်က မြေကြီးထဲမှ တုန်တုန်ယင်ယင် တွားသွား၍ ထွက်လာပါတော့သည်။
ထိုလူ၏ ပုံစံမှာ လုံးဝ ဖရိုဖရဲ ဖြစ်နေပြီး သူဝတ်ထားသော အဝတ်အစားများမှာလည်း အပိုင်းပိုင်းအစစ စုတ်ပြဲနေပါ၏။
သို့သော် ဒါလောင်မသေမျိုးဘုရင်တို့ သုံးဦးမှာ ထိုသူကို မှတ်မိနေကြဆဲပင်။
“ဟင်? ဒါ ... ထျန့်ကျီတောင်သခင်ကြီး မဟုတ်လား”
ဒါလောင် မသေမျိုးဘုရင်က အံ့ဩတကြီးပြောလိုက်သည်။
ထို့နောက်တွင် သူတို့ သုံးဦးစလုံး နားမလည်နိုင်သည့် မျက်လုံးများဖြင့် လောထျန်းဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
ထိုလူက သူ့ကိုယ်သူ ထျန့်ကျီတောင်၏ အရှင်သခင်အစစ်ဟု ပြောထားသည် မဟုတ်ပါလား။
သို့ဆိုလျှင် ယခု တွားသွားထွက်လာသူက မည်သူပါလဲ။
ခေတ်တစ်ခေတ်တည်းတွင် ထျန့်ကျီတောင်သခင်ကြီး နှစ်ယောက် ရှိနေနိုင်တာလား။
လောထျန်းမှာလည်း သူ့ကို စိုက်ကြည့်နေသူ သုံးယောက်ကို မြင်ကာ အနည်းငယ် မှင်သက်သွားပါသည်။
သူကိုယ်သူ ပြန်စစ်ဆေးကြည့်သည့်အခါတွင်လည်း ဘာမှ ထူးထူးခြားခြား မှားယွင်းနေသည်ကို မတွေ့ရသဖြင့် သူ အံ့ဩတကြီး မေးလိုက်ပါ၏။
“ဘာလို့ ကျုပ်ကို ဒီလောက်တောင် စိုက်ကြည့်နေကြတာလဲ”
တဖက်မှ သုံးဦးသားမှာ ခဏတာမျှ စကားမဆိုနိုင် ဖြစ်သွားကြသည်။
ထိုအချိန်တွင် အရှုပ်အထွေး နတ်ဘုရားမြို့တော်အောက်မှ တွားသွားထွက်လာသည့် ထျန့်ကျီတောင်သခင်ကြီးက ဒေါသတကြီးဖြင့် ပြောလာ၏။
“မင်းတို့... ငါ့ကို နှိပ်စက်တာ လွန်လွန်းတယ်!”
သူ့အသံမှာ တုန်နေကာ ထိုအသံထဲမှ နာကြည်းမှုများကိုလည်း မည်သူမဆို အထင်အသား ကြားနိုင်ပါသည်။
ဝုန်း...
သူ့နောက်မှလည်း နာကြည်းမှုများ ဟုန်းခနဲ မြင့်တက်လာပြီး သူ့ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်မျက်နှာကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားတော့၏။
ထိုမျက်နှာမှ အတိုင်းအဆမဲ့သော မုန်းတီးမှုများ ဖြာထွက်လျက် ..
လောထျန်းက ၎င်းကိုကြည့်ရင်း အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
“ဟင် .. ငါ တကယ်ကြီး လူတစ်ယောက်ကို တိုက်မိသွားတာလား”
“ဟင်?”
သူ့စကားကြောင့် ဒါလောင်မသေမျိုးဘုရင်နှင့် အခြားသူများအားလုံး လောထျန်းအား သံသယမျက်လုံးများဖြင့် ထပ်၍ ကြည့်လိုက်ကြပြန်သည်။
ထိုအချိန်တွင် လောထျန်းက ချောင်းအသာဟန့်၍ စွန့်ပစ်တောင်တန်းအရှင်ကိုကြည့်ကာ ပြောလိုက်ပါသည် ။
“ဟို... အားနာလိုက်တာ၊ ခင်ဗျား ဘယ်လိုမျိုး အနှိပ်စက်ခံလိုက်ရတာလဲဆိုတာ မေးပါရစေ။ ကျုပ်ကို ပြောပြရင် ကျုပ် ခင်ဗျားအတွက် တရားမျှတမှုကို ရှာပေးပါ့မယ်!”
