← Chapters

The End of the World

Vol. 71 Ch. 1039

The End of the World

Vol. 71 Ch. 1039

ထိုပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ဘဲ သက်ရှိများအတွက် တားမြစ်နယ်မြေဖြစ်သော ထျန့်ကျီတောင်တန်း၏ အရှင်သခင်ပါပင် ။

ယခုလက်ရှိတွင်ကား သူ့ပုံစံမှာ လုံးဝကို စုတ်ပြတ်သတ်နေသည့် အခြေအနေသို့ ရောက်နေပါ၏။

ထျန့်ကျီတောင်တန်းမှာ ဒေသကြီးကိုးခုတွင် အဆိုးဝါးဆုံး မိစ္ဆာအင်အားစုကြီး ဖြစ်သလို၊ သက်ရှိများအတွက် ကြောက်မက်ဖွယ်ကောင်းလှသော တားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခုလည်း ဖြစ်သည်ကို လူတိုင်း သိကြပါသည်။

ပြီးခဲ့သော နှစ်ပေါင်းများစွာအတွင်း သူ ဆယ်ဘွဲ့ရမသေမျိုးဘုရင်များနှင့် တိုက်ခိုက်ခဲ့ရာတွင်ပင် အမြဲတမ်း လက်ရည်တူရှိခဲ့ပါသည်။

သူ ထိုအခြေအနေကို လုံးဝ လက်မခံနိုင်သည့်အတွက် တစ်ယောက်တည်း သွားကျင့်ကြံခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တက်ကာ ရန်သူကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်ချိန်မှ အပြင်ပြန်ထွက်မည်ဟု သစ္စာဆိုခဲ့ပါသည်။

ထိုကျင့်ကြံခြင်းမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ ထူးကဲလှသော ဇွဲလုံ့လဖြင့် ဒုက္ခပေါင်းစုံကို ကျော်ဖြတ်ကာ မသေမျိုးဘုရင်အဆင့်၏ အချုပ်အနှောင်များကို ချိုးဖောက်ပြီး မသေမျိုးဧကရာဇ်တစ်ပိုင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါ၏။

ထိုသို့ ကျင့်ကြံခြင်းတွင် အောင်မြင်မှု အကြီးအကျယ် ရခဲ့သဖြင့် သူ ကြီးမြတ်သော အရာများကို လုပ်ဆောင်နိုင်တော့မည်ဟု အစောပိုင်းက ထင်မှတ်ထားခဲ့ပါသည်။

သို့သော် ... သူ ကျင့်ကြံရာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အစီအမံတစ်ခု၏ ဖိနှိပ်ခြင်းကို မယုံနိုင်ဖွယ် ကောင်းလောက်အောင်ပင် ခံလိုက်ရပါ၏။

အကယ်၍ အခြားသူသာဆိုလျှင် ထိုအစီအမံ၏အစွမ်းကြောင့် ချက်ချင်းပင် အသက်ပျောက်သွားနိုင်ပါသည်။

သို့သော် ထျန့်ကျီတောင်တန်း၏ အရှင်သခင်မှာ သာမန်လူ မဟုတ်ပါချေ။

သူသည် နောက်ဆုံးထွက်သက်အထိ အစီအမံ၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံတွန်းလှန်ကာ အစီအမံ အပြင်ဘက်သို့ တစ်လှမ်းချင်း တွားသွားခဲ့၏။

သို့သော် သူ အစီအမံတစ်ခု၏ ဖိနှိပ်မှုအောက်မှ တွားသွားထွက်လာနိုင်ခဲ့ပြီး နောက်ဆုံး လွတ်မြောက်ပြီဟု ထင်မှတ်ထားချိန်တွင် ... ပထမအစီအမံ၏ အပြင်ဘက်၌ နောက်ထပ် အစီအမံတစ်ခု ထပ်ရှိနေသေးသည်ကို တွေ့ခဲ့ရပြန်ပါသည်။