လက်ရှိအချိန်တွင် လောထျန်းတစ်ယောက် အနည်းငယ် အပြစ်ရှိသလို ခံစားနေရပါ၏။
သူ အရှုပ်အထွေးနတ်ဘုရားမြို့တော်ကြီးအား မောင်းနှင်ရာတွင် အမှားအယွင်း ဖြစ်သွားသဖြင့် တစ်ဖက်လူကို အခုလို အခြေအနေအထိ ဖိနှိပ်မိသွားခြင်း မဟုတ်ပါလား။
ထို့ကြောင့်လည်း တဖက်လူအား သူ တစ်ခုခု ပြန်လုပ်ပေးချင်နေခြင်းပင်။
အခြားတစ်ဖက်မှ ထျန့်ကျီတောင်သခင်ကြီးမှာ ၎င်းကို ကြားလိုက်ရသည့်အခါ သူ့နာကြည်းမှုများကို ဖွင့်ချရန် အခွင့်အရေးရသွားသလို ခံစားလိုက်ရပြီး ဒေါသတကြီး ပြောပါတော့သည်။
“ငါက အဘိုးကြီးတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံလာခဲ့တာ၊ အသက်ဘေးနဲ့လည်း အကြိမ်ကြိမ် ကြုံခဲ့ရပြီးမှ နောက်ဆုံးမှာ ကံကောင်းလို့ အဆင့်တက်နိုင်ခဲ့တာကွ!”
“ငါ ဒီတစ်ခါ တောင်ပေါ်က ဆင်းလာရင် ကြီးကျယ်တဲ့ အလုပ်တွေ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ! ဒါပေမဲ့ ငါ ကျင့်ကြံရာကနေ ထွက်လာပြီး ဘာမှတောင် မလုပ်ရသေးခင်မှာ ယုတ်မာတဲ့ လူအုပ်ရဲ့ ချောင်းမြောင်းတိုက်ခိုက်တာကို ခံရပြီး အစီအမံနဲ့ ဖိနှိပ်ခံလိုက်ရတယ်!”
လောထျန်း ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့... ခင်ဗျားနေရာကနေ ကြည့်ရင် တကယ်ကို မတရားတာပဲ”
ထျန့်ကျီတောင်သခင်ကြီးက ဆက်ပြောပါ၏။
“ အယုတ်တမာ ကောင်တွေ၊ အဲ့ဒီလောက် ယုတ်မာတဲ့ အစီအမံကို ဘယ်ကနေ ရလာလဲ မသိဘူး။ ငါ့ကို သတ်လည်း မသတ်ပဲ တောက်လျှောက် ဖိနှိပ်ထားတာ! အဲ့ဒီအစီအမံထဲမှာ ငါ့ကို အပြင်းအထန် နာကျင်အောင် လုပ်ထားပေမဲ့ သေလို့လည်း မရပြန်ဘူး! ငါ့မှာ တစ်လှမ်းချင်းစီ တွားသွားပြီးတော့ပဲ ထွက်ခဲ့ရတာ! တစ်နာရီမှာတောင် တစ်ပေလောက်ပဲ တွားသွားနိုင်ခဲ့တာ!”
လောထျန်း ကျွတ်ခနဲ စုတ်သပ်လိုက်သည်။
“ဒါ... တကယ်ကို လွန်လွန်းတာပဲ!”
ထျန့်ကျီတောင်သခင်ကြီးမှာ လောထျန်းက သူ့အား ကိုယ်ချင်းစာပေးသည်ကို တွေ့ကာ အံ့ဩသွားပြီး လောထျန်းအပေါ် အမြင်အနည်းငယ် ပြောင်းလဲသွားပါ၏။
ထို့ကြောင့် သူ ဆက်၍ ရင်ဖွင့်လိုက်သည် ။
“အဲ့ဒီလိုနဲ့ ငါ ရက်ပေါင်းများစွာ တွားသွားထွက်လာခဲ့ရပြီးမှ နောက်ဆုံး အဲ့ဒီအစီအမံရဲ့ ဖိနှိပ်မှုအောက်ကနေ ထွက်လာနိုင်ခဲ့တယ်!”
လောထျန်းက အလိုက်သင့်လေး စကားထောက်သည်။
“ဒါဆို အခုတော့ ဒုက္ခပြီးလို့ သုခ ရောက်ပြီပေါ့၊ မဟုတ်ဘူးလား?”
၎င်းကို ကြားလိုက်ရသော ထျန့်ကျီတောင်သခင်ကြီးမှာ ပို၍ နာကြည်းသွားပုံပေါ်ပါ၏။
“ဒါပေမဲ့ အဲ့ဒီအစီအမံရဲ့ အပြင်ဘက်မှာ နောက်ထပ် အစီအမံတစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ! အဲ့ဒီအစီအမံကလဲ ငါ့ကို ထပ်ပြီး ဖိနှိပ်ထားပြန်တယ်! ငါ ဘယ်လောက်တောင် စိတ်ပျက်အားငယ်ခဲ့ရလဲဆိုတာ မင်းသိလား”
လောထျန်းမှာ တစ်ဖက်လူ၏ စကားထဲမှ စိတ်ပျက်အားငယ်မှုကို အထင်းသား အာရုံခံမိလိုက်သဖြင့် မျက်မှောင်ကြုံ့လိုက်သည်။
ထိုအချိန်တွင် ထျန့်ကျီတောင်သခင်ကြီးက ဆက်ပြောပါသည်။
“အဲ့ဒီနောက်မှာ ငါ အပြင်ဘက်ကိုပဲ ဆက်ပြီး တွားသွားနေခဲ့ရတာပေါ့ကွာ! ဒါပေမဲ့ ဒီယုတ်မာတဲ့ ကောင်တွေက အစီအမံတွေ တစ်ခုပြီးတစ်ခု အထပ်ထပ် လုပ်ထားသေးတာကွ။ ငါ့မှာ သေချင်စိတ်တောင် ပေါက်ခဲ့ရတယ်။ ဒါပေမယ့် ငါ ခန္ဓာကိုယ်နာကျင်တာရော စိတ်ပိုင်းဆိုင်ရာ နာကျင်တာကိုရော အောင့်အည်းသည်းခံပြီး အပြင်ဘက်ကိုပဲ ဆက်တွားသွားခဲ့ရတယ်!”
“ဒီလိုနဲ့ တွားသွားလာခဲ့တာ... လပေါင်းများစွာ ကြာခဲ့တယ်ကွ”
ထျန့်ကျီတောင်သခင်ကြီးမှာ ပြောနေရင်း မျက်ရည်များပင် ကျလာပါ၏။
တစ်ဖက်မှ မသေမျိုးဘုရင် သုံးဦးမှာလည်း သူ့စကားကိုကြားပြီး မှင်သက်သွားကြပါသည်။
ထိုစဉ် တိမ်လွင့်ဓားဂိုဏ်းမှ ဝတ်စုံဖြူအဘိုးအိုက ဒါလောင် မသေမျိုးဘုရင်အား မေးလိုက်သည်။
“မသေမျိုးဘုရင်ကြီး ... ဒါတွေက သခင်ကြီး လုပ်ထားတာလား”
ဒါလောင် မသေမျိုးဘုရင်က ခေါင်းပြန်ခါပြပါ၏။
“ငါ လုံးဝ မသိဘူး!”
အကယ်၍ သူ့တွင်သာ ထိုသို့သော အစွမ်းမျိုးရှိထားလျှင် ယနေ့ ဤမျှအထိ စိုးရိမ်နေပါမည်လား။
ထိုအချိန်တွင် လောထျန်းက ထျန့်ကျီတောင်သခင်ကြီး၏ နာကြည်းနေသော မျက်နှာကို ကြည့်ကာ အမြန်ပင် နှစ်သိမ့်ပေးလိုက်ပါသည်။
“အခုတော့ အပြင်ရောက်လာပြီ မဟုတ်လား? အားလုံး ပြီးသွားပါပြီ...”
အခြားတစ်ဖက်မှ ထျန့်ကျီတောင်သခင်ကြီးကလည်း သူ့မျက်ရည်များကို သုတ်လိုက်၏။
“ဒါတွေ အားလုံး ခဏထားလိုက်ပါဦး! နောက်ဆုံး ငါ အစီအမံထဲကနေ ထွက်လာနိုင်ခဲ့ပြီး လွတ်လပ်ခွင့်ရပြီဆိုတဲ့အချိန်မှာ ကလဲ့စားချေချင်စိတ်တွေနဲ့ ပြည့်နေခဲ့တာပေါ့ကွာ "
"ဒါပေမဲ့ ငါ့ရဲ့ ရန်သူကို မြင်လိုက်ရုံပဲ ရှိသေးတယ်၊ ဘာမှတောင် မလုပ်ရသေးခင်မှာ မြို့တော်ကြီးတစ်ခုက ငါ့အပေါ်ကို ပြိုကျလာတော့တာပဲ။ အဲ့ဟာကြီးကို ငါ့ကို ဒဏ်ရာအပြင်းအထန် ရစေရုံတင်မကဘူး၊ ငါ့ကို ကိုးကွယ်နေတဲ့သူတွေ အားလုံးကိုပါ သတ်ပစ်လိုက်တယ်!”
“ငါ ဘယ်လို ပြဿနာတွေများ လုပ်ခဲ့မိလို့လဲကွာ။ ဒီတိုင်း ကျင့်ကြံခြင်းအဆင့် တက်နိုင်ခဲ့ရုံလေးပါ၊ အခု ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ! အဲ့ဒီလိုမှန်း သိရင် ငါ အဆင့်တက်ဖို့ မကြိုးစားခဲ့ပါဘူး!”