ထိုခဏ၌ သူ လုံးဝ စိတ်ပျက်အားငယ်သွားခဲ့ရပါ၏။

သို့သော် ထျန့်ကျီတောင် အရှင်သခင်မှာ လောကကြီး၏ အတွေ့အကြုံတွေ များသူတစ်ယောက်ဖြစ်ပြီး သေဘေးနှင့်လည်း ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည့်အတွက် ခဏတာမျှသာ စိတ်ပျက်သွားပြီးနောက် အံကြိတ်ကာ ရှေ့သို့ ဆက်၍ တွားသွားခဲ့ပြန်ပါသည်။

သို့သော် ဒုတိယ အစီရင်မှ ထွက်လာပြီးနောက် သူ့ကို စောင့်ကြိုနေသည်မှာ.... တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် အစီအမံများပါပင် ...

ဤသို့ဖြင့် အားပြင်းလှသော အစီအမံများ၏ ဖိနှိပ်မှုကို အောင့်အည်းခံရင်း သူ စိတ်ပျက်အားငယ်စွာဖြင့် လအတော်ကြာအောင် တွားသွားခဲ့ရကာ အချို့အချိန်များ၌ အသက်ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရပါသည်။

သူ ကံကောင်းသည်ဟု ပြောရမလား သို့မဟုတ် ဇွဲကောင်းသည်ဟု ခေါ်ရမလားပင် မသေချာပါ။

နောက်ဆုံးတွင် သူ အစီအမံများအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီး အပြင်ဘက်သို့ တွားထွက်လာနိုင်ခဲ့၏။

ထိုခဏ၌ သူ နောက်သို့ လှည့်ကြည့်လိုက်ပြီး ထပ်နေသော အစီအမံအလွှာများကို မြင်လိုက်ရသည့်အခါ မျက်ရည်များ ပါးပြင်ထက်သို့ စီးကျလာကာ အားရပါးရ ငိုကြွေးမိလိုက်တော့သည်။

သူ့ဘဝတွင် အခက်အခဲပေါင်းစုံကို ကြုံတွေ့ခဲ့ဖူးသော်လည်း ယခုအခက်အခဲကိုမူ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါချေ။

အတော်ကြာအောင် ငိုပြီးနောက်တွင်မူ ထျန့်ကျီတောင်သခင်ကြီးသည် ရှိုက်ကြီးတငင် ငိုကြွေးရာမှ ရပ်တန့်လိုက်ပြီးနောက် ... ဖြည်းညှင်းစွာ ထရပ်ကာ သူ့နောက်ကွယ်ရှိ လုံးဝ မမှတ်မိနိုင်တော့လောက်အောင် ဖြစ်နေသော ထျန့်ကျီတောင်တန်းများကို ကြည့်၍ နှုတ်ခမ်းများ တုန်ခါသွား၏။

"ဘယ်သူလဲ... ဘယ်သူက ဒီလို လုပ်တာလဲ။ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ အစီရင်တွေကို သုံးရဲတယ်ပေါ့! မင်းကိုသာ ငါရှာတွေ့လို့ကတော့ သေချင်စိတ် ပေါက်သွားအောင် ငါလုပ်ပစ်မယ်!"

ထျန့်ကျီတောင်တန်းသခင်ကြီး အော်လိုက်သည်။

ဝုန်း

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပါသည်။

မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်၏ ဖိအားမှာ အမှန်တကယ် ကြောက်မက်ဖွယ်ပါပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဖိအားအငွေ့အသက်များ ချင်းယွမ်ဒေသ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။

ထိုခဏ၌ ချင်းယွမ်ဒေသ တစ်ခုလုံးရှိ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံးမှာ စိတ်မသက်မသာ ခံစားလိုက်ရပါသည်။

ထိုစဉ် မြင့်မြတ်သော တောင်တစ်တောင်၏ ရှေ့၌ အကြီးအကဲ အချို့သည် သူတို့၏ တပည့်များကို ကျင့်ကြံခြင်းနှင့်ပတ်ငက်သည့် လမ်းညွှန်ချက်များ ပေးနေကြပါ၏။