ထျန့်ကျီတောင်သခင်ကြီးက နာနာကျင်ကျင် ဆက်ပြောလိုက်သည်။
လောထျန်းတစ်ယောက် သူ့နဖူးမှ ချွေးများကို သုတ်လိုက်၏။
“အင်း... သူတို့က တမင်လုပ်တာ မဟုတ်လောက်ပါဘူး”
သူ့အရှုပ်အထွေး နတ်ဘုရားမြို့တော်က အမှန်တကယ် လူသတ်မိလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ ။ လက်ရှိအချိန်တွင် သူ အပြစ်ရှိသလို ပိုခံစားလာရပါ၏။
ထိုအချိန်တွင် ထျန့်ကျီတောင်သခင်ကြီးက ဒေါသတကြီးဖြင့် ဆက်ပြောသည်။
“တမင်လုပ်တာ ဖြစ်ဖြစ်၊ မဟုတ်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး! ဒီနေ့တော့ ငါ အကြောင်းမဲ့ သတ်ဖြတ်မှုတွေ လုပ်တော့မယ်၊ ဘယ်သူမှ ငါ့ကို တားလို့ မရစေရဘူး!”
သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ့ကိုယ်မှ နာကြည်းမှုများ ဟုန်းခနဲ ပေါက်ကွဲထွက်လာပါတော့သည်။
၎င်းကို မြင်လိုက်ရသော ဒါလောင်မသေမျိုးဘုရင်တို့ သုံးဦး၏ မျက်နှာများ ထပ်ပျက်သွားကြပြန်၏။
လောထျန်းက မသေမျိုးဘုရင် သုံးဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့က တကယ်ကို လွန်လွန်းတာပဲ။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ။ သူ့ကို သတ်ချင်ရင်လည်း သတ်လိုက်ပေါ့၊ ဘာလို့ အစီအမံတွေ အများကြီးသုံးပြီး သူ့ကို အရှက်ခွဲနေရတာလဲ။ ကြည့်ဦး၊ ခင်ဗျားတို့ကြောင့် သူ ဘယ်လောက်တောင် ဒေါသထွက်နေရပြီလဲ!”
သူ့စကားကြောင့် ဒါလောင်မသေမျိုးဘုရင်မှာ လုံးဝ ဆွံ့အသွားပါတော့သည်။
“ဘာ အစီအမံလဲ။ ငါ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝကို မသိတာပါ!”
လောထျန်း အံ့ဩသွားကာ ထျန့်ကျီတောင်သခင်ကြီးဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
ထျန့်ကျီတောင်သခင်ကြီးမှာ ထိုစကားကိုကြားပြီး ပို၍ ဒေါသထွက်သွားပါသည်။
“ဒါလောင် မသေမျိုးဘုရင်၊ မင်းက လုပ်ရဲပြီး ဝန်မခံရဲတဲ့ လူယုတ်မာတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး!”
သူ ဒေါသတကြီး ပြောလိုက်၏။
ဒါလောင်မသေမျိုးဘုရင်ကလည်း ပြန်အော်လိုက်သည်။
“ငါ ဘယ်တုန်းကများ လုပ်ရဲပြီး ဝန်မခံရဲခဲ့လို့လဲ”
ထျန့်ကျီတောင်သခင်ကြီး :
“ဒါဆို အဲ့ဒီအစီအမံကို မင်း လုပ်တာ မဟုတ်ဘူးလို့ ပြောချင်တာလား”
“သေချာတာပေါ့၊ ငါ မဟုတ်ဘူး!”
ဒါလောင် မသေမျိုးဘုရင်မှာ ဘာပြန်ပြောရမည်ပင် မသိတော့ပါချေ။
ထိုစဉ် လောထျန်းက ဝင်ပြောသည်။
“တကယ်လို့ ခင်ဗျားလုပ်တာဆိုရင်လည်း ဝန်ခံလိုက်ပါဗျာ။ ကျုပ် ခင်ဗျားတို့အတွက် ကြားဝင်စေ့စပ်ပေးပါ့မယ်”
ဒါလောင် မသေမျိုးဘုရင် ပို၍ပင် ဆွံ့အသွားပါတော့၏။
သို့သော် ထိုစဉ်မှာပင် ထျန့်ကျီတောင်သခင်ကြီးက အနောက်ဘက်လှည့်ကာ လက်ညှိုးထိုး၍ ပြောလာပါသည်။
“အဲ့ဒီအစီအမံက အခုထိ တောင်ပေါ်မှာ ရှိနေတုန်းပဲလေ ။ ဒါနဲ့တောင် မင်းလက်ချက် မဟုတ်ဘူးလို့ ပြောရဲသေးတာလား? မင်း မဟုတ်ရင် ဘယ်ပေါက်လွတ်ပဲစားက လုပ်ထားတာလဲ!”