ရုတ်တရက် ထိုလူအုပ်ကြီးမှာ တစ်ပြိုင်နက်တည်း ခေါင်းများ လည်သွားကြပြီး ထျန့်ကျီတောင်တန်းများ ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။

ထို့နောက်တွင် သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အားလုံး ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်းသို့ ပြေးဝင်သွားကြ၏။

မြို့တစ်မြို့၏ အတွင်း၌ ခွက်စုတ်ကလေးကို ကိုင်၍ တောင်းရမ်းနေသော သူတောင်းစားတစ်ဦးသည်လည်း ရုတ်တရက် သူ့လက်ထဲမှ ခွက်ကို ချေမွပစ်လိုက်ပြီး အံ့သြတကြီး ဖြစ်နေသော ပိုက်ဆံလှမ်းပေးနေသူကို ဂရုမစိုက်ဘဲ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားပါသည်။

ကျယ်ပြောလှသော ရွှံ့နွံအိုင်ကြီးတစ်ခုအတွင်း၌ အသက်ရှူကျင့်စဉ်များကို ကျင့်ကြံနေသော နတ်ဘုရားသားရဲကြီးတစ်ကောင်မှာလည်း ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ ထျန့်ကျီ ကောင်းကင်တောင်တန်းများဘက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက်တွင် ၎င်းမှာ ကြောက်မက်ဖွယ်အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာကာ အသက်ရှူကျင့်စဉ် ကျင့်ကြံရန်ပင် မေ့လျော့သွားပါတော့သည်။

ဧကရာဇ်မြို့တော်တစ်ခုအတွင်း၌လည်း ပိန်လှီလှသော အဘိုးအိုတစ်ဦးသည် ထျန့်ကျီတောင်တန်းများ ရှိရာဘက်သို့ စိတ်ပျက်အားငယ်စွာဖြင့် ငေးကြည့်နေပါ၏။

"ကမ္ဘာပျက်မယ့်နေ့က... နောက်ဆုံးတော့ ရောက်လာပြီလား"

ရှေးဟောင်း ကျောင်းတော်တစ်ခုအတွင်း၌...

ဝုန်း

ပိတ်ထားသော တံခါးတစ်ချပ်မှာ တွန်းဖွင့်ခံလိုက်ရကာ လူရိပ်တစ်ခုမှာ ယိုင်တိုင်တိုင်ဖြင့် ထွက်ပေါ်လာ၏။

"ဒါလောင် မသေမျိုးဘုရင်!"

တံခါးအပြင်ဘက်ရှိ အကြီးအကဲများက ချင်းယွမ်ဒေသ၏ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်အား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

ဒါလောင် မသေမျိုးဘုရင်မှာမူ မျက်နှာဖြူလျော်နေပြီး သူ့နှုတ်ခမ်းထောင့်တွင် သွေးစအချို့ ကျန်ရှိနေကာ အားအင်ကုန်ခမ်းနေသည့် ပုံစံရှိနေ၏။

"အဲ့ဒီကောင်က... တကယ်ပဲ မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်ကို ရောက်သွားပြီလား"

ဒါလောင် မသေမျိုးဘုရင်က ခက်ခက်ခဲခဲ အားတင်း၍ ပြောလိုက်သည်။

သူတို့ စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားကြသည့်တိုင် ထိုစကားကို ကြားလိုက်ရချိန်၌ အကြီးအကဲများ မျက်နှာပျက်သွားကြဆဲပင်ဘ။

"မသေမျိုး... မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့် ဟုတ်လား"

ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးက တုန်တုန်ယင်ယင်အသံဖြင့် ရေရွတ်လိုက်သည်။

မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်သို့ မတက်လှမ်းမီက ထျန့်ကျီတောင်တန်းအရှင်မှာ ဒါလောင် မသေမျိုးဘုရင်နှင့် လက်ရည်တူခဲ့ပါ၏။

နှစ်ဖက်စလုံးတွင် တစ်ခါတစ်ရံ အရှုံးအနိုင် ရှိတတ်သော်လည်း မည်သူကမျှ အခြားတစ်ဦးကို အပြတ်အသတ် အနိုင်မယူနိုင်ခဲ့ပါချေ။

သို့သော် မကြာသေးမီက ဒါလောင်မသေမျိုးဘုရင်မှာ ကျင့်ကြံခြင်း အဆင့်တက်ရန် ကြိုးစားရာတွင် ကျရှုံးခဲ့ပြီး သူ့ဓားကို ဆုံးရှုံးခဲ့ရရုံသာမက ကုသရန် ကျန်နေသေးသော ဒဏ်ရာတစ်ခုကိုလည်း ရထားခဲ့၏။

လက်ရှိအချိန်တွင် ဒါလောင် မသေမျိုးဘုရင်မှာ နှစ်ပေါင်းသောင်းချီကာလအတွင်း အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုနိုင်ပါသည်။

သို့သော် ထိုအချိန်တွင် ထျန့်ကျီတောင်တန်းမှ မိစ္ဆာကောင်မှာမူ ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်စွာ ချိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

တစ်ဖက်က အဆင့်တက်လာချိန်တွင် အခြားတစ်ဖက်က ကျဆင်းသွားခဲ့ပါ၏။

သူတို့နှစ်ယောက်၏ ကွာဟချက်မှာ ဤမျှလောက်အထိ မကြီးမားခဲ့ဖူးပါချေ။

"သခင်ကြီး... ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"

အသက်ကြီးပုံရသော လူကြီးတစ်ဦးက တုန်တုန်ယင်ယင်အသံဖြင့် မေးပါသည်။

ဒါလောင် မသေမျိုးဘုရင်က အံကြိတ်ကာ ရှေ့သို့ အကြာကြီး ငေးကြည့်နေပြီးနောက်မှ မေးလိုက်၏။

"ဒေသကြီးအချင်းချင်း ကူးသွားနိုင်တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အခုထိ ပြင်လို့မပြီးသေးဘူးလား"

"ဒါလောင် မသေမျိုးဘုရင်ကို တင်ပြပါတယ်၊ 'ကောင်ကင်ဘုံကိုးဆင့် လျှို့ဝှက်အစီအမံညီလာခံ' က လူတွေ ပြောတာကတော့ အနည်းဆုံး လအနည်းငယ်လောက် ထပ်ကြာဦးမယ်လို့ ဆိုပါတယ်"

ဆံပင်ဖြူအဘိုးအိုက ပြန်ပြောလိုက်သည်။

၎င်းကို ကြားသောအခါ မဟာလော့ မသေမျိုးဘုရင်၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး အောင့်သက်သက်ဆိုသည်။

"ဒီလိုအချိန်မှကွာ..."

သူ ပြောပြောဆိုဆိုပင် မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ရှေ့သို့ တစ်ချက်ယိုင်သွား၏။

"သခင်ကြီး..."

သူ့ရှေ့ရှိ အကြီးအကဲများမှာ ထိုမြင်ကွင်းကြောင့် စိုးရိမ်တကြီး ဖြစ်သွားကြသည်။

ဒါလောင် မသေမျိုးဘုရင်က လက်ယမ်းပြကာ ပြော၏။

"ငါ့အတွက် စိတ်မပူကြနဲ့။ အခုချက်ချင်းသွားပြီး လျှို့ဝှက်နယ်မြေအားလုံးကို ဖွင့်လိုက်တော့၊ ဒါမှ ချင်းယွမ်ဒေသမှာရှိတဲ့ လူအားလုံး အထဲမှာ ဝင်ပုန်းလို့ ရမှာ!"

"ဟင်? လျှို့ဝှက်နယ်မြေထဲမှာ ပုန်းမယ်? ဒါပေမဲ့ မဟာလော့ မသေမျိုးဘုရင်ကြီးခင်ဗျာ... ကျွန်တော် ရိုင်းရာကျရင် ခွင့်လွှတ်ပါ၊ လျှို့ဝှက်နယ်မြေထဲမှာတောင် ဘေးမကင်းနိုင်ပါဘူး... တစ်ဖက်လူက မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်လေ!"

ဆံပင်ဖြူအဘိုးအိုက ခက်ခက်ခဲခဲ ပြောလိုက်သည်။

ဒါလောင် မသေမျိုးဘုရင်က ခါးသီးစွာ ပြုံးပါ၏။

"ဒါကို ငါ သိတာပေါ့၊ ဒါပေမဲ့... အထဲမှာ ပုန်းနေတာက မျှော်လင့်ချက် နည်းနည်းတော့ ရှိသေးတယ်လေ။ ချင်းယွမ်ဒေသမှာ လျှို့ဝှက်နယ်မြေတွေ ကြီးတာရော ၊ သေးတာရော မရေမတွက်နိုင်အောင် ရှိနေတာပဲ။ အဲ့ဒီအထဲက နည်းနည်းလောက်တော့ ကျန်နိုင်မှာပါ... အဲ့ဒီလို ကျန်သရွေ့ ချင်းယွမ်ဒေသအတွက် မျှော်လင့်ချက် ရှိနေဦးမှာပဲ!"

သူ့ဘေးနားရှိ အကြီးအကဲတစ်ဦးက ရုတ်တရက် အံကြိတ်ကာ ဝင်ပြောသည်။

"သခင်ကြီး... ကျုပ် သခင်ကြီးကို 'အဆုံးစွန်ကောင်းကင် လျှို့ဝှက်နယ်မြေ' ဆီကို လိုက်ပို့ပေးပါ့မယ်!"

သူ ပြောပြီး ဒါလောင်မသေမျိုးဘုရင်ကို ကူညီရန် လက်ကမ်းပေးလိုက်၏။

သို့သော် ဒါလောင် မသေမျိုးဘုရင်က လက်ယမ်း၍သာ ပြန်ပြောပါသည်။

"မလိုပါဘူး! အဆုံးစွန်ကောင်းကင် လျှို့ဝှက်နယ်မြေက အရမ်း အရေးကြီးတယ်။ အင်အားစုအားလုံးကို သွားဆက်သွယ်ပြီး အဆုံးစွန်ကောင်းကင် လျှို့ဝှက်နယ်မြေထဲ ဝင်ပြီး ပုန်းဖို့အတွက် တစ်ဖွဲ့ကို ထူးချွန်တဲ့ ပါရမီရှင် ဆယ်ယောက်စီ ရွေးခိုင်းလိုက်! သူတို့က ချင်းယွမ်ဒေသရဲ့ အနာဂါတ်ပဲ"

"ဒါဆို... သခင်ကြီးကကော?"

တဖက် အကြီးအကဲက သူ့စကားကို လက်ခံချင်ပုံမရဘဲ ထပ်မေးပါသည်၊

ဒါ‌လောင် မသေမျိုးဘုရင်က သူ့အား တစ်ချက် လှည့်ကြည့်ကာ လက်ကွက်တစ်ခု လုပ်လိုက်၏။

ဝူး

မျက်စိတစ်မှိတ်အတွင်းမှာပင် ခြံထောင့်တစ်နေရာရှိ သစ်သားဓားတစ်လက်က သူ့လက်ထဲသို့ ရောက်လာတော့သည်။

ချွင်

၎င်းသစ်သားဓား လက်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အားပြင်းလှသော ဓားစိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာ၏။

မကြာသေးမီကပင် နာမကျန်းဖြစ်နေပုံရသည့် ဒါလောင်မသေမျိုးဘုရင်မှာလည်း ချက်ချင်း လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။

"ငါလား? ငါက အဲ့ဒီမိစ္ဆာကောင်နဲ့ တစ်သက်လုံး တိုက်ခိုက်လာခဲ့တာ။ အခုမှ ဘယ်လိုလုပ် နောက်ဆုတ်လို့ ရမှာလဲ။ ဒီနေ့တော့ ငါ့ရဲ့ နောက်ဆုံးတိုက်ပွဲကို တိုက်ခွင့်ပေးလိုက်ပါတော့!"

ဒါလောင်

မသေမျိုးဘုရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြေညာလိုက်လေသည်။

All Chapters